အခန်း (၂၁၃)
Vol. 22 Ch. 213
အခန်း (၂၁၃) စူးရှင်းမုန်း နိုးထလာခြင်း
စွန်းမင်သည် မီးအိမ်တစ်ခုက သူ၏အတွက်ဖြစ်ကြောင်း ကောင်းစွာ သိရှိထားပြီး သူလည်း ဤကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သူ၏ မျက်နှာတွင် အကြောက်တရားနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ဝိညာဉ်မှာ အနည်းငယ် တုန်ရီနေကာ ပြောလိုက်၏။
"ကျွန်တော့်ကို ချမ်းသာပေးပါ... ခင်ဗျားအတွက် အလုပ်အကျွေးပြုပါ့မယ်... ကျေးဇူးပြုပြီး..."
နန်ကုန်းယွီက လှောင်ပြောင်လိုက်သည်။
"မင်းက အရမ်း အစွမ်းထက်တယ်လို့ ငါ ထင်နေခဲ့တာ... အဲ့ဒါပဲ ရှိတာလား..."
"သခင်... ကျွန်တော်က အရေးမပါတဲ့ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပါတယ်... သခင့်ရှေ့မှာ ဘယ်လိုလုပ်ပြီး အစွမ်းထက်နိုင်ပါ့မလဲ... ကျေးဇူးပြုပြီး သခင်... ကျွန်တော့်ကို ချမ်းသာပေးပါ... သခင့်ရဲ့ လက်တွေကို ညစ်ပတ်မခံပါနဲ့..."
စွန်းမင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး သူ၏ ဝိညာဉ်မှာ အနည်းငယ် တုန်ရီနေကာ ထိတ်လန့်တကြား တောင်းပန်နေခဲ့သည်။
‘သူက သေရမှာကို မကြောက်ဘူး…’
ဒါပေမဲ့ မီးတောက်တွေနဲ့ ဝိညာဉ်ကို လောင်ကျွမ်းခံရပြီး အသက်ရှင်လျက် သေဆုံးရတာထက် ပိုဆိုးရွားတဲ့ နာကျင်မှုကိုတော့ သူ ကြောက်ရွံ့နေမိသည်။
ထို့ပြင် မီးအိမ်သည် ရိုးရှင်းသောအရာ လုံးဝမဟုတ်ကြောင်းကိုလည်း သူ ခံစားနေရသည်။
မီးတောက်များသည် သူတို့ကို လောင်ကျွမ်းသေဆုံးစေရန် လုံလောက်မည် မဟုတ်ပေ။
ဆိုလိုသည်မှာ သူတို့သည် မီးတောက်များဖြင့် ထာဝရ လောင်ကျွမ်းခံရမည့် နာကျင်မှုကို ခံစားရနိုင်ခြေ အလွန်များပြားလှသည်။
ဤအကြောင်းကို တွေးမိရုံဖြင့်ပင် သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့၏။
"ဘာလို့ ချမ်းသာပေးရမှာလဲ..."
နန်ကုန်းယွီက အေးစက်စွာ ရယ်မောလိုက်သည်။
"မင်းရဲ့ မျက်နှာက ကြီးနေလို့လား... မင်းက ငါ့အဖေကို သတ်ခဲ့ပြီး အခုလည်း ငါ့ကို အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့သေးတယ် မဟုတ်လား..."
"ကျွန်တော်..."
စွန်းမင်သည် ချက်ချင်းပင် စကားပြောရန် အခက်တွေ့သွားပြီး သူ၏ ရင်ထဲတွင် အတွေးပေါင်းများစွာ လည်ပတ်နေကာ ထွက်ပေါက်ကို ရူးသွပ်စွာ စဉ်းစားရှာဖွေနေခဲ့သည်။
‘ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ဖို့က မဖြစ်နိုင်တော့ဘူး…’
သူ့ကိုယ်ပေါ်ရှိ ချုပ်နှောင်ထားသော စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပြီး ကိုယ့်ဘာသာ ဖောက်ခွဲပစ်ရန် အကြံအစည်လေးတစ်ခုပင် မဖြစ်ပေါ်နိုင်အောင် ဖိနှိပ်ထားလေ၏။
‘သို့သော် ကိုယ်ဘာသာ ဖောက်ခွဲပစ်ရန်မှလွဲ၍ တောင်းပန်ခြင်းကကော အသုံးဝင်ပါ့မလား…’
နန်ကုန်းယွီသည် သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး စကားအပိုတွေ ပြောမနေချင်တော့ဘဲ လက်ဝှေ့ယမ်းကာ သူ့ကို ဖမ်းဆွဲပြီး နောက်ထပ် မီးအိမ်တစ်ခုထဲသို့ ချိတ်ပိတ်ထည့်သွင်းလိုက်သည်။
တစ်ခဏချင်းမှာပင် မီးအိမ်သည် မီးမလိုဘဲ လင်းထိန်သွားပြီး စွန်းမင်၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
"အား... ချမ်းသာပေးပါ... ပြိုင်ဘက်ကင်း ရတနာတစ်ခုရဲ့ နေရာကို ကျွန်တော် သိတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ..."
နန်ကုန်းယွီက အေးစက်စွာ လှောင်ပြောင်လိုက်ပြီး ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။
"ရတနာ ဟုတ်လား... ဒီသခင်လေးက ရတနာတွေ မရှားပါဘူး... အထဲမှာပဲ နေပြီး မင်းခံထိုက်တဲ့ အပြစ်ကိုသာ ခံယူလိုက်စမ်းပါ..."
"အား... အဲ့ဒါက ဝိညာဉ်မီးတောက်ပါ... သခင်က ရတနာဖန်တီးရှင် တစ်ယောက်ဆိုတော့ ဝိညာဉ်မီးတောက်တစ်ခု ရှိရင် မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ..."
"ဝိညာဉ်မီးတောက်..."
နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
‘ဒီအဘိုးကြီးက ဝိညာဉ်မီးတောက် ရှိတဲ့နေရာကို တကယ် သိနေတာလား…’
"ဟုတ်ပါတယ်... ကျွန်တော် သိတယ်... ကျွန်တော့်ကို လွှတ်ပေးပါ... သခင့်ကို အဲ့ဒီနေရာဆီ ခေါ်သွားပေးပါ့မယ်…"
စွန်းမင်သည် မီးတောက်များ၏ လောင်ကျွမ်းမှုဒဏ်ကို သည်းခံနေရပြီး ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်လာသော ပြင်းထန်သည့် နာကျင်မှုကြောင့် သူ၏အသံများမှာ တုန်ရီနေခဲ့၏။
သို့သော် နန်ကုန်းယွီက အေးစက်စွာ လှောင်ပြောင်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဝိညာဉ်မီးတောက်... ဒီသခင်လေးမှာလည်း မရှားပါဘူး... မင်းကို လောင်ကျွမ်းနေတဲ့ မီးတောက်ထဲမှာ ဝိညာဉ်မီးတောက် အငွေ့အသက်လေးတစ်ခု ပါဝင်နေတယ်လေ... မဟုတ်ရင် သာမန်မီးတောက်က မင်းကို ဒီလောက်ထိ နာကျင်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား..."
"ဘာ... မဖြစ်နိုင်တာ..."
စွန်းမင်၏ အော်ဟစ်သံ ထွက်ပေါ်လာပြီး မယုံကြည်နိုင်မှုများနှင့်အတူ မျှော်လင့်ချက်မဲ့မှုများ အနည်းငယ် ရောနှောနေပေသည်။
နန်ကုန်းယွီက အေးစက်စွာ ပြုံးလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ မီးအိမ်၏ အသံပိတ်နိုင်စွမ်းကို အသက်သွင်းလိုက်သည်။
ထိုအချိန်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။
ဤအသံလုံ တားမြစ်နယ်ပယ် စွမ်းရည်နှင့် ပတ်သက်၍မူ ထိုအချိန်က အသံပိတ် ကမ္ပည်းစာအဖြစ် ရုတ်တရက် တွေးမိပြီး ထည့်သွင်းလိုက်ခြင်းသာ ဖြစ်သော်လည်း အတော်လေး အသုံးဝင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အသံလုံ တားမြစ်နယ်ပယ်ကို အသက်သွင်းလိုက်သည်နှင့် ပြင်ပမှ အသံများသည် မီးအိမ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း မီးအိမ်ထဲရှိ ဝိညာဉ်၏ စူးရှသော အော်ဟစ်သံများကတော့ အပြင်သို့ မထွက်နိုင်ခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
နန်ကုန်းယွီသည် လက်ဝှေ့ယမ်းလိုက်ရာ မီးအိမ်နှစ်လုံးသည် ကျင့်ကြံခြင်း အခန်း၏ ထောင့်နှစ်နေရာသို့ လွင့်ပျံသွားခဲ့သည်။ သူ တီးတိုးရေရွတ်ကာ ရယ်မောလိုက်သည်ကိုသာ မြင်တွေ့လိုက်ရ၏။
"ချိတ်ပိတ်ခြင်း စွမ်းရည်က တစ်မူထူးခြားပြီး တစ်ခါတည်းပဲ သုံးလို့ရပေမဲ့ မင်းတို့အတွက် အထူးသီးသန့် လုပ်ပေးထားတာပါ... ဘဝမှာ ဒုက္ခတွေနဲ့ပဲ ပြည့်နှက်နေဖို့ ဆုတောင်းပေးပါတယ်..."
"ခမည်းတော်... သားတော် မယ်တော့်အတွက် ကလဲ့စားချေပေးပြီးပါပြီ... မယ်တော့်ကို သားတော် သေချာ စောင့်ရှောက်ပေးပါ့မယ်... အေးချမ်းစွာ အနားယူပါတော့..."
စကားအနည်းငယ် တီးတိုးရေရွတ်လိုက်ပြီးနောက် နန်ကုန်းယွီသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ယင်နှင့်ယန် နိယာမကို စတင် လေ့လာဆင်ခြင်တော့သည်။
ယခုအခါ သူသည် ဟင်းလင်းပြင်၊ သဘာဝဓာတ်ကြီးငါးပါး၊ အလင်း၊ အမှောင်၊ တွက်ချက်ခြင်း၊ လေ၊ မိုးကြိုး၊ အရိပ် နှင့် ဓား ဟူသော နိယာမ ကိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ယင်နှင့်ယန် နိယာမ ကို အဓိကထား လေ့လာရန် ရည်ရွယ်ထားပေသည်။
ယင်နှင့်ယန် နိယာမ ဖြင့် သူ၏ ခန္ဓာကိုယ်ကို သန်မာစေခြင်းက သူ၏ စွမ်းရည်များကို များစွာ တိုးတက်လာစေနိုင်ကြောင်း သူ အလိုလို သိမြင်နေခဲ့၏။
သို့သော် ထိုအချိန်မှာပင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ယင်နှင့်ယန် နိယာမ... တကယ်လို့ အဲ့ဒါကို လေ့လာချင်တယ်ဆိုရင် ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ် ရှိနေရင် ပိုမို ကောင်းမွန်နိုင်မလား..."
နန်ကုန်းယွီသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ အသိစိတ်သည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း သို့ ဝင်ရောက်သွားကာ သူတော်စင်အဆင့် သွေးမျိုးဆက်ပေါင်းစပ်မှု တစ်ခုကို တိုက်ရိုက် ဝယ်ယူလိုက်လေ၏။
ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ်။
ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ် ပိုင်ရှင်သည် ယင်နှင့်ယန် စွမ်းအားများကို ထိန်းချုပ်နိုင်ရုံသာမက ကျင့်ကြံရာတွင် အားစိုက်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိစေပြီး တိုက်ပွဲတွင်လည်း ပိုမို ကြီးမားသော စွမ်းအားများကို ပြသနိုင်ပေသည်။
ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပါက ရွှမ်လင်တိုက်ကြီး တွင် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော အသင့်တော်ဆုံး ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ် ဝိညာဉ်သိုင်းပညာများနှင့် လျှို့ဝှက်ကျင့်စဉ်များကိုပင် အမွေဆက်ခံနိုင်သေး၏။
ထို့ပြင် နတ်ဘုရားအရိပ် တာအိုခန္ဓာ နှင့် တာအိုယန်နတ်ဆိုးမျက်လုံး တို့၏ ပေါင်းစပ်မှုဖြင့် ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပြီးနောက် ယင်နှင့်ယန် နိယာမ ကို လေ့လာဆင်ခြင်ရာတွင် များစွာ ပိုမို လွယ်ကူသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ်သည် ယင်နှင့်ယန် နိယာမ အဆင့်တက်လှမ်းရေးတွင် အနည်းငယ် ကူညီပေးနိုင်ကြောင်းကိုပင် သူ ဝိုးတဝါး ခံစားနေရသည်။
ထိုမျှမက သူ မျှော်လင့်ထားသည့်အတိုင်းပင် ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ်သည် ပူးတွဲကျင့်ကြံရာတွင် အမှန်တကယ်ပင် အလွန်အားကောင်းလှပေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယင်နှင့်ယန် စွမ်းအင်များကို အသွင်ပြောင်းနိုင်ပြီး မိမိကိုယ်ကိုယ် ပြိုင်ဘက်ကင်း ဖြစ်စေနိုင်ပေသည်။
ထို့အပြင် ဤလုပ်ငန်းစဉ်အတွင်း နှစ်ဖက်စလုံးသည် သူတို့၏ ကျင့်ကြံမှုကို အနည်းငယ် တိုးတက်စေနိုင်ပြီး ပုံမှန် ကျင့်ကြံမှုထက် အကြမ်းဖျင်းအားဖြင့် သုံးဆခန့် ပိုမို အားကောင်းပေသည်။
သေချာပေါက်ပင် သူရရှိနိုင်မည့် အကျိုးကျေးဇူးမှာ အခြားသူထက် နှစ်ဆပိုများပြီး ပုံမှန် ကျင့်ကြံမှုထက် ခြောက်ဆခန့် ပိုများပေသည်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ယင်နှင့်ယန် နိယာမ ကို ဆက်လက် လေ့လာဆင်ခြင်နေခဲ့သည်။
ယခု ယင်နှင့်ယန် သန့်စင်သော ခန္ဓာကိုယ် ရှိနေပြီဖြစ်ရာ ထိန်းချုပ်နိုင်ပါက ယင်နှင့်ယန် နိယာမ နှင့် သူ၏ စွမ်းအားများသည် ပိုမို အားကောင်းလာမည် ဖြစ်သည်။
အချိန်ကာလ ကြာညောင်းသွားခဲ့ပြီး အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မည်သူမျှ မသိကြပေ။
သို့သော် ဤအခိုက်အတန့်၌ နန်ကုန်းယွီသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"ခြောက်ဆယ် ရာခိုင်နှုန်း..."
"မဆိုးဘူး... ဒါပေမဲ့ ဒီလောက်နဲ့ပဲ အရင်ဆုံး ရပ်ထားလိုက်ကြစို့..."
သူက တီးတိုးရေရွတ်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ကျင့်ကြံခြင်း အခန်းထဲမှ ထွက်လာပြီး အတွင်းဘက်ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့သည်။
"သခင်လေး... သခင်လေးက ဒီလောက် မြန်မြန် ထွက်လာပြီလား..."
ချိုးယဲ့နှင့် အခြားသူများ သူ့ကို မြင်သောအခါ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ကြပြီး ညမိုးချုပ်ရန် တစ်နာရီကျော် လိုသေးကြောင်း သိလိုက်ရသဖြင့် အနည်းငယ် တွေဝေသွားကြသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"တစ်ယောက်ယောက် နိုးလာတာကို ခံစားမိလို့ ထွက်လာခဲ့တာပါ..."
"တစ်ယောက်ယောက် နိုးလာပြီ..."
ချိုးယဲ့မှာ တွေဝေသွားစဉ်မှာပင် နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လူတိုင်း၏ရှေ့၌ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ရှင်းမုန်း..."
ထိုပုံရိပ်ကို မြင်သောအခါ ချိုးယဲ့တို့မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း နန်ကုန်းယွီ ဆိုလိုသည်ကို နားလည်သွားကြသည်။
စူးရှင်းမုန်းသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမရှေ့ရှိ မြင်ကွင်းမှာ အလွန်ရင်းနှီးနေသည်ကို တွေ့လိုက်ရပြီး မထိန်းချုပ်နိုင်ဘဲ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
"စိတ်ခံစားမှုခုနစ်ပါး စမ်းသပ်မှုက ခုနစ်ခုပဲ မဟုတ်ဘူးလား... ဘာလို့ စိတ်ကူးယဉ်ကမ္ဘာထဲကို ထပ်ပြီး ဝင်လာရတာလဲ..."
"အစ်မ ရှင်းမုန်း... ဒါက စိတ်ကူးယဉ်ကမ္ဘာတစ်ခုလို့ သေချာရဲ့လား..."
နန်ကုန်းယွီသည် သူမ၏ တီးတိုးရေရွတ်သံများကို ကြားသောအခါ မထိန်းချုပ်နိုင်ဘဲ ပြုံး၍ ပြောလိုက်၏။
"အစ်မ ရှင်းမုန်း... ထပ်ပြီး သေချာ ကြည့်ပါဦး..."
ဤအသံကို ကြားချိန်တွင် စူးရှင်းမုန်း၏ မျက်ခုံးများ တွန့်ချိုးသွားပြီး လှည့်ကာ နန်ကုန်းယွီကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးအိမ်များ မထိန်းချုပ်နိုင်ဘဲ ကျုံ့ဝင်သွားခဲ့သည်။
"သခင်လေး... တကယ်ပဲ သခင်လေးလား..."
စူးရှင်းမုန်းသည် နန်ကုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ပထမဆုံး စမ်းသပ်မှုအောက်တွင် နန်ကုန်းယွီ၏ ရုပ်သွင်မှာ အနည်းငယ် မှုန်ဝါးနေခဲ့သော်လည်း နှစ်အနည်းငယ်အတွင်းမှာပင် နန်ကုန်းယွီ၏ ရုပ်သွင်မှာ ပီပြင်လာခဲ့ပြီး သူမရှေ့ရှိ မျက်နှာလေးမှာ အလွန်ပင် ရှင်းလင်းလာခဲ့ပေသည်။
ဤအကြောင်းကြောင့် သူမသည် သူ့ကို မြင်မြင်ချင်းမှာပင် မှတ်မိသွားခြင်း ဖြစ်သည်။
သေချာပေါက်ပင် နန်ကုန်းယွီ ထွက်ခွာသွားချိန်က သူ၏ရုပ်သွင်မှာ ယခုပုံစံနှင့် ရာခိုင်နှုန်း ခုနစ်ဆယ်ခန့် တူညီနေသော်လည်း ယခုမှာမူ များစွာ ပိုမို ရင့်ကျက်လာကြောင့်လည်း ဖြစ်ပေသည်။
" တခြား ဘယ်သူရှိသေးလို့လဲ..."
နန်ကုန်းယွီက ပြုံး၍ ပြောလိုက်၏။
"ကျွန်တော် မဟုတ်ရင် တခြား ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ... ဒါမှမဟုတ် အစ်မ ရှင်းမုန်း က ဒါကို စိတ်ကူးယဉ်ကမ္ဘာလို့ ထင်နေတုန်းပဲလား..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် ချက်ချင်းပင် သူ၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားပြီး သူ့ကို တင်းကြပ်စွာ ဖက်ထားကာ ပြောလိုက်သည်။
"အရမ်းကောင်းတာပဲ... သခင်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီ... ရှင်းမုန်း က သခင်လေးကို အရမ်းလွမ်းနေခဲ့တာ..."
ဤခန္ဓာကိုယ်ကို တကယ် ဖက်ထားရပြီး အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော ရင်းနှီးကျွမ်းဝင်မှုနှင့်အတူ သူစိမ်းဆန်ဆန် အငွေ့အသက်လေးတစ်ခုကို ခံစားလိုက်ရသဖြင့် စူးရှင်းမုန်းမှာ ရယ်မောလိုက်လေ၏။
ဒီအခိုက်အတန့်လေးကို ဘယ်လောက်ကြာအောင် စောင့်ခဲ့ရလဲ ဆိုတာ ကောင်းကင်ဘုံပဲ သိပါလိမ့်မယ်။
နန်ကုန်းယွီက ပြုံးလိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ကျောပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးကာ ရယ်မော၍ ပြောလိုက်သည်။
"ကျွန်တော်လည်း အစ်မတို့ကို လွမ်းနေခဲ့တာပါပဲ..."
သို့သော် ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက မော့ကြည့်လိုက်ပြီး ဝမ်းနည်းနေသကဲ့သို့ ပြောလိုက်၏။
"သခင်လေး လိမ်တယ်... တယ်လို့ သခင်လေးက ကျွန်မတို့ကို လွမ်းနေတယ်ဆိုရင် ဘာလို့ ခြောက်နှစ်တောင် ကြာတဲ့အထိ ပြန်မလာခဲ့တာလဲ..."