← Chapters

နဂါးစွယ်ကလန် တံခွန်လေးခု၏ အကြီးအကဲ

Vol. 65 Ch. 899

နဂါးစွယ်ကလန် တံခွန်လေးခု၏ အကြီးအကဲ

Vol. 65 Ch. 899

​ခန်းမဆောင်ကြီးမှ ထွက်ခွာလာပြီးနောက် နတ်ဆိုးလှိုဏ်ဂူရှိရာတောင်ထိပ်ဆီသို့ လီလော့ တိုက်ရိုက် ဦးတည်ခဲ့သည်။

​သူ ရောက်ရှိသွားချိန်တွင် တံခွန်လေးခုမှ အဖွဲ့ဝင်များ နတ်ဆိုးလှိုဏ်ဂူရှေ့ရှိ ကွင်းပြင်ကျယ်တွင် စုဝေးနေကြပြီဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံစည်ကားနေသည်။

​တံခွန်လေးခု၏ အရှိန်အဝါမှာ လွန်ခဲ့သော ခြောက်လကထက် သိသိသာသာ ကွဲပြားခြားနားနေပြီ ဖြစ်သည်။

​ယခင်က ရွှေအလင်းတံခွန်သည် ရဲစိတ်ရဲမာန် အထက်မြက်ဆုံးဖြစ်ပြီး အဖွဲ့ဝင်များမှာလည်း အခြားတံခွန်များထက် မာန်မာန ပိုမိုထောင်လွှားခဲ့ကြသည်။ တစ်ဖက်တွင်မူ အစိမ်းရောင်နယ်သာ တံခွန်က အညံ့ဖျင်းဆုံးဖြစ်ပြီး လူစုလူဝေးကြားတွင် သဲတစ်ပွင့်ပမာ ပျောက်ကွယ်နေတတ်ကာ ဖရိုဖရဲ ဖြစ်နေခဲ့သည်။

​သို့သော် ယခုအခါတွင်မူ အစိမ်းရောင်နယ်သာ တံခွန်သည် အားတက်သရောအရှိဆုံးနှင့် အတက်ကြွဆုံးအဖွဲ့ ဖြစ်နေပြီ ဖြစ်သည်။

​အဖွဲ့ဝင်တိုင်းက ယုံကြည်မှုများ ပြည့်နှက်နေပြီး စိတ်ဓာတ်များ အထူးထက်သန်နေကြကာ သူတို့၏ စကားပြောသံများတွင်ပင် စိတ်လှုပ်ရှားမှုနှင့် အင်အားများ ပါဝင်နေသည်။

​ဒါကလည်း သဘာဝကျပါသည်။ သူတို့သည် ထူးချွန်ထက်မြက်သော တံခွန်ကိုင်တစ်ဦးကို ရရှိခဲ့ပြီး ခြောက်လဆိုသည့် တိုတောင်းသော အချိန်ကာလအတွင်း ကျဆင်းနေသော သူတို့၏ အဆင့်အတန်းကို ထိပ်တန်းအဆင့်သို့ ရောက်အောင် မြှင့်တင်နိုင်ခဲ့သည်။

​တစ်နည်းအားဖြင့် ပြောရလျှင် တံခွန်အတွင်းရှိ အဖွဲ့ဝင်များမှာ ယခင်အတိုင်းပင် ဖြစ်ပြီး ကြီးမားသော ပြောင်းလဲမှုမရှိပေ။ အဓိက ကွာခြားချက်မှာ တံခွန်ကိုင်အသစ်ကြောင့်သာ ဖြစ်သည်။

​သူတို့တွေ နတ်ဆိုးလှိုဏ်ဂူတွင် ကျော်ဖြတ်နိုင်သည့် အဆင့်သည်ပင် ရွှေအလင်း တံခွန်ကို ကျော်ဖြတ်ကာ ထိပ်တန်းငါးခုစာရင်းဝင် ဖြစ်လာခဲ့သည်။ ဤပြောင်းလဲမှု အားလုံးမှာ လီလော့ကြောင့် ဖြစ်သည်။

​လီလော့သည် သူတို့၏ အရည်အသွေးကို လုံးဝပြောင်းလဲပစ်ခဲ့သဖြင့် တံခွန်အတွင်း လီလော့၏ အရှိန်အဝါနှင့် အဆင့်အတန်းမှာ ထိပ်ဆုံးသို့ ရောက်ရှိနေသည်။ မည်သူမျှ သူ့စကားကို သံသယမဝင်ရဲဘဲ အားလုံးက မေးခွန်းထုတ်စရာမလိုဘဲ နာခံကြသည်။

​အနီးနားရှိ ရွှေလင်း တံခွန်အဖွဲ့ဝင်များက ဆူညံနေသော အစိမ်းရောင်နယ်သာ တံခွန်ကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ မိမိတို့အဖွဲ့ အနည်းငယ် နောက်ကျကျန်ခဲ့သည့်အပေါ် မကျေနပ်သော်လည်း လီလော့ကြောင့် ထွက်ပေါ်လာသည့် အံ့အားသင့်ဖွယ် ရလဒ်များကိုမူ မချိတင်ကဲ လက်ခံခဲ့ကြရသည်။

​အရေးကြီးဆုံးမှာ လီလော့သည် အစပိုင်းတွင် နတ်ဆိုးနန်းတော်အဆင့်သာ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အသန်မာဆုံး တံခွန်ကိုင်များနှင့် သူ့ကြားမှ ကွာဟချက်မှာ သိသိသာသာ ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်သည်။

​ထို့အပြင် လီချင်းဖုန်း၊ လုချင်းမိန်နှင့် တျန့်ဖုန်းရှန်တို့အပါအဝင် မည်သူမျှ ယခုအခါ ကွာဟချက် မည်မျှရှိတော့သည်ကို အတိအကျမသိကြပေ။

​သို့သော် ဤမေးခွန်း၏ အဖြေကို ယနေ့တွင် သိရှိရတော့မည် ဖြစ်သည်။

​တံခွန်လေးခု ယနေ့စုဝေးရခြင်းမှာ ခေါင်းဆောင်အသစ်တစ်ဦး ရွေးချယ်ရန်ဖြစ်ကြောင်း အားလုံး သိရှိထားကြသည်။ ဤသည်ကလည်း နဂါးခေါင်းဆောင်တိုက်ပွဲအတွက် ပြင်ဆင်ခြင်းလည်း ဖြစ်ပြီး ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပင်။

ကလန်တစ်ခုချင်းစီ၏ တံခွန်လေးခုတွင် စစ်တပ်၏ စည်းလုံးမှုကို ထိန်းသိမ်းရန် သို့မဟုတ် ဘုံရန်သူကို ရင်ဆိုင်ရာတွင် စိတ်ဝိညာဉ်များကို စုစည်းရန်အတွက် အားလုံးကို ကိုယ်စားပြုမည့် အကြီးအကဲခေါင်းဆောင်တစ်ဦး လိုအပ်သည်။

​ယခင်က ရွှေအလင်းတံခွန်မှ တျန့်ဖုန်းရှန်ကိုသာ ထိုရာထူးနှင့် အသင့်တော်ဆုံးဟု ထင်မှတ်ခဲ့ကြသည်။ လီဖုန်းယီနှင့် လီကျင်းထောင်တို့က သူတို့၏ ဖခင်များကြောင့် အထူးနေရာ ရထားကြသော်လည်း အရှိန်အဝါနှင့် အစွမ်းသတ္တိပိုင်းတွင်မူ တျန့်ဖုန်းရှန်ကသာ ထိပ်ဆုံးတွင် ရှိနေခဲ့သည်။

​ဤသည်မှာ ဖျက်မြင်းဟုဆိုနိုင်သော လီလော့ ပေါ်မလာခင်က အခြေအနေ ဖြစ်သည်။ သူ့ရဲ့ တည်ရှိမှုက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့သည်။

​ရွှေအလင်းတံခွန်အဖွဲ့ဝင်များပင်လျှင် သူတို့နှစ်ဦးကြားက တိုက်ပွဲရလဒ်ကို မမြင်ရသေးဘဲ တျန့်ဖုန်းရှန်ကသာ အသင့်တော်ဆုံး ကိုယ်စားလှယ်ဖြစ်မည်ဟု ရဲရဲဝံ့ဝံ့ မပြောရဲကြတော့ပေ။

​ဤသည်က အဖွဲ့ဝင်များကို စိတ်ရှုပ်ထွေးစေသည်။ လွန်ခဲ့သော ခြောက်လကဆိုလျှင် ပြင်ပကုန်းမြေတွင် ကြီးပြင်းလာသူတစ်ယောက်က တျန့်ဖုန်းရှန်ကို စိန်ခေါ်နိုင်သည့်အဆင့်အထိ တက်လှမ်းလာနိုင်မည်ဟု မည်သူမျှ ယုံကြည်ခဲ့ကြမည်မဟုတ်ပေ။

တံခွန်အဖွဲ့ဝင်များစွာ တွေးတောနေကြစဉ်မှာပင် လီလော့ ရောက်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကွင်းပြင်အလယ်မှ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အကြည့်များစွာက သူ့ထံသို့ ကျရောက်လာကြသည်။

​"တံခွန်ကိုင်"

အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ဝင်များက ဟိန်းသံကြီးများဖြင့် ချက်ချင်းပင် အလေးပြုလိုက်ကြရာ အနီးနားရှိ ငှက်တိရစ္ဆာန်များပင် လန့်ဖျန့်ကာ ပျံသန်းသွားကြတော့သည်။

​လီလော့က ပြုံးတပွင့်နှင့်အတူ လက်ဝှေ့ယမ်းကာ သူတို့ကို အေးအေးဆေးဆေးနေရန် အချက်ပြပြီး ကွင်းပြင်ဆီသို့ လျှောက်လှမ်းခဲ့သည်။ သူသည် အနောက်ကျဆုံး ရောက်လာခြင်းဖြစ်ပြီး အခြားတံခွန်ကိုင်များမှာမူ သစ်ပင်ရိပ်များ ဝန်းရံနေသော ကျောက်စိမ်းမဏ္ဍပ်အတွင်း ရောက်ရှိနေကြပြီ ဖြစ်သည်။

​အစိမ်းရောင်နယ်သာ တံခွန်၏ ရှေ့ဆုံးတွင် ရပ်နေသော ကျောက်ယန်ဇီက သူမ၏ လှပသော မျက်ဝန်းများဖြင့် လီလော့ကို စိုက်ကြည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။

"ဒီနေ့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်"

​လီရှီက….

"တကယ်တော့ လီကျင်းထောင်မှာလည်း ခေါင်းဆောင်ရာထူးအတွက် ပြိုင်ဆိုင်နိုင်စွမ်းရှိတယ်… သူက ခုခံတဲ့နေရာမှာ ဆရာကျလွန်းလို့ တျန့်ဖုန်းရှန်ရဲ့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားတောင် သူ့ကို မနိုင်ဘူး…ဒါပေမဲ့ သူ့စိတ်နေသဘောထားက အေးဆေးလွန်းပြီး အငြင်းပွားရတာ မကြိုက်ဘူး…တကယ်တမ်းတိုက်ခိုက်မယ်ဆို သူက အရင်ဆုံး လက်နက်ချမယ့်သူမျိုးပဲ…လီဖုန်းယီကျတော့ တျန့်ဖုန်းရှန်နဲ့ ယှဉ်ရင် အားနည်းလွန်းတယ်… နောက်ဆုံးတော့ ငါတို့ခေါင်းဆောင်အပေါ်မှာပဲ မူတည်တာပေါ့"

မုဘီက…​"ခေါင်းဆောင်က တျန့်ဖုန်းရှန်ကို နိုင်ပါ့မလား… ဒီတိုက်ပွဲမှာပေါင်းစည်းခြင်းစွမ်းအားတွေ သုံးခွင့်မရှိဘူး… ငါတို့လည်း ကူညီလို့မရဘူး…ပြီးတော့ ကြားရသလောက်တော့ တျန့်ဖုန်းရှန်က ဒီလပိုင်းတွေမှာ အပြင်းအထန် ကျင့်ကြံနေခဲ့တာဆိုတော့ ပိုသန်မာလာမှာ သေချာတယ်…သူ့စိတ်ဓာတ်နဲ့ဆိုရင် ဒီတိုက်ပွဲမှာ အလျှော့ပေးမှာ မဟုတ်ဘူး"

​ကျောက်ယန်ဇီက ….

"အဲဒီ ရွှေချပ်ဝတ်ဝတ်ထားတဲ့လူ ဘာပဲလုပ်လုပ် ငါတို့ တံခွန်ကိုင်နဲ့သာ ထိပ်တိုက်တွေ့ရင်တော့ အလဲလဲအပြိုပြို ဖြစ်သွားမှာပဲ"ဟု သုံးသပ်လိုက်သည်။

ထိုအခါ မုဘီ သက်ပြင်းချလိုက်မိသည်။ အကျိုးအသင့်အကြောင်းသင့်စဉ်းစားကြည့်သော်လည်း ပြန်ရလာသော အဖြေမှာ အကျိုးအကြောင်းမရှိလှပေ။ သို့ပေမယ့် မည်သို့မျှမတတ်နိုင်ပေ။

အလှလေးကတော့ စိတ်ထဲရှိတဲ့အတိုင်း ပြောနေတော့တာပဲ….

​လီရှီက…..

"လူအများစုက ခေါင်းဆောင် ဒီလောက်အောင်မြင်တာ ပေါင်းစည်းခြင်းစွမ်းအားကြောင့်လို့ ထင်နေကြတာ….ဒါပေမဲ့ ငါကတော့ ပြောင်းပြန်လို့ ထင်တယ်…ပေါင်းစည်းခြးင်အခြေအနေက ခေါင်းဆောင်ရဲ့ စစ်မှန်တဲ့ ကြောက်စရာကောင်းတဲ့ ပါရမီကို ဖုံးကွယ်ထားတာ…နဂါးခေါင်းဆောင်တိုက်ပွဲကျရင်တော့ တခြားကလန်တွေအနေနဲ့ ပြင်ပကုန်းမြေကလာတဲ့ ငါတို့ခေါင်းဆောင်ရဲ့ မယုံနိုင်စရာ ပါရမီအစစ်အမှန်ကို ကိုယ်တိုင် မြင်တွေ့ရလိမ့်မယ်"

​မုဘီ ခေါင်းကုတ်လိုက်မိသည်။

နေဦး... ဒါက စောစောကထက်တောင် ပိုပြီး ကြွားလုံးထုတ်နေသလိုပဲ….

​ထိုအတောအတွင်း လီလော့ ကျောက်စိမ်းမဏ္ဍပ်ဆီသို့ ရောက်ရှိလာခဲ့ပြီး အခြားသုံးဦးကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။

" အားနာပါတယ်... ငါ နည်းနည်း နောက်ကျသွားတယ်"

နှုတ်ဆက်‌နေရင်း သူ့အကြည့်က

လီကျင်းထောင်၊ လီဖုန်းယီတို့ကို ဖြတ်ကျော်ကာ တျန့်ဖုန်းရှန်ထံတွင် ခေတ္တမျှ ရပ်တန့်သွားသည်။ သူတို့ မဆုံဖြစ်သည်မှာ လဝက်ခန့် ရှိပြီဖြစ်ရာ တျန့်ဖုန်းရှန်၏ အစွမ်းမှာ ပိုမိုမြင့်တက်လာပုံရပြီး သူ့ ခန္ဓာကိုယ်ပတ်လည်ရှိ ပဲ့တင်ထပ်သံစွမ်းအားများမှာလည်း ပိုမိုထူထပ်နေသည်။

​"တံခွန်ကိုင် တျန့်ဖုန်းရှန်... မင်း နောက်ထပ် တိုးတက်လာပြန်ပြီပဲ" ဟု လီလော့က ချီးကျူးတော့ ​တျန့်ဖုန်းရှန်က အေးဆေးစွာပင် -

"လက်ရှိအခြေအနေမှာတင် ရောင့်ရဲနေလို့ မရဘူး…မဟုတ်ရင်... မင်း ငါ့ကို ကျော်တက်သွားမှာပေါ့…"

​လီလော့က ပြုံးလိုက်ပြီး အခြားသုံးဦးနှင့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် အားလုံး စိတ်ဝင်စားနေသည့် အကြောင်းအရာဘက်သို့ လှည့်လိုက်သည်။

" အားလုံး သိကြမှာပါ… နဂါးခေါင်းဆောင်တိုက်ပွဲက နီးနေပြီဖြစ်လို့ ငါတို့ နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုလုံးကို ကိုယ်စားပြုမယ့် အကြီးအကဲခေါင်းဆောင်တစ်ဦး ရွေးချယ်ရမယ်… မဟုတ်ရင် တခြားကလန်လေးခုက ငါတို့ကို ခေါင်းဆောင်မရှိတဲ့အဖွဲ့လို့ အတင်းပြောကြလိမ့်မယ်…မင်းတို့ သုံးယောက်ကော ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအမြင်ရှိလဲ"

​လီကျင်းထောင်က သမ်းဝေလိုက်ပြီး…"ဘာအမြင်မှ မရှိပါဘူး" ဟု ဆိုသည်။

​"ငါတို့ တိုက်ခိုက်ကြရမှာပေါ့…အနိုင်ရတဲ့သူက ခေါင်းဆောင်ဖြစ်မယ်… ဒါမှပဲ လူအများက လက်ခံမှာ မဟုတ်ဘူးလား" ဟု တျန့်ဖုန်းရှန်က တည်ငြိမ်စွာ ပြန်လည် ဖြေကြားခဲ့သည်။

​ဒုန်း

​လီဖုန်းယီက စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး တျန့်ဖုန်းရှန်ကို အေးစက်သော အပြုံးဖြင့် စိုက်ကြည့်ကာ …

"နင်ပြောတာ မှန်တယ်… တိုက်ပွဲတစ်ခုကနေပဲ တရားမျှတစွာ ဆုံးဖြတ်နိုင်မယ်… ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... နင် လီကျင်းထောင်ကို အရင်ဆုံး စိန်ခေါ်လိုက်.. ပြီးရင် ငါ ဒုတိယအချီအနေနဲ့နင်နဲ့ တိုက်မယ်… နောက်ဆုံးကျမှ လီလော့ နင့်ကို စိန်ခေါ်လိမ့်မယ်…နင်သာ အားလုံးကို အနိုင်ရရင် နဂါးစွယ်ကလန်ရဲ့ ကိုယ်စားလှယ်အစစ် ဖြစ်ခွင့်ပေးမယ်"

​ထိုစကားကို ကြားလိုက်ရချိန်တွင် တျန့်ဖုန်းရှန်၏ နှုတ်ခမ်းထောင့် အနည်းငယ် တုန်ခါသွားခဲ့ရသည်။

​ဒါက လူသုံးယောက်ပေါင်းပြီး သူ့ကို ဝိုင်းတိုက်တာနဲ့ ဘာကွာလို့လဲ… ဘယ်လိုကြီးလဲ…...ငါက သုံးချီတိုက်ရမယ် ဟုတ်လား…

​တျန့်ဖုန်းရှန်က မနေနိုင်တော့ဘဲ …

"တံခွန်ကိုင် လီဖုန်းယီ... ဒါကတော့ သိပ်ပြီး ယုတ္တိမရှိဘူး ထင်တယ်"

​"ဟမ် နင်က ငါ့ကို ယုတ္တိမရှိဘူးလို့ ပြောတာလား….ငါပြောတာ ယုတ္တိမရှိဘူးလား"

လီဖုန်းယီက တျန့်ဖုန်းရှန်ကို အန္တရာယ်ရှိသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏အံကြိတ်သံကိုပင် ကြားလိုက်ရသည်။

လီလော့ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။ အကယ်၍ သူမသာ သူ့ရဲ့ ဒုတိယအစ်မ မဟုတ်ခဲ့လျှင်... သူလည်း တျန့်ဖုန်းရှန်၏ စကားကို ထောက်ခံမိမှာ သေချာသည်။

​တျန့်ဖုန်းရှန်က သူမနှင့် စကားများရန် စိတ်မဝင်စားသဖြင့် ပြန်မပြောတော့ပေ။ သူသည် စကားလုံးတိုက်ပွဲတွင် ဘယ်တော့မှ မနိုင်မှန်း သိထားသည်။ ထို့‌ကြောင့် အကြိတ်အနယ် စဉ်းစားနေသော လီလော့နှင့် အူကြောင်ကြောင် ရယ်နေသော လီကျင်းထောင်တို့ဘက်သို့ လှည့်လိုက်သည်။

​ညီအကိုနှစ်ယောက်ဖြစ်ပျက်နေပုံကိုမြင်တော့ အနည်းငယ် စိတ်ပျက်မိပြီး ဒေါသတကြီးဖြင့်ပင် ဆဲရေးချင်စိတ် ပေါက်သွားမိသည်။

"ဒါဆို... မင်းတို့ တိုက်မှာလား၊ မတိုက်ဘူးလား"

​"ဟီးဟီး... ငါကတော့ ဘာမဆို အဆင်ပြေပါတယ်" ဟု လီကျင်းထောင်က ရယ်ကျဲကျဲနှင့်ပြန်ဖြေသည်။

​တျန့်ဖုန်းရှန် ဒေါသတကြီး ထွက်ခွာသွားတော့မည့်အခြေအနေကို မြင်တော့ လီလော့က ခါးသီးစွာ ပြုံးလိုက်ပြီး …

"စည်းကမ်းအတိုင်းပဲ သွားကြရအောင်… မဟုတ်ရင် တခြားလူတွေက လက်ခံမှာ မဟုတ်ဘူး"

​"အာ... မင်းတို့ပဲ အရင်တိုက်ကြပါ… ငါ မနေ့က အိပ်ရေးမဝလို့ ဒီနေ့ နည်းနည်း အားနည်းနေသလိုပဲ..."

လီကျင်းထောင်က ခေါင်းကုတ်ရင်း ရှက်ရယ်ရယ်လျက် မျက်နှာပြောင်တိုက်နေလေပြီ။

​သူ့အဖြေက မည်သူ့ကိုမျှ အံ့သြမသွားစေပေ။ တျန့်ဖုန်းရှန်၏ အကြည့်က စူးရှသွားပြီး သူ့ မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လျက် လီလော့ဘက်သို့ လှည့်လိုက်သည် ။

"တံခွန်ကိုင် လီလော့... မင်းကတော့ ဒီရာထူးကို ငါ့ကို အလွယ်တကူ ပေးမှာ မဟုတ်ဘူး မဟုတ်လား"

​လီလော့ကလည်း ထိုစူးရှသော အကြည့်ကို ပြန်လည်ရင်ဆိုင်ရင်း ပြုံးလိုက်မိသည်။

​"ဒါဆိုရင်တော့... ဒီနေ့ ငါလည်း တံခွန်ကိုင် တျန့်ဖုန်းရှန်ရဲ့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားကို ကိုယ်တိုင် စမ်းသပ်ကြည့်ရတော့မှာပေါ့"

All Chapters