အတုယောင်မြို့စားအဆင့်ပညာရပ်
Vol. 65 Ch. 900
နတ်ဆိုးလှိုဏ်ဂူရှေ့ရှိ ကွင်းပြင်ကျယ်တွင် စုဝေးနေကြသော တံခွန်အဖွဲ့ဝင်များက လီလော့နှင့် တျန့်ဖုန်းရှန်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
ကွင်းပြင်တစ်ခုလုံးတွင် ဟစ်အော်အားပေးသံများ ပြည့်နှက်နေပြီး အဓိကအားဖြင့် အစိမ်းရောင်နယ်သာ တံခွန်နှင့် ရွှေအလင်းတံခွန်တို့က သူတို့၏ တံခွန်ကိုင်အသီးသီးအတွက် အားပြိုင်နေကြခြင်း ဖြစ်သည်။
ယနေ့တိုက်ပွဲက နဂါးစွယ်ကလန် တံခွန်လေးခုလုံးကို ဦးဆောင်မည့် အကြီးအကဲခေါင်းဆောင်အစစ်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အားလုံးက သိထားကြသည်။
အနိုင်ရရှိသူသည် အထူးအခြေအနေများတွင် တံခွန်လေးခုလုံးကို အမိန့်ပေးပိုင်ခွင့်ရှိမည်ဖြစ်ပြီး ကျန်ရှိသည့် တံခွန်ကိုင် သုံးဦးက နာခံကြရမည် ဖြစ်သည်။
ကျန်ရှိသည့် တံခွန်နှစ်ခုမှ အဖွဲ့ဝင်များမှာမူ ပွဲကြည့်ပရိသတ်အဖြစ်သာ ရောက်ရှိနေကြပြီး လီလော့ကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်ကာ သက်ပြင်းချနေမိကြသည်။ လွန်ခဲ့သော ခြောက်လခန့်ကသာ ပြင်ပကုန်းမြေမှ အခုမှပြန်ရောက်လာသည့် တတိယသခင်လေးက နဂါးစွယ်ကလန် တံခွန်လေးခုလုံး၏ အကြီးအကဲရာထူးကို ပြိုင်ဆိုင်လိမ့်မည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့လျှင် သူတို့အားလုံး လှောင်ရယ်ကြမည်မှာ သေချာသည်။
ထိုစဉ်က လီလော့သည် နတ်ဆိုးနန်းတော်အဆင့်မျှသာ ရှိခဲ့သဖြင့် တံခွန်ကိုင်တစ်ဦးကို ထားဆိုမထားနှင့် သာမန်တံခွန်အဖွဲ့ဝင် အထက်တန်းလွှာများနှင့်ပင် ယှဉ်ရန် ခက်ခဲခဲ့သည်။
သို့သော် ဤတတိယသခင်လေးက ခြောက်လအတွင်း မယုံနိုင်စရာ ကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူသည် အစိမ်းရောင်နယ်သာ တံခွန်၏ ခေါင်းဆောင်ရာထူးကို ရယူနိုင်ခဲ့ရုံသာမက နဂါးရေကန်တိုက်ပွဲတွင်လည်း ရွှေနဂါးပတ်တိုင်ကိုပါ ရရှိခဲ့သဖြင့် အားလုံးကို အံ့အားသင့်စေခဲ့သည်။
ယခုအခါတွင်မူ သူသည် တံခွန်လေးခုလုံး၏ အပိုင်ခေါင်းဆောင်ဟု သတ်မှတ်ခံထားရသည့် တျန့်ဖုန်းရှန်ကိုပင် စိန်ခေါ်နေပြီ ဖဖြစ်သည်ဤသို့သော မယုံနိုင်စရာ ကောင်းလှသော တိုးတက်မှုအရှိန်အဝါကြောင့် လူတိုင်းက သူ့အပေါ် ထားရှိသည့် အမြင်များ လုံးဝပြောင်းလဲသွားခဲ့ရသည်။ ပြင်ပကုန်းမြေတွင် အချိန်ဖြုန်းခဲ့သည်ဟု ဆိုကာ ထိုလူငယ်ကို မည်သူမျှ အထင်မသေးရဲကြတော့ပေ။ သူ့ရဲ့ ပါရမီက အမှန်တကယ်ပင် ထူးချွန်ထက်မြက်လှသည်။
သူသည် တတိယသခင်ကြီး၏ သားပီပီ မျှော်လင့်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ကွင်းပြင်အစွန်းတွင် လီဖုန်းယီနှင့် လီကျင်းထောင်တို့က တိုက်ပွဲကို စောင့်ကြည့်ရန် ဘေးသို့ ဖယ်ပေးထားကြသည်။
"တျန့်ဖုန်းရှန်က မကြာသေးခင်ကမှ သူ့ရဲ့ နတ်ဆိုးဝင်္ကပါစွမ်းအားကို သန့်စင်ဖို့အတွက် အဖိုးတန်ပစ္စည်းတွေ အများကြီး ဝယ်ယူခဲ့တာ… ဒီနှစ်အတွက် သူ့ကို သတ်မှတ်ပေးထားတဲ့ ရင်းမြစ်အားလုံးကို သုံးပစ်ခဲ့တာလေ… အခုဆိုရင် သူ့ရဲ့ ရှာဂန်းစွမ်းအားက အနည်းဆုံး ကိုးရာအထိ ရှိနေပြီလို့ ငါထင်တယ်" ဟု လီဖုန်းယီက တျန့်ဖုန်းရှန်ဘက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုသည်။
(TN/ အဲ့မိုကွမ်းစွမ်အင် အစား ရှာဂန်းစွမ်းအားဟု ပြောင်းလဲသုံးနှုန်းပါမည်။)
တျန့်ဖုန်းရှန်၏ ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင် ထက်မြက်သော စွမ်းအင်များ ဝေဝေဝါးဝါး ထွက်ပေါ်နေသည်ကို သူမ ခံစားမိနေခြင်း ဖြစ်သည်။
ကိုးရာခန့်မြင့်သော ရှာဂန်းစွမ်းအားသည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင် အမြင့်ဆုံးအဆင့်ဟု သတ်မှတ်နိုင်သည်။ တံခွန်တော် ၂၀ လုံးတွင် လီချင်းဖုန်းနှင့် လုချင်းမိန်တို့လို ပါရမီရှင်အနည်းငယ်သာ ဤအဆင့်သို့ ရောက်ရှိကြသည်။
ပုံမှန်အားဖြင့် ဤမျှပြင်းထန်သော ရှာဂန်းစွမ်းအားရှိလျှင် ကောင်းကင်ပုလဲအဆင့်သို့ တက်လှမ်းရန် အလုံအလောက် ရှိနေပြီ ဖြစ်သည်။
သူမ၏ စိုးရိမ်မှုကို ကြားသောအခါ လီကျင်းထောင်က ပြုံးလိုက်ပြီး….
"ညီလေးက ကျင့်စဉ်အဆင့်ပိုင်းမှာ နည်းနည်း အားနည်းနေသေးပေမဲ့ သူက အဆင့်တိုင်းကို ခိုင်ခိုင်မာမာ တက်လှမ်းခဲ့တာ…သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကို လီချင်းဖုန်းတောင် မရရှိနိုင်ခဲ့ဘူးလေ"
"သုံးရောင်ခြည် ဖန်သားနတ်ဆိုးခန္ဓာက သန်မာပေမဲ့ သူတို့ကြားက ကျင့်စဉ်အဆင့် ကွာဟချက်က ကြီးလွန်းသေးတယ်… လီလော့အနေနဲ့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားကို ခုခံဖို့ စွမ်းအားအလုံအလောက် ရှိပါ့မလား" ဟု လီဖုန်းယီက စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
တျန့်ဖုန်းရှန်ကလည်း သာမန်လူမဟုတ်ဘဲ အရင်က တိုက်ခိုက်မှုတိုင်းတွင် သူမကို အမြဲတမ်း အနိုင်ယူခဲ့သူ ဖြစ်သည်။ မကျေနပ်သော်လည်း သူသည် အမှန်တကယ်ပင် သန်မာသော ကျွမ်းကျင်သူဖြစ်ကြောင်း သူမ ဝန်ခံရပေမည်။
သူသည် ဂုဏ်ဒြပ်ကြီးမားသော နောက်ခံမရှိဘဲ ကိုယ်ပိုင်အရည်အချင်းဖြင့်သာ ရွှေအလင်းတံခွန်တွင် တဆင့်ပြီးတဆင့် တက်လှမ်းလာခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ အောင်မြင်မှုများမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။
အကယ်၍ လီလော့လို ဖျက်မြင်းတစ်ကောင် ရုတ်တရက် ပေါ်မလာခဲ့လျှင် တံခွန်လေးခုလုံး၏ အကြီးအကဲရာထူးမှာ တျန့်ဖုန်းရှန်အတွက်သာ ဖြစ်ပေလိမ့်မည်။
"ငါနင့်ကို ပြောသားပဲ... နင် အရင်ဆုံး ဝင်တိုက်ပါဆို။ အနည်းဆုံးတော့ နင့်ရဲ့ လိပ်ခွံပညာရပ်က သူ့ရဲ့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားကို ခုခံနိုင်မှာပဲဟာ" ဟု လီဖုန်းယီက ညည်းတွားလိုက်သည်။
ထိုစကားကို ကြားသောအခါ လီကျင်းထောင်က ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး ….
"ညီလေးက ဒီလိုနည်းလမ်းမျိုးနဲ့ ခေါင်းဆောင်ရာထူးကို ရယူချင်မှာ မဟုတ်ဘူး… ဒီလိုလုပ်ရင် လူအများရဲ့ လေးစားမှုကို ရမှာမဟုတ်ဘူးလေ"
”နင်တို့ ယောက်ျားတွေကတော့ တကယ့်ကို ကိန်းကြီးခန်းကြီးနိုင်တာပဲ…”
ဟု လီဖုန်းယီက နှုတ်ခမ်းဆူကာ ဆိုလိုက်သည်။ သို့သော် သူမ ဤအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကွင်းပြင်အလယ်မှ ပြင်းထန်လှသော ပဲ့တင်ထပ်သံစွမ်းအား နှစ်ခုမှာ မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
ခေတ္တအကြာတွင် တျန့်ဖုန်းရှန်၏ ခန္ဓာကိုယ်ပတ်လည်၌ ရွှေရောင်ပဲ့တင်ထပ်သံစွမ်းအားများ လည်ပတ်လာသည်။ သူ့နောက်တွင် နဂါးလက်သည်းများပါသော ဧရာမ သတ္တဝါကြီးတစ်ကောင်၏ ပုံရိပ် ပေါ်လာပြီး ၎င်း၏ ထူးဆန်းစွာ တောက်ပနေသော ရွှေချိုကြီးကို လူတိုင်း သတိပြုမိလိုက်ကြသည်။
၎င်းမှာ အဆင့်ရှစ် အဆင့်မြင့် ရွှေဦးချိုနဂါးသားရဲ ပဲ့တင်ထပ်သံ ဖြစ်သည်။
၎င်းသည် နဂါးပဲ့တင်ထပ်သံအနွယ်ဝင် ဖြစ်သည်။ အစပိုင်းတွင် တျန့်ဖုန်းရှန်၏ ပဲ့တင်ထပ်သံမှာ အဆင့်ကိုး အောက်ဆင့်သာ ရှိသော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် အဖိုးတန်ဆေးရည်များ သုံးစွဲခြင်းကြောင့် အဆင့်မြင့်အဆင့်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသားရဲပဲ့တင်ထပ်သံက ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားနှင့် အလွန်ကိုက်ညီလှသဖြင့် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော စွမ်းအားကို ထွက်ပေါ်စေသည်။
တျန့်ဖုန်းရှန်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော စွမ်းအားလှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ပွဲကြည့်ပရိသတ်အားလုံး ဖိအားကို ခံစားနေရသည်။
"တံခွန်ကိုင် လီလော့... ငါတို့သာ ကျင့်စဉ်အဆင့်တူရင် ငါ မင်းကို နိုင်မှာမဟုတ်ဘူး… ဒါကြောင့် ငါ့ရဲ့ မြင့်မားတဲ့ ကျင့်စဉ်အဆင့်ကို သုံးပြီး အခွင့်ကောင်းယူတာကို စိတ်မရှိပါနဲ့" ဟု တျန့်ဖုန်းရှန်က တည်ငြိမ်စွာ ဆိုသည်။
သူက အဆင့်မြင့်နေသဖြင့် စွမ်းအားများက သဘာဝကျကျ ပိုမိုသန်မာနေခြင်း ဖြစ်သည်။
"ကျင့်စဉ်အဆင့် မြင့်မားနေတာကလည်း မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်တစ်ခုပါပဲ" ဟု လီလော့က ပြုံးလျက် ပြန်ဖြေလိုက်သည်။
လီလော့သည် ဖန်သားနတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိသေးသော်လည်း သူ့ရဲ့ ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံးက အချင်းချင်း ပံ့ပိုးပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် အမြွှာပဲ့တင်ထပ်သံစွမ်းအားကြောင့် လက်ရှိစွမ်းအားမှာ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်နှင့်ပင် ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် တျန့်ဖုန်းရှန်၏ ပြင်းထန်သော စွမ်းအားများကို ကြောက်ရွံ့ခြင်းမရှိပေ။
တျန့်ဖုန်းရှန်က ခေါင်းညိတ်ပြကာ လီလော့ကို စိုက်ကြည့်လိုက်သည်။ သူ့ လက်ဝါးကို မြှောက်လိုက်သည်နှင့် တောက်ပသော ရွှေရောင်စွမ်းအားများ စုစည်းလာပြီး လက်ဝါးအရွယ်အစားရှိသော ရွှေရောင်ဓားငယ်လေးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုဓားငယ်ပတ်လည်တွင် မယုံနိုင်လောက်အောင် ထက်မြက်သော အရှိန်အဝါများ ဝန်းရံနေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် ကွဲအက်တော့မည့်အသွင် ရှိနေသည်။ထိုအခါ
ပွဲကြည့်ပရိသတ်အားလုံး ငြိမ်သက်သွားကြသည်။
တျန့်ဖုန်းရှန်သည် အချိန်ဆွဲရန် အစီအစဉ်မရှိဘဲ အစကတည်းက အသန်မာဆုံး တိုက်ကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။
မြို့စားအဆင့်ပညာရပ် … ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓား…
ထိုဓားငယ် ပေါ်လာသည်ကို မြင်လျှင် လီလော့၏ အကြည့်များ လေးနက်သွားသည်။ အကယ်၍ သူ သတိမထားမိပါက ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားနိုင်ပေသည်။
သေချာတာကတော့ သူသည် ပြိုင်ဘက်ကို ထိုသို့သော အခွင့်အရေးမျိုး ပေးမည်မဟုတ်ပေ။
လီလော့ကလည်း လက်ကွက်များကို လျင်မြန်စွာ ဖော်လိုက်ရာ သူ့ ခန္ဓာကိုယ်အတွင်းမှ ရေပဲ့တင်ထပ်သံနှင့် လျှပ်စီးပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
ဘုန်း
ထိုအခါပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်ယံတွင် လျှပ်စီးများ ပါဝင်သော မိုးတိမ်မည်းကြီးများ ပေါ်လာကာ မိုးစတင်ရွာသွန်းတော့သည်။ မိုးရေစက်တိုင်းတွင် လျှပ်စီးမီးပွားများ ဝေဝေဝါးဝါး ပါဝင်နေသည်။
အတုယောင်
မြို့စားအဆင့်ပညာရပ် …. မိုးသက်မုန်တိုင်း
၎င်းသည် လီလော့ ကောင်းကင်ကျောင်းတော်ကြာပန်းထဲတွင် ရှိနေစဉ်
ဉာဏ်အလင်ပွင့်ခြင်းအခြေအနေမှတစ်ဆင့် တတ်မြောက်ခဲ့သော အထူးပညာရပ်တစ်ခု ဖြစ်သည်။
မိုးတိမ်မည်းကြီးများက ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွာခဲ့းသည်။ တံခွန်အဖွဲ့ဝင်များက မိုးရေစက်များကို လက်ဖြင့် ထိကြည့်လိုက်ရာ စူးရှပြီး ထုံကျင်သွားသော ခံစားချက်ကို ခံစာစလိုက်ရသည်။
"ဒါ မြို့စားအဆင့်ပညာရပ်လား... ဒါပေမဲ့ နည်းနည်းတော့ အားနည်းနေသလိုပဲ မဟုတ်ဘူးလား"
"ဒါက ပြိုင်ဘက်ကို နှေးကွေးသွားစေပြီး တိုက်ပွဲကွင်းပြင်ကို ထိန်းချုပ်နိုင်တဲ့ အထူးပညာရပ်ပဲ… တံခွန်ကိုင် လီလော့က တကယ့်ကို ဉာဏ်ကောင်းတာပဲ…တံခွန်ကိုင် တျန့်ဖုန်းရှန်ရဲ့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားက ဘယ်လောက်အထိ လျင်မြန်ပြီး ပြင်းထန်လဲဆိုတာ အားလုံးသိကြတာပဲလေ… ဒီမိုးသက်မုန်တိုင်းနဲ့ဆိုရင် သူက ဓားရဲ့အရှိန်ကို နှေးကွေးစေပြီး တိုက်စစ်ကို အားပျော့သွားအောင် လုပ်နိုင်လိမ့်မယ်"
တျန့်ဖုန်းရှန်သည် အချိန်ဖြုန်းခြင်းမပြုဘဲ ရွှေရောင်စွမ်းအားများကို အလင်းစက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးသက်မုန်တိုင်းကို ခုခံလိုက်သည်။
"ဒါ အတုယောင်မြို့စားအဆင့်ပညာရပ်လား..." ဟု ရေရွတ်လိုက်ရင်း မျက်ဝန်းများ တောက်ပလာသည်။
အကယ်၍ လီလော့သာ သူ့ရဲ့ စိတ်ဝိညာဉ်ဓားကို ဤမျှအလွယ်တကူ တားဆီးနိုင်မည်ဟု ထင်နေလျှင် သူ့ကို အထင်သေးလွန်းရာ ရောက်ပေလိမ့်မည်။
လီလော့တွင် အခြားသော အစီအစဉ်များ ရှိနေဦးမည်ကို သူ သေချာပေါက် သိသည်။
သို့သော်လည်း ဘာပဲဖြစ်ဖြစ် ရင်တိုင်ရမည်သာ….
တျန့်ဖုန်းရှန် လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်တော့ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားမှာ ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။
ဝုန်း
လေထုထဲတွင် လင်းလက်လှသော ရွှေရောင်အလင်းတန်းတစ်ခုက မိုးရေစက်များကို ဖြတ်သန်းကာ လျှပ်စီးကဲ့သို့ ပျံသန်းသွားတော့သည်။ ရေတွက်မရနိုင်သော လျှပ်စီးမိုးရေစက်များမှာ ထိုထက်မြက်လှသော ရွှေရောင်အလင်းတန်းကြောင့် ဟင်းလင်းပြင်တွင် ပေါက်ကွဲထွက်ကုန်ကြသည်။
ခေတ္တမျှ ကောင်းကင်နှင့် မြေပြင်မှာ ထိုရွှေရောင်အလင်းတန်းကြောင့် ကွဲအက်သွားသလိုပင် ထင်ရသည်။
၎င်း၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
လီလော့ နောက်ထပ် လက်ကွက်တစ်ခုကို ဖော်လိုက်တော့ သူ့ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ ဝန်းရံလာပြီး မိုးကြိုးသံနှင့်အတူ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
အတုယောင်မြို့စားအဆင့်ပညာရပ် - လျှပ်စီး
၎င်းသည် လျှပ်စီးပဲ့တင်ထပ်သံနှင့် အလင်းပဲ့တင်ထပ်သံစွမ်းအားများကို ပေါင်းစပ်ထားသည့် ပညာရပ်ဖြစ်ပြီး သာမန်လျှပ်စီးအတတ်ထက် များစွာ ပိုမိုလျင်မြန်သည်။
လီလော့၏ လျင်မြန်လှသော တုံ့ပြန်မှုကို မြင်သောအခါ ပွဲကြည့်ပရိသတ်များ ထပ်မံအံ့အားသင့်သွားကြသည်။
လီဖုန်းယီနှင့် လီကျင်းထောင်တို့ပင်လျှင် အံ့ဩသွားကြရသည်။
”မောင်လေး... နင် ဒီပညာရပ်ကို သုံးတာ ငါတစ်ခါမှ မမြင်ဖူးပါလား" ဟု လီဖုန်းယီက အော်ဟစ်လိုက်သည်။
ဤအတုယောင်မြို့စားအဆင့်ပညာရပ်မှာ အစစ်အမှန်မဟုတ်သော်လည်း သာမန်ပညာရပ်များထက် ကျင့်ကြံရန် များစွာ ခက်ခဲလှသည်။ လီလော့ ပညာရပ်အသစ် နှစ်ခုကို ဤမျှလွယ်ကူစွာ သုံးပြနိုင်ခြင်းက အံ့ဩစရာပင်။
လီကျင်းထောင်က ရယ်မောနေရင်း….
"အဖေပြောတာတော့ ညီလေးက အကြီးအကဲနဲ့အတူ တစ်လလောက် အပြင်းအထန် ကျင့်ကြံခဲ့တာဆိုတော့ ဒါက သူ့ရဲ့ ကြိုးစားမှုရလဒ်ပဲ ဖြစ်လိမ့်မယ်… ဒါပေမဲ့ ပဲ့တင်ထပ်သံ သုံးမျိုးရှိပြီး အမြွှာပဲ့တင်ထပ်သံရဲ့ တတိယအဆင့်ကို ရောက်နေတဲ့သူမျိုးပဲ ဒါတွေကို တတ်မြောက်နိုင်တာ… တခြားလူတွေဆိုရင်တော့ ဒီလိုမျိုး ပရမ်းပတာ လေ့လာမယ့်အစား မြို့စားအဆင့်ပညာရပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ကျင့်ကြံတာ ပိုကောင်းလိမ့်မယ်"
လီဖုန်းယီကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဤသို့သော နည်းလမ်းမျိုးစုံမှာ လီလော့နှင့်သာ ကိုက်ညီလှသည်။ သို့သော် လီလော့ အသုံးပြုလိုက်သည့် ပညာရပ်များတွင် ရေ၊ လျှပ်စီးနှင့် အလင်းစွမ်းအားများ ပါဝင်နေသဖြင့် သူတို့သိထားသော ပဲ့တင်ထပ်သံ သုံးမျိုးနှင့် အနည်းငယ် ကွဲပြားနေသလိုခံစားရသည်။
ဒါက အထူးပစ္စည်းတစ်ခုခုရဲ့ အကူအညီကြောင့်လား….
သူတို့နှစ်ဦး စကားပြောနေစဉ် လီလော့မှာ အရှိန်အဟုန်ဖြင့် အနောက်သို့ ဆုတ်ခွာရင်း ဓားငယ်နှင့် အကွာအဝေးကို ရယူလိုက်သည်။ သူ့ မျက်နှာမှာ မိုးသက်မုန်တိုင်းအောက်တွင် တည်ငြိမ်လျက်ပင် ရှိနေသည်။
တစ်ချိန်တည်းမှာပင် သူ့လက်ဝါးများ လှုပ်ရှားလာပြီး နောက်ထပ် အတုယောင်မြို့စားအဆင့်ပညာရပ်တစ်ခုကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ထိုအခါစိမ်းလန်းသော အလင်းတန်းတစ်ခု လီလော့၏ လက်ဝါးမှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ခေတ္တအကြာတွင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ထိုနေရာမှ ဧရာမ သစ်ပင်ကြီးတစ်ပင် ထိုးထွက်လာကာ သန်မာလှသော သစ်ကိုင်းများစွာ အချင်းချင်း လိမ်ယှက်သွားကြသည်။
ခဏအကြာတွင် မြစိမ်းရောင် နဂါးကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာပြီး ပြင်းထန်လှသော စွမ်းအားများနှင့်အတူ ဟိန်းဟောက်လိုက်တော့သည်။ ၎င်းက လက်သည်းဖြင့် ရိုက်ချကာ ဟင်းလင်းပြင်ကို ခွဲထုတ်ပြီး ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်လေတော့သည်။
အတုယောင်မြို့စားအဆင့်ပညာရပ် ..မြစိမ်းရောင်နဂါးသစ်ပင် ….