← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) - မိစ္ဆာဧကရာဇ်

“မင်းရဲ့အတွေးက အတော်လေးကောင်းတာပဲ”

နန်းတော်သခင် အိုယန်ရွှင်လီမှာ လူမိုက်တစ်ယောက်မဟုတ်ပေ။ သူက မည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိဘဲ သခင်လေးကျိုးနှင့် မဟာမိတ်ဖွဲ့ရန် အခွင့်အရေးကိုသာ ဆုပ်ကိုင်ကာ ဤပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးထံ ခိုလှုံလိုက်ခြင်းဖြစ်သည်။

နယ်မြေနတ်ဘုရားအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်မည်လားဆိုသည်ကို ပြောရန်ခက်ခဲသော်လည်း အနည်းဆုံးတော့ ဤမိစ္ဆာကပ်ဘေးကြီးအတွင်း ဘေးကင်းလုံခြုံနေရန် ရာနှုန်းပြည့် သေချာသွားပြီဖြစ်သည်။

နန်းတော်သခင် အိုယန်ရွှင်လီက ပြုံးကာ ဆိုလာသည်။

“အရင်တုန်းကတော့ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းအစွမ်းထက်ပြီး မဟာအရှင်သခင်အဆင့်ကို ရောက်တာနဲ့တင် ကောင်းကင်ဘုံရဲ့ အချစ်တော် ဖြစ်ပြီလို့ အမြဲထင်ခဲ့မိတာ"

“ဒါပေမဲ့ ဒီအဆင့်ကို တကယ်ရောက်လာတဲ့အခါကျမှ ကိုယ့်ထက်သာတဲ့သူတွေ အမြဲရှိနေပြီး ကောင်းကင်ထက် မြင့်မားတဲ့ ကောင်းကင်တွေ ရှိနေသေးတယ်ဆိုတာကို နားလည်လာခဲ့တယ်”

“အရင်က သွေးဖီးနစ်နတ်ဘုရားနန်းတော်ကြောင့် ကျွန်တော် သေလုနီးပါး ဖြစ်ခဲ့ရဖူးသလို အခုလည်း ဂိုဏ်းအပြင်တောင် မထွက်ရဲလောက်အောင် ရိုက်နှက်ခံခဲ့ရတဲ့ မိစ္ဆာဧကရာဇ်နဲ့ ကြုံတွေ့နေရပြန်ပြီလေ"

“အခုတော့ ကံတရားကို လက်ခံလိုက်ပြီ၊ ကိုယ့်ခွန်အားက မလုံလောက်မှတော့ အားကိုးရလောက်တဲ့ ကျောထောက်နောက်ခံတစ်ခုကို ရွေးချယ်ပြီး ဒီမိစ္ဆာကပ်ဘေးကြီးကို ကျော်ဖြတ်လိုက်တာက အကောင်းဆုံးပဲ”

လီရွှန်ကျိုးက သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

“ညီလေးအိုယန်... မင်းရဲ့ ရွေးချယ်မှုက လုံးဝမှားမှာ မဟုတ်ဘူး။ အနာဂတ်မှာ လောကဧကရာဇ် ရာထူးကို တကယ်ပဲ သိမ်းပိုက်နိုင်မယ့်သူ ရှိလာမယ်ဆိုရင် သခင်လေးကျိုးကလွဲပြီး ဒုတိယတစ်ယောက်ကို ငါ စဉ်းစားလို့တောင် မရဘူးဆိုတာ”

“ပြီးတော့ လျှို့ဝှက်ချက်တစ်ခု ပြောပြဦးမယ်၊ အရင်တုန်းက သွေးဖီးနစ်နတ်ဘုရားနန်းတော်ကို မင်း အနိုင်ယူနိုင်ခဲ့တာက နောက်ကွယ်ကနေ သခင်လေးကျိုး ကူညီပေးခဲ့လို့ပဲ”

ထိုစကားကို ကြားလိုက်ရချိန်တွင် နန်းတော်သခင် အိုယန်ရွှင်လီ၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားတော့သည်။

“သခင်လေးကျိုး၊ အဲ့ဒါတကယ်ပဲလား”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ ပေါ်လွင်မနေချေ။

“အဲ့ဒီတုန်းက သူတို့တွေ အမြင်ကျဉ်းလွန်းပြီး ငါ့ကို ပြဿနာလာရှာခဲ့လို့ပါ”

“ဒီလို အဖြစ်အျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့မိဘူး။ ကူညီပေးခဲ့တဲ့အတွက် ကျွန်တော်မျိုးက သခင်လေးကျိုးကို ကျေးဇူးတင်ပါတယ်”

နန်းတော်သခင် အိုယန်ရွှင်လီ၏ မျက်နှာပေါ်တွင် ပို၍ပင် ရိုသေလေးစားမှုများ ပေါ်လွင်လာသည်။

အကယ်၍ ယခင်က တစ်ဖက်လူ၏ ခွန်အားကိုသာ ကြောက်ရွံ့ခဲ့ခြင်းဖြစ်ပါက ယခုအခါတွင်မူ ကျိုးရီကို သူ၏ နှလုံးသားအောက်ခြေမှစ၍ အမှန်တကယ် လေးစားကြည်ညိုသွားခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤသည်က အသက်ကယ်ကျေးဇူးဖြစ်သည့်အပြင် သူ့ဂိုဏ်းတစ်ခုလုံးကိုပါ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။

“အခု ငါတို့အားလုံး တစ်ဘက်တည်း ဖြစ်သွားပြီဆိုမှတော့ ဒီလောက်အထိ အရေးတစ်ယူလုပ်နေစရာ မလိုတော့ပါဘူး။ ဒီနေ့ကစပြီး ငါဖန်တီးထားတဲ့ ကျင့်စဉ်တွေကို ဖြန့်ဝေပေးဖို့ မင်းတို့နှစ်ယောက်မှာ တာဝန်ရှိတယ်”

“ဟုတ်ကဲ့ပါ၊ စီနီယာ”

ကျိုးရီက သူတို့နှစ်ဦးထံအား ကျင့်စဉ်များ သင်ကြားပို့ချပေးလိုက်သည်။ သေချာသည်ကတော့ ၎င်းတို့အားလုံးမှာ အစွမ်းထက်ကျင့်စဉ်များ မဟုတ်ကြပေ။

အဆုံးတွင်တော့ ကျင့်စဉ်များမှာ ဖြန့်ဝေပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး သာမန်လူသားများ၌ ထိုမျှမြင့်မားသော ဉာဏ်အလင်းပွင့်နိုင်စွမ်း မရှိကြချေ။

သူ ဖန်တီးထားသော ကျင့်စဉ်များမှာ သူတို့အတွက် ကောင်းကင်ကျမ်းစာများကဲ့သို့ ဖြစ်နေပြီး နားလည်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဤကျင့်စဉ်များတွင် တင်းကျပ်သော အဆင့်ခွဲခြားမှုများ ရှိနေသည်။

သို့သော်လည်း အနိမ့်ဆုံးအဆင့် ကျင့်စဉ်များပင်လျှင် တူညီသောအဆင့်ရှိ အခြားကျင့်စဉ်များထက် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိပေလိမ့်မည်။

“သခင်လေးကျိုး၊ အခုအချိန်မှာ ကျွန်တော်တို့တွေ ပြန်သွားပြီး ဒီကျင့်စဉ်တွေကို ဖြန့်ဝေပေးနိုင်တယ်ဆိုပေမဲ့ တောင်ပိုင်းနယ်စပ်က မိစ္ဆာဧကရာဇ်ကရော ဘယ်လိုလုပ်မလဲ။ သူ့ခွန်အားက အရမ်းကို ထူးကဲလွန်းတယ်”

“သူ့ကို ဒီအတိုင်းဆက်ပြီး သောင်းကျန်းခွင့်ပေးထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပိုင်နက်အောက်မှာရှိတဲ့ လူသားမျိုးနွယ်တွေကို သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်”

“တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခုမှ မရှိရင် ကျင့်စဉ်တွေကို ဖြန့်ဝေပေးလိုက်ရင်တောင် ဘာအကျိုးရှိမှာလဲ။ ဘယ်သူမှ ကျင့်ကြံနိုင်ကြမှာ မဟုတ်ဘူး”

နန်းတော်သခင် အိုယန်ရွှင်လီက သူ၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟလာသည်။ ကျိုးရီက ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ တောင်ဘက်အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

“မိစ္ဆာဧကရာဇ်အတွက် မင်းတို့ စိုးရိမ်စရာမလိုဘူး။ သူ့ကို ငါ ကိုင်တွယ်လိုက်မယ်”

“ဒါဆိုရင်တော့ သခင်လေးကျိုးကို ဒုက္ခပေးရတော့မှာပဲ”

ရက်အနည်းငယ် ကြာပြီးနောက်။

ချူနိုင်ငံ၊ လန်ယာခရိုင်။

ဆင်ခြေဖုံးရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ သခင်နှင့် နောက်လိုက်တို့နှစ်ဦး ရောက်ရှိလာခဲ့ကြသည်။

နှစ်ဦးလုံးမှာ ပညာတတ်တစ်ဦးကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော ရုပ်သွင်မျိုး ရှိကြသော်လည်း သူတို့၏ လှုပ်ရှားမှုများတွင်မူ လူများကို တိုက်ရိုက်မကြည့်ရဲအောင် ရှုပ်ထွေးလွန်းသည့် အငွေ့အသက်များ ပါဝင်နေသည်။

နောက်လိုက်ဖြစ်သူပင်လျှင် ထူးခြားသော အငွေ့အသက်ကို ပိုင်ဆိုင်ထားပေသည်။

“သူဌေး၊ အရက်ယူခဲ့”

“လာပါပြီ”

ဆိုင်ရှင်အဘိုးအိုက အရက်ကောင်းတစ်အိုးကို ယူဆောင်လာပြီး သူတို့နှစ်ဦးရှေ့တွင် ချပေးလိုက်သည်။ ပညာရှိက တစ်ငုံသောက်လိုက်သည်။

“အရက်ကောင်းပဲ။ ဆိုင်ရှင်ရဲ့ အရက်ချက်တဲ့ ကျွမ်းကျင်မှုက လေးစားလောက်ပါတယ်”

“အရက်ကောင်းဆိုတာ အရသာခံတတ်သူတွေအတွက်ပါ။ သခင်လေးက ဒီအရက်ရဲ့ အရသာကို ခံစားနိုင်တာကိုက ဝမ်းသာစရာပါပဲ”

“ဆိုင်ရှင်က တော်တော်လေး သဘောထားကြီးတာပဲ၊ အခု ချူနိုင်ငံက တောင်ပိုင်းနယ်စပ် မိစ္ဆာမျိုးနွယ်တွေရဲ့ လက်အောက်ကို အပြည့်အဝ ကျရောက်သွားပြီဆိုပေမဲ့ ဆိုင်ရှင်က ဒီမှာ စီးပွားရေး ဆက်လုပ်နေနိုင်သေးတယ်။ အဲ့ဒီ မိစ္ဆာတွေ လာပြီး အပိုင်းပိုင်း ဆွဲဖြဲသွားမှာကို မကြောက်ဘူးလား”

ဆိုင်ရှင်အဘိုးအိုက ပြုံးလိုက်သည်။

“သခင်လေးလည်း ထွက်မသွားသေးဘူး မဟုတ်လား”

ပညာရှိက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ဆိုင်ရှင်အဘိုးအိုကို စူးစူးရဲရဲ ကြည့်လိုက်သည်။

“ကျွန်တော်တို့ ထွက်မသွားရတဲ့ အကြောင်းရင်းက ကျင့်ကြံခြင်းအဆင့်မြင့်နေလို့ပဲ၊ မိစ္ဆာတွေ တစ္ဆေတွေနဲ့ ကြုံတွေ့ရရင်တောင်မှ ကြောက်နေစရာ မလိုဘူး၊ သူတို့က ကျွန်တော်တို့ကို ဒုက္ခမပေးနိုင်ဘူး'

“ဒါပေမဲ့ သာမန်လူသားတစ်ယောက်ဖြစ်တဲ့ အဘိုးအတွက်ကတော့ ဒီနေရာမှာ မိစ္ဆာတွေနဲ့သာ ကြုံတွေ့ရရင် မျက်စိတစ်မှိတ်အတွင်းမှာတင် အပိုင်းပိုင်း ဆွဲဖြဲခံရလိမ့်မယ်”

“ဒါဆို လူကြီးမင်းကရော ကျွန်တော့်အရိုးတွေကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မှာလား”

ဆိုင်ရှင်အဘိုးအိုက ပညာရှိကို ခပ်ပြုံးပြုံးဖြင့် ကြည့်လိုက်သည်။ ပညာရှိဘေးရှိ နောက်လိုက်ဖြစ်သူ၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။

“အင်း... ငါတို့ စဝင်လာကတည်းက တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားနေရတာ၊ တကယ်ပဲ ပြဿနာရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး”

ထိုသို့ပြောလိုက်ရင်း သူက ဆိုင်ရှင်အဘိုးအိုကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို စုစည်းလိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်ကိုရော ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကိုပါ ထိန်းချုပ်၍မရတော့ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။

“ဘာဖြစ်နေတာလဲ”

သူ့မျက်နှာမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကာ အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။

ပညာရှိ၏ မျက်နှာအမူအရာမှာလည်း အလွန်လေးနက်သွားသည်။

သူ၏ လက်အောက်ခံမှာ မည်မျှ အစွမ်းထက်ကြောင်း မည်သူ့ထက်မဆို သူပိုသိပေသည်။

သို့သော်လည်း ယခုအချိန်တွင် တစ်ဖက်လူ၏ ရှေ့မှောက်၌ ခွန်အားအနည်းငယ်မျှပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။

ဤသည်က အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ကျွန်တော်နဲ့ လူကြီးမင်းကြားမှာ အငြိုးအာဃာတ တစ်ခုခုများ ရှိနေလို့လား၊ ဒါမှမဟုတ် လူကြီးမင်းက ကောင်းကင်နတ်ဘုရားနန်းတော်က ဖိတ်ခေါ်ထားတဲ့ ပြင်ပအကူအညီလား”

ဆိုင်ရှင်အဘိုးအိုက ပြုံးလိုက်သည်။

“နာမည်ကို သိချင်ရင်တော့ ငါက ကျိုးရီပဲ၊ ကိုယ်ပိုင်အမှတ်အသားကို လိုချင်ရင်တော့ ငါက တိမ်တွေ ရွေ့လျားနေတာကို ထိုင်ကြည့်နေတဲ့ အဘိုးအိုတစ်ယောက်သာသာပါပဲ”

“လူကြီးမင်းရဲ့ စကားအရဆိုရင် ကျွန်တော့်ကိုသတ်ဖို့ ရောက်လာတာ မဟုတ်တဲ့ပုံပဲ၊ လမ်းညွှန်မှုလေးများ တောင်းခံလို့ ရမလား”

“တောင်ပိုင်းနယ်စပ်က မိစ္ဆာဧကရာဇ်က အရမ်းဉာဏ်ကောင်းတယ်လို့ ကြားနေရတာ ကြာပြီ၊ ဒီနေ့ ကိုယ်တိုင် မြင်လိုက်ရတော့ တကယ်ကို ထူးခြားတာပဲ”

ကျိုးရီ၏ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်အချို့ ပေါ်လွင်နေသည်။

စကားအနည်းငယ် ပြောဆိုလိုက်ရုံဖြင့် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို သူ အာရုံခံမိနေပြီဖြစ်သည်။

ဤသည်မှာ နန်းတော်သခင် အိုယန်ရွှင်လီ၊ လီရွှန်ကျိုး၊ ရဲ့ချိုးရွှေနှင့် အခြားသူများပင် သတိမပြုမိနိုင်သော အရာဖြစ်သည်။

တစ်ဖက်လူကို သူ အမှန်တကယ် မသတ်ချင်ပေ။ ဤကဲ့သို့ ဉာဏ်ရည်ထက်မြက်သောသူသာ သေချာကျင့်ကြံခွင့်ရမည်ဆိုပါက နယ်မြေနတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

သူ့ကို ဤကဲ့သို့ သတ်ပစ်လိုက်ရမည်မှာ အလွန်နှမြောစရာကောင်းလှသည်။

ယခင်က သတ်ဖြတ်သည့်အခါ တစ်ဖက်လူ၏ သွေးအနှစ်သာရနှင့် ကျင့်ကြံမှုများကို ဝါးမျိုရန် လိုအပ်ခဲ့သော်လည်း နယ်မြေနတ်ဘုရားအဆင့်တွင်မူ ထိုသို့ ပြုလုပ်ရန် မလိုအပ်တော့ချေ။

သတ်ဖြတ်ခြင်းအစား အညံ့ခံစေခြင်းက ပိုအသုံး၀င်လာပေသည်။

“ငါ့ဆီမှာ အညံ့ခံလိုက်၊ မင်းအတွက် အသက်ရှင်မယ့်လမ်းကို ငါပေးနိုင်တယ်”

မိစ္ဆာဧကရာဇ်က ခေါင်းခါယမ်းလိုက်သည်။

“အဲ့ဒါ မဖြစ်နိုင်ဘူးဆိုတာ စီနီယာ သိပါတယ်။ မိစ္ဆာမျိုးနွယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မိစ္ဆာဧကရာဇ်အနေနဲ့ မိစ္ဆာမျိုးနွယ်ကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးရမယ့် ကြီးမားတဲ့ တာဝန်ကို ကျွန်တော် ထမ်းဆောင်ထားရတယ်”

“လူသားတစ်ယောက်ဆီမှာ ဘယ်လိုလုပ် အညံ့ခံနိုင်မှာလဲ။ စီနီယာ့ခွန်အားက နက်နဲလှပြီး စီနီယာ့ကို ကျွန်တော် အနိုင်ယူနိုင်မလားဆိုတာ မသိပေမဲ့ အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပဲ”

“မင်းက သေရမှာကို မကြောက်ဘူးလား”

“ကြောက်ပါတယ်။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ် ဘယ်တော့မှ ပြန်ထမလာနိုင်တော့မှာကို ပိုကြောက်တယ်၊ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ခြေဖဝါးအောက်မှာ နင်းချေခံခဲ့ရတာ အချိန်အရမ်းကြာနေပြီလေ”

“ငါ့ကို စိန်ခေါ်ရဲတဲ့ မင်းရဲ့သတ္တိကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ မင်းရဲ့ အာခံချင်စိတ်ကိုတော့ ငါ မကြိုက်ဘူး၊ ငါ့ကို စိန်ခေါ်ချင်ရင် အပေးအယူတစ်ခုတော့ လုပ်ဖို့လိုလိမ့်မယ်”

မိစ္ဆာဧကရာဇ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလာသည်။

“တစ်ကယ်လို့ ကျွန်တော် ရှုံးသွားရင် စီနီယာ့ရဲ့ ကျွန်အဖြစ် နေပါ့မယ်၊ တစ်ကယ်လို့ ကံကောင်းထောက်မစွာနဲ့ တစ်ကွက်လောက်များ အနိုင်ရခဲ့မယ်ဆိုရင်တော့ ကျေးဇူးပြုပြီး သနားညှာတာမှုပြတဲ့အနေနဲ့ ကျွန်တော့်ရဲ့ မိစ္ဆာမျိုးနွယ်ကို မတိုက်ခိုက်ပါနဲ့”

သူ့ဘေးရှိ မိစ္ဆာကြီးမှာ ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘာ။ အရှင်မင်းကြီး၊ ဒီဆုံးဖြတ်ချက်ကို လုံးဝမချပါနဲ့။ အရှင်မင်းကြီးက ကျွန်တော်တို့ရဲ့ မိစ္ဆာဧကရာဇ်၊ မိစ္ဆာမျိုးနွယ်တစ်ခုလုံးရဲ့ ဧကရာဇ်လေ၊ ဘယ်လိုလုပ် သူတစ်ပါးရဲ့ ကျွန်အဖြစ် ခံယူနိုင်မှာလဲ”

“တိတ်စမ်း”

မိစ္ဆာဧကရာဇ်က သူ့ကို ကြိမ်းမောင်းလိုက်သည်။

“ရွှမ်ရှင်း... ပေါက်ကရတွေ လျှောက်မပြောနဲ့”

ရွှမ်ရှင်း၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ အရှင်မင်းကြီးက သူ့ကို ဤကဲ့သို့ တစ်ခါမျှ မပြောခဲ့ဖူးပေ။

သူ့အရှင်မင်းကြီးမှာ အလွန်မာနကြီးသူတစ်ဦး မဟုတ်ပါလား။ ယခုမူ အခြားသူတစ်ဦး၏ ရှေ့မှောက်တွင် မိမိကိုယ်ကို နှိမ့်ချနေရတော့မည်ဖြစ်သည်။

ဤလူက မည်မျှအထိ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းနေသည်နည်း။

ထိုအခိုက်အတန့်တွင် မိစ္ဆာကြီး၏ နှလုံးသားထဲ၌ မျှော်လင့်ချက်ကင်းမဲ့ခြင်း ခံစားချက်များက အလိုအလျောက် ပေါ်ထွက်လာတော့သည်။

ကျိုးရီက မိစ္ဆာဧကရာဇ်၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းမှာ ခံယူချက်တစ်ခုတော့ ရှိသားပဲ၊ ဒါပေမဲ့ အဲ့ဒါကို ဒီအတိုင်းသဘောတူလိုက်ဖို့တော့ မဖြစ်နိုင်ဘူး”

ကျိုးရီ လိုအပ်နေသည်မှာ အစွမ်းထက်သော မိစ္ဆာဧကရာဇ်တစ်ပါးတည်း မဟုတ်ဘဲ တောင်ပိုင်းနယ်စပ် တောင်တန်းဒေသအတွင်းရှိ မိစ္ဆာမျိုးနွယ်တစ်ခုလုံးကိုပါ ဖြစ်ပေသည်။

ဤမိစ္ဆာမျိုးနွယ်ဝင်များအားလုံး သူ့ကျင့်စဉ်ကို ကျင့်ကြံကြပြီး သူ့အတွက် စွမ်းအင်ထောက်ပံ့ပေးရန် လိုအပ်နေခြင်းဖြစ်သည်။

မိစ္ဆာဧကရာဇ်တွင် ကိုယ်ပိုင်အသုံးဝင်မှုရှိပြီး မိစ္ဆာမျိုးနွယ်သည်လည်း အသုံးဝင်ပေသည်။

မလိုအပ်ဘဲ သူ လှုပ်ရှားမည်မဟုတ်သော်လည်း လှုပ်ရှားလာပြီဖြစ်သောကြောင့် အရာအားလုံးကို သိမ်းပိုက်ရယူရပေမည်။

ခွေးတစ်ကောင် ကြောင်တစ်မြီးမျှ အလွတ်ပေးမည်မဟုတ်ပေ။

မိစ္ဆာဧကရာဇ်က သူ့အတွေးများကို ရိပ်မိသွားကာ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်ရင်း နဖူးမှ ချွေးအေးများ စီးကျလာတော့သည်။

“စီနီယာ... ကျွန်တော့်ကို သေလမ်းဆီ အတင်းအကျပ် တွန်းပို့နေတာလား”

ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။

“ငါ မင်းကို သေလမ်းဆီ တွန်းပို့နေတာ မဟုတ်ဘူး။ ငါ မင်းကို လိုချင်သလို တောင်ပိုင်းနယ်စပ်က မိစ္ဆာမျိုးနွယ်တွေအားလုံးကိုလည်း လိုချင်တယ်၊ သေချာတာကတော့ ငါ သူတို့အားလုံးထဲက ဘယ်သူ့ကိုမှ အသုံးမချဘဲ နေလို့လည်းရတယ်”

သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။

အညံ့ခံမည်လား သို့မဟုတ် ဖျက်ဆီးခံမည်လား။

မိစ္ဆာဧကရာဇ်က ကျိုးရီ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ အလျှော့ပေးလိုသည့် အရိပ်အယောင်တစ်ခုခုကိုဖြစ်စေ အနည်းငယ် ကြောက်ရွံ့သွားသည့် အရိပ်အယောင်ကိုဖြစ်စေ ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် သူ ကျရှုံးသွားခဲ့သည်။

ကျိုးရီ၏ မျက်လုံးများမှာ ရေပြင်ပမာ တည်ငြိမ်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ယုံကြည်မှုရှိနေကာ မည်သည့်အကြောက်တရားမျှ ရှိမနေချေ။

သူ့ကို အပြည့်အဝ ထိန်းချုပ်ထားပြီးဖြစ်သည့်အလားပင်။

သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

“ကောင်းပြီလေ။ စီနီယာပြောသလိုပဲ၊ တစ်ကယ်လို့ စီနီယာက ကျွန်တော့်ကို အနိုင်ယူနိုင်ခဲ့ရင် တောင်ပိုင်းနယ်စပ်က မိစ္ဆာမျိုးနွယ်တွေ အခုကစပြီး စီနီယာ့ဆီမှာ အညံ့ခံပါ့မယ်”

“စီနီယာကသာ တစ်ကွက်လောက် သာစီးမရခဲ့ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး သနားညှာတာမှုပြတဲ့အနေနဲ့ ကျွန်တော့်ရဲ့ တောင်ပိုင်းနယ်စပ် မိစ္ဆာမျိုးနွယ်တွေကို ချမ်းသာပေးပါ”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။

သူ့အဆင့်တွင် အခြားသူများကို လိမ်ညာလှည့်စားရန် မလိုအပ်တော့ချေ။ ၎င်းမှာ ဆရာတစ်ဦး၏ အမူအကျင့် ဟုတ်သည်၊ မဟုတ်သည် ဆိုခြင်းထက် ကျိုးရီက ထိုအရာများကို တစ်ခါမျှ ဂရုမစိုက်ခဲ့ခြင်းပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် တစ်ဖက်လူကို အနိုင်ယူနိုင်ရန် ယုံကြည်မှု အပြည့်ရှိနေခြင်းကြောင့်ဖြစ်သည်။

ဤသည်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အကြွင်းမဲ့ယုံကြည်မှုပင်။ လူတစ်ယောက်၏ ခွန်အားက သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ မိမိ၏ ကိုယ်ပိုင်ခွန်အားအပေါ် မည်သည့်သံသယမျှ ရှိတော့မည်မဟုတ်ပေ။

ထိုသို့မဟုတ်ဘဲ စိတ်အခြေအနေ ယိမ်းယိုင်သွားမည်ဆိုပါက ပိုမိုအစွမ်းထက်လာနိုင်တော့မည် မဟုတ်ပေ။

အစွမ်းထက်သူတစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ ပြိုင်ဘက်ကင်းနှလုံးသားကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။

မိစ္ဆာဧကရာဇ်က အရိုအသေပေးလိုက်သည်။

“ဒီလိုမှတော့ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး စီနီယာ”

စကားသံအဆုံးတွင် လက်မြှောက်ကာ သားရဲဧကရာဇ်လက်သီးကို ထုတ်ဖော်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားကာ လေပြင်းများနှင့် တိမ်တိုက်များ အလိပ်လိုက် တက်လာပြီး လေဟာနယ်အတွင်း၌ သားရဲသောင်းချီ၏ ဟိန်းဟောက်သံများက မိုင်ပေါင်းထောင်ချီအထိ ပဲ့တင်ထပ်သွားသည်။

ဤအသံကို ကြားလိုက်ရချိန်တွင် မရေမတွက်နိုင်သော လူသားမျိုးနွယ် ကျင့်ကြံသူများက သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများမှ ချက်ချင်း ပျံသန်းထွက်ခွာလာကြပြီး သူတို့၏ အကြည့်များက ဤအရပ်မျက်နှာဆီသို့ တညီတညွတ်တည်း ရောက်ရှိနေကြသည်။

သူတို့၏ မျက်နှာပေါ်တွင် အကြောက်တရားများဖြင့် ပြည့်နှက်နလေ၏။

“ဒီအသံ၊ ဒီအငွေ့အသက်... ဒါ... တောင်ပိုင်းနယ်စပ် တောင်တန်းတွေထဲက ဟိုကောငိကြီးထွက်လာတာပဲ”

“သူပဲ။ မမှားဘူး၊ သေချာပေါက် သူပဲ၊ သူတစ်ယောက်တည်းသာ ဒီလိုကြီးကျယ်ခမ်းနားမှုမျိုးကို ပိုင်ဆိုင်နိုင်တာ”

“သူက ဒီကမ္ဘာထဲကို ကိုယ်တိုင်ဝင်လာပြီလား”

“အခုတော့ လူသားမျိုးနွယ်တွေ အနိုင်ရဖို့ အခွင့်အရေးမရှိတော့ဘူးထင်တယ်”

All Chapters