← Chapters

အခန်း ၁၅၈၀

Vol. 106 Ch. 1580

အခန်း ၁၅၈၀

Vol. 106 Ch. 1580

အခန်း (၁၅၈၀) ထူးဆန်းသော လူတစ်စု (၂)

သင်းပျံ့တောင်ကြား

လုကျိုးသည် လူတိုင်းကို သင်းပျံ့တောင်ကြားအတွင်းသို့ လွယ်ကူစွာပင် ဦးဆောင်ခေါ်ယူသွားခဲ့သည်။ သူတို့သည် ရှေးဟောင်းအဆောက်အအုံများဆီသို့ ရောက်ရှိချိန်တွင် ထိုနေရာမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ အဆောက်အအုံ အနည်းငယ်သာ ကောင်းမွန်သော အခြေအနေတွင် ကျန်ရှိတော့သည်။

လုကျိုးက အသံစွမ်းအားကို အသုံးပြုကာ ခေါ်လိုက်သည်။

“ချန်ဖု” သူ၏ အသံမှာ သင်းပျံ့တောင်ကြားတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သင်းပျံ့တောင်ကြား၏ နက်ရှိုင်းသော နေရာများမှ ပုံရိပ်များစွာ ပျံသန်းထွက်ပေါ်လာကြသည်။ ကျင့်ကြံသူ အချို့လည်း ပျံသန်းရောက်ရှိလာကြ၏။ ပထမဆုံး ပေါ်လာသူမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က ရှေးဟောင်းသူတော်စင်သတ်ဖြတ်သူများဖြစ်သည့် ချင်းယွမ်အသိုက်၏ ခေါင်းဆောင် ဖြစ်သည်။

ချင်းယွမ်သည် လုကျိုးကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဆိုးယုတ်သူ... မျှော်နန်းသခင်လုပါလား”

လုကျိုးက မေးမြန်းလိုက်သည်။ “ချင်းယွမ်လား”

ချင်းယွမ်သည် မြေပြင်သို့ ဆင်းသက်လိုက်ပြီးနောက် ပြောလိုက်သည်။

“မျှော်နန်းသခင်လု... အရှင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ ကျုပ်တို့ ချင်းယွမ်အသိုက်က အရှင့်ရဲ့ ပြန်လည်ရောက်ရှိလာမှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”

ထိုသို့ ပြောပြီးနောက် သူမ၏နောက်ကွယ်ရှိ ပျားနှင့်တူသော သားရဲကြီးအားလုံးမှာ လူသားအသွင်သို့ ပြောင်းလဲလိုက်ကြပြီး မြေပြင်သို့ ဆင်းသက်ကာ တညီတညွတ်တည်း ဆိုလိုက်ကြသည်။

“မျှော်နန်းသခင်လု ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်”

တစ်ဖက်တွင်မူ လူသားကျင့်ကြံသူများမှာ မှင်တက်နေဆဲပင် ဖြစ်သည်။

လုကျိုးက လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

“ဟွားယင်... မင်းရဲ့ ဆရာ ဘယ်လိုနေလဲ”

ဤမေးခွန်းကို ကြားမှ ဟွားယင် သတိပြန်ဝင်လာတော့သည်။ ချန်ဖု အကြောင်းကို ပြောလိုက်သည်နှင့် သူ၏ မျက်လုံးများမှာ နီမြန်းလာပြီး ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးသွားတော့၏။

“ကျွန်တော့်ရဲ့ ဆရာ... အဲဒီ အဘိုးအိုက...”

ဟွားယင်သည် သူ၏ စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။

လုကျိုး မျက်မှောင်ကျုံ့လိုက်မိသည်။

ချင်းယွမ်က ရှင်းပြလိုက်သည်။

“သူ့ သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ချန်ဖုဟာ သူ၏ ကျင့်ကြံမှုကို ဖျက်ဆီးပြီး သာမန် အဘိုးအိုတစ်ယောက်အဖြစ် နေထိုင်ဖို့ ရွေးချယ်ခဲ့ရတယ်။ အဲဒါကို လဲလှယ်တဲ့အနေနဲ့ သူက သက်တမ်း ၃၅ နှစ် ထပ်ရခဲ့တာပေါ့။ သူ ကွယ်လွန်သွားတာ အခုဆိုရင် ၆၅ နှစ် ရှိပါပြီ”

ဤစကားကို ကြားရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။ ချန်ဖုသည် တစ်ချိန်က နယ်မြေနှစ်ခုစလုံးတွင် အမြင့်ဆုံး၌ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။ သူသည် တစ်လောကလုံးကို သူ၏ လက်ဖဝါးပေါ်တွင် တင်ထားနိုင်ခဲ့သူဖြစ်ပြီး သူ၏ ကျော်ကြားမှုနှင့် အဆင့်အတန်းမှာလည်း အနှိုင်းမဲ့ခဲ့သည်။ မဟာလေဟာနယ်၏ ဖိအားပေးမှုများကြားမှ သူသည် ကြံ့ကြံ့ခံ ရပ်တည်ခဲ့သူ ဖြစ်သည်။ မဟာလေဟာနယ်က မည်သို့ပင် ပြုမူခဲ့စေကာမူ သူ၏ နာမည်မှာမူ တာ့ဟန်တွင် ထာဝရ တည်တံ့နေပေလိမ့်မည်။

အတန်ကြာမှ လုကျိုးက ပြောလိုက်သည်။

“လမ်းပြစမ်း”

ဟွားယင်သည် ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ကာ လုကျိုးနှင့် အခြားသူများကို တောအုပ်အတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ မကြာမီတွင် သူတို့သည် အုတ်ဂူတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြ၏။ အုတ်ဂူမှာ မကြီးမားလှသော်လည်း သေသေချာချာ ထိန်းသိမ်းထားပုံရသည်။ အုတ်ဂူပေါ်ရှိ ကျောက်စာတိုင်တွင် ချန်ဖု၏ ဘဝဇာတ်ကြောင်း၊ အောင်မြင်မှုများနှင့် ဂုဏ်ဒြပ်များကို စာလုံးများ အပြည့်အသိပ် ထွင်းထုထားသည်။ စာလုံးကြီးများဖြင့် ရေးထားသည်မှာ ဤသို့ ဖြစ်သည်။

“ကျွန်ုပ်တို့၏ ဆရာသခင် ချန်ဖု၏ အုတ်ဂူ”

လုကျိုးသည် ထိုကျောက်စာတိုင်ကို အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။ သူ ဘာတွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။ သူ၏ မျက်နှာထားမှာ တည်ငြိမ်နေပေသည်။ လုကျိုးက စကားမစသဖြင့် ဟွားယင်နှင့် အခြားသူများမှာလည်း စကားမဟဝံ့ကြပေ။

၁၅ မိနစ်ခန့် ကြာပြီးနောက် လုကျိုးက သက်ပြင်းချကာ ပြောလိုက်သည်။

“ပြန်လည်ရှင်သန်ခြင်း နည်းလမ်းက... နောက်ဆုံးတော့ အလုပ်မဖြစ်ခဲ့ဘူးပဲ”

ဟွားယင်က ပြန်ပြောလိုက်သည်။

“မျှော်နန်းသခင်လု... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့။ ဆရာက သူရရှိခဲ့တဲ့ ၃၅ နှစ်တာ အချိန်ဟာ သူ့အတွက် အနှစ်သာရ အရှိဆုံး အချိန်တွေပါလို့ ပြောခဲ့ပါတယ်”

လုကျိုးက ဟွားယင်ကို တစ်ချက်ကြည့်လိုက်၏။ အမှန်စင်စစ် ချန်ဖု၏ သေဆုံးမှုမှာ သူ၏ တပည့်များနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေသည် မဟုတ်ပါလော။ နောက်ဆုံးတွင် သူက မေးမြန်းလိုက်သည်။

“မင်းတို့ သင်းပျံ့တောင်ကြားမှာ ဆက်နေကြဦးမှာလား”

ဟွားယင်က ပြန်လည်ဖြေကြားလိုက်သည်။

“မျှခြေမညီမျှမှု ပြီးဆုံးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ ဒီကနေ ထွက်ခွာပြီး ဘဝသစ်တစ်ခု စတင်ဖို့ စီစဉ်ထားပါတယ်”

လုကျိုးက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“အဲဒါ ကောင်းပါတယ်။ မင်းတို့ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုသာ ပြောလိုက်ပါ”

ဟွားယင်က ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်လု”

ဤစကားလုံးများမှာ လုံလောက်လှပေသည်။ အနည်းဆုံးတော့ ဆောင်းဦးနှင်းစက်တောင်အတွက် အားကိုးရာတစ်ခု ရှိသွားပြီ ဖြစ်သည်။

ရှေးဟောင်းအဆောက်အအုံသို့ ပြန်ရောက်သောအခါ...

လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ် အတွင်းမှ ချင်းယွမ်၏ အသက်ဓာတ်နှလုံးသားကို ထုတ်ယူကာ သူမထံသို့ ပြန်လည် ပေးအပ်လိုက်သည်။ သူမ၏ အသက်ဓာတ်နှလုံးသားကို ပြန်လည် ရရှိလိုက်သဖြင့် ချင်းယွမ်မှာ သဘာဝကျစွာပင် များစွာ ဝမ်းမြောက်သွားတော့၏။

ထိုအချိန်တွင် တပည့်များမှလွဲ၍ မိစ္ဆာဝေဟင်မျှော်နန်း၏ အဖွဲ့ဝင်အားလုံး ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။ လုကျိုးက ပြောလိုက်သည်။

“အစောင့်အရှောက်မုန့်... လောင်စစ်ကို ဆက်သွယ်လိုက်”

မုန့်ချန်းသုံက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“နားလည်ပါပြီ”

မုန့်ချန်းသုံသည် မြေပြင်ပေါ်တွင် အဆောင်စာရွက်တစ်ခုကို ဖြန့်လိုက်၏။ လုကျိုး အသက်ရှင်နေသေးကြောင်း မင်ရှစ်ရင်ကို ပြောပြရတော့မည်ဟု တွေးတောမိသောအခါ သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဖြစ်နေတော့သည်။ သူသည် မင်ရှစ်ရင်ကို အံ့အားသင့်သွားစေချင်နေ၏။

အဆောင်စာရွက်ကို မီးရှို့လိုက်သောအခါ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအချိန်တွင် မင်ရှစ်ရင်သည် မြက်ပင်တစ်ပင်ကို နှုတ်ခမ်းတွင် ကိုက်ထားလျက် သစ်ပင်တစ်ပင်ကို မှီကာ တစ်ဝက်တစ်ပျက် အိပ်မောကျနေသည့်ပုံစံဖြင့် ရှိနေ၏။

မုန့်ချန်းသုံက ခေါ်လိုက်သည်။ “စတုတ္ထသခင်လေး”

မင်ရှစ်ရင်က လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလျက် ပြောလိုက်သည်။

“ဘယ်သူလဲကွ။ ငါ့ကို လာမနှောင့်ယှက်နဲ့”

ထိုသို့ ပြောပြီးနောက် ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားတော့သည်။

မုန့်ချန်းသုံမှာ အနေခက်စွာဖြင့် ခေါင်းကုတ်လိုက်မိ၏။

လုကျိုးက အပြစ်တင်သလို လေသံဖြင့် ပြောလိုက်၏။ “ဆိုးယုတ်တဲ့ တပည့်”

ထို့နောက် မုန့်ချန်းသုံကို ပြောလိုက်သည်။ “နောက်တစ်ခါ ထပ်လုပ်စမ်း”

“ဟုတ်ကဲ့ပါ”

မုန့်ချန်းသုံ နောက်ထပ် အဆောင်စာရွက်တစ်ခုကို မီးရှို့လိုက်သောအခါ မင်ရှစ်ရင်သည် လူတိုင်း၏ မျက်စိရှေ့တွင် ထပ်မံ ပေါ်လာပြန်သည်။ သူသည် လူတိုင်းကို ကျောပေးထားဆဲပင်။ ယခုတစ်ကြိမ်တွင်မူ မုန့်ချန်းသုံသည် သင်ခန်းစာ ရသွားပြီဖြစ်ရာ တိုက်ရိုက်ပင် ပြောလိုက်သည်။

“စတုတ္ထသခင်လေး... မင်းက မျှော်နန်းသခင်ကို ဘာလို့ ဂါရဝမပြုသေးတာလဲ”

မုန့်ချန်းသုံသည် မင်ရှစ်ရင်ကို အံ့အားသင့်အောင် လုပ်မည့် အစီအစဉ်ကို လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။ မင်ရှစ်ရင်မှာ မလှုပ်မယှက် ရှိနေဆဲ ဖြစ်၏။ သူသည် လူတိုင်းကို ကျောပေးထားဆဲပင်။

မုန့်ချန်းသုံက အသံကို အနည်းငယ် မြှင့်ကာ ထပ်ပြောလိုက်သည်။

“စတုတ္ထသခင်လေး... မင်းက မျှော်နန်းသခင်ကို ဘာလို့ ဂါရဝမပြုသေးတာလဲလို့ မေးနေတယ်လေ”

မင်ရှစ်ရင်မှာ မလှုပ်မယှက် ရှိနေဆဲပင် ဖြစ်သည်။ လူတိုင်း တစ်ဦးကိုတစ်ဦး အားကိုးရာမဲ့စွာ ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် လုကျိုး မျက်မှောင်ကျုံ့လိုက်ပြီး ဒေါသအရိပ်အယောင်ဖြင့် မေးမြန်းလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ”

ဤစကားလုံး အနည်းငယ်ကြောင့်ပင် မင်ရှစ်ရင်၏ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရီသွားသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူသည် လှည့်မကြည့်သေးပေ။ လူတိုင်းမှာ ဤအချက်ကို ဇဝေဇဝါ ဖြစ်နေကြ၏။ မင်ရှစ်ရင်သည် သူ၏ ဆရာကို အကြောက်ဆုံးဖြစ်ကြောင်း သူတို့ သိထားကြသည် မဟုတ်ပါလော။ သူ အဘယ်ကြောင့် လှည့်မကြည့်ရသနည်း။

မုန့်ချန်းသုံ ထပ်မံ စကားပြောရန် ပြင်လိုက်စဉ်မှာပင် မင်ရှစ်ရင် လှုပ်ရှားလာသည်။ သူသည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ ထို့နောက် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ။ ကျွန်တော့်ကို လာမနှောင့်ယှက်ကြနဲ့တော့”

‘သွားပြီ သွားပြီ စတုတ္ထသခင်လေးတော့ ရူးသွားပြီ ထင်တယ်’

မင်ရှစ်ရင်၏ အကြည့်မှာ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး လုကျိုး၏ ဆီသို့ ရောက်သောအခါ တစ်စက္ကန့်ပင် မပြည့်မီမှာပင် အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။

“တကယ့်ကို... ထူးဆန်းတဲ့ လူတစ်စုပဲ”

ဝှစ်

ပုံရိပ်ယောင်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်တော့သည်။

လူတိုင်း မှင်တက်သွားကြရ၏။

ဂွမ်း

လုကျိုးသည် ရုတ်တရက် နေရာမှ ထရပ်လိုက်သည်။ “ဒီ ဆိုးယုတ်တဲ့ တပည့်”

“မျှော်နန်းသခင်လု... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ” မုန့်ချန်းသုံသည် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “ဖြစ်နိုင်တာက စတုတ္ထသခင်လေးက ပင်ပန်းနေလို့ အရှင့်ကို မမှတ်မိတာလည်း ဖြစ်နိုင်ပါတယ်”

သို့သော် ဤသို့ ပြောပြီးနောက် မုန့်ချန်းသုံကိုယ်တိုင်ပင် သူ၏ ဆင်ခြေမှာ အလွန် အားနည်းနေကြောင်း သိလိုက်ပုံရသည်။ ထို့ကြောင့် သူက ထပ်လောင်းပြောဆိုလိုက်၏။

“ဖြစ်နိုင်တာက သူဟာ မဟာလေဟာနယ်က ပညာရှင်တစ်ဦးရဲ့ စောင့်ကြည့်တာကို ခံနေရလို့ ခုနက ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဟုတ်တယ်... အဲဒါ သေချာပေါက် ဖြစ်ရမယ် မျှော်နန်းသခင်လု... စိတ်အေးအေးထားပါ။ စတုတ္ထသခင်လေးက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်တို့ အားလုံး သိကြတာပဲ။ သူက ဆရာကို သစ္စာဖောက်မဲ့သူ မဟုတ်တာ သေချာပါတယ်”

လုကျိုးသည် မုန့်ချန်းသုံ ပြောသည်မှာ အချက်ကျသည်ဟု တွေးလိုက်မိသည်။ သူ၏ စတုတ္ထတပည့်မှာ ကောက်ကျစ်စဉ်းလဲသော်လည်း သူသည် အမြဲတမ်း အားကိုးထိုက်သူဖြစ်ပြီး ဂိုဏ်းကို အလွယ်တကူ သစ္စာဖောက်မည့်သူ မဟုတ်ပေ။ သူ၏ စတုတ္ထတပည့်၏ အပြုအမူမှာ အမှန်တကယ်ပင် မဟာလေဟာနယ်ကြောင့်လော။

လုကျိုးသည် မဟာလေဟာနယ်သို့ တစ်ခါမျှ မရောက်ဖူးသေးပါသော်လည်း ဆိုးယုတ်သူတစ်ပါး၏ မှတ်ဉာဏ်သလင်းကျောက်မှ မြင်တွေ့ခဲ့ရသည်များအရ မဟာလေဟာနယ်၏ နန်းဆောင်ဆယ်ခုမှာ အလွန်ပင် ရှုပ်ထွေးလှကြောင်း သူ သိရှိထားသည်။ လုကျိုး အတွေးနက်နေသည်ကို မြင်သောအခါ မည်သူမျှ စကားမဟဝံ့ကြပေ။

အတန်ကြာမှ ချင်နိုင်ဟယ်က ပြောလိုက်သည်။

“အစောင့်အရှောက်မုန့် ပြောတာ မှန်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မဟာလေဟာနယ်မှာ ပညာရှင်တွေက တိမ်တိုက်တွေလို များပြားလှတာပဲ။ စတုတ္ထသခင်လေးမှာ မဟာလေဟာနယ်မျိုးစေ့ ရှိနေတာဆိုတော့ သူ့ကို စောင့်ကြည့်နေမဲ့သူတွေ ရှိနေမှာ သေချာပါတယ်”

လုကျိုးက မေးမြန်းလိုက်သည်။

“အရင်က စတုတ္ထသခင်လေးကို မင်းတို့ ဆက်သွယ်ဖူးသလား”

မုန့်ချန်းသုံက ခေါင်းခါယမ်းလျက် ပြန်ဖြေလိုက်သည်။ “မဆက်သွယ်ဖူးပါဘူး”

ရုတ်တရက် ဖန်လီထန်းက ပြောလိုက်သည်။

“စတုတ္ထသခင်လေးက မဟာလေဟာနယ်မှာ ရှိမနေဘူးလို့ ကျွန်တော် ထင်တယ်”

“ဟင်”

ဖန်လီထန်းက ဆက်လက်ပြောဆိုလိုက်သည်။

“ရှောင်ယွမ်အာကပဲ မဟာလေဟာနယ်မှာ ရှိနေတာကို ကျွန်တော် သိတာ။ နတ်ဧကရာဇ်နဲ့ ထူဝေ့နန်းဆောင်ရဲ့ ခန်းမသခင်သစ်တို့က သူမကို ခေါ်သွားတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာလေ...”

ဖန်ကျန့်ကလည်း ခေါင်းညိတ်ပြလျက် ဝင်ပြောလိုက်သည်။

“ပထမသခင်လေးနဲ့ ဒုတိယသခင်လေးကို မိုးပြာဧကရာဇ်က ခေါ်သွားတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်”

ဤသို့ဖြင့် လူတိုင်းသည် သူတို့ သိထားသမျှ သတင်းအချက်အလက်များကို ဝေမျှလိုက်ကြတော့သည်။

“တတိယသခ်လေးနဲ့ စတုတ္ထသခင်လေးကိုတော့ ကြက်သွေးရောင်ဧကရာဇ်က ခေါ်သွားတာပါ”

“အဖြူရောင်ဧကရာဇ် ဆီမှာတော့ ပဉ္စမသခင်မလေးနဲ့ ဆဋ္ဌမသခင်မလေးတို့ ရှိနေကြပါတယ်”

…

All Chapters