← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း (၈၄) - ကျင့်စဉ်များဖန်တီးခြင်း

တာ့ချန်ပြည်နယ်ဘက်၌။

ကျိုးရီသည် စမ်းသပ်သည့်အနေဖြင့် ကျင့်စဉ်အချို့ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။

‘ငါ ဘယ်လိုကျင့်စဉ်မျိုး ဖန်တီးသင့်သလဲ'

ကျိုးရီ မျက်မှောင်ကြုတ်ကာ ခေတ္တမျှ တွေးတောနေမိသည်။ ဤလောကရှိ အတွေ့များဆုံးသော ကျင့်စဉ်များမှာ ဓားရှည်၊ ဓားမြှောင်နှင့် လက်သီးသိုင်းများထက် မပိုလှပေ။

အခြားသော ကျင့်စဉ်များ ရှိသော်ငြား အလွန်တရာ ရှားပါးလှသည်။

ယန်ကျန်းက ဓားသိုင်းကျင့်ကြံသူဖြစ်ပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်ကလည်း ဓားလမ်းစဉ်နှင့် လိုက်ဖက်ရာ သူ့အတွက် ဓားသိုင်းကျင့်စဉ်တစ်ခု ဖန်တီးပေးခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

ထို့နောက် အားခွန်း… အားခွန်း၏ ခန္ဓာကိုယ်ကလည်း အတော်လေး ထူးခြားလှသည်။

သူက သာမန်သားရဲတစ်ကောင် မဟုတ်ဘဲ ထူးခြားသော ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျောက်စိမ်းနတ်ဘုရားကြက်မျိုးနွယ်ဝင် သားရဲတစ်ကောင် ဖြစ်သည်။

ရေနဂါးလေးကလည်း ထိုနည်းတူပင်။

၎င်းက မြင့်မြတ်သားရဲတစ်ကောင် ဖြစ်ပြီး သွေးကြောအတွင်း ဖုံးကွယ်နေသည့် အထူးစွမ်းအားနှင့်အတူ သွေးမျိုးဆက်စွမ်းအား ပိုင်ဆိုင်ထားသဖြင့် သူ၏ကျင့်စဉ်များကိုသာ ကျင့်ကြံနိုင်မည်ဆိုပါက အနာဂတ်တွင် ကျိုးရီက အကျိုးအမြတ် တစ်စိတ်တစ်ပိုင်း ရရှိပေမည်။

ထို့အပြင် ၎င်း၏ သွေးမျိုးဆက်က အလွန်အားကောင်းလှသဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများက အခြားသူများထက်ပင် သာလွန်နေနိုင်သေးသည်။

‘ငါ ဖန်တီးမယ့် ကျင့်စဉ်တွေက လူသားမျိုးနွယ်အတွက်ပဲ ကန့်သတ်ထားစရာ မလိုဘူး၊ သားရဲမျိုးနွယ်တွေအတွက်ပါ ထည့်သွင်းစဉ်းစားလို့ရတယ်၊ ငါ့အတွက် အကျိုးအမြတ်တွေ ဆောင်ကြဉ်းပေးနိုင်သရွေ့ ငါဖန်တီးတဲ့ ကျင့်စဉ်တွေကို ဘယ်မျိုးနွယ်မဆို ကျင့်ကြံခွင့်ပြုမယ်'

ကျိုးရီ၏ မျက်ဝန်းအတွင်း၌ ကြီးမာသော ရည်မှန်းချက်များက မီးလျှံများအလား တောက်လောင်လာသည်။

ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အားလုံးကို သွန်သင်ပြသပေးနေသည့် ထုံထျန်းဂိုဏ်းချုပ်ကြီး တစ်ဦးဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။

နက်ရှိုင်းသော အတွေးကမ္ဘာထဲမှ ရုန်းထွက်လာပြီးနောက် ကျိုးရီသည် ဓားသိုင်းတစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သည်။

ဤဓားသိုင်းက သူ ယခင်ဘဝက ဖတ်ခဲ့ဖူးသော ဝတ္ထုများထဲမှ ‘ဓားနှစ်ဆယ့်သုံးချက်’ ဆိုသော ဓားသိုင်းနှင့် အတော်လေး ဆင်တူနေသည်။

သာမန်လူများက သူ့လို အစွမ်းမထက်သောကြောင့် ကောင်းကင်ဖြတ်ပိုင်းခြင်းဓားသိုင်းကဲ့သို့ ချက်ချင်း ပေါက်ကွဲထွက်နိုင်သည့် အမျိုးအစားက လူတိုင်းနှင့် ကိုက်ညီမှုမရှိပေ။

၎င်းက ကျင့်ကြံသူ၏ သက်တမ်းကို စားသုံးပစ်လေသည်။ ပြန်လည်မွေးဖွားလာသူ တစ်ဦးဖြစ်သည့် ယန်ကျန်းပင်လျှင် ထိုကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနိုင်ရန် နည်းလမ်းမရှိခဲ့ပေ။

ဓားနှစ်ဆယ့်သုံးချက်၏ အကွက်တိုင်းက ယခင်ကျင့်စဥ်ထက် ပိုမိုအားကောင်းကာ အဆင့်အလိုက် တိုးတက်ပြောင်းလဲမှုများ ပါဝင်နေသဖြင့် အခြားသူများ ကျင့်ကြံရန်အတွက် ပို၍ သင့်လျော်ပေသည်။

သေချာသည်မှာ ကျိုးရီက ဓားနှစ်ဆယ့်သုံးချက်ကို တိုက်ရိုက် ကူးယူမည်မဟုတ်ပေ။

ဤလောကကြီးက ယခင်ဘဝကထက် များစွာ ပိုမိုအားကောင်းနေသဖြင့် ထိုသို့သော ကျင့်စဉ်မျိုးက ဤလောကတွင် အသုံးဝင်မည်မဟုတ်ပေ။

သူက ထိုကျင့်စဉ်၏ လက္ခဏာရပ်အချို့ကိုသာ အသုံးပြုခဲ့ပြီး တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် စွမ်းအင်စားသုံးမှုကို လျှော့ချပေးခြင်းစသည့် အခြားသလုပ်ဆောင်ချက်များကို ထပ်မံဖြည့်စွက်ခဲ့သည်။

ထို့အပြင် စွမ်းအင်စုပ်ယူခြင်းလုပ်ငန်းစဉ်ကိုပါ ကျိုးရီ ထည့်သွင်းထားသေးသည်။

ဓားသိုင်းကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးစွမ်းအင်များကိုပါ ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်ပေမည်။

ဤကျင့်စဉ်ဖြင့်ဆိုလျှင် အနည်းဆုံး သိုင်းသခင်အဆင့်သို့ ရောက်ရှိရန် ပြဿနာ မရှိနိုင်တော့ပေ။

စစ်သူကြီးကျောက်လည်း ၎င်းကို ကျင့်ကြံနိုင်သည်။ ကျင့်ကြံသူ များပြားလာလေလေ ကျိုးရီ ပို၍ အစွမ်းထက်လာလေလေ ဖြစ်ပေလိမ့်မည်။

‘ငါ ဒီဓားသိုင်းကို နာမည်တစ်ခု ပေးဖို့ လိုသေးတယ်။ အက္ခရာတစ် ဓားသိုင်းလို့ပဲ နာမည်ပေးလိုက်မယ်'

သူက ပြုံးလျက် ရေရွတ်လိုက်သည်။

တစ်မှသည် နှစ်၊ နှစ်မှသည် လေးသို့ မွေးဖွားလာခြင်းက အဆုံးမရှိသော သံသရာပင်။

ဤအချိန်တွင် ကျိုးရီခေါင်းထဲ၌ ပြဿနာတစ်ခု ရုတ်တရက် ပေါ်လာသည်။

မင်ဧကရာဇ်ကျမ်းစာနည်းတူ ကျင့်ကြံသူများ အစွမ်းထက်လာသည်နှင့်အမျှ စိတ်စွမ်းအင်များကို နိုးထလာစေနိုင်သည်။

အကယ်၍များ တစ်နေ့နေ့တွင် သူသာ တစ်စုံတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရပါက ဤနည်းလမ်းကို အသုံးပြု၍ ပြန်လည်ဝင်စားနိုင်ပေသည်။

သေချာသည်မှာ သူက ထိုမျှအထိ ရက်စက်သူမဟုတ်ပေ။ သူ့ကျင့်စဉ်ကို ကျင့်ကြံရုံမျှဖြင့် အခြားသူ၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ လုယူမည်မဟုတ်ချေ။

သို့သော် သူ့အသိစိတ်အား အခြားသူကို လမ်းညွှန်မှုပေးနိုင်သည့် အဘိုးအိုတစ်ဦးအသွင်သို့ ကူးပြောင်းကာ သူ့အား အသစ်စက်စက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးရန် တစ်ဖက်လူကို ကြိုးကိုင်ခြယ်လှယ်နိုင်သည်။

ဤနည်းဖြင့် လုပ်ဆောင်ခြင်းက သူ့ကိုယ်ပိုင် ကိုယ်ကျင့်တရားနှင့် မညီညွတ်ခြင်းမျိုး မရှိဘဲ အသက်ရှင်ရန်အတွက် သေချာသော လမ်းကြောင်းတစ်ခုကို ချန်ထားနိုင်ပေမည်။

ကျိုးရီ စားသောက်ဆိုင်သို့ ရောက်ရှိလာချိန်တွင် ဆိုင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ယူထားသည့် မဟာမိစ္ဆာကြီးက ချက်ချင်း ရှေ့တက်လာသည်။

“အရှင်သခင်၊ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပဲ”

မဟာမိစ္ဆာကြီးက ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

ကျိုးရီ စိတ်စွမ်းအင်များကို ဖြန့်ကြက်လိုက်ရာ ပတ်ဝန်းကျင်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

အိမ်နီးချင်းများက ဆိုင်ပိတ်ထားကြပြီး လူအတော်များများ၏ စွမ်းအားများကလည်း သိသိသာသာ တိုးတက်နေကြသည်။

တိတိကျကျပြောရလျှင် သူတို့၏ ရုပ်ရည်များ ပြောင်းလဲသွားပြီး အချိန်တိုအတွင်း အိုမင်းသွားသကဲ့သို့ ဖြစ်နေသည်။

‘ဖြစ်နိုင်တာက...’

သူက ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အသက်သွင်းကာ စစ်ဆေးကြည့်လိုက်ရာ ဖြစ်ပျက်ခဲ့သည်များကို ကျိုးရီ နားလည်သွားခဲ့သည်။

‘ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာက ဆယ်နှစ်တောင် ကြာသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး'

ကျိုးရီ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ လက်ရှိနယ်ပယ်အထိ ကျင့်ကြံလာခဲ့ပြီးရာ သာမန်လူများကို များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

သာမန် တံခါးပိတ်ကျင့်ကြံခြင်းလေး တစ်ခုကပင် နှစ်ပေါင်းများစွာ အလွယ်တကူ ကုန်ဆုံးသွားစေနိုင်သည်။

သူ၏ ယခင်ဘဝက တောင်တန်းများထဲတွင် အင်မော်တယ်များရှိပြီး မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားတတ်သည်ဟု လူများ မကြာခဏ ပြောလေ့ရှိကြသည်မှာ မဆန်းပေ။

ကျင့်ကြံခြင်းဆိုသည်မှာ ရိုးရှင်းသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ အလွန်ရှုပ်ထွေးလှသည်။

နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာမည့် လုပ်ငန်းစဉ်အတွင်း သူက အကြိမ်ပေါင်း ဘီလီယံနှင့်ချီ၍ ကျင့်ကြံခဲ့ရသည်။

ထို့ကြောင့်ပင် အချိန်တွေက ဤမျှ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းက ကျင့်ကြံခြင်းလောကတွင် ပုံမှန်ဟုပင် ဆိုနိုင်သည်။

တာ့ချန်နယ်နိမိတ်အတွင်း၌ ကျိုးရီက ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အသုံးပြုရန်ပင် မလိုအပ်တော့ပေ။

မိုင်ပေါင်း သန်းနှင့်ချီ ဝေးကွာနေသော အရာများကို အလွယ်တကူ သိမြင်နိုင်ရန် စိတ်စွမ်းအင်များကို ဖြန့်ကြက်လိုက်ရုံသာ။

‘ယန်ကျန်းက သိုင်းသူတော်စင်အဆင့် နှောင်းပိုင်းကိုတောင် တက်လှမ်းသွားခဲ့ပြီပဲ၊ စစ်ပွဲတွေက လူတစ်ယောက်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ အမြန်ဆုံးနည်းလမ်းဆိုတာ သေချာနေပြီ'

ကျိုးရီက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း တွေးတောနေမိသည်။

ချီယန်ခွန်းဂိုဏ်းအတွင်း၌လည်း တာ့ချန် လီမိသားစု၏ မျိုးဆက်များမှာ အဆင့်တိုးတက်လာခဲ့ကြသည်။

လီရွှမ်ကျင်းသည် မြေကမ္ဘာအင်မော်တယ် အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ဤကောင်လေးက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကမှ ဤအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့်ဆီသို့ ဆက်လက်တက်လှမ်းရန် ပြင်နေပြီဖြစ်သည်။

‘‌ဒီကောင်လေးက တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ဦးပဲ'

သာမန်လူများ၏ အမြင်တွင် သိုင်းသခင်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် နှစ်ရာပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု ထင်မြင်ကြသော်လည်း တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ပေ။

၎င်းက လိမ်လည်မှုတစ်ခုသာ ဖြစ်သည်။

စစ်မှန်သော ပါရမီရှင်များသည် အဆင့်တက်လှမ်းရမည့် အချိန်ရောက်လျှင် ချက်ချင်းတက်လှမ်းသွားကြသည်သာ။

ခက်ခက်ခဲခဲ ကျင့်ကြံရင်း စောင့်ဆိုင်းနေရန် မလိုပေ။

အကြီးမားဆုံး ပြဿနာမှာ ဉာဏ်အလင်းပွင့်မှုအတွက် လိုအပ်သော အချိန်က အနည်းငယ် ကြာမြင့်နေခြင်းသာ ဖြစ်နိုင်သည်။

အခြားအချိန်များတွင် လိုအပ်သည့် အရင်းအမြစ်များ အလုံအလောက်ရှိနေသရွေ့ အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်သာ။

ကျိုးရီက စိမ်းပြာရောင်မျက်လုံးနှင့် ရွှေရောင်မျက်၀န်းရှိသော ကြက်တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

‘အရှင်သခင်’

ကျောက်စိမ်းကြက်က ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

“ဒီကျောက်စိမ်းပြားကို နတ်ဘုရားဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်ကျန်းကို ပေးလိုက်ပါ”

ကျိုးရီ အမိန့်ပေးလိုက်ရာ ကြက်ဖက ချက်ချင်းပင် ပြန်ဖြေလာသည်။

“အမိန့်အတိုင်းပါ အရှင်”

ဤကိစ္စပြီးသွားမှသာ ကျိုးရီသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

အနာဂတ်တွင် အခြားသူများအား လက်ဆင့်ကမ်းပေးရန်အတွက် ဤနေရာ၌ နည်းလမ်းအမျိုးမျိုးကို ဖန်တီးရပေမည်။

အိမ်နီးချင်းများက ကျိုးရီကို မြင်လိုက်ရသဖြင့် အံ့သြသွားကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်စကား ဆိုလာကြသည်။

“သခင်လေးကျိုး၊ ဘယ်တွေများ ရောက်နေတာလဲ၊ ခင်ဗျားကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ”

“ဦးလေးကျိုး၊ ကျန်းကျန်းမာမာ ရှိသေးရဲ့လား”

“ဒီအဘိုးကြီးက အရင်ကလိုပဲ ခန့်ညားနေတုန်းပါလားကွ”

ပတ်ဝန်းကျင်မှ ဖော်ရွေသော အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

ကျိုးရီက ပြုံးလျက် တစ်ယောက်ချင်းစီကို ပြန်ဖြေလိုက်သည်။

ထို့နောက် သူ့လက်အောက်ခံ မဟာမိစ္ဆာကြီးနှစ်ကောင်က လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို တင်ပြကြလေသည်။

“အရှင်သခင်၊ အရှင် တံခါးပိတ်ကျင့်ကြံသွားပြီးနောက် စစ်သူကြီးကျောက်က ရက်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးမှ ထွက်သွားခဲ့ပါတယ်၊ သူ မထွက်သွားခင် အရှင့်ရဲ့ သတင်းရရချင်း သူ့ကို အကြောင်းကြားဖို့ အကြိမ်ကြိမ် အလေးအနက် မှာကြားသွားခဲ့ပါတယ်”

မဟာမိစ္ဆာကြီးက လေးလေးစားစား လျှောက်တင်လိုက်သည်။

“အဘိုးကြီးကျောက်က တစ်ကယ့် လူကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အရာအားလုံးက အချိန်တန်ရင် အဆုံးသတ်သွားရမှာပဲလေ”

ကျိုးရီက ဝမ်းနည်းမှု အရိပ်ယောင်လေးတစ်ခုဖြင့် ရေရွတ်လိုက်သည်။

အချိန်တိုင်း သူ့အတွက် အဖော်လုပ်ကာ သောက်စားနေရန်မှာ မဖြစ်နိုင်ပေ။ ကျိုးရီမှာ အချိန်ရသော်လည်း ထိုလူကြီးမှာ ကိုယ်ပိုင်ဘဝ ရှိသေးသည်။

သူက ကျိုးရီ မွေးစားထားသည့် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင် မဟုတ်ပေ။

အရင်က လောကကြီးတွင် အထီးကျန်ဆုံးအရာမှာ ထာဝရအသက်ဟု ကျိုးရီ ထင်မှတ်ခဲ့ဖူးသော်လည်း ယနေ့တွင်မူ အထီးကျန်ခြင်းက သက်တမ်းရှည်ခြင်းကြောင့် မဟုတ်ဘဲ ပြိုင်ဘက်ကင်းလွန်းနေခြင်းကြောင့် ဖြစ်ကြောင်း သူ တွေ့ရှိသွားခဲ့လေပြီ။

ပြိုင်ဘက်ကင်းတစ်ဦးတွင် အခြားသူများနှင့် ပြောဆိုစရာ စကားများစွာ မရှိတော့ပေ။

သက်တမ်းရှည်ရုံမျှတိုလျှင် အခြားသူများနှင့် အချိန်ဖြုန်းနိုင်သေးသည်။

မည်သို့ပင်ဆိုစေ လူတိုင်း၏ စွမ်းအားစာ တူညီနေပါက ဆွေးနွေးမှု ခေါင်းစဉ်များသည် အတိုင်းအတာတစ်ခုအထိ တူညီသော အခြေအနေတွင်သာ ရှိနေနိုင်သည်။

သို့သော် စွမ်းအားများက အတိုင်းအတာတစ်ခုကို ထိုးဖောက်သွားပြီး တစ်ဖက်လူအား အပြတ်အသတ် ကျော်လွန်သွားသောအခါ အရာအားလုံးက ကွဲပြားသွားလေပြီ။

နှစ်ဦးနှစ်ဖက် အတူတကွ ရယ်မောနောက်ပြောင်နေကြလျှင်တောင် ၎င်းကို မည်မျှကြာကြာ ထိန်းသိမ်းထားနိုင်မည်နည်း။

ချီယန်ခွန်းဂိုဏ်းအနီးတစ်ဝိုက်တွင် ဆယ်နှစ်တာ အပြောင်းအလဲများပြီးနောက် သာမန်လူများ ရှားပါးလာပြီး မျိုးသုဉ်းလုနီးပါးပင် ဖြစ်နေလေပြီ။

စာဖတ်တတ်ကာစ ကလေးငယ်များပင်လျှင် သိုင်းပညာ၊ ကွန်ဖြူးရှပ်ဝါဒ၊ လျှို့ဝှက်ဆန်းကြယ်သော တာအိုအနုပညာများနှင့် အခြားသော ကျင့်ကြံမှုနည်းလမ်း အမျိုးမျိုးကို စတင်ထိတွေ့နေကြပြီဖြစ်ကြောင်း ကျိုးရီ သတိပြုမိလိုက်သည်။

လောကကြီးသည် အဆုံးတွင် အင်မော်တယ်ကမ္ဘာနှင့် ပိုပိုပြီး ဆင်တူလာနေသည်။

ထိုအချိန်မှာပင် ချီယန်ခွန်းဂိုဏ်း၏ အထက်မှ စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခု ရုတ်တရက် ကျဆင်းလာသည်။

သို့သော် သူတော်စင်ခန္ဓာပါရမီရှင်များ၏ အဖြစ်အပျက်မျိုး မဟုတ်ဘဲ သာမန်လူများနှင့် နှိုင်းယှဉ်ပါက အလွန် စွမ်းအားကြီးမားနေခြင်းသာ။

တကယ်တမ်းတွင် ၎င်းက မြေကမ္ဘာအင်မော်တယ် အဆင့်မျှသာ ဖြစ်သည်။

ကောင်းကင်ယံထက်တွင် လူရိပ်တစ်ခုက လက်နောက်ပစ်ကာ ရပ်နေသည်။

သူ့အရှိန်အဝါက အလွန်တရာ ထက်ရပြီး ပြင်းထန်လွန်းသဖြင့် ရေတွက်၍မရနိုင်သော ကျင့်ကြံသူများမှာ ခေါင်းပင် မမော့နိုင်ကြတော့ချေ။

“တကယ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ၊ ဘယ်က အစွမ်းထက်ကျင့်ကြံသူ ရောက်လာတာလဲ”

“တာ့ချန်မှာလည်း မြေကမ္ဘာအင်မော်တယ်အဆင့် ရှိတာပဲလေ။ သူက ဒီလိုမောက်မာတဲ့ ပုံစံနဲ့ ဒီကို လာရဲတယ်ပေါ့၊ သေမှာမကြောက်ဘူးလား”

အောက်ခြေမှ ထိတ်လန့်တကြား တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။

ထိုလူက အောက်သို့ ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။

“ဒါ တာ့ချန်မြို့တော် ဟုတ်သေးရဲ့လား။ အောက်မှာ ဘာလို့ အစွမ်းထက်ကျင့်ကြံသူတွေ ဒီလောက်အများကြီး ရှိနေရတာလဲ”

“လူအတော်များများက မွေးရာပါအဆင့်ကို ကျော်သွားကြပြီ၊ သိုင်းသခင်တွေလည်း အများကြီးပဲ။ သိုင်းသူတော်စင်အဆင့်ကတောင် တစ်ရာကျော်တယ်ဆိုတော့... ငါ နေရာမှားလာမိတာလား”

သူက သံသယဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိသည်။

“မဟုတ်သေးပါဘူး။ ဒီနေရာက အရှိန်အဝါတွေ ပြောင်းလဲသွားပေမယ့် ပထဝီမြေအနေအထားကိုတော့ အလွယ်တကူ ပြောင်းလဲပစ်လို့မရဘူး"

“အောက်ကနေရာက တာ့ချန်အင်ပါယာရဲ့ နန်းတော်ဖြစ်တာ သေချာတယ်။ ဒါပေမယ့် လေထုထဲက ကောင်းကင်နဲ့မြေကြီးစိတ်စွမ်းအင်တွေက သိသိသာသာ တိုးလာသလိုပဲ၊ ငါ တံခါးပိတ်မကျင့်ခင်ကထက်တောင် ပိုများနေသေးတယ်”

သူ တွေးတောနေစဉ်မှာပင် အောက်ဘက်မှ လူရိပ်တစ်ခုက တိတ်ဆိတ်စွာ ရောက်ရှိလာသည်။

ထိုသူမှာ အေးစက်စက် မျက်နှာထားဖြင့် မမှိတ်မသုန် စိုက်ကြည့်နေသော ကျင်းဧကရာဇ် ဖြစ်သည်။

“ခင်ဗျားက ဘယ်ကလာတာလဲဆိုတာ သိပါရစေ၊ ကျွန်တော့်ရဲ့ ချီယန်ခွန်းဂိုဏ်းကို ဘာကိစ္စနဲ့ ရောက်လာတာလဲ၊ အောက်က တပည့်တွေကို ဖိနှိပ်ဖို့ ခင်ဗျားရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတာက ရန်စတဲ့လုပ်ရပ်နဲ့ တူနေတယ်”

ကျင်းဧကရာဇ်၏ အသံက လေးနက်တည်ကြည်လျက်ရှိသည်။

တစ်ဖက်လူက သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် အကြည့်က ချက်ချင်း တည်ကြည်လေးနက်သွားသည်။

နှစ်ဦးလုံးက မြေကမ္ဘာအင်မော်တယ်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် သူ့အရှိန်အဝါကို အခြားတစ်ယောက်က ချက်ချင်းသတိပြုမိသွားသည်မှာ သဘာဝပင်။

သို့သော် သူက သူရဲဘောကြောင်သူ တစ်ယောက်အတိုင်း နောက်ဆုတ်သွားလို့ မဖြစ်ချေ။

“ငါက လွန်ခဲ့တဲ့ နှစ်တစ်ရာက သိုင်းလောကရဲ့ ဒဏ္ဍာရီ ချင်ရွှမ်းယွီပဲ၊ အဲဒီတုန်းက ငါ့တပည့် လျန်ဇန်က တာ့ချန်မြို့တော်အနီးမှာ အသတ်ခံလိုက်ရတယ်၊ ဒါကြောင့် ရှင်းလင်းချက်တစ်ခု တောင်းဆိုဖို့ ရောက်လာတာ”

ချင်ရွှမ်းယွီက ခက်ထန်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။

၎င်းကို ကြားသောအခါ လီရွှမ်ကျင်းသည် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။

‘ချင်ရွှမ်းယွီ ဟုတ်လား။ သိုင်းလောကရဲ့ ဒဏ္ဍာရီတဲ့လား။ တောင်းပန်ပါတယ်။ ဒီဂိုဏ်းချုပ်က ခင်ဗျားကို မသိဘူး။ ကျေးဇူးပြုပြီး အမြန်ထွက်သွားလိုက်ပါ'

“ပြဿနာ ဆက်ရှာနေမယ်ဆိုရင်တော့ ကျွန်တော် သနားညှာတာမှုမရှိဘူးလို့ အပြစ်မတင်နဲ့”

“မောက်မာလိုက်တဲ့ ကောင်စုတ်လေး။ ငါတို့ အဆင့်ခြင်းတူတာနဲ့ မင်းကို ကြောက်နေမယ်လို့ မထင်နဲ့၊ ဒီအဘိုးကြီး နာမည်ရလာတဲ့ အချိန်တုန်းက မင်း ဘယ်ချောင်ရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး”

ချင်ရွှမ်းယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ခင်ဗျား သေချင်နေတာပဲ”

လီရွှမ်ကျင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။

လီရွှမ်ကျင်းသည် ဘိုးဘေးကြီး၏ စကားများကို နာခံကာ သတိကြီးကြီးထားရမည့် လမ်းစဉ်အတိုင်း ကျင့်ကြံခဲ့သော်လည်း သူက မြေကမ္ဘာအင်မော်တယ် အလယ်အလတ်အဆင့်တွင် ရှိနေလေသည်။

သဘာဝကျကျပင် တစ်ဖက်လူက သူ့အပေါ် အနိုင်ကျင့် ဗိုလ်ကျနေသည်ကိုတော့ ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦး ချက်ချင်းပင် စတင်တိုက်ခိုက်ကြလေတော့သည်။

အောက်ဘက်တွင်မူ ကျိုးရီက ကောင်တာကိုမှီလျက် ကောင်းကင်ယံသို့ လှမ်းကြည့်နေသည်။

သူ့မှတ်ဉာဏ်များထဲတွင် နက်ရှိုင်းစွာ မြုပ်နှံထားခဲ့သော ငယ်ဘဝမှ အဖြစ်အပျက်အချို့က ဝေဝါးဝါး ပြန်လည် ပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“လျန်ဇန်ရဲ့ ဆရာတဲ့လား”

သူက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

သူ မှတ်မိသလောက်ဆိုလျှင် ထိုအချိန်က ချူကျိုး၌ ယန်ကျန်း၏ အမွေအနှစ်များကို စတင်ရရှိခဲ့ပြီး ကောင်းကင်ဖြတ်ပိုင်းခြင်းဓားသိုင်းကိုလည်း ရယူနိုင်ခဲ့သည်။

ထိုစဉ်က သိုင်းလောကမှ ဂိုဏ်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့် သူ့ကို သိုင်းလောက၏ မိစ္ဆာခေါင်းဆောင်ဟုပင် ခေါ်ဆိုခဲ့ကြပြီး အလွန် ကြီးကျယ်သော အမည်တစ်ခုကို ပေးခဲ့ကြသည်။

ယခု ပြန်လည်တွေးကြည့်သောအခါ ထိုအရာများက တကယ်ကို နုနယ်သော လူငယ်တစ်ဦး၏ ဟန်ပန်များဖြင့် ပြည့်နှက်နေလေသည်။

All Chapters