အခန်း ၁၅၈၃
Vol. 106 Ch. 1583
အခန်း (၁၅၈၃) နတ်ဘုရားတာအို စွမ်းအား (၂)
ရံဖန်ရံခါတွင် ကြမ်းတမ်းခက်ထန် သားရဲကြီးများစွာ အုပ်စုလိုက် ဖြတ်သန်းသွားလာနေကြသည်။ ဤသည်မှာ မျှခြေပျက်ယွင်းမှု၏ ဖြစ်စဉ်နှင့် ဆင်တူလှပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ နှင့် နှိုင်းယှဉ်လျှင် မျှခြေပျက်ယွင်းမှုမှာ အနည်းငယ် လျော့ပါးလာပြီး တည်ငြိမ်သော အခြေအနေသို့ ဦးတည်နေပြီ ဖြစ်သည်။
ချင်းယွမ်သည် သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ လုကျိုးနှင့် သူမ၏ သမီးဖြစ်သူကို တစ်လှည့်၊ မြေပြင်ကို တစ်လှည့် ကြည့်လိုက်မိသည်။
ခွမ်း
မြေပြင်ကြီးမှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး ခဏချင်းမှာပင် ပင့်ကူအိမ်သဏ္ဌာန် ပြန့်နှံ့သွားတော့သည်။
“သတိထားကြ”
ထိုအချိန်တွင် သင်းပျံ့တောင်ကြား၏ အထက်ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းမှာ ကောင်းကင်ဘုံက မျက်လုံးဖွင့်ကြည့်လိုက်သကဲ့သို့ပင်။
“သတိထား ဒါက ဧရာမ သင်္ကေတလမ်းကြောင်း တစ်ခုပဲ” ကျောင်းဟုန်ဖုက အော်ဟစ်လိုက်၏။
သင်္ကေတလမ်းကြောင်းအတွင်းမှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။ သူတို့အားလုံး၏ ကျောပြင်တွင် တောင်ပံတစ်စုံစီ ရှိနေကြ၏။ ယင်းကို မြင်သောအခါ ချင်းယွမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
“တောင်ပံမျိုးနွယ်စုလား”
“တောင်ပံမျိုးနွယ်စု ဟုတ်လား” ဖန်ကျန့်က မေးလိုက်သည်။
“ဟုတ်တယ်”
တောင်ပံမျိုးနွယ်စုဝင်များသည် စနစ်တကျ စီတန်းလိုက်ကြပြီးနောက် နောက်ဆုံး တောင်ပံမျိုးနွယ်စုဝင်တစ်ဦးမှာ သင်္ကေတလမ်းကြောင်းမှ ဆင်းသက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ဖြာထွက်နေပြီး သူ၏ တောင်ပံများသည်လည်း အခြားသူများထက် များစွာ ကြီးမားလှပေသည်။ သို့သော် သူ၏ ရုပ်ရည်မှာမူ အတော်လေး ကြည့်မကောင်းလှပေ။ သူ၏ ပါးစပ်မှာ ရှည်ထွက်နေပြီး မြေခွေး သို့မဟုတ် ကြွက်နှင့် တူနေကာ တစ်ကိုယ်လုံးမှာလည်း မည်းမှောင်နေ၏။ သူသည် အခြားသူများထက် ပို၍လည်း အရပ်ရှည်ပြီး ထွားကြိုင်းလှပေသည်။
“ဒါ တောင်ပံမျိုးနွယ်စုရဲ့ စစ်သူကြီး ဖေးတန်းပဲ” ချင်းယွမ်က အော်ပြောလိုက်သည်။
“မင်း သူ့ကို သိလို့လား”
“အမှန်တော့ တောင်ပံမျိုးနွယ်စုဆိုတာ မျိုးနွယ်စုတစ်ခုတည်း မဟုတ်ဘူး။ ပျံသန်းနိုင်စွမ်းရှိတဲ့ တခြားမျိုးနွယ်စုတွေနဲ့ စုဖွဲ့ထားတာ။ စစ်သူကြီး ဖေးတန်းက ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ တစ်ဦးပဲ။ သူက နတ်ဘုရင် အငယ်စား တစ်ပါးရဲ့ စွမ်းအားမျိုး ရှိတယ်”
ဖန်ကျန့်က စပ်စုလိုသောစိတ်ဖြင့် မေးမြန်းလိုက်သည်။ “ဒါဆိုရင် ဘာလို့ ချင်းယွမ်အသိုက်က တောင်ပံမျိုးနွယ်စုနဲ့ အတူမရှိတာလဲ”
ဤနေရာတွင် ချင်းယွမ်သည် သူတို့ အန္တရာယ်ရှိနေသည်ကိုပင် မေ့သွားပုံရပြီး အနေခက်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ချင်းယွမ်အသိုက်က တောင်ပံမျိုးနွယ်စုရဲ့ စမ်းသပ်မှုကို ကျရှုံးခဲ့လို့ပါ...”
“စိတ်မကောင်းပါဘူး၊ မင်းရဲ့ အားနည်းချက်ကို ထိုးဆွဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး”
ထိုအခိုက်တွင် ကောင်းကင်ယံရှိ တောင်ပံမျိုးနွယ်စုဝင်များသည် အောက်သို့ ဆင်းသက်လာကြတော့သည်။ ဖေးတန်း၏ အလင်းတန်းမှာလည်း မှိန်သွားပြီး အထက်မှ ငုံ့ကြည့်လိုက်၏။ ကျန်သော တောင်ပံမျိုးနွယ်စုဝင်များက ဦးညွှတ်လိုက်ကြပြီး တညီတညွတ်တည်း ဆိုလိုက်ကြသည်။
“စစ်သူကြီး... ကျွန်တော်တို့ သင်းပျံ့တောင်ကြားကို ရောက်ပါပြီ”
ဖေးတန်းသည် သင်းပျံ့တောင်ကြား၏ ပတ်ဝန်းကျင်၌ ဝဲပျံနေသော အားနည်းသည့် ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုကျိုးနှင့် သေခြင်းတရား အရှိန်အဝါများ လွှမ်းခြုံနေသော အမျိုးသမီးငယ်ကို စိုက်ကြည့်လိုက်သည်။ သင်းပျံ့တောင်ကြား၏ မြေပြင်ကြီး စတင် တုန်ခါလာချိန်တွင် မဟာအသူရာမြေက ချက်ချင်း အာရုံခံမိလိုက်ခြင်းပင် ဖြစ်သည်။
ဖေးတန်းသည် သင်းပျံ့တောင်ကြားတွင် ရှေးဟောင်းအစီအရင် ရှိနေသည်ကို သိထားသဖြင့် ဤနေရာသို့ ချက်ချင်း အပြေးအလွှား ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းအစီအရင်မှာ ပြိုလဲသွားပြီဖြစ်ကြောင်း သူ မထင်မှတ်ထားခဲ့ပေ။ သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မျက်နှာသေဖြင့် ဆိုလိုက်သည်။
“ပုရွက်ဆိတ်တွေက တောင်ကြီးကို ရွှေ့နိုင်တယ်၊ ပုရွက်ဆိတ်တွေကို အထင်မသေးသင့်ဘူးလို့ ဧကရာဇ်ယွီကို ငါ အမြဲပြောခဲ့တာပဲ။ ကြည့်စမ်း ပုရွက်ဆိတ်တစ်ကောင်က ကမ္ဘာမြေရဲ့ စွမ်းအားကို တကယ်ပဲ လှုပ်ခတ်နိုင်နေပြီပဲ”
“စစ်သူကြီး... ဒီပုရွက်ဆိတ်တွေကို ရှင်းလင်းပစ်ဖို့ ကျွန်တော်မျိုးကို ခွင့်ပြုပါ”
“သွားစမ်း”
ဖေးတန်း၏ အမိန့်အရ တောင်ပံမျိုးနွယ်စုဝင် ငါးဦးမှာ အောက်သို့ ဆင်းသက်လာပြီး လူတိုင်းကို စတင် တိုက်ခိုက်တော့သည်။
ထိုစဉ် ချင်းယွမ်က လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ “ကျုပ် ဖြေရှင်းလိုက်မယ်”
ချင်းယွမ်သည် ကြယ်ကြွေသကဲ့သို့ တောင်ပံမျိုးနွယ်စုဝင် ငါးဦးထံသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။
ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး ဓားအလင်းတန်းများ ဝင်းလက်သွားတော့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းယွမ်သည် တောင်ပံမျိုးနွယ်စုဝင် ငါးဦးကို အနိုင်ယူလိုက်သည်။ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်နေသော အလောင်းငါးလောင်းမှာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျလာတော့၏။
ချင်းယွမ်၏ စွမ်းအားကို တစ်ခါမျှ မမြင်ဖူးကြသော မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာ သူမ၏ အစွမ်းကြောင့် မှင်တက်သွားကြရသည်။ ထိုတောင်ပံမျိုးနွယ်စုဝင် ငါးဦး၏ ကျင့်ကြံမှုမှာ မနိမ့်ပါသော်လည်း သူမကိုမူ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ချင်းယွမ်က မော့ကြည့်ကာ လှမ်းခေါ်လိုက်သည်။ “စစ်သူကြီး ဖေးတန်း”
ဖေးတန်းက မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဟိန်းထွက်နေသော အသံဖြင့် ဆိုလိုက်သည်။
“ချင်းယွမ်လား”
“ဒါ ချင်းယွမ်အသိုက်ရဲ့ နယ်မြေပဲ။ ငါ စ မသတ်ခင် အခုချက်ချင်း ထွက်သွားလိုက်စမ်း”
ချင်းယွမ်က ပြောလိုက်၏။
ဖေးတန်းက ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။ “မင်းကလည်း ရှေးဟောင်း သူတော်စင်သတ်ဖြတ်သူ တစ်ဦးပဲဆိုတော့ အနည်းဆုံးတော့ နတ်အရှင် တစ်ပါး ဖြစ်သင့်တာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက ချင်းယွမ်အသိုက်ဟာ ဧကရာဇ်ယွီရဲ့ တောင်ပံမျိုးနွယ်စုထဲ ဝင်ခွင့်ရဖို့ ဒူးထောက်တောင်းပန်ခဲ့တာတွေကို မင်း ဒီလောက်အလွယ်တကူ မေ့သွားတာလား”
ချင်းယွမ် အနည်းငယ် ဒေါသထွက်သွားသော်လည်း သူမက ပြန်ပြောလိုက်သည်။
“အဲဒီတုန်းက ငါတို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ။ ဘယ်သူက အသက်ရှင်မနေချင်ဘဲ နေမှာလဲ”
“နှမြောစရာကောင်းတာက ချင်းယွမ်တွေဟာ ဧကရာဇ်ယွီရဲ့ အာရုံစိုက်မှုကို ခံရဖို့ မထိုက်တန်ခဲ့သလို အခုထိလည်း မထိုက်တန်သေးဘူး။ မင်းတို့ကတော့ ဒီတောင်ကြားလေးကို စောင့်ကြပ်ဖို့ပဲ ကံပါလာတာပေါ့။ ကမ္ဘာမြေရဲ့ စွမ်းအားကို ဘယ်သူ လှုပ်ခတ်နေတာလဲလို့ ငါ တွေးနေတာ... တကယ်တော့ မင်းတို့ ချင်းယွမ်အသိုက်ရဲ့ လက်ချက်ကိုး။ ကမ္ဘာမြေကြီး ကွဲအက်သွားအောင် လုပ်လိုက်တဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို မင်း သိရဲ့လား” ဖေးတန်းက လေးနက်စွာ မေးမြန်းလိုက်သည်။
“နောက်ဆက်တွဲ အကျိုးဆက်တွေကို ငါ ဂရုမစိုက်ဘူး။ ဧကရာဇ်ယွီ ကိုယ်တိုင် လာရင်တောင် ငါ ဂရုမစိုက်ဘူး” ချင်းယွမ်က ပြောလိုက်၏။
“ရိုင်းလှချည်လား”
ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာတော့သည်။
ဘုန်း
ချင်းယွမ်သည် သူမ၏လက်ကို အထက်သို့ မြှောက်ကာ ဖေးတန်း၏ အသံလှိုင်းကို တန်ပြန်နိုင်ရန် ပိုမိုပြင်းထန်သော အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် သူမသည် အောက်သို့ နိမ့်ဆင်းသွားရပြီး ဟန်ချက်ပင် ပျက်လုနီးပါး ဖြစ်သွားခဲ့ရ၏။
“နှစ်ပေါင်း တစ်သိန်းကြာသွားတာတောင် မင်းက ဘာမှ မတိုးတက်လာသေးဘူးပဲ” ဖေးတန်းက ခပ်အေးအေး ဆိုလိုက်သည်။
ချင်းယွမ်သည် လုကျိုးနှင့် အသက်ဓာတ် စွမ်းအင်များ စီးဝင်နေသော သူမ၏ သမီးဖြစ်သူဆီသို့ လှည့်ကြည့်လိုက်မိသည်။ သူမ၏ သမီးထံတွင် အသက်ပြန်ဝင်လာပုံရပြီး အရေးကြီးသော အခိုက်အတန့်တွင် သူမ၏ သမီး၏ နှလုံးခုန်သံကို သူမ ကြားလိုက်ရသလို ခံစားလိုက်ရ၏။
ဒုတ်
ထိုအသံမှာ ကျယ်လောင်ခြင်း မရှိပါသော်လည်း ချင်းယွမ်၏ တစ်ကိုယ်လုံးကို တုန်ရီသွားစေပြီး မျက်လုံးများပါ နီမြန်းလာစေတော့သည်။
“သူမ အသက်ရှင်နေပြီ”
မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့ဝင်များနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာ များစွာ ဝမ်းမြောက်သွားကြတော့သည်။ ပထမဆုံး နှလုံးခုန်သံနှင့်အတူ သေခြင်းတရား အရှိန်အဝါများမှာလည်း စတင် လွင့်ပြယ်သွားတော့၏။
ဖေးတန်းက မျက်မှောင်ကျုံ့လိုက်ပြီးနောက် အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“ဒါ... ပြန်လည်ရှင်သန်ခြင်း နည်းလမ်း လား။ ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
တောင်ပံမျိုးနွယ်စုမှ နတ်ဘုရင် တစ်ပါးအနေဖြင့် ဖေးတန်းသည် လူသားတစ်ဦးက ဤကဲ့သို့သော အရာကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းကလည်း မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သလို နှစ်ပေါင်း တစ်သိန်းအကြာတွင်လည်း မည်သူမျှ မလုပ်ဆောင်နိုင်သင့်ပေ။ သေဆုံးခြင်းဆိုသည်မှာ ပြောင်းလဲ၍မရသော အရာတစ်ခု မဟုတ်ပါလော။
“မင်းတို့ ပုရွက်ဆိတ်တွေ သေဖို့သာ ပြင်ထားကြစမ်း”
ဟိန်းဟောက်သံနှင့်အတူ ဧရာမ လက်ဝါးစည်းတံဆိပ်တစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။ ယင်းကို မြင်သောအခါ ချင်းယွမ်သည် ကြယ်ကြွေသကဲ့သို့ လက်ဝါးစည်းတံဆိပ်ဆီသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။
…