← Chapters

မဟာတိုက်ပွဲ အစပြုခြင်း

Vol. 65 Ch. 904

မဟာတိုက်ပွဲ အစပြုခြင်း

Vol. 65 Ch. 904

​အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် နဂါးခေါင်းဆောင်တိုက်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။တိုက်ပွဲကျင်းပမည့်နေရာက

​နဂါးစွယ်တောင်ပေါ်ရှိ ကျယ်ဝန်းလှသော ကွင်းပြင်ကျယ်ကြီးထဲတွင် ဖြစ်သည်။

​လီကျင်းဇယ်က အလယ်ဗဟိုတွင် ရပ်နေပြီး သူ့ဘေး ပတ်လည်၌ ခန်းမလေးခုမှ အကြီးအကဲများနှင့် နဂါးစွယ်ကလန်၏ အဆင့်မြင့် အကြီးအကဲအချို့ စုဝေးနေကြသည်။

​တံခွန်လေးခုမှ အဖွဲ့ဝင်များသည်လည်း သူတို့၏ ရှေ့တွင် ရောက်ရှိနေကြပြီး လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။

​သူတို့အတွက်တော့ နဂါးခေါင်းဆောင်တိုက်ပွဲဆိုသည်မှာ သူတို့မျိုးဆက်၏ ခေါင်းဆောင်က မည်သူဖြစ်မည်ကို ဆုံးဖြတ်ပေးမည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။

​အနိုင်ရရှိသူသည် တံခွန်တော် ၂၀ လုံး၏ အကြီးအကဲခေါင်းဆောင်အဖြစ် ကြေညာခြင်း ခံရမည် ဖြစ်သည်။ ထိုသူသည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ လက်ရှိမျိုးဆက်တွင် အသန်မာဆုံးသူလည်း ဖြစ်လာပေလိမ့်မည်။

​ဒါကလည်း သဘာဝကျပါသည်၊ အဘယ်ကြောင့်ဆိုသော် တံခွန်တော် ၂၀ လုံးမှ အဖွဲ့ဝင်တိုင်းမှာ နဂါးကလန်ကြီး ငါးခုထဲမှ အထူးရွေးချယ်ထားသည့် ပါရမီရှင်များ ဖြစ်ကြသောကြောင့်ပင်။

သူတို့သည် အကြွင်းမဲ့ ထူးချွန်သူများ မဟုတ်ကြသေးလျှင်ပင် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ လက်ရှိမျိုးဆက်၏ စွမ်းအားကို အပြည့်အဝ ကိုယ်စားပြုနေကြသည်။

​ဤသိန်းနှင့်ချီသော ပါရမီရှင်များကြားမှ ထူးချွန်ထက်မြက်ကာ ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် တစ်ဦးတည်းသောသူမှာ သူတို့မျိုးဆက်၏ အသန်မာဆုံးသူအဖြစ် သတ်မှတ်ခံရရန် အမှန်တကယ် ထိုက်တန်လှသည်။

​ထိုသူသည် သံသယဖြစ်ဖွယ်မရှိဘဲ မျိုးဆက်၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ဂုဏ်ဒြပ်ကြီးမားလှသော ရာထူးကို ရရှိရုံသာမက ကလန်အသီးသီးမှ အကြီးအကဲများ၏ အထူးအာရုံစိုက်မှုကိုလည်း ရရှိပေလိမ့်မည်။ အကြီးအကဲများက သူ့ကို ကျင့်ကြံခြင်းရင်းမြစ် အမြောက်အမြား ပံ့ပိုးပေးကြမည်ဖြစ်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးကြမည် ဖြစ်သည်။

ထိုသူသည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ အဓိက ထောက်တိုင်ကြီးအဖြစ် ကြီးပြင်းလာပေလိမ့်မည်။

​"မင်းတို့ ပြင်ဆင်ပြီးကြပြီလား" ဟု လီကျင့်ဇယ်က လူအုပ်ကြီး၏ ရှေ့ဆုံးတန်းသို့ ကြည့်ကာ မေးမြန်းလိုက်သည်။

လီလော့၊ တျန့်ဖုန်းရှန်၊ လီဖုန်းယီနှင့် လီကျင်းထောင်တို့က တံခွန်အဖွဲ့ဝင်အားလုံး၏ ရှေ့ဆုံးတွင် ရပ်နေကြပြီး သူတို့ လေးဦးမှာ နဂါးခေါင်းဆောင်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲကြမည့်သူများ ဖြစ်ကြသည်။

​လီကျင်းဇယ်၏ မေးခွန်းကို ကြားရသောအခါ သူတို့ လေးဦးစလုံးက ချက်ချင်း ခေါင်းညိတ်ပြလိုက်ကြသည်။

​

"နဂါးခေါင်းဆောင်တိုက်ပွဲကို လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ ကျင်းပမှာမို့ ငါ အလင်းတံခါးကို ဖွင့်ပြီး မင်းတို့ကို အထဲကို ခေါ်သွားမယ်… ခန်းမအသီးသီးက အကြီးအကဲတွေ ငါတို့နဲ့အတူ လိုက်ပါကြမှာဖြစ်ပြီး ကျန်တဲ့ တံခွန်အဖွဲ့ဝင်တွေကတော့ ပြင်ပကနေတစ်ဆင့် တိုက်ပွဲပုံရိပ်တွေကို စောင့်ကြည့်နိုင်ကြလိမ့်မယ်"

​သူ့စကားအဆုံးတွင် ရင်ပြင်အလယ်ရှိ ကျောက်နဂါးရုပ်တုကြီးများ၏ မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ ဟင်းလင်းပြင်တွင် အချင်းချင်း ယှက်နွယ်သွားပြီး အလင်းပိတ်ကားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသော်လည်း လက်ရှိတွင် ၎င်းပေါ်၌ မိုးတိမ်များနှင့် မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် အတွင်းပိုင်းအခြေအနေကို မမြင်ရသေးပေ။

​ထို့နောက် လီကျင်းဇယ်က ရွှေနဂါးတံဆိပ်တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်း၏ ပါးစပ်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့နောက်မှ ဟင်းလင်းပြင်မှာ ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

​"မင်းတို့ ပြင်ဆင်ပြီးရင် သွားကြရအောင်"

​ထိုမျှသာ ပြောဆိုပြီးနောက် လီကျင်းဇယ်က သူတို့ လေးဦးကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားပြီး ဝဲဂယက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လီကျင်းဇယ်၏ ပုံရိပ် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

​လီလော့နှင့် အခြားသုံးဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အမြန်ဆုံးပင် သူ့နောက်သို့ ကပ်လိုက်သွားကြတော့သည်။

​သူတို့၏နောက်တွင် တံခွန်လေးခုလုံးမှ အဖွဲ့ဝင်များ၏ ကျယ်လောင်လှသော အောင်ပွဲခံသံများ ဆူညံစွာ ကျန်ရစ်ခဲ့သည်။

​သူတို့ဝဲဂယက်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် နားထဲမှ ဆူညံသံများ ချက်ချင်း ပျောက်ကွယ်သွားပြီး ခေတ္တမျှ အာရုံဝေဝါးသွားလေ၏။

​ဤခံစားချက်မှာ ခေတ္တမျှသာ ကြာမြင့်ခဲ့ပြီးနောက် သူတို့ လေးဦးစလုံး အေးစက်ပြီး ခိုင်မာတောင့်တင်းလှသော ကျောက်သားပြင်ကြီးပေါ်သို့ ခြေချလိုက်မိကြသည်။ ပတ်ဝန်းကျင်ကို အမြန်ဆုံး စစ်ဆေးလိုက်တော့ သူတို့လေးယောက်စလုံး မိုးတိမ်များနှင့် မြူနှင်းများ ပြည့်နှက်နေသည့် နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သတိပြုမိလိုက်ကြသည်။

​နောက်တစ်ခဏတွင် ထိုမိုးတိမ်များနှင့် မြူနှင်းများ လျင်မြန်စွာ ကကွယ်ပျောက်သွားခဲ့ဖြင့် ပိုမိုဝေးကွာသော နေရာကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။ အဝေးတစ်နေရာတွင် ကျောက်စိမ်းရောင် စင်မြင့်ကြီးတစ်ခု ရှိနေပြီး ၎င်းပေါ်၌ လူပုံရိပ်များစွာ ရှိနေကြသည်။ အနီးကပ်ကြည့်လိုက်လျှင် သူတို့သည် အခြားကလန်ကြီးများမှ တံခွန်ကိုင်များဖြစ်ကြောင်း သိရှိနိုင်သည်။

​တစ်ချိန်တည်းမှာပင် ထိုသူများကလည်း လီလော့တို့အဖွဲ့ ရောက်ရှိလာသည်ကို သတိပြုမိသွားကြသည်။

​သို့သော်လည်း သူတို့ စကားမပြောရသေးခင်မှာပင် ဟင်းလင်းပြင်တွင် ဝဲဂယက်တစ်ခု ထပ်မံပေါ်ပေါက်လာပြီး အရှိန်အဝါကြီးမားလှသော လူပုံရိပ် လေးခု ဝင်ရောက်လာခဲ့သည်။

​သူတို့ကို ဦးဆောင်လာသူမှာ အရှိန်အဝါကြီးမားသော လူငယ်တစ်ဦး ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ နဂါးသွေးကလန်မှ လီချင်းဖုန်းပင် ဖြစ်သည်။ သူ့ဘေးတွင်မူ ဆွဲဆောင်မှုရှိသော အလှလေး လီဟုန်လီ ရှိနေသည်။

​"ဟားဟား... အားလုံး စောစောစီးစီး ရောက်နေကြတာပဲ"

လီချင်းဖုန်း ရောက်လာသည်နှင့် လူတိုင်း၏ အာရုံစိုက်မှုက သူ့ထံသို့ ရောက်ရှိသွားသည်။ သူသည် ပြုံးလျက် လက်ဝါးချင်းပူးကာ အခြားတံခွန်ကိုင်များကို နှုတ်ဆက်လိုက်သည်။

​တစ်ချိန်တည်းမှာပင် လူအုပ်ကြီးကြား၌ စကားပြောသံများ ဆူညံသွားခဲ့သည်။

လီချင်းဖုန်းမှာ နဂါးခေါင်းဆောင်တိုက်ပွဲတွင် အနိုင်ရရှိရန် အခွင့်အလမ်းအရှိဆုံးသူ ဖြစ်ကြောင်း အားလုံး ကောင်းစွာ သိထားကြသည်။

​လီလော့ သူ့ကို စိုက်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားမိလိုက်သဖြင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့ရသည်။

လီချင်းဖုန်းတယောက် ကောင်းကင်ပုလဲအဆင့်သို့ အမှန်တကယ် တက်လှမ်းသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။

​ဒါကလည်း အံ့ဩစရာတော့ မဟုတ်ပေ။သူသည် လွန်ခဲ့သော ခြောက်လက လီလော့ နဂါးစွယ်ကလန်သို့ စတင်ရောက်ရှိလာချိန်ကပင် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင် ရှိနေခဲ့ပြီး ဖြစ်သည်။အရေအတွက် ကိုးရာခန့်များပြားသော ရှီးဂန်းစွမ်းအားနှင့် သူ့ရဲ့ ထူးချွန်လှသော ပါရမီကြောင့် ကောင်းကင်ပုလဲအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြင်းမှာ သဘာဝကျလှသည်။

​"တံခွန်ကိုင် လီချင်းဖုန်း... မင်း ကောင်းကင်ပုလဲအဆင့်ကို တကယ်ပဲ တက်လှမ်းသွားခဲ့ပြီ ထင်တယ်" ဟု နဂါးဦးချိုတံခွန်၏ ခေါင်းဆောင်ဖြစ်သူ လီစန်းယန်က မှတ်ချက်ချလိုက်သည်။ သူကလည်း လီချင်းဖုန်းထံမှ ပြောင်းလဲမှုများကို ခံစားမိနေခြင်း ဖြစ်သည်။

​ထိုစကားကို ကြားရသောအခါ အခြားတံခွန်ကိုင်များ၏ မျက်နှာထားများ ပြောင်းလဲသွားခဲ့ပြီး အများစုက သူ့ကို မနာလိုမှုရော အားကျမှုပါ ပါဝင်သော အကြည့်များဖြင့် ကြည့်နေကြသည်။

​လီချင်းဖုန်းက နှိမ့်ချစွာ ပြုံးလိုက်ရင်း…

"ဟုတ်တယ်... လပေါင်းများစွာ အပြင်းအထန် ကြိုးစားပြီးတဲ့နောက်မှာ ငါ ဒါကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်… မင်းတို့အားလုံး ရယ်စရာလို့ မမြင်ကြဖို့ မျှော်လင့်ပါတယ်"

​လီစန်းယန်က ခါးသီးစွာ ပြုံးလိုက်ပြီး…

"ဘယ်သူက မင်းကို ရယ်ရဲမှာလဲ…ဒီလိုမျိုး အဆင့် တက်သွားနိုင်တာကြောင့် နဂါးခေါင်းဆောင်တိုက်ပွဲကို ဆက်ပြီး ကျင်းပနေဖို့တောင် မလိုတော့ဘူးထင်တယ်… အနိုင်ရမယ့်သူက မင်းပဲ ဖြစ်မှာ သေချာပါတယ်"

နဂါးဦးချိုကလန်နှင့် နဂါးသွေကလန်တို့ အမြဲတမ်း ရင်းနှီးကြသည်မှာ လူသိများလှသည်။ လီစန်းယန်က လီချင်းဖုန်းနှင့် ရင်းနှီးသဖြင့် သူ့ စကားများမှာ လီချင်းဖုန်းအတွက် ပြိုင်ဘက်များကို စိတ်ဓာတ်ကျအောင် ပြောဆိုနေခြင်း ဖြစ်သည်။

​သို့သော်လည်း အခြားတံခွန်ကိုင်များမှာ ထိုရည်ရွယ်ချက်ကို သိသော်လည်း ပြန်လည်၍ မချေပနိုင်ကြပေ။ လီချင်းဖုန်း ကောင်းကင်ပုလဲအဆင့်သို့ တက်လှမ်းခြင်းမှာ နဂါးခေါင်းဆောင်ရာထူးကို ရယူရန် ဖြစ်ကြောင်း သူတို့ သိသော်လည်း လုချင်းမိန်မှလွဲ၍ မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိကြောင်း ကောင်းစွာ နားလည်ထားကြသည်။

​" မသေချာသေးပါဘူး" ဟု လီဟုန်လီက ညုတုတု ရယ်မောရင်း ဆိုလိုက်သည်။ ထို့နောက် သူမက ရက်စက်လှသော အပြုံးဖြင့်…

"ရွှေနဂါးပတ်တိုင်ကို ရရှိခဲ့တဲ့ ပါရမီရှင်တစ်ယောက် ရှိနေသေးတယ်မလား… သူ ငါတို့ကို ထပ်ပြီး အံ့ဩအောင် လုပ်နိုင်ဦးမလား ဘယ်သူသိမှာလဲ"

သူမ၏ စကားများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသဖြင့် အခြားတံခွန်ကိုင်များ၏ အာရုံစိုက်မှုက လီလော့ထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

ထိုစကားကိုကြားသောအခါ

​လီဖုန်းယီက မျက်ခုံးပင့်လိုက်ပြီး…

"နင့်ရဲ့ စေတနာစကားအတွက် ကျေးဇူးတင်တယ်… ဒါပေမဲ့ စောစောစီးစီး အောင်ပွဲမခံနဲ့ဦး… မဟုတ်ရင် နင်ပြောခဲ့တဲ့ စကားတွေကို နင်ကိုယ်တိုင် ပြန်ရုတ်သိမ်းရလိမ့်မယ်" ဟု ပြန်လည် ချေပလိုက်သည်။

ထိုအခါ လီဟုန်လီက အပြုံးမပျက်ဘဲ….

"ကြည့်စမ်း... နင် တကယ်ပဲ အဲ့လို ထင်နေတာလား…ဒီပြိုင်ပွဲမှာ ပေါင်းစည်းခြင်းစွမ်းအားတွေ သုံးခွင့်မရှိဘူးဆိုတာ မမေ့နဲ့ဦး….ဒါက တစ်ကိုယ်တော် စွမ်းအားပေါ်မှာပဲ မူတည်တာနော်… ပြင်ပအကူအညီတွေ မရှိတော့ရင် တစ်စုံတစ်ယောက်ကတော့ အိမ်ကို အလဲလဲအပြိုပြိုနဲ့ ပြန်ပြေးရလိမ့်မယ်…. "

​လီဖုန်းယီ ထပ်မံ၍ ချေပရန် ပြင်လိုက်စဉ် လီလော့က ဝင်ရောက်တားဆီးလိုက်သည်။

"ထားလိုက်ပါ အစ်မရယ် ... သူ့နဲ့စကားများမနေပါနဲ့… ငါတို့က မြင့်မြတ်ပြီး သိက္ခာရှိတဲ့ တိုက်ရိုက်မျိုးဆက်တွေလေ.. ငါတို့ရဲ့ အာရုံစိုက်မှုကို လိုချင်နေတဲ့ သူ့လို လူမျိုးနဲ့ မတူဘူး…နင် သူနဲ့ စကားများလေလေ သူ ပိုပြီး ပျော်လေလေ ဖြစ်မှာပဲ"

​လီဖုန်းယီက ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ခါသွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အခြားတံခွန်ကိုင်များကလည်း ထူးဆန်းသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ လီလော့၏ စကားများမှာ ယဉ်ကျေးပျော့ပျောင်းနေသော်လည်း အမှန်တကယ်ပင် ရက်စက်ပြီး နာကျင်စေသည်။

လီဟုန်လီမှာ ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး…

"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ဘာလို့ နင်တို့ရဲ့ အာရုံစိုက်မှုကို လိုချင်ရမှာလဲ" ဟု အော်ဟစ်လိုက်သည်။ သို့သော်လည်း လီလော့က သူမကို လုံးဝဂရုမစိုက်တော့ဘဲ နှုတ်ဆိတ်နေခဲ့သည်။ ၎င်းက လီဟုန်လီကို ပိုမို၍ ဒေါသထွက်စေခဲ့ပြီး သူမ၏ ဦးခေါင်းမှပင် အငွေ့များ ထွက်တော့မည့်အသွင် ရှိနေသည်။

​ဤအချိန်တွင် လီချင်းဖုန်းက ပွဲလန့်တုန်း ဖျာဝင်ခင်းလေသည်။

"မိန်းကလေးတစ်ယောက်အပေါ် ဒီလောက်အထိ ရိုင်းစိုင်းတဲ့ စကားတွေ ပြောဖို့မလိုပါဘူး… ဒါက ယောက်ျားကောင်းတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး ထင်တယ်"

​"ဟေ.. မင်းကော ငါ့ရဲ့ အာရုံစိုက်မှုကို ခံချင်လို့လား" ဟု လီလော့က အံ့ဩဟန်ဖြင့် မေးမြန်းလိုက်တော့

​လီချင်းဖုန်း၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး ဆက်လက်၍ စကားမပြောတော့ပေ။

​၎င်းကို မြင်လျှင် အခြားတံခွန်ကိုင်များလည်း လီလော့ကို စကားမပြောရဲကြတော့ပေ။

​ခေတ္တအကြာတွင် ဟင်းလင်းပြင် ထပ်မံ၍ တုန်ခါသွားခဲ့ပြီးနောက် သွယ်လျသော လူပုံရိပ်တစ်ခု ဝင်ရောက်လာခဲ့သည်။ သူမသည် အက်ကြောင်းများ ပြည့်နှက်နေသော ဖန်သားတောင်ဝှေးတစ်ခုကို ကိုင်စွဲထားပြီး ၎င်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

​ထိုသူမှာ အခြားသူမဟုတ်ဘဲ လုချင်းမိန် ပင် ဖြစ်သည်။

​သူမသည် သွယ်လျပြီး လှပသော ခန္ဓာကိုယ်ပေါ်တွင် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ နားရွက်များကိုပင် မဖုံးနိုင်သော ဆံပင်တိုလေးက သူမကို ပိုမို၍ ထက်မြက်ပြီး အရည်အချင်းရှိသောအသွင် ဖြစ်စေကာ သူမ၏ ရှည်လျားပြီး ဖြောင့်စင်းလှသော ခြေတံရှည်ကြီးများက အထူးပင် ဆွဲဆောင်မှုရှိလှသည်။

​သူမ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ အနည်းငယ် ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။ ၎င်းက သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သဖြင့် လီလော့ရှိရာ ဘေးသို့ လျှောက်လှမ်းလာခဲ့သည်။

​"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" ဟု သူမက မေးမြန်းလိုက်တော့ လီလော့က….

"သူတို့က ငါနဲ့ စကားပြောဖို့ စိတ်မဝင်စားကြဘူး ထင်တယ်" ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

​လုချင်းမိန်က ထ်ိုအဖြေကို နားမလည်သော်လည်း ထပ်မံ၍ မစူးစမ်းတော့ပေ။ လီလော့၏ ခန္ဓာကိုယ်ကို ခြေဆုံးခေါင်းဆုံး စစ်ဆေးလိုက်ပြီးနောက်….

"ပြောင်းပြန်ပဲ... ငါကတော့ နင့်ကို ပိုပြီး စိတ်ဝင်စားလာတယ်" ဟု အလေးအနက် ဆိုလိုက်သည်။

​လီလော့ သူမ၏ စကားကြောင့် လန့်သွားခဲ့ရပြီး…. "ဟေး... မင်း ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာပဲ… ဘာလို့ ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောနေရတာလဲ"

​ထိုအခါ သူမက ဖန်သားတောင်ဝှေးကို မြေပြင်ပေါ်သို့ ထပ်မံဆောင့်ချလိုက်ပြီး …

"နင့်ရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်မျှော်နေပါတယ်… ဒီတစ်ကြိမ်မှာ ပေါင်းစည်းခြင်းစွမ်းအားတွေ သုံးခွင့်မရှိပေမဲ့ နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ဝှက်ထားဦးမယ်ဆိုတာ ငါသိနေတယ်… ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့" ဟု ဆိုလိုက်သည်။

​လီလော့ခင်မျာ ကျင့်ကြံခြင်းကို ရူးသွပ်စွာစွဲလန်းနေသော လုချင်းမိန်ကို ကြည့်ကာ စိတ်ပျက်စွာ ပြုံးလိုက်မိသည်။ သူမ၏ အာရုံခံစားမှုက လီဟုန်လီထက် များစွာ ပိုမိုစူးရှလှသည်။

​သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ကျောက်စိမ်းရောင် စင်မြင့်ကြီး၏ ရှေ့မှ မြူနှင်းများ ပြည့်နှက်နေသော ဟင်းလင်းပြင်တွင် ပြင်းထန်လှသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့သဖြင့် လူတိုင်း၏ အာရုံစိုက်မှုက ချက်ချင်း ထိုနေရာသို့ ရောက်ရှိသွားတော့သည်။

​ထူထပ်လှသော မြူနှင်းများ ကွယ်ပျောက်သွားချိန်တွင် သူတို့၏ ရှေ့၌ ဧရာမ ကျောက်နဂါးကြီးတစ်ကောင် ပေါ်ထွက်လာပြီး ၎င်းက အဝေးတစ်နေရာအထိ လိပ်ခွေပျံသန်းနေသည်ကို အားလုံး တွေ့ရှိလိုက်ကြရသည်။

​ထိုကျောက်နဂါးကြီးမှာ ဟင်းလင်းပြင်တွင် လွင့်မျောနေသော ဧရာမ တောင်ကြီးတစ်လုံးနှင့် တူလှသည်။ တစ်ချိန်တည်းမှာပင် ၎င်းထံမှ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် တတုန်ခါနေခဲ့ရသည်။ရုတ်တရက်ကြည့်လိုက်ပါက ထိုကျောက်နဂါးကြီးမှာ အမှန်တကယ်ပင် သက်ရှိတစ်ကောင်ကဲ့သို့ ထင်ရသည်။

​တောင်တစ်လုံးကဲ့သို့ မြင့်မားလှသော ဤအရာကြီးကို မြင်လိုက်ရချိန်တွင် လူတိုင်း ချက်ချင်း နားလည်လိုက်ကြသည်။

ဤသည်က နဂါးခေါင်းဆောင်တိုက်ပွဲ၏ ပထမဆုံး အဆင့် ဖြစ်သည့် ​နဂါးပျံတက်ခြင်းအဆင့်ပင်…..

All Chapters