← Chapters

လီလော့ အဆင့်တက်ခြင်း

Vol. 65 Ch. 902

လီလော့ အဆင့်တက်ခြင်း

Vol. 65 Ch. 902

​ဓားငယ်များ အပိုင်းပိုင်းကွဲကြေသွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေသော ကွင်းပြင်ကျယ်ကြီးထဲတွင် လီလော့တယောက်သာ မားမားမတ်မတ် ရပ်နေခဲ့သည်။ သူသည် သူရဲကောင်းဆန်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူ့ ခန္ဓာကိုယ်ထံမှ အငွေ့များ တထောင်းထောင်း ထွက်နေသည်။ ၎င်းမှာ စွမ်းအင်များ ပြည့်နှက်နေသော မီးဖိုကြီးတစ်ခုနှင့် တူလှပြီး လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်သော စွမ်းအားများကို ထွက်ပေါ်စေနိုင်သည်။

လီလော့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုတည်းနှင့်ပင် သာမန်နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ရှိသူများမှာ ထိပ်တိုက်မတွေ့ရဲကြပေ။

​ကွင်းပြင်ရှိ လူတိုင်း၏ စိတ်ခံစားချက်များ ရှုပ်ထွေးနေကြပြီး အထူးသဖြင့် ရွှေအလင်းတံခွန်မှ အဖွဲ့ဝင်များမှာ ဆွံ့အ မှင်တက်နေကြသည်။

သူတို့သည် တျန့်ဖုန်းရှန်နှင့်အတူ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသဖြင့် ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓား မည်မျှအထိ ရက်စက်ပြီး ပြင်းထန်ကြောင်း ကောင်းစွာ သိရှိကြသည်။ အထူးသဖြင့် ဓားသုံးစင်းအသွင် ပြောင်းလဲခြင်းအတတ်ကို ထုတ်သုံးလိုက်လျှင် တံခွန်တော် ၂၀ လုံးတွင်ပင် ၎င်းကို ခုခံနိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်သည်။

​ယနေ့တွင်မူ ထိုလက်ချိုးရေတွက်ရသည့် စာရင်းထဲသို့ လူတစ်ယောက် ထပ်မံတိုးလာခဲ့ပြီ ဖြစ်သည်၊ ထိုသူမှာ လီလော့ပင် ဖြစ်သည်။

​လီလော့သည် ဤတိုက်ပွဲတွင် စစ်မှန်သော မြို့စားအဆင့်ပညာရပ်တစ်ခုကိုမျှ ထုတ်မသုံးခဲ့ပေ။ သူသည် အတုယောင်မြို့စားအဆင့်ပညာရပ်များကို ပေါင်းစပ်အသုံးပြုခြင်းဖြင့်သာ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓား၏ တိုက်စစ်ကို ရှင်းလင်းပစ်ခဲ့ခြင်း ဖြစ်သည်။

​ပို၍ သိထားရမည်မှာ လီလော့သည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ပင် ခြေမချရသေးခြင်းပင် ဖြစ်သည်။

​သူ့တွင် ပဲ့တင်ထပ်သံ သုံးမျိုးရှိသဖြင့် သူနှင့် အဆင့်တူသူများထက် ပဲ့တင်ထပ်သံစွမ်းအား ပိုမိုများပြားသည်မှာ မှန်သော်လည်း နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်၏ အထွတ်အထိပ်မှာ ရှိနေသည့် တျန့်ဖုန်းရှန်ကို ယှဉ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

​ထို့ကြောင့် သူတို့ရှေ့မှ မြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

​ရွှေအလင်းတံခွန်အဖွဲ့ဝင်များအားလုံး ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။ လူတိုင်းက လီလော့ တံခွန်တော် ၂၀ ၏ အဆင့်များအတွင်း တက်လှမ်းလာနိုင်ခြင်းမှာ ပေါင်းစည်းခြင်းစွမ်းအင်အတတ်ကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။ ၎င်းမှာ ပြင်ပစွမ်းအားသာ ဖြစ်သဖြင့် မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ အစိမ်းရောင်နယ်သာ တံခွန်သည် သူ့ဦးဆောင်မှုအောက်တွင် တဖြည်းဖြည်း မြင့်တက်လာခဲ့သော်လည်း တံခွန်အဖွဲ့၏ အကူအညီမပါလျှင် လီလော့သည် တစ်ကိုယ်တော်စွမ်းအားပိုင်း၌ အားနည်းလွန်းသဖြင့် အခြားတံခွန်ကိုင်များကို စိန်ခေါ်ရန် အရည်အချင်းမရှိဟု တံခွန်တော် ၂၀ အတွင်း၌ ယူဆခဲ့ကြသည်။

​ထို့အပြင် နဂါးသွေးကလန်မှ အချို့လူများက နဂါးခေါင်းဆောင်တိုက်ပွဲရောက်လျှင် လီလော့၏ စစ်မှန်သော အသုံးမကျသည့် အစွမ်းအစစ်အမှန်ကို အားလုံး မြင်တွေ့ရလိမ့်မည်ဟု ကောလာဟလများပင် ဖြန့်ဝေခဲ့ကြသည်။

​လီလော့သည် ဟွမ်းလုံရှီးရေကန် တိုက်ပွဲတွင် လီချင်းဖုန်းထံမှ ရွှေနဂါးပတ်တိုင်ကို လုယူခဲ့သဖြင့် နဂါးသွေးကလန်သားများ အလွန်မကျေမနပ် ဖြစ်နေခဲ့ကြသည်။ သူတို့က လီလော့သည် ကောက်ကျစ်စဉ်းလဲလွန်းပြီး အခြားတံခွန်ကိုင်များက ချင်ယီကို အားကုန်ထုတ်၍ တိုက်ခိုက်နေချိန်တွင် အခွင့်ကောင်းယူကာ အသင့်ရှိနေသည့် ရွှေနဂါးပတ်တိုင်ကို လုယူသွားခြင်းသာ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

​သို့သော် လီလော့နှင့် တျန့်ဖုန်းရှန်တို့၏ ယနေ့တိုက်ပွဲက ပွဲကြည့်ပရိသတ်အားလုံးကို လီလော့၏ စစ်မှန်သော စွမ်းအားကို ကိုယ်တိုင် ခံစားမိစေခဲ့သည်။လီ‌လော့ကို

အထင်သေး၍ မရတော့ပေ။

​သူသည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ မရောက်သေးသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ အသန်မာဆုံး တံခွန်ကိုင်များနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။

​အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ဝင်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး လူတိုင်းက လီလော့၏ အမည်ကို တညီတညွတ်တည်း ကြွေးကြော်နေကြသည်။

​တစ်ဖက်တွင်မူ လီလော့က တျန့်ဖုန်းရှန်ကို စိုက်ကြည့်ကာ ….

"တံခွန်ကိုင် တျန့်ဖုန်းရှန်... မင်းမှာ နောက်ထပ် တိုက်ကွက်တွေ ကျန်သေးတယ်မလား"

​တျန့်ဖုန်းရှန်သည် စောစောက အားပြိုင်မှုတွင် ရှီးဂန်းစွမ်းအားကို အပြည့်အဝ ထုတ်မသုံးခဲ့သေးပေ။ အကယ်၍ ထုတ်သုံးလိုက်ပါက တိုက်စစ် ပိုမိုပြင်းထန်လာမည် ဖြစ်သည်။

​သူသည် ရှုပ်ထွေးသော မျက်နှာထားဖြင့်…. "မင်းလည်း မင်းရဲ့ မြို့စားအဆင့်ပညာရပ်ကို ထုတ်မသုံးသေးဘူးပဲဟာ" ဟု ဆိုလိုက်သည်။

​သူတို့နှစ်ဦးစလုံးမှာ အစပိုင်းတွင် အစွမ်းအချို့ကို ဝှက်ထားခဲ့ကြသော်လည်း မည်သို့ပင်ဖြစ်စေ ရွှေချပ်ဝတ် စိတ်ဝိညာဉ်ဓားမှာ တျန့်ဖုန်းရှန်၏ အသန်မာဆုံး တိုက်ကွက် ဖြစ်သည်။ ယခုအခါ ၎င်းမှာ ကွဲကြေသွားခဲ့ပြီဖြစ်ရာ အသစ်တစ်ခု ပြန်လည်ဖန်တီးရန် မလွယ်ကူတော့သလို လီလော့ကလည်း သူ့ကို ဒီအတိုင်း ကြည့်နေမည်မဟုတ်ပေ။

​ထို့ကြောင့် တျန့်ဖုန်းရှန်က သူ အရေးနိမ့်သွားပြီဖြစ်ကြောင်း ကောင်းစွာ သိရှိလိုက်သည်။

​တျန့်ဖုန်းရှန်၏ အရှုံးပေးလိုသော လေသံကို ကြားသောအခါ လီလော့က အံ့ဩစွာဖြင့် …"ငါတို့ ဆက်မတိုက်တော့ဘူးလား" ဟု မေးလိုက်သည်။

​တျန့်ဖုန်းရှန်က ရွှေရောင်စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီး ခေါင်းယမ်းကာ တည်ငြိမ်စွာပင် ….

"တံခွန်ကိုင် လီလော့... မင်းရဲ့ တိုးတက်မှုအရှိန်အဝါက နတ်ဘုရားတစ်ပါးလိုပဲ… ငါ ဒါကို လေးစားပါတယ်… အရေးနိမ့်နေတဲ့ အခြေအနေမှာ အကျိုးမရှိဘဲ ဆက်ပြီး ရုန်းကန်နေဖို့ မလိုတော့ပါဘူး… ငါ့မှာ ဝှက်ဖဲတစ်ခု ကျန်သေးတာမှန်ပေမဲ့ မင်းမှာလည်း နောက်ထပ် တိုက်ကွက်တွေ အများကြီး ရှိနေဦးမယ်ဆိုတာ ငါယုံကြည်တယ်"ဟုဆိုလိုက်သည်။

​ဤအချိန်တွင် သူ့ စိတ်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များစွာ ပေါ်ပေါက်လာခဲ့ရသည်။ လွန်ခဲ့သော ခြောက်လခန့်ကဆိုလျှင် လီလော့မှာ နတ်ဆိုးနန်းတော်အဆင့်မျှသာ ရှိသေးသည်။ သူ ဒါကို သတိပြုမိခဲ့သော်လည်း သာမန်မျှသာ သဘောထားခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။

​ထို့နောက် လီလော့က ဟွမ်းလုံရှီးရေကန်တွင် ထူးခြားသော စွမ်းဆောင်ရည်ကို ပြသခဲ့သော်လည်း အားလုံးက ၎င်းမှာ ပေါင်းစည်းခြင်းစွမ်းအင်၏ အကူအညီကြောင့်သာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ၎င်းက လီလော့နှင့် အခြားတံခွန်ကိုင်များကြားရှိ ကွာဟချက်ကို ဖုံးကွယ်ပေးထားခဲ့ခြင်း ဖြစ်သည်။

​ခြောက်လဆိုသည့် အချိန်အတွင်းမှာပင် လီလော့က သူတို့နှင့် ရင်ပေါင်တန်းနိုင်မည့်အဆင့်သို့ ရောက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

​"သုံးရောင်ခြည် ဖန်သားခန္ဓာ"

တျန့်ဖုန်းရှန်က လီလော့၏ ခန္ဓာကိုယ်ပေါ်မှ တောက်ပနေသော ရောင်စုံဖန်သားအလင်းတန်း သုံးမျိုးကို အသံတိတ် စိုက်ကြည့်လိုက်သည်။ သူ့အနေနှင့် ဒါက ဖန်သားနတ်ဆိုးခန္ဓာအဆင့်၏ အကောင်းဆုံးသော အခြေခံအုတ်မြစ် ဖြစ်ကြောင်း သိထားသည်။ အရင်က သူကိုယ်တိုင်လည်း ၎င်းကို ရရှိရန် ကြိုးစားခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရသည်။

​၎င်းကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ရန်မှာ ခိုင်မာသော အခြေခံရော အခွင့်အရေးပါ လိုအပ်သည်။

​လက်ရှိ နဂါးကလန် ငါးခု၏ လူငယ်မျိုးဆက်များကြားတွင် လီချင်းဖုန်းပင်လျှင် ၎င်းကို ရရှိရန် ကျရှုံးခဲ့ရသည်။

​သုံးရောင်ခြယ်ဖန်သားခန္ဓာ၏ အကူအညီနှင့် ပဲ့တင်ထပ်သံ သုံးမျိုးကြောင့် လီလော့သည် ပြင်းထန်သော စွမ်းအားများဖြင့် သာမန်နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ရှိသူများကို လုံးဝ ဖိနှိပ်ထားနိုင်သည်။ ထို့ကြောင့် တျန့်ဖုန်းရှန်၏ ကျင့်စဉ်အဆင့် မြင့်မားမှု အားသာချက် ပျက်ပြယ်သွားပြီဖြစ်ကြောင်းနှင့် ယနေ့တိုက်ပွဲတွင် သူ အနိုင်ရရှိရန် အခွင့်အလမ်းမှာ အလွန်နည်းပါးကြောင်း နားလည်လိုက်ခြင်း ဖြစ်သည်။

​ရလဒ်ကို သိထားပြီးဖြစ်သဖြင့် နောက်ဆုံးအထိ ရုန်းကန်နေရန် မလိုတော့ပေ။

​တျန့်ဖုန်းရှန်က မဖြစ်နိုင်သောအရာများအတွက် အချိန်ဖြုန်းရသည်ကို မနှစ်သက်သူ ဖြစ်သည်။

​လီလော့သည် ပြိုင်ဘက်က ဤမျှအလွယ်တကူ အရှုံးပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် သူလည်း စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီး ဖော်ရွေသော မျက်နှာထားဖြင့် လက်ဝါးချင်း ပူးကပ် နှုတ်ဆက်လိုက်သည် ။

"ဒီလိုဆိုရင်တော့ အလျှော့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တံခွန်ကိုင်တျန့်"

​"လီကျင်းထောင်ရော လီဖုန်းယီပါ မင်းကို မစိန်ခေါ်ဘူးဆိုရင်တော့ တံခွန်လေးခုလုံးရဲ့ အကြီးအကဲရာထူးက မင်းအပိုင်ပဲ ဖြစ်လိမ့်မယ်" ဟု တျန့်ဖုန်းရှန်က အေးဆေးစွာ ပြန်ပြောလိုက်သည်။

ထိုစဉ်​ပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များ ငြိမ်သက်သွားကြပြီး သူတို့နှစ်ဦးထံသို့ အာရုံစိုက်လိုက်ကြသည်။

​

လီကျင်းထောင်က သဘောကောင်းသော လူကြီးတစ်ဦးကဲ့သို့ ပြုံးလိုက်ပြီး…

"ငါတို့က မိသားစုဝင်တွေပဲဟာ…အချင်းချင်း တိုက်ခိုက်နေဖို့ မလိုပါဘူး" ဟု ဆိုကာ အမြဲတမ်းအတိုင်း ရာထူးဂုဏ်ရှိန်ကို စိတ်မဝင်စားကြောင်း ပြသခဲ့သည်။

​တစ်ဖက်တွင်မူ လီဖုန်းယီက လီလော့ကို လက်သီးပြကာ နှာမှုတ်လိုက်ပြီး …

"နင် ငါ့ကို ဒီအတိုင်း အရှုံးပေးစေချင်တာလား…ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ…. ဒီည ငါတို့ကို မိုးတိမ်မျှော်စင်မှာ ညစာကျွေးမယ်ဆိုရင်တော့..." ဟု ဆိုရင်း သူမ ဟန်မဆောင်နိုင်တော့ဘဲ ပြုံးလိုက်မိတော့သည်။

​လီလော့၏ ယနေ့ စွမ်းဆောင်ရည်အပေါ် သူမ အလွန်ကျေနပ်မိသည်။

​လီလော့ကလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။

​သူတို့နှစ်ဦးစလုံးက သဘောတူလိုက်ကြသဖြင့် ကွင်းပြင်တစ်ခုလုံးတွင် အောင်ပွဲခံသံများ ဆူညံသွားခဲ့ရပြီး အထူးသဖြင့် အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ဝင်များက ပိုမိုစိတ်လှုပ်ရှားနေကြသည်။

ကျောက်ယန်ဇီ၊ မုဘီနှင့် လီရှီတို့က လီလော့၏ အစောဆုံး နောက်လိုက်များ ဖြစ်ကြသဖြင့် ပါရမီကြီးမားသော ခေါင်းဆောင်တစ်ဦး၏ နောက်သို့ လိုက်ပါခွင့်ရသည့်အပေါ် အလွန်ဝမ်းမြောက်နေကြသည်။ နဂါးစွယ်ကလန်အတွင်း သူတို့၏ အနာဂတ်မှာလည်း ဖြောင့်ဖြူးနေတော့မည် ဖြစ်သည်။

​ဤအချိန်တွင် သူတို့သည် လွန်ခဲ့သော ခြောက်လက လီလော့ အစိမ်းရောင်နယ်သာ တံခွန်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည့်အတွက် အလွန်ဝမ်းသာနေမိကြသည်။

​ရွှေအလင်းတံခွန်၏ စစ်စိတ်စစ်မာန်တို့ကတော့ ကျဆင်းသွားခဲ့ရသည်။ အစပိုင်းတွင် တျန့်ဖုန်းရှန်သာ အကြီးအကဲ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ ထိုရာထူးကို လီလော့က ခိုင်ခိုင်မာမာ ရယူသွားခဲ့ပြီ ဖြစ်သည်။

​ထို့အပြင် ရွှေအလင်းတံခွန်အတွင်း၌ မျက်နှာအပျက်ဆုံးလူတစ်ယောက် ရှိနေသည်၊ ထိုသူမှာ အစိမ်းရောင်နယ်သာ တံခွန်မှ ထွက်ခွာခဲ့သော ကျုံးလင်ပင် ဖြစ်သည်။

​သူသည် ယခင်က မိမိအဖွဲ့ဟောင်းဖြစ်ခဲ့သော အစိမ်းရောင်နယ်သာ တံခွန်၏ အောင်ပွဲခံနေမှုကို ကြည့်ကာ ရင်ထုမနာဖြစ်နေရှာသည်။ လီလော့က တျန့်ဖုန်းရှန်ကိုပင် အရှုံးပေးအောင် လုပ်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

​ကျုံးလင်သည် လီလော့ ပထမဆုံး စတင်ဝင်ရောက်လာချိန်က လီလော့ကို ရန်သူတစ်ယောက်အဖြစ်ပင် ထည့်မတွက်ခဲ့ပေ။

​သို့သော် ခေါင်းဆောင်ရာထူးအတွက် စိန်ခေါ်ပွဲတွင် လီလော့ကို ရှုံးနိမ့်ခဲ့ရသဖြင့် မချိတင်ကဲ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က လီလော့မှာ ထူးခြားမှုမရှိဘဲ အစိမ်းရောင်နယ်သာ တံခွန်မှာလည်း တဖြည်းဖြည်း ပျက်စီးသွားလိမ့်မည်ဟု ထင်မှတ်ကာ ရွှေအလင်းတံခွန်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

​ယခုတော့

သူ ထင်မှတ်ထားခဲ့သမျှမှာ လေထဲတွင် တိုက်အိမ်ဆောက်ခဲ့သကဲ့သို့ ဖြစ်သွားခဲ့ရပြီ။

​လီလော့၏ ဦးဆောင်မှုအောက်တွင် အစိမ်းရောင်နယ်သာ တံခွန်သည် ဟွမ်းလုံရှီးရေကန်တွင် ထူးချွန်သော ရလဒ်များကို ရရှိခဲ့သည်။ ယခု ခြောက်လအကြာတွင် လီလော့က အသန်မာဆုံး တံခွန်ကိုင်များနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။

​ထို့အပြင် နဂါးစွယ်ကလန် တံခွန်လေးခုလုံး၏ အကြီးအကဲလည်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​ကျုံးလင် အလွန်အရှက်ရနေပြီး ဘေးပတ်ဝန်းကျင်မှ အဖွဲ့သားများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်ကို ခံစားနေရသည်။

​"သူ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အောင်မြင်သွားတာလဲ" ဟု ကျုံလင်က အံကြိတ်ကာ ရေရွတ်လိုက်မိသည်။

သူ့စိတ်ထဲတွင် နောင်တအနည်းငယ် ရမိနေသည်။ လီလော့ ဤမျှအထိ ထူးချွန်မည်မှန်း သိခဲ့လျှင် သူ ပြဿနာရှာခဲ့မည်မဟုတ်ပေ။

​နှမြောစရာကောင်းတာကတော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

​"မင်း အကြီးအကဲ ဖြစ်လာရင်တောင်မှ လီချင်းဖုန်းကိုတော့ နိုင်မှာမဟုတ်ပါဘူး" ဟု ကျုံလင်က မိမိကိုယ်ကိုယ် နှစ်သိမ့်သည့်အနေဖြင့် စိတ်ထဲမှ ဒေါသတကြီး တွေးလိုက်မိသည်။

​စိတ်လှုပ်ရှားစရာ အခမ်းအနားမှာ အတော်ကြာအောင် တည်ရှိနေခဲ့သည်။ ကောင်းကင်ယံ မှောင်စပြုလာချိန်တွင် တံခွန်လေးခုလုံး ဆုတ်ခွာခဲ့ကြပြီး လီလော့က အခြားတံခွန်ကိုင်များကို ခေါ်ဆောင်ကာ မိုးတိမ်မျှော်စင်သို့ သွားရောက် အောင်ပွဲခံခဲ့သည်။

​လီကျင်းထောင်၊ လီဖုန်းယီနှင့် တျန့်ဖုန်းရှန်တို့ မျှော်စင်၏ အထက်ဆုံးထပ်တွင် ပျော်ရွှင်စွာ ထိုင်နေကြသည်။

​ပတ်ဝန်းကျင် အခြေအနေမှာ မဆိုးလှပေ။ တျန့်ဖုန်းရှန်က မိမိသဘောဖြင့် အရှုံးပေးခဲ့ခြင်းဖြစ်သောကြောင့် လီဖုန်းယီကလည်း သူ့ကို ထပ်မံ၍ မနှောင့်ယှက်တော့ပေ။

"ကြားရသလောက်တော့ လီချင်းဖုန်းက နဂါးခေါင်းဆောင်တိုက်ပွဲမှာ အနိုင်ရဖို့ အပြင်းအထန် ဆုံးဖြတ်ထားပုံရတယ်။ သူက မကြာသေးခင်ကမှ အပြင်းအထန် ကျင့်ကြံနေခဲ့တာ ဒါ့အပြင် နဂါးသွေး

ကလန်ကလည်း သူ့ကို ရင်းမြစ်အမြောက်အမြား ပံ့ပိုးပေးထားတယ်…. ငါသိသလောက်တော့ သူနဲ့ လုချင်းမိန်တို့က ကောင်းကင်ပုလဲအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေကြတာ"

​တျန့်ဖုန်းရှန်က လီလော့ကို စေတနာဖြင့် သတိပေးလိုက်တော့ ​လီလော့ ခေါင်းညိတ်လိုက်သည်။ထိုအကြောင်းကို အဘိုးဖြစ်သူ လီကျင်းဇယ်က သူ့ကို ကြိုတင်သတိပေးထားပြီးသား ဖြစ်သည်။ အကယ်၍ လီချင်းဖုန်းနှင့် လုချင်းမိန်တို့ ကောင်းကင်ပုလဲအဆင့်သို့ တကယ်တက်လှမ်းသွားပါက နဂါးခေါင်းဆောင်တိုက်ပွဲမှာ အလွန်ခက်ခဲပေလိမ့်မည်။

​"သူတို့ တကယ်ပဲ အောင်မြင်မှာလား" ဟု လီဖုန်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ အကယ်၍ သူတို့ အောင်မြင်သွားပါက အခြားတံခွန်ကိုင်များနှင့် ကွာဟချက် ပိုမိုကျယ်ပြန့်သွားမည် ဖြစ်သည်။

​"သူတို့ရဲ့ရှီးဂန်းစွမ်းအားတွေ ကိုးရာ့ငါးဆယ်လောက်ရှိနေပြီ… အခြေခံကလည်း ခိုင်မာတယ်… ကောင်းကင်ပုလဲအဆင့်ကို တက်လှမ်းနိုင်တာ အံ့ဩစရာမဟုတ်ပါဘူး" ဟု တျန့်ဖုန်းရှန်က ရှင်းပြလိုက်သည်။

​လီလော့ သက်ပြင်းချလိုက်မိသည်။ ထိုနှစ်ယောက်က နဂါးကလန်ကြီးနှစ်ခုမှ ပြုစုပျိုးထောင်ပေးထားသည့် ပါရမီရှင်များပီပီ ပါရမီရော ရင်းမြစ်ပါ ပြည့်စုံနေသဖြင့် အထင်သေး၍ မရပေ။

​ထို့နောက် လီလော့က အကြောင်းအရာကို ပြောင်းလဲကာ မေးမြန်းလိုက်သည်။

"ငါ သိချင်တာက... နဂါးခေါင်းဆောင်တိုက်ပွဲမှာ အနိုင်ရရင် တခြားဘာအကျိုးကျေးဇူးတွေ ရှိသေးလဲ"

​လီကျင်းထောင်က…..

"မင်းက အချိန်ကို အလဟဿ မဖြုန်းဘူးပဲ…. နဂါးခေါင်းဆောင်ဖြစ်လာတာက ပထမဆုံး အကျိုးကျေးဇူးပဲ၊ တခြား အကျိုးကျေးဇူး နှစ်ခု ကျန်သေးတယ်… ဒုတိယတစ်ခုကတော့ နဂါးကလန်ရဲ့ ကျော်ကြားလှတဲ့ နတ်ဘုရားအဆင့် နဂါးခန္ဓာပညာရပ်ကို လေ့လာခွင့်ရမှာလေ…”

All Chapters