အခန်း ၁၃၃
Vol. 14 Ch. 133
အပိုင်း (၁၃၃.၁)
ချီစီးမြောင်သည် အချိန်အတော်ကြာအောင် မှင်သက်စွာ ရပ်နေခဲ့ပြီးမှ ပြောလိုက်လေသည်။ "မယ်မယ်က နောက်ပြောင်နေတာပဲ"
နံနက်ခင်းအလင်းရောင်သည် တဖြည်းဖြည်း လင်းရှင်းလာခဲ့ပြီး ခန်းမဆောင်အတွင်းရှိ ဖယောင်းတိုင်အလင်းရောင်များမှာ မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ဝိန်းယွီ၏ အရိပ်သည် နန်းတော်၏ ကြမ်းခင်းကြွေပြားများပေါ်သို့ ရှည်လျားစွာ ကျရောက်နေပြီး ပိန်လှီလှသော်လည်း အေးစက်ထက်မြက်သည့် ကြံ့ခိုင်တည်ကြည်မှုမျိုးကို ထုတ်ဖော်ပြသနေ၏။ "လူကြီးမင်းက ဒီမိဖုရား နောက်ပြောင်နေတယ်လို့ တကယ်ပဲ ထင်လို့လား"
ချီစီးမြောင်သည် နှုတ်နေမိ၏။
ဝိန်းယွီ၏ လေသံသည် အရိုးထိအောင် အေးစက်လှ၏။ "အခုအချိန်မှာ လျန်ပြည်က ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာ လူကြီးမင်းက တခြားဘယ်သူ့ထက်မဆို ပိုသိမှာပါ။ တိုးကျန့်လျန်က ဖေစုန့်ဆီမှာ သစ္စာခံသွားခဲ့တယ်၊ ဝေ့စစ်တပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်၊ ပြီးတော့ ဒီမိဖုရားရဲ့ တာ့လျန်ပြည်ကြီးက စစ်သည်အမြောက်အမြားကိုလည်း လမ်းခုလတ်မှာ ပိတ်ဆို့သတ်ဖြတ်ခဲ့တယ်။ လျန်ပြည်သူတွေက အခု မင်းတို့ရဲ့ ချန်ပြည်ထောင်နဲ့ ငါ့အပေါ်မှာ ရန်ငြိုးတွေ အခြေတည်နေကြပြီ။ လျန်စစ်စခန်းအတွင်းမှာလည်း ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်နေတယ်။ တကယ်လို့ တိုးကျန့်လျန်ရဲ့ သစ္စာဖောက်မှုက မင်းတို့ ချန်ပြည်ထောင်ရဲ့ ကြိုးကိုင်မှု မဟုတ်ဘူးဆိုရင်၊ ပြီးတော့ မင်းတို့က အဲဒီသစ္စာဖောက်ကို တိုက်ခိုက်ဖို့ လျန်ပြည်ထဲကို စစ်သည်တွေ စေလွှတ်ဖို့ ရည်ရွယ်ချက် ရှိနေသေးတယ်ဆိုရင် လျန်ပြည်ရဲ့ အရာရှိတွေနဲ့ ပြည်သူတွေကို အကြောင်းပြချက်မပေးဘဲနေလို့ ဘယ်ဖြစ်မှာလဲ"
ချီစီးမြောင်က ပြန်ဖြေလိုက်၏။ "ကျွန်တော်တို့ ချန်ပြည်ထောင်အနေနဲ့ တိုးကျန့်လျန်က ဖေစုန့်ထံ သစ္စာခံသွားတာကို တကယ်ပဲ ကြိုတင်မသိခဲ့ပါဘူး၊ ပြီးတော့ ဒီသစ္စာဖောက်ကို အပြစ်ပေးဖို့အတွက်လည်း စစ်သည်တွေကို သေချာပေါက် စေလွှတ်ပါ့မယ်။ ဒါပေမဲ့ မင်းသမီး တောင်းဆိုတဲ့အချက်ကိုတော့ ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဒီနေ့ ညီလာခံ ပြီးတာနဲ့ တိုးကျန့်လျန်ရဲ့ သစ္စာဖောက်မှုကို လောကကြီးထံ လူသိရှင်ကြား ကြေညာမှာဖြစ်ပြီး သူ လက်နက်ချလာအောင် ဖိအားပေးဖို့ သူ့ရဲ့မိသားစုဝင်တွေကို လျန်ပြည်ထောင်ထံ ပို့ဆောင်ပေးပါ့မယ်။ မယ်မယ်တို့ရဲ့ ဂုဏ်သရေရှိလှတဲ့ လျန်ပြည်ထောင် ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက်လည်း ကျွန်တော်တို့ ချန်ပြည်ထောင်က တခြားနည်းလမ်းတွေနဲ့ အပြည့်အဝ လျော်ကြေးပေးပါ့မယ်"
ဝိန်းယွီသည် ခပ်အေးအေး နှာခေါင်းရှုံ့လိုက်ပြီး "တိုးကျန့်လျန်က ဝေ့စစ်တပ်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ မင်းတို့ရဲ့ ချန်ပြည်ထောင်က ဒီမိဖုရားရဲ့ တာ့လျန်ပြည်ကြီးရဲ့ အချုပ်အခြာအာဏာကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ လျန်ပြည်ထဲကို စစ်သည်တွေ စေလွှတ်ခဲ့တာပဲ— ဒီလို စွပ်စွဲချက်မျိုးက အခု လျန်ပြည်ရဲ့ နေရာအနှံ့မှာ ရည်ရွယ်ချက်ရှိတဲ့လူတွေကြောင့် ပြန့်နှံ့နေပြီလေ။ ဒီကောလာဟလကို မနှိမ်နင်းနိုင်သရွေ့ လျန်ပြည်မှာ ဒီမိဖုရားရဲ့ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မယ်။ ငါ့ရဲ့ လက်အောက်ငယ်သားတွေက ဆက်ပြီး သစ္စာရှိမရှိဆိုတာ မသေချာတော့တဲ့အပြင် မင်းတို့ရဲ့ ချန်စစ်တပ်က လျန်ပြည်ထဲကို နောက်တစ်ကြိမ် ဝင်လာခဲ့ရင် သူတို့က တိုင်းပြည်ကို ခိုးယူဖို့ လာကြတဲ့ သူခိုးတွေအဖြစ်ပဲ သေချာပေါက် အမြင်ခံရလိမ့်မယ်"
ချီစီးမြောင်သည် ဝိန်းယွီ ထောက်ပြသော အချက်များကို ကောင်းစွာ နားလည်သော်လည်း "ကောလာဟလတွေက ပညာရှိတွေနဲ့ တွေ့ရင် ငြိမ်းသွားတတ်တာပဲ" ဟုသာ ပြောနေဆဲပင်။
ဝိန်းယွီ၏ ခပ်ဖျော့ဖျော့ နီမြန်းနေသော မျက်ဝန်းအစုံတွင် လှပသော်လည်း ကျိုးပျက်လွယ်လှသည့် အပြုံးတစ်ခု ထင်ဟပ်နေခဲ့ရာ ရေကန်မျက်နှာပြင်ပေါ်က ပါးလွှာသော ရေခဲလွှာလေး အက်ကွဲသွားသကဲ့သို့ပင်။ သို့သော် သေသေချာချာ စိုက်ကြည့်လိုက်မည်ဆိုပါက ထိုမျက်ဝန်းများတွင် အေးစက်မှုမှလွဲ၍ အခြားအရာ မရှိသည်ကို တွေ့ရလိမ့်မည်။ "အဲဒီ ‘ပညာရှိတွေနဲ့တွေ့ရင် ငြိမ်းသွားလိမ့်မယ်’ ဆိုတာအတွက် လူကြီးမင်းက စစ်မြေပြင်မှာ ချန်စစ်သည် ဘယ်လောက်များများရဲ့ အသက်တွေကို စတေးဖို့ တွေးထားလဲ။ ပြီးတော့ ဒီလို ရေရှည်စစ်ပွဲကြီးကို ထိန်းသိမ်းဖို့အတွက်ကော ချမ်းသာမှု ဘယ်လောက်များများ အကုန်ခံမှာလဲ"
ချီစီးမြောင်သည် တိတ်ဆိတ်သွားခဲ့ရပြန်သည်။
ဝိန်းယွီက ဆက်ပြောလိုက်၏။ "ချန်ပြည်ထောင်ရဲ့ ဘဏ္ဍာတိုက်က နှစ်ပေါင်းများစွာကတည်းက ခန်းခြောက်နေခဲ့တာ။ မင်း တကယ်ပဲ အခွန်ဝန်ဌာနမှာ စုပုံနေတဲ့ ရှုပ်ထွေးလှတဲ့ စာရင်းအင်းတွေရှင်းလင်းဖို့ အကျင့်ပျက်ခြစားတဲ့ မိန်းမစိုးတွေကို စုံစမ်းစစ်ဆေးရုံသက်သက်နဲ့ ရှင်းလင်းနိုင်လိမ့်မယ်လို့ ယုံနေတာလား။ ဒါမှမဟုတ် လူကြီးမင်းက ကျန်းမိသားစုက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့အတွက် ထွေးထုတ်ပေးခဲ့တဲ့ ငွေစတွေကိုပဲ အားကိုးပြီး— လျန်ပြည်ထဲကို စေလွှတ်မယ့် စစ်တပ်အတွက် အသုံးစရိတ်အဖြစ် သုံးမယ့်အပြင် ပြည်သူတွေရဲ့ စားဝတ်နေရေးကိုပါ ထိန်းသိမ်းဖို့ စဉ်းစားထားတာလား"
စကားပြောနေရင်းမှ ဝိန်းယွီ၏ လေသံထဲက သရော်မှုများမှာ ပိုကြီးထွားလာခဲ့သည်။ "ဒီမိဖုရား ချန်ပြည်ထောင်ကို ရောက်တာ မကြာသေးဘူးဆိုပေမဲ့ ဒီနေရာက ပြည်သူတွေရဲ့ စားဝတ်နေရေး အခြေအနေကိုတော့ အတော်အသင့် နားလည်ထားပါတယ်။ မင်းတို့ရဲ့ ချန်ပြည်ထောင်က ပြင်းထန်လှတဲ့ လုပ်အားပေးခိုင်းစေမှုတွေနဲ့ အခွန်အတုတ်တွေကို အတင်းအကြပ် ကောက်ခံပြီးမှ ဒီလိုအခြေအနေမျိုးကို ရောက်လာခဲ့တာလေ၊ အောက်ခြေက သာမန်အရပ်သားပြည်သူတွေကတော့ အကြီးအကျယ် ဒုက္ခရောက်နေကြပြီ။ စစ်တပ်က နှစ်အနည်းငယ်အတွင်းမှာပဲ ဒီလောက်အထိ မြန်မြန်ဆန်ဆန် အင်အားကြီးလာတာက စစ်ထဲဝင်ရင် အိမ်ထောင်စုတွေကို လုပ်အားပေးမှုနဲ့ အခွန်အတုတ်တွေကနေ ကင်းလွတ်ခွင့်ပေးတယ်ဆိုတဲ့ မင်းတို့ရဲ့ မူဝါဒကြောင့်ပဲ မဟုတ်လား။ ဒါပေမဲ့ စစ်တိုက်ဖို့အတွက် လိုအပ်တဲ့ ရိက္ခာတွေနဲ့ ငွေစတွေ— အဲဒီ ကျန်းမိသားစုက လာဘ်စားထားတာတွေရဲ့ သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိတာ။ တကယ်လို့ လျန်ပြည်ကစစ်ပွဲက အချိန်အကန့်အသတ်မရှိ ဆွဲဆန့်သွားခဲ့မယ်ဆိုရင် နောက်ပိုင်းကျရင် ခွဲဝေပေးရမယ့် စစ်ရိက္ခာတွေကို ပြည်သူတွေရဲ့ အသက်သွေးကြောထဲကနေပဲ အတင်းအကြပ် ညှစ်ထုတ်ယူရတော့မှာ မဟုတ်ဘူးလား။ တိုင်းပြည်ရဲ့ ဒေါက်တိုင်တစ်ခုအနေနဲ့... မင်းက ရက်စက်တဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ ပြင်းထန်တဲ့ အခွန်အတုတ်တွေက ပြည်တွင်းစစ်ကို သေချာပေါက် ဖြစ်စေတတ်တယ်ဆိုတာကို ဘာဖြစ်လို့ မသိဘဲ နေရတာလဲ။ ပြည်တွင်းစစ်သာ တစ်ခါ ဖြစ်ပွားသွားခဲ့ရင် နန်ချန်ကို အမြဲတမ်း မျက်စိကျနေခဲ့ကြတဲ့ ရှီးလင်နဲ့ ပတ်ဝန်းကျင်က တိုင်းပြည်ငယ်လေးတွေက အခွင့်ကောင်းယူပြီး ပူးပေါင်းတိုက်ခိုက်လာမှာကို မင်း အာမခံနိုင်ပါ့မလား"
ဝိန်းယွီ၏ စကားလုံးများသည် တကယ့်ကို ထက်မြက်လှပြီး— စကားတစ်ခွန်းတိုင်းက နန်ချန်နန်းတွင်း၏ အရေးကြီးဆုံးသော အားနည်းချက်များကို တည့်တည့် ထိုးနှက်နေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ချီစီးမြောင်သည် လေးပင်စွာ သက်ပြင်းချလိုက်ပြီးမှ ပြောလိုက်၏။ "မယ်မယ် ပြောခဲ့တာတွေကို ဒီအမတ်အိုကြီးက ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ချန်ပြည်ထောင်က တောင်ကြားလမ်းရဲ့ အပြင်ဘက်ကို ဆုတ်ခွာခဲ့ရတာ နှစ်ပေါင်း ရာချီနေပြီ ဖြစ်ပေမဲ့ တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေကိုတော့ အခုထိ ထိန်းသိမ်းထားနိုင်တုန်းပဲ။ အခု နန်ချန်ရဲ့ အချုပ်အခြာအာဏာက ဒီအမတ်အိုကြီးရဲ့ လက်ထဲမှာတင် လုံးဝ ပျက်သုန်းသွားခဲ့မယ်ဆိုရင်... ကျွန်တော်က တိုင်းပြည်ကို ဖျက်ဆီးတဲ့ ကြီးမားတဲ့ အပြစ်တွေကို ဘယ်လိုလုပ်ပြီး ခံယူဝံ့မှာလဲ။ သေလွန်ပြီးတဲ့ နောက်မှာတောင် ချန်မျိုးနွယ်စုရဲ့ အရင်မင်းမြတ်တွေကို သွားတွေ့ဖို့ ကျွန်တော့်မှာ မျက်နှာ ရှိတော့မှာ မဟုတ်ဘူး..."
ဝိန်းယွီက တုံ့ပြန်လိုက်၏။ "ရှေးခေတ်ကတည်းက အုပ်ချုပ်သူတစ်ဦးရဲ့ အခြေခံအုတ်မြစ်က သစ္စာတရားပေါ်မှာ ရှိတာဖြစ်ပြီး တိုင်းပြည်တစ်ခုရဲ့ အခြေခံအုတ်မြစ်က ပြည်သူတွေပေါ်မှာ ရှိတာပဲ။ ပြည်သူတွေကို လျစ်လျူရှုတဲ့သူဟာ ပြည်သူတွေရဲ့ လျစ်လျူရှုခြင်းကိုလည်း သေချာပေါက် ပြန်ခံရလိမ့်မယ်။ ဒီမိဖုရား ထင်တာတော့ တောင်ကြားလမ်းရဲ့ အပြင်ဘက်ကို ဆုတ်ခွာခဲ့ရတဲ့ ဘေးဒုက္ခတွေကို ကြုံတွေ့ခဲ့ဖူးတဲ့ ချန်ပြည်ထောင်အနေနဲ့ ပြည်သူတွေရဲ့ အရေးကြီးပုံကို ကောင်းကောင်း နားလည်ထားခဲ့သင့်ပြီ။ ဒါပေမဲ့ အခုတော့ မင်းတို့က သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ့်အစား ချန်ပြည်ထောင်ကို ဒီလိုမျိုး ဘေးဒုက္ခတွေ နောက်တစ်ကြိမ် ထပ်ပြီး ခံစားရစေချင်နေတာပေါ့။ ဒီမိဖုရား မေးပါရစေ... တကယ်လို့ အတိတ်က ဘေးဒုက္ခမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့ရင် အခုလက်ရှိ ချန်ပြည်ထောင်က အတိတ်တုန်းကလို တော်ဝင်မိသားစုဝင်တွေ ပြန်လည်အင်အားကောင်းလာပြီး အသက်ရှင်သန်နိုင်ဖို့အတွက် အခွင့်အရေးကို ရနိုင်ပါဦးမလား"
ဝိန်းယွီသည် ဤကဲ့သို့ ရဲရဲတင်းတင်း မေးမြန်းရဲခြင်းမှာ သူမအနေနှင့် နန်ချန်၏ အခြေအနေမှန်ကို ကောင်းစွာ ရိပ်မိထားခြင်းကြောင့်ပင်။
ချန်ပြည်ထောင်က သူမကို ဖေစုန့်အား တိုက်ခိုက်ဖို့အတွက် စစ်ကူမလွှတ်ခဲ့လျှင်ပင် နောက်ထပ် ၁၀နှစ်အတွင်း ရှီးလင်က နန်ချန်ကို သေချာပေါက် လာရောက်တိုက်ခိုက်လိမ့်မည်။
နန်ချန်သည် ပြည်မကြီးသို့ ပြန်လာရန် နည်းလမ်းရှာနေခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ မိမိကိုယ်မိမိ ကယ်တင်ရန်အတွက် ဖြစ်သည်ဟုပင် ပြောနိုင်သည်။
အစပိုင်းတွင် မယ်တော်ကြီးကျန်းက ဝိန်းယွီကို ချန်ဝမ်အတွက် တောင်းဆိုခဲ့စဉ်က သူမသည် နန်းတွင်းရှိ ဝါရင့်အမတ်အမြောက်အမြား၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းမှာ ဤလက်ထပ်ထိမ်းမြားမှုက နန်ချန်ကို ထိုအချိန်က အရှိန်အဝါကြီးမားသော လျန်ပြည်ထောင်၏ အကာအကွယ်ကို ရရှိစေမည့်အပြင် ရှီးလင်ကို မဆင်မခြင် မလှုပ်ရှားရဲအောင် တားဆီးနိုင်လိမ့်မည်ဟု တွက်ချက်ခဲ့ကြခြင်းပင်။
ယခုအခါ လျန်ပြည်ထောင်သည် အပိုင်းပိုင်း ကွဲအက်သွားခဲ့နှင့်အတူ ရှီးလင်သည်လည်း မငြိမ်မသက် ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်ငယ်များနှင့် လူမျိုးစုများကို နန်ချန်အား လာရောက်နှောင့်ယှက်ခိုင်းရင်း သူတို့၏ လက်ရှိအင်အားကို အကြိမ်ကြိမ် စမ်းသပ်နေခဲ့ကြသည်။
နန်းတွင်းရှိ ဝါရင့်အမတ်များသည် လုပ်အားပေးခိုင်းစေမှုများနှင့် အခွန်အတုတ်များက သာမန်ပြည်သူတွေရဲ့ ကျောရိုးကို ကျိုးလုနီးပါး ဖြစ်စေနေသည်ကို မည်သို့လျှင် မသိဘဲ နေကြပါ့မည်နည်း။ သို့သော်လည်း ပြင်ပက ခြိမ်းခြောက်မှုများ ဝန်းရံနေသဖြင့် သူတို့သည် ပြည်သူများ၏ စားဝတ်နေရေးနှင့် ပြည်တွင်းအုပ်ချုပ်ရေးကို ထိခိုက်ခံပြီးတော့ပင် စစ်တပ်ကို အဆက်မပြတ် တိုးချဲ့ရင်း တိုင်းပြည်ရဲ့ ရင်းမြစ်ကို ကုန်ခမ်းစေခြင်းကလွဲလျှင် အခြားနည်းလမ်း မရှိခဲ့ကြချေ။
ရှီးလင်သည် နန်ချန်ကို လာရောက်တိုက်ခိုက်ရန် အချိန်ဆွဲနေခဲ့ခြင်းမှာ သူတို့ နိုင်ခဲ့လျှင်ပင် ကြီးမားသော ပေးဆပ်မှုကို လုပ်ရမှာဖြစ်ကြောင်း နားလည်ထားခြင်းကြောင့်ပင်။
ထို့ကြောင့်ပင် သူတို့သည် နန်ချန်ကိုယ်တိုင် စားဝတ်နေရေး မထိန်းသိမ်းနိုင်တော့ဘဲ အတွင်းပိုင်းကနေ အလိုလို လဲပြိုသွားမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြခြင်းသာ။
ကျန်ရှိနေသော တစ်ခုတည်းသော အပြောင်းအလဲမှာ နန်ချန်အနေနှင့် လျန်ပြည်ထောင်ရှိ ဖေစုန့်ကို တိုက်ခိုက်ရန် ဝိန်းယွီထံသို့ စစ်သည်များ စေလွှတ်ကူညီပေးမည့် ဆုံးဖြတ်ချက်ပင်။
အကယ်၍ နန်ချန်သာ အောင်မြင်ခဲ့ပြီး တောင်ကြားလမ်းအတွင်းသို့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့မည်ဆိုပါက ရှီးလင်သည် နန်ချန်ကို ထပ်မံကျူးကျော်လိုလျှင် ပြည်မကြီးဟူသော ကြီးမားလှသည့် အဖွဲ့အစည်းကြီးကို ရင်ဆိုင်ရလိမ့်မည်။
ဒါသည် ရှီးလင် အလိုမရှိဆုံးသော အခြေအနေ ဖြစ်ပြီး နန်ချန်ဘက်ကလည်း အရာအားလုံးကို ရင်းပြီး လောင်းကစားထားသော အကွက်တစ်ခု ဖြစ်သည်။
အတိတ်တုန်းက သူတို့ တောင်ကြားလမ်းပြင်ပသို့ ဆုတ်ခွာခဲ့ပြီးနောက် တည်ငြိမ်သွားခဲ့ခြင်းမှာ ယခင်မင်းဆက်က စစ်ကို ဆက်တိုက်ရန် အင်အားကင်းမဲ့သွားခဲ့သဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့ခြင်းကြောင့်ပင်။
သို့သော် သူတို့ကသာ ယခုအချိန်တွင် မိမိတို့၏ ကိုယ်ပိုင်စစ်ရေးနှင့် ပြည်တွင်းအုပ်ချုပ်ရေး အခက်အခဲများကြောင့် လဲပြိုသွားခဲ့မည်ဆိုလျှင်တော့ ဘေးကနေ ရပ်ကြည့်ပြီး စောင့်ဆိုင်းနေခဲ့ကြသည့် ရှီးလင်နှင့် ပတ်ဝန်းကျင်က တိုင်းပြည်ငယ်များ၊ လူမျိုးစုများက သူတို့ကို ညှာတာလိမ့်မည် မဟုတ်ချေ။
နန်ချန်၏ ဝါရင့်ဝန်ကြီးတစ်ဦးအနေနှင့် ချီစီးမြောင်သည် ဤအမှန်တရားများကို ကောင်းစွာ သိရှိထားသည်။ သူသည် နန်းတွင်းအမတ်ချုပ်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုထက်မက အမှုထမ်းခဲ့ဖူးသူဖြစ်ပြီး "သံမဏိနှုတ်ခမ်း" ဟု ကျော်ကြားခဲ့သော်လည်း ယခုမူ စကားတစ်ခွန်းပင် ပြန်မပြောနိုင်ဘဲ ဆွံ့အနေရတော့သည်။
ဝိန်းယွီသည် ထိုထိုအဘိုးကြီးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး သူမ၏ နောက်ဆုံးထိုးနှက်ချက်ကို ဖော်ထုတ်လိုက်၏။ "မင်းရဲ့ ရာထူးနေရာအရဆိုရင် နောက်ထပ် ၁၀နှစ်အတွင်း ချန်တော်ဝင်နန်းတွင်းရဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရမှာပဲ။ ကြီးမားတဲ့ ဘေးဒုက္ခကြီး ကျရောက်လာတဲ့အခါ နန်ချန်ရဲ့ ကံကောင်းပြီး အသက်ရှင်ကျန်ရစ်မှုအပေါ်မှာပဲ လောင်းကြေးထပ်မလား၊ ဒါမှမဟုတ် ချန်မျိုးနွယ်စုရဲ့ သွေးသားတွေ လောကကြီးရဲ့ အုပ်ချုပ်သူအဖြစ် သူတို့ရဲ့ နေရာမှန်ကို ပြန်ရရှိအောင် ရုန်းကန်မလား။ သေသေချာချာ စဉ်းစားပြီးမှ အဖြေပေးပါ"
သူမ ပြောသော အဓိပ္ပာယ်မှာ ရှင်းလင်းလှ၏— သူမ၏ မျိုးဆက်များသည် ချန်တော်ဝင်မိသားစု၏ သွေးသားတစ်ဝက်ကိုလည်း သယ်ဆောင်ထားလိမ့်မည်။
သူမကို အုပ်ချုပ်သူအဖြစ် ထောက်ခံပေးခြင်းအားဖြင့် နောင်တစ်ချိန်တွင် ထီးနန်းဆက်ခံမည့်သူသည် ချန်ပြည်ထောင်ဟူသော နာမည် မရှိတော့လျှင်တောင်မှ ချန်တော်ဝင်မိသားစု၏ မျိုးဆက်တစ်ဦးသာ ဖြစ်နေလိမ့်ဦးမည်။
ဤသို့ ပြောပြီးနောက် ဝိန်းယွီသည် သူမ၏ ခေါင်းဆောင်းကို ပြန်ဆောင်းလိုက်ပြီး ဘေးခန်းမဆောင်အတွင်းမှ ထွက်ခွာရန် ပြင်လိုက်သည်။ သူမ ခန်းမဆောင်အတွင်းမှ ခြေလှမ်းစတင် ထွက်ခွာတော့မည့် အချိန်မှာပင် အနောက်ဘက်ဆီမှ ချီစီးမြောင်၏ အိုမင်းလှသော စကားသံ ထွက်ပေါ်လာခဲ့၏။ "ဒီအမတ်အိုကြီးက မယ်မယ်ရဲ့ အဆိုပြုချက်ကို သဘောတူနိုင်ပါတယ်၊ ဒါပေမဲ့ မယ်မယ်က ပြည်မကြီးရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်တဲ့ နေ့ကျရင်တော့ မင်းဆက်ရဲ့ နာမည်ကို အသစ်ပြန်လည် ရေးဆွဲရလိမ့်မယ်”
ဝိန်းယွီသည် သူမ၏ မျက်လွှာကို အနည်းငယ် ချလိုက်ပြီး ချီစီးမြောင်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို သဘောပေါက်လိုက်၏။
သူတို့၏ နန်ချန်သည် မိမိတို့၏ ကိုယ်ပိုင်မင်းဆက်နာမည်ကို စွန့်လွှတ်နိုင်သော်လည်း မြေပြင်ကို တည်ငြိမ်အောင် လုပ်ဆောင်ပြီးစီးသွားသည့် အခါတွင်တော့ တာ့လျန်ပြည်ကြီး၏ နာမည်ကိုလည်း ဆက်ပြီး သုံးခွင့်ပြုလိမ့်မည် မဟုတ်ချေ။ မင်းဆက်အသစ်တစ်ခုကို စတင်ရန်အတွက် မင်းဆက်နာမည်အသစ်တစ်ခုကို သေချာပေါက် တည်ထောင်ရလိမ့်မည်။
ထိုသို့ဆိုလျှင် နန်ချန်၏ ဤကဲ့သို့ အညံ့ခံလိုက်ရသည့် လုပ်ရပ်က သိပ်ပြီး အရှက်ရစရာ မကောင်းတော့ချေ။
ထိုအခိုက်အတန့်လေးအတွင်း တာ့လျန်ပြည်ကြီး၏ သမိုင်းကြောင်း တစ်ခုလုံးသည် ဝိန်းယွီ၏ မျက်စိရှေ့တွင် ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့၏— သစ္စာရှိ ဝန်ကြီးတွေကို မတရား ကွပ်မျက်ခဲ့တဲ့ မိုက်မဲတဲ့ ဧကရာဇ်၊ ချို့တဲ့နေတဲ့ နန်းတွင်းနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊ ပြိုလဲလုနီးပါးဖြစ်နေတဲ့ တိုင်းပြည်ကို မနည်း ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရတဲ့ သူမရဲ့ အဖေနဲ့ အစ်ကိုတွေ၊ ပြီးတော့ သစ္စာဖောက် အရာရှိတွေရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းသည်းခံပြီးမှ လက်နက်စွဲကိုင်ကာ ပုန်ကန်ပြီး လော့ယန်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ချင်ယီရဲ့ သားဖြစ်သူ...
ဝိန်းယွီ၏ မျက်နှာတစ်ခြမ်းသည် နံနက်ခင်းအလင်းရောင်အောက်တွင် လင်းလက်နေပြီး ကျန်တစ်ခြမ်းကတော့ မှောင်ရိပ်ထဲတွင် နစ်မြုပ်နေသည်။ နောက်ဆုံးတွင် သူမသည် စကားတစ်လုံးတည်းဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်တော့သည်။ "သဘောတူတယ်"
သူမ ခန်းမဆောင်အတွင်းမှ ထွက်ခွာရန် ခြေလှမ်းကို ကြွလိုက်ချိန်တွင် ချီစီးမြောင်သည် နောက်သို့ လှည့်ကာ လက်နှစ်ဖက်ကို ယှက်လျက် ဦးညွှတ်လိုက်၏။ "နှုတ်ဆက်ပါတယ် မင်းသမီး"
သူသည် သူမကို မင်းသမီးဟုသာ ခေါ်ဝေါ်လိုက်ပြီး မယ်မယ်ဟု ထပ်မခေါ်တော့ချေ။ ယင်းက ဝိန်းယွီ၏ အခြေအနေမှန်ကို ကောင်းစွာ အသိအမှတ်ပြုလိုက်ခြင်းပင်။
ဝိန်းယွီ၏ ခြေလှမ်းများမှာ တုံ့ဆိုင်းသွားခြင်း မရှိခဲ့ချေ။ ရှေ့ခန်းမဆောင်မှ ထွက်လာပြီးမှသာ သူမသည် တိုက်ခတ်နေသော ဆောင်းဦးလေပြေထဲတွင် ခဏတာ ရပ်တန့်လိုက်ပြီး နေမင်းကြီး ထွက်မလာသေးသော မီးခိုးရောင် မိုးကုပ်စက်ဝိုင်းဆီသို့ အချိန်အတော်ကြာ ငေးကြည့်နေမိတော့သည်။
ကျောင်းပိုင်က ပြောလိုက်လေသည်။ "မင်းသမီးက ဝမ်ရယ်၊ ရှီဇီဖေး၊ ရှီဇီ၊ မြေးတော်နဲ့ လီလူကြီးမင်းတို့အတွက် လက်စားချေဖို့ မကြာခင် တာ့လျန်ပြည်ကြီးကို ပြန်ရတော့မှာပေါ့"
ဝိန်းယွီက အသိအမှတ်ပြုကြောင်း တိုးညှင်းစွာဖြင့် အသံပြုလိုက်၏။
ချီစီးမြောင်သည် နောက်ဆုံးတွင် အလျှော့ပေးလိုက်ခြင်းမှာ တိုးကျန့်လျန်၏ စစ်သည် ၂၀,၀၀၀ ဆုံးရှုံးသွားခြင်းနှင့် နန်ချန်၏ ကိုယ်ပိုင် အခက်အခဲတွေကြောင့်တင်မကဘဲ ပိုပြီး အရေးကြီးသည့်အချက်မှာ လျန်စစ်စခန်း၏ အင်အားက ပကတိအတိုင်း ရှိနေဆဲကြောင့်ပင်။
—ဒါသည် လီယောင်နှင့် ယွီချီပါးတို့က အရာအားလုံးကို ရင်းပြီး ထိန်းသိမ်းပေးခဲ့သော အရာ ဖြစ်ပေသည်။
သူတို့သည် သူမ လွတ်မြောက်မည့် လမ်းကြောင်းအားလုံးကို ကြိုတင်ခင်းကျင်းပေးခဲ့ကြခြင်းသာ။
နန်ချန်ဘက်က အညံ့ခံဖို့ ငြင်းဆန်ပြီး သူမကို အာဏာသုံးပြီး အတင်းအကျပ် ထိန်းချုပ်ဖို့ ကြိုးစားခဲ့လျှင်ပင် လျန်စစ်စခန်း၏ စစ်ရေးအင်အားကြောင့် သူမကို တကယ် ဒုက္ခပေးဖို့ မစွန့်စားဝံ့ကြချေ။
ထို့အပြင် သူမအနေနှင့် လျန်စစ်စခန်းသို့ ပြန်လည်လွတ်မြောက်နိုင်သရွေ့တော့ အရာအားလုံးကို အသစ်ပြန်လည် စီစဉ်ညွှန်ကြားဖို့အတွက် အရင်းအနှီး ရှိနေလိမ့်ဦးမည်။
ဆရာ... ဒါဟာ အဲဒီတုန်းက ဆရာ ကျွန်မကို ကတိပြုခဲ့တဲ့—ယွီအတွက် စီစဉ်ပေးခဲ့တယ်ဆိုတဲ့အရာလား။
သူမ၏ ဘယ်ဘက်ရင်ဘတ်ထဲက လှုပ်ရှားနေသော အသားစိုင်သည် နာကျင်မှုများကြောင့် လေးလံကာ မွှန်းကြပ်နေခဲ့ရသည်။ ဝိန်းယွီသည် လည်ချောင်းထဲတွင် ဆို့နင့်လာခဲ့ပြီး သူမ၏ မျက်ဝန်းအစုံ မျက်ရည်များဖြင့် နောက်တစ်ကြိမ် ရဲတက်မလာမီ မျက်လုံးများကို မှိတ်ထားလိုက်ကာ စိတ်ကို တည်ငြိမ်အောင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ပြီးမှ ပြောလိုက်လေသည်။ "နန်းတော်ကို ပြန်ပြီး အဝတ်အစားလဲမယ်၊ ပြီးရင် ညီလာခံကို တက်မယ်"
ချန်ပြည်ထောင်၏ အုပ်ချုပ်ရေးကို လက်ရှိတွင် မယ်တော်ကြီးနှင့် ကျန်းမိသားစုတို့က ကြိုးကိုင်ထားကြသည်။ ချန်ဝမ်သည် တိုင်းပြည်အုပ်ချုပ်ရေးကိစ္စများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။ ထို့အပြင် မယ်တော်ကြီး၏ ကန့်လန့်ကာနောက်ကွယ်မှ နေ့စဉ်အုပ်ချုပ်မှုသည်လည်း ထုံးစံတစ်ခု ဖြစ်လာခဲ့သည်။
တိုးကျန့်လျန်၏ ပုန်ကန်မှုက ကြီးမားသော ဘေးဒုက္ခကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သဖြင့် ဝိန်းယွီသည် "အကြွေးရှင်" အနေနှင့် ဤညီလာခံတွင် ပါဝင်ခွင့် ရရှိခဲ့ခြင်းပင်။
နဂါးပလ္လင်သည် လွတ်နေခဲ့ပြီး ၎င်း၏အရှေ့တွင် ပုလဲကန့်လန့်ကာများ ဆွဲချထားကာ အောက်ခြေရှိ အမတ်များ၏ မြင်ကွင်းကို ပိတ်ဆို့ထား၏။
မယ်တော်ကြီး ကန့်လန့်ကာနောက်ကွယ်မှနေ၍ တိုင်းပြည်ကို ကြိုးကိုင်အုပ်ချုပ်သော ရွှေရောင် ဇာမဏီပလ္လင်ကို နဂါးပလ္လင်၏ အနောက်ဘက် ဘယ်ဘက်ခြမ်းတွင် ထားရှိပြီး ဝိန်းယွီ၏ ထိုင်ခုံကိုတော့ အနောက်ဘက် ညာဘက်ခြမ်းတွင် နေရာချထားသည်။ ဘယ်ဘက်က ပိုပြီး အဆင့်အတန်းမြင့်မားပြီး ညာဘက်ကတော့ နိမ့်ကျသည်ဟူသော ခွဲခြားမှုအပြင် သူမ၏ ဇာမဏီပလ္လင်ကို မယ်တော်ကြီး၏ ထိုင်ခုံထက် တစ်လှမ်းခန့် နိမ့်သော နေရာတွင် ထားရှိခြင်းဖြင့် နန်းတွင်းကျင့်ဝတ်များကို ပြသထား၏။
ဆောင်းဦးလယ်ပွဲတော်ပြီးကတည်းက ချန်ဝမ်သည် နေမကောင်းဟု အမြဲအကြောင်းပြကာ နံနက်ခင်း ညီလာခံကို တစ်ကြိမ်မှ မတက်ရောက်ခဲ့ချေ။ အကြောင်းရင်းမှကို အမတ်များအားလုံး ကောင်းစွာ သိရှိကြသော်လည်း သူတို့သည် နေ့စဉ်နှင့်အမျှ မင်းမြတ် ကျန်းမာရေး အလျင်အမြန် ပြန်လည်ကောင်းမွန်ပါစေကြောင်း ထုံးစံအတိုင်း ဆုတောင်းပေးနေကြဆဲ ဖြစ်သည်။
သို့သော် ဧကရာဇ် မရှိဘဲ မိဖုရားခေါင်ရော မယ်တော်ကြီးပါ ကန့်လန့်ကာနောက်ကွယ်မှနေ၍ တပြိုင်နက်တည်း ကြိုးကိုင်အုပ်ချုပ်နေခြင်းက ပတ်ဝန်းကျင် အငွေ့အသက်ကို အလွန်ပင် စိုးရိမ်စရာ ကောင်းနေစေတော့သည်။
အမတ်များသည် နန်းတွင်းကျင့်ဝတ်များအတိုင်း သူတို့၏ ဟူတံဆိပ်ပြားများကို ကိုင်ဆောင်ထားကြလျက် "ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ" ဟု ကျယ်လောင်စွာ အော်ဟစ်၍ ဦးညွှတ်လိုက်ကြသည်။ နာမကျန်းဖြစ်နေသော ချန်ဝမ်ကိုယ်စား မယ်တော်ကြီးကျန်းက "ဝန်ကြီးမင်းတို့ ထကြပါ" ဟု ပြောပြီးနောက် မြင်းမြီးယပ်ကို ကိုင်ဆောင်ထားသော လူငယ်မိန်းမစိုးတစ်ဦးသည် ချက်ချင်းပင် စူးရှသော အသံဖြင့် အော်ပြောလိုက်လေသည်။ "သတင်းပို့စရာ ရှိတဲ့သူတွေ ရှေ့ကို ထွက်ခဲ့ကြပါ၊ မရှိရင်တော့ အစည်းအဝေး သိမ်းမယ်"
ဝိန်းယွီသည် ထိုလူငယ်မိန်းမစိုးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဆောင်းဦးလယ်ပွဲတော်ညက မိန်းမစိုးလီသည် နေမကောင်းဟု အကြောင်းပြကာ ခွင့်ယူခဲ့ပြီး ချန်ဝမ်သည် ဤကဲ့သို့ အရှက်ရဖွယ် ရှုံးနိမ့်မှုကို ခံခဲ့ရပြီးကတည်းက သူ့အရိပ်သည် ချန်ဝမ်ရော မယ်တော်ကြီးကျန်းတို့၏ ဘေးနားမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပုံရသည်။ ယခုအချိန်တွင် ဘေးနား၌ ခစားနေကြသူများမှာ အကုန်လုံး မျက်နှာစိမ်းများ ဖြစ်နေကြ၏။
"ကျွန်တော်မျိုး ဝန်ကြီး တင်ပြစရာ ရှိပါတယ်"
"ကျွန်တော်မျိုး ဝန်ကြီးမှာလည်း အရေးတကြီး တင်ပြစရာ ရှိပါတယ်"
အောက်ခြေရှိ နန်းတွင်းအရာရှိများသည် မနေ့က နံနက်ခင်း ညီလာခံကတည်းက ငြင်းခုံခဲ့ကြပြီး ယနေ့နံနက်အထိ မည်သည့် ဆုံးဖြတ်ချက်မှ မချနိုင်ကြသေးသဖြင့် သူတို့၏ ဟူတံဆိပ်ပြားများကို ကိုင်ဆောင်ကာ ရှေ့သို့ အပြိုင်အဆိုင် ထွက်လာခဲ့ကြပြီး စွပ်စွဲချက်အသစ်များကို စတင်လိုက်ကြတော့သည်။
"တိုးကျန့်လျန်ကို စစ်မက်ရေးရာဝန်ကြီးဌာနက ထောက်ခံခဲ့တာဖြစ်ပြီး အမတ်ချုပ်ကြီးကျန်းက ခန့်အပ်ခဲ့တာပါ။ သူက သူပုန်ဖေစုန့်ထံ သစ္စာခံသွားခဲ့ပြီ ဖြစ်တာမို့ စစ်မက်ရေးရာဝန်ကြီးဌာနရော အမတ်ချုပ်ကြီးကျန်းပါ ဒီတာဝန်ကနေ ရှောင်ဖယ်လို့မရပါဘူး"
...
အပိုင်း (၁၃၃.၂)
"ရယ်စရာကောင်းလိုက်တာ။ စစ်မက်ရေးရာဝန်ကြီးဌာနက အရည်အချင်းပေါ် မူတည်ပြီး ရာထူးခန့်အပ်တာပါ။ အမတ်ချုပ်ကြီးကျန်းကလည်း ဘက်လိုက်မှုမရှိဘဲ လူတွေကို အသုံးပြုတာ။ မင်းတို့က ဘာလို့ ဒီလောက်တောင် အဓိပ္ပာယ်မရှိ စွပ်စွဲရဲရတာလဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ညီလာခံသည် နောက်တစ်ကြိမ် ဆူပူအုံကြွမှုထဲသို့ သက်ဆင်းသွားခဲ့ပြန်သည်။ အရာရှိအမတ်များသည် တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုးလျက် အပြစ်တင်ကျိန်ဆဲနေကြပြီး သူတို့၏ ငြင်းခုံမှုများသည် ခန်းမဆောင်ကြီးအတွင်း၌ လက်သီးချင်း ဆုံလုနီးပါးအထိ ပြင်းထန်လာခဲ့လေသည်။
"တော်ကြစမ်း။ တော်ဝင်နန်းတွင်းမှာ ဒီလို ဆူညံအော်ဟစ်နေတာက တကယ့်ကို မသင့်တော်ဘူး”
အမတ်များ၏ ငြင်းခုံမှုများသည် ပိုလို့ပင် ပြင်းထန်လာသည်နှင့်အမျှ မယ်တော်ကြီးကျန်း၏ တင်းမာလှသော စကားသံသည် ဆူညံသံများကို ဖြတ်ကျော်၍ ထွက်ပေါ်လာခဲ့ရာ မိမိတို့၏ အင်္ကျီလက်များကို တစ်ဝက်ခန့် လိပ်ထားကြသော အမတ်များကိုပင် သူတို့၏ နေရာများတွင် အိန္ဒြေရရ နေရာပြန်ယူရန် ဖိအားပေးလိုက်လေသည်။
မယ်တော်ကြီးကျန်း၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏ မျက်လုံးထောင့်များက ပါးလွှာသော အရေးအကြောင်းများသည် ယခင်ကထက် ပိုပြီး နက်ရှိုင်းနေပုံရသည်မှာ မကြာသေးခင်က သူမ ခံစားခဲ့ရသော ဖိအားများကို ရှင်းလင်းစွာ ဖော်ပြနေခြင်းပင်။
သူမသည် ပင်ပန်းနွမ်းနယ်မှုများနှင့် စိတ်ပျက်နေမှုများကို ထိန်းချုပ်လိုက်ရင်း ပြောလိုက်လေသည်။ "မင်းတို့က ငါနဲ့ အရှင်မင်းကြီးရဲ့ သောကတွေကို မျှဝေခံစားပေးဖို့ လစာတွေကို ခံစားနေကြတာ— သစ္စာဖောက် တိုးကျန့်လျန်ကို ဘယ်လို နှိမ်နင်းမလဲဆိုတာ ဆွေးနွေးဖို့နဲ့ မိဖုရားနဲ့ တာ့လျန်ပြည်ကြီးကို ဖြေရှင်းချက် ပေးနိုင်ဖို့အတွက်ပဲ။ မင်းတို့အချင်းချင်းကြားမှာ အာဏာလုပွဲတွေ လုပ်နေဖို့ မဟုတ်ဘူး”
မယ်တော်ကြီး၏ ဒေါသကို မြင်လိုက်ရသောအခါ နန်းတွင်းအရာရှိများသည် ဆက်ပြီး မဆူပူဝံ့ကြတော့ချေ။
ထိုအချိန်ကျမှသာ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အမတ်ချုပ်ကြီးကျန်းသည် ရှေ့သို့ တိုးထွက်လာခဲ့ပြီး ပြောလိုက်လေသည်။ "တိုးကျန့်လျန်ကို လျန်နယ်မြေထဲကို စစ်သည်တွေ ဦးဆောင်ခွင့်ပြုခဲ့တာက ကျွန်တော်မျိုးရဲ့ အမြင်မှားမှုကြောင့် ဖြစ်တာ အမှန်ပါပဲ။ ဒီလို ဘေးဒုက္ခကြီးကို ဖြစ်ပေါ်စေခဲ့တာကြောင့် ကျွန်တော်မျိုးဟာ လူရွေးချယ်မှုမှာ ရှုံးနိမ့်ခဲ့တယ်ဆိုတာကို အပြည့်အဝ ဝန်ခံပါတယ်။ ဒီတာဝန်အတွက် ရလဒ်အားလုံးကို ကျွန်တော်မျိုး တစ်ယောက်တည်း ခံယူဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ တခြား အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအတွက်တော့ ကျွန်တော်မျိုး ရင်ထဲမှာ တကယ်ကို မချိတင်ကဲ ဖြစ်ရတာမို့ မယ်တော်ကြီးအနေနဲ့ အမှန်တရားကို ခွဲခြားပေးဖို့ မေတ္တာရပ်ခံပါတယ်"
မယ်တော်ကြီးကျန်းသည် အစပိုင်းတွင် တိုက်ရိုက် ပြန်လည်ပြောဆိုရန် ရည်ရွယ်ခဲ့သော်လည်း သူမဘေးက ဝိန်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းသွားခဲ့သည်။ သူမ စကားမပြောနိုင်မီမှာပင် ဝိန်းယွီသည် အေးစက်စွာဖြင့် ကြားဖြတ်ပြောလိုက်လေသည်။ "အမတ်ချုပ်ကြီးက ဒီတာဝန်ကို ဘယ်လိုနည်းနဲ့ ခံယူဖို့ စဉ်းစားထားလဲ မေးပါရစေ"
သူမ၏ အေးစက်ပြီး ကြည်လင်လှသော စကားသံသည် ဆောင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ကျောက်စိမ်းနှင့် ရေခဲတုံးများ ထိခိုက်မိသွားသကဲ့သို့ ခန်းမဆောင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ညီလာခံတစ်ခုလုံးသည် မသိစိတ်က အလိုလို အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ကြရပြီး သူတို့၏ နားစည်များထဲတွင် ဖော်ပြရခက်သော အေးစက်မှုတစ်ခု ဖြည်းဖြည်းချင်း စိမ့်ဝင်လာခဲ့သည်။
ဘယ်သူမှ ပြန်လည်ပြောဆိုခြင်း မရှိသည့်အခါ ဝိန်းယွီက ဆက်ပြီး ဖိအားပေးလိုက်ပြန်သည်။ "မာကျားလျန်တောင်ခြေမှာ မြောက်ပိုင်းဝေ့စစ်သည် နှစ်သောင်းဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်။ ဒီမိဖုရားတို့ လျန်စစ်တပ်ရဲ့ စစ်သူကြီးဟာလည်း အဆိပ်မြား ထိမှန်ထားလို့ အခု သေလုမြောပါး ဖြစ်နေရပြီ။ သူတို့ရဲ့ တပ်ဖွဲ့တွေဟာလည်း မနားတမ်း လိုက်လံတိုက်ခိုက်ခံခဲ့ရလို့ အမြောက်အမြား သေကြေပျက်စီးခဲ့ကြရတယ်။ မြောက်ပိုင်းစစ်ဆင်ရေး လအနည်းငယ်အတွင်းမှာ သိမ်းပိုက်ခဲ့သမျှ မြို့တွေအားလုံးလည်း ဆုံးရှုံးခဲ့ရပြီ။ တိုင်းပြည်ရဲ့ အစဉ်အလာကြီးမားတဲ့ ဝါရင့်ဝန်ကြီး နှစ်ဦး၊ အဲဒီထဲက တစ်ဦးက ဒီမိဖုရားရဲ့ ဆရာအရင်း ဖြစ်ပြီး... သူတို့ဟာ ဖေစုန့်ရဲ့ တပ်ဖွဲ့တွေနဲ့ တိုးကျန့်လျန်ရဲ့ သစ္စာဖောက်တွေ တောင်ဘက်ကို ကျူးကျော်လာတာကို တားဆီးဖို့အတွက် ဝါယောင်းခံတပ်ကို ကာကွယ်ရင်းနဲ့ ကျဆုံးခဲ့ကြရတယ်။ သောင်းနဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတာကို အမတ်ချုပ်ကြီးအနေနဲ့ ဘာကိုသုံးပြီး ဒီတာဝန်ကို ခံယူမှာလဲ"
နောက်ဆုံးစာကြောင်းသို့ ရောက်သောအခါ သူမ၏ လေသံမှာ ပြတ်သားစွာ မြင့်တက်သွားခဲ့ပြီး သူမ၏ အကြည့်မှာ အေးစက်ထက်မြက်လှကာ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှု အရိပ်အယောင်များ ခပ်ဖျော့ဖျော့ စွန်းထင်းနေတော့သည်။
ပုလဲကန့်လန့်ကာက သူတို့၏ မြင်ကွင်းကို ပိတ်ဆို့ထားသော်လည်း နန်းတွင်းအရာရှိများသည် ထိုအခိုက်အတန့်တွင် ဝိန်းယွီထံမှ ထွက်ပေါ်လာသော ဖိအားများကြောင့် ကြောက်လန့်တုန်လှုပ်သွားခဲ့ကြရသည်။ ခန်းမဆောင်ကြီးတစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်ငြိမ်သက်ခြင်းထဲတွင် နစ်မြုပ်နေခဲ့သည်။
အမတ်ချုပ်ကြီးကျန်းသည် အောက်ခြေတွင် ရပ်နေခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့နေခဲ့သည်။ သူသည် မယ်တော်ကြီးကျန်းထံသို့ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ကို လှမ်းပို့လိုက်ရာ ဝိန်းယွီ၏ စကားလုံးများကြောင့် အလားတူ မှင်သက်နေခဲ့ရသော မယ်တော်ကြီးသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ပြီး ကြားဖြတ်ပြောလိုက်လေသည်။ " ဆရာအရင်း ကျဆုံးခဲ့ရတဲ့အတွက် မိဖုရား ခံစားနေရတဲ့ ဝမ်းနည်းမှုကို ဒီမယ်တော်ကြီး နားလည်ပါတယ်။ အမတ်ချုပ်ကြီးကျန်းရဲ့ လူရွေးချယ်မှု အမှားအတွက်ကိုတော့ ငါနဲ့ အရှင်မင်းကြီးက သေသေချာချာ စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး ဘယ်လို ညှာတာမှုကိုမှ ပြမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ အခုလက်ရှိ အရေးကြီးဆုံး တာဝန်က လျန်နယ်မြေထဲကို စစ်သည်အင်အား ဘယ်လောက် ထပ်မံစေလွှတ်မလဲ၊ ဘယ်သူ့ကို ဦးဆောင်ခိုင်းမလဲ၊ လျန်ပြည်တွင်းက ကောလာဟလတွေကို ဘယ်လို နှိမ်နင်းမလဲ၊ ပြီးတော့ လျန်စစ်စခန်းနဲ့ မြောက်ပိုင်းဝေ့တို့ထံ ဘယ်လို လျော်ကြေးတွေ ပေးမလဲဆိုတာ ဆုံးဖြတ်ဖို့ပဲ။ မိဖုရားကော ဘယ်လိုထင်လဲ"
ဝိန်းယွီသည် သူမ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်လိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ မည်သည့်အပြုံးမှ ရှိမနေခဲ့ချေ။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်"
ဤနေရာအရောက်တွင် မယ်တော်ကြီးကျန်းသည် ဝိန်းယွီက သူမ၏ စကားများကို တကယ်ပဲ သဘောတူလိုက်ခြင်းလား။ သို့တည်းမဟုတ် သရော်စကားအဖြစ် ပြောလိုက်ခြင်းလာကိုတော့ ဆက်ပြီး ဂရုမစိုက်နိုင်တော့ချေ။ သူမသည် စုဝေးနေသော အမတ်များကို အကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီး မေးလိုက်လေသည်။ "မင်းတို့ထဲက တစ်ယောက်ယောက်မှာများ အကြံပြုချက် ရှိကြလား"
ရိုးရိုးရှင်းရှင်း အပြစ်ပုံချခြင်းထက် အစစ်အမှန် စစ်ရေးဗျူဟာများကို အကြံပြုရမည့် အချိန်သို့ ရောက်လာသောအခါ နန်းတွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရပြန်သည်။ အရာရှိအမတ်များသည် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသော်လည်း ဘယ်သူမှ ရှေ့ထွက်ပြီး အကြံမပြုဝံ့ကြချေ။
အမတ်များကို စောင့်ကြည့်ရင်း မယ်တော်ကြီးသည် စစ်မှန်သော ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ တစ်ညလုံး မအိပ်ခဲ့ရသဖြင့် ကိုက်ခဲနေသော သူမ၏ နားထင်ကြောများကို ဖိနှိပ်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။ "မင်းတို့တွေကတော့..."
သူမ ဆက်မပြောရသေးခင်မှာပင် အရပ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော ချီစီးမြောင်သည် ရှေ့သို့ တစ်လှမ်းတက်လာခဲ့ပြီး ပြောလိုက်လေသည်။ "ကျွန်တော်မျိုး အမတ်အိုကြီးမှာ လျန်ပြည်က ပြည်သူတွေရဲ့ သဘောထားကို နှိမ်နင်းပေးနိုင်မယ့်၊ မင်းသမီးအနေနဲ့ လျန်ပြည်သူတွေရဲ့ ထောက်ခံမှုကို ပြန်လည်ရရှိအောင် ကူညီပေးနိုင်မယ့်၊ ပြီးတော့ စစ်တပ်နှစ်ခုလုံးရဲ့ စိတ်ဓာတ်တွေကို ပြန်လည်မြှောက်စားပေးနိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်"
မယ်တော်ကြီးကျန်းသည် တော်ဝင်အဖွဲ့အစည်းက အမတ်အိုကြီးများကို အမြဲတမ်း သဘောမကျခဲ့သော်လည်း ယခုလို အရေးကြီးသည့်အချိန်တွင် ဤဝါရင့်ဝန်ကြီးများကိုသာ အားကိုးရမည် ဖြစ်ကြောင်း သိထားသည်။ သူမ၏ မျက်နှာအမူအရာသည် အနည်းငယ် နူးညံ့သွားခဲ့၏။ "ပြောစမ်းပါဦး အမတ်ချုပ်ကြီးချီ"
ချီစီးမြောင်က ပြန်လည်လျှောက်တင်လိုက်သည်။ "မိဖုရားကို ကျွန်တော်တို့ရဲ့ ချန်ပြည်ထောင်ရဲ့ ဘုရင်ခံမင်းသမီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပါ၊ ပြီးတော့ အရှင်မင်းကြီးကိုလည်း တာ့လျန်ပြည်ကြီးရဲ့ ကြင်ရာတော်မင်းသားအဖြစ် လူသိရှင်ကြား ကြေညာလိုက်ပါ"
သူ့စကားလုံးများသည် ခန်းမဆောင်ကြီးတစ်ခုလုံးကို ပြင်းထန်သော တုန်လှုပ်မှုလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားစေခဲ့သည်။
မယ်တော်ကြီးကျန်းသည် ဒေါသတကြီးဖြင့် သူမ၏ အင်္ကျီလက်များကို ခါထုတ်လျက် ရုတ်တရက် ထရပ်လိုက်တော့သည်။ "အဓိပ္ပာယ်မရှိတာ” သူမသည် ဒေါသထွက်လွန်းသဖြင့် သူ၏ နာမည်အပြည့်အစုံကို ခေါ်လိုက်ကာ "ချီစီးမြောင်... မင်း ဘာတွေ ပြောနေလဲဆိုတာကိုကော သိရဲ့လား။ မင်းက ဘာဖြစ်လို့ အရှင်မင်းကြီးနဲ့ ချန်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေကို ဒီလောက်အထိ မျက်ကွယ်ပြုရဲရတာလဲ"
ချီစီးမြောင်သည် သူ၏ အရိုအသေပေး ဟူတံဆိပ်ပြားကို ကိုင်ဆောင်ထားရင်း ရိုသေစွာ ဦးညွှတ်လိုက်၏။ "ကျွန်တော်မျိုးမေတ္တာရပ်ခံတဲ့ အဆိုပြုချက်က တာ့ချန်ပြည်ကြီးရဲ့ အကျိုးစီးပွားအတွက် သေသေချာချာ စဉ်းစားပြီးမှ တင်ပြတာပါ"
ဝိန်းယွီက အစောပိုင်းက ချီစီးမြောင်ကို အကြံပြုပြောဆိုခဲ့သော စကားများကို ချန်အရာရှိတိုင်း စိတ်ထဲမှ တိတ်တဆိတ် သဘောပေါက်ထားကြပြီး ဖြစ်ပေသည်။
သို့ပေသိ ချီစီးမြောင်က နန်းတွင်းထဲတွင် ချန်ပြည်ထောင်၏ အကျပ်အတည်းများကို ဤမျှလောက် ပွင့်ပွင့်လင်းလင်း ဖွင့်ချလိုက်သောအခါ မျက်ကန်း သစ္စာရှိနေကြသော အမတ်အိုကြီးများသည် ဒေါသထွက်ပြီး အရှက်ရလာကြတော့သည်။ သူတို့သည် သူ့ကို ကျန်းအဖွဲ့နှင့် ပူးပေါင်းကာ တိုင်းပြည်ကို သစ္စာဖောက်သူအဖြစ် စွပ်စွဲ၍ ပြစ်တင်ရှုတ်ချကြလေသည်။
သို့သော်လည်း ဖြတ်ထိုးဉာဏ်ရှိသောသူများသည် အတွင်းပိုင်းရော ပြင်ပပါ အကျပ်အတည်းများကြားတွင် တိုင်းပြည်၏ အရင်းအမြစ်ကို ကုန်ခမ်းစေမည့် လမ်းဆုံးထက်စာလျှင် သူတို့၏ အခြေအနေများကို ဖြေရှင်းရန်အတွက် တော်ဝင်မင်းဆက် နာမည်ကို စွန့်လွှတ်လိုက်ခြင်းက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မြင်တွေ့ခဲ့ကြသည်။ သူတို့သည် ချီစီးမြောင်၏ အဆိုပြုချက်ကို အပြင်းအထန် ထောက်ခံလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယင်းက အစစ်အမှန် အာဏာများကို လက်မလွှတ်ဘဲ ဝိန်းယွီကို အုပ်ချုပ်သူအဖြစ် နာမည်ခံသက်သက်သာ အသိအမှတ်ပြုရန် လိုအပ်သောကြောင့်ပင်။
ဝိန်းယွီသာ တော်ဝင်မျိုးဆက်တစ်ဦးကို မွေးဖွားပြီးစီးသွားခဲ့လျှင် သူတို့တွင် ထိုမျိုးဆက်ကို ထီးနန်းတင်မြှောက်ရန်အတွက် လုံလောက်သော နည်းလမ်းများ ရှိလာလိမ့်မည်။
သို့သော်ငြား မျက်ကန်းသစ္စာရှိအဖွဲ့နှင့် ကျန်းအဖွဲ့တို့၏ ပြစ်တင်ရှုတ်ချသံများသည် အရမ်းကို ကျယ်လောင်လွန်းနေသဖြင့် သူတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြောဆို ထောက်ခံရန် တွန့်ဆုတ်နေခဲ့ကြရသည်။
ချီစီးမြောင်၏ တပည့်များသည် သူ၏ နက်ရှိုင်းသော ရည်ရွယ်ချက်များကို သဘောပေါက်ထားကြသဖြင့် သူ့ကို ကာကွယ်ရန်အတွက် အစွမ်းကုန် ကြိုးစားကြလေသည်။ သို့သော်လည်း သူတို့၏ စကားသံများသည် ပြစ်တင်ရှုတ်ချမှု လှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်သွားခဲ့ရရှာသည်။
ဝိန်းယွီသည် အထက်က သူမ၏ ထိုင်ခုံပေါ်မှနေ၍ ဤပြဇာတ်ကြီး ကပြနေသည်ကို စောင့်ကြည့်နေခဲ့၏။ ညီလာခံသည် ဒေါသပေါက်ကွဲနေသော မယ်တော်ကြီးက ဖလားတစ်လုံးကို ပစ်ပေါက်လိုက်ရာ ချီစီးမြောင်၏ နဖူးကို ထိမှန်သွားခဲ့ပြီးနောက် "ဒီကိစ္စကို နက်ဖြန်မှ ဆက်ပြီး ဆွေးနွေးမယ်" ဟု ကြေညာကာ ထွက်ခွာသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့ရလေသည်။
အမတ်များသည် အမျိုးမျိုးသော မျက်နှာအမူအယာများဖြင့် နောက်ဆုတ်သွားကြသော်လည်း ချီစီးမြောင်ကမူ ခန်းမဆောင်ကြီးအတွင်း၌ ဒူးထောက်ထားဆဲဖြစ်ပြီး ထရပ်မည့် အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။
အမတ်ချုပ်ကြီးကျန်း ဖြတ်သန်းသွားသောအခါ သူက လှောင်ပြောင်လိုက်လေသည်။ "အမတ်ချုပ်ကြီးချီက အုပ်ချုပ်သူအပေါ် သစ္စာရှိဖို့ကိုပဲ အမြဲတမ်း တတွတ်တွတ် ပြောနေခဲ့တာလေ။ အခု မုန်တိုင်းတွေ ကျရောက်လာတော့ မင်းက တခြားဘယ်သူ့ထက်မဆို ထွက်ပြေးမယ့် လမ်းကြောင်းကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ရှာတတ်နေပါလား"
ချီစီးမြောင်သည် နောက်ထပ် ချေပခြင်းတစ်စုံတစ်ရာ မပြုဘဲ နှုတ်ဆိတ်နေလိုက်၏။
မခံချင်အောင် ပြောဆိုပြီးနောက်တွင် အမတ်ချုပ်ကြီးကျန်းသည် သူ၏နောက်လိုက်များနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ချီစီးမြောင်၏ တပည့်များသည် သူ့ဘေးတွင် ဝိုင်းအုံလာကြပြီး ဝမ်းနည်းပူဆွေးစွာဖြင့် "ဆရာ" ဟု လှမ်းခေါ်လိုက်ကြသည်။ ယခုအချိန်တွင် မည်သည့်နှစ်သိမ့်စကားကမှ အနှစ်သာရ ရှိလိမ့်မည် မဟုတ်ချေ။ သူတို့သည် သူ့ဘေးတွင် လိုက်ပြီး ဒူးထောက်ရန် ပြင်ကြစဉ် သူက လက်မြှောက်ကာ တားဆီးလိုက်၏။ "မင်းတို့ ငါနဲ့အတူ လိုက်ပြီး ဒူးထောက်နေစရာ မလိုပါဘူး။ ပြန်သွားကြ”
တပည့်များသည် ဤအတိုင်း လွယ်လွယ်နှင့် ထွက်သွားရန် ဆန္ဒမရှိကြချေ။ ချီစီးမြောင်၏ ရင်နှီးသော မိတ်ဆွေ ဖြစ်သည့် အမတ်ချုပ်ဝေ့သည် သူ၏ မိတ်ဆွေဟောင်း၏ အကွက်ကို ကောင်းကောင်း ရိပ်မိနေ၏။ သူသည် သက်ပြင်းချလိုက်ပြီး လူငယ်အရာရှိများကို ပြောလိုက်လေသည်။ "မင်းတို့အားလုံး ပြန်ကြတော့။ သူ စိတ်ရင်းနဲ့ အားထုတ်ထားခဲ့တာတွေကို အလဟဿ အဖြစ်မခံပါနဲ့”
တပည့်များသည် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း နန်းတွင်းတွင် ကျင်လည်ခဲ့ဖူးသူများ ဖြစ်ကြသဖြင့် နောက်ကွယ်က အဓိပ္ပာယ်ကို အတိုင်းအတာတစ်ခုအထိ သဘောပေါက်လိုက်ကြသည်။ ခန်းမဆောင်ကြီးအတွင်း၌ လိုက်ပြီး ဒူးထောက်နေခြင်းက ချီစီးမြောင်၏ ကြီးမားသော အစီအစဉ်ကို ပျက်စီးစေနိုင်ကြောင်း သိရှိသွားကြသဖြင့် တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားကြတော့သည်။
ခန်းမဆောင်ကြီးအတွင်း၌ ဘယ်သူမှ မကျန်တော့သည့် အချိန်ကျမှ အမတ်ချုပ်ဝေ့သည် သူ၏မိတ်ဆွေဟောင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ "ငါတို့ရဲ့ ဒီအသက်အရွယ်အထိ ရောက်နေပြီကို မင်းက ဘာဖြစ်လို့ တစ်သက်လုံး ရှာဖွေခဲ့တဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ချင်ရတာလဲ"
ချီစီးမြောင်က ပြန်ပြောလိုက်၏။ "လူတစ်ယောက်ကို စတေးပြီး တာ့ချန်ပြည်ကြီးရဲ့ အနာဂတ်ကို ထိန်းသိမ်းပေးနိုင်တာဟာ ကောင်းကင်ဘုံက ငါတို့ကို တစ်ဝက် လိုက်လျောပေးလိုက်တာပဲလေ— ဒါဟာ တကယ့်ကို အမြတ်ကြီးကြီး ရလိုက်တာပဲ မဟုတ်လား"
ဝိန်းယွီ ပြောခဲ့သလို ချန်ပြည်ထောင်တွင် ရေရှည်စစ်ပွဲကို ထိန်းသိမ်းရန်အတွက် ငွေကြေးနှင့် ရိက္ခာများ လုံးဝ မရှိတော့ချေ။
ထို့အပြင် အစပိုင်းတွင် လျန်၊ ချန်၊ ဝေ့တို့မှ သူတို့၏ မဟာမိတ်တပ်ဖွဲ့များသည် တာ့လျန်ပြည်ကြီး၏ တောင်ဘက်နယ်စပ်တွင် စုစည်းခဲ့ကြပြီးမှ ဖေစုန့်၏ တပ်ဖွဲ့များကို ခက်ခက်ခဲခဲ ဖိနှိပ်ထားနိုင်ခဲ့ကြပင်။ ယခုအခါ ဖေစုန့်သည် အရှိန်ပိုကောင်းလာခဲ့ပြီး တိုးကျန့်လျန်၏ သစ္စာဖောက် စစ်တပ်အင်အားလည်း ပါဝင်လာခဲ့ပြီ ဖြစ်ကာ သူတို့၏ ကိုယ်ပိုင်တပ်ဖွဲ့များနှင့် လျန်စစ်တပ်မှာမူ ကြီးမားသော ဆုံးရှုံးမှုများကို ခံခဲ့ရရုံသာမက စိတ်ဓာတ်များလည်း ပျက်ပြားနေကြပြီး ပြည်သူများ၏ ထောက်ခံမှုကိုလည်း ဆုံးရှုံးခဲ့ကြရသည်။
အကယ်၍များ အဖွဲ့အစည်း နှစ်ခုလုံးက ဤကဲ့သို့သော အခြေအနေများအောက်တွင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြမည်ဆိုပါက သူတို့၏ ရှုံးနိမ့်မှုမှာ ရှောင်လွှဲ၍ ရလိမ့်မည် မဟုတ်ချေ။ ချန်ဝမ်ကို တာ့လျန်ပြည်ကြီး၏ ကြင်ရာတော်မင်းသားအဖြစ် သတ်မှတ်ပြီး ဝိန်းယွီထံ သစ္စာခံလိုက်ခြင်းကသာ ဤတစ်ဖက်ပိတ်လမ်းကို ဖောက်ထွက်နိုင်မည့် အကောင်းဆုံး ဗျူဟာ ဖြစ်လေသည်။
သို့ပေသိ အကယ်၍များ ချန်ပြည်ထောင်က သူတို့၏ အချုပ်အခြာအာဏာကို စွန့်လွှတ်လိုက်ပြီး ချန်ဝမ်က ကြင်ရာတော်မင်းသားတစ်ပါးအဖြစ်သာ နာမည်ခံလိုက်မည်ဆိုပါက လောကကြီးက နန်ချန်ကို သေချာပေါက် လှောင်ပြောင် ပြစ်တင်ကြလိမ့်မည်။
ချီစီးမြောင်သည် အာဏာကို လုယူပြီး ချန်ဝမ်ကို အတင်းအကျပ် အညံ့ခံခိုင်းခဲ့သော "သစ္စာဖောက် ဝန်ကြီး" အဖြစ် မိမိဘာသာ ခံယူရန် ရည်ရွယ်ထားခဲ့ပင်။ ဤနည်းဖြင့် လောကကြီးက လှောင်ပြောင်ချင်ခဲ့မည်ဆိုပါက ချန်ပြည်ထောင်အနေနှင့် အပြစ်အားလုံးကို သူ့ပုခုံးပေါ်သို့သာ လုံးလုံးလျားလျား ပုံချလိုက်နိုင်မည် မဟုတ်ပါလား။
အမတ်ချုပ်ဝေ့သည် ဤအချက်ကို နားလည်ထားသောကြောင့်ပင် ထိုစကားကို ကြားရသောအခါ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိတော့သည်။
ညီလာခံတစ်ခုလုံး ပြစ်တင်ရှုတ်ချသံများဖြင့် ပြည့်နှက်နေခဲ့သော်လည်း အမြော်အမြင် အနည်းငယ်ရှိသောသူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်မှာ- ချီစီးမြောင်က ခေတ်အဆက်ဆက်အတွက် အပြစ်တင်ခံရမည့်သူအဖြစ် မိမိဘာသာ ခံယူပေးလိုက်ပြီ ဖြစ်ရာ နန်းတွင်းရှိ အမျိုးမျိုးသော အဖွဲ့အစည်းများ၏ အကျိုးစီးပွားများကို ရှင်းလင်းစွာ ပိုင်းဖြတ်ပြီးစီးသွားသည်နှင့် ဝိန်းယွီကို ဘုရင်ခံမင်းသမီးအဖြစ် တင်မြှောက်ရန် သဘောတူလိုက်ခြင်းက လှေကြုံလိုက်ရသကဲ့သို့ လွယ်ကူသွားလိမ့်မည် ဖြစ်ကြောင်းကိုပင်။
သူသည် တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း စကားလုံးများသည် လည်ချောင်းထဲတွင် ဆို့နင့်နေခဲ့သည်။ နောက်ဆုံးတွင် မထွက်ခွာခင် သူက ပြောလိုက်လေသည်။ "တကယ်လို့ ချန်ပြည်ထောင်ကို မင်းသမီးရဲ့ လက်ထဲ တကယ်ပဲ အပ်နှံနိုင်ခဲ့လို့ ပြည်မကြီးဆီ ပြန်သွားနိုင်ခဲ့မယ်ဆိုရင် နယ်မြေနှစ်ခုလုံးကို စည်းလုံးနိုင်တာက မဖြစ်နိုင်တဲ့ အိမ်မက်တစ်ခု မဟုတ်တော့ပါဘူး"
ချီစီးမြောင်သည် နှုတ်ဆိတ်နေခဲ့ပြီး သူ၏ ရှည်လျားသော မုတ်ဆိတ်မွေးများ ပါရှိသော မျက်နှာပေါ်က အရေးအကြောင်းများသည် ဓားဖြင့် ထုဆစ်ထားသကဲ့သို့ နက်ရှိုင်းနေတော့သည်။ သူသည် ရွှေရောင်ခြယ် နဂါးပလ္လင်နှင့် အရှေ့ဘက် နံရံပေါ်က ဖောင်းကြွပန်းပုများကို စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းစွာပင် တည်ငြိမ်အေးချမ်းနေလေသည်။
သူ့မိတ်ဆွေဟောင်း၏ စကားလုံးများသည် သူ့အတွေးများကို တဖန် အတည်ပြုပေးခဲ့သည်— သူ့ရွေးချယ်မှုမှာ မမှားခဲ့ချေ။
နှစ်ပေါင်းများစွာတည်းက မယ်တော်ကြီးဖြစ်စေ၊ ကျန်းအဖွဲ့ဖြစ်စေ ခန်းခြောက်နေသော ဘဏ္ဍာတိုက်နောက်ကွယ်က ပြည်သူများ၏ စားဝတ်နေရေး အခြေအနေမှန်ကို ဘယ်တုန်းကမှ မမြင်ခဲ့ကြချေ။ သို့သော်လည်း တာ့လျန်ပြည်ကြီးဆီက ရောက်လာသော မင်းသမီးကတော့ မြင်ခဲ့သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ခန်းမဆောင်ကြီးအတွင်း၌ ခြေသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ ချီစီးမြောင်သည် လှည့်မကြည့်ခဲ့ချေ။ ခြေသံပိုင်ရှင်က ညွှန်ကြားလိုက်သည်ကိုသာ ကြားလိုက်ရ၏။ "ထုန်ချွဲ... အမတ်ချုပ်ကြီးချီအတွက် တော်ဝင်သမားတော်ကို သွားခေါ်စမ်း"
ယင်းက ယခင်ကလိုပင် ကြည်လင်ပြီး နှင်းခဲကဲ့သို့ လတ်ဆတ်လှသော စကားသံ ဖြစ်သော်လည်း အစောပိုင်း ညီလာခံတုန်းကလို အေးစက်မှုမျိုးတော့ သိပ်မပါဝင်တော့ချေ။
ညီလာခံ ပြီးဆုံးပြီးနောက် ဝိန်းယွီသည် ကျောက်ဟွာနန်းတော်သို့ အလျင်အမြန် ပြန်မသွားခဲ့ဘဲ လက်ဖက်ရည်တစ်ခွက် သောက်စာခန့်ရှိသော အချိန်အတွင်း အနောက်ခန်းမဆောင်၌ ခေတ္တအနားယူနေခဲ့ခြင်း ဖြစ်ပြီး အရှေ့ခန်းမဆောင်အတွင်းရှိ လူများ လုံးဝ လူစုခွဲသွားသည့် အချိန်ကျမှသာ လျှောက်လာခဲ့ခြင်းပင်။
သူမသည် ချီစီးမြောင်အနားသို့ တိုးသွားပြီး "လူကြီးမင်း ပင်ပန်းသွားပါပြီ" ဟု ပြောလိုက်လေသည်။
ချီစီးမြောင်၏ နဖူးပေါ်က သွေးကွက်များသည် ခြောက်သွေ့နေပြီ ဖြစ်ပြီး သူ၏ ပိန်လှီလှသော ခန္ဓာကိုယ်အိုကြီးမှာမူ ဒူးထောက်ထားစဉ်မှာပင် လဲပြိုသွားခြင်းမရှိဘဲ ခြောက်သွေ့သော်လည်း ကြံ့ခိုင်တည်ကြည်သော ရှေးဟောင်းထင်းရှူးပင်ကြီးတစ်ပင်နှယ် မားမားမတ်မတ် ရှိနေဆဲပင်။ သူက ပြန်လည်လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အမတ်အိုကြီးက ဒါတွေလုပ်တာ မင်းသမီးအတွက် မဟုတ်ပါဘူး၊ ချန်ပြည်ထောင်ရဲ့ အကျိုးစီးပွားအတွက်သက်သက်ပါပဲ။ မင်းသမီးရဲ့ ပင်ပန်းသွားပါပြီဆိုတဲ့ စကားကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး"
ဝိန်းယွီသည် သူက သူမကို ထောက်ပံ့ရန် သဘောတူလိုက်ခြင်းမှာ ချန်ပြည်ထောင်၏ အကျိုးစီးပွားအတွက် ဖြစ်ကြောင်း သဘာဝအတိုင်း သိရှိထားသည်။ သို့သော်လည်း သူမက အစပိုင်းတုန်းကတော့ ချီစီးမြောင် အခြေအနေကို နားလည်သွားသည်နှင့် တော်ဝင်အဖွဲ့က အရာရှိအမတ်များကို ဦးဆောင်ပြီး သူမ၏ ဘက်သို့ တိုက်ရိုက် ကူးပြောင်းလာလိမ့်မည်ဟု တွေးထားခဲ့ပင်။ ထိုသို့ဆိုလျှင် မယ်တော်ကြီးနှင့် ကျန်းအဖွဲ့တို့က ကန့်ကွက်ခဲ့ကြလျှင်ပင် တိုးကျန့်လျန်သည် ကျန်းအဖွဲ့ဝင်တစ်ဦးအနေနှင့် သစ္စာဖောက်ခဲ့မှုကို အကြောင်းပြချက်လုပ်ကာ တော်ဝင်အဖွဲ့က အမတ်များသည် ညီလာခံတွင် အသာစီး ရရှိသွားနိုင်လိမ့်မည်။
ဘယ်သူကများ ထင်ထားပါမည်နည်း။ သူသည် နန်ချန်၏ ကျန်ရှိနေသေးသော ဂုဏ်သတင်းလေးကို ထိန်းသိမ်းရန်အတွက် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့လေသည်။
သူမသည် ချီစီးမြောင်ထံတွင် လီယောင်၏ အရိပ်အယောင်တစ်ခုကိုပင် ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်— နှစ်ဦးစလုံးက ထိုနည်းတူစွာ ခေါင်းမာကြပြီး၊ နှစ်ဦးစလုံးကလည်း ပြိုလဲလုနီးပါးဖြစ်နေသော တိုင်းပြည်ကို သူတို့၏ အိုမင်းလှသော လက်မောင်းများဖြင့် မနည်း ထိန်းသိမ်းရန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
ဝိန်းယွီ၏ စိတ်ခံစားချက်များသည် ထူးဆန်းစွာပင် ရှုပ်ထွေးနေခဲ့ပြီး သူမက ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ်... အမတ်ချုပ်ကြီးချီအနေနဲ့ ကျွန်မရဲ့ ကျေးဇူးတင်စကားကိုတော့ ခံယူသင့်ပါတယ်"
ဒါဟာ အာဏာလုပွဲ၏ ရလဒ်တစ်ခု ဖြစ်နေလျှင်ပင် နန်းတွင်းထဲက တခြားဘယ်အဆင့်မြင့် အရာရှိများကမှ သူမ၏ တောင်းဆိုချက်များကို သဘောတူရန်နှင့် အရာအားလုံးကို ဤမျှလောက် လျင်မြန်ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ရှေ့သို့ တွန်းပို့ရန်အတွက် သတ္တိ ရှိကြလိမ့်မည်မဟုတ်ချေ။
သူမသည် လျန်ပြည်သို့ ပြန်ချင်သည်။ သူမသည် ဖေစုန့်ကို ကွပ်မျက်ချင်သည်။ ထို့အပြင် သူမသည် နောက်ထပ် တစ်ခဏမျှပင် ဆက်ပြီး မစောင့်ဆိုင်းလိုတော့ချေ။
ပင်မခန်းမဆောင်အတွင်းမှ ထွက်လာပြီးနောက် ဝိန်းယွီသည် ကျောက်ဟွာနန်းတော်သို့ တန်းပြန်လာခဲ့၏။ သူမ၏ ဇာမဏီမြင်းလှည်း ခရီးလမ်း ခုလတ်တွင် လင်ရှီးနန်းတော်မှ လူတစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရ၏။ "မယ်မယ်မိဖုရား... မယ်တော်ကြီးက လင်းရှီးနန်းတော်ဆီ ခဏလောက် ကြွလာပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်"
ဝိန်းယွီသည် မယ်တော်ကြီးကျန်းက သူမကို ဆင့်ခေါ်လာသည်ကို အံ့ဩမနေခဲ့ချေ။ သူမသည် ခပ်ဖွဖွလေး ခေါင်းညိတ်ပြလိုက်ရင်း ပြန်ပြောလိုက်လေသည်။ "လမ်းပြပါ"
...