အခန်း ၁၅၈၈
Vol. 106 Ch. 1588
အခန်း (၁၅၈၈) ကောင်းကင်ချုပ်ကျည်ပွေ့နှင့် ဧကရာဇ်ယွီကို အနိုင်ယူခြင်း
ဧကရာဇ်ယွီသည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်မိပြီး စိတ်ထဲမှ တွေးတောနေမိ၏။
‘မင်းကိုယ်တိုင်တောင် သေသေချာချာ မမှတ်မိဘဲနဲ့ ငါက ဒါကို မင်းဆီ ဘယ်လိုလုပ် အပ်နှံရမှာလဲ။ မင်းက တမင်သက်သက် လာပြီး ပြဿနာရှာနေတာ မဟုတ်ဘူးလား။ ဆိုးယုတ်သူတစ်ပါးပီသပါပေတယ်’
အပြင်ပန်းတွင်မူ ဧကရာဇ်ယွီက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျုပ်ကို စဉ်းစားခွင့်ပြုပါဦး”
လုကျိုးက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ ခမ်းနားထည်ဝါလှသော နန်းဆောင်ကြီးကို ကြည့်ရှုရင်း မေးမြန်းလိုက်၏။
“မင်းက မဟာအသူရာမြေမှာ ဒီလောက် ခမ်းနားတဲ့ နန်းဆောင်ကြီးကို ဘယ်လိုမျိုး အကုန်အကျခံ တည်ဆောက်နိုင်ခဲ့တာလဲ”
ဧကရာဇ်ယွီက ပြုံးလျက် ပြောလိုက်၏။
“ကျုပ်မှာ ကြည်လင်တဲ့ အသိစိတ် ရှိပါသေးတယ်။ မဟာအသူရာမြေရဲ့ ဖျက်ဆီးခြင်းတိုင်လုံးကြီးဟာ မိုးနဲ့မြေကြားမှာ အရေးအကြီးဆုံး တိုင်လုံးပဲ။ ကျုပ်က တောင်ပံမျိုးနွယ်စုကို ဦးဆောင်ပြီး ဒါကို မျိုးဆက်အလိုက် စောင့်ကြပ်ခဲ့တာမို့ ဒီလိုမျိုး ဆက်ဆံမှုကို ခံယူဖို့ ထိုက်တန်ပါတယ်”
လုကျိုးက မေးမြန်းလိုက်၏။
“အကယ်၍ ကောင်းကင်ကြီးသာ ပြိုကျလာမယ်ဆိုရင် မင်းတို့က အရင်ဆုံး ပြိုလဲပျက်စီးသွားရမဲ့သူတွေ ဖြစ်မှာကို မကြောက်ဘူးလား”
ဧကရာဇ်ယွီသည် ဤစကားများကြောင့် အံ့ဩခြင်း မရှိပေ။ သူက ပြောလိုက်၏။
“ကောင်းကင်ကြီး ပြိုကျလာရင် မရေမတွက်နိုင်တဲ့ သက်ရှိတွေ ဆုံးရှုံးရပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘေးဒုက္ခကို ခံစားရမှာက တောင်ပံမျိုးနွယ်စု တစ်ခုတည်း မဟုတ်ပါဘူး”
“ကောင်းကင်ကြီး ပြိုကျလာတာက ဘေးဒုက္ခတစ်ခု ဖြစ်လိမ့်မယ်လို့ မင်းက ဘယ်လိုလုပ်ပြီး အတပ်သိနေရတာလဲ” လုကျိုးက မေးလိုက်၏။
ဧကရာဇ်ယွီသည် ထိုစကားကြောင့် မှင်တက်သွားရတော့သည်။ သူသည် ငယ်စဉ်ကတည်းက ကောင်းကင်ကြီးကို ပင့်မထားရန်နှင့် ၎င်းကို ပြိုကျခွင့် မပြုရန် သွန်သင်ဆုံးမခြင်း ခံခဲ့ရပေသည်။ မျိုးနွယ်စုအတွင်းရှိ ပညာရှိအမြောက်အမြားကလည်း ကောင်းကင်ကြီး ပြိုကျပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ဆိုးဝါးလိမ့်မည်ဟု သတိပေးခဲ့ကြ၏။ သူသည် ကောင်းကင်ကြီး ပြိုမကျစေရန်အတွက်ဆိုလျှင် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရမည်ဟု ငယ်စဉ်ကတည်းက အယူဝါဒ သွတ်သွင်းခံခဲ့ရခြင်း ဖြစ်သည်။ လုကျိုး၏ စကားများမှာ သူ သင်ယူခဲ့ရသမျှနှင့် ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် သူ နားမလည်နိုင်အောင် ဖြစ်သွားရရှာသည်။
နောက်ဆုံးတွင် ဧကရာဇ်ယွီက ပြောလိုက်၏။
“ကောင်းကင်ကြီး ပြိုကျရင် တစ်လောကလုံးဖြစ်တဲ့ အမည်မသိကုန်းမြေကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ဒါက ဘယ်လိုလုပ်ပြီး ဘေးဒုက္ခ မဟုတ်ဘဲ နေပါ့မလဲ”
“စကြဝဠာမှာ သူ့ရဲ့ စည်းမျဉ်းတွေ ရှိကြစမြဲပဲ။ နေ့နဲ့ည အပြောင်းအလဲအတိုင်း နေ့နဲ့လကလည်း ရွေ့လျားပြောင်းလဲနေကြတာပဲ။ အပြောင်းအလဲဆိုတာ အမြဲတမ်း ရှိနေမှာပဲ” လုကျိုးက ပြောလိုက်၏။
ဧကရာဇ်ယွီသည် လုကျိုး၏ စကားများကို နားမလည်နိုင်ပေ။ သူသည် လုကျိုးကို လက်သီးဆုပ်မိုးလျက် နှုတ်ဆက်ကာ ပြောလိုက်၏။
“အရှင်က ကျုပ်ထက် အသက်ကြီးတာမို့ ကျုပ်ရဲ့ ဝါကြီးတဲ့သူပါ။ ဗဟုသုတနဲ့ အတွေ့အကြုံပိုင်းမှာလည်း အရှင်က ကျုပ်ထက် အများကြီး သာလွန်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ကြီး ပြိုကျသွားရင် ကမ္ဘာမြေကြီးကော အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမသွားဘူးလို့ အရှင်က ဘယ်လိုများ အတပ်ပြောနိုင်ရတာလဲ”
ကုန်းမြေကြီး အက်ကွဲပြိုလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးဒုက္ခမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ဖြစ်ပွားခဲ့သည့် သွေးချောင်းစီးခဲ့သော ဖြစ်ရပ်များမှာ ဧကရာဇ်ယွီ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အရိပ်ထင်ကျန်နေဆဲ ဖြစ်၏။
လုကျိုးက ခေါင်းခါယမ်းလျက် ပြောလိုက်၏။
“မင်း မှားနေပြီ”
ဧကရာဇ်ယွီက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျုပ်ကို လမ်းညွှန်ပြသပေးပါဦး”
လုကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“မင်း အချိန်ရရင် သွင့်ကျန်းရဲ့ ဖျက်ဆီးခြင်းတိုင်လုံး အနီးက ချောက်နက်ကြီးရဲ့ အောက်ခြေကို သွားပြီး ကြည့်လိုက်စမ်း။ ချောက်နက်ကြီးအတွင်းက စွမ်းအားတွေကို ခံစားကြည့်လိုက်။ ကမ္ဘာမြေကြီးဟာ မင်း စိတ်ကူးထားတာထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်တယ်။ ကုန်းမြေ အက်ကွဲပြိုလဲတာဟာ ကမ္ဘာမြေကြီးရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တစ်ခုပဲ။ လူသားတွေက အဲဒီအပြောင်းအလဲကို တားဆီးဖို့ ကြိုးစားတာဟာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားတာနဲ့ မခြားဘူး”
ဧကရာဇ်ယွီသည် အနည်းငယ် အံ့ဩသွားရပြန်သည်။ သူသည် ချောက်နက်ကြီးကို ဖြစ်ပေါ်စေခဲ့သည့် ဆိုးယုတ်သူတစ်ပါးနှင့် ထူဝေ့တို့၏ တိုက်ပွဲအကြောင်းကို တွေးတောလိုက်မိ၏။ ထို့အပြင် ဖျက်ဆီးခြင်းတိုင်လုံးတိုင်းကို မြေအောက်မှ ကြီးမားသော စွမ်းအားတစ်ခုက ပံ့ပိုးပေးထားကြောင်း မင်ရှင်းနှင့် သူ ဆွေးနွေးခဲ့ကြသည်များကိုလည်း ပြန်လည် အမှတ်ရလိုက်သည်။ ကြည့်ရသည်မှာ မင်ရှင်းနှင့် ဆိုးယုတ်သူတစ်ပါး တို့ နှစ်ဦးစလုံးမှာ ဤအချက်ကို ကောင်းစွာ သိရှိထားကြပုံရပေသည်။
ဧကရာဇ်ယွီသည် ထိုနေရာသို့ ရောက်ဖူးခဲ့သော်လည်း ချောက်နက်ကြီး၏ စွမ်းအားများကိုမူ နားမလည်ခဲ့ပေ။ နောက်ဆုံးတွင် သူက မေးမြန်းလိုက်၏။
“အရှင်… အရှင့်စကားအရဆိုရင် မဟာလေဟာနယ်ကြီး ပြိုလဲသွားရင်တောင် ကမ္ဘာမြေကြီးအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုလိုတာလား”
လုကျိုးက နှာခေါင်းရှုံ့လိုက်၏။
“အဆုံးမဲ့သမုဒ္ဒရာထဲက ဧရာမသားရဲခွန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကတည်းက ကမ္ဘာမြေကြီးကို ပတ်ပြီး ကူးခတ်နေခဲ့တယ်ဆိုတာကို မင်းတို့ရဲ့ လူကြီးတွေက မင်းကို မပြောပြခဲ့ကြဘူးလား”
လုကျိုးသည် ဤအချက်ကို ဆိုးယုတ်သူတစ်ပါး၏ မှတ်ဉာဏ်သလင်းကျောက်မှတစ်ဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ယွီသည် ဤစကားကို ကြားလိုက်ရချိန်တွင် မှင်တက်သွားရတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း မှ လူများလည်း များစွာ ထိတ်လန့်သွားကြရ၏။ သူတို့အားလုံးသည် အဆုံးမဲ့သမုဒ္ဒရာအတွင်းရှိ ဧရာမခွန်ကြီးကို မြင်တွေ့ဖူးကြသော်လည်း ၎င်း မည်မျှအထိ အစွမ်းထက်ကြောင်းကိုမူ မည်သူမျှ အတိအကျ မသိရှိကြပေ။
ဧကရာဇ်ယွီသည် ခွန်က ကမ္ဘာမြေကို နှစ်ပေါင်း တစ်သိန်းတိုင် ပတ်နေခဲ့သည့် အကြောင်းကို ကြားဖူးထားသဖြင့် မေးမြန်းလိုက်၏။
“သူက ဘာဖြစ်လို့ ကမ္ဘာမြေကြီးကို ပတ်နေရတာလဲ”
“လူသားတွေလိုပဲ ကြမ်းတမ်းခက်ထန်တဲ့ သားရဲကြီးတွေလည်း ထာဝရ အသက်ရှင်ချင်ကြတာပဲ။ ကမ္ဘာမြေကြီးမှာ သူတို့ရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မဲ့ စွမ်းအားတွေ အလုံအလောက် ရှိနေတယ်လေ”
လုကျိုးက ပြောပြလိုက်၏။
ဧကရာဇ်ယွီသည် ဤဖွင့်ဟချက်ကြောင့် များစွာ တုန်လှုပ်သွားရတော့သည်။
လုကျိုးက ဆက်ပြောသည်။
“လောကက လူတွေဟာ ခွန် သမုဒ္ဒရာထဲမှာ ကျက်စားတယ်ဆိုတာပဲ သိကြတာ၊ သူက... ပျံသန်းတဲ့နေရာမှာလည်း အလွန် ကျွမ်းကျင်တယ်ဆိုတာကိုတော့ မသိကြဘူး”
လူတိုင်း အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ ဧကရာဇ်ယွီသည် ရှေးဟောင်းကာလ အကြောင်းအရာများကို များစွာ မသိရှိပေ။ သူ သိရှိထားသမျှမှာ ပညာရှိများနှင့် လူကြီးများ ပြောပြခဲ့ကြသလောက်သာ ဖြစ်ပြီး ၎င်းမှာလည်း အကန့်အသတ် ရှိလှပေသည်။ ထို့ကြောင့် သူသည်လည်း များစွာ ထိတ်လန့်သွားရပြီး နှိမ့်ချစွာဖြင့် ဆက်လက် မေးမြန်းလိုက်၏။
“ဒါဆိုရင် သူက ဘာဖြစ်လို့ မပျံသန်းတာလဲ”
“ပထမအချက်က ပျံသန်းဖို့ မလိုအပ်လို့ပဲ။ ဒုတိယအချက်က သူရဲ့ သက်တမ်းက ကုန်ဆုံးခါနီးနေပြီ ဖြစ်လို့ စွမ်းအင်တွေကို ထိန်းထားဖို့ လိုအပ်နေတာကြောင့်ပဲ။ သူ့မျက်စိထဲမှာတော့ လူသားတွေနဲ့ တခြား ကြမ်းတမ်းခက်ထန်တဲ့ သားရဲကြီးတွေဆိုတာ ပုရွက်ဆိတ်ကလေးတွေလောက်ပဲမို့ ဂရုစိုက်နေမှာ မဟုတ်ပါဘူး” လုကျိုးက ပြောလိုက်၏။
လူတိုင်းသည် လုကျိုး၏ စကားများကို ကြားပြီးနောက် အသိတရား ရရှိသွားကြရသည်။ သူတို့သည် ကြားရလေလေ ပိုမို စိတ်လှုပ်ရှားလာပြီး စပ်စုလိုစိတ်များ ပြင်းပြလာလေလေ ဖြစ်နေတော့သည်။
ဧကရာဇ်ယွီက မေးလိုက်၏။
“မဟာလေဟာနယ်ကတော့ သူဟာ ချိန်ခွင်လျှာတစ်ခုဖြစ်ပြီး လောကကြီးကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့တာလို့ ပြောထားတာလေ။ အဲဒီစကားတွေက အလိမ်အညာတွေလား”
“သူက လောကကြီးကို စောင့်ရှောက်တယ်ဆိုတာ မှန်ပေမဲ့ ချိန်ခွင်လျှာတစ်ခုတော့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်” လုကျိုးက ပြောလိုက်၏။
“သူက ကမ္ဘာမြေရဲ့ စွမ်းအားကို လိုချင်တာဆိုရင် ဘာဖြစ်လို့ လောကကြီးကို စောင့်ရှောက်နေရတာလဲ”
ဧကရာဇ်ယွီက မေးမြန်းလိုက်၏။
တစ်နည်းအားဖြင့် ပြောရလျှင် ကမ္ဘာမြေ၏ စွမ်းအားကို ရရှိရန်အတွက် လောကကြီးကို ဖျက်ဆီးပစ်လိုက်ခြင်းက ပို၍ မလွယ်ကူပေဘူးလား။ လူသားများနှင့် သားရဲကြီးများ၏ အသက်သည် ခွန်နှင့် မည်သို့ သက်ဆိုင်ပါမည်နည်း။ ကုန်းမြေကြီး မရှိတော့လျှင်ပင် ၎င်းသည် သမုဒ္ဒရာထဲ၌ ဆက်လက် ရှင်သန်နိုင်သည် မဟုတ်ပါလော။
လုကျိုးက ပြောလိုက်၏။
“ပထမအချက် သူ့မှာ လောကကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား မရှိလို့ပဲ။ ဒုတိယအချက် အကယ်၍ လောကကြီး ပျက်စီးသွားရင် အဲဒီစွမ်းအားတွေလည်း ဆုံးရှုံးသွားမှာ ဖြစ်လို့ပဲ”
ဧကရာဇ်ယွီ တိတ်ဆိတ်သွားတော့သည်။ သူသည် ယခုထက်တိုင် သံသယဝင်နေဆဲဖြစ်ပြီး ဤအချက်ကို လက်ခံရန် ခက်ခဲနေရှာသည်။
လုကျိုး စကားများစွာ ပြောခဲ့သော်လည်း ယခုအခါတွင်မူ အဓိပ္ပာယ်တစ်ခုသာ ရှိပေသည်။ တောင်ပံမျိုးနွယ်စုသည် မဟာလေဟာနယ်၏ လက်ပါးစေမျှသာ ဖြစ်ပြီး သူတို့သည် မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးကြီးကို နှစ်ပေါင်း တစ်သိန်းတိုင်အောင် အချည်းနှီးသာ စောင့်ကြပ်ခဲ့ရခြင်း ဖြစ်ပေသည်။ ဧကရာဇ်ယွီ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ လုကျိုးအနေဖြင့် ဂရုမစိုက်ပေ။
ထိုစဉ် လုကျိုးသည် နေရာမှ ထရပ်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ ပစ္စည်းကို အပ်နှံလိုက်စမ်း... ဒါဆိုရင် ငါနဲ့ မဟာအသူရာမြေကြားက ပဋိပက္ခတွေကို လုံးဝ အဆုံးသတ်ပေးလိုက်မယ်”
ဧကရာဇ်ယွီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။ လုကျိုး၏ တည်ကြည်လှသော မျက်နှာထားကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိပြီးနောက် လက်ကို ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
“ခေတ္တမျှ စောင့်ဆိုင်းပါဦး”
ဧကရာဇ်ယွီသည် လေထုထဲ၌ ကွယ်ပျောက်သွားတော့သည်။ ၁၅ မိနစ်ပင် မပြည့်မီမှာပင် သူ ပြန်လည် ရောက်ရှိလာခဲ့ပြီး သူ၏ လက်ထဲ၌ မည်းနက်သော သင်္ကေတများ ထွင်းထုထားသည့် စတုဂံပုံစံ ကတ္တီပါသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားပေသည်။ သူက ပြောလိုက်၏။
“ခမည်းတော် သက်ရှိထင်ရှား ရှိစဉ်တုန်းကတော့... ဒါဟာ မင်ရှင်းကို ဖိနှိပ်ခဲ့တဲ့ အစွမ်းထက် ပညာရှင်ကြီးတစ်ဦး ချန်ထားခဲ့တဲ့ ပစ္စည်းလို့ ပြောခဲ့ဖူးပါတယ်။ ယခုအချိန်အထိ ကျုပ်လည်း ဒါရဲ့ အသုံးဝင်ပုံကို မသိသေးပါဘူး။ အရှင် လူကြီးမင်း ပြောနေတဲ့ ပစ္စည်းက ဒါပဲ ဖြစ်ရပါမယ်”
ထို့နောက် ဧကရာဇ်ယွီသည် သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။
ထိုစတုဂံပုံစံ ကတ္တီပါသေတ္တာမှာ လုကျိုးထံသို့ ပျံသန်းသွားတော့သည်။ သူသည် ၎င်းကို လက်ဖြင့် လှမ်းဖမ်းလိုက်ပြီးနောက် တစ်ချက် ဝှေ့ယမ်းကာ ဖွင့်လှစ်လိုက်၏။ အမြဲပြောင်းလဲနေသော တိုင်လုံးနှင့် တူလှသည့် ပစ္စည်းတစ်ခုမှာ သူ၏ မျက်စိရှေ့၌ ပေါ်ထွက်လာတော့သည်။ ၎င်းပေါ်တွင် ထင်ရှားလှသော ပုံစံများကို ထွင်းထုထားပြီး ဆန်းကြယ်သော အလင်းတန်းများနှင့် စွမ်းအင်များ ဖြာထွက်နေပေ၏။
လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။ သူသည် ၎င်းအတွင်း၌ ချောက်နက်ကြီး၏ စွမ်းအားများကို အာရုံခံမိနေပြီး ၎င်းမှာ တကယ့်ကို ထူးခြားဆန်းကြယ်လှသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
‘ဒါက ဆိုးယုတ်သူတစ်ပါးရဲ့ နောက်ထပ် ပစ္စည်းတစ်ခုပေါ့...’
၎င်း၏ အောက်ခြေတွင် စာသားသုံးလုံး ထွင်းထုထားပေသည်။ ‘ကောင်းကင်ချုပ်ကျည်ပွေ့’ ဟူ၍ ဖြစ်၏။
လုကျိုးသည် သေတ္တာကို တိတ်ဆိတ်စွာ ပိတ်လိုက်ပြီးနောက် ဖန်ကျန့်ထံသို့ လွှင့်ပစ်ပေးလိုက်ရင်း ပြောလိုက်သည်။
“ကောင်းပြီ”
ထိုပစ္စည်းမှာ နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ဆိုးယုတ်သူတစ်ပါး ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ သူ မျှော်လင့်ထားသည်ထက် များစွာ သာလွန်လှပေ၏။
လုကျိုးသည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လှည့်ထွက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဧကရာဇ်ယွီက ပြောလိုက်၏။
“ဆိုးယုတ်သူတစ်ပါးဟာ တစ်ချိန်တုန်းက မဟာလေဟာနယ်ကို လွှမ်းမိုးခဲ့တယ်လို့ ကျုပ် ကြားဖူးပါတယ်။ မဟာဧကရာဇ် မင်ရှင်းတောင်မှ အရှင့်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ကျုပ်ကတော့ အမြဲတမ်း အစွမ်းထက်သူတွေကို လေးစားခဲ့တာပါ။ မျိုးဆက်သစ်လူငယ်တစ်ဦးအနေနဲ့ ရဲတင်းရာ ရောက်နိုင်ပေမဲ့... ကျုပ်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်...”
“ငါ့ကို ပြောစမ်း”
“ကျုပ်တို့ကြားက ခွန်အား ကွာဟချက်ကို သိနိုင်ဖို့အတွက် ကျုပ် အရှင်နဲ့ ယှဉ်ပြိုင်ကြည့်လိုပါတယ်”
ဧကရာဇ်ယွီက နက်ရှိုင်းသော အကြည့်ဖြင့် ပြောလိုက်၏။
လုကျိုး လှည့်ကြည့်လိုက်၏။ သူ၏ အရှိန်အဝါမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲဖြစ်ပြီး ဧကရာဇ်ယွီ၏ အကြည့်ကို တည့်တည့် ဆိုင်လိုက်သည်။ သူသည် ဧကရာဇ်ယွီ၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုသော စိတ်ဆန္ဒများကို မြင်တွေ့လိုက်ရ၏။
အမှန်စင်စစ် ဧကရာဇ်ယွီသည် အစွမ်းထက် ပညာရှင်ကြီးများနှင့် တိုက်ခိုက်ရန် အမြဲတမ်း တောင့်တနေခဲ့သူ ဖြစ်သည်။ မင်ရှင်းက သူ့ကို အမြဲတမ်း အထင်သေးခဲ့သလို သူသည်လည်း မင်ရှင်းကို မယှဉ်နိုင်ကြောင်း သိရှိထားပေသည်။ ဆိုးယုတ်သူတစ်ပါးသည် အလွန်အမင်း အစွမ်းထက်ကြောင်း လူတိုင်းက ပြောဆိုနေကြသော်လည်း သူကိုယ်တိုင် မျက်မြင်မတွေ့ဖူးသေးပေ။ ထို့ကြောင့် တစ်ခုခု မှားယွင်းနေသကဲ့သို့ သူ ခံစားနေရခြင်း ဖြစ်၏။
လုကျိုးနှင့် ဧကရာဇ်ယွီတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြစဉ် သူတို့၏ တိုက်ခိုက်လိုသော အရှိန်အဝါများမှာလည်း မြင့်တက်လာတော့သည်။ ရုတ်တရက်ပင် ဧကရာဇ်ယွီသည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် လုကျိုးသည်လည်း ဖျတ်ခနဲ လှုပ်ရှားလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူနှစ်ဦးမှာ မဟာအသူရာမြေ၏ အထက် ကောင်းကင်ယံ၌ ပေါ်ထွက်လာကြတော့သည်။ ထိုအချိန်တွင် နေရောင်ခြည်မှာ တောက်ပစွာ လင်းထိန်နေ၏။ ငှက်ကလေးများက သာယာစွာ သီကျူးနေကြပြီး ပန်းရနံ့များကလည်း လေထဲ၌ သင်းပျံ့နေပေသည်။ ၎င်းမှာ အမည်မသိကုန်းမြေအတွင်းရှိ သုခဘုံတစ်ခုပမာပင်။
လုကျိုးနှင့် ဧကရာဇ်ယွီတို့သည် အဝေးမှနေ၍ မျက်နှာချင်းဆိုင်လိုက်ကြသည်။ ဧကရာဇ်ယွီက လက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။
“ဖိတ်ခေါ်ပါတယ်”
လုကျိုးက မျက်နှာမပျက်ဘဲ ပြောလိုက်၏။
“ငါက အားနည်းသူတွေကို နှိပ်စက်ရတာ ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး၊ အဲဒါကြောင့် မင်းနဲ့ ယှဉ်ဖို့ ငါ့ရဲ့ ခွန်အားတွေကို တမင် လျှော့ချထားပေးမယ်”
ဧကရာဇ်ယွီသည် ဤစကားကြောင့် စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ကြယ်ကြွေသကဲ့သို့ တဟုန်ထိုး ပျံသန်းလာတော့သည်။
လုကျိုး မျက်မှောင်ကျုံ့လိုက်မိ၏။ သူ၏လက်ထဲ၌ မိုးကြိုးသွားကတ် တစ်ကတ် ချက်ချင်း ပေါ်ထွက်လာပြီးနောက် ၎င်းကို ညှာတာခြင်းမရှိဘဲ ချေဖျက်ပစ်လိုက်တော့သည်။ ဟင်းလင်းပြင်နှင့် အချိန်တို့မှာ အေးခဲရပ်တန့်သွားပုံရသော်လည်း ထိုအချက်က မိုးကြိုးသွားကတ်ကိုမူ သက်ရောက်မှု မရှိပေ။
‘လျှပ်စီး’ ဟူသော သင်္ကေတ ပါဝင်သည့် လက်ဝါးတော်တံဆိပ်တစ်ခုမှာ တံတိုင်းတစ်ခုပမာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ လျှပ်စီးတန်းများ ဝင်းလက်လာတော့၏။ ၎င်းနောက်တွင် လုကျိုးသည် သဲနာရီကို ပစ်ထုတ်လိုက်တော့သည်။
“ရပ်တန့်စမ်း”
“သဲနာရီ ဟုတ်လား” ဧကရာဇ်ယွီက ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ သူသည် သူ၏လက်မောင်းများကို ခပ်မြန်မြန်ပင် ယှက်လိုက်ပြီးနောက် မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ဟင်းလင်းပြင်စွမ်းအားကို ထုတ်ဖော်လိုက်တော့သည်။ သူသည် တိုက်ခိုက်ရန် အစီအစဉ်ကို လုံးဝ လက်လျှော့လိုက်ရတော့၏။
ဤရုတ်တရက် ဖြစ်ပွားခဲ့သော ယှဉ်ပြိုင်မှုကြီးကြောင့် တောင်ပံမျိုးနွယ်စုဝင် အမြောက်အမြားမှာ ဆွဲဆောင်ခြင်း ခံလိုက်ရပြီး သူတို့သည် တိုက်ပွဲကို စောင့်ကြည့်ရန်အတွက် အရပ်မျက်နှာအသီးသီးမှ ပြေးလွှား ရောက်ရှိလာကြတော့သည်။
ဘုန်း
မဟာအသူရာမြေ၏ ဖျက်ဆီးခြင်းတိုင်လုံးကြီး၏ အထက် ကောင်းကင်ယံမှ မိုးကြိုးတစ်စင်း ကျဆင်းလာတော့သည်။ မဟာအသူရာမြေ၏ ကောင်းကင်ယံ၌ ဝဲပျံနေသော ဧရာမသတ္တဝါကြီးမှာလည်း ဇဝေဇဝါဖြစ်စွာဖြင့် အော်ဟစ်လိုက်ရှာ၏။
မူလက သာယာလင်းထိန်နေသော မဟာအသူရာမြေကြီးမှာ မှောင်အတိ ကျသွားတော့ပြီး မည်းမှောင်သော တိမ်တိုက်များ စတင် စုဝေးလာတော့သည်။ ကောင်းကင်ယံရှိ သတ္တဝါကြီးမှာလည်း ပိုမိုနီးကပ်စွာ ပျံသန်းလာခဲ့ပြီး အပြင်ဘက်မှ မည်းမှောင်သော တိမ်တိုက်များနှင့် မြူထုများကိုပါ သတိမထားမိဘဲ ဆွဲခေါ်လာခဲ့ပေသည်။
မိုးကြိုးသွားကတ်၏ ထိမှန်ခြင်းကို ခံလိုက်ရသော ဧကရာဇ်ယွီသည် သူ၏ လက်မောင်းနှစ်ဖက်စလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ဟင်းလင်းပြင်စွမ်းအားမှာလည်း ထိုမိုးကြိုးဒဏ်ကြောင့် ချက်ချင်းပင် ပျက်စီးသွားရရှာသည်။ သူသည် ညည်းတွားလိုက်မိပြီးနောက် နောက်သို့ ကိုက် ၁၀၀ ခန့် လွင့်စဉ်သွားရတော့၏။ သူ၏ ခြေလှမ်းများကို ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်တွင်မူ မျက်လုံးများ ပြူးကျယ်လျက် ချီးကျူးလိုက်မိသည်။
“ကောင်းလိုက်တဲ့တိုက်ကွက်”
ဧကရာဇ်ယွီသည် စိတ်ထဲမှ တွေးတောနေမိ၏။
‘ဆိုးယုတ်သူတစ်ပါး ပီသပါပေတယ်။ သူက အလွယ်တကူ လက်မလှုပ်တတ်ပေမဲ့ လက်လှုပ်လိုက်ပြီဆိုရင်တော့ ပြတ်သားပြီး ရက်စက်လွန်းလှပေတယ်’
ဧကရာဇ်ယွီသည် လုကျိုးကို ကြည့်ရင်း ပိုမို၍ သတိကြီးစွာ ထားလိုက်တော့သည်။
လုကျိုးမှာမူ မည်သည့်အမူအရာမျှ မပြပေ။ သူသည် ဧကရာဇ်ယွီကို လုံးဝ ဂရုမစိုက်သကဲ့သို့ပင် ရှိနေပေသည်။
ဧကရာဇ်ယွီမှာမူ လက်မခံနိုင်သေးပေ။ သူသည် ထပ်မံ၍ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် ကြယ်ကြွေသကဲ့သို့ တဟုန်ထိုး ပျံသန်းလာပြန်တော့သည်။
ယခုအခါ လုကျိုး၏ ကျင့်ကြံမှုမှာ များစွာ မြင့်မားလာခဲ့ပြီဖြစ်ရာ သေစေနိုင်သောတိုက်ကွက်ကတ်များ၏ ဈေးနှုန်းမှာ ကုသိုလ်မှတ် ၁၀၀,၀၀၀ အထိ မြင့်တက်သွားခဲ့ပြီး သူ၌လည်း ကုသိုလ်မှတ်များစွာ ကျန်ရှိမနေတော့ပေ။ သူက စိတ်ထဲမှ တွေးလိုက်မိသည်။
‘ထားလိုက်ပါတော့...’
လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်၏ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ၎င်းတို့ကို သဲနာရီအတွင်းသို့ ထည့်သွင်းလိုက်တော့သည်။ ၎င်းနောက်တွင် နတ်ဘုရားတာအိုစွမ်းအား အနည်းငယ်မှာ အလင်းစက်ဝန်းတစ်ခုပမာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားတော့၏။ ထို့နောက်တွင် အရာအားလုံးမှာ ရပ်တန့်အေးခဲသွားရတော့သည်။
လုကျိုးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဧကရာဇ်ယွီ၏ အထက်ကောင်းကင်ယံ၌ ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် သာမန် သေစေနိုင်သောတိုက်ကွက်ကတ် တစ်ကတ်ကို ချေဖျက်ပစ်လိုက်တော့၏။
ကောင်းကင်ယံ၌ ဧရာမ ဝဲကရက်ကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။ ထိုသတ္တဝါကြီးမှာလည်း ထပ်မံ၍ ဇဝေဇဝါဖြစ်စွာ အော်ဟစ်လိုက်ပြန်၏။ ၎င်းသည် ထိုစွမ်းအားများ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလှကြောင်း အာရုံခံမိပုံရသဖြင့် တိုက်ပွဲနှင့် ဝေးကွာရာ ကောင်းကင်ယံ အထက်ပိုင်းဆီသို့ ခပ်မြန်မြန်ပင် ပျံတက်သွားတော့သည်။
၎င်းနောက်တွင် ထိုဝဲကရက်ကြီးအတွင်းမှ လျှပ်စီးတန်းများ ဝင်းလက်နေသည့် အလင်းတိုင်ကြီးတစ်ခု ကျဆင်းလာခဲ့ပြီး ဧကရာဇ်ယွီကို ရိုက်ခတ်လိုက်တော့သည်။
ဘုန်း
အချိန်များ ပြန်လည် စီးဆင်းလာချိန်တွင် ဧကရာဇ်ယွီသည် သူ၏ တစ်ကိုယ်လုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကြီးတစ်ခု၏ ထိမှန်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။ ထိုအလင်းတိုင်ကြီးက သူ၏ နှလုံးသားကို ထိုးဖောက်သွားခဲ့ပြီး သူ၏ နတ်ဘုရားဝိညာဉ်ပုလဲကိုလည်း အပြင်သို့ ပျံထွက်သွားစေတော့၏။ လုကျိုးသည် ဤတိုက်ကွက်တစ်ခုတည်းဖြင့်ပင် ဧကရာဇ်ယွီကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်း ဖြစ်ပေသည်။
တောင်ပံမျိုးနွယ်စုဝင်များသည် ဤအချက်ကို လက်ခံရန် ခက်ခဲနေကြရှာသည်။ သူတို့အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
“အရှင်မင်းကြီး”
ဧကရာဇ်ယွီသည် လုကျိုးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ သူ တကယ့်ကို မသက်မသာ ဖြစ်နေရရှာ၏။ သူတို့ကြားက ခွန်အား ကွာဟချက်မှာ ဤမျှအထိပင် ကြီးမားလှပေသလော။ ထိုနတ်ဘုရားဝိညာဉ်ပုလဲသည် ဧကရာဇ်ယွီကို သုံးပတ်ခန့် ဝဲပျံပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး သူ၏ ဒဏ်ရာများကို ပြန်လည် ကုသပေးလိုက်တော့သည်။
လုကျိုးမှာမူ ဤအချက်ကို သဘာဝကျစွာပင် အံ့ဩခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဧကရာဇ်ယွီကို သတ်ဖြတ်ရန် အစီအစဉ် မရှိခဲ့သည် မဟုတ်ပါလော။ အချိန်အတန်ကြာ ကုန်လွန်သွားပြီးနောက်တွင်မူ ဧကရာဇ်ယွီသည် သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။
ထိုစဉ် လုကျိုးက အမူအရာကင်းမဲ့စွာဖြင့် မေးမြန်းလိုက်၏။
“မင်း ဆက်ပြီးတော့ ယှဉ်ပြိုင်ချင်သေးလား”
ဧကရာဇ်ယွီသည် အသက်ကို ဝဝရှူလိုက်၏။ သူ မကျေနပ်သော်လည်း ပြောလိုက်ရသည်။
“ကျုပ် အရှုံးပေးပါတယ်”
လုကျိုးသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့ကာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ၏ ရှေ့မှောက်၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် မဟာအသူရာမြေ၏ အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့တော့၏။
လမ်းတစ်လျှောက်လုံးတွင် တောင်ပံမျိုးနွယ်စုဝင်များသည် အလိုအလျောက်ပင် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖယ်ပေးကြပြီး သူ၏အတွက် လမ်းတစ်ခု ဖွင့်ပေးလိုက်ကြတော့သည်။ မည်သူမျှ သူ့ကို တားဆီးရန် မဝံ့ရဲကြပေ။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ယွီကိုယ်တိုင်ပင်လျှင် သူ၏လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည် မဟုတ်ပါလော။ မည်သူကများ သူ့ကို တားဆီးဝံ့ပါဦးမည်နည်း။
…