အခန်း ၆၀
Vol. 4 Ch. 60
အခန်း (၆၀)
ခဏတာမျှ အံ့အားသင့် သွားပြီးနောက် မှောင်ခို စျေးကွက် ကြေးစား စစ်သည် လေးဦး၏ မျက်လုံးများတွင် ကာမရာဂများ ပြည့်နှက်နေသော ယုတ်မာသည့် အကြည့်များ ရုတ်တရက် ပေါ်လာခဲ့သည်။
"သူပဲ ပုံတူထဲကထက် အပြင်မှာ ဒီလောက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"ဒါတော့ အမှန်ပဲ သူ့ကို ဒီအတိုင်း သတ်ပစ်လိုက်ရတာ နှမြောစရာ ကောင်းလိုက်တာ ငါတို့ ဘာလို့များ"
သူတို့ထဲမှ တစ်ယောက်က သူ၏ မေးစေ့အား ပွတ်သပ်လိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ ရက်စက်သော မျက်လုံးများသည် သူ့၏ ရှေ့တွင် ရှိသော ညှို့ယူဖမ်းစားနိုင်သော အနီရောင် ပုံရိပ်လေးအပေါ် ရိုင်းစိုင်းစွာ လှည့်လည် ကြည့်ရှုနေခဲ့သည်။
နူးညံ့သော လရောင်အောက်တွင် ရပ်နေသော အနီရောင် ပုံရိပ်လေးအား အလွန်ဆွဲဆောင်မှု ရှိသည်ဟု သူတို့ မြင်တွေ့ရပြီးနောက် အခြား အမျိုးသား နှစ်ဦး၏ နှလုံးသားများသည်လည်း ကာမစိတ်ဖြင့် ယားယံ လာသော်လည်း သူတို့သည် သတိဝီရိယအား ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်သည်။
အထူးသဖြင့် သူတို့၏ ပစ်မှတ်မှာ အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိဘဲ ကျက်သရေ ရှိသော အမူအရာဖြင့် တည်ငြိမ်စွာ ရပ်နေသည်အား မြင်သောအခါ သူတို့ အတော်လေး ထူးဆန်းသည်ဟု ထင်မြင်မိကြသည်။
မျက်နှာတွင် ကြောက်မက်ဖွယ် ကောင်းသော အမာရွတ်ကြီး ရှိသည့် ကြေးစားစစ်သည် တစ်ဦးသည် ဩရှသော အသံဖြင့် သူ၏ အဖော်များအား သတိပေးလိုက်သည်။
"ဒီမိန်းကလေးက နည်းနည်းတော့ ထူးဆန်းပုံရတယ် ငါတို့ ပေါ့ဆလို့ မရဘူး ပစ်မှတ်ကို သတ်ပြီး တာဝန်ကို အပြီးသတ် လိုက်တာက ပိုကောင်းလိမ့်မယ်"
"ဒီလောက် ကလေးမလေး တစ်ယောက်ကိုများ တတိယအစ်ကို ခင်ဗျား သူ့ကို အရမ်း အထင်ကြီးလွန်းနေပြီ"
ကြေးစားစစ်သည် တစ်ဦးမှ အထင်အမြင်သေးမှုများ ပြည့်နှက်နေသော အသံဖြင့် အလွန်တရာ ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။ သူသည် အနီရောင် ပုံရိပ်လေးအား ကြည့်လိုက်လေရာ သူမ၏ အဝတ်အစားများနှင့် ဆံပင်များမှာ အနောက်သို့ လွင့်ခါနေလျှက် ရှိသည်။ သူသည် လှောင်ပြောင် ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီလောက် မိန်းကလေး တစ်ယောက်တည်းကို ငါ တစ်ယောက်တည်းနဲ့တင် ရှင်းလို့ ရပါတယ်"
သူသည် အိမ်ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားများအား နင်းလျှက် သူ၏ စွမ်းအားများကို စုစည်း၍ မျက်နှာချင်းဆိုင်သို့ ခုန်တက် သွားခဲ့လေသည်။
"မင်းကို သတ်ပစ်ရတာက နှမြောစရာကောင်းတယ် ဘာလို့ ငါနဲ့ အရင်ဆုံး မပျော်ပါးလိုက်တာလဲ"
ဟု သူမှ ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်ရင်း ပြောလိုက်သည်။ ထို့နောက် ရှေ့သို့ ခုန်ဝင်ကာ လက်အား ဆန့်ထုတ်လိုက်ပြီးနောက် အိမ်ခေါင်မိုး အုတ်ကြွပ်ပြားများပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်း နေသော ဖုန်းကျို့၏ ရင်ဘတ်ရှေ့ရှိ အဝတ်အစားများဆီသို့ လှမ်းဆွဲလိုက်တော့သည်။
ထိုအချိန်မှာပင် ဖုန်းကျို့၏ မျက်လုံးများမှာ အေးစက်သော အလင်းရောင်များ လက်သွားပြီးနောက် ပြိုင်ဘက်မှ ဆန့်ထုတ် လာသော လက်အား သူမ၏ လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အောက်ဘက်သို့ ရုတ်တရက် အားကုန် လိမ်ချိုးလိုက်သည်။
'ဂျွတ်'
"အားးး"
ည၏ တိတ်ဆိတ်မှုအား ထိုးဖောက်သွားသော ကြေကွဲဖွယ် ဟစ်အော်သံ နှင့်အတူ အရိုးများ ကျို့းကြေသွားသည့် အသံ ထွက်ပေါ်လာပြီးနောက် ငြိမ်းချမ်းလျှက် ရှိသော တိတ်ဆိတ်မှုအား ချိုးဖျက် သွားလေတော့သည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထိုင်နေသော ဖုန်းကျို့သည် အောက်သို့ ဆွဲချလိုက်သော အရှိန်အား အသုံးပြုကာ အလျင်အမြန် မတ်တတ် ရပ်လိုက်ပြီးနောက် ခြေထောက်အား အပေါ်သို့ မြှောက်ကာ ပြင်းထန်စွာ ကန်ထည့်လိုက်သေးသည်။ သူမ၏ ခြေဖျားတွင် စုစည်းထားသော ချီစွမ်းအင်များဖြင့် သူမ၏ ပြိုင်ဘက်၏ ခြေနှစ်ချောင်းကြားသို့ တိကျစွာဖြင့် ကန်သွင်းလိုက်ခြင်း ဖြစ်သည်။
"အွတ်"
အသံတစ်ခွန်းမျှ ထပ်မထွက် နိုင်တော့ဘဲ သူသည် အသက်ရှူရန် ရုန်းကန်ရင်း ညည်းတွား ငိုကြွေးနေရတော့သည်။ သူ၏ တစ်ကိုယ်လုံးသို့ ဖြတ်သန်း သွားသော လျှပ်စစ်စီးသကဲ့သို့ နာကျင်မှုသည် သည်းမခံ နိုင်လောက်အောင် ဖြစ်လာသဖြင့် အလုံး တစ်လုံးကဲ့သို့ ကွေးကောက် သွားပြီး တုန်ယင်နေသော ခြေထောက်များသည် မခံနိုင်တော့ဘဲ "ဘုန်း" ခနဲ ကျယ်လောင်သော အသံနှင့်အတူ ဒူးထောက်ကျသွားတော့သည်။
"မင်းမှာ ဒီလောက် စွမ်းအားလေးပဲ ရှိတာလား"
ဖုန်းကျို့မှ အထင်သေးစွာ နှာမှုတ်လိုက်ပြီးနောက် သူ၏ လက်မောင်းအား ဆုပ်ကိုင်ထားသော သူမ၏ လက်ကို လွှတ်ပေးလိုက်ကာ သူ၏ လည်ပင်းဆီသို့ အပေါ်ကို ရွှေ့လိုက်သည်။ သူမသည် သူ၏ လည်ပင်းအား ချိုးလိုက်သောအခါ အေးစက်နေသော လေထုကို ထိုးဖောက်၍ နောက်ထပ် ကျယ်လောင်သော "ဂျွတ်" ခနဲ အသံ ထွက်ပေါ်လာခဲ့ပြန်သည်။ ထို့နောက် ဖုန်းကျို့သည် သူ့အား ခြံဝင်းအတွင်းသို့ အမှုမဲ့ အမှတ်မဲ့ပင် ပစ်ချလိုက်တော့သည်။
"ဒုတိယ အစ်ကို"
အသံများစွာသည် ထိတ်လန့်တကြား အော်ဟစ် လိုက်ကြသည်။ ကျန်ရှိနေသော အမျိုးသား သုံးဦးသည် ဖုန်းကျို့အား ဒေါသတကြီး စိုက်ကြည့်နေကြပြီး ထိုလက်များ၏ ရက်စက် ကြမ်းကြုတ်မှုနှင့် ၎င်းတို့၏ မြန်ဆန်သော အရှိန်အဟုန်ကြောင့် အံ့အားသင့် သွားကြသည်။ ထိုအရှိန်သည် သူတို့အား တုံ့ပြန်ရန် အချိန်ပင် မပေးခဲ့ဘဲ သူတို့၏ ဒုတိယ အစ်ကို အား သူတို့ မျက်စိရှေ့တွင်ပင် အသတ်ခံလိုက်ရသည်ကို သူတို့ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရတော့သည်။
"သူ့ကို သတ်စမ်း"
သူတို့ထဲတွင် အနည်းငယ် အသက် ပိုကြီးသော အမျိုးသားမှ ဒေါသတကြီး အော်ဟစ်လိုက်လေရာ သူ၏ အသံတွင် ဖုံးကွယ် မထားနိုင်သော အငြိုးအတေးများ ပြည့်နှက်နေခဲ့သည်။ သူ၏ အသံ ဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် ချီစွမ်းအင်များအား စုစည်းလျှက် မျက်နှာချင်းဆိုင် အိမ်ခေါင်မိုးဆီသို့ ခုန်တက်သွားပြီးနောက် သူ၏ လက်ထဲရှိ ဓားရှည်တွင် ချီစွမ်းအင်များ ထည့်သွင်းလိုက်လေရာ ခြိမ်းခြောက်နိုင်သော စွမ်းအင်များ တောက်ပလာခဲ့လေသည်။
"နက်နဲအဆင့် စစ်သည်တော် လား"
သူမ၏ မျက်ခုံး အနည်းငယ် ပင့်လိုက်မိပြီးနောက် ထိုအမျိုးသား၏ စွမ်းအားများကို အထင်အမြင်သေးစွာ လှောင်ပြောင် ကြည့်ရှုလိုက်သည်။
သူမ၏ လက်များ လှုပ်ရှားသွားပြီး အလွန် ထက်မြက်သော ဓားမြှောင်သည် သွေးဆာနေသည့် ရက်စက်မှုများဖြင့် တောက်ပလာခဲ့သည်။ သူမသည် ခန္ဓာကိုယ်အား နှိမ့်ချကာ ရှေ့သို့ ပြေးဝင်သွားပြီးနောက် ဓားသွားနှင့် သုံးလက်မခန့် အကွာသို့ ရောက်ချိန်တွင် ရုတ်တရက် ဘေးဘက်သို့ လှည့်ထွက်သွားလိုက်ကာ သူမ၏ ဓားမြှောင်သည် အပေါ်သို့ လျှပ်တစ်ပြက် ထိုးတက်သွားခဲ့သည်။
တိုးတိတ်သော ညည်းတွားသံ ထွက်ပေါ်လာပြီး ဖုန်းကျို့၏ ဘေးတွင် ကြေးစားစစ်သည်၏ မျက်လုံးများ ပြူးထွက်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ် တောင့်တင်း သွားပြီးနောက် အောက်ဘက်ရှိ ခြံဝင်းအတွင်းသို့ တောင့်တင်းစွာ လဲကျသွားတော့သည်။
[သူက ငါတို့ရဲ့ ခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား]
ကျန်ရှိနေသော အမျိုးသား နှစ်ဦး၏ မျက်နှာများမှာ မှိုင်းညို့သွားပြီး အံ့အားသင့်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။ ထိုမိန်းကလေးဆီမှ ထွက်ပေါ်နေသော ဖိနှိပ်ထားသည့် လူသတ် လိုသော အရှိန်အဝါသည် မှောင်ခို စျေးကွက်မှ ငှားရမ်း ထားသော ကြေးစားစစ်သည်များ ဖြစ်သည့် သူတို့ထက်ပင် အများကြီး ပိုမိုပြင်းထန်နေလျှက် ရှိကာ သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာအထိ ကြောက်မက် ဖွယ်ကောင်းသော အအေးဒဏ်ကို ရိုက်သွင်းလိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။
"ပြေး"
ဤကဲ့သို့သော လူမျိုးမှာ သူတို့ ရင်ဆိုင်နိုင်မည့်သူ မဟုတ်ပေ။ အကယ်၍ သူတို့ ချက်ချင်း ထွက်မပြေးပါက သူတို့၏ အဖိုးတန်လှသော အသက်လေးများမှာ ထိုနေရာတွင်ပင် အဆုံးသတ်သွားပေလိမ့်မည်။