← Chapters

နဂါးသတ်ခြင်း

Vol. 65 Ch. 911

နဂါးသတ်ခြင်း

Vol. 65 Ch. 911

လီလော့၏ ခန္ဓာကိုယ်အတွင်းသို့ ​နက်မှောင်သော ရွှေရောင်မီးလျှံထိုးဖောက်ဝင်ရောက်သွားမှသာ ၎င်း၏ စစ်မှန်သော ကြောက်မက်ဖွယ်ရာကို နောက်ဆုံး၌ ခံစားလိုက်ရတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် သုံးရောင်ခြယ် အလင်းတန်းများပင် တစ်ဝက်ခန့်အထိ မှေးမှိန်သွားခဲ့ရသည်။

​အမြွှာပဲ့တင်ထပ်သံစွမ်းအားမှ ဝိညာဉ်အကြွင်းအကျန်များသာ ထိုနက်မှောင်သော ရွှေရောင်မီးလျှံကို အားကုန်ခုခံရင်း အနည်းငယ် တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်း၏ စစ်မှန်သော အရည်အသွေးပိုင်းက မြင့်မားလှသည်မှန်သော်လည်း စွမ်းအားပိုင်းတွင်မူ ဤမီးလျှံကို ယှဉ်နိုင်လောက်အောင် မသန်မာသေးပေ။

မီးနဂါးကြီးက ဟိန်းဟောက်ကာ ရက်စက်စွာ လောင်ကျွမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အမြွှာပဲ့တင်ထပ်သံစွမ်းအားများ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

​မယုံနိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုလှိုင်းများ လီလော့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နေရာအနှံ့၌ အန္တရာယ်ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။

သူသည် ဤနက်မှောင်သော ရွှေရောင်မီးလျှံကို အထင်သေးခဲ့ခြင်းမရှိသော်လည်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကိုယ်တိုင် ခံယူလိုက်ရချိန်တွင် ကျောပြင်တစ်ခုလုံးပင် အေးစက်သွားခဲ့ရသည်။

​လီချင်းဖုန်း စမ်းပင်မစမ်းသပ်ဘဲ ချက်ချင်း လက်လျှော့ရန် အဘယ့်ကြောင့် ရွေးချယ်ခဲ့လဲဆိုတာ အံ့ဩစရာမဟုတ်တော့ပေ။

​တစ်ချိန်တည်းမှာပင် လီလော့၏ ခန္ဓာကိုယ်ပေါ်မှ သုံးရောင်ခြယ် ဖန်သားခန္ဓာ၏ ကာကွယ်မှုများ အရှိန်အဟုန်ဖြင့် လျော့ပါးသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူအုပ်ကြီးကြားမှ ထိတ်လန့်တကြား အော်ဟစ်သံများစွာ ထွက်ပေါ်လာခဲ့သည်။

လီလော့သည်လည်း ဤကြောက်စရာကောင်းသော မီးလျှံကို မတောင့်ခံနိုင်တော့သည့်အသွင် ရှိနေသည်။

​လီဖုန်းယီနှင့် လီကျင်းထောင်တို့၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့လေသည်။

​တစ်ဖက်တွင်မူ လီချင်းဖုန်းက လီလော့ကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး လုချင်းမိန်ကမူ ဤမြင်ကွင်းကို ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ မည်သို့မျှ မဖြစ်နိုင်သောအရာဟု သူမ ယူဆလိုက်ခြင်း ဖြစ်သည်။

​ဤအချိန်တွင် လီဟုန်လီက အေးစက်စွာ လှောင်ရယ်လိုက်ပြီး သူမ၏ ရင်ထဲမှ မကျေနပ်မှုများမှာ ကွယ်ပျောက်သွားခဲ့ကာ…

"တကယ့်ကို မောက်မာလွန်းတဲ့ ကောင်လေးပဲ… နတ်ဆိုးခန္ဓာအဆင့်မှာပဲ ရှိသေးတာကို ရှေ့ဆက်တိုးရဲတယ်ပေါ့…. တကယ်ပဲ အံ့ဖွယ်အသွင် ပြောင်းလဲမှုတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ထင်နေတာလား" ဟု လှောင်ပြောင်လိုက်တော့သည်။

​ဟင်းလင်းပြင်အထက်ရှိ ကလန်အသီးသီးမှ အကြီးအကဲများသည်လည်း ထိုမီးခိုးရောင် မီးလျှံများအောက်တွင် ဖုံးလွှမ်းနေသော လီလော့၏ မားမားမတ်မတ် ရှိလှသော ပုံရိပ်ကို ရှုပ်ထွေးသော မျက်နှာထားများဖြင့် စောင့်ကြည့်နေကြသည်။

​သို့သော်ငြားလည်း လီလော့ကမူ ထိုပြင်ပမှ အကြည့်များအားလုံးကို မည်သို့မျှ ဂရုမစိုက်ပေ။

သူသည် ဤအချိန်တွင် နက်မှောင်သော ရွှေရောင်မီးလျှံကို ပြန်လည်ခုခံရန်အတွက်သာ စိတ်အာရုံကို အပြည့်အဝ စုစည်းထားသည်။

​နဂါးကိုးကောင် ပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာသည့် ဤမီးလျှံကို ရင်ဆိုင်ရာတွင် ခုခံမှုတစ်ခုတည်းနှင့် မလုံလောက်နိုင်ကြောင်း ချက်ချင်းပင် နားလည်လိုက်သည်။

​အဘယ်ကြောင့်ဆိုသော် မယုံနိုင်လောက်အောင် ခိုင်မာလှသော ခုခံမှုစွမ်းရည်ရှိသည့် လီကျင်းထောင်ပင်လျှင် ခြေတစ်လှမ်းမျှသာ တောင့်ခံနိုင်ခဲ့သည် မဟုတ်ပါလား။

​တစ်နည်းအားဖြင့် ပြောရလျှင် ဤခုခံမှုနည်းလမ်းက နောက်ဆုံးခရီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည့် နည်းလမ်းမဟုတ်ပေ။ အနည်းဆုံးတော့ ဒါက လီလော့ ရည်ရွယ်ထားသည့် နည်းလမ်းမဟုတ်ပေ။

​သူသည် အရာအားလုံးကို ပုံမှန်အတိုင်း လုပ်ဆောင်တတ်သူ မဟုတ်ခဲ့ပေ။

​ အကယ်၍ နဂါးကိုးကောင် ပေါင်းစပ်ခြင်းမှ ထွက်ပေါ်လာသည့် ဤမီးလျှံကို မခုခံနိုင်ဘူးဆိုလျှင်.၎င်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရင်ကော….

​သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော မီးလျှံများကို ဖျက်ဆီးပစ်နိုင်ရန်အတွက် ပြင်းထန်လှသော စွမ်းအားများကို မည်မျှအထိ ထုတ်သုံးရမည်နည်း။

​လီလော့ ဤအကြောင်းကို အများကြီး တွေးမနေတော့ပေ။အဓိက အာရုံစိုက်မှုမှာ မိမိတွင် ရှိသမျှ အစွမ်းအားလုံးကို ထုတ်သုံးကာ လက်ချက်တစ်ချက်တည်းဖြင့် ၎င်းကို ရှင်းလင်းပစ်ရန်သာ ဖြစ်သည်။

​သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ လက်ဝါးအတွင်း၌ ရှေးဟောင်းဆန်ပြီး ဖြောင့်စင်းလှသော ဓားတလက် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ‘ရွှေကျောက်စိမ်း ဆင်စွယ်ဓား’ပင် ဖြစ်သည်။

​သူသည် ၎င်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ဓားချက်ကို မိမိ၏ ရှေ့တွင် အသင့်ပြင်ဆင်လိုက်သည်။

​သို့သော်လည်း ပုံမှန်အတိုင်း လုပ်ဆောင်ခြင်းမဟုတ်ပေ။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်နေပြီး ကြွက်သားများ တဖြည်းဖြည်းနှင့် တင်းမာလာခဲ့သည်။ ၎င်းမှာ သားကောင်တစ်ကောင်ကို အပိုင်ဖမ်းရန်အတွက် အသင့်ပြင်နေသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။

​တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်မှ သုံးရောင်ခြယ် ဖန်သားခန္ဓာ၏ ကာကွယ်မှုများ အရှိန်အဟုန်ဖြင့် ဆက်လက်၍ လျော့ပါးနေခဲ့သည်။

​စက္ကန့်အနည်းငယ်မျှ ကုန်ဆုံးသွားပြီးနောက်တွင်မူ ကာကွယ်မှုအားလုံး လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ထိုတစ်ခဏ၌ပင် လီလော့၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော မီးလျှံများ၏ လောင်ကျွမ်းမှုဒဏ်ကြောင့် နီမြန်းလာခဲ့ပြီး အရေပြားပေါ်မှ သွေးစိမ်းများ စီးထွက်လာခဲ့သော်လည်း ၎င်းတို့မှာ ချက်ချင်းပင် အငွေ့ပျံသွားခဲ့လေသည်။

​ဤအချိန်သို့ ရောက်ရှိလာမှသာ သူ့ မျက်ဝန်းများအတွင်း၌ ပြတ်သားလှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့တော့သည်။

​ဘုန်း

လီလော့၏ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားများ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသည့်နှယ် အပြင်သို့ ထိုးထွက်လာခဲ့သည်။ ယခုထွက်ပေါ်လာသည့် ပဲ့တင်ထပ်သံစွမ်းအား ပမာဏမှာ လီလော့ အရင်က ထုတ်ပြခဲ့ဖူးသမျှထက် အဆပေါင်းများစွာ ပိုမိုများပြားလှသည်။

​ထိုသန့်စင်လှသော ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများကြားတွင် နက်မှောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရှီးဂန်းစွမ်းအားများတစ်ဟုန်ထိုး စီးထွက်လာခဲ့ပြီး ၎င်းတို့ထံမှ မယုံနိုင်လောက်အောင် ထက်မြက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

​ထိုရှီးဂန်းစွမ်းအားများ ကောင်းကင်ယံထံသို့ အရူးအမူး ထိုးထွက်သွားခဲ့ပြီး ပေလေးရာခန့်အထိ မြင့်မားလှသော အရှိန်အဝါကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

​ရေတွက်မရနိုင်သော ပွဲကြည့်ပရိသတ်အားလုံး ဤပြောင်းလဲမှုကို ကြည့်ကာ ထိတ်လန့်မှုရော အံ့ဩမှုကိုပါ ခံစားလိုက်ကြရသည်။

​ထိုကြောက်မက်ဖွယ်ကောင်းသော ရှီးဂန်းစွမ်းအားများမှာ သူတို့အားလုံးအတွက် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ဖြစ်သည်။ ၎င်းက နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်၏ အမှတ်အသားတစ်ခုပင် မဟုတ်ပါလား။

​လီလော့ ဤတစ်ခဏ၌ပင် ကျင့်စဉ်အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။

​ဒါတင် မကသေးဘဲ လီလော့၏ ရှီးဂန်းစွမ်းအားများက ပေလေးရာခန့်အထိ မြင့်မားနေသည်။ဤသည်က မယုံနိုင်လောက်အောင် ခိုင်မာတောင့်တင်းလှသော အခြေခံအုတ်မြစ်၏ အမှတ်အသားပင် ဖြစ်သည်။

​ကလန်အသီးသီးမှ အကြီးအကဲများသာ လီလော့ ဤကဲ့သို့ အဆင့် တက်နိုင်ခြင်းမှာ နဂါးပျံတက်ခြင်းပွဲအတွင်း ကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ပြင်းထန်လှသော ဖိအားများက စပရိန်တစ်ခုသဖွယ် ဖြစ်နေပြီး ၎င်းကို မည်မျှပင် ပြင်းထန်စွာ ဖိချထားပါစေ၊ ပြန်လည်ထွက်ပေါ်လာမည့် တုံ့ပြန်မှုက ပိုမို၍ ပြင်းထန်လာမှာ ဖြစ်သည်။

​လီလော့က နဂါးပျံတက်ခြင်းပွဲထံမှ ပြင်းထန်လှသော ဖိအားများကို အသုံးချကာ ကျင့်စဉ်အဆင့်ကို ပေလေးရာမြင့်သော ရှီးဂန်းစွမ်းအားများဖြင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

​ဤသည်က သာမန်လူတစ်ယောက် မည်သို့မျှ မတုပနိုင်သော နည်းလမ်းမျိုး ဖြစ်သည်။ အကယ်၍ မရည်ရွယ်ဘဲ အမှားတစ်ခုခု လုပ်မိပါက ထိုပြင်းထန်လှသော ဖိအားအောက်တွင် ခန္ဓာကိုယ် ကွဲအက်ပျက်စီးသွားနိုင်ခြေ ရှိသည်။

​ယခုအချိန်တွင် လီလော့က ဤပြန်လည်ထွက်ပေါ်လာသော စွမ်းအားများကို အသုံးချကာ နက်မှောင်သော ရွှေရောင်မီးလျှံကို တိုက်ရိုက် ချေမှုန်းပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

ဤသည်က ​တကယ့်ကို ရဲရင့်ပြီး ကြီးကျယ်ခမ်းနားလှသော အတွေးအခေါ်တစ်ခုပင်….

​သို့သော်လည်း

​အကြီးအကဲများ၏စိတ်ထဲတွင် အနည်းငယ် စိုးရိမ်မှုများ ရှိနေခဲ့သည်။ ထိုနက်မှောင်သော ရွှေရောင်မီးလျှံအတွင်း၌ ကောင်းကင်နဂါး၏ စစ်မှန်သော စိတ်ဆန္ဒအမျှင်တန်းတစ်ခု ပါဝင်နေသည်။ လီလော့၏ တိုက်ခိုက်မှုက အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်မှန်သော်လည်း ၎င်းက ထိုမီးလျှံကို တားဆီးနိုင်ရန်အတွက် လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။

​လီကျင်းဇယ်က လီလော့ကို မည်သည့်အမူအရာမျှမရှိဘဲ စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ့ လက်ဝါးနှစ်ဖက်လုံးမှာမူ ကုလားထိုင် လက်တန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

​သူ့အနီးအနားရှိ လီချင်းဖန်နင့်လီကျန်းပန်တို့ကလည်း အလွန်ပင် စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြသည်။

​သူတို့၏ အကြည့်များအောက်တွင် လီလော့၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် မိမိရှေ့မှ နက်မှောင်သော ရွှေရောင်မီးလျှံကို ရက်စက်လှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

​ထိုမီးလျှံများ မြင့်တက်လာချိန်တွင် ၎င်းအတွင်း၌ ဧရာမ နဂါးကြီးတစ်ကောင် ရှိနေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသလိုပင် ထင်ရသည်။

​ထိုနဂါးကြီး၏ စိုက်ကြည့်မှုအောက်တွင် လီလော့၏ မြင့်မားလှသော စိတ်ဓာတ်များ ခေတ္တမျှ တုန်လှုပ်သွားခဲ့ရသည်။ ၎င်းမှာ မိမိလက်ထဲရှိ ဓားတစ်စင်းတည်းဖြင့် စစ်မှန်သော နဂါးကြီးတစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်ရတော့မည့်အသွင် ရှိနေသည်။

​၎င်းမှာ ဧရာမ တောင်ကြီးတစ်လုံးကို ရွှေ့ရန် ကြိုးစားနေသည့် သေးငယ်လှသော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေပြီး မည်သို့မျှ မျှော်လင့်ချက် မရှိလှပေ။

​သို့သော်ငြားလည်း လီလော့ကတော့ မည်သည့်ကြောက်ရွံ့မှု အမူအရာမျှ မပြခဲ့ပေ။ သူသည် နဂါးစွယ်ကလန်သို့ ရောက်ရှိလာခြင်းမှာ သက်တောင့်သက်သာ နေထိုင်ရန်အတွက် မဟုတ်ခဲ့ပေ။ တိုတောင်းလှသော သက်တမ်းနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများက သူ့ ဦးခေါင်းအထက်တွင် ဓားမိုးထားသလို အမြဲတမ်း တည်ရှိနေခဲ့သဖြင့် သူ့ကို အမြဲတမ်း တင်းမာသော အခြေအနေတွင်သာ ရှိနေစေခဲ့ခြင်း ဖြစ်သည်။

​အတိအကျ ပြောရလျှင် သူ အသက်ရှင်ရန်အတွက် နောက်ထပ် သုံးနှစ်ခန့်သာ အချိန်ကျန်ရှိတော့သည်။

​အကယ်၍ သူသာ ထိုအချိန်မတိုင်ခင် မြို့စားအဆင့်သို့ မရောက်ရှိနိုင်ခဲ့လျှင် သက်တမ်းကုန်ဆုံးပြီး သေဆုံးသွားမည် ဖြစ်သည်။

​ဤအချက်က နဂါးစွယ်ကလန်အတွင်းရှိ မည်သူ့ကိုမျှ သူ မမျှဝေခဲ့ဖူးသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး အဘိုးဖြစ်သူကိုပင် မပြောပြခဲ့ဖူးပေ။

ဒါက သူ့ရဲ့ ကိုယ်ပိုင် မာနကြောင့်လည်း ဖြစ်သည်။ သူ့အတွက် ဤမျှအထိ ကြီးမားသော နောက်ခံ ရှိနေခဲ့သည်မှာ မှန်သော်လည်း အကယ်၍ သူသာ ထိုသို့ လုပ်ဆောင်ခဲ့လျှင် ရှေ့ဆက်၍ ကြိုးစားအားထုတ်ရန်အတွက် တွန်းအား အဘယ်မှာ ရှိတော့မည်နည်း။ သူ လိုအပ်သမျှ အရာအားလုံးကို အလွယ်တကူ ရရှိနိုင်သော်လည်း လီတိုင်ရွှမ်နှင့် တန်ထိုင်လန်တို့၏ သားပီပီ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် မွေးရာပါ မာနတရားကို ဘယ်တော့မှ လက်လွှတ်ခဲ့ခြင်းမရှိပေ။

​သူသည် တိုတောင်းလှသော သက်တမ်းအကြောင်းကို သိရှိပြီးနောက် အခြားသူများက သူ့ကို သနားကရုဏာသက်သော အကြည့်များဖြင့် စိုက်ကြည့်ကြမည်ကို မနှစ်သက်ပေ။

​ထို့အပြင် အခြေအနေကလည်း သူတို့ ထင်မှတ်ထားခဲ့သလောက် ဆိုးရွားမနေပေ။

​ယခုအခါ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် သူနှင့် မြို့စားအဆင့်ကြားတွင် ရှိနေမည့် တစ်ခုတည်းသော အဟန့်အတားမှာ ကောင်းကင်စစ်သူကြီးအဆင့်သာ ကျန်ရှိတော့သည်။

​ထို့အကြောင့် သုံးနှစ်အတွင်း မြို့စားကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန်ဆိုသည်မှာ လုံးဝဥဿုံ မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။

​ မိမိ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ဒါကို အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်သဖြင့် အခြားသူများကို မပြောပြဘဲ မလိုအပ်သည့် ပြဿနာများကို ဖိတ်ခေါ်ရန် မလိုပေ။

ရှုပ်ထွေးလှသော ခံစားချက်များနှင့်အတူ လီလော့က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများကို အသာအယာ ပိတ်လိုက်သည်။ စိတ်ထဲတွင်မူ စကြဝဠာဓားဆန္ဒ ဝင်္ကပါပညာရပ်ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။

​ရလဒ်အနေဖြင့် မယုံနိုင်လောက်အောင် ပြင်းထန်လှသော စကြဝဠာဓားဆန္ဒများ စိတ်အာရုံအတွင်း၌ ပေါ်ထွက်လာခဲ့သည်။

​ထိုဓားဆန္ဒများအတွင်း၌ ရေတွက်မရနိုင်သော ဓားအလင်းတန်းများစွာ စီးဆင်းနေကြပြီး ၎င်းတို့တစ်ခုချင်းစီထံမှ ကောင်းကင်နှင့် မြေပြင်ကို ခွဲထုတ်နိုင်စွမ်းရှိသည့် မယုံနိုင်လောက်အောင် ထက်မြက်မှုများ ထွက်ပေါ်နေသည်။

​ဤတစ်ခဏ၌ပင် မိမိရှေ့မှ ရက်စက်လှသော ဧရာမ နဂါးကြီးကို ရင်ဆိုင်နေရသည့် မျှော်လင့်ချက်မဲ့နေသော စစ်သည်တော်တစ်ဦး၏ ပုံရိပ်မှာ လုံးဝ ဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

စကြဝဠာဓားဆန္ဒများ ထိုစစ်သည်တော်၏ အနောက်၌ ထွက်ပေါ်လာခဲ့ပြီး သူနှင့်အတူ နဂါးကြီးထံသို့ တရစပ် တိုးဝင်သွားခဲ့ကြသည်။

​ဤအချိန်သို့ ရောက်ရှိလာချိန်တွင် လီလော့က မိမိတွင် ရှိသမျှ စွမ်းအားအားလုံးကို ဓားချက် တစ်ချက်တည်းအတွင်းသို့ စုစည်းလိုက်ပြီးနောက် ရှေ့သို့ ပြတ်သားစွာပင် ဓားကို ဝှေ့ယမ်းပိုင်းချလိုက်တော့သည်။

​ထိုဓားချက်မှာ နက်မှောင်သော ရွှေရောင်မီးလျှံအမျှင်တန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး ရိုးရှင်းလှသော ဓားချက်က ဟင်းလင်းပြင်ကို ခွဲထုတ်ပစ်ခဲ့ပြီး ရှီးဂန်းစွမ်းအားများက ဓားချက်ပိုမိုအစွမ်းထက်စေရန်အတွက် ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို ဆက်လက်၍ စုပ်ယူနေခဲ့သည်။

​ဤအချိန်တွင် ကလန်အကြီးအကဲ ငါးဦးစလုံး ခေတ္တမျှ ကြောင်အမ်းသွားခဲ့ကြရပြီး သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ပင် တုန်လှုပ်သွားခဲ့ကြရသည်။ သူတို့တွေ လီလော့ထံမှ ပြောင်းလဲမှုများကိုပါ သတိပြုမိလိုက်ကြခြင်း ဖြစ်သည်။

အခြားသူများက ကွာခြားချက်ကို မသိနိုင်ကြသော်လည်း သူတို့ကမူ လီလော့၏ အနောက်၌ ပေါ်ထွက်လာခဲ့သည့် မယုံနိုင်လောက်အောင် ကျယ်ပြောပြီး ခန့်ညားထည်ဝါလှသော ဓားဆန္ဒများကို ရှင်းလင်းစွာ ခံစားမိလိုက်ကြသည်။

​ထိုဓားဆန္ဒလှိုင်းများကြောင့် သူတို့တွေ မျက်မှောင်ကြုံလိုက်မိကြသည်။

​သို့သော်လည်း အခြားသူများကမူ လီလော့က နက်မှောင်သော ရွှေရောင်မီးလျှံကို ရင်ဆိုင်ရာတွင် ဓားကိုသာ ဝှေ့ယမ်းပိုင်းချလိုက်သည်ဟုသာ မြင်တွေ့ကြခြင်း ဖြစ်သည်။ ဒါက ဝမ်းနည်းစရာကောင်းလှသော အဆုံးသတ်ကို ခုခံရန်အတွက် နောက်ဆုံး ရုန်းကန်နေခြင်း ဖြစ်ပုံရသည်။

​ဓားစွမ်းအားနှင့် မီးလျှံတို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် မည်သည့်ပြင်းထန်လှသော ပေါက်ကွဲမှု သို့မဟုတ် တုန်ခါမှုလှိုင်းများမျှ ထွက်ပေါ်မလာခဲ့ပေ။

​သူတို့ချင်း ထိမိသွားသည့် တစ်ခဏ၌ ဓားချက်က နက်မှောင်သော ရွှေရောင်မီးလျှံကို ဖြတ်သန်းသွားခဲ့ပြီး ဟင်းလင်းပြင်၌ ပုံရိပ်အကြွင်းအကျန်အချို့သာ ထင်ကျန်ရစ်ခဲ့သည်။

​မီးလျှံပေါ်တွင်မူ မည်သည့်ပြောင်းလဲမှုမျှ ရှိမနေခဲ့သကဲ့သို့ပင် ထင်ရသည်။

​သို့သော်ငြားလည်း ထိုမီးနဂါးကြီး၏ အနက်ရှိုင်းဆုံးနေရာထံမှ ထွက်ပေါ်လာသည့် နဂါးဟိန်းသံကြီးကို လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ကြရသည်။

ထိုဟိန်းသံကြီးအတွင်း၌ ထိတ်လန့်တကြား ဖြစ်ပွားမှုများ ပြည့်နှက်နေခဲ့သည်။

​၎င်းမှာ တစ်ခုခု လုံးဝဥဿုံ ကွဲအက်ပျက်စီးသွားသည့်နှယ်….

​ကလန်အကြီးအကဲ ငါးဦးစလုံးသာ ထိုတစ်ခဏ၌ စကြဝဠာဓားဆန္ဒက မီးလျှံအတွင်းရှိ ကောင်းကင်နဂါး၏ စစ်မှန်သော စိတ်ဆန္ဒကို တိုက်ရိုက်ထိမိသွားခဲ့ပြီး ၎င်းကို လုံးဝ ခြေမှုန်းဖျက်ဆီးပစ်လိုက်ကြောင်း သိရှိလိုက်ကြသည်။

​ကောင်းကင်နဂါး၏ စိတ်ဆန္ဒ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သဖြင့် ထိုမီးလျှံသည်လည်း ၎င်း၏ ဝိညာဉ် အာနိသင်များကို သဘာဝကျကျ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

​ဤအချိန်တွင် ရေတွက်မရနိုင်သော ပရိတ်သတ်အပေါင်းတို့မှာ နက်မှောင်သော ရွှေရောင်မီးလျှံ တဖြည်းဖြည်းနှင့် အားနည်းလာခဲ့ပြီး ၎င်း၏ အရောင်အာနိသင်များ ပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

​၎င်း၏ နက်မှောင်သော ရွှေရောင်အာနိသင် ကွယ်ပျောက်သွားချိန်တွင် ၎င်းမှာ သာမန်မီးလျှံတစ်ခုနှင့် မည်သို့မျှ ကွဲပြားခြားနားခြင်း မရှိတော့ပေ။

​လီလော့ ဓားကို ဆက်လက်ကိုင်စွဲထားသော်လည်း ဤအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်မှုအားလုံး ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက ဓားချက်မှာ မြို့စားအဆင့်ပညာရပ် မဟုတ်သော်လည်း မယုံနိုင်လောက်အောင် များပြားသော စွမ်းအင်များကို ကုန်ဆုံးစေခဲ့သည်။

​အဘယ်ကြောင့်ဆိုသော် ထိုတိုက်ကွက်အတွင်း၌ စိတ်ဓာတ်ကြံ့ခိုင်မှုအားလုံး ပါဝင်နေခဲ့သောကြောင့်ပင် ဖြစ်သည်။

​ကံကောင်းထောက်မစွာဖြင့် သူ နောက်ဆုံး၌ အနိုင်ရရှိခဲ့သည်။

​သူသည် စကြဝဠာဓားဆန္ဒ ဝင်္ကပါပညာရပ်၏ အကူအညီဖြင့် နက်မှောင်သော ရွှေရောင်မီးလျှံအတွင်းရှိ စိတ်ဆန္ဒကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

​လူတိုင်း အသံတိတ် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့တွေ မီးနဂါးကြီး၏ အရောင်အာနိသင်များ ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း ဆွံ့အလျက် မှင်တက်နေကြရုံသာ တတ်နိုင်တော့သည်။

လီလော့ မည်သို့ လုပ်ဆောင်နိုင်ခဲ့လဲဆိုတာ မည်သူမျှ နားမလည်ကြပေ။

​သို့သော်လည်း လီလော့ကမူ သူတို့ကို ရှင်းပြရန်အတွက် မည်သည့်စိတ်ကူးမျှ မရှိပေ။

ဓားကို မြှောက်လိုက်ပြီး အထက်သို့သာ ဆက်လက်တက်လှမ်းခဲ့သည်။

​ခြေတစ်လှမ်းချင်းစီ မှန်မှန် ရှေ့ဆက်ခဲ့ပြီးလမ်းခရီးတွင် မည်သည့်အဟန့်အတားမျှ ရှိမနေတော့ပေ။

​

​ငရဲမီးသန့်စင်ခြင်းနှင့် နဂါးဖိအားများ၏ သက်ရောက်မှုအားလုံး လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သော‌ကြောင့် လီလော့၏ ‌‌ခြေလှမ်းများ အရင်ထက် ပိုမိုပေါ့ပါးနေ၏။

​ထို့နောက် လူတိုင်း၏ ရှုပ်ထွေးလှသော အကြည့်များအောက်တွင် ကျောက်လှေကားများ၏ အထွတ်အထိပ်နေရာသို့ နောက်ဆုံး၌ ရောက်ရှိသွားခဲ့တော့သည်။

ပေသုံးသောင်း အထွတ်အထိပ်နေရာတွင် လူငယ်တစ်ဦး မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ မားမားမတ်မတ် ရပ်နေခဲ့ချေပြီ။

သူသည် လက်ထဲတွင် ဓားကို ကိုင်စွဲကာ ကျောက်နဂါးကြီး၏ ဦးခေါင်းထက်တွင် မားမားမတ်မတ် ရပ်နေခဲ့ခြင်း ဖြစ်သည်။ ဤတစ်ခဏ၏ တောက်ပလှသော အရှိန်အဝါများက ကလန်အသီးသီးမှ အကြီးအကဲများကိုပင် ဆွံ့အသွားစေခဲ့သည်။ ၎င်းမှာ ရှေးယခင် နှစ်ပေါင်းများစွာက မိမိနှင့် မျိုးဆက်တူ ပါရမီရှင်အားလုံးကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည့် လီတိုင်ရွှမ် ပြန်လည်မွေးဖွားလာသလိုပင် ထင်ရလောက်သည်။

All Chapters