အခန်း ၁၅၈၄
Vol. 106 Ch. 1584
အခန်း (၁၅၈၄) နတ်ဘုရားတာအို စွမ်းအား (၃)
ဘုန်း
ချင်းယွမ်၏ ထက်မြက်လှသော ဓားသွားသည် လက်ဝါးစည်းတံဆိပ်ကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်ပြီးနောက် သူမသည် ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် ဖေးတန်းသည် ချင်းယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး အံကြိတ်လျက် ဆိုလိုက်၏။
“နတ်အရှင်ဆိုတာ နတ်အရှင်ပါပဲ။ နတ်အရှင်နဲ့ နတ်ဘုရင်ကြားက ကွာဟချက်ကို ငါ မင်းကို ပြသပေးပါ့မယ်”
ဝှစ်
လေထုအတွင်းရှိ ဧရိယာအနည်းငယ်မှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ ဖေးတန်း၏ လက်ချောင်းများမှာ မည်းနက်သော လက်သည်းကုတ်များအဖြစ် ပြောင်းလဲသွားပြီး ထိုလက်သည်းများမှာ ချင်းယွမ်၏ နှလုံးသားဆီသို့ ဦးတည်ကာ ထိုးစိုက်လာတော့သည်။ ထိုစဉ် ချင်းယွမ်သည် သူမကိုယ်သူမ ရုန်းထွက်လိုက်ပြီး အလင်းတန်းများဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။
ဘုန်း
ဖေးတန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်ပြီးနောက် ချင်းယွမ်သည် နောက်သို့ ကိုက်ရာပေါင်းများစွာ လွင့်စဉ်သွားရသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဖေးတန်းသည် ချင်းယွမ်၏ ရှေ့၌ ထပ်မံ ပေါ်လာပြန်၏။ သူသည် မုန်တိုင်းတစ်ခုပမာ ပြင်းထန်လှသော တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ချင်းယွမ်အပေါ်သို့ ဆင့်ကာဆင့်ကာ တိုက်ခိုက်တော့သည်။
ဖေးတန်းကို အောင်ပွဲရစစ်သူကြီးဟုလည်း လူသိများကြ၏။ သူသည် တောင်ပံမျိုးနွယ်စု၏ အစွမ်းထက်ဆုံးသော စစ်သည်တော် ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုပုံစံမှာ တိုက်ရိုက်ကျပြီး ရူးသွပ်လှ၏။ သူသည် မျိုးနွယ်စုအတွင်း စစ်ပွဲအတွေ့အကြုံ အရှိဆုံးသူလည်း ဖြစ်သည်။ ကျင့်ကြံသူ အမြောက်အမြားမှာ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက သူသည် တောင်ပံမျိုးနွယ်စုဝင်များကို ဦးဆောင်ကာ နယ်မြေများနှင့် မြို့ရွာများကို သိမ်းပိုက်ခဲ့ဖူး၏။ နောက်ပိုင်းတွင် သူသည် တောင်ပံမျိုးနွယ်စုအတွင်း ရာထူးများ အဆင့်ဆင့် တိုးတက်လာခဲ့ပြီး သူ၏ အဆင့်အတန်းကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
ဖေးတန်း၏ တိုက်ခိုက်မှုတိုင်းတွင် နိယာမတစ်ခုစီ ပါဝင်နေပေသည်။ အခြားသူများမှာ အဝေးမှ စောင့်ကြည့်နေကြသော်လည်း အရှိန်အဟုန် အလွန် မြန်ဆန်လှသဖြင့် မည်သည်ကိုမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြပေ။ ဖေးတန်း ပြောခဲ့သကဲ့သို့ပင် နတ်အရှင်နှင့် နတ်ဘုရင် ကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှပေသည်။ ချင်းယွမ်သည် ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ခုခံပြီးနောက်တွင်မူ တာအိုစွမ်းအားကို ဆက်လက် အသုံးမပြုနိုင်တော့ပေ။ ထို့အပြင် သူတို့၏ နိယာမများအပေါ် နားလည်သဘောပေါက်မှု ကွာခြားချက်မှာလည်း မိုးနှင့်မြေပမာ ဖြစ်နေတော့သည်။
ဘုန်း
နောက်ဆုံးတွင် ဖေးတန်းသည် ချင်းယွမ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့သည်။ ထို့နောက် သူက မျက်နှာသေဖြင့် အမိန့်ပေးလိုက်၏။
“သူတို့အားလုံးကို သတ်ပစ်ကြစမ်း။ တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနဲ့”
“နားလည်ပါပြီ”
၎င်းနောက်တွင် ဖေးတန်းသည် ချင်းယွမ်၏ သမီးကို ပြန်လည်ရှင်သန်ခြင်း နည်းလမ်းဖြင့် ကုသပေးနေဆဲဖြစ်သော လုကျိုးဆီသို့ သူ၏ အာရုံကို လှည့်လိုက်တော့သည်။ တောင်ပံမျိုးနွယ်စုဝင်များ သင်းပျံ့တောင်ကြားသို့ ဆင်းသက်တော့မည့် အချိန်မှာပင် ထိုအမျိုးသမီးငယ်မှာ ကောင်းကင်ယံမှ ညင်သာစွာ ကျဆင်းလာခဲ့သည်။
လုကျိုးက အမိန့်ပေးလိုက်သည်။ “သူ့ကို စောင့်ရှောက်ထားလိုက်”
ပြီးနောက် ထိုအမျိုးသမီးလေးကို ဘေးဘက်သို့ အသာအယာ တွန်းပို့လိုက်၏။
ဘုန်း
လုကျိုးသည် မြေပြင်ကို ခြေဖြင့် ဆောင့်နင်းလိုက်ပြီး ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားတော့သည်။ ချင်းယွမ်၊ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာ တညီတညွတ်တည်း မော့ကြည့်လိုက်ကြ၏။ လုကျိုးကို ကြည့်လိုက်ရချိန်တွင် သူတို့၏ စိတ်ဓာတ်များမှာလည်း ပြန်လည် နိုးကြားလာတော့သည်။
လုကျိုးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပံမျိုးနွယ်စုဝင်များကြား၌ ပေါ်လာခဲ့သည်။ ၎င်းနောက်တွင် သူ၏ ခြေဖဝါးအောက်၌ ကြာပွင့်တစ်ပွင့် ဖူးပွင့်လာတော့၏။ ဟင်းလင်းပြင်နှင့် အချိန်မှာလည်း ချက်ချင်းပင် အေးခဲသွားတော့သည်။
ဝုန်း
နိယာမများဖြင့် အဆင့်မြှင့်တင်ထားသော နတ်ဘုရားစွမ်းအားသည် တောင်ပံမျိုးနွယ်စုဝင် အားလုံးကို တစ်ပြိုင်နက်တည်း ထိမှန်သွားတော့သည်။ တောင်ပံမျိုးနွယ်စုဝင် အချို့မှာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း လုကျိုး၏ ခြေဖဝါးအောက်ရှိ ကြာပွင့်အတွင်းမှ ကြာပွင့်ကလေးများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုကြာပွင့်ကလေး တစ်ခုချင်းစီတွင် အပြာရောင် လျှပ်စီးတန်းများ ဝင်းလက်နေ၏။ ၎င်းတို့သည် ဝဲကရက်တစ်ခုပမာ လျင်မြန်စွာ လည်ပတ်နေပြီး ထွက်ပြေးရန် ကြိုးစားသော တောင်ပံမျိုးနွယ်စုဝင်များ၏ နှလုံးသားကို ထိုးဖောက်သွားတော့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
ဖေးတန်း၏ မျက်နှာထားမှာ တည်ကြည်သွားတော့၏။
‘သူ့ဆီမှာ အထွတ်အထိပ်သက်ရှိ တစ်ဦးရဲ့ အရှိန်အဝါမျိုး မရှိပါဘဲနဲ့။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက တမင်တကာ သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာလား’
ဖေးတန်းသည် လုကျိုးကို ဆက်လက် အထင်မသေးဝံ့တော့ပေ။ သူသည် ကြယ်ကြွေသကဲ့သို့ လုကျိုးထံသို့ ပျံသန်းသွားပြီး လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။
ဘုန်း
လုကျိုးသည် သူ၏လက်ကို မြှောက်ကာ ဖေးတန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။ တိုက်ကွက်နှစ်ခု ထိတွေ့မိချိန်တွင် တစ်ဦးကိုတစ်ဦး အားပြိုင်နေကြတော့သည်။ လုကျိုး၏ ဆံနွယ်ရှည်များမှာ လေထဲတွင် ဝဲလွင့်နေပြီး သူ၏ ခြေထောက်များမှ ခါးသို့၊ ထိုမှတစ်ဆင့် ခေါင်းအထိ လျှပ်စစ်စီးကြောင်းများမှာ စီးဝင်နေတော့သည်။ ထိုလျှပ်စစ်မီးပွားများမှာ သူ၏ မျက်နှာပေါ်၌ပင် ဝင်းလက်နေ၏ ထို့နောက် သူ၏ မျက်လုံးများမှာ အပြာရောင်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ အကြည့်မှာ နက်ရှိုင်းလှပြီး ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်စွမ်း ရှိပေသည်။
ဖေးတန်းသည် ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားမှာ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်ထွက်လာပြီးနောက် ရေရွတ်လိုက်မိသည်။
“ဆိုး...”
ဘုန်း
လုကျိုးသည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။ ၎င်းနောက်တွင် သူ၏ နတ်ဘုရားစွမ်းအား အားလုံးမှာ နတ်ဘုရားတာအို စွမ်းအား အနည်းငယ်နှင့် ရောနှောကာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထိုပြင်းထန်လှသော စွမ်းအားကြီးက ဖေးတန်း၏ လက်မောင်းကို ဝါးမျိုသွားတော့၏။
“အားးးး”
ဖေးတန်းသည် နောက်သို့ လွင့်စဉ်သွားတော့သည်။ သူသည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အမြီးကုပ်ကာ ထွက်ပြေးတော့၏။ လုကျိုးသည် သူ၏ နတ်ဘုရားစွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်ပြီးနောက် အားနည်းမှုကို ခံစားလိုက်ရသော်လည်း ခဏအတွင်းမှာပင် သူ၏ စွမ်းအားဗဟိုချက်အတွင်းရှိ ချီပင်လယ်မှ သူ၏ နတ်ဘုရားစွမ်းအားများကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးလိုက်သည်။
၎င်းနောက်တွင် လုကျိုးသည် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားကို အသုံးပြုလိုက်ပြီးနောက် သဲနာရီကို ပစ်ထုတ်လိုက်တော့သည်။
“ရပ်တန့်စေ”
…