နဂါးငရဲမီးဖြင့်သန့်စင်ခြင်း
Vol. 65 Ch. 906
ပေတစ်သောင်းခွဲအမှတ်သို့ အရင်ဆုံး ရောက်ရှိသွားသူမှာ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း လီချင်းဖုန်း ပင် ဖြစ်သည်။
သို့သော် ထိုတစ်ခဏ၌ပင် သူ့ ခန္ဓာကိုယ်ပတ်လည်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။ သူ့ပတ်ပတ်လည်တွင် မီးခိုးရောင် မီးလျှံအမျှင်တန်းများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ရှည်လျားလှသော မီးခိုးရောင် မီးနဂါးကြီးတစ်ကောင်အဖြစ် လျင်မြန်စွာ စုစည်းသွားခဲ့သည်။
ထိုနဂါးကြီးက လီချင်းဖုန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
၎င်းက အဝတ်အစားများကို လောင်ကျွမ်းစေခြင်းမရှိသော်လည်း ထိမိသွားသည်နှင့် တစ်ပြိုင်နက် လီချင်းဖုန်း ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ရပြီး ခန့်ညားလှသော မျက်နှာပေါ်တွင်လည်း နာကျင်မှုအရိပ်အယောင်အချို့ ထင်ဟပ်သွားခဲ့ရသည်။
ဤသည်ကို နဂါးငရဲမီးဖြင့်သန့်စင်ခြင်း ဟု ခေါ်ဆိုကြသည်။
လူတစ်ဦးသည် ပထမဆုံးအကြိမ်အဖြစ် ပေတစ်သောင်းခွဲ စည်းချက်ကို ဖြတ်ကျော်လိုက်ချိန်တွင် နဂါးပျံတက်ခြင်းပွဲက အမှန်တကယ် ခက်ခဲကြောင်း ပြသသည့် စမ်းသပ်မှုတစ်ခုကို စတင်ရင်ဆိုင်ရခြင်း ဖြစ်သည်။
ထိုမီးခိုးရောင် မီးနဂါးကြီးသည် လူတစ်ဦး၏ အသွေးအသား၊အရိုးများနှင့် ပဲ့တင်ထပ်သံစွမ်းအားများကိုပင် လောင်ကျွမ်းစေလိမ့်မည် ဖြစ်သည်။ ထိုနဂါးကြီး ခန္ဓာကိုယ်ကို တစ်ပတ်ရစ်ပတ်တိုင်း ဤလောင်ကျွမ်းမှုဒဏ်ကို ထပ်မံခံစားရမည်ဖြစ်ရာ ၎င်းက လူတစ်ဦး၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို အကြီးအကျယ် စမ်းသပ်ခြင်းပင် ဖြစ်သည်။
သို့သော်ငြားလည်း ဤလောင်ကျွမ်းမှုက ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖျက်ဆီးပစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုမိုသန့်စင်ပေးမည် ဖြစ်သည်။ သဘာဝကျကျပင် ခန္ဓာကိုယ်ထဲ၌ အညစ်အကြေးများလေလေ၊ ပိုမိုလောင်ကျွမ်းလေလေဖြစ်ပြီး ခံစားရသည့် နာကျင်မှုကလည်း ပိုမိုပြင်းထန်လေလေ ဖြစ်သည်။
ထို့ကြောင့် ကြံ့ခိုင်သော စိတ်ဓာတ်မရှိပါက လမ်းခုလတ်အမှတ်သို့ ရောက်ရှိချိန်တွင် အကန့်အသတ်သို့ ရောက်ရှိသွားကာ ရှေ့ဆက်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း လီချင်းဖုန်းက စက္ကန့်အနည်းငယ်မျှသာ တုံ့ဆိုင်းသွားပြီးနောက် ခိုင်မာစွာပင် ရှေ့သို့ ထပ်မံခြေလှမ်းလှမ်းခဲ့သည်။ မီးခိုးရောင် မီးနဂါးတစ်ကောင်တည်းနှင့်တော့ သူ့ကို မတားဆီးနိုင်ပေ။
ဤသည်က အစပြုခြင်းမျှသာ ရှိသေးသည်။အထက်သို့ ပိုမိုတက်လှမ်းလေလေ နဂါးအရေအတွက် ပိုမိုများပြားလာလေလေပင်။
ပေနှစ်သောင်းကိုးထောင်အမှတ်သို့ ရောက်ရှိချိန်တွင် စုစုပေါင်း နဂါးရှစ်ကောင်အထိ ရှိလာပေလိမ့်မည်။
နောက်ဆုံး ပေတစ်ရာအကွာသို့ ရောက်ရှိချိန်တွင်မူ ဤစမ်းသပ်မှု၏ အခက်ခဲဆုံး အစိတ်အပိုင်းဖြစ်သည့် နဂါးကိုးကောင် ငရဲမီးဖြင့်သန့်စင်ခြင်းကို ရင်ဆိုင်ကြရမည် ဖြစ်သည်။
ဤသည်က နဂါးပျံတက်ခြင်းပွဲ၏ အကြီးမားဆုံးသော အဟန့်အတားပင် ဖြစ်သည်။ နဂါးကလန်ကြီး ငါးခုမှ ရေတွက်မရနိုင်သော ပါရမီရှင်များမှာ ဤခြေလှမ်းတွင်ပင် ရပ်တန့်သွားခဲ့ကြရပြီး အမြင့်ဆုံးသော ဂုဏ်ဒြပ်ကို မရရှိနိုင်ခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် လီချင်းဖုန်း၏ အနောက်မှ အုပ်စုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသော မီးခိုးရောင် မီးနဂါးကြီးကို သေချာစွာ စောင့်ကြည့်နေကြသည်။ သူတို့၏ မျက်နှာထားများ လေးနက်နေကြပြီး ဒါက မကြာမီ သူတို့ကိုယ်တိုင် ရင်ဆိုင်ရမည့် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။
လီလော့သည်လည်း ၎င်းကို ကြည့်ရင်း လီကျင်းဇယ်၏ နဂါးကိုးကောင် မီးလျှံကန့်လန်ကာကို သတိရမိသွားသည်။ သူသည် ထိုနေရာတွင် နေ့ရက်များစွာ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရဖူးသဖြင့် ရှေ့တွင် ရှိနေမည့်အရာအတွက် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်သည်ဟု ဆိုနိုင်သည်။ မီးလျှံများ၏ အာနိသင်ချင်း မတူညီကြသော်လည်း ၎င်းက သူ့ရဲ့ ခံနိုင်ရည်ကိုတော့ သေချာပေါက် မြင့်တက်စေခဲ့ပြီး ဖြစ်လိမ့်မည်။
လီလော့ စဉ်းစားနေစဉ်မှာပင် လုချင်းမိန်က ရှေ့သို့ ခုန်တက်သွားပြီး ပေတစ်သောင်းခွဲအမှတ်သို့ ရောက်ရှိသွားကာ မီးလျှံများ၏ သန့်စင်မှုကို စတင်ရင်ဆိုင်လိုက်သည်။
ခေတ္တအကြာတွင် သူတို့၏ အနောက်မှ ကပ်လိုက်လာသော အုပ်စုသည်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
လီလော့သည်လည်း ခြေလှမ်း စည်းချက်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရင်း အခြားသူများနှင့်အတူ ထိုလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့်
ချက်ချင်းပင် မီးခိုးရောင် မီးနဂါးကြီးများ ပေါ်ထွက်လာပြီး ပါဝင်ဆင်နွှဲသူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်သွားကြတော့သည်။
ထိုအခါ ပြင်းထန်လှသော ပူပြင်းသည့် အပူရှိန်များ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ လီလော့ပင်လျှင် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤမီးလျှံမှာ လီကျင်းဇယ်၏ နဂါးကိုးကောင် မီးလျှံကန့်လန့်ကာနှင့်
အမှန်တကယ်ပင် ကွဲပြားခြားနားလှသည်။ ပို၍ တိကျစွာ ပြောရလျှင် လီကျင်းဇယ်၏ မီးလျှံမှာ ခန့်ညားထည်ဝါပြီး ဖျက်ဆီးနိုင်စွမ်း အပြည့်ရှိသည်။ တစ်ဖက်တွင်မူ ဤမီးခိုးရောင် မီးလျှံမှာ ပိုမိုသိမ်မွေ့လှပြီး ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ရန် ကြိုးစားနေသည်။
မီးနဂါးကြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းသွားချိန်တွင် အသွေးအသားထဲ၌ ပုန်းကွယ်နေသော အညစ်အကြေးများ တဆင့်ပြီးတဆင့် လောင်ကျွမ်းလာခဲ့သည်။
သူသည် လေတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ကာ တစ်ပြိုင်နက်တည်းမှာပင် သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာကို အသက်သွင်းလိုက်သည်။
သုံးရောင်ခြယ် ဖန်သားခန္ဓာ….
ထိုအခါ သူ့ခန္ဓာကိုယ်မှာ ရောင်စုံဖြာထွက်နေသော ဖန်သားတုံးကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး မီးနဂါးကြီး၏ လောင်ကျွမ်းမှုကို ခံယူလိုက်သည်။ ၎င်းကြောင့်ပင် သူ့ခန္ဓာကိုယ်မှာ ပိုမိုကြည်လင်ပြီး ပိုမိုသန့်စင်လာသလိုပင် ထင်ရသည်။
ထိုသုံးရောင်ခြယ် အလင်းတန်းများ ပေါ်ထွက်လာချိန်တွင် မီးခိုးရောင် မီးနဂါးကြီးကြောင့် ဖြစ်ပေါ်လာသည့် ဖိအားနှင့် နာကျင်မှုများ များစွာ လျော့ပါးသွားကြောင်း လီလော့ ခံစားမိလိုက်သည်။ဤသည်က သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိခြင်း၏ အကျိုးကျေးဇူးတစ်ခု ဖြစ်ပုံရသည်။အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲ၌ အညစ်အကြေး နည်းပါးသဖြင့် ဤအထူးစမ်းသပ်မှုတွင် နာကျင်မှုကို သက်သာစေခြင်း ဖြစ်သည်။
ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိခြင်းမှာ တံခွန်ကိုင်များကြားတွင် ရှားပါးလှသည်မဟုတ်သော်လည်း ဤအဆင့်မြင့်အဆင့်သို့ ရောက်ရှိထားသူမှာ သူတစ်ဦးတည်းသာ ရှိသည်။
ထို့ကြောင့် လီလော့၏ တက်လှမ်းမှုအရှိန်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲ၌ အညစ်အကြေး နည်းပါးသဖြင့် နဂါးကြီးကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှု လျော့ပါးသွားခဲ့ပြီး ၎င်းက သူ့အတွက် ထင်ရှားသော အားသာချက်တစ်ခု ဖြစ်လာခဲ့ရသည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင် လီဟုန်လီ၊ တျန့်ဖုန်းရှန်နှင့် ကျန်ရှိသည့်သူများကို လီလော့ ကျော်တက်သွားခဲ့သည်။
လီလော့၏ ရုတ်တရက် မြင့်တက်လာသော အရှိန်ကြောင့် အံ့ဩမှုများ ပြည့်နှက်နေသည့် အကြည့်များစွာ သူ့ထံသို့ ကျရောက်လာခဲ့သည်။
အခြားသူများမှာ ပြင်းထန်လှသော မီးလျှံများ၏ လောင်ကျွမ်းမှုဒဏ်ကြောင့် အပြင်းအထန် နာကျင်မှုကို ခံစားနေရပြီး မလှုပ်ရှားနိုင်လောက်အောင် ဖြစ်နေကြသည်။ တစ်ဖက်တွင်မူ လီလော့က အရှိန်ကို မြှင့်တင်နေသည် မဟုတ်လား။
ရှေ့ဆုံးမှ လူနှစ်ဦးဖြစ်သည့် လီချင်းဖုန်းနှင့် လုချင်းမိန်တို့ပင်လျှင် သူတို့၏ အနောက်မှ လှုပ်ရှားမှုများကို ခံစားမိသဖြင့် သေချာစွာ ကြည့်ရန် နောက်လှည့်ကြည့်လိုက်ကြသည်။
သို့သော်လည်း လီလော့၏ ခန္ဓာကိုယ်ပေါ်မှ သုံးရောင်ခြယ် အလင်းတန်းများကို မြင်လိုက်ရချိန်တွင် အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး ၎င်းကို ချက်ချင်း မှတ်မိလိုက်ကြသည်။
"သုံးရောင်ခြယ် ဖန်သားခန္ဓာ"
လီဟုန်လီ လွှတ်ကနဲ အော်ဟစ်လိုက်မိပြီး သူမ၏ လှပသော မျက်နှာမှာ မည်းမှောင်သွားခဲ့လေသည်။
ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိထားသူတိုင်း ဒါက လူတစ်ဦး ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။ သို့သော်လည်း ၎င်းကို ရရှိရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။
ထိုအဆင့်သို့ရောက်ရှိနိုင်ရန် ခန္ဓာကိုယ်တွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိရမည့်အပြင် ပြင်ပမှ ကံကောင်းသော အခွင့်အရေးများကိုပါ ရှာဖွေရမည် ဖြစ်သည်။
သူတို့မျိုးဆက်တွင် လီချင်းဖုန်းပင်လျှင် ၎င်းကို ရရှိရန် ကျရှုံးခဲ့ရသည် မဟုတ်ပါလား။
တစ်ဖက်တွင်မူ လီလော့က ဤမဖြစ်နိုင်သောအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပုံရသည်။
"ဒီကောင်လေး ဘာတွေ လုပ်နေတာလဲ… ပြင်ပကုန်းမြေမှာ နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့တဲ့သူက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့တာလဲ"ဟု လီဟုန်လီက အံကြိတ်ကာ ရေရွတ်လိုက်မိသည်။ သူမ၏ ဖခင်မှာ လီတိုင်ရွှမ်နှင့် မျိုးဆက်တူဖြစ်ပြီး သူမ ကြီးပြင်းလာကတည်းက လီတိုင်ရွှမ်းအပေါ် မနာလိုမှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည့် စကားများကိုသာ အမြဲကြားခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က ဤမျှအထိ မုန်းတီးနေရသည့် အကြောင်းရင်းကို သူမ နားမလည်ခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ အမြင်များ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
ယခုအခါ ဖခင်ဖြစ်သူ၏ စိတ်ခံစားချက်ကို အနည်းငယ် ကိုယ်ချင်းစာမိလာခဲ့သည်။
"ဟွန့်... သူက နတ်ဆိုးခန္ဓာအဆင့်မှာပဲ ထူးချွန်နေတာပါ… အစ်ကိုချင်းဖုန်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး… သူက ဒီသုံးရောင်ခြယ် ဖန်သားခန္ဓာကို အားကိုးပြီး နဂါးခေါင်းဆောင်ရာထူးကို ရလိမ့်မယ်လို့ ထင်နေတာလား….တကယ်ကို အိပ်မက်မက်နေတာပဲ… ကြီးမားတဲ့ ကျင့်စဉ်အဆင့် ကွာဟချက်ကို ဒီလောက်အလွယ်တကူနဲ့ ဘယ်လိုလုပ် ဖြည့်ဆည်းနိုင်မှာလဲ" ဟု လီဟုန်လီက မိမိကိုယ်ကိုယ် နှစ်သိမ့်သည့်အနေဖြင့် စိတ်ထဲမှ ဒေါသတကြီး တွေးလိုက်မိသည်။
ထို့နောက် အတွေးများကို မေ့ပျောက်လိုက်ပြီး လီလော့ကို ဂရုမစိုက်တော့ဘဲ မိမိရှေ့မှ မီးခိုးရောင် မီးနဂါးကြီးကိုသာ အာရုံစိုက်လိုက်တော့သည်။ လီချင်းဖုန်း၏ အကြည့်ကလည်း လီလော့ထံတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြန်လည်လှည့်ထွက်သွားခဲ့ကာ အထက်သို့ ဆက်လက်တက်လှမ်းနေခဲ့သည်။
သူသည် အများကြီး ထိခိုက်ခြင်းမရှိပေ။ သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်မှာ ရှားပါးလှသည်မှန်သော်လည်း လီလော့မှာ နတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိသေးသည်။ တစ်ဖက်တွင်မူ သူက ကောင်းကင်ပုလဲအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
သုံးရောင်ခြယ် ဖန်သားခန္ဓာကြောင့် နဂါးကြီး၏ ဖိအားကို လျော့ပါးစေသည်မှန်သော်လည်း ၎င်းက မလွှဲမရှောင်သာသော နောက်ဆုံးရလဒ်ကိုတော့ ပြောင်းလဲနိုင်စွမ်းမရှိပေ။
လုချင်းမိန်ကမူ ပိုမို၍ စိတ်ဝင်စားသွားသည့် အမူအရာ ရှိနေသည်။ လီလော့က သူမကို အမြဲတမ်း အံ့ဩအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
"သုံးရောင်ခြယ် ဖန်သားနတ်ဆိုးခန္ဓာအဆင့်က တကယ့်ကို ရှားပါးတာ… အကြေးခွံလုပွဲကျရင် သူနဲ့ ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်၊ အဲဒီကျမှ ငါ့ကို တားဆီးနိုင်မလားဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်ရတာပေါ့" ဟု သူမက စိတ်ထဲမှ အလွန်ပင် မျှော်လင့်ချက်ကြီးစွာဖြင့် တွေးလိုက်မိသည်။
လီလော့ကမူ ထိုအကြည့်များအားလုံးကို ဂရုမစိုက်ပေ။ သူသည် ဤအခွင့်အရေးကို အလဟဿအဖြစ်မခံဘဲ အရှိန်ကို ထပ်မံ၍ပင် မြှင့်တင်လိုက်သည်။
သူသည် လီဟုန်လီနှင့် တျန့်ဖုန်းရှန်တို့ကို ဝေးကွာစွာ ချန်ထားရစ်ခဲ့ပြီး ရှေ့ဆုံးမှ လူများနှင့် အကွာအဝေးကိုချုံ့ရန် ကြိုးစားလိုက်သည်။
မကြာမီမှာပင် ရှေ့ဆုံးအုပ်စုကို မှီသွားတော့မည့်အသွင် ရှိနေသည်။
လီလော့ ရှေ့ဆုံးမှ လူများကို အမှီလိုက်နေစဉ်မှာပင် အခြားတံခွန်ကိုင်များသည်လည်း ပေတစ်သောင်းခွဲအမှတ်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာမှသာ သူတို့တစ်ဦးချင်းစီကြားရှိ ကွာဟချက်များမှာ သိသာထင်ရှားစွာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
လူတိုင်းမှာ ချွေးစိုနေကြပြီး မျက်နှာများတွင်လည်း နာကျင်မှုများ ပြည့်နှက်နေကြကာ ခန္ဓာကိုယ်များမှာ မီးခိုးရောင် မီးနဂါးကြီးများကြောင့် အမှန်တကယ်ပင် လောင်ကျွမ်းနေကြသည်။ ခြေတစ်လှမ်း တိုးတိုင်း သူတို့၏ နာကျင်မှုက ပိုမို၍ ပြင်းထန်လာခဲ့ရသည်။
လူတိုင်း တဖြည်းဖြည်းနှင့် နှေးကွေးစွာ တက်လှမ်းနေကြစဉ် အရှိန်အဟုန်ဖြင့် အနောက်မှ တရစပ် တက်လှမ်းလာသော လူပုံရိပ်တစ်ခုကို သူတို့ ရုတ်တရက် ခံစားလိုက်ကြရသည်။
ဒါ လီကျင်းထောင်လား….
လီကျင်းထောင်ကို အရှိန်မြန်သူဟု မသတ်မှတ်နိုင်ပေ။ ခြေလှမ်းတိုင်းကို သေချာစွာ တွက်ချက်ပြီးမှ မှန်မှန် ရှေ့ဆက်နေခြင်း ဖြစ်သည်။ အစပိုင်းတွင် သူ့အရှိန်မှာ လီဖုန်းယီနှင့် အခြားသူများကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။ သို့သော်လည်း လမ်းခုလတ်အမှတ်သို့ ရောက်ရှိချိန်တွင် လူတိုင်း အရှိန်နှေးကွေးသွားကြသော်လည်း သူကမူ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ပုံမှန်အတိုင်း ရှိနေခဲ့သည်။
ရလဒ်အနေဖြင့် ကွာဟချက် ကျဉ်းမြောင်းသွားခဲ့ရခြင်းဖြစ်သည်။
လီကျင်းထောင်က အမောတကောဖြင့် လှေကားထစ်များအတိုင်း တက်လှမ်းရင်း သူတို့အများစုကို ကျော်တက်သွားခဲ့သဖြင့်
တံခွန်ကိုင်များစွာက သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လီကျင်းထောင်မှာမူ မီးခိုးရောင် မီးနဂါးကြီး သူ့ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ဖြတ်သန်းနေသော်လည်း တက်လှမ်းခြင်းကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။ ထူးဆန်းသော အကြောင်းရင်းတစ်ခုကြောင့် သူ့ မျက်နှာမှာ မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ အလွန်အမင်း နာကျင်ခြင်းမရှိသည့်အသွင် ရှိနေသည်။
သူ့ပတ်လည်တွင် နဂါးဖိအားများ ဝန်းရံနေသော်လည်း သူကမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိပေ။
လူတိုင်းက သူ့ရဲ့ မပြောင်းလဲသော အမူအရာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုမှာ မယုံနိုင်စရာကောင်းလှသည်ဟု ခံစားလိုက်ကြရသည်။
လီဖုန်းယီသည်လည်း သူ့နှင့် အတူတူနီးပါး ဖြစ်လာသည်ကို မြင်သောအခါ အံ့ဩစွာဖြင့် စိုက်ကြည့်လိုက်မိသည်။
သူ့ကို စောင့်ကြည့်နေကြသူ
များပြားလွန်းသဖြင့် လီကျင်းထောင်သည်လည်း နောက်ဆုံးတွင် တစ်ခုခုကို သတိပြုမိသွားပုံရသည်။ ခေါင်းကို လှည့်လိုက်ပြီး ပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို ဖြတ်ကျော်ကြည့်လိုက်ပြီးနောက် သူ့ စိတ်ထဲတွင် တစ်ခုခုကို သတိရသွားခဲ့ပုံရသည်။
ထို့ကြောင့် အလျင်စလိုပင် အူကြောင်ကြောင် ပြုံးလိုက်ပြီး ခြေလှမ်းများကို ချက်ချင်းပင် နှေးကွေးစေလိုက်တော့သည်။
သို့သော်လည်း သူ စိတ်လျှော့ရန် မပြင်ရသေးခင်မှာပင် လီဖုန်းယီ၏ အေးစက်လှသော အသံကြီး ထွက်ပေါ်လာခဲ့သည် ။
"နင်သာ ခြေလှမ်းတွေ ရပ်ရဲရင် ငါ နင့်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
သူမအနေဖြင့် ဤပျင်းရိတတ်သော အစ်ကိုကြီးအကြောင်းကို ကောင်းစွာ သိရှိထားသဖြင့် သူ့ကို ပြင်းထန်စွာ သတိပေးလိုက်ခြင်း ဖြစ်သည်။
မဟုတ်ပါက သူသည် ဤနေရာတွင်ပင် လုံးဝ လျှော့ပစ်လိုက်မှာ သေချာသည်။
ဤခြိမ်းခြောက်မှုကြောင့် လီကျင်းထောင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လီဖုန်းယီကို အပြုံးတစ်ခု ပြုံးပြလိုက်ရုံသာ တတ်နိုင်တော့သည်။ မချိတင်ကဲဖြင့်ပင် လက်ရှိအရှိန်ကို ဆက်လက်ထိန်းသိမ်းရင်း အထက်သို့ ဆက်လက်တက်လှမ်းခဲ့ရပြီး တစ်အုပ်စုလုံးကို ချန်ထားရစ်ခဲ့ကာ လီဟုန်လီနှင့် တျန့်ဖုန်းရှန်တို့ အုပ်စုကို မှီသွားခဲ့တော့သည်။
လီဟုန်လီက အနောက်မှ လှုပ်ရှားမှုကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ ၎င်းမှာ လီကျင်းထောင်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သိသိသာသာမျက်နှာ ပျက်သွားခဲ့လေတော့သည်။
သူမ၏ စိတ်ထဲရှိ ခံစားချက်အားလုံးကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရလျှင် -
ငါ့အနားကို မလာနဲ့