အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) - နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်း
ဝုန်း... အုန်း...
မြေပြင်တစ်ခုလုံး မိုင်တစ်ထောင်ကျော် ရှည်လျားနက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခုဖြစ်သည်အထိ အက်ကွဲဟသွားသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံး လုံး၀တိတ်ဆိတ်သွား၏။ ကျန်ရှိနေသည့် မဟာအရှင်သခင်သုံးပါးမှာ အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ပေ။
မဟာအရှင်သခင်တွေ ဖြစ်ကြပါလျက်နှင့် ကျိုးရီ၏ စွမ်းအားက သူတို့ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သည်။
ပုရွက်ဆိတ်လေးတစ်ကောင်ကို ဖိချေလိုက်သလို လွယ်လွယ်ကူကူပင် သတ်ဖြတ်နိုင်ခဲ့သည်။
ဤမျှ ကြီးမားလှသော ကွာဟချက်ကြောင့် အားလုံးမှာ အံ့သြမှင်တက်နေမိကြသည်။
ထိုနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ကျိုးရီသည် သွေးအနှစ်သာရများ၊ ကျင့်ကြံမှုများနှင့် မှတ်ဉာဏ်များကို စုပ်ယူလိုက်သည်။
ထို့နောက် ကျောခိုင်း၍ ထွက်ခွာသွားလေသည်။ ဖြစ်စဉ်တစ်လျှောက်လုံးတွင် သူက ထိုသူများကို စကားတစ်ခွန်းမျှပင် ပိုမပြောခဲ့ပေ။
ကျန်သူများကလည်း တစ်ခွန်းမှ ဝင်မပြောရဲဘဲ ကျိုးရီ၏ ကျောပြင်ကိုသာ ငေးကြည့်နေကြသည်။
ကျိုးရီ ပျောက်ကွယ်သွားပြီး အချိန်အတန်ကြာမှသာ သူတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်မိကြသည်။ သူတို့၏ နဖူးပြင်များတွင် ချွေးစေးများ ရွှဲရွှဲစိုနေကြပြီဖြစ်သည်။
မဟာအရှင်သခင်များ ဖြစ်လာပြီးကတည်းက နှစ်ပေါင်းများစွာတိုင်အောင် ဤကဲ့သို့သော ခံစားချက်မျိုးကို မခံစားခဲ့ရဖူးပေ။
သေမင်းက တံခါးဝသို့ ရောက်နေသည့်အလား ခြောက်ခြားဖွယ် ကြောက်ရွံ့မှုမျိုးဖြစ်သည်။
“ဒီလူရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ သူက နယ်မြေနတ်ဘုရားအဆင့်ကို မရောက်သေးပေမယ့် သူ့ဆီကရနေတဲ့ ဖိအားက နယ်မြေနတ်ဘုရားတစ်ပါးနဲ့ သိပ်မကွာဘူး”
သူတို့ထဲမှ တစ်ဦးက တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ့ကို သွားပြီး ရန်မစမိဖို့ အရေးကြီးတယ်။ မဟုတ်ရင် ငါတို့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး”
နောက်တစ်ဦးကလည်း သဘောတူ ထောက်ခံလိုက်သည်။
ကျိုးရီ သူ၏ နေအိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် တံခါးပိတ်ကျင့်ကြံခြင်းအခြေအနေထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
စားသောက်ဆိုင်အတွက်မူ ပူပန်စရာမလိုပေ။ သူ၏ လက်အောက်ခံ မဟာမိစ္ဆာကြီးက ထိန်းသိမ်းပေးထားသဖြင့် မည်သူမျှ ပုံမှန်မဟုတ်သည်ကို ရိပ်မိမည်မဟုတ်ချေ။
အစောလေးက ရရှိခဲ့သည့် ဉာဏ်အလင်းအနည်းငယ်ကို အသုံးချကာ နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်လေတော့သည်။
ထိုသို့ တက်လှမ်းသည့် လုပ်ငန်းစဉ်အတွင်း ကျိုးရီ၏ ရုပ်ခန္ဓာကြီး ပျက်စီးကြေမွသွားသလို ဝိညာဉ်ကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
ပျက်စီးခြင်းမရှိလျှင် တည်ဆောက်ခြင်းလည်း မရှိနိုင်ဆိုသည့် ဆိုရိုးစကားအတိုင်း အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ဦးစွာ ဖျက်ဆီးခံရပေမည်။
ကျိုးရီ အသုံးပြုခဲ့သည့် နည်းလမ်းမှာ ဆွဲငင်အားစက်ကွင်းတစ်ခုကို ဖန်တီးခြင်းဖြစ်သည်။ ဤစက်ကွင်းအတွင်း၌ မည်သူမျှ တိုက်ခိုက်၍မရနိုင်သလို သူ၏ စွမ်းအားများလည်း ပြန့်ကျဲပျောက်ကွယ်သွားမည် မဟုတ်ပေ။
အကယ်၍ အဆင့်တက်လှမ်းခြင်း မအောင်မြင်ခဲ့လျှင်ပင် သူက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်သေးသည်။
၎င်းက သူ့ကို မရှုံးနိမ့်နိုင်သည့် အနေအထားတစ်ခုတွင် ရှိနေစေပြီး အဆင့်တက်ခြင်းကြောင့် အသက်ဆုံးရှုံးသွားခြင်းမျိုး မဖြစ်စေရန် ကာကွယ်ပေးထားသည်။
ဆွဲငင်အားစက်ကွင်းအတွင်း၌ သူ့စွမ်းအားများ အပိုင်းအစ ထောင်ပေါင်းများစွာအဖြစ် ကွဲထွက်သွားသည်။
ထိုအထဲတွင် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်း၊ ကောင်းကင်ဖြတ်ပိုင်းခြင်းဓားသိုင်းအပြင် မိုးပြာဧကရာဇ် ထာ၀ရအသက်ကျင့်စဉ်နှင့် စစ်မှန်သော မိုးကြိုးထိန်းချုပ်ခြင်းမန္တန်တို့၏ စွမ်းအားများလည်း ပါဝင်နေသည်။
ဤအချိန်တွင် သူကျင့်ကြံခဲ့ဖူးသမျှ နတ်ဘုရားစွမ်းရည်တိုင်းက ထွက်ပေါ်လာပြီး ဆွဲငင်အားစက်ကွင်းအတွင်း မရပ်မနား လွင့်မျောနေသည့် တောက်ပသော စွမ်းအားအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ထိုအထဲတွင် ရွှေရောင်အလင်းတန်းသုံးခုက အတောက်ပဆုံး ဖြစ်နေသည်။
ပထမတစ်ခုက ထာ၀ရအသက်တာအိုသစ်သီး။
ဒုတိယတစ်ခုက သူတော်စင်ခန္ဓာကိုယ်။
တတိယတစ်ခုကတော့ သူ အမြဲတမ်း အသုံးပြုခဲ့သော်လည်း အတိအကျ မသိရသေးသည့် သူ၏ ထူးဆန်းသောမှတ်ဉာဏ်ပင်။
ကျိုးရီ၏ အသိစိတ်က ဆွဲငင်အားစက်ကွင်းအထက်တွင် ပျံ့လွင့်နေပြီး ဤဖြစ်စဉ်၏ နက်နဲသော လျှို့ဝှက်ချက်များကို လေ့လာစောင့်ကြည့်နေသည်။
ဤအခြေအနေက ကမ္ဘာဦးအစနှင့် အနည်းငယ် ဆင်တူနေသည်။
နယ်မြေနတ်ဘုရားတစ်ပါးအဖြစ် ဖြတ်ကျော်ရန်ဆိုသည်မှာ ဤကမ္ဘာဦးအစကို ခွဲထွက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် သူသာ ဆွဲငင်အားစက်ကွင်းကို ဖျက်ဆီးလိုက်ပါက စွမ်းအင်များအားလုံး သူ့အလိုလို ပြန့်ကျဲသွားပြီး ပြန်လည်စုစည်းနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်သည့် နည်းလမ်းဖြင့် အဆင့်တက်လှမ်းရန် ကြိုးစားခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။
“ငါ့ရဲ့ အသိစိတ်ကိုပါ အစိတ်စိတ်အမွှာမွှာခွဲလိုက်ပြီး နတ်ဘုရားစွမ်းရည်တွေ အားလုံးကြားထဲမှာ ပြန့်ကျဲသွားစေလိုက်မယ်”
“ပြီးတော့ အဲဒီစွမ်းအင်တွေအားလုံးကို လမ်းညွှန်ပေးလိုက်မယ်ဆိုရင် ပေါက်ကွဲပြီးတဲ့နောက်မှာ စွမ်းအင်တွေ ပြန့်ကျဲမသွားဘဲ ပြန်လည်စုစည်းလာနိုင်အောင် လုပ်နိုင်မလား”
ကျိုးရီက စိတ်ထဲမှ တွေးတောလိုက်သည်။
သို့သော် ဤနည်းလမ်းက အန္တရာယ်ကြီးမားလွန်းသည်။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်ထဲတွင် ကိုယ်ပိုင်အသိစိတ် ရှိနေသောကြောင့်ပင်။ အကယ်၍ သူသာ ကျရှုံးသွားပြီး ပြန့်ကျဲသွားသည့် သူ၏စိတ်စွမ်းအင်က လုံလောက်မှုမရှိပါက ဤစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားနိုင်သည်။
ဤသည်မှာ နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းကြသည့် မဟာအရှင်သခင်အများစု ရင်ဆိုင်ရသော အခက်အခဲပင်။ ဖျက်ဆီးခြင်းမရှိလျှင် တည်ဆောက်ခြင်း မရှိနိုင်ပေ။
သို့သော် ဖျက်ဆီးပြီးလျှင်လည်း ပြန်လည်တည်ဆောက်နိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ချေ။
မဟာအရှင်သခင်တစ်ပါး၏ ကျင့်ကြံမှု ရပ်တန့်သွားပြီး ဉာဏ်အလင်းပွင်းခြင်း တစ်ခုတည်းကိုသာ မျှော်လင့်ရခြင်းမှာ ဤကမ္ဘာလောက၏ စည်းမျဉ်းများထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
လောကကြီးက မဟာအရှင်သခင်တိုင်း နယ်မြေနတ်ဘုရားအဆင့်သို့ လွယ်လွယ်ကူကူ မတက်လှမ်းနိုင်စေရန် တားဆီးထားခြင်းပင်။
“လောကကြီးရဲ့ ဆန္ဒက စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတယ်၊ ရှေးခေတ်ကတည်းက နယ်မြေနတ်ဘုရား ဖြစ်လာသူတိုင်းက ပြိုင်ဘက်ကင်း ပါရမီရှင်တွေချည်းပဲ"
“သာမန်လူတစ်ယောက်က ဒီလျို့ဝှက်ချက်တွေကို ဘယ်လိုလုပ်ပြီး သိမြင်နိုင်ပါ့မလဲ”
သူ့မျက်ဝန်းထဲတွင် ရည်မှန်းချက်ကြီးမားသော မီးတောက်များ တောက်လောင်လာသည်။
“နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ဆိုတာ ငါးတစ်ကောင်က နဂါးတံခါးပေါက်ကို ခုန်ပျံကျော်လွှားရသလိုပဲ၊ အသက်ကို လောင်းကြေးထပ်ရမယ်။ ငါ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တယ်”
“အရာရာကို သတိကြီးကြီးထားခဲ့ပေမယ့် အရေးကြီးတဲ့ အချိုးအကွေ့မှာ ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ သတ္တိတော့ ရှိရမယ်၊ တစ်ခဏတာ တုံ့ဆိုင်းသွားတာနဲ့ ပြင်ဆင်လို့မရတဲ့ အမှားမျိုး ဖြစ်သွားနိုင်တယ်”
“ဒီတိုတောင်းလှတဲ့ ဘဝလေးမှာ တခြားလူတွေထက် ပိုပြီး စိတ်လှုပ်ရှားစရာတွေကို ခံစားခဲ့ရပြီးပြီ၊ သေရာကနေ သီသီလေး လွတ်မြောက်ရမယ့် အခြေအနေမျိုးဆိုရင်တောင် ဘာကို ကြောက်နေရဦးမှာလဲ”
သူ၏စိတ်ဓာတ် ခိုင်မာပြတ်သားသွားသည်။
ဤသို့တွေးပြီးနောက် ကျိုးရီသည် စိတ်စွမ်းအင်ကျင့်စဉ်များကို ချက်ချင်း အသုံးပြုကာ မူလဝိညာဉ်ကို ခွဲထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ထိုဝိညာဉ်အစများက နတ်ဘုရားစွမ်းရည်အမျိုးမျိုးနှင့် တွယ်ကပ်သွားပြီး အချင်းချင်း ပေါင်းစပ်သွားစေရန် သူက လမ်းညွှန်ပေးလိုက်သည်။
ရွှေလက်ချောင်းသုံးခုလုံးကို အသုံးပြုကာ လုံးဝ အသစ်စက်စက်ဖြစ်သော နယ်မြေနတ်ဘုရား ရွှေခန္ဓာကိုယ်တစ်ခုကို သူ စတင်ပုံသွင်းလေတော့သည်။
စွမ်းအင်တစ်စ၊ နှစ်စ၊ သုံးစ...
စွမ်းအားအမျိုးမျိုးက မရပ်မနားစီးဝင်လာပြီး ကျိုးရီ၏ ရွှေခန္ဓာကိုယ်မှ အရောင်ငါးမျိုးရှိသော နတ်ဘုရားအလင်းတန်းများ စတင်ထွက်ပေါ်လာသည်။
ရွှေခန္ဓာကိုယ်ကြီးက ကြီးမားကျယ်ပြန့်လာပြီး ပေခြောက်ဆယ် အမြင့်အထိ ရောက်ရှိသွားမှသာ ရပ်တန့်သွားလေသည်။
ကျိုးရီ၏ ကျင့်ကြံမှုက အသစ်စက်စက် နယ်ပယ်တစ်ခုဖြစ်သည့် နယ်မြေနတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားလေပြီ။
ထိုအချိန်မှာပင် ဤလောကကြီးက တစ်စုံတစ်ရာ ပျောက်ဆုံးသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ကျိုးရီက သူ့အပေါ် သက်ရောက်နေသည့် လောကကြီး၏ ထိန်းချုပ်မှုကို ဖြတ်တောက်လိုက်သောကြောင့်ပင်။
သူ၏ ရုပ်ခန္ဓာကြီးမှာ လုံးဝ ပျက်စီးသွားပြီးနောက်မှ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူက ဤလောကထဲတွင် ရှိနေဆဲဖြစ်သော်လည်း ဤလောကနှင့် မသက်ဆိုင်တော့ပေ။
ဤလောက၏ ချည်နှောင်မှုများ ကင်းလွတ်မှသာလျှင် အခြားကမ္ဘာများသို့ သွားလာနိုင်မည်ဖြစ်သည်။ ၎င်းမှာ နယ်မြေနတ်ဘုရားတစ်ပါး စွမ်းအား၏ လက္ခဏာရပ်များထဲမှ တစ်ခုပင်။
ဤအချိန်တွင် မင်ဧကရာဇ်ကျမ်းစာကို ဖန်တီးခဲ့သူမှာလည်း နယ်မြေနတ်ဘုရားအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ကျိုးရီ နားလည်သွားခဲ့သည်။
နတ်ဘုရားဟု ခေါ်ဆိုသူများသည် ချီစွမ်းအင်ကို စားသုံး၍ အသက်ရှင်ကြသည်။ ချီစွမ်းအင်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အရာခပ်သိမ်းကို လွှမ်းခြုံထားသော စွမ်းအင်ဖြစ်ပြီး နတ်ဘုရားများက ၎င်းတို့အားလုံးကို ရယူနိုင်သည်။
သို့သော် နတ်ဘုရားတစ်ပါးအတွက်ပင်လျှင် ဤလောကမှ သူတို့ ရယူနိုင်သည့် စွမ်းအားပမာဏမှာ ကန့်သတ်ချက်ရှိနေသည်။
ထို့ကြောင့် လောကကြီး၏ စွမ်းအားများကို ရယူပေးရန် သူတို့ကို ကူညီမည့်လူများ လိုအပ်သည်။
အခြားသူများ ကျင့်ကြံရန်အတွက် ကျင့်စဉ်များကို ဖန်တီးပေးခြင်းဖြင့် ၎င်းတို့ ကျင့်ကြံနေချိန်အတွင်း အထူးစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုစက်ကွင်းက လောကကြီး၏ စွမ်းအားများကို ဖန်တီးသူ၏ ကျင့်စဉ်လက္ခဏာရပ်များနှင့် ကိုက်ညီသည့် စွမ်းအင်အဖြစ် ပြောင်းလဲပေးသည်။
ယခင်က မင်ဧကရာဇ်ကျမ်းစာကို အခြေခံ၍ သူဖန်တီးခဲ့သော ကျင့်စဉ်များနှင့် ကျင်းဧကရာဇ် ဖန်တီးခဲ့သော ကျင့်စဉ်များသည် တကယ်တမ်းတွင် အလွန် အားနည်းလှသည်။
၎င်းတို့ကို သာမန် အဆင့်နိမ့်ကျင့်စဥ်လောက်သာ သတ်မှတ်၍ ရနိုင်သည်။
ထိုကျင့်စဉ်များကို ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည့် စက်ကွင်းက ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များကို အနည်းငယ်မျှသာ စုစည်းပေးနိုင်သည်။ ထိုစွမ်းအားများကို အပြည့်အဝ ပြောင်းလဲပစ်နိုင်စွမ်းမရှိချေ။
သို့သော် မင်ဧကရာဇ်ကျမ်းစာကမူ ထိုစွမ်းအားများကို ကိုယ်ပိုင်ကျင့်စဉ်နှင့် သက်ဆိုင်သည့် အရည်အသွေးများ ပါဝင်သော စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။
ဤအဆင့်နှစ်ခုမှာ လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
ယခု သူ ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ဖန်တီးပြီး အခြားသူများကို ကျင့်ကြံခွင့်ပြုနိုင်ပြီ ဖြစ်သည်။
ထိုသူများ မည်မျှပင် အစွမ်းထက်လာစေကာမူ သူတို့၏ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းကို သူ့ထံသို့ ခွဲပေးကြရမည်သာ။
ဤသည်မှာ လောကကြီး၏ စွမ်းအင်ကို ရိုးရိုးရှင်းရှင်း ဆွဲယူခြင်း မဟုတ်ပေ။ ထိုစွမ်းအင်ကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်ပြီး ပိုမိုအားကောင်းလာစေရန် ပြုလုပ်ခြင်းဖြစ်သည်။
ယခင်ဘဝက အင်မော်တယ်များကို နံ့သာတိုင်များ ထွန်းညှိပူဇော်ကြသည့် ရိုးရာဒဏ္ဍာရီများမှာလည်း ဤနည်းလမ်းနှင့် တူညီမှုများ ရှိနေနိုင်သည်။
“ထိပ်တန်းသိုင်းပညာရှင်တွေတောင် သူတို့ရဲ့ တာအိုလမ်းစဉ်ကို လက်ဆင့်ကမ်းပြီး တပည့်တွေအများကြီး လက်ခံဖို့ နည်းလမ်းရှာနေကြတာ မဆန်းပါဘူး”
“သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်တာအိုကို မြှင့်တင်ပြီး ဆက်တိုက် အားကောင်းလာစေဖို့ ဖြစ်နိုင်တယ်”
ကျိုးရီ နားလည်သွားပြီး ခေါင်းညိတ်လိုက်မိသည်။
ထိုစဉ် ကျိုးရီ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။
နယ်မြေနတ်ဘုရားတစ်ပါးက သူ၏ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဆိုလျှင် အဆုံးတွင် ဤလောကကြီးနေရာ၌ အစားထိုး ဝင်ရောက်သွားနိုင်မည်လော။
အကယ်၍ ထိုသို့သာဆိုလျှင် သူက အခြားကမ္ဘာတစ်ခုကို ဖန်တီးပြီး လောကဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည်မဟုတ်လော။
ဤအရာနှင့် လောကဧကရာဇ် ဖြစ်လာခြင်းကြားတွင် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေခြင်းလော။
ဝုန်း...
ထိုအချိန်မှာပင် ကောင်းကင်ယံမှ မိုးခြိမ်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံက တစ်စုံတစ်ခုကို သတိပေးနေသကဲ့သို့ပင်။
ကျိုးရီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“ငါ့ရဲ့ စောစောက အတွေးက ဒီလောကရဲ့ တာအိုကို သွားပြီး ရန်စမိသလိုဖြစ်လို့ တုံ့ပြန်မှု ဖြစ်လာတာပဲ နေမယ်။ စိတ်ဝင်စားစရာပဲ”
သူက ပြုံးလျက် ရေရွတ်လိုက်သည်။
သူ ဤအရာကို အပြည့်အဝ နားမလည်သေးသော်လည်း ဤသို့သော လမ်းကြောင်းမျိုး ရှိနေခြင်းက အနာဂတ်တွင် ထပ်မံ၍ အဆင့်တက်လှမ်းနိုင်ရန် အခွင့်အလမ်း ရှိနိုင်ပေမည်။
အလွန်ကောင်းမွန်လှသည်။
လောလောဆယ်တွင် ဤကိစ္စကို ဘေးဖယ်ထားပြီး သူ့ကိုယ်ပိုင် တာအိုလမ်းစဉ်ကို တည်ထောင်ကာ စွမ်းအားများ ဖြန့်ကြက်၍ ခွန်အားတိုးတက်လာစေရန် နည်းလမ်းရှာရမည်ဖြစ်သည်။
လောကတစ်ခွင်လုံးရှိ လူများကသာ သူ၏ တာအိုကို ကျင့်ကြံကြမည်ဆိုပါက တစ်ကိုယ်တော် ကျင့်ကြံခြင်းထက် များစွာ ပိုမိုမြန်ဆန်နိုင်ပေသည်။
ဤလုပ်ငန်းစဉ်အတွင်း ပွတ်တိုက်မှုအချို့တော့ သေချာပေါက် ရှိလာပေမည်။ ဥပမာအားဖြင့် အခြားနယ်မြေနတ်ဘုရားများက သူ ဤသို့လုပ်နေသည်ကို ရပ်ကြည့်နေမည် မဟုတ်ပေ။
အခြေတကျဖြစ်နေသော ထိုနယ်မြေနတ်ဘုရားများသည် သူတို့၏ ကိုယ်ပိုင်အစီအစဉ်များ စတင်နေသည်မှာ အတော်ကြာပြီ ဖြစ်နိုင်သည်။
ယခု လက်ရှိကမ္ဘာတွင် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက တာအိုများကို ကျင့်ကြံနေကြတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ကျိုးရီ အလျင်စလို မဖြစ်ပေ။ သူက ထာ၀ရအသက်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ လွှမ်းမိုးမှုကို ဖြည်းဖြည်းချင်း ဖြန့်ကြက်ရန် အချိန်အလုံအလောက်ရှိသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါ သူသည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသာ ပေါ်ပေါ်ထင်ထင် မလုပ်ဆောင်ဘဲ အခြားကမ္ဘာများနှင့် ဝေးဝေးနေသရွေ့ ဤနယ်ပယ်အတွင်းရှိ မည်သူကမျှ သူ့ကို သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
အနည်းဆုံးတော့ လတ်တလောအချိန်တွင် သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ သူ၏ ရွှေစည်းမျဉ်းဟောင်းလေးအတိုင်း သိုသိုသိပ်သိပ်သာ နေထိုင်မည်။
တစ်ချိန်တည်းမှာပင် ဤလောက၏ နေရာတစ်နေရာ၌။
အရိပ်တစ်ခုက မျက်လုံးဖွင့်လာသည်။
“ထူးဆန်းလိုက်တာ။ စောစောက ရုတ်တရက် ထွက်ပေါ်လာတဲ့ တုန်ခါမှုက ဘာကြီးလဲ။ တစ်ယောက်ယောက်များ နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းသွားတာလား"
“ဒါပေမယ့်... ငါ ဘာလို့ သတင်းအချက်အလက် တစ်ခုမှ မရခဲ့တာလဲ။ နယ်မြေနတ်ဘုရားအဆင့်ကို ရောက်သွားတဲ့သူက ဘယ်သူများလဲ”
ထိုသူက အံ့သြတကြီး မေးခွန်းထုတ်လိုက်သည်။
“ဒီလောက် နှစ်တွေအတော်ကြာပြီးမှ တစ်ယောက်ယောက်က ဒီအဆင့်ကို ပြန်တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်မထားဘူး၊ တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ”
“လူသားမျိုးနွယ်ထဲကလား၊ သားရဲမျိုးနွယ်ထဲကလား ဆိုတာတော့ သိချင်မိသား၊ မိစ္ဆာကပ်ဘေးကလည်း နီးကပ်နေပြီ။ အကယ်၍ လူသားမျိုးနွယ်ထဲကသာဆိုရင် နောက်ထပ် နှစ်တစ်ထောင်လောက် လူသားတွေ အကျိုးခံစားရမယ်”
“သားရဲမျိုးနွယ်ထဲကသာဆိုရင်တော့ ဒီတစ်ကြိမ် လူသားမျိုးနွယ်တွေ အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မယ် ထင်တယ်”
“နယ်မြေနတ်ဘုရား ဖြစ်လာဖို့ အဆင့်တက်လှမ်းသူတွေက အများအားဖြင့် နှစ်တစ်ထောင်ကျော်လောက် ကျင့်ကြံဖို့ လိုအပ်တယ်၊ သေချာတွေးကြည့်ရင် ဒီလူက ပြီးခဲ့တဲ့ မိစ္ဆာကပ်ဘေးကတည်းက နာမည်ကြီးခဲ့တဲ့သူ ဖြစ်ရမယ်"
“ဘာဖြစ်လို့ သူ့ရဲ့ တည်နေရာကို ငါ တွက်ချက်လို့ မရတာလဲ။ မျိုးစေ့အသစ် တစ်ယောက်ယောက်များ ဖြစ်နေမလား"
“ဒါပေမယ့် ဒီလောကထဲက ပါရမီရှင် အားလုံးကို ငါ သိထားတာပဲ... ဒီကောင်အကြောင်းကို ဘာဖြစ်လို့ ငါ တစ်စက်လေးတောင် မသိရတာလဲ။ သူက တကယ်ကို ဘယ်သူများလဲ”
“နယ်မြေနတ်ဘုရားအဆင့်မှာ နေရာအရေအတွက်က ကန့်သတ်ချက် ရှိတယ်၊ နယ်မြေနတ်ဘုရားအသစ်တစ်ပါး ပေါ်လာတိုင်း ဒီလောကထဲက တခြားသူတွေအတွက် နယ်မြေနတ်ဘုရား ဖြစ်လာနိုင်မယ့် အခွင့်အရေးတစ်ခု လျော့သွားတာပဲ”
“အခုချိန်ကစပြီး တခြားဘယ်သူမဆို ဒီအဆင့်ကို တက်လှမ်းဖို့က ပိုပြီးခက်ခဲသွားတော့မယ်”
အရိပ်ပိုင်ရှင်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ထင်ဟပ်လာသည်။
ထိုအချိန်မှာပင် မြောက်ပိုင်းနယ်စပ်ရှိ ရေခဲနယ်မြေ၌ ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားလေသည်။
စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခုက ပြန့်ထွက်လာပြီး ရေခဲလွင်ပြင် တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။
“ဟားဟားဟား... ငါ နောက်ဆုံးတော့ မြေကမ္ဘာအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ”
အောင်ပွဲခံရယ်မောသံကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ခက်ခဲကြမ်းတမ်းစွာ ကျင့်ကြံနေကြသည့် ရေတွက်၍မရနိုင်သော သိုင်းပညာရှင်များစွာ ဂူများထဲမှ ထွက်ပေါ်လာကြသည်။
စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူတို့အားလုံးမှာ ရင်ထဲအသည်းထဲအထိ တုန်လှုပ်သွားကြသည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ၊ ဒီအရှိန်အဝါက မြေကမ္ဘာအင်မော်တယ် အဆင့်ကို ရောက်နေလောက်ပြီ”
သူတို့အထဲမှ အသက်ကြီးကြီး ကျင့်ကြံသူတစ်ဦးက တုန်ယင်စွာ ရေရွတ်သည်။
“ဒါ သိုင်းလောကရဲ့ ဒဏ္ဍာရီ ချင်ရွှမ်းယွီပဲ၊ သူ နောက်ဆုံးတော့ မြေကမ္ဘာအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်သွားပြီ”
နောက်တစ်ဦးကလည်း အံ့သြတကြီး ထောက်ခံလိုက်သည်။
“အရင်က သူ့ရဲ့ တပည့်ကို သတ်ပစ်ခဲ့တဲ့ကောင်တော့ အခုချိန်ဆို ကြောက်လန့်တုန်ယင်နေလောက်ပြီ”
အခြားတစ်ယောက်က လှောင်ပြောင်သရော်သည့် အသံဖြင့် ပြောလိုက်လေသည်။