← Chapters

အခန်း ၅၅

Vol. 4 Ch. 55

အခန်း ၅၅

Vol. 4 Ch. 55

အခန်း (၅၅)

သူ၏ ရင်ထဲရှိ သံသယများကြောင့် သူ မြင်တွေ့ခဲ့ရသော အနီရောင် ပုံရိပ်လေးအား ရှာဖွေရန် သူသည် လှေကားပေါ်မှ ဆင်းလာခဲ့သည်။

တစ်ဖက်တွင်မူ ဖုန်းကျို့နှင့် ကွမ်ရှီးလင်တို့သည် ကောင်းမွန်သော စားသောက်ဆိုင် တစ်ဆိုင်အား ရှာတွေ့ခဲ့ကြပြီး သီးသန့်အခန်း တစ်ခန်းကို ငှားရမ်းကာ ဟင်းလျာ ဆယ်မျိုးကျော်နှင့် ဝိုင်အိုး နှစ်အိုးကို မှာယူခဲ့ကြလေသည်။ ထို့နောက် တံခါးအား လုံခြုံစွာ ပိတ်ကာ စားသောက်ရန် ထိုင်လိုက်ကြတော့သည်။

မျက်နှာဖုံး ဇာပုဝါကို ဘေးတွင် ချထားလိုက် ပြီးနောက် ဖုန်းကျို့မှ ဝိုင်ကို ငဲ့ထည့်ရင်း ပြောလိုက်သည်။

"အစ်ကိုကြီး ညီမတို့ ဒီမှာ ခဏလောက် နေကြရအောင် နေလို့ ကောင်းတဲ့ ငှားရမဲ့ ခြံဝင်းလေးတစ်ခု ပါတဲ့ တိတ်ဆိတ်တဲ့ နေရာလေး တစ်ခု သွားရှာကြမယ်လေ အဲ့ဒါက တည်းခိုခန်းမှာ နေတာထက် အများကြီး ပိုပြီး အဆင်ပြေလိမ့်မယ်"

"ကောင်းပြီလေ ပြီးတာနဲ့ ငါတို့ သွားရှာကြတာပေါ့"

ထိုကိစ္စနှင့် ပတ်သက်၍ ကွမ်ရှီးလင်တွင် မည်သည့်ကန့်ကွက်မှုမျှ မရှိပေ။

"ရှောင်ကျို့ ဝိုင်ချည်းပဲ သောက်မနေနဲ့ အရင်ဆုံး ဟင်းရည်လေး နည်းနည်း သောက်လိုက်ဦး"

သူသည် ပန်းကန်လုံးထဲသို့ ဟင်းရည်အား ခပ်ထည့် ပေးပြီးနောက် ကြက်ဥဖြင့် ကြော်ထားသော အသားတစ်ဖတ်အား ဇွန်းဖြင့် ခပ်ယူလိုက်ကာ ပြောလိုက်သည်။

"စားကြည့်စမ်း ကောင်းရဲ့လားလို့"

"အစ်ကိုကြီးသာ စားပါ ကျွန်မဟာ ကျွန်မ စားပါ့မယ်"

သူမ ထိုသို့ ပြောလိုက်စဉ် သူသည် ဘယ်ဘက်လက်အား အသုံးပြုရသည်မှာ အကျွမ်းတဝင် မရှိသေးဘဲ တူကိုပင် သေချာစွာ မကိုင်နိုင်သေးကြောင်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် သူမသည် ဟင်းပွဲတိုင်းမှ အနည်းငယ်စီ ယူကာ သူ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ကျွန်မရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်တဲ့ အချိန်အတိုင်းအတာ တစ်ခုကို ရောက်သွားတဲ့အခါ အစ်ကိုကြီးရဲ့ ညာဘက်လက်ကို ကုသဖို့ လိုအပ်တဲ့ ဆေးပင်တွေ အကုန်လုံးကို သွားရှာပေးမယ်"

ထိုစကားများအား ကြားသောအခါ သူ အနည်းငယ် လန့်ဖြတ်သွားပြီးနောက် ပြန်မေးလိုက်လေသည်။

"တကယ်ပဲ ပြန်ကောင်းနိုင်သေးတာလား"

"အင်း လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖို့ မလွယ်ကူတာ တစ်ခုပါပဲ"

သူမသည် ဟင်းရည် ပန်းကန်လုံးအား မော့ သောက်လိုက် ပြီးနောက် တူဖြင့် ဟင်းအနည်းငယ်အား ယူစားရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ပြဿနာ မရှိပါဘူး အစ်ကိုကြီးရဲ့ လက်ကို အရင်ကလို ပြန်ကောင်းအောင် လုပ်ပေးနိုင်တယ်ဆိုတာ ကျွန်မ အပြည့်အဝ ယုံကြည်မှု ရှိပါတယ်"

သူမ၏ ဆေးပညာ ကျွမ်းကျင်မှုဖြင့် လိုအပ်သော ဆေးပင်များ အားလုံးကို ရှာဖွေနိုင်သရွေ့ သူမ ကုသ၍ မရနိုင်သော ရောဂါဝေဒနာ ဟူ၍ မရှိပေ။ သားရဲ အကိုက်ခံရ၍ ပခုံးနားရှိ အရွတ်များ ပြတ်တောက် သွားခြင်းကို ဆိုထားဘိ လက်တစ်ဖက်လုံး ပြတ်ထွက်သွားလျှင်တောင်မှ သူမသည် ပြတ်သွားသော ခြေလက်အင်္ဂါများအား ပြန်လည် ဆက်စပ်ပေးနိုင်ပေသည်။

သူ၏ လက်တစ်ဖက် ပျက်စီးသွားခြင်းကို နောင်တမရ သော်လည်း ကုသ၍ ရနိုင်သေးကြောင်း သူမ ပြောသည်အား ကြားလိုက်ရသဖြင့် သူ အလွန်တရာ ဝမ်းသာသွားမိသည်။

"ရှောင်ကျို့ ငါ့လက်က တကယ်ပဲ ပြန်ကောင်းလာနိုင်တယ် ဆိုရင်တော့ ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အစွမ်းကုန် ကြိုးစားပြီး မင်းကို ကာကွယ်ပေးမယ်"

"ကောင်းပါပြီ"

သူမမှ ခေါင်းညိတ်လိုက်ကာ ပြုံးလျှက် ပြောလိုက်သည်။ သူသည် အတော်လေး စွမ်းအားကြီးကြောင်း သူမ သိထားပေသည်။ သူ၏ ကိုယ်ပိုင် ခွန်အား သက်သက်ဖြင့် ဝံပုလွေအုပ်ကြီးနှင့် ရက်စက် ကြမ်းကြုတ်လှ သည် ဆိုသော ကျားရိုင်း တစ်ကောင်ကိုပင် အနိုင်ယူနိုင်ခဲ့သည် ဆိုပါက အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ စွမ်းအားသည် မည်မျှ ပေါက်ကွဲ ထွက်လာနိုင်မည်အား စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

ထို့အပြင် သူသည် နောင်အနာဂတ်တွင် ပို၍ စွမ်းအားကြီး လာလိမ့်မည်ဟု သူမ ယုံကြည်ပေသည်။ အောက်ထပ်တွင်မူ မူရုံယီရွှမ်းသည် ပထမထပ်ရှိ စားပွဲတစ်လုံးတွင် ဝိုင်သောက်နေခဲ့ကာ သူ၏ တည်ငြိမ်သော မျက်လုံးများမှာမူ နက်ရှိုင်းစွာ တွေးတောနေဟန် ပေါ်နေခဲ့သည်။

ထိုပုံရိပ်လေး၏ နောက်သို့ ဤနေရာအထိ လိုက်လာစေရန် သူ့ကို မည်သည့်အရာမှ တွန်းအားပေးခဲ့သည်ကို သူ မသိသကဲ့သို့ သူ၏ စိတ်သည်လည်း ထိုအနီရောင် ပုံရိပ်လေးမှာ ချင်းကဲ ဖြစ်နေလိမ့်မည်ဟု အဘယ်ကြောင့် တွေးနေမိသည်ကိုလည်း နားမလည်နိုင်ခဲ့ချေ။ သို့သော် စောစောပိုင်းတွင် အပေါ်ထပ်မှ တစ်ချက် လှမ်းကြည့်လိုက်ချိန်တွင် ထိုကျောပြင်လေးမှာ အမှန်တကယ်ပင် အလွန်တူညီနေခဲ့သည်။

သို့သော်လည်း သူတို့၏ နောက်သို့ ဤနေရာအထိ လိုက်လာ ပြီးနောက်တွင် ယခုအချိန်၌ ထိုမျှလောက် သေချာမှု မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် လူနှစ်ဦး၏ စိတ်နေသဘောထားမှာ မတူညီသောကြောင့် ဖြစ်သည်။

ချင်းကဲ သည် ယဉ်ကျေးသိမ်မွေ့ပြီး စကားပြော နူးညံ့လှပေသည်။ အနီရောင် ဝတ်စုံရှင် အမျိုးသမီးမှာမူ ရိုင်းစိုင်း ကြမ်းတမ်းပြီး ဆွဲဆောင်မှု ရှိပေသည်။ သူမ ဝတ်ဆင်ထားသော အနီရောင် ဝတ်စုံသည် အလွန်တရာ အာရုံစိုက်မှုကို ရရှိစေပြီး သူ၏ ချင်းကဲ သည်လည်း ထင်ရှား ပေါ်လွင်သော်လည်း ဤသူ နှင့်တော့ ကွာခြားလှသည်။ ထို့အပြင် သူမသည် အနီရောင်အား မည်သည့်အခါမျှ မဝတ်ဆင်ပေ။

အိမ်သို့ ပြန်လာနေပြီ ဖြစ်သော ချင်းကဲ အား သူ အဘယ်ကြောင့် အတုအယောင်ဟု သံသယဝင်နေရသနည်း။ ထိုအမူအရာများ မျက်မှောင်ကြုတ်မှုတိုင်းနှင့် အပြုံးတိုင်းသည် အလွန်တရာ ရင်းနှီးနေလျှက် ရှိကာ ၎င်းမှာ သူမ ဖြစ်သင့်ကြောင်း ထင်ရှားနေသည် မဟုတ်ပါလော။

သို့သော်လည်း သူ၏ ရင်ထဲရှိ အသံတစ်ခုသည် ထိုအရာအား မေးခွန်းထုတ်နေဆဲ ဖြစ်ကာ သူ့အား သံသယဖြစ်ရန် မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။

အချိန်အတန်ကြာ ကုန်လွန် သွားပြီးနောက် အပေါ်ထပ်ရှိ သီးသန့်အခန်း၏ တံခါးပွင့် လာသောအခါ အနီရောင် ပုံရိပ်လေးသည် သူ၏ ရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ အပေါ်ထပ်နှင့် အောက်ထပ် နှစ်ခုလုံးမှ ညစာစားသုံးသူများ၏ အံ့အားသင့်ကာ ညှို့ယူ ဖမ်းစားခံထားရသော မျက်လုံးများသည် သူမ၏ ပုံရိပ်နောက်သို့ အလိုအလျောက် လိုက်ပါသွားကြကုန်လေသည်။

လမ်းလျှောက်လိုက်တိုင်း တယိမ်းတယိုင် လှုပ်ခတ်နေသည့် မျက်နှာဖုံးလေးကြောင့် ထိုနေရာရှိ လူအားလုံးသည် ထိုကျိန်ဆဲချင်စရာ မျက်နှာဖုံးလေး လွင့်ထွက်သွားပြီးနောက် အတွင်း၌ ဖုံးကွယ် ထားသည်များအား မြင်တွေ့ရစေရန် လေပြင်းတစ်ချက် တိုက်ခတ်လာစေဖို့ ပြင်းပြစွာ ဆုတောင်းနေမိကြတော့သည်။

မူရုံယီရွှမ်းသည် မျက်လုံးများအား ပင့်ကာ ကြည့်လိုက်မိရာ အာရုံစိုက်ခံရသော စိတ်နေ သဘောထားရှိသည့် အနီရောင် ဝတ်စုံရှင် အမျိုးသမီး ဖြည်းညင်းစွာ ဆင်းလာသည်ကို မြင်လိုက်ရလေသည်။ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ယုံကြည်မှုရှိပြီး ကျက်သရေရှိမှုများဖြင့် ပြည့်နှက်နေခဲ့ကာ သူမ၏ အနီရောင် အဝတ်အစားများမှာ မီးတောက်များ အလား နေဝင်ဆည်းဆာကဲ့သို့ တောက်ပနေလျှက် ရှိသည်။

သို့သော် သူမဆီမှ ချဉ်းကပ်၍ မရနိုင်လောက်အောင် အေးစက်စက် အငွေ့အသက်များ ဖြာထွက်လျှက် ရှိနေခဲ့သည့် အပြင် သူမအနီးသို့ ချဉ်းကပ်သွားသူများအား သူမ၏ ခန္ဓာကိုယ်မှ သဘာဝ အလျောက် ထွက်ပေါ်နေသော အောင်နိုင်သူ တစ်ဦး၏ မြင့်မြတ်ပြီး ရိုသေ လေးစားဖွယ် ကောင်းသည့် အရှိန်အဝါများ လွှမ်းခြုံ ထွက်ပေါ်နေသည်ကို ချက်ချင်း ခံစားသိရှိသွားစေခဲ့သည်။

မျက်လုံးတစ်စုံသည် သူမအား စူးစမ်းနေကြောင်း သတိပြု မိသောအခါ ဖုန်းကျို့သည် ထိုအရပ်ဆီသို့ အလိုအလျောက် လှည့်ကြည့် လိုက်မိသည်။ သူတို့၏ မျက်လုံးများ ဆုံတွေ့သွားချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ တောက်ပသွားသော အလင်းရောင်အား မည်သူမျှ နားမလည်နိုင်ခဲ့ပေ။

All Chapters