← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) - ကံကြမ္မာသားတော်

ကျင့်စဉ်နှစ်ခု ပေါင်းစပ်သွားသည့်နောက် ကျိုးရီက ကျင့်စဉ်အသစ်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သည်။

ဤကျင့်စဉ်က သူ၏ သွေးအနှစ်သာရ တစ်စက်ချင်းစီတိုင်းတွင် တူညီသောစွမ်းအားများကို အပြည့်အ၀ စုဆောင်းသိမ်းဆည်းထားနိုင်စွမ်း ရှိပေသည်။

“ဒီကျင့်စဉ် နတ်ဘုရားစွမ်းရည်ကို နာမည်ဘယ်လိုပေးရမလဲ၊ အင်း...”

ကျိုးရီ ခေါင်းကိုက်သွားရသည်။ နာမည်ပေးသည့်နေရာတွင် သူက အလွန်ညံ့ဖျင်းလှသည်။

သူ၏ ဉာဏ်အလင်းပွင့်နိုင်စွမ်းက ကျင့်စဉ်များဖန်တီးရာတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိစေသော်လည်း နာမည်တစ်ခုကိုမူ အဆင်ပြေပြေ မပေးတတ်ချေ။

ဤအချက်က ယခုဘဝတွင် သူ၏ အကြီးမားဆုံးအားနည်းချက် ဖြစ်လာနိုင်သည်။

“ကပ်ကမ္ဘာနတ်ဘုရားမိစ္ဆာကျင့်စဉ်လို့ပဲ နာမည်ပေးလိုက်တော့မယ်၊ ခမ်းနားတဲ့ အသံထွက်မျိုးလေးဖြစ်နေသလို ဒီထက်ပိုကောင်းတဲ့ နာမည်ကိုလည်း စဉ်းစားလို့မရတော့ဘူး”

ကျိုးရီ ခေါင်းခါမ်းယမ်းလိုက်ပြီးနောက် ရုတ်တရက် အခြားဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိသွားသည်။

“နေပါဦး၊ ငါ့ရဲ့ သွေးစက်တိုင်းက ငါ့ကို အသက်ပြန်သွင်းနိုင်တယ်ဆိုရင် သွေးတစ်စက်ကို အတင်းအကျပ် ထုတ်လိုက်တာနဲ့ ပုံတူကိုယ်ပွားတစ်ခု ဖန်တီးနိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူးလား”

“ဒီကိုယ်ပွားရဲ့ စွမ်းအားက ငါနဲ့ ရင်ပေါင်တန်းနိုင်ရုံသာမက ငါ့ထိန်းချုပ်မှုအောက်မှာရှိနေပြီး အစွမ်းထက်ခွန်အားတွေကိုလည်း ပိုင်ဆိုင်ထားဦးမှာပဲ”

ဤကျင့်စဉ်က အလွန်ထူးကဲလှသည်။ အဆင့်တူများအကြား ပြိုင်ဘက်ကင်းဟု သတ်မှတ်၍ရသော်လည်း ပြိုင်ဘက်အရေအတွက် အလွန်များပြားနေပါက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သေးသည်။

ထို့အပြင် ဤကမ္ဘာလောကတွင် အဖိုးတန်ရတနာများစွာ ရှိနေသေးသည်။

ထိုရတနာများကို အသုံးပြုသည့်အခါ ပေါက်ကွဲထွက်လာမည့် စွမ်းအားမှာ မူလခန္ဓာကိုယ်စွမ်းအင်ထက် ဆယ်ဆ၊ သို့မဟုတ် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ သာလွန်သွားနိုင်သည်။

ထိုသို့သောအခြေအနေမျိုးတွင် အပြင်းအထန် ဒဏ်ရာရရှိရန် အလွန်လွယ်ကူပြီး ဒဏ်ရာပြင်းထန်လွန်းပါက အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

ပုံတူကိုယ်ပွား အများအပြား ဖန်တီးကာ အရေအတွက်ဖြင့် အရည်အသွေးကို ဖလှယ်ခြင်းကလည်း မျှော်လင့်မထားသော ရလဒ်အချို့ကို ရရှိလာစေနိုင်သည်။

အစပိုင်းတွင် သွေးအနှစ်သာရများကို အသုံးပြုကာ ကိုယ်ပွားများဖန်တီးရန် စဉ်းစားခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို ချက်ချင်းပင် ပယ်ဖျက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကိုယ်ပွားတစ်ခု ပျက်စီးသွားတိုင်း ခန္ဓာကိုယ်မှ သွေးတစ်စက် ဆုံးရှုံးသွားမည်ဖြစ်သောကြောင့်ပင်။ သူမည်မျှပင် အစွမ်းထက်နေပါစေ ဤမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထို့ကြောင့် သွေးအနှစ်သာရများ လေလွင့်ဆုံးရှုံးမှု မရှိစေရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ကျိုးရီ ကျင့်စဉ်တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်ပြန်သည်။

ယင်းမှာ စွမ်းအင်များဖြင့် ရုပ်လုံးပေါ်လာစေရန် ရိုးရိုးရှင်းရှင်း ဖန်တီးခြင်းပင်။ စွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်တစ်ခု ဖန်တီးကာ ထိုခန္ဓာကိုယ်အတွင်း အစီအရင်တစ်ခု ရေးဆွဲထွင်းထုလိုက်သည်။

အစီအရင် လည်ပတ်မှုမှတစ်ဆင့် ပြင်ပစွမ်းအင်များကို စဉ်ဆက်မပြတ် စုပ်ယူခြင်းဖြင့် အဆုံးသတ်တွင် မူလခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ကိုယ်ပွားများ ဖန်တီးနိုင်သည့် အကျိုးသက်ရောက်မှုကို ရရှိလာစေမည်။

အလွန်ကောင်းမွန်လှသည်။

“ဆိုင်ရှင်ကြီး၊ အရက်တစ်အိုးလောက်”

“လာပါပြီ”

စားသောက်ဆိုင်အတွင်းသို့ ဧည့်သည်နောက်တစ်သုတ် ရောက်ရှိလာသည်။ သူတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရသလောက် ချီယန်ခွန်းဂိုဏ်းမှ မဟုတ်ဘဲ အခြားဒေသတစ်ခုရှိ ဂိုဏ်းတစ်ခုခုမှ ဖြစ်ဟန်တူသည်။

ထိုလူအနည်းငယ်မှာ စိတ်စွမ်းအင်အရက်ကို တစ်ငုံသောက်လိုက်ပြီး ခွန်အားအတော်များများ ပြန်လည်ပြည့်ဖြိုးလာသော်လည်း ခရီးပန်းလာသော သူတို့၏ မျက်နှာများတွင်မူ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ သက်ပြင်းမချဘဲ မနေနိုင်ကြချေ။

“ဟူး... ဒီတစ်ကြိမ် မိစ္ဆာတွေက ဒီလောက်အထိ အစွမ်းထက်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ဂိုဏ်းပေါင်းစုံ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ကြီးက မျက်စိတစ်မှိတ်အတွင်းမှာတင် ပြိုကွဲသွားခဲ့ပြီလေ"

“အခုတော့ အကာအကွယ်ရဖို့ ချီယန်ခွန်းဂိုဏ်းကိုပဲ အားကိုးနေရတော့တာပေါ့။ တကယ်ကို စိတ်ကျဥ်းကျပ်စရာပဲ”

“နတ်ဘုရားဓားဂိုဏ်းက ယန်ကျန်းသာ ကူညီမပေးခဲ့ရင် ငါတို့တွေ အဲ့ဒီမိစ္ဆာတွေရဲ့ အစာဖြစ်နေလောက်ပြီ”

“ ဓားသူတော်စင်ယန်က သူ့ရဲ့ခွန်အားနဲ့ မိစ္ဆာကြီးတော်တော်များများကို ခုခံတွန်းလှန်ပေးခဲ့ရှာတယ်၊ အခုတော့ သူ့အသက်ရှင်သလား သေသွားပြီလား ဆိုတာတောင် မသေချာတော့ဘူး၊ တကယ်ကို ရှက်ဖို့ကောင်းလွန်းတယ်”

ရင်းနှီးနေသော အမည်ကို ကြားလိုက်ရချိန်တွင် ကျိုးရီ အတော်လေး စိတ်လှုပ်ရှားသွားမိသည်။

နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ပြီးနောက် သူ၏သတင်းကို ထပ်မံကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သလို ယခုကဲ့သို့ အန္တရာယ်များသော အခြေအနေမျိုးတွင် ရှိနေမည်ဟုလည်း ထင်မှတ်မထားခဲ့ချေ။

သူတို့နှစ်ဦးသည် သိပ်မဝေးလှဘဲ တာ့ချန်နယ်မြေအတွင်း၌သာ ရှိနေကြသည်။ သူ၏ အသိစိတ်ဖြင့် ယန်ကျန်း၏ တည်နေရာကို အလွယ်တကူ အာရုံခံနိုင်ပေသည်။

ကျိုးရီ စိတ်စွမ်းအင်များ ဖြန့်ကြက်ရှာဖွေလိုက်ရာ ယန်ကျန်း အဆင်ပြေနေကြောင်း သိလိုက်ရသည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေဆဲဖြစ်ကာ မိစ္ဆာများ၏ လိုက်လံဖမ်းဆီးမှုမှလည်း လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ လတ်တလောတော့ ဘေးကင်းနေပြီဖြစ်သည်။

စိတ်စွမ်းအင်ဖြန့်ကြက်ထားသော အကွာအဝေးအတွင်း ကျိုးရီက အားခွန်း၏ အငွေ့အသက်ကိုလည်း အာရုံခံမိလိုက်သည်။

အတွေးတစ်ချက်ဖြင့် အားခွန်းအားစေလွှတ်လိုက်လျှင် ယန်ကျန်း အသက်ရှင်ရန်အတွက် လုံလောက်သွားပြီဖြစ်သည်။

ဤကိစ္စ ပြီးသွားပြီးနောက် ချီယန်ခွန်းဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် အစွမ်းထက်သော အငွေ့အသက်အချို့ ပေါ်ထွက်လာသည်။

“ကောင်းကင်နတ်ဘုရားနန်းတော်က သံတမန်တွေ ရောက်လာကြပြီပဲ။ ချီယန်ခွန်းဂိုဏ်းကတော့ ဒီကိစ္စကနေ ရှောင်ထွက်လို့ရနိုင်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဟိုမိစ္ဆာအိုကြီး လီရွှန်ကျိုး ရှိနေသရွေ့တော့ ကောင်းကင်နတ်ဘုရားနန်းတော်က သူတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

အမှန်တကယ်ပင် သူတွေးထားသည့်အတိုင်း ဖြစ်နေသည်။ ကောင်းကင်နတ်ဘုရားနန်းတော်မှ သံတမန်များသည် ချီယန်ခွန်းဂိုဏ်း၏ နယ်မြေထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လီရွှန်ကျိုးက အာရုံခံမိသွားသည်။

မြေပြင်ပေါ်သို့ မဆင်းသက်ရသေးခင်မှာပင် လီရွှန်ကျိုး၏ ဖိအားများက သူတို့အပေါ် ကျဆင်းလာသည်။

“ကောင်းကင်နတ်ဘုရားနန်းတော်က ကလေးပေါက်စတွေ၊ ပြဿနာရှာဖို့ မကြိုးစားကြနဲ့၊ ချီယန်ခွန်းဂိုဏ်းက ငါ့ရဲ့ မျိုးဆက်တွေအတွက်ပဲ၊ မင်းတို့ ကောင်းကင်နတ်ဘုရားနန်းတော်က အမြောက်စာအဖြစ် အသုံးချဖို့မဟုတ်ဘူး။ ထွက်သွားကြစမ်း”

ဤစကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်နတ်ဘုရားနန်းတော် သံတမန်များ၏ မျက်နှာများ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကာ အသည်းနှလုံးများပါ ကွဲကြေမတတ် ခံစားလိုက်ရသည်။

မြေကမ္ဘာအင်မော်တယ်အဆင့်အောက်ရှိသူများဆိုလျှင် ရင်ဘတ်ထဲတွင် အောင့်တက်လာကာ သွေးများပင် အန်ချလိုက်ရသည်။

မြေကမ္ဘာအင်မော်တယ်အဆင့်အောက်ရှိသူများဆိုလျှင်ခေါင်းထဲတွင် အူထွက်သွားကာ အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်မသက် ဖြစ်နေခဲ့သည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ၊ ဒီမှာ မဟာအရှင်သခင်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ပုန်းအောင်းနေတာပဲ”

“စီနီယာ၊ ကျွန်တော်တို့မှာ ဘာအကြံအစည်မှ မရှိပါဘူး။ ဒီနေ့ စီနီယာ့ကို အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“နောက်ထပ် စကားတစ်ခွန်း ဟရဲသေးရင် မင်းတို့ကို လှုပ်မရအောင် ရိုက်နှက်ပစ်မယ်”

လီရွှန်ကျိုးက အမြဲတမ်း ထင်ရာစိုင်းတတ်သူပီပီ လာရောက်သူများ ထွက်ပြေးရသည်အထိ ခြောက်လှန့်ပစ်လိုက်သည်။

မကြာမီတွင် လူတိုင်း ပျောက်ကွယ်သွားကြသည်။

သို့ရာတွင် ဤကိစ္စက ဤမျှ ရိုးရိုးရှင်းရှင်း ပြီးဆုံးသွားမည်မဟုတ်ကြောင်း ကျိုးရီ သိနေသည်။

လီရွှန်ကျိုးက သူ၏ တည်ရှိမှုကို ထုတ်ဖော်ပြသလိုက်ပြီးနောက် ကောင်းကင်နတ်ဘုရားနန်းတော်မှ မဟာအရှင်သခင်သည် မည်သို့ပင်ဖြစ်စေ စုံစမ်းစစ်ဆေးရန် သေချာပေါက် ရောက်လာမည်ဖြစ်သည်။

ယခင်က သူ နတ်ဘုရားဆေးလုံးများ ဖော်စပ်စဉ်က လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုအချိန်တွင် သူတို့အနေဖြင့် လီရွှန်ကျိုးကို နတ်ဘုရားဆေးလုံးများ ဖော်စပ်သည့် ဆေးဆရာဟု အထင်လွဲသွားနိုင်ပြီး မိတ်ဖွဲ့ရန်အတွက် သေချာပေါက် လာရောက်လည်ပတ်လိုကြပေမည်။

ဤအချိန်တွင် ကျိုးရီ ငြီးငွေ့မှုကို အ‌တော်လေး ခံစားနေရပြီဖြစ်သည်။

ယခင်က သူနားလည်သဘောပေါက်ခဲ့သည့်အတိုင်း အထီးကျန်ခြင်းဟူသည် ထာဝရအသက်ရှင်ခြင်းကြောင့် မဟုတ်ဘဲ ပြိုင်ဘက်ကင်းနေခြင်းကြောင့်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံတွင် တချို့အရာများ မဖြစ်ပေါ်လာမီကတည်းကပင် သူက ကြိုတင်ခန့်မှန်းနိုင်နေခဲ့သည်။

ဤခံစားချက်က တကယ်ကို ပျင်းရိစရာကောင်းလှသည်။

နှစ်ရက်ကြာပြီးနောက် လီရွှန်ကျိုးက အရက်သောက်ရန် စားသောက်ဆိုင်သို့ ရောက်လာခဲ့ပြီး သူ့ဘေးတွင်လည်း ကျက်သရေရှိလှသော မိန်းမပျိုတစ်ဦး ပါလာခဲ့သည်။

သူမမှာ ယခင်က အမျိုးသမီး မဟာအရှင်သခင်ပဲ ဖြစ်ပေသည်။

သူမက လီရွှန်ကျိုးအပေါ် အလွန်ကြိုက်နှစ်သက်နေကြောင်း သိသာထင်ရှားလှသော်လည်း လီရွှန်ကျိုး၏ မျက်လုံးထဲတွင်မူ ခုခံတွန်းလှန်လိုသည့် အရိပ်အယောင်အချို့ ရှိနေလေသည်။

“သခင်လေးကျိုး”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။

အမျိုးသမီး မဟာအရှင်သခင်က ကျိုးရီကို ကြည့်လိုက်ပြီး တွေးလိုက်မိသည်။

‘လီရွှန်ကျိုးက သူ့ကို ဘာလို့ အရိုအသေပေးရတာလဲ’

နားမလည်နိုင်ဖြစ်ကာ တွေဝေသွားသော်လည်း တစ်ခုခုမှားယွင်းနေကြောင်း အလျင်အမြန် သဘောပေါက်သွားသည်။

အကြောင်းမှာ သူမက ကျိုးရီ၏ ကျင့်စဉ်အဆင့်ကို မမြင်နိုင်သောကြောင့်ပင်။

“ဟင်...”

ဤအချက်က သူမ၏ မျက်လုံးများကို ချက်ချင်း ကျုံ့ဝင်သွားစေသည်။

ကျိုးရီ၏ ခွန်အားက သူမထက် အမှန်တကယ်သာလွန်နေသည်။

‘သူက နှောင်းပိုင်း မဟာအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်များလား'

လီရွှန်ကျိုးက သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

“သခင်လေးကျိုး၊ ဒါက ရဲ့ချိုးရွှေပါ။ ချိုးရွှေ... ဒါက သခင်လေးကျိုးတဲ့”

“သခင်လေးကျိုး”

ရဲ့ချိုးရွှေကလည်း ဦးညွှတ်အရိုအသေပေးလိုက်သည်။

ကျိုးရီကလည်း ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ”

လီရွှန်ကျိုးက အနည်းငယ် ကြွားဝါချင်သော လေသံဖြင့် ဆိုလာသည်။

“ချိုးရွှေ၊ ငါ့ရဲ့ သခင်လေးကျိုးကလည်း နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ မင်းရဲ့ ဆရာသခင်ထက် နိမ့်ကျမနေဘူး”

“ဘာ… နယ်မြေနတ်ဘုရား”

ရဲ့ချိုးရွှေ နှလုံးသားတစ်ခုလုံး အပြင်းအထန် ခုန်ပေါက်သွားသည်။

ကျိုးရီ၏ ခွန်အားက သူမထက် များစွာသာလွန်နေပြီး နှောင်းပိုင်း မဟာအရှင်သခင်အဆင့်တွင် ရှိလောက်မည်ဟု သူမ ခန့်မှန်းထားသော်ငြား ကျိုးရီအနေဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ရှိနေမည်ဟုတော့ မထင်မှတ်ထားခဲ့မိပေ။

တကယ်ကို အံ့အားသင့်စရာပင်။

မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကတွင် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူဆိုသည်မှာ လက်ချိုးရေတွက်၍ရလောက်အောင် အလွန်နည်းပါးလှသည် မဟုတ်ပါလား။

နယ်မြေနတ်ဘုရားတိုင်းသည် ဤလောကတွင် အတော်ဆုံး ပါရမီရှင်များဖြစ်ကြပြီး အလွန်ရှားပါးလှသည်။

နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော သူမပင်လျှင် ထိုအဆင့်သို့ မရောက်ရှိသေးပေ။

ပို၍ စိတ်ရှုပ်ထွေးစရာကောင်းသည်မှာ ဤမျှ ကြီးမြတ်လှသော ကျိုးရီကဲ့သို့ ပုဂ္ဂိုလ်မျိုးက စားသောက်ဆိုင်ငယ်လေးထဲတွင် ရှိနေခြင်းပင်။

“ဟုတ်တယ်၊ သူက နယ်မြေနတ်ဘုရားတစ်ပါးပဲ”

လီရွှန်ကျိုးက တမင်တကာ ကြွားဝါနေပုံရပြီး ကျိုးရီ စိုက်ကြည့်မှသာ ငြိမ်သွားတော့သည်။

ရဲ့ချိုးရွှေက လက်အုပ်ချီကာ ရိုသေစွာ ဆိုလာသည်။

“စီနီယာက နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်မှန်း ကျွန်မ မသိခဲ့ဘူး၊ ဂျူနီယာက ရိုင်းစိုင်းမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“ကိစ္စမရှိပါဘူး၊ ငါက သိပ်ပြီး ကြီးမြတ်တဲ့ပုံစံ ဖမ်းမနေပါဘူး”

ကျိုးရီက စိတ်စွမ်းအင်အရက်ကောင်း တစ်အိုးကို ထုတ်ယူကာ သူတို့နှစ်ဦးကို တိုက်လိုက်သည်။

“မင်းတို့နှစ်ယောက် အရင်တည်းက သိထားကြတာလား ဒါမှမဟုတ်...”

ဤစကားကို ကြားလိုက်ရချိန်တွင် ရဲ့ချိုးရွှေ၏ ပါးပြင်များ အနည်းငယ် နီမြန်းသွားသည်။

“ဂျူနီယာနဲ့ ရွှန်ကျိုးက သိလာခဲ့တာ ဆယ့်တစ်နှစ်ပဲ ရှိပါသေးတယ်”

“ဆယ့်တစ်နှစ်...”

ကျိုးရီ အချိန်ကို တွက်ချက်ကြည့်လိုက်သည်။

သူ့ကို ကယ်တင်ပြီးနောက်မှသာ သူတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဤသောက်တလွဲအဘိုးကြီးက အပြင်ထွက်ပြီး မကြာမီမှာပင် မိန်းမတစ်ယောက် ရှာတွေ့ခဲ့လေ၏။

“ခုနက ရွှန်ကျိုးပြောစကားအရဆိုရင် မင်းရဲ့ ဆရာကလည်း နယ်မြေနတ်ဘုရားတစ်ပါးပဲပေါ့”

ရဲ့ချိုးရွှေ ခေါင်းညိတ်ပြလိုက်သည်။

“ဂျူနီယာရဲ့ ဆရာက နယ်မြေနတ်ဘုရား ရွှမ်ယွီပါ၊ လွန်ခဲ့တဲ့ နှစ်ကိုးရာကတည်းက နယ်မြေနတ်ဘုရားအဆင့်ကို ရောက်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပါ”

ကျိုးရီက လီရွှန်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် အသံလွှင့်ကာ ပြောလိုက်သည်။

“ကောင်လေး၊ မင်း တကယ် ရွှေတွင်းတူးမိတာပဲ”

တစ်ဖက်လူ၏ နောက်ခံက အလွန်နက်ရှိုင်းလှသည်။ သူမနှင့် ပေါင်းစပ်လိုက်ခြင်းက ခိုင်မာသော မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းပင်။

ရိုးရိုးသားသားပြောရလျှင် လီရွှန်ကျိုးက တစ်ဖက်လူအား အဘယ်ကြောင့် ဤမျှ ခုခံတွန်းလှန်နေရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။

ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် လီရွှန်ကျိုးကသာ သူမနှင့် မထိုက်တန်သည့်သူပင်။

လီရွှန်ကျိုးက အတော်လေး အကူအညီမဲ့နေဟန်ဖြင့် အသံလွှင့်ဆက်သွယ်လာသည်။

“သခင်လေးကျိုး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မနောက်ပါနဲ့တော့။ ကျွန်တော့်ခေါင်းတွေ ပေါက်ကွဲထွက်တော့မယ်”

“ဘာအကြောင်းကြောင့်လဲ။ သူမနောက်က နယ်မြေနတ်ဘုရားက မင်းတို့နှစ်ယောက် ပေါင်းဖက်တာကို သဘောမတူလို့လား”

“အဲ့ဒါကြောင့်မဟုတ်ဘူး။ အဓိကအချက်က တခြားနှစ်ယောက်ပါ ရှိနေသေးတယ်၊ သူတို့နောက်မှာလည်း နယ်မြေနတ်ဘုရားတွေ ရှိကြတယ်"

“အကယ်လို့ သူမနဲ့သာ အတူတူနေလိုက်မယ်ဆိုရင် အဲ့ဒီနှစ်ယောက်က ကျွန်တော့်ကို သေချာပေါက် အပိုင်းပိုင်း ဆွဲဖြဲပစ်ကြလိမ့်မယ်”

အရက်ခွက်ကို ကိုင်ထားသော ကျိုးရီ၏လက်က တုန်ယင်လာတော့သည်။

“အပြင်ရောက်နေတဲ့ နှစ်အနည်းငယ်အတွင်းမှာ နယ်မြေနတ်ဘုရားတွေရဲ့ အမျိုးသမီးတပည့် ဘယ်နှယောက်ကိုများ မင်းသွားပတ်သက်ခဲ့တာလဲ”

“အားလုံးတော့ မဟုတ်ပါဘူး၊ အဲ့ဒီအထဲက တစ်ယောက်ကတော့ သမီးအရင်းပါ”

ကျိုးရီ ဆွံ့အသွားရသည်။

‘သူက လူရောဟုတ်ရဲ့လား’

အဘိုးကြီးကျိုးက ဤလောက၏ ဇာတ်လိုက်များ ဖြစ်နေခြင်းလော။ မိမိမှာ အဘိုးကြီးတစ်ယောက်ဟန်ပန် ဖြစ်နေပြီး သူကတော့ ရိုမန်တစ်ဆန်သော တွေ့ဆုံမှုများအတွက် ကံကြမ္မာဖန်တီးခံထားရကာ သူ၏ ယောက္ခမများအားလုံးကလည်း နယ်မြေနတ်ဘုရားများ ဖြစ်နေကြသည်။

‘ဟိုက်... ထိပ်တန်းအဆင့် ကံကြမ္မာပဲ’

“အပြင်ထွက်သွားပြီးနောက်ပိုင်း မင်းက မိန်းမရှုပ်ဖို့ပဲ သိတာလား”

“သခင်လေးကျိုး၊ ဒီထဲမှာ နားလည်မှုလွဲတာလေးတွေ ရှိနေပါတယ်။ ကျွန်တော် ခင်ဗျားကို တစ်ထိုင်တည်း ရှင်းပြလို့မရဘူး၊ နယ်မြေနတ်ဘုရားသုံးပါးကသာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး”

“မိန်းမတွေကို သွားပတ်သက်တဲ့ မင်းအပြစ်ပဲ၊ ခံပေါ့”

ကျိုးရီ စိတ်ထဲတွင် အထင်သေးသွားသော်လည်း အလျင်အမြန်ပင် ပြဿနာတစ်ခုကို စဉ်းစားမိသွားသည်။

အကယ်၍ သူ့တပည့်၏ ဇနီးသည်များ နောက်ကွယ်တွင် နယ်မြေနတ်ဘုရားများ ရှိနေမည်ဆိုပါက သူတို့အားလုံးကို သူ၏ လက်အောက်ခံများအဖြစ် အလွယ်တကူ သိမ်းသွင်းနိုင်ပေမည်။

အနာဂတ်တွင် သူ၏ ထိန်းချုပ်မှုအောက်၌ တစ်ဦးဦး လောကဧကရာဇ်တစ်ပါးအဖြစ် ရွေးချယ်ခြင်းကလည်း အလွန်ကောင်းမွန်လှပေမည်။

သူသည် ဥပဒေပြဋ္ဌာန်းခြင်း၊ တာအိုလမ်းစဉ်ဖြန့်ဝေခြင်းနှင့် ဤလောကရှိ အရင်းအမြစ်များ စုဆောင်းခြင်းတွင် ကန့်သတ်ခံရတော့မည်မဟုတ်ပေ။

ကမ္ဘာဆန္ဒနှင့် စာချုပ်ချုပ်ဆိုရသည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ရန် မလိုအပ်သည့်အပြင် အကျိုးခံစားခွင့်များကိုပါ ရရှိနိုင်သေးသည်။

တစ်ချက်ပစ် နှစ်ကောင်ရဆိုသလိုပင်၊ ဤအကြံမှာ တကယ်ကို ကောင်းလွန်းလှသည်။

“မပူပါနဲ့၊ ငါ့လက်အောက်မှာ မင်း ရိုးရိုးသားသား ရှိနေသရွေ့ မင်းရဲ့လုံခြုံရေးအတွက် ငါ အာမခံပါတယ်”

လီရွှန်ကျိုးက အနည်းငယ် မယုံကြည်နိုင်သေးချေ။

“သခင်လေးကျိုး၊ ခင်ဗျား ကျွန်တော့်ကို နောက်နေတာ မဟုတ်ပါဘူးနော်၊ သူတို့နောက်ကွယ်မှာ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်တည်း ရှိတာမဟုတ်ဘူး၊ သုံးယောက်တောင်နော်”

“အခု မင်းမှာ ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိလို့လား”

“မရှိ... မရှိပါဘူး”

“အဲ့ဒီလိုမှတော့ ဘာလို့ အများကြီးတွေးနေသေးတာလဲ”

“ဟိုက်... သခင်လေးကျိုးနဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ ခင်ဗျားစကားတွေက တကယ်ကို ယုတ္တိရှိတာပဲ”

All Chapters