အခန်း ၁၅၈၆
Vol. 106 Ch. 1586
အခန်း (၁၅၈၆) ဆိုးယုတ်သူတစ်ပါး တရားမျှတမှု ရှာဖွေခြင်း (၁)
သင်းပျံ့တောင်ကြားရှိ ရှေးဟောင်းအစီအရင်ကြီး ပျက်စီးပြိုလဲသွားခဲ့သော်ငြားလည်း ထိုအချက်က ကျန်ရှိသောသူများ အနားယူခြင်းကို မဟန့်တားနိုင်ခဲ့ပေ။
မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆောင်းဦးနှင်းစက်တောင်မှ လူများ၏ ကြပ်မတ်ခိုင်းစေမှုအောက်တွင် မွန်မြတ်လှပါသည်ဟူသော တောင်ပံမျိုးနွယ်စုဝင်များသည် ကာယလုပ်သားများဘဝသို့ သက်ဆင်းသွားကြရတော့သည်။ သူတို့သည် မိမိတို့ကိုယ်တိုင် ဖျက်ဆီးခဲ့သော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ကြရ၏။ သူတို့၏ ကျင့်ကြံမှုများ ပိတ်ဆို့ချုပ်နှောင်ခံထားရသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာမူ သာမန်လူသားများထက် အဆပေါင်းများစွာ သာလွန်နေဆဲဖြစ်ရာ ဤကဲ့သို့သော အလုပ်ကြမ်းများကို လုပ်ဆောင်ရန် သူတို့အတွက် မခက်ခဲလှပေ။
ထိခိုက်ပျက်စီးမှုမရှိဘဲ ကျန်ရစ်သော ရှေးဟောင်းအဆောက်အအုံ၏ ပင်မနန်းဆောင်အတွင်း၌ လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်ကို ထုတ်ယူကာ စူးစိုက်ဆင်ခြင် ကျင့်ကြံနေပေ၏။
၎င်းသည် လူသားကျမ်းစာ စာလိပ်၊ ကမ္ဘာမြေကျမ်းစာ စာလိပ်တို့နှင့် မတူညီပေ။ ကောင်းကင်ကျမ်းစာ စာလိပ်တွင် မည်သည့်စာသား သို့မဟုတ် မန္တန်မျှ ရေးသားထားခြင်းမရှိဘဲ တုန်ခါလှုပ်ခတ်နေသည့် ဆန်းကြယ်လွန်းသော အရှိန်အဝါစွမ်းပကားများသာ သိပ်သည်းစွာ ကိန်းဝပ်နေတော့သည်။
ထိုကျမ်းစာလိပ်ကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာမြင့်မည် ဖြစ်သော်လည်း နတ်ဘုရားတာအိုစွမ်းအားဖြစ်သည့် ထိုဆန်းကြယ်သော စွမ်းအားကြောင့် လုကျိုးသည် ပိုမိုစိတ်အားထက်သန်လာရသည်။
နတ်ဘုရားတာအိုစွမ်းအားဆိုသည်မှာ နတ်ဘုရားစွမ်းအားမှတစ်ဆင့် ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး မဟာတာအိုနှင့် စည်းမျဉ်းများဆီသို့ ဦးတည်ချဉ်းကပ်သွားခြင်းပင် ဖြစ်၏။
ဥပမာအားဖြင့် သာမန်ကျင့်ကြံသူများအတွက်မူ အချိန်စည်းမျဉ်းသည် အချိန်ကို နှေးကွေးသွားစေရုံသာ တတ်နိုင်သော်လည်း မဟာတာအိုနှင့် ပေါင်းစပ်သွားချိန်တွင်မူ အချိန်စည်းမျဉ်းသည် အချိန်ကို နောက်ပြန်လှည့်ပစ်နိုင်စွမ်း ရှိပေသည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိရဘဲ လုကျိုးသည် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆင်ခြင်ခြင်းအား ရပ်တန့်လိုက်ပြီး သူ၏ ကြာပွင့်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ဖေးတန်း၏ နတ်ဝိညာဉ်ပုလဲကို သူ၏ မွေးဖွားနန်းတော်အတွင်းသို့ ပြတ်ပြတ်သားသားပင် ထည့်သွင်းလိုက်တော့သည်။
ဖေးတန်းသည် မူလက ကြမ်းတမ်းခက်ထန်သော သားရဲကြီးတစ်ကောင် ဖြစ်ပေသည်။ အတိအကျဆိုရသော် သူသည် နတ်ဘုရင်အငယ်စားအဆင့်ရှိသော ရှေးဟောင်းသူတော်စင်သတ်ဖြတ်သူတစ်ဦး ဖြစ်၏။
ဤကဲ့သို့သော နတ်ဝိညာဉ်ပုလဲမျိုးကို လုကျိုးအနေဖြင့် အသုံးမပြုဘဲ ထားရှိမည်ဆိုပါက နှမြောစရာကောင်းလှပေလိမ့်မည်။ သူသည် ဤဝိညာဉ်ပုလဲကို ဖေးတန်းထံသို့ ပြန်လည်ပေးအပ်ရန် စိတ်ကူးမရှိပေ။ ဤသည်ကို ဖေးတန်းအတွက် ပြစ်ဒဏ်တစ်ခုဟုလည်း ယူဆနိုင်ပေသည်။
ရှေးဟောင်းသူတော်စင်သတ်ဖြတ်သူများအတွက်မူ သူတို့၏ နတ်ဝိညာဉ်ပုလဲကို ဆုံးရှုံးရခြင်းသည် ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားရခြင်းနှင့် တူညီပေသည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ပုလဲအသစ်တစ်ခု ပြန်လည်ဖြစ်ပေါ်လာစေရန် နောက်ထပ် နှစ်ပေါင်းသောင်းချီတိုင်အောင် အချိန်ပေး၍ ပြန်လည်ကျင့်ကြံရပေလိမ့်မည်။
နတ်ဝိညာဉ်ပုလဲများသည် အလွန်ရှားပါးလှပြီး အသက်ဓာတ်နှလုံးသားများထက်ပင် ပိုမိုအသုံးဝင်လှပေသည်။
ယခင်ကကဲ့သို့ပင် နတ်ဝိညာဉ်ပုလဲကို မွေးဖွားနန်းတော်အတွင်းသို့ ထည့်သွင်းလိုက်သည့်အခါ ကြည်လင်ပြတ်သားသော အသံတစ်သံ လေထုထဲ၌ ပဲ့တင်ထပ်သွားပြီး ကြာပွင့်သည် အရှိန်အဟုန်ဖြင့် လည်ပတ်လာကာ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများ ဖြာထွက်လာတော့သည်။
လုကျိုး ခန့်မှန်းထားခဲ့သည့်အတိုင်းပင်... ချောက်နက်ကြီးအတွင်း နှစ်ပေါင်း ၁၀၀ တိုင် ကျင့်ကြံခဲ့ပြီးနောက် သူ၏ ကြာပွင့်အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာတည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ မွေးဖွားဇယားချပ်များကို အသက်သွင်းရန်မှာ ပိုမိုလွယ်ကူချောမွေ့နေတော့၏။
‘အခု သိချင်တာကတော့... ဒီနတ်ဝိညာဉ်ပုလဲက မွေးဖွားဇယားချပ် ဘယ်နှစ်ခုအထိ အသက်သွင်းပေးနိုင်မလဲဆိုတာပဲ’ လုကျိုး စိတ်ထဲမှ တွေးတောနေမိသည်။
ထို့နောက် လုကျိုးသည် မွေးဖွားဇယားချပ် အသက်ဝင်လာမည့်အရေးကို အာရုံမစိုက်တော့ဘဲ ကောင်းကင်ကျမ်းစာ စာလိပ်ကိုသာ ဆက်လက်ဆင်ခြင် ကျင့်ကြံနေလိုက်တော့သည်။
ထိုအချိန်တွင် ကြိုးစားပမ်းစား အလုပ်လုပ်နေရရှာသော ဖေးတန်းသည် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ရလေသည်။
“စစ်သူကြီး” အနီးအနားရှိ တောင်ပံမျိုးနွယ်စုဝင်များမှာ အော်ဟစ်လိုက်ကြပြီး အပြေးအလွှား ရောက်ရှိလာကြကာ အားနည်းဖြူရော်နေသော ဖေးတန်းကို ဝိုင်းဝန်းတွဲထူပေးလိုက်ကြ၏။
ဖေးတန်း၏ ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ရီနေပြီး သူ၏ မျက်လုံးများထဲတွင်မူ မကျေမနပ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ အရိပ်ထင်နေတော့သည်။ သူသည် အလွန်အားနည်းသွားသဖြင့် အတန်ကြာအောင် မလှုပ်ရှားနိုင်ဘဲ ဖြစ်နေ၏။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး အကြောပေါင်းစုံမှာလည်း ထောင်ထနေတော့သည်။
ယင်းကို မြင်တွေ့ရသော တောင်ပံမျိုးနွယ်စုဝင်များမှာ ပူပန်သောက ရောက်ရတော့သည်။
“ငါ့ရဲ့... နတ်ဝိညာဉ်ပုလဲ...” ဖေးတန်းက သူ၏လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောဆိုပြီးနောက် သတိလစ်မေ့မြောသွားတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်...
ချင်းယွမ်သည် ကျန်းမာရွှင်လန်းသော မျက်နှာထားဖြင့် ယခုထက်တိုင် ဇဝေဇဝါဖြစ်နေဆဲရှိသော သူမ၏ သမီးဖြစ်သူကို ဦးဆောင်ကာ တောအုပ်နှင့် အပျက်အစီးများအကြားမှတစ်ဆင့် လုကျိုး ရှိရာ ရှေးဟောင်းအဆောက်အအုံဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ချင်းယွမ်က ပြောလိုက်၏။ “ကျုပ် မျှော်နန်းသခင်ကို တွေ့ခွင့် တောင်းချင်လို့ပါ”
“ဝင်လာခဲ့ပါ”
လုကျိုးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ ကြာပွင့်ကို တစ်ချက် ကြည့်လိုက်၏။
ကြာပွင့်သည် ချောမွေ့နေပြီး မွေးဖွားဇယားချပ်များမှာလည်း အသက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ နယ်ပယ်အသစ်နှစ်ခုမှာ စူးရှတောက်ပစွာ လင်းလက်နေတော့၏။
‘တစ်ညတည်းနဲ့ မွေးဖွားဇယားချပ် နှစ်ခုတောင် အသက်ဝင်လာတာပဲ... ငါ မျှော်လင့်ထားသလောက် မများပေမဲ့ မဆိုးပါဘူး...’
ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလာလေလေ၊ မွေးဖွားဇယားချပ်များကို အသက်သွင်းရန် ပိုမိုခက်ခဲလာလေလေ ဖြစ်ပေသည်။ သို့သော် လုကျိုးအတွက်မူ ကံကောင်းထောက်မစွာဖြင့်... ချောက်နက်ကြီးအတွင်း ကျင့်ကြံခဲ့ခြင်းနှင့် ကမ္ဘာမြေ၏ စွမ်းအားများဖြင့် ပြုစုပျိုးထောင်ခံခဲ့ရခြင်းတို့ကြောင့် မွေးဖွားဇယားချပ်များကို လွယ်ကူချောမွေ့စွာပင် အသက်သွင်းနိုင်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ လုကျိုးသည် မွေးဖွားဇယားချပ် ၂၉ ခုရှိသော ရွှေကြာကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူသည် ကြာပွင့်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ပင်မနန်းဆောင်၏ အဝင်ဝဆီသို့ ကြည့်လိုက်၏။
ချင်းယွမ်နှင့် သူမ၏ သမီးဖြစ်သူတို့သည် ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာကြသည်။
ဖြစ်နိုင်သည်မှာ ချင်းယွမ်၏ သမီးဖြစ်သူသည် အချိန်အကြာကြီး သေဆုံးခဲ့ရသဖြင့် သူမသည် အလွန်ဇဝေဇဝါဖြစ်နေပြီး ထိတ်လန့်ပူပန်နေပုံရပေသည်။ သူမအတွက်မူ အရာအားလုံးမှာ စိမ်းသက်နေပြီး ကြောက်မက်ဖွယ်ကောင်းနေသကဲ့သို့ပင်။
ချင်းယွမ်နှင့် သူမ၏ သမီးဖြစ်သူတို့ လုကျိုး၏ ရှေ့မှောက်သို့ ရောက်ရှိချိန်တွင် ချင်းယွမ်က သူမ၏ သမီးကို ပြောလိုက်သည်။
“ဒူးထောက်”
ထိုအမျိုးသမီးငယ်သည် နာခံစွာဖြင့် ဒူးထောက်လိုက်ရှာသည်။
ထို့နောက် ချင်းယွမ်သည်လည်း ဒူးထောက်လိုက်၏။ သူမ၏ သမီးကို အသက်ပြန်သွင်းပေးခဲ့သော ကျေးဇူးတရားကြီးမားလှသဖြင့် မည်သို့မျှ မဆပ်နိုင်ပေ။ သုံးကြိမ်ဒူးထောက် ကိုးကြိမ်ဦးချရခြင်းမှာ သူမအတွက် ဘာမျှမဟုတ်ပေ။
လုကျိုးသည် ချင်းယွမ်ကို မတားဆီးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဤသည်က သူမကို နာကျင်စေမည့်အရာ မဟုတ်ပေ။
ဦးချပြီးနောက် ချင်းယွမ်က လျှောက်တင်လိုက်၏။ “မျှော်နန်းသခင်... အရှင့်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
လုကျိုးက ပြောလိုက်သည်။ “ထကြပါ”
ချင်းယွမ်က လျှောက်တင်လိုက်သည်။
“ကျုပ်ရဲ့ သမီး ယွီတျယ်က အခုမှ ပြန်လည်ရှင်သန်လာတာဆိုတော့ နည်းနည်းတော့ ဝေဝါးနေတုန်းပါပဲ။ သူမဘက်က အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်”
လုကျိုးသည် ယွီတျယ်ကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်၏။ “ကြောက်နေဖို့ မလိုပါဘူး”
ယွီတျယ်သည် ချင်းယွမ်၏ နောက်ကွယ်သို့ တိုးဝင်ပုန်းကွယ်လိုက်ရှာသည်။
ချင်းယွမ်က ပြောပြလိုက်၏။
“သူမက လိပ်ပြာလေးတွေကို သဘောကျတတ်သလို မိုးရွာတဲ့ညမှာ မွေးဖွားခဲ့တာမို့ ကျုပ်က ဒီနာမည်ကို ပေးခဲ့တာပါ။ အခု သူမ အသက်ပြန်ရှင်လာပြီဆိုတော့ ကျုပ်မှာ ဘာနောင်တမှ မရှိတော့ပါဘူး”
ယွီဆိုသည်မှာ မိုး ဟု အဓိပ္ပာယ်ရပြီး တျယ်ဆိုသည်မှာ လိပ်ပြာ ဟု အဓိပ္ပာယ်ရပေသည်။
လုကျိုးက ပြောလိုက်၏။
“သူ အသက်ပြန်ရှင်လာတဲ့အတွက် မင်း အတိုင်းအဆမရှိ ပျော်ရွှင်နေတာက သဘာဝကျပါတယ်။ ဒါပေမဲ့ အခုကစပြီး သူ့ ဘဝ၊ အစားအသောက်နဲ့ နေ့စဉ်နေထိုင်မှုတွေကို သေသေချာချာ ဂရုစိုက်ပေးရလိမ့်မယ်။ သူက အချိန်အကြာကြီး သေဆုံးခဲ့ရတာမို့ သူမရဲ့ အသိဉာဏ်ပိုင်းဆိုင်ရာမှာ သာမန်နဲ့ မတူညီတာမျိုးတွေ သေချာပေါက် ရှိနေလိမ့်မယ်”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်လု။ ကျုပ် ဒါကို သေသေချာချာ မှတ်သားထားပါ့မယ်”
ဤမျှ ကာလအကြာကြီး သေဆုံးခဲ့ရပြီးနောက်တွင် ယွီတျယ်အနေဖြင့် ဤကဲ့သို့ စိမ်းသက်လှသော ကမ္ဘာကြီးနှင့် ရင်ဆိုင်ရချိန်တွင် မသေဆုံးမီက ဘဝအတိုင်း ချက်ချင်း ပြန်လည်အသားကျရန် မဖြစ်နိုင်သည်မှာ အမှန်ပင်။
လုကျိုးသည် ပြန်လည်ရှင်သန်ခြင်း ဖြစ်စဉ်အပေါ် စပ်စုလိုစိတ် ဖြစ်ပေါ်နေမိသည်။ ၎င်းသည် ဝိညာဉ်လော၊ ခန္ဓာကိုယ်လော၊ အသိစိတ်လော၊ သို့မဟုတ် ထိုသုံးခုစလုံးလော သို့မဟုတ် အခြားတစ်ခုခုလော။
သူသည် ယွီတျယ်ကို အသက်ပြန်သွင်းပေးနေစဉ်အတွင်း မြေပြင်မှ ထွက်ပေါ်လာခဲ့သော စိမ်းဖျော့ဖျော့ မီးခိုးငွေ့ကဲ့သို့သော စွမ်းအင်များကို ပြန်လည်တွေးတောလိုက်မိ၏။
လူသားများ သေဆုံးပြီးနောက်တွင် မြေမြှုပ်ခံကြရစမြဲဖြစ်ပြီး အရာအားလုံးသည် ကမ္ဘာမြေထံသို့ ပြန်လည်ရောက်ရှိသွားကြရသည်။ ပြန်လည်ရှင်သန်ခြင်း နည်းလမ်းသည် ကမ္ဘာမြေထံမှ အရာအားလုံးကို ပြန်လည်တောင်းခံလိုက်ခြင်းများ ဖြစ်နေမလား။
နောက်ဆုံးတွင် လုကျိုးသည် ယွီတျယ်ကို လက်ပြလိုက်ရင်း ပြောလိုက်ည်။
“ဒီကို လာခဲ့” သူသည် သူ၏ အတွေးအမြင်ကို အတည်ပြုလိုခြင်း ဖြစ်သည်။
ယွီတျယ်သည် သနားစရာကောင်းသော အမူအရာဖြင့် နောက်သို့ တွန့်ဆုတ်နေရှာသည်။
ချင်းယွမ်က ယွီတျယ်၏လက်ကို အသာအယာပုတ်ပေးရင်း ပြောလိုက်သည်။
“မကြောက်ပါနဲ့ သမီးရယ်... မျှော်နန်းသခင်က သမီးကို ကယ်တင်ပေးခဲ့တာပါ”
“ဟုတ်ကဲ့ပါ...” ယွီတျယ်က လိမ္မာယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်ရှာသည်။
ဘာပဲဖြစ်ဖြစ် သူတို့သည် သားအမိများ ဖြစ်ကြပေသည်။ မျိုးနွယ်စုချင်း တူညီသလို သွေးချင်းလည်း တူညီကြပေ၏။ သွေးသားတော်စပ်မှုသည် နှစ်ပေါင်းသောင်းချီတိုင်အောင် ခွဲခွာခဲ့ရခြင်းကို အလွယ်တကူပင် ကျော်ဖြတ်နိုင်စွမ်း ရှိပေသည်။
ယွီတျယ်သည် လုကျိုး၏ ရှေ့မှောက်သို့ တိုးကပ်၍ မတ်တတ်ရပ်လိုက်၏။
လုကျိုးက မျက်နှာသေဖြင့် ပြောလိုက်သည်။
“မင်းရဲ့ လက်ကို ဆန့်ထုတ်လိုက်”
ယွီတျယ်သည် သူမ၏ ဖြူဖွေးနုနယ်သော လက်ကောက်ဝတ်လေး ပေါ်ထွက်လာစေရန် လက်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဆန့်ထုတ်လိုက်ရှာ၏။
လုကျိုးက ကြည့်ရှုလိုက်ရာ သူမ၏ သွေးရောင်မှာ မဆိုးလှကြောင်း တွေ့ရ၏။ သူသည် သူမ၏ သွေးကြောကို လက်ချောင်းနှစ်ချောင်းဖြင့် စမ်းသပ်ကြည့်လိုက်ရာ သူမ၏ ထူးကဲချီသွေးကြောရှစ်ခုမှာ ပုံမှန်အတိုင်း တတည်ရှိနေကြောင်း သိလိုက်ရသည်။ အမှန်စင်စစ် အရာအားလုံးမှာ ပုံမှန်အတိုင်း ဖြစ်နေခဲ့ပြီး သူမသည် သာမန်လူသားတစ်ဦးနှင့် မည်သို့မျှ ကွဲပြားခြင်း မရှိတော့ပေ။
…