နောက်ထပ် စံချိန်သစ်တစ်ခု
Vol. 65 Ch. 912
လက်ထဲတွင် ဓားကို ကိုင်စွဲကာ ကျောက်နဂါးကြီး၏ ဦးခေါင်းထက်တွင် လီလော့ မားမားမတ်မတ် ရပ်နေချိန်၌ ကျောက်နဂါးကြီး၏ ပြည်တွင်းပြည်ပမှ လူအုပ်ကြီးမှာ လုံးဝဥဿုံ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။
သူတို့အားလုံး ဤမြင်ကွင်းကြောင့် စိတ်အာရုံများ ဝေဝါးနေကြပုံရသည်။ ဤလူငယ်က သူတို့အပေါ် မည်မျှအထိ ပြင်းထန်လှသော ရိုက်ခတ်မှုကို ပေးစွမ်းနိုင်ခဲ့လဲဆိုတာ သူတို့၏ စိတ်အာရုံများက လက်ခံနိုင်ခြင်းမရှိသေးဘဲ လူတိုင်းမှာ ထိတ်လန့်မှုကြောင့် ဆွံ့အလျက် မှင်တက်နေကြရုံသာ တတ်နိုင်တော့သည်။
လီလော့က ကျောက်နဂါးကြီး၏ အထွတ်အထိပ်နေရာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ပေသုံးသောင်း အမြင့်ဆုံးပန်းတိုင်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူတို့ကို ပိုမို၍ ထိတ်လန့်တုန်လှုပ်စေသည့်အရာမှာ သူ ဤနေရာသို့ တက်လှမ်းခဲ့သည့် နည်းလမ်းပင် ဖြစ်သည်။
သူသည် ပေါင်းစပ်သွားခဲ့သည့် မီးနဂါး ကိုးကောင်ကို တိုက်ရိုက် ချေမှုန်းဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုနည်းလမ်းသုံးခဲ့တာလဲ… ဒါက ရှီးဂန်းစွမ်းအားကို အခုမှ သန့်စင်နိုင်ခဲ့တဲ့ လူတစ်ယောက် လုပ်ဆောင်နိုင်တဲ့
အရာမျိုး ဟုတ်လို့လား….
ဤတစ်ခဏ၌ အကယ်၍ ကလန်အကြီးအကဲ ငါးဦးစလုံးက လီလော့၏ လှုပ်ရှားမှုတိုင်းကို သေချာစွာ စောင့်ကြည့်နေခြင်းမရှိခဲ့လျှင် အချို့လူများမှာ ဤနေရာတွင် တစ်ခုခု မှားယွင်းနေပြီဟု ဒေါသတကြီး အော်မိကြမှာ သေချာသည်။
ကျန်ရှိသည့် တံခွန်ကိုင် တစ်ဆယ့်ကိုးဦးစလုံးမှာလည်း အတွေးကိုယ်စီဖြင့် လုံးဝ ဥဿုံ နှုတ်ဆိတ်နေခဲ့ကြသည်။
လီဖုန်းယီနှင့် လီကျင်းထောင်တို့ပင်လျှင် မျက်လုံးများ ပြူးကျယ်လျက် ဤမြင်ကွင်းကို စိုက်ကြည့်နေမိကြသည်။
သူတို့၏ တတိယမောင်လေး အံ့ဖွယ်အသွင်ပြောင်းလဲမှုတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်မှာ မှန်သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာခဲ့ချိန်တွင်မူ သူတို့ကိုယ်တိုင်ပင် ကြောင်အမ်းသွားခဲ့ရခြင်း ဖြစ်သည်။
အထူးသဖြင့် လီကျင်းထောင်အတွက် ဖြစ်သည်၊ သူသည် နဂါးကိုးကောင် ပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာသည့် နက်မှောင်သော ရွှေရောင်မီးလျှံ၏ ပြင်းထန်မှုကို ကိုယ်တိုင် ခံယူခဲ့ရသူ ဖြစ်သည်။ ၎င်းက မည်မျှအထိ ကြောက်စရာကောင်းကြောင်း သူ ကောင်းစွာ သိရှိထားပြီး သူ့ရဲ့ ဖျက်ဆီး၍မရနိုင်သော ခုခံမှုစွမ်းရည်ဖြင့်ပင် ၎င်းကို မတောင့်ခံနိုင်ခဲ့ပေ။ သို့သော်လည်း လီလော့ကမူ ၎င်းကို အပိုင်းပိုင်း ပြတ်တောက်သွားအောင် တိုက်ရိုက် ပိုင်းဖြတ်ပစ်ခဲ့သည် မဟုတ်ပါလား။
"မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
လီဟုန်လီ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သူမ၏ ခေါင်းကို အရူးတစ်ယောက်လို ယမ်းခါနေမိသည်။ သူမ၏ မျက်နှာပေါ်မှ ပျက်ယွင်းနေသော အမူအရာက သူမ၏ ရင်ထဲရှိ ပြင်းထန်လှသော တုန်လှုပ်မှုများကို မည်သို့မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"ငါ ကြားဖူးတာတော့ အဲဒီမီးလျှံထဲမှာ ကောင်းကင်နဂါးရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒအမျှင်တန်းတစ်ခု ပါဝင်နေတယ်တဲ့…. ကျင့်စဉ်အဆင့်နိမ့်တဲ့ ကောင်လေးတစ်ယောက်က ဒါကို ဘယ်လိုလုပ် ဖျက်ဆီးပစ်နိုင်မှာလဲ… နဂါးပျံတက်ခြင်းပွဲရဲ့ သမိုင်းတစ်လျှောက်မှာ အထွတ်အထိပ်နေရာကို ရောက်ရှိနိုင်ခဲ့တဲ့ ပါရမီရှင်အားလုံးက သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ ပြင်းထန်တဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေကိုပဲ အားကိုးပြီး တောင့်ခံခဲ့ကြတာ…အခုလို တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်ခဲ့တဲ့သူမျိုး ရှိခဲ့ဖူးတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး" ဟု သူမက အသိဉာဏ်မဲ့စွာ ရေရွတ်လိုက်မိတော့သည်။
အခြားတံခွန်ကိုင်များကလည်း သူမ၏ စကားကို ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ နဂါးပျံတက်ခြင်းပွဲ၏ သမိုင်းတစ်လျှောက်မှာ ဤကဲ့သို့သော အရာမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။
ရှေးယခင်က အောင်မြင်ခဲ့ဖူးသည့် ပါရမီရှင်များမှာ ပါရမီရှင်အားလုံး၏ ထိပ်ဆုံးတွင် ရှိနေခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားမှာ လီချင်းဖုန်းထက် များစွာ ပိုမိုသာလွန်လှပြီး ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများကို အသုံးချကာ မီးနဂါးကြီးများ၏ လောင်ကျွမ်းမှုကို အတင်းအကျပ်တောင့်ခံရင်း မယုံနိုင်လောက်အောင် ခက်ခဲစွာဖြင့် အထွတ်အထိပ်နေရာသို့ တက်လှမ်းခဲ့ကြခြင်း ဖြစ်သည်။
ရှေးယခင်က ပါရမီရှင်အချို့သည်လည်း လီလော့လိုပင် တိုက်ခိုက်မှုများကို အသုံးချကာ ထိုမီးလျှံကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ထိုမီးလျှံအတွင်း၌ ကောင်းကင်နဂါး၏ စိတ်ဆန္ဒ ပါဝင်နေသဖြင့် ထိုအဆင့်ရှိသော ကျွမ်းကျင်သူများအနေဖြင့် ထိုသို့သော ဝေဝါးလှသည့် စိတ်ဆန္ဒအဆင့်အတန်းကို ထိခိုက်အောင် လုပ်ဆောင်နိုင်မည့် နည်းလမ်း မရှိကြပေ။ သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားများ မည်မျှပင် ပြင်းထန်ပါစေ လီလော့လို လုပ်ဆောင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။
ပါဝင်ဆင်နွှဲသူအားလုံးထဲတွင် အသန်မာဆုံးသူများပင် ကောင်းကင်ပုလဲအဆင့်တွင်သာ ရှိကြသဖြင့် သဘာဝကျကျပင် ၎င်းကို မလုပ်ဆောင်နိုင်ကြပေ။ဤသည်က စိတ်ဆန္ဒအမျှင်တန်းတစ်ခုမျှသာ ရှိသေးသည်မှန်သော်လည်း သူတို့အတွက်တော့ မည်သို့မျှ မဖျက်ဆီးနိုင်သော ဧရာမ ဘီလူးကြီးတစ်ကောင်သဖွယ် ဖြစ်နေခဲ့သည်။
သို့သော်လည်း မဖြစ်နိုင်ဘူးဟု လူတိုင်း သတ်မှတ်ထားခဲ့ကြသည့်အရာကို ယနေ့တွင်မူ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
တံခွန်ကိုင်အားလုံး လုံးဝဥဿုံ ဆွံ့အလျက် မှင်တက်သွားခဲ့ကြရခြင်းက အံ့ဩစရာမဟုတ်တော့ပေ။
လီလော့တယောက် ကောင်းကင်နဂါး၏ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ရန်အတွက် မည်ကဲ့သို့သော ထူးဆန်းလှသည့် နည်းလမ်းကို အသုံးချခဲ့လဲဆိုတာ မည်သို့မျှ တွေးတောနိုင်ခြင်း မရှိကြပေ။
ဤနည်းလမ်းက မည်သို့မျှ တွေးမရနိုင်အောင် ဆန်းပြားလှသည်မှန်သော်လည်း နောက်ဆုံးရလဒ်ကတော့ လူတိုင်းမျက်စိရှေ့တွင် ထင်ရှားစွာ ရှိနေသည်။ မဟုတ်ပါက ဤစမ်းသပ်မှုကို စောင့်ကြည့်နေကြသော အကြီးအကဲများ တစ်ခုခု ပြောဆိုခဲ့ကြမှာ သေချာသည်။
သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြခြင်းကပင် လီလော့ ဤအောင်ပွဲကို ရရှိရန်အတွက် ပြင်ပမှ မည်သည့်နည်းလမ်းကိုမျှ အသုံးချခဲ့ခြင်းမရှိကြောင်း ပြသနေသည့် သက်သေပင် ဖြစ်သည်။
အကယ်၍ လီလော့သာ ကလန်အကြီးအကဲ ငါးဦးစလုံး၏ မျက်စိရှေ့တွင် လိမ်လည်လှည့်ဖြားနိုင်လောက်အောင် စွမ်းရည်ရှိခဲ့လျှင် ထိုစွမ်းရည်တစ်ခုတည်းနှင့်ပင် နဂါးခေါင်းဆောင်ရာထူးကို ရရှိရန်အတွက် အပြည့်အဝ ထိုက်တန်နေပြီဖြစ်သည်။
ထို့ကြောင့် အစပိုင်းတွင် မကျေမနပ်ဖြစ်နေခဲ့သည့် လီဟုန်လီပင်လျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရပြီး လုံးဝ နှုတ်ဆိတ်သွားခဲ့တော့သည်။
မဟုတ်ပါက သူမ၏ အကျိုးအကြောင်းမရှိလှသော သံသယများက လူရယ်စရာ ဖြစ်သွားစေလိမ့်မည်။
သူမသည် အထွတ်အထိပ်နေရာတွင် ဓားကို ကိုင်စွဲကာ မားမားမတ်မတ် ရပ်နေသည့် လီလော့၏ ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး နဂါးပျံတက်ခြင်းပွဲတွင် အထွတ်အထိပ်နေရာသို့ ရောက်ရှိသွားခြင်းက လီလော့အနေဖြင့် နဂါးခေါင်းဆောင်ရာထူးကို သေချာပေါက် ရရှိတော့မည်ဟု ဆိုလိုတာမဟုတ်ကြောင်း စိတ်ထဲမှ မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေမိသည်။
အကယ်၍ လီချင်းဖုန်းသာ လာမည့် အကြေးခွံလုပွဲအတွင်း၌ အပြတ်အသတ် အနိုင်ရရှိခဲ့လျှင် အခြေအနေအားလုံး သူတို့ဘက်သို့ ပြန်လည်ရောက်ရှိလာမည်မှာ သေချာသည်။
သို့သော်ငြားလည်း သူမ မိမိကိုယ်ကိုယ် မည်မျှပင် ပြန်လည်နှစ်သိမ့်နေပါစေ သူမ၏ စိတ်အာရုံ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်နေသော ကြောက်ရွံ့မှုများကိုမူ မည်သို့မျှ တားဆီးနိုင်ခြင်း မရှိပေ။
ပြင်ပကုန်းမြေမှ ပြန်ရောက်လာသည့် ဤတောသားလေးက သူတို့ထက် ကျင့်စဉ်အဆင့်ပိုင်းတွင် နိမ့်ကျနေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူတို့ထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း လက်တွေ့ကျကျ သိရှိလိုက်ရချေပြီ။
အကယ်၍ လီလော့သာ နဂါးခေါင်းဆောင်ရာထူးကို တကယ်ပဲ ရရှိသွားခဲ့လျှင် ရင်းမြစ်အမြောက်အမြားဖြင့် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရဖူးသည့် သူတို့လို ပါရမီရှင်များမှာ အသုံးမကျသည့် လူဖြုန်းကြီးများ ဖြစ်သွားကြရော့မည် မဟုတ်ပါလား။
လီတိုင်ရွှမ်တစ်ဦးတည်းကပင် မျိုးဆက်တူ ပါရမီရှင်အားလုံးကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ခြင်းက ဆိုးရွားလှပြီ ဖြစ်သည်။ ယခုအခါ လီတိုင်ရွှမ်၏ သားဖြစ်သူကလည်း သူတို့မျိုးဆက်တွင် ဤသို့သော အရာမျိုးကို ထပ်မံ၍ လုပ်ဆောင်ဦးမည်လော….
ဟင်းလင်းပြင်အထက်တွင် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်မှုများ ဖုံးလွှမ်းသွားခဲ့ရသည်။ ကလန်အကြီးအကဲ ငါးဦး၏ အောက်တွင် ရှိနေကြသော အကြီးအကဲများ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးလှသော ခံစားချက်များစွာ ထင်ဟပ်နေကြသည်။ သူတို့ထဲမှ အများစုမှာ လီတိုင်ရွှမ်နှင့် မျိုးဆက်တူ ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် လီလော့ အထွတ်အထိပ်နေရာသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်လည်သတိရမိသွားကြသည်။
ထိုစဉ်က လီတိုင်ရွှမ်တစ်ဦးတည်းသာ အထွတ်အထိပ်နေရာသို့ တရစပ် တက်လှမ်းခဲ့သည်ကို သူတို့အားလုံး မချိတင်ကဲဖြင့် စောင့်ကြည့်ခဲ့ကြရဖူးသည်။
နဂါးသွေးကလန်၏ အကြီးအကဲဖြစ်သူ လီထျန်းကျီက ….
"လီလော့ အသုံးပြုလိုက်တဲ့ စကြဝဠာဓားဆန္ဒက ကောင်းကင်နဂါးရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒကို တိုက်ရိုက် ခြေမှုန်းပစ်နိုင်ခဲ့ပုံရတယ်… သူသုံးလိုက်တဲ့မြို့စားအဆင့်ပညာရပ်က ကံကြမ္မာအဆင့်ထက် ဘယ်လိုမှ လျော့နည်းမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
နဂါးအကြေးခွံကလန်၏ အကြီးအကဲဖြစ်သူ လီချင်းယင်ကလည်း….
"ဒါက သာမန်ကံကြမ္မာအဆင့်ရှိတဲ့ မြို့စားအဆင့်ပညာရပ်တွေထက်တောင်မှ ပိုပြီး အစွမ်းထက်နေသေးတယ်… ငါသိသလောက်တော့ နဂါးစွယ်ကလန်ထဲမှာ ဒီလို မြို့စားအဆင့်ပညာရပ်မျိုး ရှိမနေခဲ့ဖူးဘူး" ဟု မှတ်ချက်ချလိုက်သည်။
ကံကြမ္မာအဆင့်ရှိသော မြို့စားအဆင့်ပညာရပ်များမှာ ကလန်အားလုံးအတွင်း၌ ထိပ်တန်းအဆင့်ရှိသော လျှို့ဝှက်ပညာရပ်များအဖြစ် သတ်မှတ်ထားကြသည်။ အဆင့်မြင့် အကြီးအကဲအချို့ပင် ဤသို့သော ပညာရပ်မျိုးကို ကျွမ်းကျင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသဖြင့် လူငယ်တစ်ဦးအကြောင်း ဆက်ပြောနေရန် မလိုတော့ပေ။
အခြားကလန်များအားလုံးသည် နဂါးစွယ်ကလန်အတွင်း၌ စကြဝဠာဓားဆန္ဒဟု ခေါ်သည့် ကံကြမ္မာအဆင့်ရှိသော မြို့စားအဆင့်ပညာရပ် ရှိမနေခဲ့ဖူးကြောင်း ကောင်းစွာ သိရှိထားကြသည်။
ဒါတင် မကသေးပေ၊ ထိုဓားဆန္ဒလှိုင်းများမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှပြီး ၎င်းတို့က နေ၊ လနှင့် ကြယ်တာရာအားလုံးကိုပင် လုံးဝ ခြေမှုန်းဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့်အသွင် ရှိနေသည်။ ဒါက သူတို့ကိုယ်တိုင်ပင် အထူးအာရုံစိုက်ရမည့် အရာတစ်ခု ဖြစ်သည်။
လီထျန်းကျီက နှုတ်ဆိတ်နေသည့် လီကျင်းဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး….
"ဒါက ငါတို့ရဲ့ ဘိုးဘေးကြီး ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုခု များလား" ဟု ဆိုလိုက်သည်။
သူသည် လက်ရှိ နဂါးကလန်ကြီး ငါးခုလုံး၏ အကြီးအကဲ ဖြစ်သဖြင့် လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။ ထို့ကြောင့် ဘိုးဘေးကြီးက နဂါးစွယ်ကလန်အတွင်း၌ မပြည့်စုံသေးသော မြို့စားအဆင့်ပညာရပ်တစ်ခုကို ချန်ထားရစ်ခဲ့ဖူးကြောင်း သိရှိထားခြင်း ဖြစ်သည်။
အခြားကလန်အကြီးအကဲ သုံးဦးစလုံးမှာလည်း ဤစကားကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့ကြသဖြင့် လီကျင်းဇယ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဘိုးဘေးကြီး ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ပညာရပ်…..
ဘိုးဘေးကြီး၏ ကျယ်ပြန့်လှသော အတွေ့အကြုံများနှင့် စွမ်းရည်များအရ သူ ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ပညာရပ်က မည်သို့ ရိုးရှင်းနိုင်မည်နည်း။
လီထျန်းကျီက …..
"ဘိုးဘေးကြီး ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ပညာရပ်ကို ကံပါတဲ့သူတွေသာ ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိကြတာ… ကလန်အကြီးအကဲ ကျင်းဇယ်က စည်းကမ်းကို အမြဲတမ်း ဦးစားပေးတတ်တဲ့ လူတစ်ဦးဆိုတော့ သူ ဒီကောင်လေးကို ကွယ်ရာမှာ သီးသန့် သင်ကြားပေးခဲ့တာမျိုးတော့ မဟုတ်နိုင်ပါဘူး... မဟုတ်ဘူးမလား"
သူ့လေသံမှာ အနည်းငယ် စူးရှနေခဲ့ပြီး လီကျင်းဇယ်ကို တိုက်ရိုက် မေးခွန်းထုတ်နေသကဲ့သို့ပင်။
ကလန်အကြီးအကဲ တစ်ဦးချင်းစီမှာ မိမိတို့၏ ကိုယ်ပိုင်ကလန်ကို အမှီအခိုကင်းစွာ အုပ်ချုပ်ပိုင်ခွင့် ရှိကြသည်မှာ မှန်သော်လည်း လီထျန်းကျီက နဂါးကလန်ကြီး ငါးခုလုံး၏ အကြီးအကဲ ဖြစ်သဖြင့် အခြားသူများကို ကြီးကြပ်ပိုင်ခွင့် ရှိသည်။
လီကျင်းဇယ်က အနည်းငယ် ပြုံးလိုက်ပြီး….
"လီလော့က မယုံနိုင်လောက်အောင် ပြင်းထန်လှတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာ… သူ ဒီပညာရပ်ကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းက ကံပါလို့ပဲ ဖြစ်လိမ့်မယ်… ဘိုးဘေးကြီးက ဒီပညာရပ်ကို နောင်ကျရင် တစ်စုံတစ်ယောက်က သူ့ကိုယ်စား ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ဖို့အတွက် ချန်ထားရစ်ခဲ့တာလေ… သူလည်း ဒီပညာရပ်ကို လျှို့ဝှက်ခန်းထဲမှာ ထာဝရ ဖုန်တက်နေမှာကို မြင်တွေ့ချင်မှာ မဟုတ်ပါဘူး" ဟု တုံ့ပြန်လိုက်သည်။
လီလော့ စကြဝဠာဓားဆန္ဒ ဝင်္ကပါပညာရပ်ကို ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်းပိုင်းတွင် လီကျင်းဇယ်အနေဖြင့် ကူညီပေးခဲ့မှုအချို့ ရှိနေမှာ သေချာသည်။ မဟုတ်ပါက လီလော့ ဒါကို တတ်မြောက်ရန်အတွက် မည်မျှအထိ အချိန်ကြာမြင့်သွားမည်နည်း။
သို့သော်လည်း သူ မည်သို့ ကူညီပေးခဲ့လဲဆိုသည့် အကြောင်းအရာကိုမူ အခြားသူများကို ရှင်းပြနေရန် မလိုပေ။ လီထျန်းကျီ၏ စူးစမ်းလိုသော စကားများမှာ မည်သည့်အဓိပ္ပာယ်မျှမရှိဘဲ ၎င်းက ရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် နဂါးစွယ်ကလန်သို့ လူများကို စေလွှတ်ပြီး ဤကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေးခိုင်းနိုင်သေးသည်။
လီထျန်းကျီသည်လည်း ဤအကြောင်းကို နားလည်ထားသဖြင့် လေသံပြောင်းလိုက်သည်။
"ဘိုးဘေးကြီး ဖန်တီးခဲ့တဲ့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံခွင့်ရတာက ကံကောင်းခြင်းတစ်ခုပါပဲ…သူ ကောင်းကင်နဂါးရဲ့ စိတ်ဆန္ဒကို ဖျက်ဆီးပစ်နိုင်ခဲ့တာက အံ့ဩစရာမဟုတ်တော့ဘူး.. ဒါပေမဲ့ နောက်ထပ် နဂါးပျံတက်ခြင်းပွဲအတွက် ကောင်းကင်နဂါးရဲ့ စိတ်ဆန္ဒအသစ်တစ်ခုကို အချိန်မီ ပြန်လည်သန့်စင်နိုင်ပါ့မလားဆိုတာတော့ ငါ မသေချာဘူး" ဟု ဆိုလိုက်သည်။
"ဒါပေမဲ့ ဒါက စံချိန်သစ်တစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်… လူငယ်တွေက တကယ့်ကို တက်ကြွကြတာပဲ၊ သူ ကောင်းကင်နဂါးရဲ့ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ခဲ့တာ မှန်ပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို ထူးချွန်တယ်လို့ဆိုရမယ်… လီတိုင်ရွှမ်ရဲ့ သားက အဖေရဲ့ ပါရမီကို အပြည့်အဝ ဆက်ခံထားတာပဲ" ဟု လီချင်းယင်က ဝင်ရောက်ပြောဆိုခဲ့သည်။
"အခု သူတို့အားလုံး နဂါးပျံတက်ခြင်းပွဲရဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီးကြပြီဆိုတော့ ကြိုးစားမှုရလဒ်တွေကို ရယူရမယ့် အချိန်တန်ပြီ …."
သူ စကားပြောဆိုပြီးနောက် လက်ဝါးကို ရှေ့သို့ ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထံသို့ အသာအယာ ထောက်လိုက်တော့သည်။ ထိုတစ်ခဏ၌ပင် တောင်တစ်လုံးကဲ့သို့ကြီးမားသော
ဧရာမ ကျောက်နဂါးကြီး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ပြီးနောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ကျယ်လောင်သော နဂါးဟိန်းသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
ထို့နောက်တွင်မူ ကျောက်လှေကားများပေါ်တွင် ရှိနေကြသော လူတိုင်း မိမိတို့ ရပ်တည်နေသည့် ကျောက်နဂါးကြီး၏ ခန္ဓာကိုယ်အတွင်းမှ မယုံနိုင်လောက်အောင် ထူထပ်လှသော ကောင်းကင်နဂါးစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။
ထိုပြင်းထန်လှသော စွမ်းအင်များ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာခဲ့ကြပြီး
တစ်ချိန်တည်းမှာပင် နဂါးကြီး၏ ဦးခေါင်းထက်တွင် ရှိနေသည့် လီလော့မှာမူ အခြားသူများထက် များစွာ ပိုမိုများပြားလှသော ကောင်းကင်နဂါးစွမ်းအင်များကို ရရှိခဲ့သည်။
သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ရှေးယခင်ကတည်းက ရှိနေခဲ့သော ကောင်းကင်နဂါးစွမ်းအားများမှာ ကျောက်နဂါးကြီးထံမှ စီးထွက်လာသည့် ကောင်းကင်နဂါးစွမ်းအင်များနှင့် အရှိန်အဟုန်ဖြင့် စတင်ပေါင်းစပ်သွားခဲ့ကြသည်။ ထို့နောက်တွင်မူ ထိုပေါင်းစပ်သွားခဲ့သည့် စွမ်းအင်များ လောင်ကျွမ်းသွားပြီး
ထူထပ်လှသော စွမ်းအင်လှိုင်းများ နေရာအနှံ့ ပျံ့နှံ့သွားခဲ့တော့သည်။
ထိုပြင်းထန်လှသော စွမ်းအင်များမှာ မိုးမြူနှင်းများအဖြစ် စုစည်းသွားခဲ့ပြီး လီလော့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ဥဿုံ ဖုံးလွှမ်းသွားခဲ့တော့သည်။
ကျောက်လှေကားများပေါ်ရှိ တံခွန်ကိုင် တစ်ဦးချင်းစီထံတွင်လည်း ဤကဲ့သို့သော အရာမျိုး ထပ်တူ ဖြစ်ပွားနေခဲ့သည်။
သူတို့တစ်ဦးစီတိုင်းက မိမိတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုပြင်းထန်လှသော စွမ်းအင်များ စီးဝင်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အံ့ဖွယ်အသွင် ပြောင်းလဲလာကာ ပြန်လည်မွေးဖွားလာခဲ့သကဲ့သို့ ခံစားချက်ကို ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။
ဤသည်က သူတို့၏ သန့်စင်သော နဂါးခန္ဓာစတင်၍ ပုံဖော်လာခြင်းပင် ဖြစ်လေတော့သည်။