အခန်း (၂၁၂)
Vol. 22 Ch. 212
အခန်း (၂၁၂) အင်မော်တယ် ကောင်းကင်မီးအိမ်ကို ဖန်တီးခြင်း
နန်ကုန်းယွီသည် အတွင်းဘက်ခြံဝင်းထဲမှ ထွက်လာချိန်တွင် အဝေးရှိ စင်္ကြံလမ်း၌ ရပ်နေသော ချွန်းကျီတို့ကို မြင်တွေ့လိုက်ရပြီးနောက် သူတို့ဆီသို့ လျှောက်သွားခဲ့လေ၏။
"ဒီအစေခံက မင်းသားကို ဂါရဝပြုပါတယ်..."
လင်လန်သည် သူ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ရှေ့တိုး၍ အရိုအသေပေးလိုက်၏။
နန်ကုန်းယွီသည် သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ထပါ... တခမ်းတနားတွေ လုပ်နေစရာ မလိုပါဘူး..."
"ကျေးဇူးတင်ပါတယ် မင်းသား..."
လင်လန် မတ်တတ်ထရပ်လိုက်ပြီးနောက် တွန့်ဆုတ်စွာ ပြောလိုက်၏။
"မင်းသား... ကျွန်မရဲ့ မင်းသမီးကြီးက ဘယ်မှာပါလဲ..."
နန်ကုန်းယွီက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
"ခုလေးတင် မကြားလိုက်ဘူးလား... သူက သူ့အခန်းထဲမှာ ရှိနေတယ်... နောက်မှ မင်းတို့ သွားပြီး ရှင်းလင်းသိမ်းဆည်းပေးလိုက်..."
"ပြီးတော့ ချွန်းကျီတို့ကို မင်းတို့အတွက် အခန်းတစ်ခန်း စီစဉ်ပေးခိုင်းလိုက်ဦး... ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယ အစ်မတော်က တစ်ခါတလေ ဒီနေရာ၌ လာနေတတ်တယ်ဆိုတော့ မင်းတို့လည်း အနားယူဖို့ အခန်းတစ်ခန်း လိုတယ်လေ..."
လင်လန်က အလျင်အမြန် ဦးညွှတ်လိုက်၏။
"ကျေးဇူးတင်ပါတယ် မင်းသား... ဒါပေမဲ့ ဒီအစေခံက မင်းသမီးကြီးရဲ့ အစေခံဆိုတော့ သူမရဲ့ ဘေးခန်းမှာပဲ နေလို့ရမလား…”
နန်ကုန်းယွီ မျက်ခုံးအနည်းငယ် ပင့်သွားပြီး ပြုံး၍ ပြောလိုက်သည်။
"အဲ့ဒါကိုတော့ ငါ မသိဘူး... မင်း ဒုတိယ အစ်မတော်ကိုပဲ သွားမေးကြည့်လိုက်..."
"ဒီအစေခံ နားလည်ပါပြီ... ကျေးဇူးတင်ပါတယ် မင်းသား..."
လင်လန်က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဘေးခန်းနဲ့ ပတ်သက်ရင်တော့ သူ နေတဲ့ အဓိက စံအိမ်ဆောင်မှာ ဘေးခန်းတွေ ရှိပြီး သေးငယ်လှသည်တော့ မဟုတ်ပေ။
သို့သော် ဒေါ်လေးရှန် သည် မင်းသားစံအိမ်၏ အိမ်တော်ထိန်း ဖြစ်လင့်ကစား ရှန်ကွမ်ယွဲ့ရှီး ၏ ကိုယ်ရေးကိုယ်တာ အစေခံဖြစ်ခဲ့သော်လည်း ဘေးခန်းတွင် မနေထိုင်ခဲ့ပေ။
ချွန်းကျီတို့ လေးယောက်နှင့် ပတ်သက်၍မူ ကျန်းပေ့မင်းသား စံအိမ် မှာ အလွန်ကြီးမားကျယ်ဝန်းသဖြင့် ရှန်ကွမ်ယွဲ့ရှီးကလည်း သူတို့ကို ဘေးခန်းများတွင် မနေခိုင်းခဲ့ရာ နန်ကုန်းယွီ ကိုယ်တိုင်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။
နန်ကုန်းယွီသည် ချွန်းကျီတို့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။
"ချွန်းကျီ... မင်းက လင်လန်ကို အဲ့ဒီဘက် ခေါ်သွားပြီး ဒုတိယ အစ်မတော် အတွက်ပါ ကူညီသိမ်းဆည်းပေးလိုက်... ငါ ကျင့်ကြံခြင်း အခန်းထဲမှာ ခဏလောက် နေလိုက်ဦးမယ်... ညနေမတိုင်ခင် ပြန်ထွက်လာခဲ့မယ်..."
"ဟုတ်ကဲ့ပါ အရှင်..."
သူတို့လေးယောက်လုံး အလျင်အမြန် ပြိုင်တူ ဖြေကြားလိုက်ကြသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အဓိကဗဟို ကျင့်ကြံခြင်း အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့၏။
သူသည် ကျောက်စိမ်းပြား နှစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အေးစက်သွားကာ ပြောလိုက်သည်။
"မင်းတို့ရဲ့ ဝိညာဉ်တွေကို ယူမယ်လို့ ပြောထားပြီးပြီဆိုတော့ အင်မော်တယ် ကောင်းကင်မီးအိမ်ကို ဖန်တီးဖို့ ကတိဖျက်မှာ မဟုတ်ဘူး..."
ထိုသို့ ပြောရင်း နန်ကုန်းယွီသည် ကျောက်စိမ်းများကို ဘေးသို့ ပစ်ချလိုက်ပြီး ဝိညာဉ်ရတနာ ပစ္စည်း ခုနစ်ခု၊ ရှစ်ခုခန့်ကို ထုတ်ယူလိုက်ကာ ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် သူ၏လက်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဤဝိညာဉ်ရတနာ ပစ္စည်းများကို စတင် ပေါင်းစပ်ဖန်တီးတော့သည်။
အချိန်တိုအတွင်းမှာပင် နန်ကုန်းယွီသည် ရိုးရှင်းသော ပုံစံရှိသည့် မီးအိမ်နှစ်လုံးကို ဖန်တီးလိုက်ပြီး မီးအိမ်အောက်ခံများတွင် သေသပ်ချောမွေ့သော မျဉ်းကြောင်းများဖြင့် လှပသော ပုံစံများကို ထွင်းထုထားပေသည်။
မီးအိမ်စင်တွင် ကျောက်စိမ်းဖြူစစ်စစ် တစ်လုံးကို မြှုပ်နှံထားပြီး မီးအိမ်အကာမှာ ပွင့်လင်းမြင်သာမှုရှိကာ အနည်းငယ် ဝါကြင့်ကြင့် အရောင်ရှိနေ၏။
"ပုံစံကတော့ လှသားပဲ..."
"ဒါပေမဲ့ မပျက်စီးနိုင်အောင် လုပ်ဖို့ဆိုရင် ကမ္ပည်းစာ တချို့ ထပ်ပေါင်းထည့်ရဦးမယ်... အဲ့ဒါမှ ဝိညာဉ်ရတနာ ဖြစ်ရုံတင်မကဘဲ ဝိညာဉ်ကို လောင်စာအဖြစ် အသုံးပြုနိုင်ပြီး ဝိညာဉ်ကို ပြန်လည်ကုစားပေးနိုင်တဲ့ ရည်ရွယ်ချက်ကို ရရှိနိုင်မှာ..."
နန်ကုန်းယွီက တိုးညှင်းစွာ ရေရွတ်လိုက်ရာ ထိုစကားများက လူတစ်ယောက်၏ ကျောရိုးကို စိမ့်သွားစေနိုင်လောက်ပေသည်။
‘သူက ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်နိုင်ရတာလဲ…’
ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် လက်ကွက်များကို ဖော်ဆောင်လိုက်ရာ ဟင်းလင်းပြင်နယ်ပယ် ကမ္ပည်းစာများသည် တစ်ခုပြီးတစ်ခု ပေါ်လာပြီး မီးအိမ်နှစ်လုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။
အချိန်မကြာမီမှာပင် အဆင့်မြင့်အဆင့် ဝိညာဉ်ရတနာ နှစ်ခု အသစ်စက်စက် ထွက်ပေါ်လာခဲ့၏။
ဤမီးအိမ်သည် အခြားအသုံးမဝင်ဘဲ ကျောက်စိမ်းထဲတွင် ဝိညာဉ်ကို ချိတ်ပိတ်ရန်သာ အသုံးပြုနိုင်ပြီး ကျောက်စိမ်းထဲရှိ ဝိညာဉ်ကို လောင်စာအဖြစ် အသုံးပြုကာ တံဆိပ်ခတ်ထားပေသည်။
ထို့ပြင် ဝိညာဉ် လောင်ကျွမ်းနေချိန်တွင် မီးအိမ်သည် ကောင်းကင်နှင့် မြေကြီးထံမှ ပိုင်ရှင်မဲ့ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ ကျောက်စိမ်းထဲရှိ ဝိညာဉ်ကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အသက်စွမ်းအင်များကိုပင် အသွင်ပြောင်းကာ ကျောက်စိမ်းထဲရှိ ဝိညာဉ်ကို ပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်ပေးမည် ဖြစ်သည်။
သေချာပေါက်ပင် ဤလုပ်ဆောင်ချက် နှစ်ခုအပြင် ဤအလင်းရောင်အောက်တွင် သာမန် ဝိညာဉ်များနှင့် ခန္ဓာကိုယ်များမှာ အနီးသို့ မကပ်နိုင်ပေ။
အကြမ်းဖျင်းအားဖြင့် ဝိညာဉ်ဧကရာဇ် အဆင့် အောက်ရှိ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်များ (သို့မဟုတ်) လေလွင့်နေသော ဝိညာဉ်များနှင့် တစ္ဆေများအတွက် ဖြစ်ပေသည်။
နန်ကုန်းယွီသည် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို ရုပ်သိမ်းလိုက်ပြီး အနီးအနားတွင် ပစ်ချထားသော ကျောက်စိမ်းပြား နှစ်ခုကို ကောက်ယူကာ ဝိညာဉ်ခန္ဓာကိုယ် နှစ်ခုကို လွှတ်ပေးလိုက်သည်။
ထို ဝိညာဉ်နှစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ မျက်နှာများတွင် အကြောက်တရားများ ပြည့်နှက်နေပြီး ထိတ်လန့်တကြား ထွက်ပြေးကြလေ၏။
"ဘာကို ထွက်ပြေးနေတာလဲ..."
နန်ကုန်းယွီက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်နှစ်ခုကို ချုပ်နှောင်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က ငါ့ရဲ့ ဝိညာဉ်ရတနာ နှစ်ခုအတွက်ပဲ... မင်းတို့ ထွက်ပြေးသွားရင် ငါ့ရဲ့ ဝိညာဉ်ရတနာတွေ အလကား ဖြစ်သွားမှာပေါ့..."
"မလုပ်ပါနဲ့... ကျွန်တော့်ကို ချမ်းသာပေးပါ..."
"ကျွန်တော်က ပေ့ချွမ်းအင်ပါယာ ရဲ့ ဧကရာဇ်ပါ... စီနီယာ ကို အဆုံးအစမရှိတဲ့ စည်းစိမ်ချမ်းသာနဲ့ အာဏာတွေ ပေးနိုင်ပါတယ်... စီနီယာ ရဲ့ ခွေးလေးအဖြစ်တောင် နေပေးပါ့မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ စီနီယာ"
သူတို့ထဲမှ ဝိညာဉ်တစ်ခုက အလျင်အမြန် တောင်းပန်လိုက်သည်။
ဤအခြေအနေကို ကြည့်ရလျှင် ထိုသူမှာ ထိုပါ့ယဲ့လွီ ဖြစ်ရမည်။
သူ၏ ဝိညာဉ်မှာ တုန်ရီနေပြီး မျက်နှာတွင် အကြောက်တရားများ ပြည့်နှက်နေသော်လည်း နန်ကုန်းယွီကိုပင် မော့မကြည့်ရဲချေ။
နန်ကုန်းယွီသည် အခြား ဝိညာဉ်တစ်ခုကို ကြည့်လိုက်ရာ သူက အေးစက်စွာ ပြန်ကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်ရှုပ်ထွေးနေသည်ကို မြင်တွေ့လိုက်ရ၏။
နန်ကုန်းယွီ၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး လှောင်ပြောင်၍ ပြောလိုက်သည်။
"ကြည့်ရတာ မင်း ငါ့ကို သိနေပုံပဲ... ဒီအဘိုးကြီးကို မိတ်ဆက်မပေးတော့ဘူးလား..."
ဤစကားကို ကြားချိန်တွင် ထိုပါ့ယဲ့လွီသည် သူ့ကို အလျင်အမြန် ကြည့်လိုက်ရာ သူ၏ ဝိညာဉ် မျက်လုံးအိမ်များ ရုတ်တရက် ကျယ်လာခဲ့သည်။
"စွန်းမင်... မင်း သေသွားပြီ မဟုတ်ဘူးလား..."
စွန်းမင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သေသွားပြီ…ခန္ဓာကိုယ်က ပေါက်ကွဲမှုကြောင့် လုံးဝ ပျက်စီးသွားပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်ကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးမှာ ဒီလိုကံကြမ္မာနဲ့ ကြုံရလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး..."
ထိုပါ့ယဲ့လွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း များများစားစား ထပ်မပြောတော့ချေ။
"စွန်းမင်... မင်း ဒီ စီနီယာ ကို သိတာလား..."
စွန်းမင်က အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း နောက်တော့ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သူ့ကို သိတယ်... မရင်းနှီးပေမဲ့ အတောလေးသိတယ်..."
ဤစကားကို ကြားချိန်တွင် ထိုပါ့ယဲ့လွီက အလျင်အမြန် ပြောလိုက်သည်။
"အရမ်းကောင်းတာပေါ့... မင်းက ဒီ စီနီယာ ကို သိနေမှတော့... ကျေးဇူးပြုပြီး သူ ငါတို့ကို လွှတ်ပေးဖို့ တောင်းဆိုပေးပါ..."
"ဟားဟား..."
သို့သော် စွန်းမင်က လှောင်ပြောင်လိုက်၏။
"ကျွန်တော့်ရဲ့ အရှင်မင်းကြီး... တကယ်လို့ သူ ဘယ်သူလဲဆိုတာ အရှင်မင်းကြီး သိရင် အဲ့ဒီလို ပြောမှာ မဟုတ်ဘူး..."
ထိုပါ့ယဲ့လွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
"သူ... သူက ဘယ်သူလဲ..."
စွန်းမင်က ခါးသက်စွာ ပြုံးလိုက်ပြီး နန်ကုန်းယွီကို ကြည့်ကာ ပြောလိုက်၏။
"ယခုလက်ရှိ ကျန်းပေ့မင်းသား နန်ကုန်းယွီ... နန်ကုန်းအောက်ချန် ရဲ့ သားလေ... သူ ကျွန်တော်တို့ကို လွှတ်ပေးမယ်လို့ အရှင်မင်းကြီးက တကယ်ကြီး ထင်နေတာလား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုပါ့ယဲ့လွီ၏ မျက်နှာအမူအရာမှာ တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားပြီး နန်ကုန်းယွီကို ရုတ်တရက် မော့ကြည့်လိုက်တော့သည်။
"တူတယ်..."
"အများကြီး မဟုတ်ရင်တောင် ငါးဆယ်ရာခိုင်နှုန်း လောက်တော့ တူသေးတယ်... မင်းက တကယ်ပဲ နန်ကုန်းအောက်ချန် ရဲ့ သားပဲ..."
နန်ကုန်းယွီက ပေါ့ပါးစွာ ရယ်မောလိုက်၏။
"ကြည့်ရတာ မင်း ငါ့ရဲ့ အဖေကို မှတ်မိနေသေးပုံပဲ... အရမ်းကောင်းတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုပါ့ယဲ့လွီ၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပြီး အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားခဲ့သည်။
"မဟုတ်ဘူး..."
"မဟုတ်ဘူး... ငါ မပါဝင်ခဲ့ဘူး... အဲ့ဒီတုန်းက ငါ မပါဝင်ခဲ့ဘူး... အကြံအစည်တွေ အားလုံးက သူတို့ရဲ့ အကြံအစည်တွေချည်းပဲ... သူတို့ပဲ အကောင်အထည်ဖော်ခဲ့တာ... ငါ့ဆီကို မလာနဲ့..."
"ကျေးဇူးပြုပြီး ငါ့ဆီကို မလာပါနဲ့..."
နန်ကုန်းယွီက အေးစက်စွာ လှောင်ပြောင်လိုက်၏။
"မင်းက တိတ်တဆိတ် သဘောတူခဲ့တာပဲလေ... မင်းရဲ့ သဘောတူညီချက် မပါဘဲနဲ့ သူတို့က ဘယ်လိုလုပ် အကောင်အထည်ဖော်ရဲမှာလဲ..."
ထိုပါ့ယဲ့လွီ၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်မှာ တုန်ရီနေခဲ့သည်။
"မဟုတ်ဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ..."
နန်ကုန်းယွီသည် သူ၏ နားရွက်များကို ပွတ်သပ်လိုက်၏။
"မင်း အော်နေတာ အရမ်း နားငြီးတာပဲ... အထဲဝင်ပြီး ခဏလောက် နေလိုက်စမ်း..."
ထိုသို့ ပြောရင်း သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုပါ့ယဲ့လွီသည် မီးအိမ်တစ်ခုထဲသို့ လွင့်စင်သွားပြီး ကျောက်စိမ်းထဲတွင် ချိတ်ပိတ်ခံလိုက်ရသည်။
သူ၏ ဝိညာဉ်မှာ ချိတ်ပိတ်ခံလိုက်ရသဖြင့် မီးအိမ်သည် မီးမလိုဘဲ ချက်ချင်း လင်းထိန်သွားပြီး ကျင့်ကြံခြင်း အခန်းတစ်ခုလုံးကို ပိုမို လင်းထိန်သွားစေခဲ့သည်။
"အား..."
"နာတယ်... ချမ်းသာပေးပါ... အား..."
စူးရှသော အော်ဟစ်သံတစ်ခုသည် မီးအိမ်ထဲမှ ထွက်ပေါ်လာရာ စွန်းမင်၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
"မင်း... မင်းက တကယ်ပဲ ငါတို့ရဲ့ ဝိညာဉ်တွေကို သုံးပြီး ကောင်းကင်မီးအိမ်တွေကို ထွန်းညှိချင်နေတာလား...ဒီလောက် ရက်စက်တာ ကံကြမ္မာအကျိုးဆက် ကို မကြောက်ဘူးလား..."
"ကံကြမ္မာအကျိုးဆက်..."
နန်ကုန်းယွီက အေးစက်စွာ ရယ်မောလိုက်ပြီး မီးအိမ်၏ အသံပိတ်နိုင်စွမ်းကို အသက်သွင်းရန် လက်ဝှေ့ယမ်းလိုက်သည်။
ထို့နောက် သူသည် စွန်းမင်ကို အေးစက်စွာ ပြုံး၍ ကြည့်လိုက်ကာ ပြောလိုက်၏။
"သူက တစ်ချိန်တုန်းက ငါ့အဖေကို သတ်ဖို့ တိတ်တဆိတ် ခွင့်ပြုခဲ့တယ်လေ... အခုတော့ ကံကြမ္မာအကျိုးဆက် ကို သူ ခံစားနေရပြီ မဟုတ်ဘူးလား..."
"မင်းက အဲ့ဒီတုန်းက ငါ့အဖေကို သတ်တဲ့အထဲမှာ ပါဝင်ခဲ့တယ်ဆိုတော့ မင်း ခံစားရမယ့် ကံကြမ္မာအကျိုးဆက် ကို ခံစားရတော့မှာပေါ့..."
စွန်းမင်သည် ချက်ချင်းပင် စကားပြောရန် အခက်တွေ့သွားခဲ့သည်။
သူသည် မီးအိမ်နှစ်လုံးကို ကြောက်ရွံ့စွာ တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိတ်လန့်နေသည့် အမူအရာ ပေါ်ထွက်လာခဲ့တော့သည်။