← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) - လောကဧကရာဇ်နေရာအတွက် လူစားထိုးယှဉ်ပြိုင်ခိုင်းရန် ပြင်ဆင်ခြင်း

လောကဧကရာဇ် ဖြစ်လာသူများသည် ထိုအဆင့်အတန်းကို အသုံးပြုကာ မိမိကိုယ်ကို ပိုမိုစွမ်းအားကြီးမားလာစေရန်သာ ရည်ရွယ်ကြခြင်းဖြစ်သည်။

အခြားသော နယ်ပယ်သစ်တစ်ခုဆီသို့ တက်လှမ်းနိုင်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က ဤလောကမှ ထွက်ခွာသွားရန် ရွေးချယ်ကြလိမ့်မည်။

ထိုအခါ ကျန်ရစ်ခဲ့သော အခြားနယ်မြေနတ်ဘုရားအဆင့် စွမ်းအားရှင်များက နောက်ထပ်လောကဧကရာဇ်နေရာအတွက် ဆက်လက်ယှဉ်ပြိုင်ကြရပြန်သည်။

သို့တိုင်အောင် ကျိုးရီ၏ စိတ်ထဲတွင် နားမလည်နိုင်သေးသည့် အချက်အချို့ ရှိနေဆဲပင်။

“မင်းပြောသလို လောကဧကရာဇ်က အောက်ခြေက ပဋိပက္ခတွေထဲကို သာမန်ကာလျှံကာ ဝင်စွက်ဖက်လို့ မရဘူးဆိုရင်တောင် နယ်မြေနတ်ဘုရားတွေကတော့ ဒီကန့်သတ်ချက်မျိုး ရှိမှာမဟုတ်ဘူး”

“နယ်မြေနတ်ဘုရားတွေက ဒီလောကရဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုတွေဆိုတော့ သူတို့ကို ခြိမ်းခြောက်လာနိုင်မယ့် အဲဒီလိုအဆင့်မျိုးအထိ တခြားသူတွေ တက်လှမ်းလာတာကို ခွင့်ပြုမှာ မဟုတ်ဘူး"

“ဘာဖြစ်လို့များ သူတို့က အစွမ်းမထက်လာခင် ကြိုတင်ပြီး ဖျက်ဆီးမပစ်ကြတာလဲ။”

ကျိုးရီက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ဖြည်းညင်းစွာ ချလိုက်ရင်း နက်ရှိုင်းသော မျက်ဝန်းများဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဒီအတွက် အရေးအကြီးဆုံးအကြောင်းရင်း သုံးချက်ရှိပါတယ်၊ ပထမတစ်ချက်က လူသားတွေ လောကဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ သူတို့အတွက် လက်အောက်ခံအရေအတွက် အတိုင်းအတာတစ်ခုအထိ လိုအပ်လာလို့ပဲ"

“သူတို့က ဒီလောကရဲ့ တိုးတက်ပြောင်းလဲမှုတွေကို တိုက်ရိုက်ဝင်မစွက်ဖက်ဘူး ဆိုပေမယ့် သူတို့ရဲ့ အမိန့်တွေကို အကောင်အထည်ဖော်ဖို့ လက်အောက်ခံတွေကို အသုံးပြုပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်လေ”

လီရွှမ်ကျိုးက ရှင်းပြရင်း အရက်တစ်ခွက်ကို မော့သောက်လိုက်ကာ ဆက်ပြောသည်။

“နောက်ထပ် အကြောင်းရင်းတစ်ခုက ပြင်ပစစ်ပွဲတွေပဲ၊ စောစောကမှ ကျွန်တော် ပြောခဲ့တယ်မလား။ ဒီလောကကြီးက ပြင်ပကမ္ဘာတွေနဲ့ စစ်မက်ဖြစ်ပွားနိုင်ခြေရှိတယ်"

“အရင်းအမြစ်တွေကို လုယက်ဖို့ တခြားကမ္ဘာတွေက လောကဧကရာဇ်တွေကို စစ်ပွဲတွေ ဆင်နွှဲဖို့ တွန်းအားပေးကြလိမ့်မယ်၊ လောကဧကရာဇ်တွေ ကိုယ်တိုင်ကလည်း ဒီလုပ်ရပ်ကို သဘောတူကြမှာပဲလေ"

“ဘာလို့လဲဆိုတော့ သူတို့ အရင်းအမြစ်တွေ ပိုရလေလေ၊ သူတို့ရဲ့ တိုးတက်မှုက ပိုမြန်လေလေ ဖြစ်မှာကိုး”

“တတိယ အကြောင်းရင်းကတော့ လောကဆန္ဒရဲ့ အတင်းအကျပ်ခိုင်းစေမှုပဲ။ ဆိုလိုတာက နယ်မြေနတ်ဘုရားအရေအတွက်ဟာ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိ ရောက်လာမှသာ လောကဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်မှုက စတင်မှာ"

“မဟုတ်ရင် စတင်မှာ မဟုတ်ဘူး၊ ပြီးတော့ အရင်လောကဧကရာဇ်ကလည်း လောကဆန္ဒနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းနိုင်စွမ်း ရှိပုံမရဘူး”

“ဒီအချက်သုံးချက်ကို အခြေခံကြည့်ရင် ဒီလောကကြီးက လောကဧကရာဇ်တွေ ဒါမှမဟုတ် နယ်မြေနတ်ဘုရားစွမ်းအားရှင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိမနေဘူးဆိုတာ သေချာတယ်”

“သြော်... ဒီလိုကိုး”

ကျိုးရီက နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ ယခုမှသာ အရာအားလုံးက များစွာ ယုတ္တိရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ယခင်ဘဝတွင် ‘ကြီးမားသော ခွန်အားများနှင့်အတူ ကြီးလေးသော တာဝန်ဝတ္တရားများလည်း ပါဝင်လာတတ်သည်’ ဟူသော ဆိုရိုးစကားတစ်ခု ရှိခဲ့ဖူးသည်။

သို့သော် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ဆန္ဒတစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ခွင့်ရှိမည်ဆိုပါက ပြဿနာများစွာ တက်လာပေလိမ့်မည်။

လူတိုင်းတွင် ကိုယ်ကျိုးရှာလိုသည့် လောဘစိတ်များ ရှိတတ်ကြသည်သာ။

တစ်ယောက်ယောက်က လောကဧကရာဇ် ဖြစ်လာခဲ့လျှင် သူ့မျိုးဆက်များကို အဘယ်ကြောင့် မျက်နှာသာမပေးဘဲ နေနိုင်မည်နည်း။

လောကဆန္ဒသည် ဤကန့်သတ်ချက်မှတစ်ဆင့် လောကဧကရာဇ်နှင့် စာချုပ်တစ်ခု ချုပ်ဆိုထားသည်။

တစ်ဖက်တွင် မိသားစုတစ်စုတည်း အလွန်အမင်း အစွမ်းထက်လာခြင်းကို တားဆီးရန်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ၎င်း၏ တည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန်ပင်။

လောကတစ်ခု၏ အရင်းအမြစ်များအားလုံးသာ မိသားစုတစ်စုတည်း၏ ပိုင်ဆိုင်မှု ဖြစ်သွားမည်ဆိုပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာပေမည်။

ထိုသို့သာ ဖြစ်လာပါက လောကဧကရာဇ်၏ မျိုးဆက်အားလုံးမှာ အချောင်‌နေ၊ အချောင်စားပြီး သေမည့်နေ့ကို စောင့်နေကြမည့် အမှိုက်ကောင်များ ဖြစ်လာကြပေလိမ့်မည်။

အတိတ်က မင်းဆက်များ အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ခဲ့ခြင်းမှာ အချောင်ခိုသည့် အမှိုက်ကောင်များကို အမြောက်အမြား မွေးထုတ်ထားခဲ့ပြီး ကုန်ကျစရိတ်များ အလွန်အမင်း ကြီးမားလွန်းသောကြောင့်ပင်။

ဤလောက၏ အရင်းအမြစ်များမှာလည်း ကန့်သတ်ချက်ရှိသည်။ ထို့ကြောင့် လောကကြီး၏ အသိစိတ်က အရင်းအမြစ်များကို သေချာပေါက် ကာကွယ်ပေလိမ့်မည်။

အပြန်အလှန် ကန့်သတ်ချက်များ ရှိနေခြင်းက ကောင်းမွန်သောအရာ ဖြစ်သော်လည်း ကျိုးရီကမူ ၎င်းကို သိပ်ဘဝင်မကျလှပေ။

အကယ်၍ သူ ထိုနေရာသို့ ရောက်ရှိသွားလျှင်ပင် ဤလောက၏ ချည်နှောင်မှုကို ခံရမည်မဟုတ်လော။

အရာရာတိုင်းကို သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။ ထိုရာထူးမှ မထွက်ခွာမချင်း ကန့်သတ်ခံနေရပေမည်။

အစိုးရဝန်ထမ်း စနစ်တစ်ခုလိုပင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ဒွန်တွဲနေသည်။ တကယ်ကို ထူးခြားလှသည်။

ကျိုးရီသည် လောကဧကရာဇ်နေရာအပေါ် စိတ်ဝင်စားမှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ နယ်မြေနတ်ဘုရားများအထက်တွင် ပို၍ အစွမ်းထက်သော နယ်ပယ်တစ်ခု ရှိနေသေးသည် မဟုတ်လော။

လောကဧကရာဇ်ဆိုသည်မှာ ထိုနယ်ပယ်ဆီသို့ တက်လှမ်းရန်အတွက် ကြားခံနယ်မြေတစ်ခုမျှသာ ဖြစ်ရာ တစ်ကိုယ်တော်စွမ်းအားဖြင့် ထိုအဆင့်ဆီသို့ တိုက်ရိုက်မလှမ်းတက်နိုင်စရာ အကြောင်းမရှိပေ။

သို့သော် ဤနေရာကို အခြားတစ်ယောက်ယောက် ရယူသွားမည်ဆိုလျှင်လည်း သူ့အတွက် သိပ်အကျိုးရှိမည်မထင်ပေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက လောကဧကရာဇ် ဖြစ်လာပြီးနောက် သူ့အပေါ် မည်သို့သဘောထားမည်ကို မသေချာသောကြောင့် ဖြစ်သည်။

ဤသို့ဆိုလျှင် လောကဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်ရန် လူအချို့ကို နောက်ကွယ်မှ ထောက်ပံ့ပေးမည်ဆိုလျှင်ကော…..

မည်သူက လောကဧကရာဇ်ဖြစ်လာမည်ကို သူ မဆုံးဖြတ်နိုင်သော်လည်း လောကဧကရာဇ် ဖြစ်လာမည့်သူတိုင်းက သူကိုယ်တိုင် မြှောက်စားထားသူများသာ ဖြစ်နေမည်ဆိုလျှင် မည်သူကပဲ လောကဧကရာဇ်ဖြစ်ဖြစ် ပူစရာမလိုတော့ပေ။

သူ၏ နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်သမ်းသွားသည်။

“သခင်လေးကျိုး၊ ခင်ဗျားရဲ့ မယုံကြည်နိုင်လောက်အောင် မြင့်မားလွန်းတဲ့ ပါရမီနဲ့ဆိုရင် နယ်မြေနတ်ဘုရားအဆင့်ကို တက်ဖို့ ကြိုးစားသင့်တယ်။ ပြီးရင် ဒီလောကရဲ့ လောကဧကရာဇ် ဖြစ်လာဖို့ အစွမ်းကုန် ကြိုးစားရမယ်"

“တကယ်လို့ ခင်ဗျားသာ အဲဒီအဆင့်ကို တကယ်ရောက်သွားပြီဆိုရင် ခင်ဗျားက ဒီလောကမှာ အစွမ်းအထက်ဆုံးလူတစ်ယောက် ဖြစ်လာမှာပဲ၊ အဲဒီအချိန်ကစပြီး ဘယ်သူကမှ ခင်ဗျားကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး”

လီရွှမ်ကျိုးက ရိုးသားပွင့်လင်းသော အမူအရာဖြင့် အကြံပြုတိုက်တွန်းလိုက်သည်။

“မကြာသေးခင်က ငါ နားလည်သဘောပေါက်မှုတချို့ ရခဲ့တယ်။ အဲ့တာနဲ့ပဲ နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်သွားတယ်”

ကျိုးရီက လေယူလေသိမ်းမှန်မှန်ဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

လီရွှမ်ကျိုး မျက်လုံးများ ပြူးကျယ်သွားပြီး မျက်တောင်ပင် မခတ်နိုင်တော့ပေ။

ကျိုးရီ မည်မျှ အစွမ်းထက်ကြောင်းကို ကြိုတင်သိရှိထားသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရတိုင်း အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားရစမြဲပင်။

“သခင်လေးကျိုး၊ ကျွန်တော် တကယ်ကို လက်မြှောက်အရှုံးပေးပါတယ်၊ ဒီလောကကြီးတစ်ခုလုံးကို ပတ်ကြည့်လိုက်ရင်တောင် ခင်ဗျားလောက်အစွမ်းထက်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။”

“မြှောက်ပင့်လွန်းနေပါပြီ”

ကျိုးရီက ကျေနပ်ဂုဏ်ယူနေသည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ တည်ငြိမ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“မင်းက လောကဧကရာဇ် တကယ်ဖြစ်ချင်နေတာလား”

လီရွှမ်ကျိုးက နေရခက်စွာဖြင့် ရယ်မောလိုက်သည်။

“မဖြစ်ချင်ဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့၊ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အဲဒီနေရာနဲ့ မထိုက်တန်ဘူးဆိုတာလည်း သိပါတယ်”

“အရင်တုန်းက ပန်းကန်ကွဲလေးတစ်လုံးနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ပြီး ဒဏ္ဍာရီတွေအများကြီး ဖန်တီးနိုင်ခဲ့တယ် ဆိုပေမယ့် အဲဒါက တာ့ချန်အင်ပါယာထဲက အသေးအဖွဲ တိုက်ပွဲလေးတွေလောက်ပါပဲ"

“ကြီးမားကျယ်ပြန့်တဲ့ လောကကြီးတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ ပင်လယ်ထဲက ရေတစ်စက်လိုပဲ လုံးဝတန်ဖိုးမရှိဘူး။ ပြီးတော့ သခင်လေးကျိုးလို အရမ်းအစွမ်းထက်တဲ့ တည်ရှိမှုမျိုး ရှိနေတဲ့ အချိန်မှာ ကျွန်တော် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်သွားရင်တောင် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး”

“ကျွန်တော်က ခင်ဗျားရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်သေးဘူး”

ကျိုးရီ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။ သူ့စိတ်ထဲတွင်တော့ လောကဧကရာဇ်အတွက် လျှို့ဝှက်ကိုယ်စားလှယ်လောင်းတစ်ဦး တိုးလာလေပြီ။

“မင်းရဲ့ ကျင့်စဉ်ရယ်၊ ပါရမီနဲ့ နားလည်နိုင်စွမ်းရယ်ကို ပေါင်းစပ်ကြည့်ရင် နောက်ထပ် နှစ်တစ်ရာအတွင်း နယ်မြေနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်က မရှိသလောက်ပဲ”

“ဒီဘဝမှာ မျှော်လင့်ချက်က အရမ်းနည်းလွန်းတယ်လို့တောင် ပြောလို့ရတယ်၊ မကြာသေးခင်က ငါ နားလည်သဘောပေါက်မှုတချို့ရပြီး နတ်ဘုရားစွမ်းရည်တချို့ကို ဖန်တီးထားတယ်၊ မင်း စိတ်ဝင်စားလား”

“သင်ချင်တာပေါ့။ သေချာပေါက် သင်ချင်ပါတယ်”

လီရွှမ်ကျိုး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

သူ ကျင့်ကြံနေသော မင်ဧကရာဇ်ကျမ်းစာသည် နယ်မြေနတ်ဘုရားအဆင့်ရှိ စွမ်းအားရှင်တစ်ဦးက ဖန်တီးခဲ့သော ကျင့်စဉ်ဖြစ်သော်လည်း ထိုနယ်မြေနတ်ဘုရားမှာ ထင်ထားသလောက် အစွမ်းမထက်လှသဖြင့် သူဖန်တီးထားသော ကျင့်စဉ်မှာလည်း သိပ်မစွမ်းပေ။

မင်ဧကရာဇ်ကျမ်းစာသည် တစ်နည်းအားဖြင့် နယ်မြေနတ်ဘုရားများအတွက် အခြေခံကျင့်စဉ်တစ်ခုဟုသာ သတ်မှတ်၍ ရနိုင်သည်။

အတွေ့အကြုံမရှိသေးသောသူနှင့် အတွေ့အကြုံရင့်ကျက်သူ တစ်ဦးကြားမှ ကျွမ်းကျင်မှု ကွာဟချက်မျိုးပင်။

ကျိုးရီကမူ ထိုနယ်မြေနတ်ဘုရားများနှင့် မတူပေ။

လီရွှမ်ကျိုးက သူ့အဆင့်အတန်းကို ကောင်းကောင်း သိထားသည်။ လောကဧကရာဇ်နေရာကို ကျိုးရီထံမှ သူ လုယူနိုင်မည်ဟု မထင်သော်လည်း နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည်ဆိုပါက ၎င်းက အလွန် ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။

မည်သို့ပင်ဖြစ်စေ ပိုမိုအစွမ်းထက်လာနိုင်သည့် နည်းလမ်းကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။

ကျိုးရီက ခေါင်းညိတ်ပြလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျင့်စဉ်တစ်ခုက လီရွှမ်ကျိုး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်တိုးဝင်သွားလေသည်။

၎င်းမှာ ယင်နှင့်ယန် မိုးကြိုးများ ပါဝင်နေသည့် ယင်ယန် မိုးကြိုးတာအိုလမ်းစဉ် ဖြစ်သည်။

မိုးကြိုးတာအိုကို ယင်ယန်တာအိုနှင့် ထပ်ဆင့်ပေါင်းစပ်လိုက်ခြင်းဖြင့် အထူးစွမ်းအင်တစ်ခုကို ဖန်တီးပေးနိုင်၏။

မူလလမ်းစဉ်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကာ မင်ဧကရာဇ်ကျမ်းစာထက်လည်း များစွာ သာလွန်လှသည်။

လီရွှမ်ကျိုးသည် ဤကျင့်စဉ်၏ အစပိုင်းစာပိုဒ်လေးကို တစ်ချက်ဖတ်ကြည့်လိုက်ရုံဖြင့် သူ၏ စိတ်နှလုံးများ တုန်လှုပ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်က သူ လက်ရှိကျင့်ကြံနေသည့် ကျင့်စဉ်ထက် အဆပေါင်းများစွာ ပိုမိ အစွမ်းထက်ကြောင်းကို မြင်လိုက်ရသောကြောင့်ပင်။

သူက ချက်ချင်း မတ်တပ်ရပ်ကာ ကျိုးရီကို ဦးညွှတ်လိုက်သည်။

ကျိုးရီကမူ သူ၏ အရိုအသေပေးမှုကြောင့် ကျေနပ်ဝင့်ကြွားသွားခြင်း မရှိပေ။ လီရွှမ်ကျိုးက ယင်ယန် မိုးကြိုးတာအို နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံခြင်းဖြင့် သူသည်လည်း အကျိုးအမြတ်များ ရရှိမည်သာ ဖြစ်သည်။

နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ် ရရှိမည်ဖြစ်ရာ တစ်ယောက်က တစ်ယောက်အပေါ် အကြွေးတင်သွားသည်ဟူ၍ မရှိချေ။

“သခင်လေးကျိုး၊ ကျွန်တော်ထွက်သွားခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် အတွင်းမှာ ကျွန်တော့်ရဲ့ လီမိသားစုက ကောင်စုတ်လေးတွေ ခင်ဗျားကို ဒုက္ခလာပေးသေးလား”

ကျိုးရီက ပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။

“ဒါဆို တော်ပါသေးရဲ့၊ အကယ်လို့ တစ်ယောက်ယောက်ကများ ခင်ဗျားကို ရန်စရဲရင် သူ့ခေါင်းကို ဆွဲဖြုတ်ပစ်မယ်”

သူတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် အလွန်တရာအစွမ်းထက်သော နတ်ဘုရားအာရုံတစ်ခုက ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤနတ်ဘုရားအာရုံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ ချီယန်ခွန်းဂိုဏ်း တစ်ခုလုံးကို စတင်လွှမ်းခြုံသွားလေတော့သည်။

ကျိုးရီက မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။

“မဟာအရှင်သခင်အဆင့် စွမ်းအားရှင်လား”

လီရွှမ်ကျိုး မျက်နှာအမူအရာကမူ ချက်ချင်းပြောင်းလဲသွားပြီး ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။

“သခင်လေးကျိုး... တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ အရင် သွားနှင့်ပါရစေ။ နောက်မှ ခင်ဗျားဆီ ပြန်လာလည်ပါ့မယ်”

ထိုသို့ ပြောပြောဆိုဆိုနှင့်ပင် သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံမှ အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာသည်။

“လီရွှမ်ကျိုး... ရှင်ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့”

ကျိုးရီ ရယ်‌မောရင်း ခေါင်းယမ်းလိုက်မိသည်။

“ဒီကောင်က နှစ်တွေအများကြီး ဖြတ်သန်းပြီးတာတောင် ရိုးရိုးသားသား မနေသေးဘူးပဲ”

မည်သို့ပင်ဖြစ်စေ ထိုအမျိုးသမီးက မဟာအရှင်သခင်တစ်ပါး ဖြစ်သောကြောင့် သူ အရှုံးမပေါ်ပေ။

လီရွှန်ကျိုး အဘယ်ကြောင့် ဤမျှ ငြင်းဆန်နေသည်ကိုသာ ကျိုးရီ နားမလည်နိုင်ခြင်းဖြစ်သည်။

‘ထားလိုက်ပါတော့၊ ငါ့ကိစ္စမှ မဟုတ်ဘဲ’

သူ လုပ်ရန်လိုအပ်သည်မှာ ကိုယ်ပိုင်ကိစ္စများကို အာရုံစိုက်ရန်ဖြစ်သည်။

တောင်ပိုင်းနယ်စပ်ရှိ မိစ္ဆာဧကရာဇ်နှင့် ကောင်းကင်နတ်ဘုရားနန်းတော်တို့ကြား စစ်ပွဲမှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာခဲ့သည်။

နေ့စဉ်နှင့်အမျှ လူများ သေဆုံးနေကြပြီး ၎င်းက အသားကြိတ်စက်ကြီးတစ်ခုနှင့် အလားသဏ္ဍာန်တူသော စစ်ပွဲကြီးပင်။

လူသားမျိုးနွယ်နှင့် မိစ္ဆာသားရဲများသည် အရူးအမူး တိုက်ခိုက်နေကြပြီး အင်အားစုများ သေကြေပျက်စီးနေကြရသည်။

ဤအချိန်တွင် ကျိုးရီ၏ ခေါင်းထဲ၌ မေးခွန်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ သူ၏ ကျင့်ကြံမှုခရီးစဉ်က အမြဲတမ်း ချောမွေ့လွန်းနေခဲ့သည်။

သတိကြီးကြီးထားရမည့် လမ်းစဉ်ကို အမြဲ ဆုပ်ကိုင်ထားသောကြောင့် သူ့ထက် အစွမ်းထက်သူများကို စိန်မခေါ်ခဲ့ချေ။

ဆိုလိုသည်မှာ သူက တစ်ခါမှ ဒဏ်ရာအပြင်းအထန် မရခဲ့ဖူးခြင်းပင် ။

သို့သော် အနာဂတ်တွင် သူ့ကို ဒဏ်ရာရစေနိုင်မည့်သူနှင့် ကြုံတွေ့ရလျှင်သူ မည်သို့ လုပ်ရမည်နည်း။

သူ၏ နတ်ဘုရားစွမ်းရည်များထဲတွင် မိုးပြာဧကရာဇ်ထာ၀ရအသက်ကျင့်စဉ် ရှိနေသည်မှာ မှန်သော်လည်း ထိုအရာက နယ်မြေနတ်ဘုရားအဆင့် မတိုင်မီကသာ အဆင်ပြေခဲ့သည်။

နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၎င်း၏ အကျိုးသက်ရောက်မှုက အားနည်းလွန်းသွားလေ၏။

သွေးတစ်စက်တည်းမှနေ၍ ပြန်လည်မွေးဖွားလာနိုင်စွမ်းရှိမည့် နတ်ဘုရားစွမ်းရည်မျိုးကို လိုအပ်နေသည်။

ဤလောကတွင် သွေးတစ်စက်မှ ပြန်လည်မွေးဖွားနိုင်သည့် နည်းလမ်းများစွာ ရှိသော်လည်း ၎င်းတို့အများစုမှာ ဝိညာဉ်စွမ်းအင်များကို စတေးရသည့် အဖိုးအခမျိုးရှိသည်။

ဆိုလိုသည်မှာ သွေးတစ်စက်မှ ပြန်လည်မွေးဖွားလာချိန်တွင် အသုံးပြုသူ၏ စွမ်းအားက တစ်ဝက်ကျော်ခန့် လျော့ကျသွားမည် ဖြစ်သည်။

ဤသည်မှာ တကယ်တမ်းတွင် အလွန် အန္တရာယ်ကြီးမားလှသည်။

သူ၏ အမြင့်ဆုံး စွမ်းအားအခြေအနေတွင်ပင် ရန်သူကို အနိုင်မယူနိုင်ခဲ့ပါက ထွက်ပြေးလွတ်မြောက်ပြီးနောက် စွမ်းအားတစ်၀က်လျှော့နေသည့် အခြေအနေဖြင့် ပြိုင်ဘက်ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

ပြိုင်ဘက်က သူ့ကို ရှာတွေ့သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ချေမှုန်းပစ်ပေလိမ့်မည်။

“ငါဖန်တီးချင်တဲ့ နတ်ဘုရားစွမ်းရည်က ငါ့ရဲ့ သွေးစက်တိုင်းမှာ ကြီးမားတဲ့စွမ်းအားတွေ ပါဝင်နေစေရမယ်၊ ဒါမှ ငါက သွေးတစ်စက်ကနေ ပြန်မွေးဖွားလာတဲ့ အချိန်မှာ ငါ့ရဲ့ ကျင့်ကြံမှုအားလုံးကို ချက်ချင်းပြန်ရနိုင်မှာ”

ကျိုးရီက သူ၏ စိတ်စွမ်းအင်များကို အသုံးချကာ စတင် တွက်ချက်လေတော့သည်။ အစပိုင်းတွင် သူကျင့်ကြံခဲ့သော နတ်ဆင်နဂါးကျင့်စဉ်ကို သွားသတိရလိုက်သည်။

ထိုကျင့်စဉ်က စွမ်းအားများကို နတ်ဆင်နဂါးခွန်အားအဖြစ် ပြောင်းလဲပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်း သိုလှောင်ထားနိုင်သည်။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်၌ သွေးစက်တိုင်းတွင် တူညီသော စွမ်းအားပမာဏကို သိုလှောင်နိုင်စေရန် ထိုကျင့်စဉ်ကို ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။

သို့မှသာ သွေးအနှစ်သာရက ခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းနေချိန်တွင် ကာကွယ်ရန်အတွက် လုံလောက်သော စွမ်းအား ရှိနေပေမည်။

ထို့အပြင် ထိုမျှကြီးမားလှသော စွမ်းအားကို သွေးအနှစ်သာရ တစ်စက်တည်းအတွင်း အလွယ်တကူ ထည့်သွင်းထား၍မရနိုင်ပေ။

သွေးအနှစ်သာရတစ်စက်က ဤမျှအားကောင်းလွန်းသော စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ တိုက်ရိုက် ပေါက်ကွဲထွက်သွားနိုင်သည်။

ထို့ကြောင့် သွေးအနှစ်သာရအစက်တိုင်းကို ပိုမိုကြံ့ခိုင်လာစေရန် မိုးပြာဧကရာဇ် ထာ၀ရအသက်ကျင့်စဉ်အား ပြုပြင်ထားသော ပုံစံတစ်ခုကို ထည့်သွင်းပေါင်းစပ်ရပေမည်။

သို့မှသာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆင်နဂါးခွန်အားကို ခံနိုင်ရည်ရှိလာမည် ဖြစ်ပေသည်။

All Chapters