အခန်း ၅၈
Vol. 4 Ch. 58
အခန်း (၅၈)
သူမသည် အတွင်းဘက်သို့ ဖြည်းညင်းစွာ လမ်းလျှောက် ဝင်သွားလိုက်လေရာ ၎င်း၏ ကိုယ်ပိုင် သေးငယ်သော ကမ္ဘာလေး တစ်ခုသဖွယ် ဖြစ်နေပြီး ဖြူလွှလွှ တိမ်တိုက်လေးများ နှင့်အတူ ကြည်လင်နေသော အပြာရောင် ကောင်းကင်ကြီးအား မြင်တွေ့လိုက်ရသည်။
အကာအကွယ် အတားအဆီး မချိုးဖျက်ရသေးမီက သူမသည် ၎င်းအား မြင်တွေ့နိုင်ခဲ့သော်လည်း ဖြတ်ကျော် ဝင်ရောက်၍ မရနိုင်ခဲ့ပေ။ ယခုမူ လုံးဝကို ကွာခြားသွားပြီ ဖြစ်သည်။
သိုလှောင် ဝိညာဉ်နန်းတော် အတွင်း ပတ်ပတ်လည်အား ကြည့်လိုက်သောအခါ သူမ၏ စိတ်အခြေအနေသည် အလိုအလျောက် မြင့်တက်လာပြီးနောက် သိုလှောင်လက်စွပ်သည် အမှန်တကယ်ပင် မည်မျှ အံ့သြဖွယ်ကောင်းသော တွေ့ရှိမှုတစ်ခု ဖြစ်ကြောင်း တွေးတောနေမိသည်။
"ကြည့်စမ်း ထာဝရ ဝိညာဉ်စမ်းရေ တောင် ရှိသေးတယ် ဒီကိုယ်တော် သွားကြည့်ပြီးပြီ စမ်းရေက လေထုထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ ထူထပ်မှုကြောင့် အရမ်းကို အားဖြည့်ခံထားရလို့ ရေအရင်းအမြစ်ကတောင် ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတယ်"
မီးဖီးနစ်ငှက်လေးသည်လည်း စိတ်လှုပ်ရှား ဝမ်းသာနေခဲ့သည်။ စောစောပိုင်း၌ အကာအကွယ် အတားအဆီး ချိုးဖျက်ခံလိုက်ရချိန်တွင် သူသည် ထိုနေရာ၌ အတော်ကြာအောင် ပျော်ရွှင်စွာ ဆော့ကစားနေခဲ့သည်။
ဤနေရာတွင် သူ ရှာဖွေတွေ့ရှိခဲ့သော နေရာနှင့် ပတ်သက်၍ သူ၏ ရင်ထဲ အသည်းထဲမှ အလွန်တရာ သဘောကျနေပေသည်။ သို့မဟုတ်လျှင် သူသည် အပြင် ထွက်ချင်ကြောင်း ညည်းတွားခြင်း မရှိဘဲ ဤနေရာလွတ် အတွင်း နေထိုင်နေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူ ဤနေရာတွင် ဆက်လက် ကျင့်ကြံနေပါက သူ၏ စွမ်းအားများသည် အလွန်လျင်မြန်သော အရှိန်ဖြင့် မြင့်တက်လာမည်မှာ သေချာကြောင်း သူ သိထားသည့် အတွက် ဖြစ်သည်။
သူမသည် အသံထွက်အောင် ရယ်မောလိုက်ပြီးနောက် မီးဖီးနစ်ငှက်လေး၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် လိမ္မာအောင် နေပြီး ဒီမှာပဲ ဆက်ကျင့်ကြံနေလိုက်နော် ငါ အပြင်ကို အရင်ထွက်ရဦးမယ် နောက်တစ်ခေါက် ကျင့်ကြံတဲ့အခါ ငါ ဒီထဲကို ဝင်လာခဲ့မယ် ငါ့ရဲ့ တိုးတက်မှု အရှိန်က အံ့သြစရာ ကောင်းလောက်အောင် မြန်ဆန်နေလိမ့် မယ်လို့ ငါ ယုံကြည်တယ်"
"ကောင်းပြီလေ"
မီးဖီးနစ်ငှက်လေးမှ နှုတ်ခမ်းစူကာ ပြောလိုက်ပြီးနောက် ရေဆော့ရန် ဝိညာဉ်စမ်းရေဆီသို့ ပြေးသွားလေတော့သည်။ ထိုမြင်ကွင်းအား ကြည့်ပြီးနောက် ဖုန်းကျို့ ပြုံးလိုက်မိကာ သူမ၏ အသိစိတ်အား နောက်တစ်ကြိမ် အာရုံပြု၍ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။
အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကွမ်ရှီးလင်သည် ခြံဝင်းထဲတွင် ဓားဖြင့် လေ့ကျင့်နေသည်ကို သူမ မြင်လိုက်ရတော့သည်။ သူသည် ဘယ်ဘက်လက်ဖြင့် ဓားအား ကိုင်တွယ်ရသည်မှာ အနည်းငယ် တောင့်တင်းနေဆဲ ဖြစ်ပြီး လုံးဝ သွက်လက်ခြင်း မရှိသေးသည်အား မြင်သောအခါ သူမ၏ နှလုံးသားမှာ အနည်းငယ် တွန့်သွားပြီး လှမ်းခေါ်လိုက်တော့သည်။
"အစ်ကိုကြီး"
"ရှောင်ကျို့ မင်း နောက်ဆုံးတော့ ထွက်လာပြီပေါ့ မင်းက တကယ့်ကို ထူးခြားတာပဲ မနက်ဖြန်ဆိုတာ မရှိတော့သလိုမျိုး မင်းရဲ့ ကျင့်ကြံခြင်းကို ဘာလို့ ဒီလောက်တောင် လေ့ကျင့်နေရတာလဲ မင်းကိုယ်မင်း အခန်းထဲမှာ သုံးရက်တိတိ ပိတ်လှောင်ထားခဲ့တာနော်"
သူသည် ဓားအား သိမ်းလိုက်ပြီးနောက် သူမဆီသို့ လျှောက်လာခဲ့လိုက်ကာ လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ရှောင်ကျို့ ကျင့်ကြံခြင်းဆိုတာ တစ်ကြိမ်တည်းနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး အချိန်တိုတိုလေး အတွင်းမှာ ရလဒ်ကောင်းကို မျှော်လင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး တစ်ဆင့်ချင်း သွားရမှာပေါ့"
ထိုစကားများကို ကြားသောအခါ ဖုန်းကျို့မှာ မအောင့်နိုင်ဘဲ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
သူမသည် နက်နဲအဆင့် စစ်သည်တော် ၏ ကနဦး အဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမ၏ စွမ်းအားများသည် စစ်သည်တော် ဒုတိယအဆင့် အဖြစ်သာ ဖိနှိပ်ထားလိုက်သည်။ သာမန် လူတစ်ယောက်သည် သူမအား အမှန်တကယ် မည်သည့် ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိနေပြီကို မြင်နိုင်မည် မဟုတ်ချေ။
ဤမျှ တိုတောင်းသော အချိန်ကာလလေး အတွင်းတွင် သူမ၏ တိုးတက်မှု၌ ဤမျှ မြန်ဆန်သော အရှိန်ကို ရရှိနိုင်ခြင်းမှာ သဘာဝကျကျပင် သူမ၏ ရှားပါးလှသော ဝိညာဉ်ခန္ဓာ ကိုယ်ကြောင့် ဖြစ်သည်။ ထို့အပြင် သူမ၏ မရီဒန်များအား ဆရာဖြစ်သူမှ ဖွင့်လှစ်ပြီး ချဲ့ကား ပေးခဲ့သောကြောင့် ဖြစ်သည်။
မူလက သေးငယ်သော ရေစီးကြောင်းလေးမျှသာ ရှိခဲ့သော မရီဒန်များသည် ယခုအခါ ကျယ်ပြန့်ပြီး အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်ကာ သူမ၏ ကျင့်ကြံခြင်း တိုးတက်မှု အရှိန်သည် ယခင်နှင့် လုံးဝ မတူညီသော အဆင့်တစ်ခုသို့ ရောက်ရှိ သွားစေခဲ့သည်။
"အော် ဒါနဲ့ အစ်ကိုကြီး ကျွန်မ ငွေအပ် တစ်စုံ သွားဝယ်ချင်လို့ အတူတူ လိုက်ခဲ့ပေးမလား"
"ရတာပေါ့ အခုပဲ သွားကြတာပေါ့"
သူသည် မျက်နှာအား အလျင်အမြန် သစ်ရန် ရေအနည်းငယ် ပက်လိုက်ပြီးနောက် ဓားအား ကျောတွင် လွယ်ကာ ဖုန်းကျို့နောက်မှ အပြင်သို့ ချက်ချင်း လိုက်သွားခဲ့သည်။
ရတနာ ပြခန်း သို့ သူတို့ ဝင်ရောက် သွားသောအခါ တစ်စုံတစ်ဦးမှ သူတို့အား စောင့်ကြည့်နေကြောင်းကို ဖုန်းကျို့ ချက်ချင်း သတိပြုမိလိုက်သည်။
"ဆိုင်ရှင် ဒီမှာ ငွေအပ် အပြည့်အစုံ တစ်စုံ ရနိုင်မလား"
"ရတာပေါ့ ဒါပေမဲ့ သခင်မလေးက ဘယ်လို အရည်အသွေးမျိုးကို အလိုရှိတာလဲ ကျွန်တော်တို့ဆီမှာ အခုလောလောဆယ် အမျိုးအစား သုံးမျိုး ရှိပါတယ် အဆင့်မြင့် အလယ်အလတ်နဲ့ အနိမ့်စားဆိုပြီး ခွဲခြားထားပါတယ် စျေးနှုန်းတွေကတော့ သေချာပေါက် ကွာခြားပြီး အဆင့်နဲ့ အရည်အသွေးကလည်း အများကြီး ကွာခြားပါတယ်"
ဆိုင်ရှင်မှ ပြုံးလျက် မိတ်ဆက်ပေးလိုက်ကာ ငွေအပ် သုံးစုံအား ထုတ်ယူပြီး ဖုန်းကျို့ရှေ့တွင် ချပေးလိုက်တော့သည်။
"ဒါဆို ဒီတစ်စုံပဲ ယူမယ်"
သူမသည် အရှည် အမျိုးမျိုးရှိသော အပ်များ ပိုမို ပြည့်စုံပြီး အတော်လေး သေသပ်စွာ ပြုလုပ်ထားသည့် အဖိုးအနည်းဆုံး အစုံကိုသာ ရွေးချယ် လိုက်သည်။
ထို့နောက် သူမ၏ အကြည့်များသည် နံရံပေါ်တွင် အမြင့်ကြီး ချိတ်ဆွဲထားသော ဓားအိမ် တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ သူမ၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်သည်။
"အဲ့ဒီ ဓားအိမ်က ရောင်းတာလား"
ဆိုင်ရှင်မှ သူမ၏ အကြည့် နောက်သို့ လိုက်ကာ လှည့်ကြည့် လိုက်တော့သည်။ ထို့နောက် ပြုံးလျက် ပြောလိုက်သည်။
"သခင်မလေးက တကယ့်ကို မျက်စိစူးရှတာပဲ အဲ့ဒါက ကျွန်တော်တို့ ရတနာ ပြခန်းက ပိုင်ဆိုင်ထားတဲ့ လုံးဝ ထူးခြားပြီး တစ်ခုတည်းသော ဓားအိမ်ပါ သူရိယတေဇ နိုင်ငံ တစ်ခုလုံးကို လိုက်ရှာရင်တောင် အဲ့ဒီလိုမျိုး တစ်ခုမှ တွေ့ရမှာ မဟုတ်ဘူး"
ဆိုင်ရှင်သည် ဓားအိမ်အား ဖြုတ်ချပေးပြီးနောက် ဆက်ပြောလိုက်သည်။
"အရောင် ခုနစ်မျိုးရှိတဲ့ အဓိက ကျောက်မျက်ရတနာတွေ အားလုံးက ရှားပါးတဲ့ ရတနာတွေချည်းပဲ လက်ရာမြောက်တဲ့ ထွင်းထုမှုတွေကလည်း တကယ်ကို သေသပ်ပြီး အရောင်အသွေး အချိုးကျမှုကလည်း ခမ်းနားပြီး မြင့်မြတ်တဲ့ အသွင်ကို ဆောင်ပါတယ် ဒါကို ဓားအိမ်လို့ ခေါ်မယ့် အစား မျက်စိပသာဒ ဖြစ်စေတဲ့ စိတ်အေးချမ်းစရာ အလှဆင် ပစ္စည်းလေး တစ်ခုလို့တောင် ခေါ်လို့ ရပါတယ်"