← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) - ကျင့်ကြံခြင်းနည်းလမ်းအသစ်များ

မျှော်လင့်ထားသည့်အတိုင်းပင် ချင်ရွှမ်းယွီတစ်ယောက် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။

လက်တစ်ဖက် ပြတ်ထွက်သွားရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်ကလည်း တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည်။

အဆုံးတွင်တော့ ဓားပျံသန်းခြင်း နည်းစနစ်ကို အသုံးပြု၍ သွေးရူးသွေးတန်း ထွက်ပြေးသွားရလေသည်။

ကျိုးရီကမူ မြေပဲလှော်စားကာ အရက်သောက်ရင်း အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့သည်။ ပုရွက်ဆိတ်လေးတစ်ကောင်က သူ၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်တော့ပေ။

သို့သော်လည်း ထိုနှစ်ယောက်၏ တိုက်ပွဲက သူ၏ အတွေးများကို ရုတ်တရက် ပွင့်လင်းသွားစေခဲ့သည်။

ဤလောကရှိ သိုင်းပညာအဆင့်များကြား ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှသည်။

အဆင့်တစ်ဝက်ခန့် ကွာဟနေလျှင်ပင် တစ်ဖက်လူကို အသက်ရှူကျပ်လောက်အောင် ဖိနှိပ်နိုင်စွမ်းရှိသည်။ သို့သော် ၎င်းက အရေးအကြီးဆုံးပြဿနာ မဟုတ်သေးပေ။

ကျင့်ကြံမှုအဆင့် မြင့်မားသူက နိမ့်ကျသူကို ဖိနှိပ်နိုင်ခြင်းမှာ လုံးဝ ယုတ္တိတန်သော်လည်း ယုတ္တိမတန်သည်က သူတို့၏ အဆင့်တက်လှမ်းမှု အမြန်နှုန်းပင်။

လီရွှမ်ကျင်းသည် ဆယ်စုနှစ်အနည်းငယ်မျှသာ ကျင့်ကြံခဲ့ရသေးသော်လည်း တစ်ဖက်ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်နေပြီဖြစ်သည်။

ပါရမီတစ်ခုတတည်းအပေါ်သာ အခြေခံ၍ ဤကဲ့သို့ ဖိနှိပ်နိုင်စွမ်းရှိနေမည်ဆိုပါက အလွန်အစွမ်းထက်သော သိုင်းပညာရှင်များကို အမြောက်အမြား မွေးထုတ်ပေးနိုင်ရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ အလွန်အစွမ်းထက်သော သိုင်းပညာရှင်များကို မဖန်တီးနိုင်ဘဲ အမှိုက်များကိုသာ မွေးထုတ်နေမည်ဆိုလျှင် အဓိပ္ပာယ်ရှိမည်မဟုတ်သလို သူ့ကိုယ်ပိုင် တိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်မည်မဟုတ်ချေ။

ကျိုးရီ မျက်မှောင်ကြုတ်ကာ အတွေးထဲ နစ်မျောသွားသည်။

“ကျင့်စဉ်တွေကို ဖန်တီးရုံသက်သက်နဲ့တော့ လုံလောက်မယ်မထင်ဘူး၊ ကျင့်စဉ်တွေက ကောင်းမွန်ပေမယ့် အကြီးမားဆုံးပြဿနာက ဒီလောကရဲ့ ကျင့်ကြံမှုအဆင့်တွေက မပြောင်းလဲသေးဘဲ မူလပုံစံအတိုင်း ဖွံ့ဖြိုးနေတာပဲ”

“တကယ်တမ်းတော့ ဒီလောကရဲ့ ကျင့်ကြံမှုအဆင့်တွေမှာ လိုအပ်ချက်တချို့ ရှိနေတယ်။ အထူးသဖြင့် ကနဦးအဆင့်တွေမှာပေါ့၊ သူတို့က စစ်မှန်တဲ့ သိုင်းပညာကျင့်ကြံခြင်းနည်းစနစ် တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သေးဘူးပဲ”

ဥပမာအားဖြင့် နှောင်းပိုင်းဖြစ်တည်မှုအဆင့်နှင့် မွေးရာပါအဆင့်တို့ကြား ကွဲပြားချက်ပင်။

ဤအဆင့်နှစ်ခုက လက္ခဏာရပ်များ ကွဲပြားရုံသာမက ၎င်းတို့ကြားရှိ ကွာဟချက်က ကြီးမားလွန်းသောကြောင့် အတွေ့အကြုံများ ပိုမိုလိုအပ်ကာ အဆင့်တက်လှမ်းရန် ပို၍ ခက်ခဲစေသည်။

အမြင့်ခုန်ခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။

မီတာဝက်အမြင့် ငါးခုကို ခုန်ရခြင်းနှင့် ၁.၅ မီတာ အမြင့်တစ်ခုတည်းကို ခုန်ရခြင်း၏ အခက်အခဲက သေချာပေါက် ကွာခြားပေလိမ့်မည်။

သူသာ လွယ်လွယ်ကူ အဆင့်တက်လှမ်းနိုင်မည့် ကျင့်ကြံမှုအဆင့်များနှင့် ကိုက်ညီစေရန် ကျင့်စဉ်များ၏ လက္ခဏာရပ်များကို ပြောင်းလဲနိုင်ပါက အားလုံး၏ ကျင့်ကြံသူအမြန်နှုန်းကို ပိုမိုမြန်ဆန်လာစေရန် သူ အရှိန်မြှင့်ပေးနိုင်ပေမည်။

သူ၏ မျက်ဝန်းများထဲတွင် လောကကြီးတစ်ခုလုံးကို သူ၏ ပျိုးပင်များအဖြစ် ပြောင်းလဲပစ်ရန် ကြီးမားသော ရည်မှန်းချက်မီးလျှံများ တောက်လောင်နေသည်။

အထက်ပိုင်းအဆင့်များက နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပါရမီအပေါ် လုံးလုံးလျားလျား မူတည်နေ၏။

သို့သော်ငြား မွေးရာပါအဆင့် သိုင်းပညာရှင်များ ပြည့်နှက်နေသော လောကတစ်ခုနှင့် နှောင်းပိုင်းဖြစ်တည်မှုအဆင့် သိုင်းပညာရှင်များသာ ရှိသော လောကတစ်ခုမှ သူရရှိမည့် အကျိုးကျေးဇူးများမှာ အတော်လေး ကွာခြားလှသည်။

ထို့ကြောင့် ကျိုးရီသည် သင့်လျော်သော သိုင်းပညာအဆင့်အချို့ကို ဖန်တီးရန် ပြင်ဆင်လေတော့သည်။

ကနဦးအဆင့်များကို ရုပ်ခန္ဓာလျှို့ဝှက်နယ်ပယ်နှင့် နတ်ဘုရားစွမ်းရည်လျှို့ဝှက်နယ်ပယ်ဟူ၍ ခွဲခြားမည်ဖြစ်သည်။

ရုပ်ခန္ဓာလျှို့ဝှက်နယ်ပယ်တွင် အဆင့်ငါးဆင့် ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ကလီစာများကို သန့်စင်ခြင်းနှင့် ပြင်ပ အရွတ်၊ ကြွက်သား၊ အရိုးနှင့် အရေပြားများကို လေ့ကျင့်ခြင်းတို့ ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။

ချီပင်လယ်နှင့် ဒန်တျန်ကို ဖန်တီးပြီးနောက် နတ်ဘုရားစွမ်းရည်လျှို့ဝှက်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းနိုင်မည်ဖြစ်ရာ နှောင်းပိုင်းဖြစ်တည်မှုအဆင့်မှ မွေးရာပါအဆင့်သို့ တက်လှမ်းရာတွင် လိုအပ်သော အတွေ့အကြုံဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

နတ်ဘုရားစွမ်းရည်လျှို့ဝှက်နယ်ပယ်သည် ချီစွမ်းအင်သန့်စင်ခြင်းကို အဓိကထားမည်ဖြစ်ပြီး စိတ်စွမ်းအင်များကို ကြယ်တာရာစွမ်းအင်အဖြစ် ပြင်ပသို့ ထုတ်လွှတ်ခြင်းမှ စတင်ကာ သဘာဝစွမ်းအင်များကို နားလည်သဘောပေါက်ပြီး ထိန်းချုပ်နိုင်သည်အထိ တိုးတက်သွားမည်ဖြစ်သည်။

ဤနည်းအားဖြင့် ကျင့်စဉ်များ၏ လက္ခဏာရပ်များက လမ်းညွှန်ပေးမှုကြောင့် အဆင့်တက်လှမ်းခြင်းက ပိုမို အဆင်ပြေမြန်ဆန်လာမည်ဖြစ်ပြီး သဘာဝကျကျပင် လူတိုင်းနီးပါး အစွမ်းထက်လာကြပေမည်။

သူ နက်နက်နဲနဲ တွေးတောနေစဉ် ဆိုင်တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“သူဌေး၊ အရက်ကောင်းကောင်းတစ်အိုးလောက်”

ကျောတွင် ဝါးခြင်းတောင်းတစ်လုံး လွယ်ထားပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆိုင်တွင်းသို့ ဝင်လာသည်။ ကျိုးရီက စိတ်စွမ်းအင်အရက်တစ်အိုးကို ထုတ်ယူလိုက်သည်။

“ငွေနှစ်ဆယ်ကျပ်။ အကြွေးမရဘူး”

ကျိုးရီက အေးတိအေးစက် မျက်နှာထားဖြင့် ဆိုလိုက်သည်။

လူလတ်ပိုင်းအမျိုးသားက သူ့အိတ်ကပ်များကို စမ်းကြည့်လိုက်ရာ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထို့နောက ခြင်းတောင်းထဲမှ ဂျင်ဆင်းမြစ် တစ်ဝက်ကို ဆွဲထုတ်လိုက်သည်။

“ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ဒီဂျင်ဆင်းမြစ်တစ်ဝက်နဲ့ လဲလို့ရမလား”

ကျိုးရီက တစ်ချက်မျှ အကဲခတ်ကြည့်လိုက်သည်။ ဂျင်ဆင်းက နှစ်သုံးဆယ်သက်တမ်းရှိပြီ ဖြစ်သည်။ အမြတ်မရနိုင်သော်လည်း ရှုံးတော့ မရှုံးပေ။

“ရတယ်”

သူက ဂျင်ဆင်းကို ယူလိုက်ပြီး စိတ်စွမ်းအင်အရက်တစ်အိုးကို ကမ်းပေးလိုက်သည်။ လူလတ်ပိုင်းအမျိုးသားက ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတစ်ခုတွင် နေရာယူကာ စသောက်လေတော့သည်။

စားသောက်ဆိုင်အတွင်းရှိ ဖောက်သည်အချို့က သူ့ကို မှတ်မိသွားကြပြီး တီးတိုး စကားဆိုလာကြသည်။

“ဟေ့၊ ဟိုလူကို မြင်လား။ သူက နာမည်ကြီးလေ”

“နာမည်ကြီး ဟုတ်လား။ ဘယ်သူမို့လို့လဲ”

“ရွှီရှန်းလေ။”

“ရွှီရှန်းဆိုတာ ဘယ်သူလဲ”

တခြားစားပွဲဝိုင်းမှ လူတစ်ဦးက ဝင်မေးလိုက်သည်။

“ရွှီရှန်းကို မသိဘူးလား။ မင်းက တော်တော် ခေတ်နောက်ကျနေတာပဲ။ ဒီလူက ငယ်ငယ်ကတည်းက ပါရမီရှင်တစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပြီး တော်တော်လေးလည်း မောက်မာခဲ့တာ"

“နောက်ပိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်နဲ့ ပြဿနာဖြစ်ပြီး သူ့ရဲ့ သွေးကြောတွေ ဖျက်ဆီးခံလိုက်ရတယ်"

“ဟီးဟီး... အဲဒီအချိန်ကစပြီး သူ့ရဲ့ သွေးကြောတွေကို ပြန်ကုသပေးနိုင်မယ့်သူကို နေရာအနှံ့ လိုက်ရှာနေခဲ့တာ။ ကံမကောင်းတာက တစ်ယောက်မှ မတွေ့ခဲ့ဘူးလေ”

“လွန်ခဲ့တဲ့ နှစ်ရက်က သူ ချီယန်ခွန်းဂိုဏ်းရဲ့ လူသစ်စုဆောင်းရေး ရွေးချယ်ပွဲကို သွားခဲ့ပေမယ့် ပထမအဆင့်မှာတင် ပြုတ်သွားတယ်"

“ချီယန်ခွန်းဂိုဏ်းက အကြီးအကဲက ပြောတယ်... သူ့အသက်အရွယ်နဲ့ဆိုရင် ဘယ်လောက်ပဲ ပါရမီရှင်ဖြစ်နေပါစေ၊ သွေးကြောတွေ ပြန်ကောင်းလာရင်တောင် ဘာမှ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူးတဲ့”

“နှမြောစရာပဲ”

“ဘာနှမြောစရာရှိလို့လဲ။ ကိုယ့်နေရာကိုယ်မသိဘဲ မောက်မာတဲ့အရူးတွေက ဒီလိုဇာတ်သိမ်းမျိုးနဲ့ပဲ ထိုက်တန်တယ်၊ သူ့ကိုယ်သူ အပြစ်တင်ရုံကလွဲလို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးလေ”

ကျိုးရီက သူ့ကို သေချာအကဲခတ်ကြည့်လိုက်ရာ သူက တကယ်ကို အလားအလာကောင်းသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူက ယန်ကျန်းနှင့် လီရွှမ်ကျင်းတို့အဆင့်ရှိ ပါရမီရှင်တစ်ဦးဖြစ်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

“ဒီလောက်ကောင်းတဲ့ အလားအလာရှိတာလား၊ နှမြောစရာပဲ”

ကျိုးရီက သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။

သူသာ ပိုမိုငယ်ရွယ်မည်ဆိုလျှင် သူ့သွေးကြောများကို ပြန်လည်ပြုပြင်ပေးခြင်းက အောင်မြင်ကောင်း အောင်မြင်နိုင်ပေသည်။

လက်တွေ့တွင် သူ၏ ကျင့်ကြံမှုကြောင့်သာ အသက်လေးငါးဆယ်ခန့်ဟု ထင်ရသော်လည်း တကယ့်အသက်အရွယ်မှာ ထိုထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

ကျိုးရီက သူ၏ အရိုးကို တစ်ချက်ကြည့်ရုံဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ သူက အသက်ခြောက်ဆယ်ပင် ကျော်လွန်နေလေပြီ။

ဤအရွယ်တွင် သူ၏ သွေးကြောများအားလုံး ပြန်လည်ကောင်းမွန်လာမည် ဆိုလျှင်ပင် မျှော်လင့်ချက် သိပ်မရှိတော့ပေ။ ဤဘဝတွင် သူ သိပ်ဝေးဝေး သွားနိုင်တော့မည် မဟုတ်ချေ။

အကောင်းဆုံး အခြေအနေမှာ သိုင်းသခင်အဆင့်သို့ ရောက်ရှိနိုင်ပြီး သိုင်းသူတော်စင် အဆင့်သို့ရောက်ရန် ခဲခဲယင်းယင်း ကြိုးစားမှရပေမည်။

မြေကမ္ဘာအင်မော်တယ် အဆင့်သို့မူ လုံးဝ ရောက်ရှိနိုင်မည်မဟုတ်ပေ။

ထိုအချိန်မှာပင် ကျိုးရီ တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားသည်။

“ဒီလောကမှာ ရန်ပွဲတွေ အရမ်းများလွန်းတယ်၊ နေ့တိုင်း လူတွေအများကြီး ဒဏ်ရာရကြ၊ သေဆုံးကြတယ်၊ ဒဏ်ရာရသွားပြီဆိုတာနဲ့ ပြန်ကောင်းဖို့ ခက်ခဲသွားပြီး တစ်သက်လုံး သာမန်လူတွေအဖြစ်နဲ့ပဲ အဆုံးသတ်သွားကြရရှာတယ်”

ကျိုးရီ ဤအချက်ကို သတိပြုမိသွားသည်။ ကျင့်ကြံသူများထဲမှ အများစုမှာလည်း ဤအကြောင်းပြချက်ကြောင့်ပင် ကျင့်ကြံခြင်းအဆင့် ရပ်တန့်သွားခဲ့ရသည်။

သူသာ ဤအုပ်စုကို မြှင့်တင်ပေးနိုင်ပါက ၎င်းက တောက်ပသော ခြေလှမ်းတစ်ရပ် ဖြစ်လာပေလိမ့်မည်။

“ဒါပေမယ့် ငါ ဘယ်လိုကျင့်စဉ်မျိုး ဖန်တီးသင့်လဲ၊ ဒီလူတွေက မွေးရာပါ ချို့ယွင်းနေတာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ပျက်စီးနေကြတာ၊ ဒါက ကျင့်ကြံနိုင်ဖို့ဆိုတဲ့ ရိုးရှင်းတဲ့ကိစ္စမျိုး မဟုတ်တော့ဘူး။”

ရုတ်တရက် သူ့ခေါင်းထဲ လျှပ်စီးလက်သကဲ့သို့ အကြံတစ်ခု ဝင်ရောက်လာသည်။

“ကျင့်စဉ်အဆင့်တွေအပေါ်မှာ ငါ အရမ်း အစွဲအလမ်းကြီးမနေသင့်ဘူး။ ဒီလောကထဲက နယ်မြေနတ်ဘုရားတိုင်းက ကျင့်စဉ်တွေကိုပဲ အရင်ဆုံး စဉ်းစားကြမှာ သေချာတယ်”

“ဒါပေမယ့် ဒီလောကမှာ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ၊ ဆေးပညာနဲ့ မှော်လက်နက်ဖန်တီးခြင်း အပါအဝင် တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်။ အကယ်၍... ငါသာ ခန္ဓာကိုယ်တည်ဆောက်ခြင်းပညာရပ်ကို မိတ်ဆက်ပေးလိုက်ရင်ရော”

အထူးသတ္တုပစ္စည်းများကို ပေါင်းစပ်ပြုပြင်ပြီး အသစ်စက်စက် ရုပ်ခန္ဓာတစ်ခုကို တည်ဆောက်ခြင်းက သူ၏ ယခင်ဘဝက စက်ရုပ်လူသားများနှင့် အနည်းငယ် ဆင်တူနေသည်။

သူက စက်မှုနည်းပညာ အချို့ကိုပင် ထည့်သွင်းနိုင်သေးသည်။ ဤသည်ကလည်း တာအိုလမ်းစဉ်တစ်မျိုးပင် မဟုတ်လော။

သူက ဖန်တီးရှင်ဖြစ်နေသရွေ့ ဤနည်းလမ်းကို အသုံးပြုသူတိုင်းက သူ့ထံသို့ အကျိုးအမြတ်အချို့ကို သေချာပေါက် ယူဆောင်လာပေးမည် ဖြစ်သည်။

သူတို့၏ ကျင့်ကြံမှုနည်းလမ်းများကြောင့် သူ ကန့်သတ်ခံရရန် မလိုအပ်ပေ။

ယခုအချိန်တွင် သူက နတ်ဘုရားတစ်ပါးနှင့် တူနေပြီး ဤလူများက သေမျိုးလောကမှ ပုရွက်ဆိတ်များနှင့် အလားသဏ္ဍာန်တူသည်။

သူ့အတွက် စွမ်းအားများ မျှဝေပေးစွမ်းနိုင်သရွေ့ မည်သည့်နည်းလမ်းမဆို အဆင်ပြေလှသည်။

ကျိုးရီ တွေးတောနေစဉ်မှာပင် သူ၏ စိတ်စွမ်းအင်များက အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။

လည်ပတ်မှုမြန်နှုန်းမှာ သူ့ယခင်ဘဝက ကွန်ပျူတာများထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုအားကောင်းလှသည်။

တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ဘီလီယံနှင့်ချီသော ကြိမ်နှုန်းဖြင့် လည်ပတ်နေကာ မကြာမီမှာပင် ကျင့်စဉ်အချို့ကို ဖန်တီးနိုင်ခဲ့သည်။

“သဘာဝစွမ်းအင် အခြေခံများ”၊ “သဘာဝတရား၏ လက်ရာများကို အသုံးချခြင်း”၊ “သံမဏိခန္ဓာကိုယ်တည်ဆောက်ခြင်း”

ရွှီရှန်းသည် စိတ်စွမ်းအင်အရက်ကို သောက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။

သူ့မျက်ဝန်းများအတွင်းရှိ မှေးမှိန်မှုနှင့် စိတ်ပျက်အားငယ်မှုများအရ သူက ကိုယ့်ကိုယ်ကြိ အဆုံးစီရင်ရန် နေရာတစ်ခု ရှာဖွေနေခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်သည်။

ကျိုးရီက စားပွဲခေါက်လိုက်သည်။

“လူငယ်လေး၊ ပြဿနာတစ်ခုနဲ့ ကြုံတာနဲ့ သေဖို့ကြိုးစားတာက တကယ့် ယောက်ျားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူးကွ”

ကျိုးရီ၏ အသံက ဆိုင်အတွင်း ဟိန်းထွက်သွားသည်။ ရွှီရှန်းက သူ့ကို မော့ကြည့်လိုက်သည်။

“အဘိုးကြီး၊ ဒီလူကို မလှောင်ပါနဲ့ဗျာ၊ ကျွန်တော့်လို လူမမာတစ်ယောက်အတွက် ဘာမျှော်လင့်ချက် ရှိတော့မှာမို့လို့လဲ”

သူက ခေါင်းခါယမ်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် ကျိုးရီက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားအချို့ အလိုအလျောက် ထွက်ပေါ်လာသည်။

“ကောင်လေး၊ ငါ ငယ်ငယ်တုန်းက မထင်မှတ်ထားတဲ့ အခွင့်အရေးတချို့ ရခဲ့ဖူးတယ်၊ ဒီကျောက်စိမ်းပြားတွေရဲ့ ယခင်ပိုင်ရှင်တွေကလည်း ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေချည်းပဲ”

“ဒါပေမယ့် ဒီကျင့်စဉ်တွေကတစ်ဆင့် သူတို့က နောက်ဆုံးမှာ အစွမ်းထက်တဲ့သူတွေ ဖြစ်လာပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ကြတယ်၊ ရော့... ယူသွားပြီး ဖတ်ကြည့်လိုက်။ မင်းအတွက် အကူအညီ တစ်ခုခုတော့ ဖြစ်နိုင်ကောင်းပါရဲ့”

ရွှီရှန်းမှာ မှင်တက်သွားပြီးနောက် သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။

“ကျွန်တော်က စီနီယာနဲ့ တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ပါ။ ဘာလို့ ကျွန်တော့်ကို ကူညီရတာလဲ။ ပြီးတော့ စီနီယာ့ကို ကျေးဇူးပြန်ဆပ်ဖို့ ကျွန်တော့်မှာ ပိုက်ဆံလည်းမရှိဘူး”

ကျိုးရီက ပြုံးလိုက်သည်။ အကယ်၍ ထိုလူသာ ဤကျင့်စဉ်များကို ဖြန့်ဝေပေးနိုင်မည်ဆိုပါက ၎င်းက သူ့အတွက် အကောင်းဆုံး ကျေးဇူးဆပ်ခြင်းပင်။

မည်သည့် ငွေကြေး၊ မည်သည့် ကျင့်ကြံမှု အရင်းအမြစ်များထက်မဆို များစွာ ပို၍ တန်ဖိုးရှိလှသည်။

“ငါက တစ်ကိုယ်တည်းနေတဲ့လူပါ။ ပိုက်ဆံတွေ အများကြီးရှိလည်း ငါ့အတွက် အသုံးမဝင်ဘူး။ ဒီကျင့်စဉ်တွေက ခန္ဓာကိုယ်ချို့တဲ့သူတွေပဲ ကျင့်ကြံလို့ရတာ၊ သာမန်လူတွေကတော့ လှည့်ကြည့်မှာတောင် မဟုတ်ဘူး”

“ငါ ကောင်းမှုကုသိုလ်တစ်ခု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ”

ရွှီရှန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျောက်စိမ်းပြားများကို လှမ်းယူကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ၊ အကယ်လို့ နောင်တစ်ချိန်မှာ ကျွန်တော်ကျင့်ကြံတာ အောင်မြင်ခဲ့ရင် ဒီနေ့ ကူညီခဲ့တဲ့အတွက် စီနီယာ့ကို သေချာပေါက် ပြန်လာပြီး ကျေးဇူးဆပ်ပါ့မယ်”

ကျိုးရီက လက်ကာပြလိုက်သည်။

“ဘာမှ အရေးတယူ လုပ်နေစရာမလိုဘူး။ သွားတော့လေ။”

“နှုတ်ဆက်ပါတယ် စီနီယာ”

ရွှီရှန်း ထွက်သွားသည်ကို ကြည့်ရင်း ကျိုးရီသည် အခြားသော ကျင့်ကြံခြင်းနည်းလမ်းအသစ်များကို စတင်တွေးတောနေမိသည်။

“ငါသာ ကျင့်စဉ် အမျိုးအစားတွေကို လုံလုံလောက်လောက် ဖန်တီးနိုင်မယ်ဆိုရင် လူအတော်များများ ကျင့်ကြံဖို့ ပိုပြီး သင့်လျှော်လာလိမ့်မယ်”

“ လူအများစုက ငါဖန်တီးထားတဲ့ ကျင့်စဉ်တွေကို အသုံးပြုပြီး ကျင့်ကြံလာကြတဲ့ အချိန်ကျရင် တစ်လောကလုံးက ငါ့ရဲ့ပျိုးပင်တွေ ဖြစ်လာတော့မှာပဲ”

“ငါက အိပ်နေရုံနဲ့တင် ကျင့်ကြံခြင်းအဆင့်က အလိုအလျောက် မြင့်တက်လာလိမ့်မယ်”

ဤအတွေးက ကျိုးရီကို စိတ်လှုပ်ရှား သက်ပြင်းချမိစေသည်။ သူ၏ ကျင့်ကြံမှုက လုံလောက်အောင် အစွမ်းထက်နေသရွေ့ ပိုမိုအစွမ်းထက်လာစေရန် နည်းလမ်းများက တိုးပွားလာမည်သာ။

ယခင်က သူကိုယ်တိုင် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ရသည်။ ထိုစဉ်က အနာဂတ်တွင် သူ ကိုယ်တိုင် ကျင့်ကြံစရာပင် မလိုတော့ဘဲ ပျိုးပင်များကိုသာ ရိတ်သိမ်းရလိမ့်မည်ဟု ယောင်လို့တောင် မတွေးဖူးပေ။

ရွှီရှန်းသည် မြို့စွန်သို့ စိတ်ပျက်လက်ပျက်ဖြင့် ရောက်ရှိလာပြီး အဆိပ်ဆေးလုံး ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

၎င်းတို့ကို ဝယ်ယူရန် သူ ငွေဆယ့်လေးကျပ် အကုန်အကျခံခဲ့ရသည်။ စောစောက အရက်သောက်ရန် ပိုက်ဆံမရှိရခြင်း အကြောင်းရင်းမှာလည်း ဤအရာအတွက် အသုံးပြုခဲ့သောကြောင့်ပင်။

“ငါ့ရဲ့ ဘဝက လေလွင့်ပြီး နေရာအတည်တကျ မရှိဘူ၊ ဒါတွေအားလုံးက ငါ ငယ်ငယ်တုန်းက မောက်မာခဲ့လို့ပဲ။ အကုန်လုံးက ငါ့ကိုယ်တိုင် လုပ်ခဲ့တာတွေချည်းပဲ”

“အဲဒီတုန်းကသာ ငါ နည်းနည်းလောက် ထိန်းချုပ်နိုင်ခဲ့ပြီး မမောက်မာခဲ့ဘူးဆိုရင် အခုလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူးမလား”

သူက ခေါင်းယမ်းလိုက်ပြီး အဆိပ်ဆေးလုံးများကို မြိုချရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားသည်။

“ဟိုအဘိုးကြီးပေးလိုက်တဲ့ ကျောက်စိမ်းပြားတွေကို အရင် ဖတ်ကြည့်လိုက်ဦးမယ်”

သူက ၎င်းတို့ကို နဖူးတွင် ကပ်လိုက်ရာ ကျောက်စိမ်းပြားထဲမှ အကြောင်းအရာများက စိတ်ထဲသို့ ချက်ချင်း စီးဝင်လာသည်။

ထိုအထဲမှ အကြောင်းအရာများကို သူ နားလည်သွားသောအခါ သူ၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားလေသည်။

“ဒါ... ဘုရားရေ၊ ခန္ဓာကိုယ်ကို မှော်လက်နက်တွေနဲ့ ပေါင်းစပ်ပြီး စက်ယန္တရားခန္ဓာကိုယ်တစ်ခုကို တည်ဆောက်တာ... ဒါက... ဒါက လုံးဝ အသစ်စက်စက် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ”

“ဒီလောကမှာ မရှိသေးတဲ့ အရာတစ်ခု”

All Chapters