အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆) - နယ်မြေနတ်ဘုရားများ၏ လျှို့ဝှက်ချက်၊ လောကဧကရာဇ်နေရာအတွက် တိုက်ပွဲ
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အနည်းငယ် ထပ်မံ ကြာမြင့်သွားခဲ့သည်။
ဤနှစ်များအတွင်း ကျိုးရီသည် သူကိုယ်တိုင်တီထွင်ထားသော နတ်ဘုရားစွမ်းရည်ကျင့်စဉ်များစွာကို တိတ်တဆိတ် ဖြန့်ဝေပေးကာ သာမန်ပြည်သူများကို စတင်ကျင့်ကြံခွင့် ပြုခဲ့သည်။
ထို့အပြင် ဤလူများက ဆက်လက်၍ လက်ဆင့်ကမ်း သင်ကြားပေးလာခဲ့ကြရာ သူဖန်တီးထားသော နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံနေသည့် လူများ အတော်လေး များပြားလာခဲ့သည်။
ယခုအခါ ကျိုးရီသည် အရပ်မျက်နှာအသီးသီးမှ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာနေသည့် စွမ်းအင်များကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီဖြစ်သည်။
သိုင်းလောကတွင် နာမည်ရလာသည့် လူသစ်အရေအတွက်မှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိသည်။
ရူးသွပ်ဓား ယင်ဖုန်းရွှေ၊ စစ်ပွဲနဂါးလှံသူတော်စင် ယန်၊ လင်းနန်ဓားနတ်ဘုရား ရွှီဖုန်းဟိုင်...
ဤနေ့တွင်လည်း စားသောက်ဆိုင်မှ ဖောက်သည်များသည် ပုံမှန်အတိုင်း သိုင်းလောက၏ နောက်ဆုံးရသတင်းများကို ဆွေးနွေးနေကြသည်။
“ညီအစ်ကိုတို့၊ မကြာသေးခင်က တောင်ပိုင်းနယ်စပ်မှာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သွားတယ်၊ မိစ္ဆာဧကရာဇ်တစ်ပါး ထွက်ပေါ်လာတယ်လို့ ကြားတာပဲ”
“ဒီမိစ္ဆာဧကရာဇ်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်က မဟာမိစ္ဆာကပ်ဘေးကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူလို့ ပြောကြတယ်၊ အခုဆိုရင် မဟာအရှင်သခင်အဆင့် ရောက်နေပြီ”
တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတာနဲ့ ကောင်းကင်နတ်ဘုရားနန်းတော်က ဓားအရှင်သခင်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ယောက်သား သရေကျသွားတယ်တဲ့”
“ကျစ်... ရှေ့နှစ်တွေတုန်းက မိစ္ဆာတွေ ဒီလောက်သောင်းကျန်းနေတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ”
“အခုဆို မိစ္ဆာတွေဘက်မှာတောင် မဟာအရှင်သခင်အဆင့် စွမ်းအားရှင်တွေ ရှိနေပြီ။ လောကကြီးက တကယ်ကို ပိုပိုပြီး ပရမ်းပတာဖြစ်လာတော့မှာပဲ”
ကျိုးရီသည် ဤကိစ္စများကို အရင်ကတည်းက ကြိုသိထားပြီးဖြစ်သည်။
သို့သော် သူ့အတွက်တော့ အရေးမကြီးပေ။
သာမန်လူများ ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း သူကမူ ကြောက်ရွံ့မည် မဟုတ်ချေ။ အဆင့်တူ အနေအထားတွင် သူ့ကို အနိုင်ယူနိုင်သူ မရှိပေ။
သူက နယ်မြေနတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ခဲ့လျှင်ပင် သူ၏ စွမ်းအားက အထင်သေး၍မရသော တည်ရှိမှုတစ်ခုဖြစ်နေလေပြီ။
မဟာအရှင်သခင်တစ်ပါးကို တိုက်ခိုက်ရခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေလိုက်သလို လွယ်ကူရိုးရှင်းလှသည်။
သို့သော် သူ့ကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားရစေသည်မှာ မိစ္ဆာဧကရာဇ်သည် ယခင်က တိတ်တဆိတ် နေထိုင်ခဲ့ပြီး အဘယ်ကြောင့် ယခုမှ ရုတ်တရက် ထွက်ပေါ်လာရသည်ကို စဉ်းစားမရပေ။
သူက ကောင်းကင်လျှို့ဝှက်ချက်ပေတံကို အသက်သွင်းလိုက်သည်။
[သင်၏ သားရဲ အားခွန်းသည် ကင်းခြေများ အကြီးအကဲကို ဝါးမျိုလိုက်သည်။ သွေးမျိုးဆက်စွမ်းအား ပိုမို အားကောင်းလာပြီး ကျင့်ကြံမှုမှာလည်း ထပ်မံတိုးတက်လာသည်]
[သင်၏ သားရဲ လျိုနန်သည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး နတ်ဘုရားသားရဲ အမွေအနှစ်တစ်ခုကို ရရှိကာ ကျင့်ကြံမှု တိုးတက်လာပါသည်]
[သင်၏ သားရဲ အားခွန်းသည် မိစ္ဆာဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး မိစ္ဆာဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရကာ ‘ကောင်းကင်ကိုလွှမ်းခြုံ၍ နေကို ဖုံးကွယ်ခြင်း’ ဟူသော နတ်ဘုရားစွမ်းရည်ကို ချီးမြှင့်ခံခဲ့ရသည်]
[စနစ်အသိပေးချက်]။ ။သင်၏ သားရဲ လျိုနန်သည် မိစ္ဆာဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး မိစ္ဆာဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရကာ မိစ္ဆာစစ်သည် ငါးသောင်းကို ကွပ်ကဲနေရသည်]
တိုးတက်လာသည်မှာ သူတို့ နှစ်ကောင်တည်းသာ မဟုတ်ချေ။ တောင်တန်းများအတွင်း သူဖြန့်ကြက်ထားခဲ့သော အခြားမိစ္ဆာများသည်လည်း စွမ်းအားများ တိုးတက်လာကြပြီး ရာထူးအဆင့်အတန်းများ မြင့်မားလာသည်။
မိစ္ဆာဧကရာဇ် ထွက်ပေါ်လာရန် ဆုံးဖြတ်လိုက်သည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း မည်သည့်အရာများ ဖြစ်နေသည်ကို ကျိုးရီ နားမလည်သေးပေ။
“ညီအစ်ကိုတို့၊ ဒီနေ့က ငါတို့ အတူတူသောက်ရမယ့် နောက်ဆုံးအကြိမ်ပဲ။ နောက်ဆိုရင် ငါ အရှေ့မြောက်ဘက်ကို သွားရတော့မယ်”
“အစ်ကိုလျိုက ဘာလို့ အရှေ့မြောက်ဘက်ကို သွားမှာလဲ”
“အဲဒီမှာ လူတစ်ယောက်က မှော်လက်နက်ဖန်တီးခြင်းနဲ့ ကျင့်ကြံခြင်းကို ပေါင်းစပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို တီထွင်လိုက်တယ်လို့ ကြားတယ်”
“ကျင့်ကြံလို့မရတဲ့ သူတွေ ဒါမှမဟုတ် ပါရမီမရှိတဲ့ ကျင့်ကြံသူ အများအပြားက အဲဒီနေရာကို အုံလိုက်ကျင်းလိုက် သွားနေကြတယ်၊ အခုဆို အဲဒီနေရာက ပါရမီမရှိတဲ့ ငါတို့လို အောက်ခြေအဆင့် သိုင်းပညာရှင်တွေအတွက် နိဗ္ဗာန်ဘုံလို ဖြစ်နေပြီ”
“ဝိုးးး... ဒီလောကမှာ အဲဒီလိုလူမျိုးလည်း ရှိတာပဲလား၊ တကယ့်ကို အထင်ကြီးစရာပဲ”
ကျိုးရီသည် အတော်လေးအံ့သြသွားပြီး တီးတိုး ရေရွတ်လိုက်သည်။
‘နှစ်အနည်းငယ်အတွင်းမှာတင် ဒီလောက်အထိ တိုးတက်လာပြီပဲ၊ ဒါက စိတ်ဝင်စားစရာ ကောင်းလာပြီ'
စက်ယန္တယားကျင့်ကြံခြင်းဆိုသည်မှာ သာမန် သိုင်းပညာကျင့်ကြံခြင်းနှင့် မတူပေ။
ဤလောကက သိုင်းပညာလမ်းစဉ်ကို လက်ခံထားသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် စက်ယန္တယားကျင့်ကြံခြင်း၏ အရင်းအမြစ်မှာ သူ ဖန်တီးခဲ့သော ကျင့်စဉ်အနည်းငယ်များထဲမှ တစ်ခုသာ ဖြစ်သည်။
နောက်ပိုင်းတွင် လွှမ်းမိုးမှု ကျယ်ပြန့်လာရန်မှာ ရွှီရှန်း၏ ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် တစ်ဖက်လူမှာ ယခင်က ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့မှာ သံသယဖြစ်စရာမရှိချေ။
သူ အရမ်း မောက်မာလွန်းသောကြောင့်သာ အခြားသူများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယခု ပါရမီ ပြဿနာကို ဖြေရှင်းပြီးသွားပြီဖြစ်ရာ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းက အဓိကအခန်းကဏ္ဍမှ ပါဝင်လာလေပြီ။
ထိုလူက အနာဂတ်တွင် ဤလောက၏ အဓိကစွမ်းအားစုများထဲမှ တစ်ခုဖြစ်လာမည်လားဟုပင် သူ တွေးမိသည်။
၎င်းက သေချာပေါက် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
ခေတ်သစ်သိုင်းယဉ်ကျေးမှုနှင့် ခေတ်ဟောင်းသိုင်းယဉ်ကျေးမှုတို့ကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဖြစ်လာနိုင်မည်လော။
မည်သို့ပင်ဖြစ်စေ သူက ထာဝရရှင်သန်နိုင်သည့်အပြင် ပြိုင်ဘက်ကင်းစွမ်းအားကိုပါ ပိုင်ဆိုင်ထားသည်။
သူ လုပ်ရန်လိုအပ်သည်မှာ ဤလောက၏ ပြောင်းလဲမှုများကို စောင့်ကြည့်ရန်သာ။
ဤအချိန်တွင် ကျိုးရီ၏ စိတ်အခြေအနေထဲသို့ ထူးခြားသောခံစားချက်တစ်ခု ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
‘ဒီလို လောကရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်ရင်းနဲ့ ဒီလောက်များပြားတဲ့ နားလည်သဘောပေါက်မှုတွေကို ရရှိလာတာကို ကြည့်ရသလောက်…. အနာဂတ်မှာ ကမ္ဘာတစ်ခုရဲ့ ဆင့်ကဲဖြစ်စဉ်ကို ငါ ကိုယ်တိုင် လုပ်ဆောင်လာနိုင်မလားပဲ’
‘အကယ်လို့ တစ်ကယ်ကြီး အဲဒီအဆင့်ထိ ရောက်လာပြီဆိုရင် ငါက ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးပြီး ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မယ်မလား’
သူ့မျက်ဝန်းထဲတွင် မဆုံးနိုင်သော ရည်မှန်းချက်များက တလက်လက် တောက်ပနေသည်။
ကျိုးရီ ခေါင်းယမ်းလိုက်ပြီး ဆက်မတွေးတောတော့ပေ။ အကယ်၍ ဖြစ်နိုင်သည်ဆိုလျှင်ပင် သူ၏ လက်ရှိအခြေအနေနှင့် အလှမ်းဝေးနေသေးသဖြင့် လောလောဆယ် ဤအကြောင်းကို စဉ်းစားရန် မလိုအပ်သေးချေ။
နောက်ထပ်ရက်အနည်းငယ် ကုန်ဆုံးသွားသည်။ ဤနံနက်ခင်းတွင် နှင်းများ ထူထပ်စွာ ကျဆင်းနေသည်။
ကျိုးရီ အိပ်ရာထနောက်ကျပြီး မွန်းတည့်ချိန်ရောက်မှသာ စားသောက်ဆိုင်သို့ ရောက်လာသည်။
သူ ရောက်ရောက်ချင်း အဝေးမှနေ၍ အစိမ်းရောင်ဝတ်ရုံနှင့် လူရိပ်တစ်ခုက စားသောက်ဆိုင်တံခါးကို မှီလျက် လမ်းပေါ်မှ အမျိုးသမီးငယ်များအား လေချွန်ကာ ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျိုးရီ၏ ပုံရိပ်ကို မြင်သည်နှင့် တစ်ဖက်လူက ချက်ချင်း ရှေ့တက်လာပြီး နှုတ်ဆက်လေသည်။
“သခင်လေးကျိုး၊ မတွေ့တာ ကြာပြီပဲ၊ နေကောင်းရဲ့လား”
ကျိုးရီက ဟမ့်ခနဲ အသံပြုကာ အသိအမှတ်ပြုလိုက်သည်။
“နောက်ဆုံးတော့ မင်းပြန်လာဖို့ စိတ်ကူးရသွားပြီပေါ့”
“ဟီးဟီး၊ ခင်ဗျားပြောတဲ့ စကားကိုလည်း ကြည့်ပါဦး၊ လောင်ကျိုး၊ ကျွန်တော့် အသက်ကို ခင်ဗျားကယ်ခဲ့တာလေ။ အဲဒီတုန်းက သိရီချောက်နက်ထဲကနေသာ ခင်ဗျား ကျွန်တော့်ကို ခေါ်မထုတ်လာခဲ့ဘူးဆိုရင် အလင်းရောင်မရတဲ့ အဲဒီချောက်ကြီးထဲမှာ ကျွန်တော် ပိတ်မိနေမှာ”
“မင်း အပြင်မှာ လှည့်လည်သွားလာနေတာ နှစ်အတော်ကြာပြီဆိုတော့ ရလာတဲ့ အကျိုးအမြတ်တွေလည်း နည်းမှာမဟုတ်ဘူး”
“ဒါပေါ့၊ အထဲဝင်ပြီးမှ ပြောကြတာပေါ့”
လီရွှမ်ကျိုးက တံခါးဖွင့်လိုက်ပြီး သူတို့နှစ်ယောက် အထဲသို့ ဝင်သွားကြသည်။
အရှက်မရှိသော လောင်လီက ကောင်တာဆီသို့ တန်းတန်းမတ်မတ်သွားကာ အကောင်းစား စိတ်စွမ်းအင်အရက် နှစ်အိုးကို ယူလာသည်။
“သခင်လေးကျိုး၊ ကျွန်တော်ပြောပြမယ်၊ အခု အပြင်မှာ ဖြစ်ပျက်နေတာတွေက လုံးဝကို ရူးချင်စရာပဲ။ နေရာတိုင်းမှာ စစ်ပွဲတွေချည်းပဲ”
“အဲဒီ ထိပ်တန်းစွမ်းအားရှင်တွေက ကြွက်ကို မြင်တဲ့ ကြောင်တွေလိုပဲ၊ သူတို့က မတိုက်ခိုက်ရရင် ရင်ထဲမှာ ယားကျိကျိနဲ့ ဂနာမငြိမ်ဖြစ်နေကြတာ”
“ဘာလို့ အဲဒီလိုဖြစ်ရတာလဲ”
လီရွှမ်ကျိုးက အရက်တစ်ခွက် ငှဲ့လိုက်ပြီး ခွက်မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
“အားယား... သခင်လေးကျိုးရဲ့ အရက်က အကောင်းဆုံးပဲ၊ ဒီအရသာမျိုးကို တခြားဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး၊ အမှောင်ထဲ မီးအိမ်ထွန်းပြီး ရှာရင်တောင် တွေ့မှာမဟုတ်ဘူး”
သူက နောက်ထပ်တစ်ခွက် ထပ်ငှဲ့လိုက်ပြီး ပြည့်သွားပြီးမှသာ စကားဆက်ပြောသည်။
“ဒီလောကမှာဖြစ်နေတဲ့ မဟာမိစ္ဆာကပ်ဘေးကိစ္စကို ခင်ဗျား သိတယ်မလား”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းကင်နတ်ဘုရားနန်းတော်ကလည်း တောင်ပိုင်းနယ်စပ်က မိစ္ဆာဧကရာဇ်နဲ့ စတင် တိုက်ခိုက်နေပြီ"
“ဒါပေမယ့် ကျွန်တော် လုံး၀ နားမလည်တဲ့အရာက... သေချာတွေးကြည့်ရင် မဟာကပ်ဘေး ကျရောက်မယ့်နေ့ ရောက်မှသာ မိစ္ဆာတွေရဲ့ စွမ်းအားက တိုးလာရမှာ မဟုတ်ဘူးလာ၊ သူတို့က ဘာဖြစ်လို့ ဒီလောက် အစောကြီး တိုက်ခိုက်နေကြတာလဲ”
“ဒါက နောက်ထပ်လျှို့ဝှက်ချက်တစ်ခုနဲ့ ပတ်သက်နေတယ်”
“ဘာလျှို့ဝှက်ချက်လဲ”
“နယ်မြေနတ်ဘုရားတွေရဲ့ လျှို့ဝှက်ချက်”
“ဒါက နယ်မြေနတ်ဘုရားတွေနဲ့ ဘာဆိုင်လို့လဲ”
“ဒါကို ကျွန်တော်လည်း အရှေ့ပင်လယ်ကနေ ရခဲ့တဲ့ ရှေးဟောင်းကျမ်းစာအပိုင်းအစ တစ်ခုကနေ သိခဲ့ရတာ၊ ဒီလောကမှာ နယ်မြေနတ်ဘုရားအဆင့်အရေအတွက်က ကန့်သတ်ထားတယ်တဲ့”
“ဘာဖြစ်လို့လဲဆိုတော့ လောကကြီးရဲ့ စွမ်းအင်က နယ်မြေနတ်ဘုရားအဆင့် အများကြီးကို ထောက်ပံ့ပေးဖို့ မလုံလောက်လို့တဲ့၊ ဒါကြောင့် နယ်မြေနတ်ဘုရားအဆင့်အတွက် နေရာအရေအတွက်က ကန့်သတ်ချက်ရှိနေတာ”
“တစ်နည်းအားဖြင့်ပြောရရင်... ဒီလောကမှာ နယ်မြေနတ်ဘုရားအဆင့် အရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် နောက်ထပ်နယ်မြေနတ်ဘုရားတွေ ထွက်ပေါ်လာတော့မှာ မဟုတ်ဘူး"
“ခင်ဗျား ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ အဲဒီ နယ်မြေနတ်ဘုရားတွေထဲက တစ်ပါးပါး မသေဆုံးမချင်း ခင်ဗျားအထက်မှာ တခြားသူတွေ ရပ်နေတာကိုပဲ ကြည့်နေရတော့မှာ”
“သြော်... ဒါကြောင့်ကိုး”
ထိုမိစ္ဆာများက အဘယ်ကြောင့် ဤမျှ ရူးသွပ်နေကြသည်ကို ကျိုးရီ နောက်ဆုံးတွင် နားလည်သွားလေပြီ။
သူတို့က လက်ဦးမှုရယူပြီး နယ်မြေနတ်ဘုရားအဆင့်အတွက် ယှဉ်ပြိုင်ခွင့်ကို အရယူလိုနေခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့် သူက ယခုဖြစ်ရပ်များမတိုင်ခင် အဆင့်တက်လှမ်းနိုင်ခဲ့သည်။
ထို့သို့မဟုတ်ပါက ယခုအချိန်တွင် သူ ခေါင်းကိုက်နေရပေလိမ့်မည်။
အကယ်၍ သူသာ အဆင့်မတက်လှမ်းနိုင်ခဲ့ပါက အနာဂတ်တွင် သူ့အတွက် လမ်းတစ်လမ်းတည်းသာ ကျန်ရှိပေတော့မည်။
၎င်းမှာ သူ၏ ထာဝရအသက်ကို အားကိုး၍ ဤမဟာမိစ္ဆာကပ်ဘေးမှ အသက်ရှင်ကျန်ရစ်အောင် နေထိုင်ပြီး နောက်ထပ် သိုင်းပညာရွှေခေတ်တစ်ခေတ် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ပင်။
ထိုလုပ်ငန်းစဉ်အတွင်း သေချာပေါက် အန္တရာယ်အချို့ ရှိလာပေမည်။
သူ သေဆုံးသွားနိုင်ပြီး နောက်ထပ် ကူးပြောင်းလာသူတစ်ဦးက သူ့နေရာကို အစားထိုး ဝင်ရောက်လာနိုင်သည်။
“ဒါတင် မကသေးဘူး၊ နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းတာက တကယ့် နောက်ဆုံးပန်းတိုင် မဟုတ်သေးဘူး။ နောက်ဆုံး ပန်းတိုင်က လောကဧကရာဇ်၊ ဒီလက်ရှိကမ္ဘာရဲ့ဘုရင် ဖြစ်လာဖို့ပဲ”
“လောကဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ အထူးအခွင့်အရေးတွေ အများကြီး ရလာရုံသာမက အရေးအကြီးဆုံးက နောက်ထပ် နှစ်တစ်ထောင် ဒါမှမဟုတ် နှစ်ပေါင်း ထောင်ချီတဲ့အထိ အနာဂတ်လမ်းကြောင်းကို တိုက်ရိုက် လွှမ်းမိုးနိုင်စွမ်းရှိလာတာပဲ”
“ကျွန်တော်တို့လောကရဲ့ သမိုင်းမှာ မိစ္ဆာတွေအုပ်စိုးခဲ့တဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက လူသားမျိုးနွယ်က အခု မိစ္ဆာတွေ ဖြစ်နေသလိုမျိုးပဲ... မဟုတ်သေးဘူး၊ တိတိကျကျ ပြောရရင် အခု မိစ္ဆာတွေထက်တောင် ပိုပြီးသနားစရာကောင်းသေးတယ်”
“အဲဒီအချိန်တုန်းက လူသားမျိုးနွယ်ဆိုတာ တစ်လောကလုံးမှာရှိတဲ့ မိစ္ဆာတွေအတွက် အစားသက်သက်ပဲ ဖြစ်ခဲ့တာ"
နောက်ပိုင်းကျမှ အရမ်းအစွမ်းထက်တဲ့ ထိပ်တန်းစွမ်းအားရှင်တစ်ယောက် ပေါ်လာပြီး လောကဧကရာဇ်နေရာကို လုယူနိုင်ခဲ့လို့သာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်းမှာ လူသားမျိုးနွယ်က လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့တာ"
“ဒီကြီးမားလွန်းတဲ့ ကံကြမ္မာကောင်းချီးတွေကြောင့်ပဲ လူသားမျိုးနွယ်က ပိုပိုပြီး တိုးတက်လာခဲ့တာ၊ မဟုတ်ရင် ကျွန်တော်တို့က အဲဒီ မိစ္ဆာတွေကို ခေါင်းမဖော်နိုင်အောင် ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ နေရာတွေ ပြောင်းပြန်ဖြစ်နေမှာ”
“အဲဒီ လူသားစွမ်းအားရှင်ကို လူသားဧကရာဇ်လို့လည်း ခေါ်ကြတယ်”
“ဒီလောက် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေ ပါဝင်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး”
သူတို့ နှစ်ယောက်လုံး အရက်ကိုယ်စီ သောက်လိုက်ပြီးနောက် ကျိုးရီက ဆက်ပြောလာသည်။
“ငါ့မှာ နောက်ထပ်မေးခွန်းတစ်ခု ရှိသေးတယ်၊ လူသားမျိုးနွယ်က အသာစီးရနေတာဆိုတော့ ဘာလို့ မိစ္ဆာတွေကို လုံးဝ အပြတ်မရှင်းပစ်တာလဲ”
“အင်အားစုတွေ အားလုံးစုစည်းပြီး တစ်ချက်တည်းနဲ့ အကုန်သတ်ပစ်လိုက်ရင် မိစ္ဆာတွေ လုံးဝပျောက်ကွယ်သွားမှာပဲ၊ အဲဒီလိုဆို လောကကြီးက လူသားမျိုးနွယ်ရဲ့ လက်ထဲကို ထာဝရ ရောက်သွားပြီမဟုတ်ဘူးလား”
“လောကဧကရာဇ် ဖြစ်လာပြီးတာနဲ့ လောကကြီးရဲ့ ပဋိပက္ခတွေထဲကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်လို့ မရတော့ဘူးလို့ ဆိုကြတယ်”
“ဘာဖြစ်လို့လဲဆိုတော့ လောကဧကရာဇ်ရဲ့ လက်အောက်ခံတွေက လူသားမျိုးနွယ်တင် မကဘဲ မိစ္ဆာတွေလည်း ပါဝင်နေလို့ပဲ”
“လောကဧကရာဇ် ဖြစ်လာတယ်ဆိုတာ အထူးအခွင့်အရေး အမျိုးမျိုးနဲ့ နောက်ထပ်တိုးတက်မှုတွေကို ရရှိဖို့ လောကကြီးရဲ့ ဆန္ဒနဲ့ ပေါင်းစပ်သွားတာကို ဆိုလိုတာ”
‘ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လောကကြီးရဲ့ ဆန္ဒက ပြန်ပြီး ကန့်သတ်ချုပ်ချယ်တာကို ခံလိုက်ရတာပဲ၊ ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ပြုမူလှုပ်ရှားလို့ မရနိုင်တော့ဘူး”
လီရွှမ်ကျိုး စကားပြောနေစဉ် ဤလောက၏ လည်ပတ်မှု စည်းမျဉ်းများကို ကျိုးရီ မှုန်၀ါး၀ါး နားလည်လာသကဲ့သို့ ခံစားလိုက်ရသည်။
အတိုချုပ်ပြောရလျှင် လောကဧကရာဇ်ဆိုသည်မှာ စနစ်တစ်ခုအတွင်းရှိ ရာထူးတစ်ခုနှင့် ပိုတူပေသည်။
အဘယ်ကြောင့်ဆိုသော် ဤလောက၏ ကန့်သတ်ချက်ကိုက နယ်မြေနတ်ဘုရားအဆင့်ထက် မကျော်လွန်သောကြောင့် ဖစ်သည်။
လောကဧကရာဇ်ဆိုသည့် အဆင့်အတန်းကို အားကိုးခြင်းဖြင့် လောကကြီး၏ ထောက်ပံ့မှုကို ရရှိနိုင်သော်လည်း ဤလောကကို အခြားကမ္ဘာများ၏ ကျူးကျော်မှုရန်မှ ကာကွယ်ပေးရပေမည်။
လောကဧကရာဇ်သည် မတည်မြဲပေ။ နှစ်တစ်ထောင်လျှင်တစ်ကြိမ် အစားထိုးရကြောင်း ယခင်က သူ ကြားခဲ့ဖူးသည်။
ကျိုးရီ ဤကိစ္စနှင့်ပတ်သက်၍ ယခင်က တွေးတောနေခဲ့မိသည်။ သူတို့ကို အဘယ်ကြောင့် နှစ်တစ်ထောင်လျှင် တစ်ကြိမ် အစားထိုးရသနည်း။
လောကဧကရာဇ်သည် ဤလောကတွင် အစွမ်းအထက်ဆုံးတည်ရှိမှု ဖြစ်နေပြီဖြစ်ရာ လောကကြီးကို သူ လုံးဝ လက်ဝါးကြီးအုပ်ထားနိုင်သည်။
ဤအခြေအနေအရ ကောက်ချက်ချရမည်ဆိုလျှင် နယ်မြေနတ်ဘုရားများအထက်တွင် ပိုမိုအစွမ်းထက်သော တည်ရှိမှုများ ရှိနေသည်ဟု ဆိုလိုနေသည်။
၎င်းက သဘာဝကျပေသည်။ ကြီးမြတ်သော ကမ္ဘာဦးအစ နယ်မြေကြီးထဲတွင် နယ်မြေပေါင်းသုံးထောင် ရှိပြီး နယ်မြေတစ်ခုစီတွင် ကမ္ဘာပေါင်းသုံးထောင် ရှိသည်။
လောကဧကရာဇ်တစ်ပါးသည် နယ်မြေတစ်ခုရှိ ကမ္ဘာသုံးထောင်များထဲမှ တစ်ခုသာ။
အထက်ရှိ ကြီးမြတ်သေည နယ်မြေပေါင်းသုံးထောင် ထည့်မတွက်ဘဲနေလျှင်ပင် လောကဧကရာဇ်ပေါင်း သုံးထောင် ရှိနေပေသည်။