← Chapters

လီလော့၏ အပြေးအလွှား တက်လှမ်းမှု

Vol. 65 Ch. 910

လီလော့၏ အပြေးအလွှား တက်လှမ်းမှု

Vol. 65 Ch. 910

​"အား"

​နက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်း လီကျင်းထောင်ကို လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုကြောင့် ချက်ချင်းပင် အော်ဟစ်လိုက်မိတော့သည်။

​"ဒါက အရမ်းနာတာပဲ ငါ ဆက်မတက်တော့ဘူး"

​လီကျင်းထောင်က ထိုနေရာတွင်ပင် အပေါ်အောက် ခုန်ပေါက်နေခဲ့ပြီး သူ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ထူးဆန်းသော လိပ်ခွံအလင်းလွှာသည်လည်း မယုံနိုင်လောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် အရည်ပျော်လာခဲ့သည်။ လိပ်နဂါးပုံရိပ်ပင်လျှင် ပြင်းထန်စွာ လောင်ကျွမ်းခံလိုက်ရသဖြင့် ဝေဝါးလာခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ပျောက်ကွယ်တော့မည့်အသွင် ရှိနေသည်။

​ဤအချိန်တွင် လီချင်းဖုန်း ဘာကြောင့်

ရှေ့သို့ ဆက်လက်၍ မတက်လှမ်းရန် ရွေးချယ်ခဲ့ပြီး မီးနဂါးများ၏ ပေါက်ကွဲမှုကို မရင်ဆိုင်ခဲ့ကြောင်း ကောင်းစွာ သဘောပေါက်လိုက်သည်။

အန္တရာယ်မရှိသလို ထင်ရသော မီးလျှံမှာ အမှန်တကယ်တော့ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလှပေသည်။

​လီကျင်းထောင်သည် ခုခံမှုပိုင်းတွင် အထူးပြုထားသူဖြစ်သည်မှန်သော်လည်း ဤမီးလျှံများကို တောင့်ခံရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ခုခံမှုများ တဖြည်းဖြည်းနှင့် ပျက်စီးလာသည်ကို ခံစားမိလိုက်ချိန်တွင် လီကျင်းထောင်က အံတင်းတင်းကြိတ်ကာ ပြင်းထန်လှသော ဖိအားများကို အစွမ်းကုန် အောင့်အည်းသည်းခံရင်း ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းလိုက်တော့သည်။

​ပေနှစ်သောင်းကိုးထောင်ခုနစ်ရာတစ်ဆယ်…..

​၎င်းက လီချင်းဖုန်း၏ စံချိန်ထက် ဆယ်ပေခန့် ပိုမိုမြင့်မားနေသည်။

​ထို့နောက်တွင်မူ ရှေ့ဆက်ရန် မည်သည့်စိတ်ကူးမျှ မရှိတော့သဖြင့် အလျင်အစလိုပင် အနောက်သို့ ဆုတ်ခွာလိုက်တော့သည်။

​အနောက်သို့ ဆုတ်ခွာလိုက်ခြင်းက နဂါးပျံတက်ခြင်းပွဲကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း အမှတ်အသားပင်။ ထိုအခါသူ့ရဲ့ ပုံရိပ် ခေတ္တမျှ လှုပ်ခါသွားခဲ့ပြီးနောက် လီချင်းဖုန်းနှင့် လုချင်းမိန်တို့၏ ဘေးတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

​သူ အရင်ရောက်ရှိခဲ့သော နေရာ၌မူ တောက်ပလှသော အလင်းစက်တစ်ခု ထင်ကျန်ရစ်ခဲ့ပြီး ၎င်းက သူ့ရဲ့ အောင်မြင်မှုကို ပြသနေသည်။

​ကောင်းကင်နှင့် မြေပြင်မှာ ဤတစ်ခဏ၌ လုံးဝ ဥဿုံ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သလိုပင်……

​ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည့် အကြည့်များစွာ လီကျင်းထောင်ထံသို့ ကျရောက်လာခဲ့လေသည်။ ဤနောက်ဆုံးရလဒ်က လူတိုင်း၏ ထင်မှတ်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

​နဂါးပျံတက်ခြင်းပွဲတွင် အကောင်းဆုံးစံချိန်ကို ရရှိမည့်သူမှာ လီချင်းဖုန်း မဟုတ်ဘဲ မည်သူမျှ ဂရုမစိုက်ခဲ့ကြသည့် လီကျင်းထောင် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

​"တကယ့်ကို အကောင်းဆုံးပဲ" ဟု လီဖုန်းယီက အတိုင်းအဆမရှိ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

လီကျင်းထောင်၏ နောက်ဆုံးခြေလှမ်းက ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်၏ နောက်ဆုံးစုတ်ချက်သဖွယ် ဖြစ်နေသဖြင့် သူမ၏ မျက်နှာတွင် မထိန်းချုပ်နိုင်လောက်အောင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

​ လီချင်းဖုန်းကို ဆယ်ပေမျှသာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်မှန်သော်လည်း ဒါက နဂါးသွေးကလန်အတွက်တော့ နာကျင်စရာ အချက်တစ်ချက် ဖြစ်လာမှာ သေချာသည်။

​အထူးသဖြင့် လီဟုန်လီအတွက် ဖြစ်သည်။

​ဤအချိန်တွင် လီဖုန်းယီက လီဖုန်းယီ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ လီဟုန်လီ၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် လီဖုန်းယီ၏ စိတ်ထဲတွင် ပိုမို၍ ကြည်နူးသွားခဲ့လေသည်။

အခြားတံခွန်ကိုင်များသည်လည်း ဤထူးဆန်းလှသော ရလဒ်ကြောင့် ဆွံ့အလျက် မှင်တက်နေကြရုံသာ တတ်နိုင်တော့သည်။

​ပေနှစ်သောင်းကိုးထောင်အမှတ်သို့ ရောက်ရှိနေသည့် လီချင်းဖုန်း၏ မျက်နှာမှာ အနည်းငယ် အေးစက်သွားခဲ့ပြီး သူက လီကျင်းထောင်ကို စိုက်ကြည့်ကာ…

"ငါ့ကို ခြေတစ်လှမ်းအကွာနဲ့ အနိုင်ယူသွားတာလား... တံခွန်ကိုင် လီကျင်းထောင်… မင်း ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား" ဟု လေးနက်သော လေသံဖြင့် မေးလိုက်သည်။

​လီကျင်းထောင်က အလျင်အစလိုပင် လက်ဝှေ့ယမ်းကာ …

"ငါ ဘယ်လိုလုပ် ဒီလိုမျိုး တွေးရဲမှာလဲ… အမှန်အတိုင်း ပြောရရင် နဂါးကိုးကောင် မီးလျှံက တကယ့်ကို ကြောက်စရာကောင်းလွန်းလို့ ခဏလောက်ပဲ အစွမ်းကုန် ခုခံနိုင်ခဲ့တာ… တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ထပ် ခြေလှမ်းတစ်လှမ်း ပိုပြီး လှမ်းမိသွားတာပါ" ဟု နှိမ့်ချစွာ ရှင်းပြလိုက်သည်။

ရှင်းပြချက်ကို ကြားရသောအခါ လီချင်းဖုန်းက မျက်မှောင်ကြုံ့လိုက်ပြီး….

"နဂါးပျံတက်ခြင်းပွဲက မင်းရဲ့ ခုခံမှုပညာရပ်တွေနဲ့ ပိုပြီး ကိုက်ညီနေပုံရတယ်… အကြေးခွံလုပွဲကျမှပဲ ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့... မင်းရဲ့ လိပ်ခွံဘယ်လောက် မာလဲဆိုတာ ငါကိုယ်တိုင် စမ်းသပ်ကြည့်ချင်သေးတယ်" ဟု ဆိုလိုက်သည်။

​ထိုမျှသာ ပြောဆိုပြီးနောက် လီကျင်းထောင်ကို ဂရုမစိုက်တော့ဘဲ မျက်နှာလွှဲသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ မကျေနပ်မှုအားလုံးကို နောက်ထပ်အဆင့်သို့ ရောက်မှသာ အပြတ်ရှင်းလင်းကြရမည် ဖြစ်သည်။

​တံခွန်ကိုင်များ ဤရလဒ်ကို ကြည့်ပြီး သက်ပြင်းချနေကြစဉ်မှာပင် ဟင်းလင်းပြင်အထက်ရှိ ကလန်အကြီးအကဲ ငါးဦးစလုံးမှာလည်း ဤပြောင်းလဲမှုကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။

​"လီကျင်းထောင်က လိပ်ခွံရှစ်လွှာအတတ်ကို ကျင့်ကြံထားပုံရတယ်…ငါ သတိရသလောက်တော့ ဒါက နဂါးစွယ်ကလန်ရဲ့ တစ်ခုတည်းသော ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ မြို့စားအဆင့်ခန္ဓာကိုယ်ကျင့်စဉ် ဖြစ်လိမ့်မယ်" ဟု လီရွှမ်းဝူက မှတ်ချက်ပေးလိုက်သည်။

​လီကျင်းဇယ်ကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

နဂါးစွယ်ကလန်တွင် မြို့စားအဆင့် ခန္ဓာကိုယ်ကျင့်စဉ်

အများကြီးမရှိပေ။ သူတို့၏ ကလန်က တိုက်စစ်ပိုင်းတွင် အထူးထက်မြက်ခြင်းကြောင့် ကျော်ကြားလှသည်မှန်သော်လည်း ဤလိပ်ခွံရှစ်လွှာအတတ်မှာမူ တိုက်စစ်ပိုင်းတွင် မည်သို့မျှ ထိရောက်မှု မရှိပေ။ ၎င်းတွင် ထူးခြားသော အချက်တစ်ချက်သာ ရှိသည်၊ ထိုအရာမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှသော ခုခံမှုစွမ်းရည်ပင် ဖြစ်သည်။

သာမန်ခန္ဓာကိုယ်ကျင့်စဉ်ပညာရပ်များက လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြင့်တက်စေသည်မှန်သော်လည်း ဤပညာရပ်ကမူ ရရှိလာသမျှ စွမ်းအားအားလုံးကို ခုခံမှုစွမ်းရည် မြင့်တက်လာစေရန်အတွက်သာ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

​ထို့ကြောင့် အကယ်၍ နဂါးစွယ်ကလန်မှ အဖွဲ့ဝင်တစ်ဦးက ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို ကျင့်ကြံလိုလျှင် ဤအရာကို မည်သို့မျှ ရွေးချယ်မည်မဟုတ်ပေ။

​ထိုကျင့်စဉ်က အလွန်ပင် လူကြိုက်နည်းလှသော်ငြားလည်း ၎င်း၏ ခုခံမှုစွမ်းရည်ကမူ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ အကယ်၍ လူတစ်ဦးသာ လိပ်ခွံရှစ်လွှာအဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ခုခံမှုစွမ်းရည်မှာ ကံကြမ္မာအဆင့်ရှိသော မြို့စားအဆင့်ပညာရပ်တစ်ခုနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ ရှေးယခင်က ကောင်းကင်နဂါးကလန်ကြီးငါးခုမှ အကြီးအကဲတစ်ဦးက ဤပညာရပ်ကို အလွန်မြင့်မားသောအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ဖူးပြီး အဆင့်ရှစ် မြို့စားကျွမ်းကျင်သူအဆင့်ဖြင့် ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ တိုက်ရိုက်တိုက်ခိုက်မှုကို ခံယူခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့ဖူးသည်။

ထိုသတင်းက မူလကောင်းကင် နတ်ဘုရားကုန်းမြေတစ်ခုလုံးကိုဆူညံသွားစေခဲ့ဖူးသည်။

​ဒါတင် မကသေးပေ၊ ဤလိပ်ခွံရှစ်လွှာအတတ်ကို တတ်မြောက်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ ဤပျင်းရိတတ်သော ကောင်လေးက ထိုကျင့်စဉ်ကို ဤမျှအထိ အောင်မြင်အောင် ကျင့်ကြံထားနိုင်သလဲဆိုတာ မည်သူမျှ မသိကြပေ။ လက်ရှိအခြေအနေအရ သူသည် စတုတ္ထမြောက် လိပ်ခွံအဆင့်သို့ ရောက်ရှိထားသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း ထင်ရှားလှသည်။

“ဒီကောင်လေးက ခုခံမှုစွမ်းရည်တစ်ခုတည်းကိုသာ အားကိုးပြီး ဒီခြေလှမ်းအထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့တဲ့ ငါမြင်ဖူးသမျှထဲက ပထမဆုံးလူပဲ" ဟု နဂါးအကြေးခွံကလန်၏ အကြီးအကဲဖြစ်သူ လီချင်းယင်က မှတ်ချက်ချလိုက်သည်။

​"သူက ကောင်းကင်နဂါးကလန်ကြီး ငါးခုလုံးမှာ အသားအထူဆုံးနဲ့ အမာဆုံး လူတစ်ယောက် ဖြစ်လာမယ့် အလားအလာ ရှိနေပုံရတယ်" ဟု နဂါးဦးချိုကလန်၏ အကြီးအကဲဖြစ်သူ လီကျန်းကျောက်က ခါးသီးစွာ ပြုံးလျက် ဆိုလိုက်သည်။

"သူ ဒီလောက်ထိ သွားနိုင်တာက တိုက်ဆိုင်သွားတာပါ… သူ့ရဲ့ စွမ်းရည်က နဂါးပျံတက်ခြင်းပွဲကို ရင်ဆိုင်ဖို့အတွက် အလွန်ကိုက်ညီနေရုံပါပဲ…. မဟုတ်ရင် သူ လီချင်းဖုန်းနဲ့ လုချင်းမိန်တို့ကို ဘယ်နည်းနဲ့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

ထိုသုံးသပ်ချက်ကို အခြားသူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။ ဤစမ်းသပ်မှုက သူ့အတွက် အလွန်သင့်တော်နေခြင်း ဖြစ်သည်။ သို့သော်လည်း ကံကောင်းခြင်းဆိုသည်မှာလည်း စွမ်းအားတစ်ခုပင် မဟုတ်ပါလား။

​"ဒီစမ်းသပ်မှုက ပြီးဆုံးသွားပြီလို့ ယူဆလို့ရနေပြီ" ဟု လီထျန်းကျီက ရုတ်တရက် ပြုံးလျက် ဆိုလိုက်သည်။

လီကျင်းဇယ်က

​" မသေချာသေးဘူး…လီလော့ရဲ့ တက်လှမ်းမှုကို မပြီးဆုံးသေးဘူးလေ"

​လူတိုင်း၏ အကြည့်များက ကျောက်နဂါးကြီးထံသို့ ထပ်မံ၍ ကျရောက်သွားခဲ့ကြပြီး လီလော့တယောက် ခြေတစ်လှမ်းချင်းစီကို သေချာစွာ လှမ်းရင်း အထက်သို့ ဆက်လက်တက်လှမ်းနေသည်ကို မြင်တွေ့လိုက်ကြရသည်။ အရှိန် နှေးကွေးနေသော်လည်း လီချင်းဖုန်းတို့ ရှိရာ နေရာသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာနေခဲ့ပြီ ဖြစ်သည်။

​"သူက နဂါးဖိအားကို အသုံးချပြီး ပဲ့တင်ထပ်သံစွမ်းအားကို သန့်စင်နေတာပဲ" ဟု လီချင်းယင်က သုံးသပ်လိုက်သည်။

ထိုအခါ ​လီရွှမ်းဝူက ခေါင်းညိတ်ပြကာ…

"သူက ဒီပြင်းထန်လှတဲ့ ဖိအားကို အသုံးချပြီး ရှီးဂန်းစွမ်းအားတွေ စုစည်းဖို့ ကြံစည်နေတာ ဖြစ်ရမယ်"

​"တကယ့်ကို ရဲရင့်တာပဲ... နဂါးပျံတက်ခြင်းပွဲကို ကိုယ်ရည်သွေးဖို့ ဓားသွေးကျောက်တစ်ခုအဖြစ် အသုံးချရဲတယ်…. သာမန်လူတစ်ယောက်ဆိုရင် ဒါကို လုပ်ရဲမှာ မဟုတ်ဘူး။ အကယ်၍ မရည်ရွယ်ဘဲ အမှားတစ်ခုခု လုပ်မိရင် ပျက်စီးသွားစေနိုင်တယ်လေ" ဟု လီကျန်းကျောက်က ဆိုလိုက်သည်။

​"ရဲရင့်ပြီး အကျိုးအကြောင်း စဉ်းစားဉာဏ် ရှိတာပဲ… သူက လီချင်းဖုန်းတို့ထက် ကျင့်စဉ်အဆင့်ပိုင်းမှာ အားနည်းနေတာဖြစ်လို့ အကယ်၍ သူသာ သူတို့ကို အမှီလိုက်ချင်ရင် အခုလို ထူးခြားတဲ့ နည်းလမ်းကို အသုံးချပြီး အထွတ်အထိပ်နေရာကို တက်လှမ်းရမှာပေါ့… အကယ်၍ သူသာ ရှီးဂန်းစွမ်းအားတွေကို တကယ်ပဲ သန့်စင်နိုင်ခဲ့ရင် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ထုတ်သုံးနိုင်လာလိမ့်မယ်"

ကလန်အကြီးအကဲ ငါးဦးစလုံးက အတွေ့အကြုံ ရင့်ကျက်လှသူများဖြစ်ကြသဖြင့် လီလော့၏ ရည်ရွယ်ချက်ကို အလွယ်တကူပင် ရိပ်မိလိုက်ကြခြင်း ဖြစ်သည်။

​"ကောင်းပြီ... သူ အထွတ်အထိပ်နေရာကို ရောက်နိုင်မလားဆိုတာ ငါတို့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့"

​ကလန်အကြီးအကဲ ငါးဦးစလုံး လီလော့ထံသို့ အာရုံစိုက်ထားကြသလို ကျန်ရှိသည့် တံခွန်ကိုင်များသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှေ့ဆက်၍ တက်လှမ်းနိုင်စွမ်းရှိသူမှာ လီလော့တစ်ဦးတည်းသာ ကျန်ရှိတော့သောကြောင့်ပင် ဖြစ်သည်။

​ကျန်ရှိသည့်သူများအားလုံးမှာ မိမိတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။

​ရေတွက်မရနိုင်သော အကြည့်များအောက်တွင် လီလော့၏ ခန္ဓာကိုယ်ပေါ်၌ သုံးရောင်ခြယ် အလင်းတန်းများ ပြင်းထန်စွာ လင်းလက်နေပြီး ပဲ့တင်ထပ်သံစွမ်းအားများမှာလည်း ရပ်တန့်ခြင်းမရှိဘဲ အပြင်သို့ စီးထွက်နေကာ ပဲ့တင်ထပ်သံနန်းတော် သုံးခုစလုံးမှာလည်း တဂျိန်းဂျိန်း မြည်ဟည်းနေခဲ့သည်။

​နောက်ဆုံးတွင် လီလော့ ပေနှစ်သောင်းကိုးထောင်အမှတ်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​လီလော့ အပေါ်ကို မော့ကြည့်လိုက်ပြီး မိမိရှေ့မှ အစင်းကြောင်းများ ထင်ကျန်နေသော ကျောက်လှေကားများကို စိုက်ကြည့်လိုက်သည်။

ထိုစဉ် ​"ညီလေး... အစွမ်းကုန် ကြိုးစားစမ်း" ဟူသော လီကျင်းထောင်၏ အော်ဟစ်အားပေးသံ ထွက်ပေါ်လာခဲ့သည်။

​လီချင်းဖုန်းနှင့် လုချင်းမိန်တို့ကမူ မည်သည့်စကားမျှ မပြောကြဘဲ သူ့ကိုသာ အသံတိတ် စိုက်ကြည့်နေကြသည်။

​လီလော့က လီကျင်းထောင်ကို ပြုံးပြလိုက်ပြီး…. "အစ်ကိုကြီး... မင်း တကယ့်ကို ကောင်းကောင်း ဝှက်ထားနိုင်တာပဲ မင်းက လက်ရှိအချိန်အထိ အကောင်းဆုံးစံချိန်ကိုတောင် ရယူသွားနိုင်ခဲ့တာပဲ" ဟု ဆိုလိုက်သည်။

​သူသည် ခန္ဓာကိုယ်ကို သန့်စင်ခြင်း၌ အပြည့်အဝ အာရုံစိုက်ထားသည်မှန်သော်လည်း စိတ်အာရုံအချို့ကို ခေတ္တခွဲထုတ်ပြီး လီကျင်းထောင်၏ တက်လှမ်းမှုကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

​လီကျင်းထောင်က ခေါင်းယမ်းကာ….

"တံခွန်ကိုင် လီချင်းဖုန်းပြောတာ မှန်တယ်… နဂါးပျံတက်ခြင်းပွဲက ငါ့အတွက် သင့်တော်နေလို့ပါကွာ… ငါ လုပ်နိုင်တာက ငါ့ရဲ့ အရေထူတဲ့ ခန္ဓာကိုယ်ကို အားကိုးပြီး ရှေ့ကို တရစပ် တက်လှမ်းခဲ့တာပဲ ရှိတာပါ"

​"ကဲပါ... မင်းရဲ့ အရေထူတဲ့ ခန္ဓာကိုယ်ကလည်း မင်းကိုယ်တိုင် အပြင်းအထန် ကျင့်ကြံထားခဲ့လို့ ရလာတာပဲလေ… ဒါက မွေးကတည်းက ပါလာတာမှ မဟုတ်ဘဲ... ဒါမှမဟုတ် မွေးကတည်းက ပါလာတာလား"

"အင်း... ဒါလည်း ဟုတ်တာပဲ..."

​လီလော့က ပြုံးလိုက်ပြီး ထပ်မံ၍ စကားမပြောတော့ပေ။ လေအေးတသုတ် ရှူသွင်းလိုက်ပြီးနောက် ပေနှစ်သောင်းကိုးထောင်အမှတ်ကို ဖြတ်ကျော်ကာ အထက်သို့ ဆက်လက်တက်လှမ်းခဲ့သည်။

ထိုအခါ ​မီးခိုးရောင် မီးနဂါး ကိုးကောင် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့ပြီး ပြင်းထန်လှသော နဂါးဖိအားကြီးက သူ့အပေါ်သို့ ဖိချလိုက်တော့သည်။

ပုခုံးနှစ်ဖက်လုံး မခံမရပ်နိုင်လောက်အောင် လေးလံသွားကြောင်း လီလော့ ခံစားလိုက်ရသည်။

​"သုံးရောင်ခြယ် ဖန်သားခန္ဓာ"

ထိုအခါ လီလော့၏ ခန္ဓာကိုယ်ပေါ်မှ သုံးရောင်ခြည် အလင်းတန်းများ ပိုမို၍ ပြင်းထန်စွာ ဖြာထွက်လာခဲ့ပြီး ၎င်းတို့က သူ့ကို ကာကွယ်ပေးထားသည့် အလင်းလွှာ တစ်ခုအသွင် ဖန်တီးလိုက်သည်။

​"သုံးရောင်ခြယ် ဝိညာဉ်အမှတ်အသား"

သူ့ခန္ဓာကိုယ်ပေါ်ရှိ သုံးရောင်ခြည် ဝိညာဉ်အမှတ်အသားများလည်း တစ်ပြိုင်နက်တည်း လင်းလက်လာခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ပိုမိုကြည်လင်ကာ ပိုမိုသန်မာလာခဲ့ပြီး ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။

​"အမြွှာပဲ့တင်ထပ်သံစွမ်းအား - တတိယအဆင့်…”

အမြွှာပဲ့တင်ထပ်သံစွမ်းအားကိုလည်း အပြည့်အဝ အသက်သွင်းလိုက်ချေပြီ။

၎င်းအတွင်း၌ဝိညာဉ်အကြွင်းအကျန်များစွာ ပါဝင်နေသဖြင့် ပဲ့တင်ထပ်သံစွမ်းအားကို ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိစေသည်။ ဤသည်က လောင်ကျွမ်းနေသော မီးနဂါးများကို ပိုမိုထိရောက်စွာ ခုခံနိုင်စေပြီး ပိုမိုကြာရှည်စွာ တောင့်ခံနိုင်စေသည်။ ပဲ့တင်ထပ်သံစွမ်းအား၏ စစ်မှန်သော အရည်အသွေးပိုင်းတွင်မူ သူသည် အဆင့်ရှစ် ရေပဲ့တင်ထပ်သံစွမ်းအားနှင့် အဆင့်ခုနစ် သစ်သားပဲ့တင်ထပ်သံစွမ်းအားတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သဖြင့် လီချင်းဖုန်း၏ အဆင့်ကိုးတပိုင်း လေနဂါးပဲ့တင်ထပ်သံစွမ်းအားနှင့် ယှဉ်လျှင် ပိုမိုထိရောက်မှု ရှိမှာ သေချာသည်။

​"မိုးကြိုးကိုယ်ပွား…"

လီလော့က မိမိတွင် ရှိသမျှ ဝှက်ဖဲအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ မိုးကြိုးသံတစ်ချက်နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ ခုခံမှုစွမ်းရည်မှာ နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံ၍ မြင့်တက်လာခဲ့ပြန်သည်။

​ဝှက်ဖဲတိုင်းကို ယခုအချိန်တွင် အပြည့်အဝ ထုတ်ပြလိုက်ချေပြီ။

​ဤအရှိန်အဝါများအားလုံး၏ အကူအညီဖြင့် ရှေ့သို့ ခြေတစ်လှမ်းချင်းစီ တရစပ် တက်လှမ်းခဲ့ပြန်ရာ ​ခေတ္တအကြာတွင် လုချင်းမိန် ရှေးယခင်က ရောက်ရှိခဲ့သော ပေနှစ်သောင်းကိုးထောင်ခြောက်ရာရှစ်ဆယ်အမှတ်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့မှ ပြင်းထန်လှသော နဂါးဖိအားများ သူ့ထံသို့ အရူးအမူး ဖိချလိုက်သဖြင့် တက်လှမ်းမှု ခေတ္တမျှ နှေးကွေးသွားခဲ့ရသည်။

ထိုပြင်းထန်လှသော ဖိအားကြောင့် အရိုးများထံမှ သေးငယ်သော ကွဲအက်သံတစ်ခုပင် ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်လှသော လောင်ကျွမ်းမှု နာကျင်မှုများ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းတော့မည့်မလို ခံစားနေရသည်။

​သို့သော်လည်း လီလော့ ဤနေရာတွင် ရပ်တန့်မသွားခဲ့ပေ။ စက္ကန့်အနည်းငယ်မျှ စိတ်ကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ပြီးနောက် ရှေ့သို့ ဆက်လက်၍ အားကုန်တိုးဝင်ခဲ့သဖြင့်

ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် ပေနှစ်သောင်းကိုးထောင်ခုနစ်ရာအမှတ်ပေါ်သို့ တိုက်ရိုက် ခြေချလိုက်မိတော့သည်။

​ထိုအခါ ခန္ဓာကိုယ်ပတ်လည်ရှိ မီးနဂါး ကိုးကောင်မှာ အချင်းချင်း စတင်ပေါင်းစပ်သွားခဲ့ကြပြီး နက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက လီလော့ကို သားကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

​နဂါးကိုးကောင် ပေါင်းစပ်ခြင်း….

​ဤအချိန်တွင် ရေတွက်မရနိုင်သော အကြည့်များအားလုံး လီလော့ထံသို့ ကျရောက်နေကြပြီ ဖြစ်သည်။

ဤသာမန်မျှသာရှိသော မီးလျှံအမျှင်တန်းက မည်မျှအထိ ကြောက်စရာကောင်းကြောင်း သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

လီချင်းဖုန်းပင်လျှင် ခန္ဓာကိုယ် ပျက်စီးသွားမှာကို စိုးရိမ်သဖြင့် ခေတ္တမျှ တွန့်ဆုတ်ပြီးနောက် အနောက်သို့ ဆုတ်ခွာရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

​လီကျင်းထောင်တစ်ဦးတည်းသာ ရှေ့သို့ ဆက်လက်တက်လှမ်းရဲခဲ့ပြီး ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကို အားကိုးကာ ခြေတစ်လှမ်း ထပ်မံလှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

နှမြောစရာကောင်းသည်က သူသည်လည်း အပြင်းအထန် လောင်ကျွမ်းခံလိုက်ရသဖြင့် မကြာမီမှာပင် အလျင်အစလို ပြန်လည်ဆုတ်ခွာခဲ့ရသည်။

​လီလော့တွင် ပဲ့တင်ထပ်သံ သုံးမျိုးနှင့် သုံးရောင်ခြယ် ဖန်သားခန္ဓာ ရှိနေသည်မှာ မှန်သော်လည်း နတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိသေးသည်။

​ဤမျှ မြင့်မားသော အဆင့်အထိ တက်လှမ်းနိုင်ခြင်းကပင် သူ့ရဲ့ အစွမ်းကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပေသုံးသောင်း အထွတ်အထိပ်နေရာသို့ ရောက်ရှိရန် ကြိုးစားခြင်းမှာ လေထဲတွင် အိမ်ဆောက်နေသလို ဖြစ်နေပေလိမ့်မည်။

​လီလော့၏ မြင်ကွင်းထဲတွင် ထိုနက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။ သူသည် ၎င်းထံမှ အသိဉာဉ်အချို့ကိုပါ ခံစားနေရပြီး ၎င်းက သူ့ကို စိုက်ကြည့်နေသည်။ လီလော့ ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံလှမ်းရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမီးလျှက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအားလုံးကို ချက်ချင်း ထုတ်သုံးမှာ သေချာသည်။

​"ဟူး..."

​ပြင်းထန်လှသော ဖိအားများကို ခံစားရင်း မီးနဂါးကြီးကြောင့် ပူပြင်းနေသော လေထုကို လီလော့ တစ်ချက် ရှူသွင်းလိုက်သည်။ သူ့ မျက်ဝန်းအတွင်း၌ ပြတ်သားလှသော အရောင်များ ပြည့်နှက်နေခဲ့ချေပြီ။

​အကယ်၍ သူ ရှေ့ဆက်ပါက အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်ပြီး ၎င်းက လာမည့် အကြေးခွံလုပွဲတွင် သူ့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်မှာ မှန်သော်လည်း လက်လျှော့ရန် မည်သို့မျှ အစီအစဉ်မရှိပေ။

​သူ လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးမှတော့ နောက်ဆုံးအထိ အကောင်းဆုံးကိုသာ လုပ်ဆောင်သွားမည် ဖြစ်သည်။ ယခုအချိန်တွင် ကြောက်ရွံ့နေခြင်းက အရှက်ရစရာသာ ဖြစ်လာပေလိမ့်မည်။

​ဤအတွေးများဖြင့် လီလော့ ရှေ့သို့ ရဲရင့်စွာ ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်တော့သည်။ ပွဲကြည့်ပရိသတ်အားလုံး၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားမှာပင် ထိုနက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်း၏ လောင်ကျွမ်းမှုကို ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခံယူလိုက်လေတော့သည်။

All Chapters