← Chapters

သန့်စင်သော နဂါးခန္ဓာ….

Vol. 65 Ch. 903

သန့်စင်သော နဂါးခန္ဓာ….

Vol. 65 Ch. 903

​"သန့်စင်တဲ့ နဂါးခန္ဓာ ဟုတ်လား"

​၎င်းက လီလော့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

​လီကျင်းထောင်က ခေါင်းညိတ်ပြကာ ဆက်ပြောပြန်သည်။

"ဒါက လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်တစ်ခုပဲ… ဒါကို ကျွမ်းကျင်သွားရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သိသိသာသာ သန်မာလာမှာဖြစ်သလို ပဲ့တင်ထပ်သံစွမ်းအားတွေလည်း အကြီးအကျယ် မြင့်တက်လာလိမ့်မယ်… အကယ်၍ မူလကောင်းကင်နတ်ဘုရားကုန်းမြေပေါ်က ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်အားလုံးကို အဆင့်သတ်မှတ်မယ်ဆိုရင် ငါတို့ရဲ့ သန့်စင်တဲ့ နဂါးခန္ဓာက ထိပ်ဆုံးမှာ ရှိနေမှာ သေချာတယ်"

​လီဖုန်းယီကလည်း ဘေးမှနေ၍ ဂုဏ်ယူစွာဖြင့် ဝင်ရောက်ဖြည့်စွက်ပြောကြားလိုက်သည်။

"နင်သာ သန့်စင်တဲ့ နဂါးခန္ဓာကို ကျင့်ကြံပြီးသွားရင် နင့်ရဲ့ အသက်စွမ်းအင်တွေ ထိုးတက်သွားလိမ့်မယ်…သေလုမြောပါး ဒဏ်ရာမျိုး မဟုတ်သရွေ့ ဘယ်လောက်ပဲ ပြင်းထန်တဲ့ ဒဏ်ရာရရ အမြန်ဆုံး ပြန်သက်သာလာလိမ့်မယ်… ဒါက တကယ့်ကို အသက်ကယ်ပညာရပ်တစ်ခုပဲ"

​"တကယ်တော့ ဒီသန့်စင်တဲ့ နဂါးခန္ဓာပညာရပ်က ငါနဲ့ တကယ့်ကို ကိုက်ညီတာ" ဟု လီကျင်းထောင်က ရိုးသားစွာ ပြုံးလျက် မှတ်ချက်ချလိုက်သည်။

​ဟုတ်ပေသည်။သူက ခုခံမှုပညာရပ်များကို အထူးပြုထားသူဖြစ်ရာ အကယ်၍ သူသာ သန့်စင်သော နဂါးခန္ဓာကိုပါ ရရှိခဲ့လျှင် ဖျက်ဆီး၍မရနိုင်သော သံလိပ်ခွံကြီးတစ်ခုသဖွယ် ဖြစ်သွားပေလိမ့်မည်။

​သူတို့၏ ရှင်းပြချက်များကို ကြားရသောအခါ လီလော့ စိတ်လှုပ်ရှားသွားခဲ့သည်။ သန့်စင်သော နဂါးခန္ဓာမှာ မိုးကြိုးကိုယ်ပွားထက် များစွာ အဆင့်မြင့်မားသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

​သို့သော်လည်း ပုံမှန်အားဖြင့် ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်များမှာ တိုက်ခိုက်နိုင်စွမ်းကို အများကြီး မြင့်တက်စေလေ့မရှိကြပေ။

​"နဂါးကလန် ငါးခုရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ငါတို့က ဒီသန့်စင်တဲ့ နဂါးခန္ဓာအတွက် အခြေခံအုတ်မြစ်ကို နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့ကြတာ… ဥပမာပြောရရင် ငါတို့ မြေနတ်ဆိုးအဆင့်ကတည်းက ကျင့်ကြံခဲ့တဲ့ နဂါးငွေ့တန်းကျင့်စဉ်က ရှီးဂန်းစွမ်းအင်တွေကို သန့်စင်ဖို့အတွက်တင် မဟုတ်ဘူး၊ ငါတို့ခန္ဓာကိုယ်ထဲကို ကောင်းကင်နဂါးစွမ်းအား အမျှင်တန်းအချို့ ရရှိစေဖို့အတွက်လည်း အထောက်အကူပေးတယ်… ဒီအမျှင်တန်းတွေက နဂါးခေါင်းဆောင်တိုက်ပွဲအတွင်းမှာ အသွင်ပြောင်းလဲသွားပြီး သန့်စင်တဲ့ နဂါးခန္ဓာအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်" ဟု တျန့်ဖုန်းရှန်ကလည်း ရှင်းပြခဲ့သည်။

​"ပုံမှန်အားဖြင့်တော့ ကလန်အကြီးအကဲရဲ့ တိုက်ရိုက်မျိုးဆက်တွေအနေနဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တခြားလူတွေထက် ကောင်းကင်နဂါးစွမ်းအားအမျှင်တန်းတွေ ပိုပြီး များပြားကြတယ်… ဒါက မွေးကတည်းက သွေးထဲမှာ ပါလာာ…ငါတို့လို ပြင်ပလူတွေကတော့ ဒီကွာဟချက်ကို ဖြည့်ဆည်းဖို့အတွက် နဂါးငွေ့တန်းကျင့်စဉ်ကို ပိုပြီး ကြိုးစားကျင့်ကြံရတယ်.. ဒါကြောင့် ငါတို့အတွက်တော့ ပိုပြီး ခက်ခဲတာပေါ့"

​လီလော့က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သန့်စင်သော နဂါးခန္ဓာမှာ လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ ကျင့်စဉ်ပိုင်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဧကရာဇ်မျိုးကလန်ကြီးများ၏ စွမ်းအားက သူ့ကို ထပ်မံ၍ အံ့ဩစေခဲ့ပြန်ပြီ။ ဤမျှ ပြည့်စုံပြီး စနစ်ကျလှသော ကျင့်စဉ်လက်ဆင့်ကမ်းမှု လုပ်ငန်းစဉ်မျိုးမှာ ယခင်က ရှပြည်ထောင်စုတွင် သူမြင်တွေ့ခဲ့ရသည်ထက် များစွာ ကျော်လွန်နေသည်။

​အကယ်၍ ရှပြည်ထောင်စုမှ ပါရမီရှင်များနှင့် မူလကောင်းကင် နတ်ဘုရားကုန်းမြေမှ ပါရမီရှင်များ တိုက်ခိုက်ရမည်ဆိုပါက ကျင့်စဉ်အဆင့်တူညီနေလျှင်ပင် လုံးဝ ခြေမှုန်းခံရနိုင်ခြေ ရှိသည်။

​"သန့်စင်တဲ့ နဂါးခန္ဓာက ပထမဆုံး အသွင်သဏ္ဌာန်ပဲ ရှိသေးတာ… ဒီကျင့်စဉ်ရဲ့ နောက်ဆုံးပုံစံကို အကြေးခွံကိုးခုအသွင်လို့ ခေါ်တယ်" ဟု လီဖုန်းယီက ဆက်လက် ရှင်းပြခဲ့သည်။

​"အကြေးခွံကိုးခုအသွင် ဟုတ်လား"

​လီဖုန်းယီက ခေါင်းညိတ်လိုက်ပြီး….

"နဂါးခေါင်းဆောင်တိုက်ပွဲမှာ မတူညီတဲ့ အပိုင်းနှစ်ပိုင်း ရှိတယ်…. ပထမအဆင့်ကို နဂါးပျံတက်ခြင်းလို့ ခေါ်ပြီး ဒုတိယအဆင့်ကိုတော့ အကြေးခွံလုပွဲလို့ ခေါ်တယ်"

​"ပထမအဆင့်အကြောင်းကိုတော့ အချိန်တန်ရင် မင်း သိလာလိမ့်မယ်၊ အများကြီး ရှင်းပြနေဖို့ မလိုဘူး…. ဒုတိယအဆင့်ကတော့ နဂါးခေါင်းဆောင်တိုက်ပွဲရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပဲ… နဂါးခေါင်းဆောင်ရာထူးကို အဲဒီကနေ ဆုံးဖြတ်တာလေ… ရိုးရိုးရှင်းရှင်း ပြောရရင် ဒုတိယအဆင့်ရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်နဂါးရဲ့ နတ်ဘုရားအကြေးခွံတွေကို ရယူဖို့ပဲ…. မင်း အကြေးခွံတစ်ခု ရတိုင်းမှာ မင်းရဲ့ သန့်စင်တဲ့ နဂါးခန္ဓာက အဆင့်တစ်ခု မြင့်တက်လာလိမ့်မယ်…အကယ်၍ မင်းသာ အကြေးခွံကိုးခုစလုံးကို ရရှိခဲ့ရင် နဂါးခေါင်းဆောင်ရာထူးကို ရမယ့်အပြင် အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာကိုပါ ကျင့်ကြံနိုင်မယ့် အလားအလာ ရှိလာလိမ့်မယ်"

​"အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာက လူငယ်မျိုးဆက်တွေအတွက် အမြင့်ဆုံးသော အောင်မြင်မှုတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်တယ်… ဒါက မျိုးဆက်တိုင်းရဲ့ နဂါးခေါင်းဆောင်တိုင်း ရရှိနိုင်တဲ့အရာတော့ မဟုတ်ဘူး"

​"ဒါပေမဲ့ ကြားရသလောက်တော့ အရင်တုန်းက တတိယဦးလေးက ဒါကို ရရှိခဲ့ဖူးတယ်"

ဤနေရာတွင် လီဖုန်းယီက ခေတ္တမျှ စကားဖြတ်ကာ လီလော့ကို ပြုံး၍ ကြည့်လိုက်သည်။

"နင်လည်း အဲ့ဒီ့အတွက် အပြင်းအထန် ကြိုးစားရလိမ့်မယ်"

​လီလော့ ခါးသီးစွာ ပြုံးပြလိုက်ရုံသာ တတ်နိုင်တော့သည်။ ဖခင်ဖြစ်သူ၏ အောင်မြင်မှုများအပေါ် အံ့ဩခြင်းမရှိတော့ပေ။ လွန်ခဲ့သော ခြောက်လက နဂါးစွယ်ကလန်သို့ စတင်ဝင်ရောက်လာကတည်းက ဖခင်ဖြစ်သူ၏ မယုံနိုင်စရာ စွမ်းဆောင်ရည်များစွာကို ကြားသိခဲ့ရပြီး ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်အနေဖြင့် သာမန်လူများ မလုပ်နိုင်သောအရာများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမှာ သဘာဝကျလှသည်။

​သို့သော်ငြားလည်း သူ့ရဲ့ အဓိကပန်းတိုင်မှာ နဂါးခေါင်းဆောင်ရာထူးကို ရရှိရန်သာ ဖြစ်သည်။စစ်မှန်သော ရည်ရွယ်ချက်မှာ အမှတ်သားကိုးခုကြာပန်း ဖြစ်ပြီး ၎င်းကို ရရှိရန်အတွက် မည်သည့်နည်းလမ်းဖြင့်မဆို သူ တိုက်ခိုက်သွားမည် ဖြစ်သည်။

အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာဟု ခေါ်သည့်အရာအတွက်မူ ထိုအချိန်ရောက်မှသာ မီးစင်ကြည့်ကရပေမည်။

​"အစ်ကိုကြီး... မင်း တတိယမြောက် အကျိုးကျေးဇူးအကြောင်း ပြောခဲ့သေးတယ်မလား… အခု ဒါကို ပိုပြီး စိတ်ဝင်စားလာပြီ" ဟု လီလော့က လီကျင်းထောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

​ထိုစကားကို ကြားသောအခါ လီကျင်းထောင်က ….

"တတိယမြောက် အကျိုးကျေးဇူးကတော့ နဂါးခေါင်းဆောင်တိုက်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ဖြစ်ပေါ်လာမှာ…ဒါက ပဲ့တင်ထပ်သံဝိညာဉ်ဂူလို့ ခေါ်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုနဲ့ သက်ဆိုင်နေတယ်….အဲဒီလျှို့ဝှက်နယ်မြေက မူလကောင်းကင် နတ်ဘုရားကုန်းမြေပေါ်မှာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နယ်‌မြေတခုလေ…. ထိပ်တန်းအင်အားစုများစွာက ဒီလိုရှားပါးလှတဲ့ အခွင့်အရေးကို ရယူဖို့အတွက် သူတို့ရဲ့ ပါရမီရှင်တွေကို စေလွှတ်ပြီး တိုက်ခိုက်ခိုင်းကြတယ်"

​"အဲ့ဒီ့အချိန်ရောက်ရင် ကုန်းမြေပေါ်က ပါရမီရှင်အားလုံးက တစ်နေရာတည်းမှာ ဆုံတွေ့ကြမှာမို့ နတ်ဘုရားကုန်းမြေပေါ်က လူတိုင်းကလည်း ဒါကို စောင့်ကြည့်နေကြလိမ့်မယ်… ဒါက မင်းရဲ့ နာမည်ကို လူသိများလာစေဖို့နဲ့ ကောင်းကင်ဘုံမှတ်တမ်းတွေထဲ ဝင်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ"

​သို့သော်လည်း လီလော့ကတော့ ဤအရာအပေါ် စိတ်ဝင်စားခြင်းမရှိပေ။

"အဲဒီ ပဲ့တင်ထပ်သံဝိညာဉ်ဂူက ဘယ်လောက်အထိ ထူးခြားနေလို့လဲ"

​"အဲဒီလျှို့ဝှက်နယ်မြေကို ဘာလို့ ပဲ့တင်ထပ်သံဝိညာဉ်ဂူလို့ ခေါ်လဲဆိုတာ နင် သိလား" ဟု လီဖုန်းယီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

​လီလော့က ခေတ္တမျှ စဉ်းစားပြီးနောက်….. "ငါထင်တာတော့ ငါတို့ရဲ့ ပဲ့တင်ထပ်သံ အာနိသင်တွေနဲ့ သက်ဆိုင်နေလိမ့်မယ်" ဟု ဆိုသည်။

​လီဖုန်းယီက ခေါင်းညိတ်ပြကာ…

"နင်က တကယ့်ကို ဉာဏ်ကောင်းတာပဲ…. အဲဒီလျှို့ဝှက်နယ်မြေထဲမှာ ရှားပါးလှတဲ့ ပစ္စည်းတွေနဲ့ အဖိုးတန်ရတနာတွေ ပြည့်နှက်နေပြီး အချို့သော ထိပ်တန်းရတနာတွေက လူတစ်ယောက်ရဲ့ ပဲ့တင်ထပ်သံအဆင့်အတန်းကိုတောင် မြှင့်တင်ပေးနိုင်စွမ်း ရှိကြတယ်…ဒါ့အပြင် အရံပဲ့တင်ထပ်သံတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့ အထူးရတနာတွေလည်း ရှိသေးတယ်…ဒီလိုရတနာမျိုးက ရှားပါးပေမဲ့ အရင်က ပေါ်ထွက်ဖူးခဲ့ဖူးတယ်..အဲ့ဒီ့ရတနာကြောင့် ပါရမီရှင်အားလုံးကြားမှာ ကြီးမားတဲ့ သွေးချောင်းစီး တိုက်ပွဲတစ်ခုတောင်ဖြစ်ခဲ့ဖူးတယ်…. ပြီးတော့ အရံပဲ့တင်ထပ်သံတစ်ခုကိုသာ ရရှိခဲ့ရင် လူတစ်ယောက်ရဲ့ စွမ်းအား ဘယ်လောက်အထိ မြင့်တက်လာမလဲဆိုတာ အားလုံး ကောင်းကောင်း သိကြတာပဲလေ"

​လီလော့ လေအေးတသုတ် ရှူသွင်းလိုက်မိသည်။

အရံပဲ့တင်ထပ်သံတစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် ရှားပါးရတနာ….

ဒါက သူ ပိုင်ဆိုင်ထားသည့် မူလပဲ့တင်ထပ်သံနှင့်အရံပဲ့တင်ထပ်သံများနှင့်ကိုက်ညီနေသည်…..

​သူသည်လည်း အရင်က ထိုသို့သော ကောလာဟလများကို ကြားဖူးခဲ့သော်လည်း အမှန်တကယ် ရှိနေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။

​သို့သော်ငြားလည်း သူ့တွင် မူလရောအရံပဲ့တင်ထပ်သံ ပါဝင်နေသည့် ပဲ့တင်ထပ်သံ သုံးမျိုး ရှိပြီးသား ဖြစ်သည်။ ဤကဲ့သို့သော ရတနာမျိုးမှာ သူ့အတွက်တော့ ထူးပြီး စိတ်ဝင်စားစရာမရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် နောက်ထပ် အရံပဲ့တင်ထပ်သံများ ထပ်မံ၍ ဖြစ်ပေါ်စေနိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်မူ မိမိ၏ ပဲ့တင်ထပ်သံအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့် ရှားပါးရတနာများကိုသာ ပိုမိုစိတ်ဝင်စားမိသည်။ လက်ရှိတွင် ရေနှင့်အလင်းပဲ့တင်ထပ်သံမှာ အဆင့်ရှစ်တွင် ရှိနေပြီး သစ်သားနှင့်မြေ

ပဲ့တင်ထပ်သံမှာ အဆင့်ခုနစ်တွင် ရှိနေသည်။ သို့သော် မိုးကြိုးနဂါးပဲ့တင်ထပ်သံမှာမူ သူ ကြိုးစားကျင့်ကြံနေခဲ့သော်လည်း အဆင့်ခြောက်တွင်သာ ရှိနေသေးပြီး အဆင့်ခုနစ်သို့ မရောက်ရှိသေးပေ။

​

ဤရှားပါးရတနာများမှာ ဆေးရည်များနှင့် အလင်းတန်းများကဲ့သို့သော အာနိသင်မျိုး ရှိနိုင်သဖြင့် အကယ်၍ သူသာ ၎င်းတို့ထဲမှ အချို့ကို ရရှိခဲ့ပါက ကိုယ်ပိုင်စွမ်းအားများ အကြီးအကျယ် မြင့်တက်လာနိုင်ခြေ ရှိသည်။

ဤအကြောင်းကို တွေးမိသောအခါ လီလော့၏ စိတ်ထဲတွင် အလွန်ပင် လှုပ်ရှားသွားခဲ့သည်။ မူလကောင်းကင် နတ်ဘုရားကုန်းမြေမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။ ဤမျှ ထူးခြားဆန်းပြားလှသော လျှို့ဝှက်နယ်မြေမျိုးကို ပြင်ပကုန်းမြေတွင် မည်သို့မျှ ရှာဖွေနိုင်မည်မဟုတ်ပေ။

​နောက်ဆုံးတွင်မူ စိတ်လှုပ်ရှားမှုများကိုသာ ပြန်လည်ထိန်းချုပ်လိုက်ရသည်။ ဒါက အလျင်စလိုလုပ်ရမည့်အရာ မဟုတ်ပေ။

သူ လက်ရှိ အဓိကအာရုံစိုက်ရမည်မှာ နဂါးခေါင်းဆောင်တိုက်ပွဲသာ ဖြစ်သည်။

အမှတ်သား​ကိုးခုကြာပန်းမှာ သူ့အတွက် အမြင့်ဆုံးသော ဦးစားပေး ဖြစ်သည်။

​ထို့အပြင် ပဲ့တင်ထပ်သံဝိညာဉ်ဂူသို့ မူလကောင်းကင် နတ်ဘုရားကုန်းမြေပေါ်ရှိ ထိပ်တန်းအင်အားစုအားလုံးမှ ပါရမီရှင်များ လာရောက်ကြမည် ဖြစ်သည်။ ထိုထိပ်တန်းပါရမီရှင်များမှာ ချင်ယီလို ထူးချွန်ထက်မြက်ကြမည်မှာ သေချာလှသည်။အကယ်၍ သူသာ ဤရှားပါးလှသော အခွင့်အရေးကို အပြည့်အဝ အသုံးချလိုပါက ကိုယ်ပိုင်စွမ်းအားများကို အရင်ဆုံး မြှင့်တင်ထားရန် လိုအပ်သည်။

ဥပမာအားဖြင့် သန့်စင်သော နဂါးခန္ဓာကို ကျင့်ကြံခြင်းပင်။ အကယ်၍ သူသာ အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာကိုပါ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့လျှင် ပို၍ပင် ပြီးပြည့်စုံသွားပေလိမ့်မည်။

​ဤအတွေးများဖြင့် လီလော့က ခွက်ထဲမှ ဝိုင်အားလုံးကို အကုန်မော့ချလိုက်သည်။

လာမည့် နဂါးခေါင်းဆောင်တိုက်ပွဲအပေါ် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများမှာ ပိုမို၍ မြင့်တက်လာခဲ့ချေပြီ……..

All Chapters