← Chapters

အခန်း ၅၆

Vol. 4 Ch. 56

အခန်း ၅၆

Vol. 4 Ch. 56

အခန်း (၅၆)

မူရုံယီရွှမ်းအား မြင်လိုက်ရသောအခါ ဖုန်းကျို့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ့အား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ မထင်ထားမိသဖြင့် အံ့ဩသွားခြင်း ဖြစ်သည်။

အမှန်တကယ်တွင် စောစောပိုင်း၌ သူတို့၏ နောက်မှ တစ်စုံတစ်ဦး လိုက်လာသည်အား သူမ သတိထားမိခဲ့လေသည်။ သို့သော် ထိုသူထံမှ မည်သည့် ရည်ရွယ်ချက်ဆိုးကိုမျှ မခံစားမိသောကြောင့် သူမ ဂရုမစိုက်ခဲ့ပေ။ ယခု ပြန်တွေး ကြည့်သောအခါ သူတို့နောက်မှ လိုက်လာသူမှာ သူ ဖြစ်ရပေမည်။

သို့သော် သူသည် ဖုန်းချင်းကဲ နဲ့ အတူရှိနေခြင်း မဟုတ်ပေလား။ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရလေသနည်း။ ထို့အပြင် သူ့မျက်လုံးထဲမှ ထို စူးစမ်းနေသည် အကြည့်များသည် မည်သည့် အဓိပ္ပာယ် ဆောင်နေသနည်း။

ဇာပုဝါအောက်ရှိ သူမ၏ နှုတ်ခမ်းများတွင် နောက်ပြောင် လိုသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် ဂရုမစိုက်သည့် ဟန်ဖြင့် မျက်နှာလွှဲ လိုက်ပြီးနောက် သူမ၏ လမ်းအတိုင်း ဆက်လျှောက် သွားခဲ့တော့သည်။ သို့သော် သူမ ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးချိန်တွင် ထိုင်နေသော အမျိုးသားသည် သူမ၏ ရှေ့တွင် ရုတ်တရက် မတ်တတ်ရပ်လာခဲ့သည်။

သူမ မည်သည်ကိုမှ မပြောပဲ မျက်လုံးများအား ပင့်ကာ သူ့ကိုသာ ကြည့်လိုက်လေသည်။ မူရုံယီရွှမ်းသည်လည်း စကားတစ်ခွန်းမျှ မပြောပေ။ သူသည် ဖုန်းကျို့၏ ရှေ့တွင် ရပ်ကာ သူမ၏ မျက်လုံးများထဲသို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် ထိုမျက်လုံးများ အတွင်းမှ ရင်းနှီးကျွမ်းဝင်မှု အနည်းငယ်အား ရှာဖွေရန် ကြိုးစားနေပုံရသော်လည်း သူ စိတ်ပျက်သွားခဲ့ရသည်။

ထိုမျက်လုံး တစ်စုံသည် သူမ၏ မျက်လုံးများနှင့် အတိအကျနီးပါး တူညီနေသော်လည်း ထိုမျက်လုံးများဆီမှ ထွက်ပေါ်နေသော ရိုင်းစိုင်း ကြမ်းတမ်းပြီး ထိန်းချုပ်၍ မရနိုင်သော အကြည့်များသည် သူမနှင့် မသက်ဆိုင်ချေ။

သူ၏ ရှေ့ရှိ မျက်လုံးများမှာ သူ၏ မှတ်ဉာဏ်ထဲရှိ ထိုသူ ပိုင်ဆိုင်ထားသော မျက်လုံးများနှင့် တူညီစွာပင် အလွန် လှပလှသည်။ သို့သော် သူ မှတ်မိနေသော ဖုန်းချင်းကဲ ၏ မျက်လုံးများမှာ နွေးထွေးပြီး ယဉ်ကျေးသိမ်မွေ့ပေသည်။ သူ၏ ရှေ့မှ မျက်လုံးများမှာမူ ၎င်း၏ ထက်မြက်ပြီး ထိုးထွင်း သိမြင်နိုင်သော အကြည့်များအား ဖုံးကွယ်ထားသည်။

ထို လုံးဝ မတူညီသော ခံစားချက် နှစ်ခုသည် သူ့အား အနည်းငယ် ရှုပ်ထွေးသွားစေခဲ့ကာ သူတို့အား မည်သို့ ခွဲခြားရမည်ကို မသိတော့ပေ။

"ဟေ့လူ ဘာလုပ်နေတာလဲ"

တစ်ခုခု မှားယွင်းနေပုံ ရသည်အား မြင်သောအခါ ကွမ်ရှီးလင်သည် ချက်ချင်း ရှေ့သို့ တိုးလာပြီးနောက် သူ၏ ကြွက်သားများ အပြည့်ဖြင့် ခန္ဓာကိုယ်ကြီးသည် သူတို့ နှစ်ဦးကြားတွင် ရုတ်တရက် ဝင်ရပ်လိုက်ကာ လူနှစ်ဦး ဖလှယ်နေကြသော အကြည့်များအား ပိတ်ဆို့လိုက်တော့သည်။

မူရုံယီရွှမ်း သတိပြန်ဝင်လာပြီးနောက် ရှေ့ရှိ မြင့်မားသော အမျိုးသားကြီးအား လှည့်ကြည့်လိုက်လေသည်။ သူသည် ယဉ်ကျေး သိမ်မွေ့သော အပြုံးတစ်ခုအား ပြုံးပြကာ ပြောလိုက်သည်။

"အစ်ကို ဒီအမျိုးသမီးက ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ အရမ်းတူနေလို့ နှုတ်ဆက်ချင်ရုံပါ"

သူ၏ အမူအရာမှ ထွက်ပေါ်နေသော ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ် ပီသသည့် အငွေ့အသက်များကြောင့် ကွမ်ရှီးလင်သည် သူ့အား လူဆိုးတစ်ယောက် မဟုတ်ကြောင်း ယုံကြည် သွားစေနိုင်သဖြင့် သူ၏ အနောက်တွင် ရှိသော သူမအား လှည့်ကြည့်ရန် သူ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။

"မိန်းကလေး မက်မွန်ပွင့် ကျောင်းတော် က မက်မွန်ပွင့်တွေဟာ နွေ ရောက်ရင် ပွင့်ကြတယ်"

သူသည် သူမအား တိတ်ဆိတ်စွာ ကြည့်လိုက်လေရာ သူ၏ မျက်လုံးများမှာ ယိုဖိတ်ကျမတတ် နူးညံ့နေခဲ့သည်။ အဓိပ္ပာယ်မဲ့ ပုံရသော ထိုစကားကြောင့် ကွမ်ရှီးလင်မှာ နားမလည်နိုင်ဘဲ ရှုပ်ထွေး သွားခဲ့ရလေတော့သည်။ ဖုန်းကျို့၏ နှလုံးသားသာလျှင် ခုန်ပေါက်သွားခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲမှ အလွန်နွေးထွေးသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

"အစ်ကိုကြီး မူရုံ မက်မွန်ပွင့် ကျောင်းတော်က မက်မွန်ပွင့်တွေဟာ အလှဆုံးပဲလို့ ကြားဖူးတယ် အနီရောင်နဲ့ အဖြူရောင်က အချိုးကျ ပေါင်းစပ်နေပြီး တောင်တစ်ခုလုံးကို အဆုံးအစမရှိ လွှမ်းခြုံထားတယ်တဲ့ အဲ့ဒါ တကယ်ပဲလား"

မက်မွန်ပင် တစ်ပင် အောက်တွင် အလွန်လှပသော မိန်းကလေး တစ်ဦးသည် ခေါင်းအား အနည်းငယ် မော့ကာ မေးလိုက်လေရာ သူမ၏ ဘေးရှိ ဝတ်ရုံဖြူ အမျိုးသားအား ကြည့်နေသော မျက်လုံးများထဲတွင် နက်ရှိုင်းသော မြတ်နိုးမှုများ ထင်ရှားနေခဲ့သည်။

ဝတ်ရုံဖြူ အမျိုးသား၏ မျက်လုံးများမှာ အလိုလိုက်မှုများဖြင့် နူးညံ့နေလျှက် ရှိကာ ဘေးရှိ လှပသော မိန်းကလေး၏ လက်အား ဆုပ်ကိုင်ကာ အလွန်နူးညံ့သော အသံဖြင့် ဖြေလိုက်သည်။

"ဟုတ်တယ် မက်မွန်ပွင့် ကျောင်းတော်က မက်မွန်ပွင့်တွေဟာ မျက်စိတစ်ဆုံး လွှမ်းခြုံ နေပြီးတော့ လေတိုက်လိုက်တဲ့အခါ အနီရောင် ပန်းပွင့်ဖတ်လေးတွေက ပန်းမိုးရွာသလို လေထဲမှာ ပြည့်သွားခဲ့တယ် ဒီနှစ် နွေဦး ရောက်လို့ မက်မွန်ပွင့်တွေ ပွင့်လာတဲ့အခါ မင်းကို သွားကြည့်ဖို့ ခေါ်သွားမယ်"

‘ဒီနှစ် နွေဦး ရောက်လို့ မက်မွန်ပွင့်တွေ ပွင့်လာတဲ့အခါ မင်းကို သွားကြည့်ဖို့ ခေါ်သွားမယ်’

သူမ၏ အနည်းငယ် နိမ့်ကျနေသော မျက်လုံးများမှာ ရုတ်တရက် အံ့အားသင့်မှု တစ်ချက် လက်သွားပြီးနောက် သူမ၏ နှလုံးသားမှာ နာကျင်စွာဖြင့် အနည်းငယ် တွန့်လိမ်သွားခဲ့သည်။ ထိုအရာသည် ခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် မူရုံယီရွှမ်း အပေါ် ထားရှိသော နက်ရှိုင်းသည့် ချစ်ခြင်း မေတ္တာနှင့် တမ်းတမှု ဖြစ်ကြောင်း သူမ သိပေသည်။

ထိုလူသည် ဤနေရာတွင် ရှိနေပြီး စကားလုံးများသည် မနေ့ကမှ ပြောခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူ၏ နှလုံးသား ပိုင်ရှင် အမျိုးသမီးမှာမူ ဤလောကထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မူရုံယီရွှမ်း၏ နှလုံးသား တင်းကြပ်သွားပြီးနောက် သူမ၏ အမူအရာတွင် သိမ်မွေ့သော အပြောင်းအလဲများ ရှိမရှိ ရှာဖွေရန် သူမ၏ အနည်းငယ် နိမ့်ကျနေသော မျက်လုံးတစ်စုံအား သူ၏ နက်ရှိုင်းသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

"မက်မွန်ပွင့် ကျောင်းတော်က မက်မွန်ပွင့်တွေ နွေဦးမှာ ပွင့်လာရင် ငါ့ညီမလေးကို သွားကြည့်ဖို့ ငါ ခေါ်သွားပေးမယ် မင်း လာသတိပေးနေစရာ မလိုဘူး"

ထိုစကားများ၏ အဓိပ္ပာယ်အား နားမလည်သော ကွမ်ရှီးလင်သည် ကြမ်းတမ်းစွာ ပြောလိုက်ပြီးနောက် ဖုန်းကျို့အား ဆွဲကာ ကြီးမား ကျယ်ပြန့်သော ခြေလှမ်းများဖြင့် ထိုနေရာမှ ထွက်ခွာသွားရင်း ညည်းတွားလိုက်လေသည်။

"ညီမလေး အဲ့ဒီ မျက်နှာချောချောလေးနဲ့ ကောင်ကို ဂရုမစိုက်နဲ့ သူ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ မိန်းမလိုက်စားတဲ့သူမှန်း ငါ သိတယ် ဘာတဲ့ နွေဦးမှာ ပွင့်တဲ့ မက်မွန်ပွင့်တွေတဲ့ ပွင့်လန်းနေတဲ့ မိန်းကလေးတွေ အကုန်လုံး သူ့နားမှာ ပွင့်လန်းစေချင်နေတာ ငါ လောင်းရဲတယ်"

"ဖူးးး"

ကွမ်ရှီးလင်၏ စကားအား ကြားသောအခါ ဖုန်းကျို့သည် အသံထွက်အောင် ရယ်မောလိုက်မိသည်။ သူမသည် အနောက်သို့ လှည့်ကြည့်လိုက်လေရာ သူမ၏ မျက်လုံးများမှာ တောက်ပစွာ ပြုံးရွှင်နေခဲ့လေသည်။

All Chapters