အခန်း ၁၅၈၂
Vol. 106 Ch. 1582
အခန်း (၁၅၈၂) နတ်ဘုရားတာအို စွမ်းအား (၁)
ယခင်က မည်သူမျှ မမြင်တွေ့ဖူးသော၊ အသက်ဓာတ် စွမ်းအင်များ ပြည့်နှက်နေသည့် ထူးဆန်းဆန်းကြယ်လှသော အရှိန်အဝါများသည် ထိုမိန်းကလေးငယ်၏ ခန္ဓာကိုယ်အတွင်းသို့ တဟုန်ထိုး စီးဝင်နေတော့သည်။
ချင်းယွမ်၏ နှလုံးခုန်နှုန်း အလွန်အမင်း မြန်ဆန်နေ၏။ သူမသည် နှစ်ပေါင်း တစ်သိန်းကျော်တိုင် ရှင်သန်လာခဲ့သူ ဖြစ်သော်လည်း သူမ၏ သမီးကို အသက်ပြန်သွင်းနိုင်တော့မည်ဟူသော အတွေးက သူမကို စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေသည်။
ဝူး ဝူး ဝူး
မြေပြင်ကြီး တုန်ခါလာသည်နှင့်အမျှ သင်္ကေတများမှာလည်း တဝီဝီ မြည်ဟည်းလာကြသည်။ ချင်းယွမ်သည် စောင့်ကြည့်နေရင်း ပို၍ပင် အံ့ဩတုန်လှုပ်နေမိ၏။ ဘာပဲဖြစ်ဖြစ် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းကို မည်သူမျှ မျက်မြင်မတွေ့ဖူးကြပေ။ ဤသည်မှာ လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည့် နည်းလမ်းမျိုး မဟုတ်ပါလော။
ဝှစ်
ပြန်လည်ရှင်သန်ခြင်း စာလိပ်သည် လေထဲတွင် ဖဲကြိုးတစ်စပမာ ဝဲပျံနေပြီး ထို့နောက်တွင် နဂါးတစ်ကောင်ကဲ့သို့ ထိုမိန်းကလေးကို ဝဲပျံရစ်ပတ်လိုက်တော့သည်။ ၎င်းနောက်တွင် ဆူနာမီလှိုင်းလုံးကြီးပမာ ပြင်းထန်လှသော စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုပြင်းထန်လှသော စွမ်းအားများကို အာရုံခံမိလိုက်ချိန်တွင် ချင်းယွမ်သည် နောက်သို့ အလျင်အမြန်ပင် ဆုတ်ခွာလိုက်ရသည်။
ဘုန်း
ရှေးဟောင်းအဆောက်အအုံကြီးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ပြိုပျက်သွားရတော့သည်။ အုတ်ပုံများနှင့် အပျက်အစီးများမှာ လေထဲ၌ လွင့်စဉ်သွားသော်လည်း ထူးဆန်းသည်မှာ ထိုအပျက်အစီးများမှာ လေထဲတွင်ပင် ရပ်တန့်အေးခဲနေခြင်းပင် ဖြစ်သည်။ ဤနေရာကို စောင့်ကြပ်နေကြသော လူများမှာလည်း ထိတ်လန့်တကြား ကြည့်နေမိကြ၏။
“ဒီလောက်အထိ တိကျတဲ့ ထိန်းချုပ်မှုနဲ့ ဆန်းကြယ်တဲ့ စွမ်းအားမျိုးလား...”
“မျှော်နန်းသခင်လုကတော့...”
အစမှအဆုံးအထိ လုကျိုး၏ မျက်နှာထားမှာမူ ပြောင်းလဲခြင်း မရှိပေ။ သူသည် အဆောက်အအုံ ပြိုပျက်သွားသည်ကို ဂရုမမူဘဲ စာလိပ်ပေါ်သို့သာ အာရုံစိုက်ထားသည်။ သူသည် စာလိပ်အတွင်းမှ စီးထွက်လာသော စွမ်းအင်များကို အာရုံခံမိနေပြီး အမှားအယွင်း အနည်းငယ်မျှ ရှိခဲ့လျှင် ကျရှုံးသွားနိုင်ကြောင်း သိရှိနေ၏။ သူသည် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“နတ်ဘုရားတာအို စွမ်းအားလား...”
“တင်း သင်သည် နတ်ဘုရားတာအို စွမ်းအားကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားပါပြီ။ ကျေးဇူးပြု၍ ဆက်လက် ကြိုးစားပါဦး”
လုကျိုးသည် စနစ်၏ အသိပေးချက်ကြောင့် အာရုံပျံ့လွင့်မသွားခဲ့ပေ။
“တက်ခဲ့စမ်း”
လုကျိုးက အမိန့်ပေးလိုက်ရာ ထိုမိန်းကလေးမှာ ကောင်းကင်ယံသို့ ပိုမို မြင့်တက်သွားသည်။ သင်္ကေတများမှာလည်း ကောင်းကင်ယံမှ ကြယ်တာရာများပမာ သူမကို ဝန်းရံနေကြတော့သည်။ ထိုအခိုက်အတန့်တွင် ပိုမိုကြီးမားသော သင်္ကေတများ ပေါ်ထွက်လာသည်။ ၎င်းတို့သည် သူမ၏ ခန္ဓာကိုယ်နှင့် ထူးကဲချီသွေးကြောရှစ်ခုအတွင်းသို့ မဝင်ဘဲ မြေပြင်ပေါ်သို့သာ ကျဆင်းသွားကြ၏။
ပထမဆုံး သင်္ကေတ မြေပေါ်သို့ ကျချိန်တွင် မြေပြင်မှာ အနည်းငယ် တုန်ခါသွားပြီး ဒုတိယမြောက် သင်္ကေတ ကျလာသောအခါ တုန်ခါမှုမှာ ပိုမို ပြင်းထန်လာတော့သည်။ တတိယနှင့် စတုတ္ထမြောက် သင်္ကေတများ ကျလာချိန်တွင်မူ လေထဲ၌ ရပ်တန့်နေသော အပျက်အစီးများမှာ နောက်ဆုံးတွင် မြေပေါ်သို့ ဝုန်းကနဲ ပြုတ်ကျလာကြတော့သည်။ လုကျိုးက သူ၏ ဝတ်ရုံလက်ကို ခါယမ်းလိုက်ရာ ထိုအပျက်အစီးများမှာ လွင့်ထွက်သွားတော့၏။
လူတိုင်း အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။
“သူက နတ်ဘုရားတစ်ပါးနဲ့ မတူဘူးလား”
“မျှော်နန်းသခင်လုက တောင်ကို ရွှေ့ပြီး ပင်လယ်ကို မွှေနိုင်တဲ့ စွမ်းအား တကယ်ပဲ ရှိတာလား”
ကျင့်ကြံသူများအတွက် ဖျက်ဆီးခြင်းမှာ လွယ်ကူလှပြီး မည်သည့် စွမ်းရည်မျှ မလိုအပ်ပေ။ ဖျက်ဆီးခြင်းမှာ တည်ဆောက်ခြင်းထက် အမြဲတမ်း ပို၍ လွယ်ကူစမြဲပင်။ သေပြီးသားလူကို အသက်ပြန်သွင်းခြင်းမှာမူ တည်ဆောက်ခြင်းထက်ပင် အဆပေါင်းများစွာ ပို၍ ခက်ခဲလှပေသည်။
သင်္ကေတများ မြေပေါ်သို့ ကျဆင်းသွားသည်နှင့်အမျှ လုကျိုး၏ စိတ်အာရုံမှာ ဧရာမ ဝဲဂယက်ကြီးတစ်ခု၏ ဆွဲငင်မှုကြောင့် စာလိပ်အတွင်းရှိ မှောင်မိုက်သော ကမ္ဘာအတွင်းသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ကုသိုလ်ကျောက်တုံးမှာ ယခင်ကထက် ပိုမို မှိန်သွားပြီး ခေတ္တအတွင်းမှာပင် လုံးဝ မှောင်အတိ ကျသွားတော့သည်။
ပြီးနောက် လုကျိုး၏ စိတ်အာရုံမှာ စာလိပ်အတွင်းမှ ပြန်လည် ထွက်ခွာလာခဲ့သည်။ သူသည် လေထဲတွင် ဝဲပျံနေသော မိန်းကလေးကို ကြည့်လိုက်၏။ သူမ၏ ပတ်ပတ်လည်ရှိ ထူးခြားသော စွမ်းအားများကြောင့် သူ အံ့ဩနေမိသည်။ ထိုစွမ်းအင်ကို သူ မရှင်းပြနိုင်သလို နားလည်း မလည်နိုင်ပေ။ သူသည် သေသေချာချာ မြင်တွေ့နိုင်ရန်အတွက် အမြင်အာရုံစွမ်းအားကို အသုံးပြုလိုက်သည်။
အမြင်အာရုံစွမ်းအားဖြင့် ကြည့်လိုက်သောအခါ သင်္ကေတများ ထိတွေ့ရာ နေရာများမှ စိမ်းဖျော့ဖျော့ မီးခိုးငွေ့ကဲ့သို့သော စွမ်းအင်များ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။ စွမ်းအင် ထိန်းသိမ်းခြင်း နိယာမအရ စွမ်းအင်တိုင်းတွင် ရင်းမြစ်နှင့် ဦးတည်ရာ ရှိရပေမည်။ လုကျိုး မြေပြင်ကို ငုံ့ကြည့်လိုက်မိ၏။
“ကမ္ဘာမြေကြီးလား...”
သူသည် ချောက်နက်ကြီးအတွင်း၌ မြင်တွေ့ခဲ့ရသော နဂါးငွေ့တန်းကို ပြန်လည် သတိရလိုက်မိသည်။ ချောက်နက်ကြီးအတွင်း နှစ်ပေါင်း ၁၀၀ တိုင် ကျင့်ကြံနေစဉ်တွင် ကမ္ဘာမြေ၏ စွမ်းအားများသည် သူ၏ စွမ်းအားဗဟိုချက်အတွင်းသို့ အဆက်မပြတ် စီးဝင်ခဲ့ပြီး သူ၏ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကိုလည်း များစွာ တိုးတက်စေခဲ့သည် မဟုတ်ပါလော။
ဘုန်း
ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုကြောင့် လုကျိုး သတိပြန်ဝင်လာခဲ့သည်။ ထိုစဉ် ဆောင်းဦးနှင်းစက်တောင်၏ တပည့်ကြီး ဟွားယင်က အော်ဟစ်လိုက်သည်။ “သတိထားကြ ရှေးဟောင်း အစီအရင်က ကျိုးပျက်တော့မယ်”
ချင်းယွမ်မှာ မယုံကြည်နိုင်သကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ယခင်က ဖောက်ထွင်းမြင်နေရသော အစီအရင်မှာ ယခုအခါ လင်းလက်လာပြီး ပြင်းထန်စွာ တုန်ခါနေသည်။
“ကျုပ် ထိန်းထားပေးမယ်” အော်ဟစ်ကာ ချင်းယွမ်သည် သူမ၏ မူလသဏ္ဌာန်သို့ ပြောင်းလဲလိုက်ပြီး တောင်ပံများကို ဖြန့်ကာ ပျံတက်သွားတော့သည်။ ကျန်သော ချင်းယွမ်အသိုက်မှ လူများလည်း သူမ၏ နောက်မှ လိုက်ပါ ပျံတက်သွားကြ၏။
ဝှစ်
ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူများ၏ စွမ်းအားများသည် ပြိုလဲလုနီးပါး ဖြစ်နေသော အစီအရင်ကို ထိန်းသိမ်းရန်အတွက် အလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။ ဤအခိုက်အတန့်တွင် ကမ္ဘာပျက်တော့မည့် ခံစားချက်မျိုး ပေါ်ပေါက်နေသဖြင့် လူတိုင်း စိုးရိမ်ထိတ်လန့်နေကြ၏။ လုကျိုးကမူ ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ စာလိပ်ကို ဆက်လက် ထိန်းချုပ်နေဆဲပင်။
ယခုတစ်ကြိမ်တွင် သူ သေချာပေါက် အောင်မြင်မည်ဟု ခံစားနေရသည်။ မြေပြင်မှ စိမ်းဖျော့ဖျော့ စွမ်းအင်များ ပိုမို ထွက်ပေါ်လာသည်နှင့်အမျှ ထိုခံစားချက်မှာ ပိုမို ပြင်းထန်လာတော့သည်။ သို့သော်လည်း စာလိပ်၏ စွမ်းအားကြောင့် ရှေးဟောင်းအစီအရင်မှာ ဒဏ်ခံနေရ၏။ အရံအတားမှာ အလွန် အစွမ်းထက်လှသော်လည်း ချင်းယွမ်တို့၏ စွမ်းအားအားလုံးကို အသုံးပြုလျှင်ပင် ခေတ္တမျှသာ ထိန်းထားနိုင်ပေလိမ့်မည်။
ဒိုင်း
အရံအတားမှာ စာလိပ်မှ ကန်ထွက်လာသော စွမ်းအားများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ ချင်းယွမ်သည်လည်း မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားတော့၏။ ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ ရှေးဟောင်းအစီအရင်မှာ အစိတ်စိတ်အမြွှာမြွှာ ကျိုးပျက်သွားတော့သည်။
အပြင်ဘက်မှ ပြင်းထန်သော လေမုန်တိုင်းများမှာ သင်းပျံ့တောင်ကြား အတွင်းသို့ တိုးဝင်လာတော့သည်။ ပန်းများမှာ မျက်စိရှေ့တင် ညှိုးနွမ်းသွားကြ၏။
“ရှေးဟောင်းအစီအရင် မရှိတော့ဘူး”
ချင်းယွမ်မှာ မြေပေါ်သို့ ကျဆင်းပြီးနောက် အားကိုးရာမဲ့စွာဖြင့် ကောင်းကင်ကို ကြည့်နေမိသည်။ သူတို့ နှစ်ပေါင်း တစ်သိန်းတိုင် နေထိုင်ခဲ့သော သင်းပျံ့တောင်ကြားမှာ ယခုတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ဤနေရာအပေါ် သံယောဇဉ် မည်သို့ မရှိဘဲ နေမည်နည်း။ ပြာလဲ့သော ကောင်းကင်ယံမှာလည်း မှောင်အတိ ကျသွားတော့သည်။
…