အခန်း (၂၁၉)
Vol. 22 Ch. 219
အခန်း (၂၁၉) ညစာစားပွဲ
"ငါနဲ့ အတူနေချင်ရင်လည်း နေခဲ့လေ... ဒါပေမဲ့ ငါမခေါ်ဘဲနဲ့တော့ လျှောက်မလှုပ်နဲ့နော်..."
နန်ကုန်းယွီ၏ အမူအရာမှာ အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း စူးရှင်းမုန်းကို ကျောကိုပုတ်ကာ ပြုံး၍ ပြောလိုက်၏။
"အင်း..."
သူ သဘောတူသည်ကို မြင်သောအခါ စူးရှင်းမုန်းသည် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာလေးတွင် အပြုံးများ ပြည့်နှက်နေလေသည်။
သူ ဟင်းချက်သည်ကို သူမ ကြည့်ရမည်။
ယခုအချိန်တွင် မီးဖိုချောင်လေးမှာ အနည်းငယ် ပို၍ နွေးထွေးနေသယောင် ခံစားရပေ၏။
ခဏကြာပြီးနောက်
နန်ကုန်းယွီသည် အရောင်အသွေး၊ အနံ့အရသာနှင့် ပြည့်စုံသော ဟင်းပွဲရှစ်ပွဲကို ကြော်လှော်ချက်ပြုတ်လိုက်သည်။
ထိုလုပ်ငန်းစဉ် တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသော စူးရှင်းမုန်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ဟဟလေး ဖြစ်သွားပြီး အလွန်အံ့အားသင့်နေပုံရ၏။
သူမ၏ သခင်လေး ချက်ပြုတ်မှုစွမ်းရည်မှာ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်နေပေသည်။
ကျန်းပေ့မင်းသားစံအိမ်မှ စားဖိုမှူးများနှင့် သခင်လေးကို နှိုင်းယှဉ်လိုက်ပါက ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။
‘မဟုတ်သေးဘူး... အဲဒါ မှားနေတယ်။
လုံးဝ နှိုင်းယှဉ်လို့မရဘူး... အဲဒီစားဖိုမှူးတွေက သခင်လေးနဲ့ ယှဉ်နိုင်ပါ့မလား…’
ထိုသို့ တွေးမိရင်း စူးရှင်းမုန်းသည် နန်ကုန်းယွီကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်လေးများ ပြည့်နှက်နေလေသည်။
"ကဲ... သွားကြစို့..."
နန်ကုန်းယွီက သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြုံး၍ ပြောလိုက်၏။ သူ၏ အခြားလက်တစ်ဖက်ကို ညင်သာစွာ မြှောက်လိုက်ရာ လေပြေညင်းလေးတစ်ခုက ဟင်းပွဲ ဆယ့်ခြောက်ခွက်ကို သယ်ဆောင်ကာ သူ၏ နောက်တွင် ပေါလောပေါ်နေလေသည်။
နန်ကုန်းယွီသည် လူအများအပြား ရှိနိုင်သည်ကို ထည့်တွက်၍ ဟင်းပွဲများကို နှစ်ခွဲခွဲထားခြင်း ဖြစ်သည်။
စူးရှင်းမုန်းသည် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လက်ချင်းယှက်ထားသော သူတို့နှစ်ဦး၏လက်ကို ငုံ့ကြည့်ကာ အလွန် ပီတိဖြစ်နေလေ၏။
သူတို့နှစ်ဦးသည် အတွင်းဆောင်သို့ ရောက်ရှိလာကြသည်။
လူတိုင်းသည် လက်ချင်းယှက်၍ လျှောက်လာသော သူတို့နှစ်ဦးနှင့် နန်ကုန်းယွီ၏ နောက်ကွယ်ရှိ ဟင်းပွဲများကို ကြည့်ကာ မနေနိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားကြ၏။
"ဟေ... ရှောင်ယွီရဲ့ ဟင်းပွဲတွေက မိုင်ပေါင်းများစွာအထိ မွှေးပျံ့နေနိုင်တယ်လို့ သူတို့ မပြောခဲ့ဘူးလား... ငါ ဘာအနံ့မှ မရပါလား..."
နန်ကုန်းရိုရွှေက အံ့အားသင့်စွာ မေးလိုက်သည်။
သူမသည် ချွန်းကျီတို့အဖွဲ့ထံမှ ဇာတ်လမ်းများကို ကြားသိခဲ့ရပြီး အလွန် မျှော်လင့်စောင့်စားနေခဲ့ခြင်း ဖြစ်၏။
နန်ကုန်းရိုရွှယ်က တိုးညှင်းစွာ ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့... ရှောင်ယွီက အနံ့တွေ အပြင်မထွက်အောင် ကြိုတင်ပြီး ပိတ်လှောင်ထားတာ ဖြစ်နိုင်တယ်..."
နန်ကုန်းယွီသည် စူးရှင်းမုန်းကို ဆွဲခေါ်လာပြီး ရောက်ရှိနေပြီဖြစ်သော ယဲ့ကျင်းလင်တို့ကို ကြည့်ကာ ရယ်မောလိုက်၏။
"ကျင်းလင်... လူတွေ တော်တော်များတယ်နော်... ချွန်းကျီတို့ကို ခေါ်ပြီး နောက်ထပ် စားပွဲနဲ့ ကုလားထိုင် တစ်စုံ သွားယူလိုက်... နှစ်ဝိုင်းခွဲစားကြတာပေါ့..."
"ကောင်းပါပြီ..."
ယဲ့ကျင်းလင်က ခေါင်းညိတ်လိုက်ပြီး ချွန်းကျီတို့ကို ခေါ်ကာ အလျင်အမြန် ထွက်သွားပြီး မကြာမီ ပြန်ရောက်လာလေသည်။
များမကြာမီတွင် မဏ္ဍပ်ဘေး၌ စားပွဲနှင့် ကုလားထိုင်တစ်စုံ ရောက်ရှိလာ၏။
နန်ကုန်းယွီသည် ဟင်းပွဲနှစ်စုံကို မဏ္ဍပ်ရှိ ကျောက်စားပွဲနှင့် အသစ်ယူလာသော စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး ချထားလိုက်သော်လည်း တစ်စုံတစ်ခုကို သတိထားမိသွားပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။
ကျောက်စားပွဲဘေးတွင် ကျောက်ခုံလေးလုံးသာ ရှိပြီး အမှန်တကယ်ပင် လိုက်ဖက်သော မဏ္ဍပ်ကျောက်စားပွဲ ဖြစ်သော်လည်း ယူလာသော စားပွဲဘေးတွင်မူ ခုံရှစ်လုံး ရှိနေ၏။
ဤခွဲဝေမှုမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနိုင်မည်လား။
သို့သော် ထိုအချိန်တွင် ယဲ့ကျင်းလင်က ဝင်ပြောလိုက်သည်။
"ရှင်းမုန်း... မင်း သခင်လေးတို့နဲ့ နေခဲ့ပြီး သခင်လေးကို ကောင်းကောင်း ပြုစုပေးလိုက်... ငါ တခြားလူတွေကို တစ်ဝိုင်းခေါ်သွားလိုက်မယ်..."
ထိုစကားကို ကြားချိန်တွင် ရှင်းမုန်းသည် အလျင်အမြန် ခေါင်းညိတ်လိုက်၏။
နန်ကုန်းယွီသည် ယဲ့ကျင်းလင်တို့ ငါးဦးကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဝိုးတဝါး နားလည်သွားလေသည်။
သူသည် အများကြီး ဆက်မတွေးတော့ချေ။
လူအများအပြား ရှိနေချိန်တွင် ဤကဲ့သို့ အဆင်မပြေသော အခြေအနေမျိုး ကြုံတွေ့ရတတ်သည်ပင်။
သူသည် ဝင်္ကပါပြားတစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ချထားလိုက်ရာ ဝင်္ကပါအစီအရင်က စားပွဲနှစ်ဝိုင်းရှိရာ နေရာကို လွှမ်းခြုံသွားပြီး အရင်ညက အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရန် အနံ့များကို ပိတ်ဆို့ထားလိုက်၏။
ဤအချိန်တွင် သူသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ယဲ့ကျင်းလင်ကို မေးလိုက်သည်။
"ကျင်းလင်... တာအိုမိတ်ဆွေ ပိုင် တရားကျင့်တာ ပြီးပြီလား... သူ့ကိုကော ဖိတ်ခဲ့ရဲ့လား..."
ယဲ့ကျင်းလင်က ခေါင်းခါလိုက်၏။
"သခင်လေး... သွားကြည့်တော့ တာအိုမိတ်ဆွေ ပိုင် တရားကျင့်လို့ မပြီးသေးဘူး... ဒါပေမဲ့ သူ့အခန်းထဲမှာ စာတစ်စောင် ချန်ထားခဲ့ပါတယ်..."
နန်ကုန်းယွီသည် ခေါင်းညိတ်လိုက်ပြီး ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက် နှစ်ပုလင်းကို ထုတ်ကာ ယဲ့ကျင်းလင်ထံသို့ ပစ်ပေးလိုက်သည်။
နောက်ထပ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် တူရှစ်စုံနှင့် ခွက်ရှစ်ခွက် ပေါ်လာလေ၏။
ထို့နောက် သူသည် စူးရှင်းမုန်းကို ဆွဲကာ နန်ကုန်းရိုရွှယ်၏ ဘေးတွင် ထိုင်လိုက်သည်။
သူက နောက်ထပ် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တူ၊ ခွက်များနှင့် ယစ်မူးဖွယ်ရာ လေပြေညင်း ဝိုင်အရက် နှစ်ပုလင်း သူတို့သုံးဦး ရှေ့တွင် ပေါ်လာလေ၏။
နန်ကုန်းယွီက ပြုံးလိုက်သည်။
"ငေးမကြည့်ကြနဲ့တော့... တူတွေ ပြင်ထားကြ..."
သူ စကားပြောပြီးသည်နှင့် ပန်းကန်များပေါ်တွင် ရစ်ဝဲနေသော လေပြေညင်းလေးမှာ မှေးမှိန်သွားပြီး ကြွယ်ဝသော ရနံ့များက လေထုထဲသို့ ချက်ချင်း ပျံ့နှံ့သွားလေ၏။
"ဝါး... အရမ်းမွှေးတာပဲ... ချွန်းကျီတို့ တကယ် လိမ်မပြောဘူးပဲ... ရှောင်ယွီက အရမ်းတော်တာပဲ..."
နန်ကုန်းရိုရွှေသည် ရောနှောနေသော ရနံ့များကို အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
"အရသာရှိရင် အများကြီးစားနော်..."
နန်ကုန်းယွီက မျက်လုံးထဲတွင် အပြုံးများဖြင့် ပြုံး၍ ပြောလိုက်၏။
"သေချာပေါက်ပေါ့..."
နန်ကုန်းရိုရွှေက အလျင်အမြန် ရယ်မောလိုက်ပြီး စားပွဲပေါ်ရှိ ဟင်းပွဲများဆီသို့ တူများ ရောက်ရှိနေပြီ ဖြစ်သည်။
"အင်း... အရသာရှိလိုက်တာ..."
သူမသည် တူကို ပထမဆုံး အသုံးပြု၍ စားလိုက်ရာ ရနံ့များက ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားပြီး သူမကို လုံးဝ ယစ်မူးသွားစေလေ၏။
စူးရှင်းမုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ပါးစပ်ထဲတွင် တံတွေးများ ယိုစိမ့်လာသော်လည်း သူမသည် ပထမဆုံး ဟင်းတစ်လုပ်ကို ခပ်ယူကာ နန်ကုန်းယွီ၏ နှုတ်ခမ်းထောင့်သို့ တေ့ပေးလိုက်သည်။
"ကျေးဇူးပါ ရှင်းမုန်း..."
နန်ကုန်းယွီသည် တိုးညှင်းစွာ ရယ်မော၍ ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ဘေးဘက်မှ နောက်ထပ် တူတစ်စုံ ရောက်လာလေ၏။
နန်ကုန်းယွီသည် မျက်တောင်အနည်းငယ် ခတ်လိုက်ပြီး ပါးစပ်ထဲရှိ အစားအစာများကို အလျင်အမြန် မျိုချကာ သူမ၏ တူပေါ်ရှိ အစားအစာများကို ပါးစပ်ထဲသို့ ယူလိုက်သည်။
"ကျေးဇူးပါ အစ်မတော် ရွှယ်..."
ထိုမြင်ကွင်းကို မြင်ချိန်တွင် နန်ကုန်းရိုရွှေ၏ ပါးစပ်ထဲရှိ အစားအစာများမှာ ရုတ်တရက် အရသာ သိပ်မကောင်းတော့သလို ဖြစ်သွားလေ၏။
သူမ၏ မျက်လုံးများ ကစားသွားပြီး နန်ကုန်းယွီ၏ ဘေးသို့ ချက်ချင်းရောက်လာကာ ဟင်းတစ်လုပ် ခပ်ပေးလိုက်ပြန်သည်။
ခဏကြာပြီးနောက်
နောက်တစ်ဝိုင်းတွင်လည်း စားပွဲ ပြီးဆုံးသွားလေ၏။
လူတိုင်းသည် ထပ်စားချင်စိတ် ရှိနေသေးသော်လည်း ဗိုက်ကို ပွတ်သပ်ကာ မျက်နှာများ နီမြန်းနေကြပြီး ရှောင်ဝေး၊ ရှဟယ်နှင့် တုန်းရွှယ်တို့မှာ သတိပေးစရာမလိုဘဲ ယစ်မူးသွားကြလေ၏။
နန်ကုန်းရိုရွှယ်သည် မလှမ်းမကမ်းရှိ ဤဘက်သို့ ကြည့်နေသော ယဲ့ကျင်းလင်တို့ ငါးဦးကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ရယ်မောလိုက်သည်။
"ငါတို့ဝိုင်းက အများကြီး ကျန်နေသေးတယ်... လာကူစားပေးကြပါဦး..."
ထိုစကားကို ကြားချိန်တွင် ယဲ့ကျင်းလင်တို့ ငါးယောက် သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နန်ကုန်းယွီကို ကြည့်လိုက်ကြ၏။
နန်ကုန်းယွီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
"ဒီမှာက ကိုယ့်လူတွေချည်းပဲ... အားနာစရာ မလိုပါဘူး..."
ထိုစကားကို ကြားချိန်တွင် သူတို့ ငါးဦး၏ မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လျှောက်လာကြလေ၏။
စူးရှင်းမုန်းသည် ထိုငါးဦးကို တွေးတောဟန်ဖြင့် တစ်ချက်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို နားလည်သွားပုံရပေသည်။
သူမက ခုံကို နန်ကုန်းယွီနှင့် အနည်းငယ် ပိုနီးအောင် ရွှေ့လိုက်ပြီး သူတို့အတွက် နေရာဖယ်ပေးလိုက်၏။
ထိုအရာကို မြင်ချိန်တွင် နန်ကုန်းရိုရွှယ် ညီအစ်မနှစ်ဦးသည်လည်း သူတို့၏ ခုံများကို ရွှေ့ကာ နန်ကုန်းယွီနှင့် ပိုမို နီးကပ်စွာ ထိုင်လိုက်ကြသည်။
ထိုအဖွဲ့သည် ခေတ္တမျှ ဆက်လက်စားသောက်ပြီးနောက် ညစာစားပွဲကို အဆုံးသတ်လိုက်ကြလေ၏။
ခေတ္တ အနားယူပြီးနောက်။
ယဲ့ကျင်းလင် မတ်တတ်ထရပ်ကာ ချွန်းကျီတို့ လေးဦးကို ခေါ်၍ စားပွဲကို ရှင်းလင်းလိုက်သည်။
နန်ကုန်းယွီသည် သူတို့ ငါးဦးကို တစ်ချက်ကြည့်လိုက်၏။
"အချိန်လည်း မစောတော့ဘူး... အနားယူနိုင်တဲ့သူတွေ အနားယူကြတော့... တရားကျင့်ရမယ့်သူတွေလည်း တရားသွားကျင့်ကြတော့..."
"ဟုတ်ကဲ့ပါ..."
ယဲ့ကျင်းလင်တို့ ငါးဦးသည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး အတွင်းဆောင်မှ ထွက်ခွာသွားကာ ရှောင်ဝေးကိုလည်း ခေါ်ဆောင်သွားကြလေ၏။
ယနေ့ညတွင် စူးရှင်းမုန်းသည် နန်ကုန်းယွီ ရေချိုးအနားယူရန် ပြုစုပေးနိုင်ပြီဖြစ်ရာ သူတို့သည် နှောင့်ယှက်ရန် နေခဲ့မည့် ရည်ရွယ်ချက် မရှိကြချေ။
နန်ကုန်းယွီသည် နန်ကုန်းရိုရွှယ်တို့ နှစ်ဦးကို ကြည့်လိုက်၏။
"အစ်မတော်တို့ နှစ်ယောက် ဒီည ဒီမှာပဲ အနားယူကြမလို့လား..."
"ဒါပေါ့..."
နန်ကုန်းရိုရွှယ်သည် နန်ကုန်းရိုရွှေကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ ရယ်မောလိုက်သည်။
ထို့နောက် သူမက လက်ဝှေ့ယမ်းကာ နန်ကုန်းရိုရွှေ ကို ပွေ့ချီ၍ သူမ၏ ကိုယ်ပိုင်အိပ်ဆောင်သို့ လျှောက်သွားလေ၏။
နန်ကုန်းရိုရွှေက ပြုံး၍ ပြောလိုက်သည်။
"ကောင်းသောညပါ ရှောင်ယွီ…”