← Chapters

ပေသုံးသောင်း ကျောက်နဂါးကြီး

Vol. 65 Ch. 905

ပေသုံးသောင်း ကျောက်နဂါးကြီး

Vol. 65 Ch. 905

​တောင်တစ်လုံးသဖွယ်ကြီးမားသော ဧရာမ ကျောက်နဂါးကြီးမှာ အဝေးတစ်နေရာတွင် ရှိနေသော်လည်း ၎င်းထံမှ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် တုန်ခါနေခဲ့ရသည်။

​လီလော့နှင့် အခြားသူများက စင်မြင့်ပေါ်မှနေ၍ ၎င်းကို စိုက်ကြည့်နေကြသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက သူတို့ကိုယ်သူတို့ သေးငယ်လှသော ပုရွက်ဆိတ်လေးများကဲ့သို့ ခံစားရပြီး ရင်ထဲတွင်လည်း ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။

​ရုတ်တရက် ကောင်းကင်ယံထံမှ ခန့်ညားထည်ဝါလှသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

​"ဒါက နဂါးခေါင်းဆောင်တိုက်ပွဲရဲ့ ပထမဆုံး အဆင့်ဖြစ်တဲ့ နဂါးပျံတက်ခြင်းအဆင့်ပဲ"

​"ပါဝင်ဆင်နွှဲကြသူအားလုံ အလျား ပေသုံးသောင်း ရှည်လျားတဲ့ ဒီကျောက်နဂါးကြီးပေါ်ကို တက်လှမ်းကြရမယ်… ခြေတစ်လှမ်း တိုးတိုင်းမှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ နဂါးဖိအားတွေကို မင်းတို့ ကျော်ဖြတ်ကြရလိမ့်မယ်.. ဒါက မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကိုတင် စမ်းသပ်တာမဟုတ်ဘူး… စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ စမ်းသပ်တာ… ကြောက်ရွံ့မှုအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သူတွေသာ ဒီကျောက်နဂါးကြီးရဲ့ ဦးခေါင်းဆီကို ရောက်ရှိနိုင်ကြလိမ့်မယ်… တစ်ချိန်တည်းမှာပဲ ဒီနဂါးဖိအားက မင်းတို့အားလုံးအတွက် ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်… မင်းတို့ ခြေတစ်လှမ်း တက်တိုင်းမှာ နဂါးစွမ်းအင်အမျှင်တန်းတွေ မင်းတို့ခန္ဓာကိုယ်ထဲကို စီးဝင်သွားလိမ့်မယ်.. ဒါက နောင်ကျရင် သန့်စင်သော နဂါးခန္ဓာကို ကျင့်ကြံဖို့အတွက် အခြေခံအုတ်မြစ် တည်ဆောက်ပေးရာမှာ ကူညီပေးလိမ့်မယ်.. ဒါကြောင့် အားလုံးပဲ ဒီအခွင့်အရေးကို အမိအရ အသုံးချကြပါ"

​ထိုခန့်ညားလှသော အသံကြီးကို နားထောင်ရင်း လီလော့က ဟင်းလင်းပြင်တွင် ဝပ်စင်းနေသော မိမိရှေ့မှ ကျောက်နဂါးကြီးကို စိုက်ကြည့်လိုက်သည်။ သူသည် လွန်ခဲ့သော နှစ်ရက်ခန့်က နဂါးခေါင်းဆောင်တိုက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်လေ့လာထားခဲ့သဖြင့် ဤအချက်အလက်အားလုံးကို သိရှိထားပြီးသား ဖြစ်သည်။

​ပထမဆုံး အဆင့်ဖြစ်သည့် နဂါးပျံတက်ခြင်းမှာ အလွန်ပင် အရေးကြီးလှသည်။

ဤအဆင့်အတွင်း၌ နဂါးစွမ်းအင်များကို ရရှိနိုင်ပြီး ထိုအမျှင်တန်းများမှာ နဂါးဖိအားများကြောင့် ခန္ဓာကိုယ်အတွင်း၌ အထပ်ထပ်အခါခါ သန့်စင်ခြင်း ခံရမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်က ထိုအမျှင်တန်းများကို လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ခိုင်မာစွာ ပေါင်းစပ်သွားစေလိမ့်မည်။

ဤအဆင့်ကို ကျော်ဖြတ်ပြီးမှသာ သန့်စင်သော နဂါးခန္ဓာကို စတင်ကျင့်ကြံနိုင်မည့် အခြေခံအုတ်မြစ်ကို ရရှိမည် ဖြစ်သည်။

​မဟုတ်ပါက သူတို့ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအင်များ ဖရိုဖရဲ ဖြစ်နေမည်ဖြစ်ပြီး လက်ရှိစွမ်းအားဖြင့် ထိန်းချုပ်နိုင်မည့်အဆင့်ထက် ကျော်လွန်နေပေလိမ့်မည်။ ၎င်းက သူတို့၏ စွမ်းအားကို မည်သို့မျှ မြင့်တက်လာစေမည် မဟုတ်ပေ။

​ဤကဲ့သို့ သန့်စင်ခြင်း မရှိပါက ဤထူးဆန်းလှသော နဂါးစွမ်းအင်များကို အသုံးချနိုင်မည့် အခြားနည်းလမ်းမရှိသဖြင့် နောက်ဆုံးတွင် အလဟဿသာ ဖြစ်သွားပေလိမ့်မည်။

​"ပြီးပြည့်စုံတဲ့ အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာကို ရရှိဖို့အတွက် မင်းတို့တွေ ပေသုံးသောင်းအထိ အပြည့်အဝ ရောက်ရှိဖို့ လိုအပ်တယ်… ဒါမှပဲ နဂါးစွမ်းအင်ျတွက နဂါးဖိအားကြောင့် လုံးဝဥဿုံ သန့်စင်သွားမှာဖြစ်ပြီး မင်းတို့ခန္ဓာကိုယ်နဲ့လည်း အပြစ်အနာအဆာမရှိ ပေါင်းစပ်သွားနိုင်မှာ… ဒါက အကြေးခွံကိုးခုအသွင်အတွက် အခြေခံအုတ်မြစ်ပဲ"

​ရိုးရိုးရှင်းရှင်း ပြောရလျှင် နဂါးပျံတက်ခြင်းမှာ လေ့ကျင့်ရေး လုပ်ငန်းစဉ်တစ်ခုပင် ဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ပါဝင်ဆင်နွှဲသူများကို နောက်ထပ်အဆင့်အတွက် ပြင်ဆင်ပေးရန်ဖြစ်ပြီး ထိုအဆင့်တွင် အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာအတွက် လိုအပ်သည့် ပစ္စည်းများကို စုဆောင်းကြရမည် ဖြစ်သည်။

​ဤအကြောင်းကို တွေးမိသောအခါ လီလော့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် သန့်စင်သော နဂါးခန္ဓာ၏ အမြင့်ဆုံးပုံစံကို အလွန်ပင် စိတ်ဝင်စားနေသည်။

၎င်းက ထိပ်တန်းအဆင့်ဖြစ်သည် မဟုတ်ပါလား။ အကယ်၍ သူသာ ၎င်းကို ရရှိခဲ့လျှင် ကိုယ်ပိုင်စွမ်းအားများ မိုးပျံမတတ် မြင့်တက်လာမှာ သေချာသည်။

​ထို့ကြောင့် လီလော့ ဒါကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း အကယ်၍ အလွန်အမင်း ခက်ခဲနေပါက အတင်းအကျပ် လုပ်ဆောင်နေရန် မလိုပေ။

​လီလော့ စဉ်းစားနေစဉ်မှာပင် မြူနှင်းများ ပြည့်နှက်နေသော ကောင်းကင်ယံမှ မိုးတိမ်များမှာ ကျောက်စိမ်းရောင် စင်မြင့်ကြီးနှင့် ကျောက်နဂါးကြီးကို ဆက်သွယ်ပေးထားသည့် တံတားတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

​"သွားကြစို့"

​ထိုအသံကြီး ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားပြီးနောက် တံခွန်ကိုင် နှစ်ဆယ်စလုံးမှာ မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ရှေ့သို့ လှောက်လှမ်းလာကြသဖြင့် သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး တံတားကို ဖြတ်သန်းကာ ကျောက်နဂါးကြီးရှိရာသို့ လျှပ်စီးကဲ့သို့ ပျံသန်းသွားကြတော့သည်။

​ခေတ္တအကြာတွင် တောင်တစ်လုံးသဖွယ်ကြီးမားလှသော ဧရာမ နဂါးကြီးမှာ သူတို့၏ မျက်စိရှေ့၌ တဖြည်းဖြည်း ကြီးမားလာခဲ့သည်။ မကြာမီမှာပင် သူတို့အားလုံး ၎င်း၏ အမြီးပိုင်းပေါ်သို့ ခြေချလိုက်မိကြသည်။

​ယခုအခါ သူတို့အားလုံး မာကျောပြီး မီးခိုးဖြူရောင်ရှိသော ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေကြခြင်း ဖြစ်သည်။

​ထိုလှေကားထစ်များမှာ အစင်းကြောင်းများ ထင်ကျန်နေပြီး နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့်အသွင် ရှိသည်။ လီလော့နှင့် အခြားသူများ ပထမဆုံး လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကီလိုဂရမ် ထောင်ပေါင်းများစွာ လေးလံသော ကျောက်တုံးကြီးတစ်တုံး မိမိတို့အပေါ်သို့ ဖိချလိုက်သကဲ့သို့ ပြင်းထန်လှသော ဖိအားကို ချက်ချင်း ခံစားလိုက်ကြရသည်။

​တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းသံကြီးက သူတို့၏ နားထဲသို့ ရိုက်ခတ်လာခဲ့သည်။ ထိုအသံက သူတို့၏ ရင်ထဲတွင် ဖော်ပြမတတ်အောင် ပြင်းထန်သော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး ပဲ့တင်ထပ်သံစွမ်းအား လည်ပတ်မှုကိုပါ နှေးကွေးသွားစေသည်။ ၎င်းက သူတို့၏ စိတ်အာရုံကိုပါ ထိခိုက်စေသဖြင့် ကြောက်ရွံ့စိတ်များ လွှမ်းမိုးလာကာ နောက်လှည့်၍ ထွက်ပြေးချင်စိတ်ပင် ပေါက်သွားစေသည်။

​ဤသည်က ကျောက်နဂါးကြီးထံမှ ထွက်ပေါ်နေသော နဂါးဖိအားပင် ဖြစ်သည်။

​သို့သော်ငြားလည်း ဤတံခွန်ကိုင်များမှာ နဂါးကလန်ကြီး ငါးခု၏ လက်ရှိမျိုးဆက်တွင် ပါရမီအရှိဆုံး အထက်တန်းလွှာများ ဖြစ်ကြသည်။ သူတို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားခဲ့သော်လည်း စိတ်အာရုံကိုမပျံ့လွင့်အောင်ထိန်းချုပ်ပြီး လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

​ဤသည်က အစပြုခြင်းမျှသာ ရှိသေးသည်။ အကယ်၍ ဤမျှလောက်ကိုပင် မခံနိုင်ပါက နဂါးပျံတက်ခြင်းအကြောင်း ဆက်ပြောနေရန် မလိုတော့ပေ။

​ကျောက်လှေကားကြီးမှာ အလွန်ကျယ်ဝန်းလှသဖြင့် တံခွန်ကိုင် နှစ်ဆယ်စလုံး အကွာအဝေးတစ်ခုစီ ရယူထားနိုင်ကြသည်။ မည်သူမျှ စကားမပြောကြဘဲ သူတို့၏ တက်လှမ်းမှုကိုသာ အသံတိတ် စတင်လိုက်ကြတော့သည်။

ဤသို့ဖြင့် ​နဂါးပျံတက်ခြင်းပွဲ စတင်ခဲ့ချေပြီ…..

​လီလော့နှင့် အခြားသူများ ကျောက်နဂါးကြီးပေါ်ရှိ ရှည်လျားလှသော လှေကားထစ်များအတိုင်း အထက်သို့ တက်လှမ်းနေကြစဉ် ဟင်းလင်းပြင်တွင် မြင့်မားသော စင်မြင့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ လူပုံရိပ်များစွာက ထိုနေရာမှနေ၍ သူတို့၏ တက်လှမ်းမှုကို စောင့်ကြည့်နေကြသည်။

​သဘာဝကျကျပင် နဂါးကလန်ကြီး ငါးခု၏ ကလန်အကြီးအကဲ ငါးဦးမှာ ရှေ့ဆုံးတန်းတွင် ထိုင်နေကြသည်။

​သူတို့၏ အနောက်တွင်မူ အကြီးအကဲများနှင့် ခန်းမသခင်များ ရှိနေကြသည်။

​နဂါးသွေးကလန်၏ အကြီးအကဲဖြစ်သူ လီထျန်းကျီက ကျောက်နဂါးကြီးပေါ်သို့ တက်လှမ်းနေကြသော သေးငယ်လှသော အနက်ရောင် အစက်အပြောက်လေးများကို ကြည့်ရင်း အရင်ဆုံး စကားစလိုက်သည်။

"ဒါနဲ့ ပြောရဦးမယ်... ပေသုံးသောင်းအပြည့်ကို တစ်ယောက်ယောက် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တာကို မမြင်ရတာ တော်တော်လေး ကြာပြီမလား"

​အခြားကလန်အကြီးအကဲများကလည်း ထိုစကားကို ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အကောင်းဆုံး စံချိန်မှာ ပေနှစ်သောင်းကိုးထောင်ခန့်သာ ရှိခဲ့ပြီး ပေသုံးသောင်းပြည့်ရန် အနည်းငယ် လိုအပ်နေသေးသည်။

​ဤအချိန်တွင် နဂါးအကြေးခွံကလန်၏ ဆံပင်ငွေရောင်နှင့် အကြီးအကဲဖြစ်သူ လီချင်းယင်က လီကျင်းဇယ်ဘက်သို့ လှည့်ကာ …..

"လီလော့လို့ ခေါ်တဲ့ ကောင်လေးက ဟွမ်းလုံရှီးဟွမ်းလုံရှီးရေကန်မှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ငါတို့အားလုံးကို အံ့ဩအောင် လုပ်ခဲ့တယ်… နဂါးပျံတက်ခြင်းမှာလည်း သူ့ရဲ့ အဖေလိုပဲ ငါတို့ကို ထပ်ပြီး အံ့ဩအောင် လုပ်နိုင်ဦးမယ်လို့ ထင်လား" ဟု စူးစမ်းလိုက်သည်။

​၎င်းကို ကြားသောအခါ လီထျန်းကျီက အနည်းငယ် ပြုံးလိုက်ပြီး….

"ငါထင်တာတော့ အခွင့်အရေး ရှိနိုင်ပါတယ်… မဟုတ်ရင် ကလန်အကြီးအကဲ လီကျင်းဇယ်အနေနဲ့ ငါတို့ရဲ့ ဘိုးဘေးဆီကနေ အမှတ်သားကိုးခုကြာပန်းကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် နဂါးခေါင်းဆောင်တိုက်ပွဲကို သုံးဖို့ ဒီလောက်အလွယ်တကူ သဘောတူမှာ မဟုတ်ဘူးလေ" ဟု ပြန်လည် ဖြေကြားခဲ့သည်။

​ကြာပန်းအကြောင်းကို ကြားလိုက်ရချိန်တွင် အခြားကလန်အကြီးအကဲများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ အလွန်ပင် ရှားပါးပြီး အဖိုးတန်လှသော ဆေးဖက်ဝင်ပစ္စည်းဖြစ်သဖြင့် သူတို့လည်း အလွန်စိတ်ဝင်စားမိကြသည်။ သူတို့သည်လည်း အရင်က ၎င်းကို ရရှိရန်အတွက် ရင်းမြစ်အမြောက်အမြားဖြင့် လဲလှယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။

​လီကျင်းဇယ်က…..

"စမ်းသပ်ကြည့်ရုံသက်သက်ပါပဲ… ဒါပေမဲ့ ငါကတော့ အမှတ်သားကိုးခုကြာပန်းကို ရဖို့ အပြင်းအထန် ဆုံးဖြတ်ထားတယ်… ရလဒ်က ဘာပဲဖြစ်ဖြစ် အခြားကလန်အကြီးအကဲတွေအနေနဲ့ ငါ့ကို ကူညီပေးကြဖို့ မျှော်လင့်ပါတယ်"

လီထျန်းကျီက ….

"ဟား ဟား ဟား ကောင်းပါပြီ... အချိန်တန်ရင် ငါတို့ ဒါကို သေချာဆွေးနွေးကြတာပေါ့.. မင်းက စည်းကမ်းရှိတဲ့ လူတစ်ယောက်ဆိုတာ ငါနားလည်ပါတယ်…. အကယ်၍ အခြားကလန်အကြီးအကဲ လေးဦးထဲက တစ်ယောက်ယောက်က ရသွားရင်တောင်မှ မင်းက ထိုက်တန်ပြီး ကျေနပ်စရာကောင်းတဲ့ ရတနာတစ်ခုခုနဲ့ လဲလှယ်မှာ သေချာပါတယ်" ဟု ဆိုလိုက်သည်။

​ဤအချိန်တွင် နဂါးဦးချိုကလန်၏ အကြီးအကဲဖြစ်သူ လီကျန်းကျောက်ကလည်း ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ ထူးခြားချက်မှာ ဦးခေါင်းပေါ်တွင် တောက်ပနေသော ရွှေရောင်ဦးချိုကြီးတစ်ခု ရှိနေခြင်းပင်။

"ငါကတော့ ကလန်အကြီးအကဲ လီကျင်းဇယ်ရဲ့ ကောင်းကင်ဘုံကျောင်း

ကြာပန်းကို အမြဲတမ်း မြင်ဖူးချင်ခဲ့တာ….အကယ်၍ အခွင့်အရေးရှိရင် ငါ့ကို ‌ခဏလောက် ငှားရမ်းပေးလို့ ရမလား" ဟု စူးစမ်းလိုက်သည်။

​လီကျင်းဇယ်က ထိုစကားကို ကြားသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ပေ။ သို့သော်လည်း စိတ်ထဲမှ သူ့ကို ဆဲရေးနေမိသည်။

ဒီမြေခွေးအိုကြီးက ငါ့ကို အစွမ်းကုန် အမြတ်ထုတ်ဖို့ ကြိုးစားနေတာပဲ သူက ငါ့ရဲ့ ကောင်းကင်ဘုံကျောင်းကြာပန်းကိုတောင် လောဘတက်နေသေးတယ် ဟွန့် သူသာ ငါ့ကို တကယ်ဒေါသထွက်အောင် လုပ်ရင်တော့ ငါ သူ့ခေါင်းပေါ်က အဲဒီဦးချိုကြီးကို အမြစ်ကနေ ချိုးပစ်မယ်

​သူသည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံ၍ မှတ်ချက်မပေးတော့ဘဲ ကျောက်နဂါးကြီးဘက်သို့ ကြည့်ကာ စိတ်ထဲမှ တိုးညင်းစွာ ရေရွတ်လိုက်မိသည် ။

"လီလော့... ငါတို့ ကြာပန်းကို အဆင်ပြေပြေ ရနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်နေပြီ... မင်းသာ ရှုံးနိမ့်ခဲ့ရင်တော့ ငါ့ကို ဒီအဘိုးကြီးတွေ အမြတ်ထုတ်ကြတော့မှာ….”

​……….

လီလော့သည် ​လှေကားထစ်ပေါ်တွင် ခြေဖျားလေးဖြင့် အသာအယာ တွန်းကန်ရင်း ဟင်းလင်းပြင်တွင် ဝဲပျံကာ လှေကားထစ်အချို့ကို အလွယ်တကူ ကျော်ဖြတ်လိုက်သည်။ သူ လှေကားထစ်ပေါ်သို့ ပြန်လည်ခြေချလိုက်ချိန်တွင် ခြေဖဝါးမှတစ်ဆင့် ထူးဆန်းသော စွမ်းအားတစ်ခု ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူ ထိန်းချုပ်မှုအဆင့်ထက် များစွာ ကျော်လွန်နေသည်။ထိုစွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

​လီလော့အ‌နေဖြင့် ၎င်းကို ထပ်မံ၍ အာရုံမခံနိုင်တော့သော်လည်း ၎င်းမှာ ကောင်းကင်နဂါးစွမ်းအားဟု ခေါ်သည့်အရာဖြစ်ကြောင်း သူ သိရှိထားသည်။

​သူ အထက်သို့ ဆက်လက်တက်လှမ်းနေစဉ်မှာပင် ကြောက်စရာကောင်းသော နဂါးဖိအားမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်ကာ အော်ဟစ်နေတော့မယောင် ထင်ရသည်။

​"ငါ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှာ သေးငယ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပုံရတယ်" ဟု လီလော့က တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

သူ ခြေလှမ်းတစ်လှမ်း တိုးတိုင်း ခန္ဓာကိုယ်အတွင်းပိုင်း တစ်နေရာမှ ပူပြင်းလှသော လေထုတစ်ခု ထွက်ပေါ်လာသည်ကို ခံစားနေရခြင်း ဖြစ်သည်။

​တစ်ချိန်တည်းမှာပင် နဂါးဖိအားက သူ့ ခန္ဓာကိုယ်ပေါ်သို့ ဧရာမ တူကြီးတစ်လက်ဖြင့် အဆက်မပြတ် ထုရိုက်နေသကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းက ခန္ဓာကိုယ်ကို ပိုမိုသန်မာပြီး ပိုမိုကောင်းမွန်သော အရာတစ်ခုအဖြစ် သွန်းလုပ်ပေးနေသည့်နှယ်။

​ထိုမျှ မကသေးပေ။ လီလော့သည် နဂါးဖိအား၏ အဆက်မပြတ် ထုရိုက်မှုအောက်တွင် ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံး၌လည်း သေးငယ်သော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေသည်ကို ခံစားမိလိုက်သည်။ ၎င်းတို့အတွင်းရှိ ပဲ့တင်ထပ်သံစွမ်းအားများမှာ တက်ကြွစွာ လည်ပတ်နေကြပြီး တစ်ခုခုကို ဖြစ်ပေါ်စေတော့မည့်အသွင် ရှိနေသည်။

​၎င်းမှာ ရှီးဂန်းစွမ်းအား ဖြစ်ပေါ်လာခြင်း ဖဖြစ်ပုံရသည်။ရှီးဂန်းစွမ်းအားများကို သန့်စင်ရန်အတွက် လီကျင်းဇယ်၏ မီးလျှံကန့်လန့်ကာအတွင်း၌ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးသော်လည်း အောင်မြင်မှု အများကြီး မရရှိခဲ့ပေ။ ထို့နောက် စကြဝဠာဓားဆန္ဒ ဝင်္ကပါပညာရပ်ကို ကျင့်ကြံခြင်းသို့ အာရုံပြောင်းခဲ့သဖြင့် ဤအပိုင်းတွင် ကျင့်ကြံမှု ခေတ္တမျှ ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ နဂါးဖိအား၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ခြင်းမှတစ်ဆင့် ပဲ့တင်ထပ်သံစွမ်းအားများ သန့်စင်လာသည်ကို ခံစားနေရခြင်း ဖြစ်သည်။

​လီလော့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့ရသည်။ ဤပြိုင်ပွဲက သူ့အတွက် ရှီးဂန်းစွမ်းအားကို သန့်စင်နိုင်မည့် အကောင်းဆုံး အခွင့်အရေး ဖြစ်နေနိုင်ပေသည်။

​သူသည် ခြေလှမ်းများကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

​နဂါးပျံတက်ခြင်းပွဲ စတင်ခဲ့သည်မှာ တစ်နာရီခန့် ရှိနေပြီ ဖြစ်သည်။ တံခွန်ကိုင် နှစ်ဆယ်စလုံးမှာ အထက်သို့ တက်လှမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ သို့သော်လည်း လမ်းခရီး၏ ပထမဆုံး တစ်ဝက်မှာ သူတို့အများစုအတွက် အခက်အခဲ မရှိလှပေ။ လူတိုင်းနီးပါး ပေငါးထောင်အထိ အဆင်ပြေပြေ ရောက်ရှိထားကြပြီ ဖြစ်သည်။

​ဤနေရာသို့ ရောက်ရှိလာမှသာ တံခွန်ကိုင်များကြားတွင် ကွာဟချက်များ စတင်၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

​လူတိုင်း၏ ရှေ့ဆုံးတွင် လူနှစ်ဦး ရှိနေသည်၊ ထိုသူများမှာ လီချင်းဖုန်းနှင့် လုချင်းမိန်တို့ ဖြစ်ကြသည်။ သူတို့၏ ပဲ့တင်ထပ်သံစွမ်းအားမှာ အသန်မာဆုံးဖြစ်ပြီး နဂါးဖိအား၏ သက်ရောက်မှုမှာလည်း သူတို့အပေါ်၌ အနည်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ တက်လှမ်းမှုအရှိန်က အမြန်ဆုံး ဖြစ်နေသည်။

​သူတို့၏ အနောက်တွင် တျန့်ဖုန်းရှန်၊ လီဟုန်လီနှင့် လီစန်းယန်တို့လို သူများ ရှိနေကြသည်။ ဒါက လက်ရှိတွင် လီလော့ ရောက်ရှိနေသည့် အုပ်စုလည်း ဖြစ်သည်။

​သူတို့၏ အနောက်တွင်မူ အခြေခံအုတ်မြစ် ပိုမိုအားနည်းသော တံခွန်ကိုင်များ ရှိနေကြပြီး ၎င်းတို့ထဲတွင် လီဖုန်းယီနှင့် လီကျင်းထောင်တို့ ပါဝင်သည်။ အထူးသဖြင့် လီကျင်းထောင်မှာမူ တစ်အုပ်စုလုံး၏ အနောက်ဆုံးနီးပါးတွင် ရှိနေသည်။

​သို့သော်လည်း သူ့ရဲ့ တက်လှမ်းမှုမှာ နှေးကွေးသော်လည်း တည်ငြိမ်လှသည်။ ခြေတစ်လှမ်းချင်းစီကို သေချာစွာ လှမ်းရင်း အလျင်စလိုမလုပ်ဘဲ နွားအိုကြီးတစ်ကောင်ကဲ့သို့ဖြည်းဖြည်း မှန်မှန်ပင် ရှေ့ဆက်နေခဲ့သည်။

လီလော့က အကြည့်ကို ရှေ့ဆုံးမှ လူနှစ်ဦးထံသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ သူတို့၏ လက်ရှိ အနေအထားမှာ နောက်ဆုံးရလဒ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

​လူတိုင်း ပထမဆုံး တစ်ဝက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ကြမည်ဖြစ်သော်လည်း ကွာခြားချက်များမှာ ဒုတိယတစ်ဝက်သို့ ရောက်မှသာ အစစ်အမှန် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

​"ဟူး..."

​လီလော့ လေပူတစ်ချက် ရှူထုတ်လိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။ ယခုအချိန်က ရှေ့ဆုံးနေရာကို လုယူရမည့်အချိန် မဟုတ်ပေ။ထို့အ‌ကြောင့် နဂါးဖိအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ဆောင်ရန်နှင့် ပဲ့တင်ထပ်သံစွမ်းအားကို သန့်စင်ရန်အတွက်သာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဖန်သားနတ်ဆိုးခန္ဓာအဆင့်တွင် သူ့ရဲ့ အခြေခံအုတ်မြစ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့်ရှီးဂန်းစွမ်းအား ပေါ်ထွက်လာရန် အချိန်တန်ပြီဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။

​"နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်... ငါ လာနေပြီ"

All Chapters