← Chapters

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း ၁၅၈၅

Vol. 106 Ch. 1585

အခန်း (၁၅၈၅) ၁၄ ချပ်မြောက် ပွင့်ချပ်နှင့် ဆိုးယုတ်သူတစ်ပါး

ဖေးတန်းသည် "ရပ်တန့်စမ်း" ဟူသော စကားသံကို ကြားလိုက်ရချိန်တွင် သူ၏ ဝိညာဉ်ပင် တုန်လှုပ်သွားရပြီး မျက်နှာထက်၌ ကြောက်ရွံ့မှုများ အထင်အသား ပေါ်ပေါက်လာတော့သည်။ သဲနာရီမှာ ဗဟိုချက်၌ တည်ရှိနေပြီး အပြာရောင် လျှပ်စီးတန်းများမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွား၏။ တစ်ခဏအတွင်းမှာပင် သင်းပျံ့တောင်ကြား တစ်ခုလုံးမှာ အပြာရောင်အလင်းတန်းများဖြင့် လင်းထိန်သွားတော့သည်။

သစ်ပင်ပန်းမန်များ၊ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကြမ်းတမ်းခက်ထန်သော သားရဲကြီးများအားလုံးမှာ ရှိရင်းစွဲနေရာများ၌ပင် အေးခဲရပ်တန့်သွားကြရ၏။

လုကျိုး၏ ပထမဆုံး ပစ်မှတ်မှာ ဖေးတန်းပင် ဖြစ်သည်။ ဖေးတန်းသည် နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် သဲနာရီ၏ အကျိုးသက်ရောက်မှုမှ ပထမဆုံး ရုန်းထွက်နိုင်မည့်သူ ဖြစ်သည် မဟုတ်ပါလော။ အချိန်များ ရပ်တန့်နေစဉ်မှာပင် လုကျိုးသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ကြောက်ရွံ့မှုများဖြင့် အေးခဲနေသော ဖေးတန်း၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ သူသည် လက်ကို မြှောက်လိုက်ရာ အမည်မဲ့မှာ ဓားတစ်စင်းအသွင်ဖြင့် ပေါ်ထွက်လာ၏။

ဝှစ်

အမည်မဲ့သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားတော့သည်။ တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် လုံလောက်လှပေသည်။ အချိန်များ ပြန်လည် စီးဆင်းလာချိန်တွင် လုကျိုးသည် သဲနာရီကို ပြန်လည် သိမ်းဆည်းလိုက်၏။

မည်သို့မည်ပုံ ဖြစ်သွားမှန်း မည်သူမျှ မမြင်လိုက်ကြချေ။ သူတို့ မြင်တွေ့လိုက်ရသည်မှာ ရလဒ်သာ ဖြစ်ပေသည်။ ကောင်းကင်ယံရှိ ဖေးတန်း၏ ရင်ဘတ်တွင် သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေခြင်းပင်။ ဒဏ်ရာရနေသော တောင်ပံမျိုးနွယ်စု ဝင်များသည် သူတို့၏ စစ်သူကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိကြသည်။ အောင်ပွဲရစစ်သူကြီးသည် တကယ်ပင် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်သည်။

“စစ်သူကြီး”

တောင်ပံမျိုးနွယ်စုဝင်များသည် အရပ်မျက်နှာအသီးသီးမှ ဖေးတန်းထံသို့ ပျံသန်းလာကြ၏။ သို့သော် ဖေးတန်းက လက်မြှောက်ကာ သူတို့ အနားမကပ်ရန် တားဆီးလိုက်သည်။ တောင်ပံမျိုးနွယ်စုဝင်များသည် ဖေးတန်းက ဘာကြောင့် တားဆီးရသလဲဆိုသည်ကို မသိရှိကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြ၏။ တိုက်ပွဲမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

ဖေးတန်းသည် လုကျိုးကို ကြည့်ရန် ဖြည်းညင်းစွာ လှည့်လိုက်၏။ လုကျိုး၏ ရုပ်သွင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ အပြာရောင် မဟုတ်တော့သလို အပြာရောင် လျှပ်စီးတန်းများလည်း မရှိတော့ပေ။ သို့သော်လည်း သူ၏ ခန့်ညားထည်ဝါပြီး တည်ကြည်လှသော အရှိန်အဝါမှာမူ ရှိနေဆဲပင် ဖြစ်ပြီး သူ၏ ကျူးကျော်၍မရသော အဆင့်အတန်းကို ဖော်ပြနေတော့သည်။

ဖေးတန်းက ခပ်တိုးတိုး ရယ်မောလိုက်၏။ ယခုအခါ သူ၏ မာန်မာနများအားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက ရိုသေစွာဖြင့် မေးမြန်းလိုက်သည်။

“အရှင်... အရှင် ဘာလို့ ဒီကို ရောက်နေတာလဲ”

လူတိုင်း “???”

တောင်ပံမျိုးနွယ်စုဝင်များမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြရသည်။ လုကျိုးက တည်ငြိမ်စွာ မေးမြန်းလိုက်၏။

“မင်းကို ဧကရာဇ်ယွီက စေလွှတ်လိုက်တာလား”

ဖေးတန်းသည် သွေးထွက်ခြင်း ရပ်တန့်စေရန် သူ၏ သွေးကြောမှတ်များကို ပိတ်လိုက်သည်။ ထို့နောက် ငိုအားထက် ရယ်အားသန် ဖြစ်နေသော အမူအရာဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“ဧကရာဇ်ယွီဟာ တောင်ပံမျိုးနွယ်စုကို ဦးဆောင်ပြီး မဟာအသူရာမြေကို စောင့်ကြပ်နေတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံး ပြိုလဲသွားပြီးနောက်မှာတော့ မဟာအသူရာမြေနဲ့ မဟာလေဟာနယ်တို့ဟာ ကမ္ဘာမြေရဲ့ ပြောင်းလဲမှုတွေအပေါ် အရမ်း စိုးရိမ်နေကြတာပါ။ အစောပိုင်းက သင်းပျံ့တောင်ကြားမှာ သိသိသာသာ တုန်ခါမှုတွေကို အာရုံခံမိလို့ ကျုပ် လာကြည့်တာပါ။ ဒါပေမဲ့ အရှင်က...”

ဖေးတန်း တကယ်ပင် နောင်တရနေမိ၏။ အကယ်၍သာ ဆိုးယုတ်သူတစ်ပါး ဤနေရာမှာ ရှိနေမှန်း သိခဲ့လျှင် သေလျှင်ပင် သူ လာလိမ့်မည် မဟုတ်ပေ။ ကံဆိုးတာက နောင်တဆိုသည်မှာ နောင်မှ ရရုံသာ ရှိပေသည်။

လုကျိုးက ပြောလိုက်သည်။

“ဧကရာဇ်ယွီဆီကနေ ငါ ရှင်းလင်းချက် တောင်းရလိမ့်မယ်”

ဖေးတန်းက စိုးရိမ်ပူပန်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

“ကျေးဇူးပြုပြီး ကျုပ်တို့ကို သနားညှာတာပြီး လွှတ်ပေးလို့ မရဘူးလား။ ကျုပ် အရှင့်ကို တမင် စော်ကားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး”

ဖေးတန်းသည် သူရှေ့ရှိ ပုဂ္ဂိုလ်၏ ဂုဏ်ဒြပ်များကို သိရှိထားသည်။ တစ်ဖက်လူမှာ တစ်ချိန်က မဟာလေဟာနယ်ကို လွှမ်းမိုးခဲ့သော ပညာရှင်ကြီး မဟုတ်ပါလော။ သူကဲ့သို့သော နတ်ဘုရင် အဆင့်မျှသာ ရှိသူက တစ်ဖက်လူကို မည်သို့လျှင် ယှဉ်နိုင်ပါမည်နည်း။ သူသည် ပိုးစုန်းကြူးလေး၏ အလင်းမျှသာ ဖြစ်ပြီး၊ တစ်ဖက်လူမှာမူ ထိန်ထိန်လင်းနေသော လမင်းကြီးပင် ဖြစ်သည်။ ကျန်သော တောင်ပံမျိုးနွယ်စုဝင်များမှာလည်း သူတို့ စစ်သူကြီး၏ ရုတ်တရက် နှိမ့်ချသွားသော အမူအရာကြောင့် မှင်တက်နေကြရ၏။

လုကျိုးသည် ချင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖေးတန်းကို မျက်နှာသေဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ချင်းယွမ်အသိုက်က ငါ့လူတွေပဲ။ ငါ မင်းကို ဘယ်လိုများ ညှာတာနိုင်မှာလဲ”

ဖေးတန်းသည် ချင်းယွမ်ကို ကြည့်ရင်း ရင်တုန်သွားရ၏။ သူက စိတ်ထဲမှ တွေးနေမိသည်။

‘ချင်းယွမ်အသိုက်က ဘယ်တုန်းကတည်းက ဒီလောက်အထိ အစွမ်းထက်တဲ့ နောက်ခံကို ရထားတာလဲ။ ဒါတော့ သွားပြီပဲ’

ခေတ္တမျှ စဉ်းစားပြီးနောက် ဖေးတန်းက ပြောလိုက်သည်။

“ကျုပ် ချင်းယွမ်အသိုက်ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ဖို့ အသင့်ပါပဲ” ထို့နောက် သူက လှည့်ကြည့်ကာ လေးနက်စွာ ဆိုလိုက်၏။ “အစောပိုင်းက ကျုပ်ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်”

ထိုအချိန်တွင် တစ်စုံတစ်ဦးက လူတိုင်းကြားနိုင်လောက်သည့် အသံဖြင့် ရေရွတ်လိုက်သည်။

“တောင်းပန်ရုံနဲ့ ပြီးမယ်ဆိုရင် အစွမ်းထက်နေဖို့ ဘာလိုတော့မှာလဲ”

ဖေးတန်း စတင် ထိတ်လန့်လာတော့သည်။ လုကျိုးကမူ ဖေးတန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေဆဲပင်။ သူသည် အစောပိုင်းက တောင်ပံမျိုးနွယ်စုဝင် အတော်များများကို သတ်ဖြတ်ခဲ့သော်လည်း ကံဆိုးတာက ကုသိုလ်မှတ်များ မရရှိခဲ့ပေ။ ဤသည်မှာ စနစ်အဆင့်မြှင့်တင်မှုကြောင့် တောင်ပံမျိုးနွယ်စုဝင်များမှာ ဆုလာဘ်ရလောက်သည့်အထိ မထိုက်တန်တော့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူသည် ဖေးတန်းကို အလွယ်တကူ လွှတ်ပေးရန် မစီစဉ်ထားပေ။ သူသည် သဘောကောင်းလှသူ မဟုတ်သည် မဟုတ်ပါလော။ တောင်းပန်စကား အနည်းငယ်မျှဖြင့် သူ ဘယ်လိုလုပ် လွှတ်ပေးနိုင်မည်နည်း။

နောက်ဆုံးတွင် လုကျိုးက မေးမြန်းလိုက်သည်။

“မင်းကို ငါ ညှာတာပေးစေချင်တာလား”

ဖေးတန်းက ထပ်မံ ဦးညွှတ်လိုက်ပြီး ရိုသေစွာ လျှောက်တင်လိုက်၏။

“ဟုတ်ကဲ့ပါ... ကျေးဇူးပြုပြီး သနားညှာတာပေးပါ”

လုကျိုးက မိန့်ကြားလိုက်သည်။

“ငါ့မှာ အချက်သုံးချက် ရှိတယ်”

“မိန့်ကြားပါအရှင်” မျှော်လင့်ချက်အလင်းတန်း မြင်တွေ့လိုက်ရသော ဖေးတန်းက အလျင်အမြန်ပင် ပြန်လည်လျှောက်တင်လိုက်သည်။

လုကျိုးက ပြောလိုက်သည်။

“ပထမအချက် မင်းရဲ့ နတ်ဝိညာဉ်ပုလဲကို အပ်နှံရမယ်။ ဒုတိယအချက် မင်းနဲ့ တောင်ပံမျိုးနွယ်စုဝင်တွေ အားလုံး ဒီမှာပဲ နေရမယ်၊ ထွက်သွားခွင့် မရှိဘူး။ တတိယအချက် ဒီပျက်စီးမှုတွေကို ရှင်းလင်းပြီး သင်းပျံ့တောင်ကြားကို မူလအတိုင်း ဖြစ်အောင် ပြန်လုပ်ပေးရမယ်”

ဖေးတန်း စကားမပြောနိုင်မီမှာပင် လုကျိုးက ထပ်လောင်းပြောဆိုလိုက်သည်။

“အဲဒါတွေ ပြီးရင်တော့ ငါ မဟာအသူရာမြေကို သွားပြီး ဧကရာဇ်ယွီဆီကနေ ရှင်းလင်းချက် တောင်းရလိမ့်မယ်”

ဖေးတန်း “...”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအချက်သုံးချက်မှာ သူ၏ ကျင့်ကြံမှုကို ရုပ်သိမ်းပြီး သူ့ကို ကျွန်တစ်ယောက်အဖြစ် ခိုင်းစေခြင်းပင် ဖြစ်ပေသည်။ ဖေးတန်း တကယ့်ကို အသက်ရှူကျပ်သွားရ၏။ ဤသည်မှာ အလွန်ပင် နားမခံသာလှပေ။

ဖေးတန်း တွေဝေနေသည်ကို မြင်သောအခါ လုကျိုးက မေးမြန်းလိုက်သည်။

“မင်း သဘောမတူဘူးလား”

ဖေးတန်း ထိတ်လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“သဘောတူပါတယ်... သဘောတူပါတယ်”

“စစ်သူကြီး” တောင်ပံမျိုးနွယ်စုဝင်များက အော်ဟစ်လိုက်ကြ၏။ “ဘာလို့လဲ”

သူတို့သည် ဖေးတန်းက ဘာကြောင့် ဤကဲ့သို့ ရယ်စရာကောင်းသော အချက်များကို သဘောတူရသနည်းဆိုသည်ကို နားမလည်နိုင်ကြပေ။

“ပါးစပ်ပိတ်ကြစမ်း” ဖေးတန်းက နာကျင်မှုကို အောင့်အည်းကာ ဟိန်းဟောက်လိုက်သည်။

ထိုအချိန်တွင် လုကျိုးသည် ကောင်းကင်ယံသို့ ပိုမိုမြင့်မားစွာ ပျံတက်သွားပြီး တစ်လုံးချင်း ပြောလိုက်၏။

“မင်းတို့ရဲ့ ကျင့်ကြံမှုတွေက အတော်လေး မြင့်မားနေတာဆိုတော့... ပြဿနာ မဖြစ်ရအောင် မင်းတို့ရဲ့ ကျင့်ကြံမှုတွေကို ငါ အခုပဲ ကန့်သတ်ထားလိုက်မယ်”

“ဟမ်”

တောင်ပံမျိုးနွယ်စုဝင်များ မော့ကြည့်လိုက်ကြသည်။

ဝူး

လုကျိုးသည် သူ၏ စိတ်ဝိညာဉ် သဏ္ဌာန် ကို ထုတ်ဖော်လိုက်သည်။ မည်သူမျှ ထိုသဏ္ဌာန်၏ အမြင့်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထက်ဝက်ကျော်မှာ တိမ်တိုက်များအထက်သို့ ကျော်လွန်နေ၏။ သို့သော်လည်း သူတို့သည် ကြာပွင့်ကိုမူ မြင်တွေ့နိုင်ပေသည်။ ကြာပွင့်မှာ အချင်း ပေ ၁,၀၀၀ ခန့် ရှိပြီး ၎င်းကို ဝန်းရံလျက် ပွင့်ချပ် ၁၄ ချပ် မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့သည်။

“၁၄ ချပ်”

ပွင့်ချပ် တစ်ချပ်ချင်းစီတွင် အပြာရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ထိုကြာပွင့်မှာ ကောင်းကင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းနိုင်စွမ်း ရှိပုံရသည်။ ထိုအခိုက်အတန့်တွင် စိတ်ဝိညာဉ်သဏ္ဌာန်က လက်ကို မြှောက်လိုက်၏။ ရွှေရောင်လင်းလက်နေသော ချုပ်နှောင်ခြင်းဟူသော သင်္ကေတ ပါဝင်သည့် လက်ဝါးစည်းတံဆိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းမှာ တာအို၏ ချုပ်နှောင်ခြင်း လက်ဝါးစည်းတံဆိပ်ပင် ဖြစ်သည်။ တောင်ပံမျိုးနွယ်စုဝင်များ ထွက်ပြေးရန် မပြင်နိုင်မီမှာပင် ထိုဧရာမ ချုပ်နှောင်ခြင်း လက်ဝါးစည်းတံဆိပ်မှာ သူတို့အပေါ်သို့ ကျရောက်သွားတော့သည်။ သူတို့၏ ထူးကဲချီသွေးကြောရှစ်ခုနှင့် ကနဦးချီများမှာ ချက်ချင်းပင် ချုပ်နှောင်ခြင်း ခံလိုက်ရတော့သည်။

ဖေးတန်းသည် ထိုချုပ်နှောင်ခြင်း စွမ်းအားကို အလိုအလျောက် ပြန်လည် တွန်းလှန်ရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ စွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်လှပေသည်။ သူ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် သူသည် နောက်ဆုံး၌ ခုခံခြင်းကို စွန့်လွှတ်လိုက်ရတော့၏။

ဘုန်း

ဖေးတန်း၏ နတ်ဝိညာဉ်ပုလဲသည် ကောင်းကင်ယံသို့ ပျံထွက်လာတော့သည်။ တစ်ဖက်တွင်မူ ချင်းယွမ်သည် ပွင့်ချပ် ၁၄ ချပ်ကို မြင်တွေ့လိုက်ရချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားသွားရသဖြင့် စကားပင် မပြောနိုင်တော့ပေ။ အခြားတစ်ဖက်တွင်မူ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ဆောင်းဦးနှင်းစက်တောင်မှ တပည့်များမှာမူ မှင်တက်လျက် ကျန်ရစ်ခဲ့ကြ၏။

ဝူး

စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပျောက်ကွယ်သွားတော့သည်။ လုကျိုးသည် သူ၏လက်ထဲရှိ နတ်ဝိညာဉ်ပုလဲကို ကြည့်ရင်း လေထဲတွင် ဝဲပျံနေခဲ့၏။ သူက စိတ်ထဲမှ တွေးနေမိသည်။ ‘နတ်ဘုရင် အငယ်စား တစ်ပါးရဲ့ ဝိညာဉ်ပုလဲဆိုတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ’

နတ်ဝိညာဉ်ပုလဲကို သိမ်းဆည်းပြီးနောက် လုကျိုးက အောက်ဘက်ရှိ လူများကို ငုံ့ကြည့်ကာ မိန့်ကြားလိုက်သည်။

“အခုတော့ အနားယူကြဦး။ နောက်သုံးရက်နေရင် ငါတို့ မဟာအသူရာမြေကို ထွက်ကြမယ်”

ဖေးတန်း “...”

လူတိုင်း ဦးညွှတ်လိုက်ကြ၏။ “နားလည်ပါပြီ”

ချင်းယွမ်က ထပ်လောင်းပြောဆိုလိုက်သည်။

“ကျုပ် ကျိန်ဆိုပါတယ်... မျှော်နန်းသခင်လုရဲ့ နောက်ကို ထာဝရ လိုက်ပါပါ့မယ်” ချင်းယွမ်သည် ဆိုးယုတ်သူတစ်ပါး ဟူသော စကားလုံးကို အတင်းအကျပ် မျိုသိပ်လိုက်ရရှာသည်။ သူမက စိတ်ထဲမှ တွေးနေမိသည်။ ‘သူက မျှော်နန်းသခင်လု ပဲ။ သူက မျှော်နန်းသခင်လုပဲ။ သူက မျှော်နန်းသခင်လု ပဲ’။

၎င်းနောက်တွင် ချင်းယွမ်သည် သူမ၏ သမီးဖြစ်သူဆီသို့ ပျံသန်းသွားတော့သည်။ ထိုအချိန်တွင် ချင်းယွမ်၏ သမီးဖြစ်သူက ခပ်တိုးတိုး ချောင်းဆိုးလိုက်၏။ သူမသည် တကယ်ပင် ပြန်လည် အသက်ရှင်လာခဲ့ပြီ ဖြစ်သည်။

‘သေပြီးသားလူကို အသက်ပြန်သွင်းတာက ကောင်းကင်ဘုံကို အန်တုတဲ့ အကြီးမားဆုံး လုပ်ရပ်ပဲ၊ ဒါပေမဲ့ ဆိုးယုတ်သူတစ်ပါးကတော့ ဒါကို လုပ်ဆောင်နိုင်ခဲ့ပြီ’ ချင်းယွမ်က အံ့ဩတကြီး တွေးတောနေမိသည်။ သူမသည် ဇဝေဇဝါ ဖြစ်နေသော သူမ၏ သမီးကို ကြည့်ရင်း အတိတ်ကာလများကို ပြန်လည် သတိရလိုက်မိ၏။ ထို့နောက်တွင် သူမ မထိန်းနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလျက် သူမ၏ သမီးကို ဖက်ထားတော့သည်။

လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိကြ၏။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ဖေးတန်း၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း လုကျိုးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက တီးတိုးရေရွတ်လိုက်မိ၏။ “ဆိုးယုတ်သူတစ်ပါး ပြန်လာပြီပဲ...”

ဖေးတန်းသည် ကျန်ရှိသော တောင်ပံမျိုးနွယ်စုဝင်များကဲ့သို့ပင် နောက်သို့ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ ပုံလျက်သား ထိုင်ချလိုက်တော့သည်။ ကျင့်ကြံမှု ချုပ်နှောင်ခံထားရသော တောင်ပံမျိုးနွယ်စုဝင်များသည် အိုမင်းမစွမ်းသူများကဲ့သို့ ဖြစ်သွားကြရရှာသည်။ သူတို့သည် ခေါင်းမူးဝေကာ မသက်မသာ ဖြစ်နေကြလျက် ဘယ်ညာ ယိုင်နဲ့နေကြတော့သည်။

…

All Chapters