← Chapters

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အခန်း ၁၅၈၁

Vol. 106 Ch. 1581

အခန်း (၁၅၈၁) ကောင်းကင်ဘုံ၏ အမျက်ဒေါသ

“နဝမသခင်မလေးနဲ့ ဒဿမသခင်မလေးက မဟာလေဟာနယ်မှာ ရှိလောက်တယ်”

လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။

“ဒီလိုဆိုရင်တော့ စတုတ္ထသခင်လေးက မဟာလေဟာနယ်မှာ မဟုတ်ဘဲ ကြက်သွေးရောင်ဧကရာဇ်နဲ့ အတူရှိနေတာ သေချာသွားပြီပေါ့”

“ကြက်သွေးရောင်ဧကရာဇ်က ဘယ်မှာလဲ”

လူတိုင်း ခေါင်းခါလိုက်ကြ၏။ အဆုံးကျ ထိုအဆင့်အတန်းရှိ ပုဂ္ဂိုလ်များအကြောင်းကို သာမန်လူများက မည်သို့လျှင် သိနိုင်မည်နည်း။

လုကျိုးသည် သူ၏တပည့်များကို ဖျက်ဆီးခြင်းတိုင်လုံးဆယ်ခုဆီသို့ ခေါ်ဆောင်သွားစဉ်က သူ့ကို အမှတ်အသားတစ်ခု ပေးအပ်ခဲ့သော အဖြူရောင်ဧကရာဇ်ကို ပြန်လည်သတိရလိုက်မိသည်။ ထို့ကြောင့် ကျောက်ယွဲ့နှင့် ယဲ့ထျန်းရှင်းတို့မှာ ဘေးကင်းလောက်ပေသည်။ အဖြူရောင်ဧကရာဇ်ထံတွင် သူတို့အတွက် ပြဿနာရှိမည် မဟုတ်သဖြင့် အချိန်ရမှသာ သူ သွားရောက်ကြည့်ရှုတော့မည်။

မိုးပြာဧကရာဇ်နှင့် ကြက်သွေးရောင်ဧကရာဇ်တို့မှာမူ ရန်သူလား၊ မိတ်ဆွေလား ဆိုသည်ကို သူ မသိရှိသေးပေ။ သူတို့ကို အရင်ဆုံး ရှာဖွေရမည့်ပုံပေါ်နေ၏။

ထိုစဉ် သူသည် ပိုးစာမင်းသမီးကို ရုတ်တရက် သတိရလိုက်မိသည်။ ပိုးစာမင်းသမီးမှာ ကြက်သွေးရောင်ဧကရာဇ်၏ သမီးတော်ဖြစ်သည်ဟု ကောလာဟလများ ရှိနေသည်။ အကယ်၍ ယင်းသာ မှန်ကန်ခဲ့လျှင် ပိုးစာမင်းသမီးသည် ကြက်သွေးရောင်ဧကရာဇ်၏ တည်နေရာကို သိရှိထားလောက်ပေသည်။

ထိုအချက်ကို တွေးတောရင်း လုကျိုးက မျက်နှာသေဖြင့် ပြောလိုက်၏။ “ကျိမင်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီ သွားဖို့ ပြင်ဆင်ကြ”

ကျောင်းဟုန်ဖုက ပြောလိုက်သည်။

“အမည်မသိကုန်းမြေလား။ အဲ့ဒီတုန်းက ကျွန်မ တည်ဆောက်ခဲ့တဲ့ သင်္ကေတလမ်းကြောင်းက အချိန်သုံးရက်ပဲ ရတာဆိုတော့ တော်တော်လေး သေးပါတယ်။ လူအများကြီး တစ်ပြိုင်နက် သွားဖို့ မဖြစ်နိုင်မှာ စိုးရိမ်မိတယ်”

မုန့်ချန်းသုံက ပြောလိုက်၏။ “ဒါဆိုရင်တော့ အဖွဲ့လိုက် ခွဲပြီး သွားကြတာပေါ့”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

“ဘယ်အချိန်မှာ စပြီး ထွက်ကြမှာလဲ”

ထိုအခိုက်အတန့်တွင် ချင်းယွမ်သည် သူမ၏ အသိုက်မှ အခြားသူများနှင့်အတူ ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ သူတို့သည် တစ်ဦးပြီးတစ်ဦး ဒူးထောက်လိုက်ကြပြီးနောက် သူမက ပြောလိုက်၏။

“မျှော်နန်းသခင်... ကျုပ်တို့ ချင်းယွမ်အသိုက်ကိုလည်း အရှင့်နောက် လိုက်ပါခွင့် ပြုပါ”

လုကျိုးသည် ချင်းယွမ်ကို ပေးခဲ့ဖူးသော ကတိကို ပြန်လည်သတိရလိုက်ပြီး ပြောလိုက်သည်။

“မင်းရဲ့ သမီးကို ပြန်လည်ရှင်သန်အောင် လုပ်ပေးမယ်လို့ ငါ တစ်ခါက ကတိပေးခဲ့ဖူးတယ်။ သူ အခု ဘယ်မှာလဲ”

ဤစကားကို ကြားရသောအခါ လူတိုင်း အံ့အားသင့်သွားကြ၏။ သေပြီးသားလူကို အသက်ပြန်သွင်းနိုင်သည့် နည်းလမ်း တကယ်ပဲ ရှိနေသလော။

ချင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။ “အခုပဲ သူ့ကို ဒီကို ခေါ်လာခဲ့ပါ့မယ်”

နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ချင်းယွမ်သည် သူမ၏ လက်အောက်ငယ်သား အချို့နှင့်အတူ ရှေးဟောင်းအဆောက်အအုံပြင်ပသို့ ပျံသန်းထွက်ခွာသွားတော့သည်။ မကြာမီမှာပင် သူတို့သည် သတိလစ်မေ့မြောနေသော မိန်းကလေးတစ်ဦးကို အဆောက်အအုံအတွင်းသို့ သယ်ဆောင်လာကြ၏။

သူမ၏ ရုပ်သွင်ကို ကြည့်ရသည်မှာ သိပ် မအိုမင်းသေးပေ။ အသက် ၂၈ နှစ်ခန့်ရှိသော သာမန်အမျိုးသမီးတစ်ဦးနှင့် တူလှ၏။ သူမ၏ ခန္ဓာကိုယ်နှင့် မျက်နှာမှာ ဖြူရော်နေပြီး အသက်ငွေ့ မရှိတော့ချေ။ အမှန်အတိုင်း ပြောရလျှင် သေခြင်းတရား၏ ပြင်းထန်သော အရှိန်အဝါများက သူမကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ ရုပ်ကလာပ်မှာမူ အလွန်ပင် ကောင်းမွန်စွာ တည်ရှိနေဆဲပင်။

ချင်းယွမ်က ပြောလိုက်သည်။

“အဲဒီတုန်းက သူမရဲ့ ရုပ်ကလာပ် မပုပ်သိုးသွားစေဖို့အတွက် ကျုပ်က တည်မြဲပင်လယ်ပုလဲကို သုံးခဲ့တာပါ။ ဒါကြောင့်လည်း သူမက အခုထိ အကောင်းအတိုင်း ရှိနေတာပေါ့”

လူတိုင်းသည် အရာရာကို မြင်ဖူးတွေ့ဖူးကြသူများ ဖြစ်ကြသော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ရချိန်တွင် သနားစရာကောင်းသည်ဟု ခံစားလိုက်ကြရ၏။ လူတိုင်း လုကျိုးကို ကြည့်လိုက်ကြသည်။ အရာအားလုံးမှာ လုကျိုးအပေါ်တွင်သာ မူတည်နေတော့သည်။ သို့သော် သူတို့အားလုံးမှာ သံသယဝင်နေကြဆဲပင်။ သေပြီးသားလူကို အသက်ပြန်သွင်းနိုင်သည့် နည်းလမ်း တကယ်ပဲ ရှိပါသလော။

သီအိုရီအရဆိုလျှင်တော့ ဖြစ်နိုင်ခြေ ရှိပေသည်။ အဆုံးကျ ဝူချီ မျိုးနွယ်စုမှ ယွီကျန့်ဟိုင်ကို နမူနာအနေဖြင့် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ ဖြစ်နိုင်သည်မှာ ယွီကျန့်ဟိုင်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့လျှင် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းကို ရှာတွေ့နိုင်ပေလိမ့်မည်။ အခြား ဥပမာတစ်ခုမှာ မီးတောက်များအတွင်းမှ ပြန်လည် မွေးဖွားလာခဲ့သည့် မီးဇာမဏီပင် ဖြစ်သည်။ နည်းလမ်းနှင့် စွမ်းအားများမှာ ကွဲပြားနိုင်သော်လည်း သူတို့၏ အနှစ်သာရမှာမူ အတူတူပင် ဖြစ်၏။ ၎င်းတို့သည် ပြန်လည်ရှင်သန်နိုင်ကြသည်။

ကျင့်ကြံသူများသည် ထာဝရအသက်ရှင်ရန် မဖြစ်နိုင်ကြောင်း အမြဲတမ်း ခိုင်မာစွာ ယုံကြည်ခဲ့ကြသည်။ လူသားတို့သည် နောက်ဆုံးတွင် အိုမင်းရင့်ရော်ကာ သေဆုံးကြရစမြဲပင်။ ဤသည်မှာ စစ်မှန်သော သေဆုံးခြင်း သို့မဟုတ် သဘာဝအတိုင်း သေဆုံးခြင်း ဖြစ်၏။ ဤသည်မှာ ယခုထက်တိုင် မဖောက်ထွက်နိုင်သေးသော ချုပ်နှောင်မှုကြီးပင် ဖြစ်သည်။

လုကျိုးသည် ဘေးတွင် ရပ်နေရင်း ခေတ္တမျှ စဉ်းစားနေမိ၏။

‘ပြန်လည်ရှင်သန်ခြင်း စာလိပ်က သေပြီးသားလူကို အသက်ပြန်ရှင်စေနိုင်မှာလား။’

လွန်ခဲ့သော အချိန်က လုကျိုးသည် ၎င်းကို စီးဝူယာအပေါ် အသုံးပြုခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ သူ၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်သလို သူ၏ အပြာရောင် စိတ်ဝိညာဉ် သဏ္ဌာန်မှာလည်း အရည်အသွေးပိုင်းအရ ကြီးမားသော ပြောင်းလဲမှုများ ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူ အောင်မြင်နိုင်ခြေ ရှိပေသည်။

လုကျိုးသည် ချင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်း တစ်ခုတော့ သိထားဖို့ လိုတယ်။ သေပြီးသားလူကို အသက်ပြန်သွင်းတာက ကောင်းကင်ဘုံကို အန်တုတဲ့ လုပ်ရပ်ပဲ။ ဒါက အလုပ်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်”

ချင်းယွမ်သည် ဒူးထောက်လိုက်ပြီး ပြောလိုက်၏။ “မျှော်နန်းသခင်လု... အနည်းဆုံးတော့ တစ်ကြိမ်လောက် စမ်းကြည့်ပေးပါ။ အလုပ်မဖြစ်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အခု အခြေအနေထက်တော့ ပိုဆိုးသွားစရာ မရှိတော့ဘူးလေ”

ဤစကားကို ကြားသောအခါ လူတိုင်းက ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ အဆုံးကျ ချင်းယွမ်၏ သမီးမှာ သေဆုံးသွားခဲ့ပြီဖြစ်သလို ချင်းယွမ်သည်လည်း အချိန်အတော်ကြာအောင် နာကျင်ခံစားခဲ့ရပြီးပြီ ဖြစ်သည်။ အကယ်၍ သူတို့ စမ်းသပ်ကြည့်လိုက်လျှင်ပင် အဆိုးဆုံး ဘာဖြစ်သွားနိုင်မည်နည်း။

“ကောင်းပြီလေ” လုကျိုးက ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင် ငါ တစ်ကြိမ် ကြိုးစားကြည့်မယ်”

လူတိုင်းသည် လုကျိုးအတွက် နေရာဖယ်ပေးရန် ဘေးသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြ၏။ သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကတည်းက သူ၏ စွမ်းအားကို အသုံးပြုသည်ကို သူတို့ မမြင်တွေ့ရသေးပေ။ ထို့ကြောင့် ယခု သူ၏ ကျင့်ကြံမှုမှာ မည်သည့်အဆင့်တွင် ရှိနေသည်ကို မည်သူမျှ မသိကြချေ။ သူတို့အားလုံးမှာ မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြတော့သည်။

ခေတ္တအကြာတွင် လုကျိုးသည် အလင်းတန်းများ ဖြာထွက်နေသော သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။

ထိုမိန်းကလေးငယ်မှာ လေထဲသို့ မြောက်တက်သွားတော့သည်။ သူမ၏ မိခင်ကဲ့သို့ပင် ဝတ်စုံရှည်ကို ဆင်မြန်းထားပြီး အိပ်မောကျနေသော မင်းသမီးလေးတစ်ပါးနှင့် တူလှပေသည်။ မကြာမီမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်၌ နဂါးတစ်ကောင်ပမာ အပြာရောင် လျှပ်စစ်စီးကြောင်းဖျော့ဖျော့လေးများ ပေါ်ထွက်လာတော့သည်။ ၎င်းမှာ ရှေ့နောက် ကူးလူးလှုပ်ရှားနေပြီး သူမထံ နှစ်ပတ်ခန့် ဝဲပျံပြီးနောက် မျက်ခုံးနှစ်ခုကြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့၏။ သူမ၏ မျက်ခုံးနှစ်ခုကြား၌ အပြာရောင်ကြာပွင့်တစ်ခု ချက်ချင်း ပေါ်ထွက်လာပြီးနောက် လင်းလက်လာတော့သည်။

ချင်းယွမ်သည် အပြာရောင်ကြာပွင့်ကို မြင်လိုက်ရချိန်တွင် ပိုမို စိတ်လှုပ်ရှားသွားရတော့သည်။ တစ်လောကလုံးတွင် ဆိုးယုတ်သူတစ်ပါး တစ်ဦးတည်းသာ အပြာရောင်ကြာပွင့်ကို ပိုင်ဆိုင်ပြီး ထိန်းချုပ်နိုင်၏။ တစ်လောကလုံးတွင် ဆိုးယုတ်သူတစ်ပါး တစ်ဦးတည်းသာ မိုးမြေ၏ ချုပ်နှောင်မှုများကို ဖောက်ထွက်နိုင်စွမ်း ရှိပေသည်။ ဆိုးယုတ်သူတစ်ပါးသည်သာ သူမ၏ သမီးကို ပြန်လည် အသက်ရှင်စေနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။ သူမသည် ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေမိ၏။

လုကျိုးသည် သူ၏လက်ကို တစ်ချက် ခါယမ်းလိုက်ရာ စာလိပ်တစ်ခု ထွက်ပေါ်လာသည်။

လူတိုင်းသည် ထိုစာလိပ်ကို မြင်တွေ့ရသော်လည်း အတွင်းရှိ အကြောင်းအရာများကိုမူ မမြင်နိုင်ကြပေ။ တစ်စုံတစ်ခုသော စွမ်းအားက သူတို့ကို မမြင်နိုင်စေရန် တားဆီးထားသကဲ့သို့ပင်။ လုကျိုးသည် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ သူ၏ စိတ်အာရုံမှာ စာလိပ်အတွင်းသို့ စီးဝင်သွားတော့သည်။ သူသည် မည်သည့်အရာမျှ မရှိသော မှောင်မိုက်ကျယ်ပြောလှသော ကမ္ဘာတစ်ခုအတွင်းသို့ ထပ်မံ ရောက်ရှိသွားပြန်၏။ ယခင်ကကဲ့သို့ပင် ဆိုးယုတ်သူတစ်ပါး၏ အသံမှာ သူ၏ နားထဲတွင် ဟိန်းထွက်လာတော့သည်။

“ဘယ်သူမှ ထာဝရ မရှင်သန်နိုင်ဘူး”

လုကျိုးသည် ဤစကားကို သုံးကြိမ်တိုင်တိုင် ကြားလိုက်ရသည်။

ခေတ္တအကြာတွင်...

“မဟုတ်ဘူး... ငါ ဒါကို လက်မခံနိုင်ဘူး”

ဤစကားများမှာ ယခင်စကားများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

ဤအချက်မှာ ဆိုးယုတ်သူတစ်ပါးသည် 'ဘယ်သူမှ ထာဝရ မရှင်သန်နိုင်ဘူး' ဟူသော စကားကို သဘောမတူကြောင်း ပြသနေသည်ဟု လုကျိုး ယူဆလိုက်သည်။ ၎င်းက ဆိုးယုတ်သူတစ်ပါးသည် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းထက် ထာဝရအသက်ရှင်နိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပုံရကြောင်းလည်း ဆိုလိုပေသည်။ ထာဝရအသက်ရှင်ရန်မှာ သေပြီးသားလူကို အသက်ပြန်သွင်းရန်ထက် ပို၍ ခက်ခဲသည် မဟုတ်ပါလော။

လုကျိုး၏ စိတ်အာရုံမှာ အဆုံးမဲ့ မှောင်မိုက်မှုအတွင်း၌ လွင့်မျောနေ၏။ သူသည် အဝေးမှ ရွှေရောင်အလင်းတန်းတစ်ခုကို မြင်တွေ့ရသည်အထိ လွင့်မျောနေခဲ့သည်။ သူ၏ စိတ်အာရုံမှာ ထိုရွှေရောင်အလင်းတန်းဆီသို့ ရောက်ခါနီးအချိန်တွင် လှိုင်းလုံးများပမာ စွမ်းအင်များက သူ့ကို နောက်သို့ တွန်းထုတ်လိုက်ကြသည်။ လူသားများကို အနားမကပ်စေလိုသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် အသံတစ်ခု သူ၏ နားထဲ၌ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“နတ်ဘုရားအဆင့် အထွတ်အထိပ်သက်ရှိ တစ်ဦး ဖြစ်လာမှသာ ကုသိုလ်ကျောက်တုံးရဲ့ အနီးကို ငါ ချဉ်းကပ်နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ ပျက်စီးသွားလိမ့်မယ်”

ဝူး

ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ပိုမို ပြင်းထန်လာပြီး ရွှေရောင်သင်္ကေတများမှာ ပေါက်ကွဲထွက်ပေါ်လာကာ မှောင်မိုက်မှုကို တောက်ပသော နေမင်းကြီးပမာ လင်းထိန်သွားစေတော့သည်။

လုကျိုးသည် မိုင်ပေါင်း သောင်းချီ ကျယ်ပြန့်သော ထိုကမ္ဘာကြီးကို ငေးကြည့်နေမိ၏။ ၎င်းမှာ ပန်းချီကားတစ်ချပ်ပမာ လှပနေပြီး ပန်းများ ဝေဆာနေသော နွေဦးရာသီနှင့်ပင် တူလှပေသည်။ သို့သော်လည်း ခဏအတွင်းမှာပင် အမှောင်ထုမှာ ပြန်လည် ရောက်ရှိလာတော့သည်။

ကုသိုလ်ကျောက်တုံးမှ အလင်းတန်းမှာ တဖြည်းဖြည်း မှိန်သွားသလို ရွှေရောင်သင်္ကေတများမှာလည်း အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားတော့သည်။

သင်းပျံ့တောင်ကြား ရှေးဟောင်းအဆောက်အအုံအတွင်း၌။

လူတိုင်းသည် ဆန်းကြယ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ ပြန်လည်ရှင်သန်ခြင်း နည်းလမ်း စာလိပ်အတွင်းမှ ရွှေရောင်သင်္ကေတများမှာ တစ်ခုပြီးတစ်ခု ပျံထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုသင်္ကေတများသည် အသက်ဓာတ် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ထိုအမျိုးသမီးငယ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့၏။

လူတိုင်း အံ့ဩတကြီးဖြင့် ရေရွတ်လိုက်ကြသည်။

“ဒါက...”

“ဒါက ပြန်လည်ရှင်သန်ခြင်း နည်းလမ်းလား”

လူတိုင်း စိတ်လှုပ်ရှားသွားကြရ၏။

ထိုအချိန်တွင် သင်းပျံ့တောင်ကြားမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ဖန်လီထန်းက အမိန့်ပေးလိုက်သည်။ “လူစုခွဲပြီး မျှော်နန်းသခင်ကို ကာကွယ်ကြစမ်း”

“နားလည်ပါပြီ”

လူတိုင်းသည် အပြင်သို့ ပျံထွက်သွားကြပြီး အရပ်မျက်နှာ ရှစ်ခုကို စောင့်ကြပ်လိုက်ကြသည်။ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ၊ ချင်းယွမ်အသိုက်မှ လူများနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များအားလုံးမှာ သတိကြီးစွာဖြင့် စောင့်ကြပ်နေကြ၏။

မြေပြင်မှာ ဆက်လက်၍ တုန်ခါနေဆဲပင်။

လုလီက မျက်မှောင်ကျုံ့လျက် သက်ပြင်းချကာ ပြောလိုက်၏။

“သေပြီးသားလူကို အသက်ပြန်သွင်းတာက ကောင်းကင်ဘုံကို အန်တုတာပဲ။ ငါတို့ အခုလို လုပ်နေတာက ကောင်းကင်ရဲ့ အမျက်ဒေါသကို ဖိတ်ခေါ်လိုက်တာများလား”

…

All Chapters