← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) - နတ်ဘုရားဆေးလုံးဖော်စပ်ခြင်း

“ချီယန်ခွန်းဂိုဏ်းက အကြောင်းပြချက်တွေပေးပြီး ငြင်းလိုက်တယ်၊ သူတို့က လှုပ်ရှားဖို့ အစီအစဉ်မရှိဘူး”

ကျိုးရီ ဤသို့ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းထားပြီးသားဖြစ်သည်။

ထိုက်ကျူဧကရာဇ် လီရွှန်ကျိုးသည် သူ့ထံမှ ‘သိုသိုသိပ်သိပ် နေခြင်းလမ်းစဉ်’ ကို သင်ယူသွားခဲ့ပြီးကတည်းက ချီယန်ခွန်းဂိုဏ်းတစ်ခုလုံးသည် တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်အောင်သာ လုပ်ဆောင်နေပြီး လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့ပေ။

အကယ်၍ ချီယန်ခွန်းဂိုဏ်းက လှုပ်ရှားလာခဲ့လျှင်သာ ထူးဆန်းနေပေလိမ့်မည်။

“အခြေအနေတွေ ကောင်းလာမှာပါ။ ကောင်းကင်ကြီးက လမ်းအားလုံးကို ဘယ်တော့မှ ပိတ်ဆို့မထားပါဘူး”

သူက နှစ်သိမ့်လိုက်သော်လည်း စစ်သူကြီးကျောက် က ခါးခါးသီးသီး ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။

“ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီလောက်ရိုးရှင်းနိုင်မှာလဲ။ ဒီလောကကြီးမှာ ဘယ်သူမှ ထာဝရကံကောင်းနေမှာ မဟုတ်ဘူး။ ထားလိုက်ပါတော့၊ ဒီအကြောင်း မပြောကြရအောင်၊ စိတ်ပျက်စရာကြီး။ မင်းနဲ့ငါ မတွေ့ရတာ နှစ်တွေ‌အ‌တော်ကြာပြီ၊ ဒီနေ့တော့ အားရပါးရ သောက်ကြရအောင်”

ကျိုးရီ ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင် အထူးချက်လုပ်ထားသော အကောင်းစားအရက်တစ်မျိုးကို ထုတ်ယူလာခဲ့သည်။

၎င်းသည် မွှေးကြိုင်သောရနံ့နှင့် သိပ်သည်းသော၀ိညာဉ်စွမ်းအင်များ ပါရှိပေသည်။

ဤအရက်ကို ‘အင်မော်တယ်ရစ်မူးအရက်’ ဟု သူ အမည်ပေးထားသည်။ မြေကမ္ဘာအင်မော်တယ်တစ်ပါးပင် မူးယစ်သွားနိုင်ပေသည်။

သို့သော် အမူးပြေသွားပြီး အရက်ကို ခြေဖျက်ပြီးသွားသောအခါ သွေးကြောများအား သန့်စင်ပေးနိုင်ပြီး ခွန်အားကို တိုးတက်စေနိုင်သည်။

၎င်းသည် ရှားပါးအရက်တစ်မျိုးဖြစ်ပြီး ထိပ်တန်းဆေးလုံးများနှင့် ယှဉ်နိုင်ပေသည်။

နှစ်အိုးသောက်ပြီးနောက် စစ်သူကြီးကျောက်သည် အရက်မူးပြီး သတိလစ်သွားခဲ့လေပြီ။

ကျိုးရီက သူ့ကို အနားယူရန် အနောက်ဘက်ခြံဝင်းထဲသို့ ပို့ဆောင်လိုက်ပြီးနောက် တည်ငြိမ်သော အကြည့်ဖြင့် ပြောလိုက်သည်။

“ထွက်လာခဲ့၊ မင်းမှာ သိုင်းသူတော်စင်တစ်ပါးရဲ့ ခွန်အားမျိုး ရှိနေတာကို ပုန်းနေသေးတယ်ဆိုတော့ တကယ်ကို မသင့်တော်ဘူး”

လေထုတစ်ခုလုံး ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အရပ်ရှည်ကာ တစ်ကိုယ်လုံး ကြွက်သားများဖုထစ်နေသော လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူ့မျက်နှာပေါ်၌ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

သူသည် ကျိုးရီကိုအသေချာ စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် သတိထားမှုများ ရောယှက်နေပေသည်။

သူသည် သိုင်းသူတော်စင်တစ်ပါးနှင့် နှိုင်းယှဥ်နိုင်ပြီး ခရီးစဉ်တစ်လျှောက်လုံး မည်သူကမျှ သူ့ကို သတိမထားမိခဲ့ပေ။

ကျိုးရီကမူ သူ့ကို စောစောကတည်းက အာရုံခံမိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

“အရှင့်ရဲ့ ခွန်အားက တကယ်ကို နက်နဲတာပဲ။ ကျွန်တော် အထင်ကြီးလေးစားမိပါတယ်”

“မင်းတို့ နတ်ဆိုးမျိုးနွယ်စုက နည်းနည်း လွန်လွန်းနေပြီ”

ကျိုးရီ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ တစ်ဖက်လူ မျက်ခုံးလှုပ်သွားပြီး ပြန်ဖြေလာသည်။

“ရှေးခေတ်ကာလကတည်းက လူသားတွေနဲ့ နတ်ဆိုးတွေက ဖြေရှင်းလို့မရတဲ့ ရန်ငြိုးတွေ ရှိခဲ့ကြတယ်၊ ကျွန်တော်တို့က နတ်ဆိုးမျိုးနွယ်စုအသီးသီးအတွက် လုပ်ဆောင်နေကြတာပါ”

“ဒီနေ့ လူသားမျိုးနွယ်က ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ဆုံရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်သလို ကံမကောင်းတဲ့နေ့လည်း ဖြစ်တယ်၊ စီနီယာ... ကျေးဇူးပြုပြီး တိုက်ခိုက်ပါ”

“တော်တော်ပွင့်လင်းတာပဲ”

ကျိုးရီ၏ မျက်လုံးထဲတွင် ချီးကျူးချင်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

အဆင့်မြင့်ကျင့်ကြံသူများတွင် မာန ရှိသင့်သည်။

ရန်သူက သူတို့ထက် ပိုမိုအစွမ်းထက်နေလျှင်ပင် ကြောက်ရွံ့နေ၍ မရပေ။

သူလည်း ယဉ်ကျေးမနေတော့ပေ။ မျက်တောင်ခတ်လိုက်ရုံပဲရှိသေး တစ်ဖက်လူ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်နှင့် ကင်းကွာသွားခဲ့လေပြီ။

ယခုအခါ ကျိုးရီ၏ စွမ်းအားမှာ တိုက်ကွက်တစ်ခုကို အသုံးပြုရန် မလိုအပ်တော့ချေ။

သိုင်းသူတော်စင်အဆင့်ကို ရင်ဆိုင်ရာတွင် သူ၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းက သတ်ဖြတ်နိုင်စွမ်း ရှိနေပေသည်။

ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက အလိုအလျောက် အသက်ဝင်လာပြီး ခန္ဓာကိုယ်ကို ဆွဲယူကာ သန့်စင်စုပ်ယူလိုက်သည်။

[နတ်ဆိုးမျိုးနွယ်စုက ဘယ်တော့မှ ကျေးကျွန်တွေ ဖြစ်လာမှာ မဟုတ်ဘူး]

[ခေတ်သစ်တစ်ခု ရောက်လာပြီ။ ဒီတစ်ကြိမ်တော့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို ငါတို့ သေချာပေါက် ပြန်လည်ထူထောင်ရမယ်]

[နတ်ဆိုးသခင်မကြီးအတွက် လူသားတွေရဲ့ သွေးအနှစ်သာရတွေကို ပိုပြီး စုဆောင်းရမယ်၊ နတ်ဆိုးသခင်မကြီးက နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်ဝင်ရောက်သွားနိုင်သရွေ့ ငါတို့က လူသားမျိုးနွယ်နဲ့ စစ်ပွဲဆင်နွှဲနိုင်ပြီ၊ သူတို့ကို ကြောက်ရွံ့နေစရာ မလိုတော့ဘူး]

တစ်ဖက်လူ၏ မှတ်ဉာဏ်များကို စုပ်ယူပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကျိုးရီ နားလည်သွားသည်။

နတ်ဘုရားဓားဂိုဏ်းတွင် ပေါ်လာသော နတ်ဆိုးများမှာ တောင်ဘက်နယ်စပ် တောင်တန်းများမှ လာခြင်းဖြစ်သည်။

ထိုနေရာတွင် နတ်ဆိုးသခင်မတစ်ဦး ပေါ်ထွက်လာပြီး ထူးခြားပြောင်မြောက်သောခွန်အားနှင့် ကြီးမားသော ပါရမီကို ပိုင်ဆိုင်ထားကြောင်း ကျိုးရီ ယခင်ကတည်းက သိရှိထားခဲ့သည်။

သူမသည် နယ်မြေနတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ရန် ပြင်ဆင်နေမည်ဟုတော့ သူ မထင်မှတ်ထားခဲ့ချေ။

ချူပြည်နယ်တွင် ဖြစ်ပွားခဲ့သော မြို့များကို သုတ်သင်ရှင်းလင်းသည့် အဖြစ်အပျက်များမှာ သူတို့၏ လုပ်ရပ်များပင်။

ဤနတ်ဆိုးက စစ်သူကြီးကျောက်ကို နောက်ယောင်ခံလိုက်လာရခြင်း၏ အကြောင်းရင်းမှာလည်း ချီယန်ခွန်းဂိုဏ်းထံမှ စစ်ကူများ ခေါ်ဆောင်လာနိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရန်နှင့် သူတို့၏ နောက်ထပ်ခြေလှမ်းများကို တွက်ချက်နိုင်ရန်အတွက် ဖြစ်သည်။

“နတ်ဆိုးတွေက လူသားမျိုးနွယ်နဲ့ ကွာတယ်။ လူသားတွေက နယ်မြေနတ်ဘုရားအဆင့်ကို ကျော်ဖြတ်ဝင်ရောက်ဖို့ ဉာဏ်အလင်းပွင့်ခြင်းကို လိုအပ်ပေမယ့် နတ်ဆိုးတွေကတော့ အဲဒီလို မဟုတ်ဘူး၊ အထူးသဖြင့် စွမ်းအားကြီးသွေးမျိုးဆက် ရှိတဲ့သူတွေပေါ့”

ဘိုးဘေးများ၏ သွေးများက သူတို့၏ သွေးကြောများထဲတွင် စီးဆင်းနေပြီး ထိုသွေးများထဲတွင် ပါဝင်သော မှတ်ဉာဏ်များနှင့် ထိုးထွင်းသိမြင်မှုများက သူတို့ အဆင့်တက်ရာတွင် ကူညီပေးနိုင်သည်။

ထို့ကြောင့် သူတို့သည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် လုံလောက်သော သွေးအနှစ်သာရများကို စုပ်ယူရန်သာ လိုအပ်ပေသည်။

အကယ်၍ သူတို့ကို နယ်မြေနတ်ဘုရားအဆင့်သို့ အရင်ရောက်ခွင့် ပေးလိုက်မည်ဆိုပါက သူ့အတွက်လည်း အခြေအနေမကောင်းနိုင်ပေ။

“နတ်ဘုရားကြက်မျိုးနွယ်စုက လျူနန်နဲ့ အားခွန်းကို တောင်ဘက်နယ်စပ်ထဲ အရင်က စေလွှတ်ထားခဲ့တာ၊ အခု သူတို့ ဘယ်လိုနေလဲမသိဘူး”

ကျိုးရီ လက်မြှောက်လိုက်ရာ ကောင်းကင်လျှို့ဝှက်ချက်ပေတံ ပေါ်ထွက်လာပြီး ချက်ချင်းပင် စတင်တွက်ချက်လိုက်သည်။

[မင်းရဲ့ အစေခံ လျူနန်က ကျားနက်တောင်က နတ်ဆိုးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတယ်၊ သူ့အသက်က ဆံချည်တစ်မျှင်စာပဲ ကျန်တော့တယ်]

[မင်းရဲ့ အစေခံ အားခွန်းက နဂါးတောင်က မဟာနတ်ဆိုးကြီးတစ်ကောင်ရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး မွေးစားသားအဖြစ် ခေါ်ယူခြင်း ခံလိုက်ရတယ်]

[မင်းရဲ့ အစေခံ လျူနန်က အာဏာရှင်တောင်က နတ်ဆိုးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတယ်၊ သူက ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်]

[မင်းရဲ့ အစေခံ အားခွန်း က ကောင်းကင်ဘုံသစ်တောက မင်းသမီးလေးရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး ပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝကို ရောက်ရှိသွားတယ်]

[မင်းရဲ့ အစေခံ လျူနန်က တောင်ဘက်နယ်စပ်က လူသားတွေဖြစ်တဲ့ အဆိပ်နတ်ဘုရားဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတယ်၊ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်]

[မင်းရဲ့ အစေခံ အားခွန်းရဲ့ ခွန်အားက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ကျော်ဖြတ်ဝင်ရောက်သွားပြီ၊ သူက သူ့ကိုယ်ပိုင် တောင်ကို တည်ထောင်ပြီး နတ်ဆိုးဘုရင်ငယ်လေးတစ်ပါး ဖြစ်လာတယ်။]

ကျိုးရီ: “…..”

‘သူတို့ နှစ်ကောင်လုံးက ကြက်ချင်းအတူတူပဲကို ကံကြမ္မာကွာခြားချက်က ဒီလောက်တောင် ကြီးမားနေတာလား'

‘ထင်တဲ့အတိုင်းပဲ၊ ကြက်တိုင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြတာပဲ'

သို့သော် အားခွန်း၏ ခွန်အားများ တိုးတက်လာခြင်းက အတော်လေး ကောင်းမွန်ပေသည်။

အကယ်၍ နောင်တစ်ချိန်တွင် သူ့ကို တောင်ဘက်နယ်စပ်၏ နတ်ဆိုးဘုရင် ဖြစ်လာစေရန် ပံ့ပိုးပေးနိုင်မည်ဆိုပါက တောင်ဘက်နယ်စပ်ကိစ္စကို စိုးရိမ်နေရန် လိုတော့မည်မဟုတ်ပေ။

‘အဲ့တာ အကောင်းဆုံးပဲ'

ဤအခိုက်အတန့်တွင် ကျိုးရီသည် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းမှ လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်သည်။

သူ မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားသည်။ သူ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

သေချာ ကြည့်လိုက်သောအခါ ငရဲမျက်စိမှ သူ သိမ်းပိုက်လာခဲ့သော မြင့်မြတ်သားရဲ ရေနဂါးလေးဖြစ်ပြီး ယခုအခါ ပို သန်မာလာခဲ့ပြီဖြစ်သည်။

နဂါးလေး၏ ခန္ဓာကိုယ်မှာ မီတာငါးရာကျော်အထိ ရှည်လျားလာရုံသာမက ခြေသည်းနှစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

ယခုအခါ ခြေသည်းနှစ်ခုပါ ရေနဂါးအဆင့်မှ ခြေသည်းလေးခုပါ ရေနဂါးအဖြစ်သို့ အဆင့်တက်သွားခဲ့ပြီဖြစ်သည်။

ဒဏ္ဍာရီများအရ ရေနဂါးတစ်ကောင်သည် ခြေသည်းလေးခုပါလာသည်နှင့် နဂါးတစ်ကောင် ဖြစ်လာရန် ကောင်းကင်ကပ်ဘေးကို ခံယူနိုင်ပြီဟု ပြောစမှတ်ပြုကြသည်။

ထိုအချိန်မှစ၍ ၎င်းသည် နတ်ဆိုးစာရင်းမှ လွတ်မြောက်ပြီး သေမျိုးဘဝကို စွန့်လွှတ်ကာ နတ်ဘုရားမျိုးနွယ်စု စာရင်းဝင်တစ်ဦး ဖြစ်လာပေသည်။

ဤရေနဂါးလေးမှာ မူလအတိုင်းဆို ဤမျှ မြန်ဆန်စွာ အဆင့်တက်လာလိမ့်မည် မဟုတ်သော်လည်း သူ့ကိုယ်ပိုင်သားရဲ ဖြစ်လာပြီးနောက် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းရှိ နတ်ဆိုးများကို ကျွေးခဲ့ခြင်းကြောင့် မြန်မြန်တိုးတက်လာခဲ့သည်။

သူ ယခင်က မွေးမြူထားခဲ့သော ကြက်၊ ဘဲနှင့် ငါးများမှာ ယခုအခါ အသုံး၀င်လာလေ၏။

နှစ်အနည်းငယ်အတွင်းမှာပင် သူသည် ဤရေနဂါးကို ခြေသည်းနှစ်ခု ထပ်ထွက်လာသည်အထိ အတင်းအကျပ် ကျွေးမွေးခဲ့ခြင်းဖြစ်သည်။

သို့သော် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းတွင် အဆင့်တက်ခြင်းအတွက် စည်းမျဉ်းများမရှိသဖြင့် မည်သည့်ကောင်းကင်ကပ်ဘေးမျှ ကျရောက်လာမည် မဟုတ်ပေ။ ထို့ကြောင့် ရေနဂါး‌လေး အဆင့်တက်ရန် မဖြစ်နိုင်ချေ။

ကျိုးရီသည် ရေနဂါးလေးကို ချက်ချင်း အဆင့်တက်စေရန် အပြင်သို့ မလွှတ်ပေးသေးချေ။

အောင်မြင်နိုင်ခြေ တိုးမြင့်လာစေရန်အတွက် ကပ်ဘေးမတိုင်မီ ရေနဂါးလေး၏ အဆင့်ကို ထပ်မံမြှင့်တင်ပေးရန် ဆက်လက် အစာကျွေးနေခဲ့သည်။

“ဝုန်း...”

ကျိုးရီ၏ အငွေ့အသက်ကို အာရုံခံမိသောအခါ ရေနဂါးကြီးက သူ့ထံသို့ အလျင်အမြန် ချဉ်းကပ်လာသည်။

ခန္ဓာကိုယ်မှာ အလိုအလျောက် ကျုံ့ဝင်သွားပြီး ကျိုးရီခါးကို ပွတ်သပ်နေတော့သည်။

ဤရေနဂါး၏ သွေးကြောစွမ်းအားမှာ တကယ်ကို ထူးခြားပေသည်။

အင်မော်တယ်ဘူးသီးအတွင်းရှိ နတ်ဆိုးသားရဲများဖြစ်စေ၊ အပြင်ဘက်ရှိ သိုင်းသူတော်စင်အဆင့်ရှိသူများဖြစ်စေ သူတို့သည် အလွန်ဆုံး လူသားနှင့် နတ်ဆိုး အသွင်အပြင်များအကြား ပြောင်းလဲနိုင်ရုံသာရှိပြီး သူတို့၏ ခန္ဓာကိုယ်ကို ကျုံ့ဝင်အောင် မလုပ်နိုင်ကြချေ။

သို့သော် ရေနဂါးကမူ ခန္ဓာကိုယ်ကို ကျုံ့ဝင်အောင် လုပ်နိုင်သည်။

ဤအချက်တစ်ချက်တည်းကပင် အခြားသော နတ်ဆိုးသားရဲ အများစုထက် သာလွန်နေပြီဖြစ်သည်။

ကျိုးရီသည် ရေနဂါး၏ ခေါင်းသေးသေးလေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

အကြေးခွံများမှာ မြစိမ်းရောင်ရှိပြီး သက်စောင့်စွမ်းအင်များ ပြည့်နှက်နေပေသည်။

ရေနဂါး အနီးတွင်ရှိလျှင် သူ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားရုံသာမက တဖြည်းဖြည်း တိုးလာနေပေသည်။

“အတော်လေးတက်ကြွတဲ့ သက်စောင့်အငွေ့အသက်မျိုး ရှိနေတာဆိုတော့ မြစိမ်းနဂါးရဲ့ သွေးမျိုးဆက်စွမ်းအားများ ဖြစ်နေမလားပဲ၊ အဲဒီလိုသာဆိုရင် ငါက မြစိမ်းနဂါး နတ်ဘုရားသားရဲတစ်ကောင်ကို ပိုင်ဆိုင်တော့မှာပေါ့”

ကျိုးရီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။

မြင့်မြတ်သားရဲ မြစိမ်းနဂါးသည် ကောင်းမွန်သော နိမိတ်လက္ခဏာတစ်ခုကို ဖော်ဆောင်ရုံသာမက သက်စောင့်အငွေ့ကိုပါ ပိုင်ဆိုင်ထားပြီး တိုက်ခိုက်ရာတွင်လည်း အားနည်းခြင်းမရှိချေ။

‘အကောင်းဆုံးပဲ’

ယခုအခါ သူသည် မဟာအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာလည်း အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

နယ်မြေနတ်ဘုရားအဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ရန်အတွက် ဉာဏ်အလင်းပွင့်ခြင်းသာ လိုအပ်တော့သည်။

သွေးအနှစ်သာရများကို စုပ်ယူခြင်းက အပိုအလုပ်သာ ဖြစ်လာမည်ဖြစ်ရာ ကြက်၊ ဘဲနှင့် ငါးများ အားလုံးကို မြစိမ်းနဂါးတစ်ကောင် မွေးမြူရန် အသုံးပြုနိုင်ပေသည်။

မည်သို့ပင်ဆိုစေ နတ်ဆိုးသားရဲများ မည်မျှပင် များနေပါစေ မြင့်မြတ်သားရဲတစ်ကောင်ကို မယှဉ်နိုင်ပေ။

“နည်းနည်း ထပ်စောင့်ဦး၊ သိပ်မကြာခင် မင်းကို ကပ်ဘေးဖြတ်ကျော်ခွင့် ပေးပါ့မယ်”

ရေနဂါးလေး ကပ်ဘေးခံယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဆေးလုံးအချို့ ဖော်စပ်ရန် ကျိုးရီ စီစဉ်ထားသည်။

မည်သို့ပင်ဆိုစေ အင်မတန်ကောင်းမွန်သော သွေးမျိုးဆက်စွမ်းအား ရှိနေပါလျက်နှင့် ကပ်ဘေးခံယူစဉ်အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပါက သူသည် ရေနဂါး၏ အသားကိုသာ စားရတော့မည်ဖြစ်၏။

တစ်ကယ်ကို ကြီးမားသော ဆုံးရှုံးမှုကြီးပင်။

မြင့်မြတ်သားရဲ တစ်ကောင်ဖြစ်လာရန် ကပ်ဘေးခံယူခြင်း အောင်မြင်ခြင်းနှင့် မအောင်မြင်ခြင်းအကြားတွင် ခွန်အားကွာခြားချက် ကြီးမားရုံသာမက ရုပ်ခန္ဓာတွင်လည်း ကွာခြားချက် ရှိပေသည်။

ကျိုးရီသည် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်းမှ ထွက်လာခဲ့၏။

စစ်သူကြီးကျောက်သည်တော့ အချိန်အတော်ကြာမှ နိုးထလာခဲ့သည်။

“ဟူး... ဘုရားရေ၊ ငါ တစ်နေကုန် အိပ်ပျော်သွားတာပဲ၊ သိုင်းသူတော်စင်အဆင့်ကို ရောက်ပြီးကတည်းက တစ်ခါမှ ဒီလောက်အိပ်မကောင်းဖူးဘူး”

“ညီလေးကျိုး... မင်းရဲ့ ဒီအရက်က တကယ်ကို အကောင်းစားအရက်ပဲ၊ ငါ အိမ်မှာ အရသာခံဖို့အတွက် နည်းနည်းလောက်ဝယ်သွားဦးမယ်”

“ပြဿနာမရှိပါဘူး”

သူတို့နှစ်ဦး အချိန်အတော်ကြာ စကားစမြည် ပြောပြီးနောက် လမ်းခွဲခဲ့ကြသည်။

စစ်သူကြီးကျောက် ထွက်ခွာသွားပြီးနောက် ကျိုးရီသည်လည်း ဆိုင်ထဲမှ ပျောက်ကွယ်သွားပြီး မြောက်ဘက်နယ်စပ်သို့ ရောက်ရှိသွားသည်။

ထိပ်တန်းဆေးလုံးများကို ဖန်တီးရန်အတွက် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်း၌ ပြုလုပ်ရန် မဖြစ်နိုင်ချေ။ ထိုအဆင့်ရှိ ဆေးလုံးများအတွက် ဥပဒေသစွမ်းအားများ ပါဝင်သော မဟာတာအိုမိုးကြိုးကို စုပ်ယူရန် လိုအပ်ပေသည်။

ကျိုးရီသည် လက်ရှိတွင် မဟာအရှင်သခင်အဆင့်၌သာ ရှိနေသေးပြီး မဟာတာအိုမိုးကြိုးကို ဖန်တီးနိုင်သည့် အဆင့်သို့ မရောက်ရှိသေးချေ။

အကယ်၍ သူသာ နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက ဤလောက၏ ဥပဒေသစွမ်းအားများကို ထိတွေ့နိုင်လာမည်ဖြစ်ပြီး မဟာတာအိုမိုးကြိုးကို ဖန်တီးနိုင်လာမည်ဟု ထင်မိသည်။

ထိုအချိန်ကျလျှင် မဟာတာအိုအင်မော်တယ်ဘူးသီးအတွင်း၌ မဟာတာအိုကို ကူးယူနိုင်မည်ဖြစ်ပြီး ဆေးလုံးဖန်တီးခြင်းအတွက် ပြင်ပမှ မဟာတာအိုမိုးကြိုးကို လိုအပ်တော့မည်မဟုတ်ပေ။

ကျိုးရီသည် မရေမတွက်နိုင်သော ထိပ်တန်းပစ္စည်းများကို ထုတ်ယူလိုက်ပြီး ချီစွမ်းအင်ဖြင့် အားလုံးကို ချေမွပစ်လိုက်သည်။

ဤအဆင့်အထိ ကျင့်ကြံလာပြီးနောက် သူသည် ဆေးပေါင်းဖိုကို မလိုအပ်တော့ချေ။

ပစ္စည်းများကို ချီစွမ်းအင်ဖြင့် တိုက်ရိုက်ထိန်းချုပ်ကာ ဆေးလုံးဖော်စပ်ခြင်းကို ပြုလုပ်နိုင်ပြီး ၎င်းမှာ ရိုးရှင်းပြီး ဘေးကင်းကာ ထိရောက်မှု ရှိပေသည်။

ဂျုန်း...

သူ ဆေးလုံးဖော်စပ်နေစဉ်မှာပင် အထက်ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာ စုရုံးလာခဲ့သည်။

ဆေးလုံးဖန်တီးခြင်းသည် သုံးရက်နှင့် သုံးညတိတိ ကြာမြင့်ခဲ့သည်။ လျှပ်စီးများ ကျဆင်းလာပြီး ဆေးလုံးများကို ရိုက်ခတ်ကာ လှပသော ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

လျှို့ဝှက်ဆန်းကြယ်သော အစီအရင်သင်္ကေတများမှာ ကောင်းကင်ဘုံ၏ အမှတ်အသားများ ဖြစ်ပုံရပြီး လျှို့ဝှက်ဆန်းကြယ်မှုအနည်းငယ်ကို ထုတ်လွှတ်နေကာ ပြင်းထန်လှသော စွမ်းအင်များ ၎င်းအတွင်း၌ ပိတ်လှောင်ထားပေသည်။

သိုင်းသူတော်စင်အဆင့်အောက်ရှိ ကျွမ်းကျင်သူတစ်ဦးက ဤဆေးလုံးများ ရရှိခဲ့လျှင်ပင် ၎င်းတို့ကို သန့်စင်စုပ်ယူရန် အရည်အချင်း ပြည့်မီမည်မဟုတ်ပေ။

ထိုအစီအရင်သင်္ကေတများ၏ အတားအဆီးကိုပင် သူတို့ ချိုးဖျက်နိုင်မည်မဟုတ်ချေ။

အကယ်၍ သိုင်းသူတော်စင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ၎င်းကို တိုက်ရိုက်မျိုချလိုက်ပါက အစီအရင်သင်္ကေတများကို ဖြေလျှော့ပြီးနောက် အတွင်းရှိ ကြမ်းတမ်းသော စွမ်းအင်များကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။

ဤသည်မှာ ထိပ်တန်းဆေးလုံးများ၏ ကြောက်မက်ဖွယ်ကောင်းမှုပင်။

၎င်းသည် သေမျိုးများ လက်လှမ်းမီနိုင်သော စွမ်းအားမျိုး မဟုတ်တော့ချေ။

ဤကဲ့သို့သော ကြီးမားလှသည့် သဘာဝဖြစ်စဉ်ကြီးက သဘာဝကျကျပင် လူအများအပြား၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ကြီးကျယ်ခမ်းနားလှသော ကောင်းကင်ဘုံ၏ စွမ်းအားကြောင့် ထိတ်လန့်နေကြပြီး ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြပေ။

သူတို့က အလွန် အားနည်းလွန်းနေသေးသည်။ ဤနေရာရှိ လျှပ်စီးတစ်ချက်တည်းကပင် သူတို့ကို ပြာဖြစ်သည်အထိ ဖျက်ဆီးပစ်နိုင်ပေသည်။

သိုင်းသူတော်စင်တစ်ပါးပင်လျှင် ၎င်းအတွင်း၌ ချက်ချင်း သေးဆုံးသွားပေလိမ့်မည်။

ကောင်းကင်နတ်ဘုရားနန်းတော်အတွင်း၌ ထိပ်တန်းကျွမ်းကျင်သူများက လှမ်းကြည့်လိုက်ကြ၏။

သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် လောဘများ ပြည့်နှက်နေကြသည်။

“အရမ်းအစွမ်းထက်လွန်းတယ်၊ တစ်ယောက်ယောက်က နတ်ဘုရားဆေးလုံးကို ဖော်စပ်နေတာပဲ၊ ထိပ်တန်းနတ်ဘုရားဆေးလုံး၊ ဒီလောကမှာ ဒီလောက်အစွမ်းထက်တဲ့ ဆေးပညာရှင်တစ်ယောက် ရှိနေမယ်လို့ ထင်မထားဘူး”

“နတ်ဘုရားဆေးလုံးအဆင့်အောက်က ဆေးလုံးတွေဆိုရင် ဖော်စပ်ဖို့ရာ သိပ်မခက်ဘူး၊ ငါတို့ရဲ့ ကျင့်ကြံမှုက အစွမ်းထက်လွန်းလို့ တစ်ချက်ကြည့်ရုံနဲ့ သင်ယူနိုင်တယ်၊ အစွမ်းထက်ကျင့်ကြံမှုကို အားကိုးပြီး ဖော်စပ်လို့ရတယ်"

“ဒါပေမယ့် နတ်ဘုရားဆေးလုံးတစ်လုံးကတော့ ပါရမီလုံလောက်ဖို့ လိုအပ်တယ်၊ ၎င်းကို ဖန်တီးဖို့အတွက်ဆို အချိန်အတော်ကြာ သင်ယူရမှာ၊ ဘာလို့လဲဆိုတော့ ဆေးလုံးအတွင်းမှာ မဟာတာအိုရဲ့ လေးနက်တဲ့ သစ္စာတရားတွေ ပါဝင်နေလို့ပဲ”

“ဘယ်သူကများ နတ်ဘုရားဆေးလုံးကို ဖော်စပ်နေတာလဲ”

All Chapters