အခန်း ၁၃၄
Vol. 14 Ch. 134
အပိုင်း (၁၃၄)
ဝိန်းယွီသည် လင်ရှီးနန်းဆောင်ရှိ ဗုဒ္ဓဘုရားကျောင်းဆောင်ငယ်အတွင်းသို့ ဝင်ရောက်သွားသောအခါ မယ်တော်ကြီးကျန်းက ဘုရားဝတ်ပြုဖျာပေါ်တွင် ဒူးထောက်ကာ ဘုရားဝတ်ပြုနေ၏။ ကျောင်းဆောင်ငယ်အတွင်း၌ နံ့သာပေါင်းငွေ့များ လွင့်ပျံနေပြီး ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်ထားသဖြင့် အတွင်းဘက်တွင် အလင်းရောင် မှိန်ပျပျသာ ရှိနေသည်။
သူမသည် အဝင်ဝတွင် ရပ်နေလိုက်သည်။ သူမ၏ကျောဘက်မှ ဖြာကျနေသော နေရောင်ခြည်သည် မယ်တော်ကြီးကျန်း ဒူးထောက်နေသည့် ဘုရားဝတ်ပြုဖျာအထိ ရှည်လျားစွာ ကျရောက်နေ၏။ "နန်းတော်ညီလာခံမှာ အမတ်ချီ တင်ပြခဲ့တဲ့ အဆိုပြုချက်ကို ပြန်လည်စဉ်းစားပြီးပြီမို့လို့ ကျွန်မကို ခေါ်လိုက်တာလား"
ဆောင်းဦးလယ် နန်းတွင်းပွဲတော် လုပ်ကြံမှုနှင့် တိုးကျန့်လျန်က လျန်စစ်တပ်ကို သစ္စာဖောက်ပြီးနောက်တွင် ဟန်ဆောင်ယဉ်ကျေးနေခြင်းကပင် ဝိန်းယွီအတွက် အပိုဟု ခံစားလာရသည်။ သူမသည် သီးသန့်ရှိနေချိန်များတွင် မယ်တော်ကြီးကျန်းကို 'မယ်တော်ကြီး' ဟုပင် မခေါ်ဆိုတော့ချေ။
ထိုစကားကို ကြားသောအခါ မယ်တော်ကြီးကျန်း၏ မျက်ခုံးများက ဘုရားဝတ်ပြုနေစဉ်မှာပင် ပြင်းထန်စွာ တွန့်ချိုးသွား၏။ မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း ဒေါသအရိပ်အယောင်များက မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။ သူမသည် ဒေါသကို မြိုသိပ်ထားလိုက်ပြီး ဝတ်ပြုခြင်းကို အဆုံးသတ်ကာ သူမ၏ အစေခံကို လှမ်းတွဲလိုက်သည်။ အနီးရှိ စန္ဒကူးသစ်သားညောင်စောင်းပေါ်တွင် နေရာယူပြီးနောက်မှသာ သူမက ဝိန်းယွီကို မျက်စောင်းဖြင့် လှမ်းကြည့်လိုက်လေသည်။ "မင်းက တော်တော် အရည်အချင်းရှိတာပဲ၊ ချီစီးမြောင်ကိုတောင် မင်းဘက်ပါအောင် လုပ်နိုင်ခဲ့တယ်"
ဝိန်းယွီသည် တည်ငြိမ်နေဆဲပင်။ "ကျွန်မက ဉာဏ်ကောင်းလွန်းနေတာ မဟုတ်ပါဘူး။ နန်းတွင်းမှာ ကိုယ်ကျိုးရှာနေကြတဲ့ အမတ်တွေကြားမှာ အမတ်ချီက ပြည်သူတွေအတွက် တကယ် စေတနာထားတဲ့သူမို့လို့ပါ။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေရတာလဲ"
မယ်တော်ကြီးကျန်း၏ မျက်နှာက မည်းမှောင်သွား၏။ သူမသည် စန္ဒကူးသစ်သားညောင်စောင်း၏ လက်ရန်းကို ရိုက်ချလိုက်ကာ "ချန်ရဲ့ နှစ်တစ်ရာ သမိုင်းကြောင်းကို စွန့်လွှတ်လိုက်တာက လျန်က မိန်းမတစ်ယောက်ဖြစ်တဲ့ မင်းရဲ့စကားအရဆိုရင် ချန်ပြည်သူတွေရဲ့ အကျိုးအတွက်တဲ့လား။ မင်းက တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ လျှာကို ပိုင်ဆိုင်ထားတာပဲ"
ဝိန်းယွီ၏ အကြည့်များက အေးစက်သွားသည်။ "တကယ်လို့ ရှင်က ချန်ရဲ့ အင်အားကို အဲ့ဒီလောက်တောင် ယုံကြည်နေရင် လျန်ရဲ့ နယ်မြေထဲကို ဆက်ပြီး ချီတက်နိုင်ပါတယ်။ လျန်ပြည်တွင်းမှာ စစ်ဆင်ရေးက ခက်ခဲကြမ်းတမ်းမှာ ဖြစ်ပေမယ့် ကျွန်မတို့ရဲ့ လျန်စစ်တပ်က အလွယ်တကူ ပြိုလဲသွားမှာ မဟုတ်ဘူး။ လျန်ပြည်တွင်းမှာ ရောက်နေတဲ့ ချန်စစ်တပ်အတွက် စစ်စရိတ်တွေ ကုန်ခမ်းသွားတဲ့အခါ လျန်မှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတဲ့ အဲ့ဒီစစ်သည်တွေကို ရှင်က စွန့်ပစ်လိုက်မလား၊ ဒါမှမဟုတ် အခွန်တွေ ထပ်ကောက်ပြီး တောင်သူလယ်သမားတွေ ပုန်ကန်လာမယ့် အန္တရာယ်ကို ရင်ဆိုင်မလားဆိုတာကိုတော့ ကျွန်မ သိချင်မိတယ်"
သူမ၏ လေသံက လေပြေလေးလို နူးညံ့နေသော်လည်း ကျောချမ်းဖွယ်ရာ အဓိပ္ပာယ်များ ပါဝင်နေ၏။ "ကျွန်မ ရှင့်ကို သတိပေးရလိမ့်မယ်။ အခုက လွန်ခဲ့တဲ့ နှစ်တစ်ရာကလို ပြည်မကြီး မဟုတ်တော့ဘူး။ တကယ်လို့ ရှီးလင်နဲ့ နန်ချန် ပတ်ဝန်းကျင်က မျိုးနွယ်စုတွေက သွေးနံ့ နည်းနည်းလောက် ရသွားတာနဲ့ သူတို့က ချန်မှာ ကျန်နေသေးတဲ့ အရာလေးတွေကို ဝိုင်းအုံပြီး ကိုက်ဖြတ်စားသောက်ကြလိမ့်မယ်။ တကယ်လို့ ရှင်နဲ့ အမတ်ချုပ်ကျန်းတို့က ဘိုးဘေးတွေလိုမျိုး ထွက်ပြေးပြီး တော်ဝင်သွေးသားကို ကာကွယ်မယ်လို့ စိတ်ကူးယဉ်နေတုန်းပဲဆိုရင်တော့ အဲ့ဒါက ရယ်စရာတစ်ခု ဖြစ်သွားလိမ့်မယ်"
စန္ဒကူးလက်ရန်းကို ဆုပ်ကိုင်ထားသော မယ်တော်ကြီးကျန်း၏ လက်ဆစ်များက ဖြူဆုတ်သွားတော့သည်။ "မင်းရဲ့ ခြောက်လှန့်နေတဲ့ စကားတွေကို ရပ်လိုက်တော့။ မင်းက 'ပြည်သူ့အကျိုး' ဆိုတဲ့ ခေါင်းစဉ်နဲ့တင် ချီစီးမြောင်ကို ဆွဲဆောင်ခဲ့တာ မဟုတ်ဘဲ ငါ့သားရဲ့ သွေးသားကိုပါ အသုံးချခဲ့တာ မဟုတ်လား။ ဒါပေမယ့် တော်ဝင်အုပ်စုက အမတ်တွေက မင်းဗိုက်ထဲက ကလေးက ချန်ရဲ့ တော်ဝင်သွေး မဟုတ်ဘူးဆိုတာ သိသွားရင် မင်းကို ဘယ်သူက ဆက်ပြီး ထောက်ခံမလဲ ကြည့်ကြသေးတာပေါ့"
ဝိန်းယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး ပြန်ပြောလိုက်၏။ "လွန်ခဲ့တဲ့နှစ်တွေက ရှင်နဲ့ အမတ်ချုပ်ကျန်းတို့က ကွယ်လွန်သွားတဲ့ ဘုရင်ရဲ့ အမွေဆက်ခံသူတွေ အကုန်လုံးကို ရှင်းလင်းခဲ့ပြီး ဒီနှစ်တွေတစ်လျှောက်လုံး မိန်းမစိုးတစ်ယောက်ကို နန်းတင်ထားခဲ့တယ်ဆိုတာကို အမတ်တွေ သိသွားရင် သူတို့ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို ကျွန်မလည်း သိချင်မိတယ်"
"မင်း!"
ထိုစွပ်စွဲချက်က အလွန်ပင် ယုတ်မာလွန်းလှသည်။ မယ်တော်ကြီးကျန်းသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သော်လည်း ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ "ဝိန်းရှီ။ မင်းကို ငါ မထိန်းချုပ်နိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား"
ဝိန်းယွီ၏ အနောက်တွင် ရပ်နေသော ကျောင်းပိုင်နှင့် ထုန်ချွဲတို့က တင်းမာသွားကြသည်။ သူတို့၏ မျက်လုံးများက ကျောင်းဆောင်ငယ်၏ ပိတ်ထားသော ဘေးခန်းများဆီသို့ မသိမသာ ဝေ့ကြည့်လိုက်ကြပြီး ကြွက်သားများကလည်း ခုန်အုပ်ရန်အသင့်ဖြစ်နေသည် ကျားများလို ကွေးနေလေသည်။
ဝိန်းယွီ၏ လေသံကတော့ နည်းနည်းလေးမှ မတုန်လှုပ်ချေ။ "ကျွန်မအပေါ် ရှင့်မှာရှိတဲ့ ဘယ်လိုနည်းလမ်းကိုမဆို အသုံးပြုလို့ ရပါတယ်" သူမသည် မျက်လုံးများကို ပင့်ကာ မယ်တော်ကြီးကျန်း၏ အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်၏။ "ဒါပေမယ့် ကျွန်မသာ ရှင့်ရဲ့ ချန်ပြည်မှာ သေဆုံးသွားခဲ့ရင် ချန်ပြည်က သူပုန်ဖေနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ နာမည်ဆိုးက အတည်ဖြစ်သွားလိမ့်မယ်။ တိုးကျန့်လျန်က ရှင့်ရဲ့ ချန်ပြည်က ညွှန်ကြားလို့သာ ဖေစုန့်ဆီကို ခိုလှုံပြီး မဟာမိတ်တပ်တွေကို သစ္စာဖောက်ခဲ့တာလေ။ ကျွန်မရဲ့ လျန်စစ်တပ်က အမတ်တွေဟာ နယ်စပ်ဖြတ်ကျော်လာတဲ့ မျိုးနွယ်စုတွေ၊ ရှီးလင်တွေနဲ့တောင် မဟာမိတ်ဖွဲ့ပြီး ရှင့်ရဲ့ ချန်ပြည်ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းလိမ့်မယ်"
"တကယ်လို့ ရှင်က ဖေစုန့်ဆီကို လက်နက်ချပြီး နယ်စပ်အပြင်ဘက်မှာ ခိုလှုံဖို့ တိုးကျန့်လျန်ရဲ့ လမ်းစဉ်ကို လိုက်ချင်တယ်ဆိုရင်တော့ ရှင့်ရဲ့ နှစ်တစ်ရာ သမိုင်းကြောင်းကို ဖျက်ဆီးပစ်ရုံသာမက ရှင့်ရဲ့ နာမည်ကိုပါ အမည်းစက် ထင်ကျန်စေလိမ့်မယ်"
မယ်တော်ကြီးကျန်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ရင်ဘတ်ကလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့၏။ သူမသည် ဒေါသထွက်နေသော်လည်း ပေါက်ကွဲရန် နေရာမရှိဖြစ်နေကြောင်း သိသာလှသည်။
သူမ၏ အစောပိုင်းစကားများသည် တဒင်္ဂ ဒေါသပေါက်ကွဲမှုသာ။ ဝိန်းယွီကို အန္တရာယ်မပေးနိုင်ကြောင်း သူမ ကောင်းကောင်း သိထား၏။ နှစ်နိုင်ငံ မဟာမိတ်ဖွဲ့ရန်အတွက် အလွန်ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပြီးဖြစ်ရာ ယခုအချိန်တွင် ဝိန်းယွီကို အန္တရာယ်ပေးကာ ရန်ငြိုးဖွဲ့ခြင်းက တကယ့်ကို သတို့သမီးကို ဆုံးရှုံးရုံသာမက တင်တောင်းငွေကိုပါ ဆုံးရှုံးလိုက်ရခြင်းနှင့် တူပေလိမ့်မည်။
ဝိန်းယွီလည်း ပင်ပန်းနေပုံရပြီး သူမ၏ ရှည်လျားသော မျက်တောင်များကို အောက်သို့ ချလိုက်၏။ "ကျွန်မ ဝိန်းရှီဟန့်ယန်က ဒီမှာ ရပ်နေသေးတာကိုက ရှင့်ရဲ့ နန်ချန်နဲ့ ညှိနှိုင်းချင်တဲ့ ဆန္ဒရှိနေတာကို ပြသနေတာပဲ။ သူပုန်ဖေက ကျွန်မရဲ့ အဖေ၊ အမေ၊ အစ်ကိုတွေ၊ ဆရာနဲ့ တူတွေကို သတ်ဖြတ်ခဲ့တဲ့ သွေးကြွေးရှိတယ်။ ဒီလို အကျပ်အတည်း အခြေအနေမှာ ကျွန်မ လိုချင်တာက ဖေမိသားစုကို ပြန်လည်တိုက်ခိုက်ဖို့ အင်အားတွေ ပြန်စုစည်းရင်းနဲ့ ပြည်သူ နှစ်ရပ်လုံးကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ပါပဲ"
မယ်တော်ကြီးကျန်း၏ တုံ့ပြန်မှုကို စောင့်မနေဘဲ သူမက လှည့်ကာ ပြောလိုက်လေသည်။ " ဒီကနေ့ ကျွန်မကို ဘုရင်ခံမင်းသမီးအဖြစ် ခန့်အပ်ဖို့ အမတ်ချီရဲ့ အဆိုပြုချက်ကို နန်ချန်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်မကတော့ လျန်ကို ပြန်ပြီး တာဝန်ယူရလိမ့်မယ်။ ရှင်နဲ့ အမတ်ကျန်းတို့က ကျွန်မ မထွက်ခွာခင် ပြန်လည်စဉ်းစားပြီး အဖြေပေးနိုင်ပါတယ်"
ဝိန်းယွီသည် နန်းဆောင်အထွက်သို့ နီးကပ်လာသောအခါ သူမနောက်ကျောဘက်မှ မယ်တော်ကြီးကျန်း၏ အသံ ထွက်ပေါ်လာ၏။ လေသံက တင်းမာနေဆဲဖြစ်သော်လည်း လက်လျှော့လိုက်ရသည့် လေသံပင်။ "မင်းဗိုက်ထဲက ကလေးက သေချာပေါက် ကျန်းသွေးသား ဖြစ်ရမယ်"
လင်ရှီးနန်းဆောင်၏ ကျောက်လှေကားထစ်များမှ ဆင်းလာသောအခါ ဝိန်းယွီသည် တော်ဝင်အစောင့်စစ်သည် ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ကာ တက်လာသော ကျန်းယွီနှင့် ဆုံတွေ့လေသည်။
ဆောင်းဦးလယ် နန်းတွင်းပွဲတော်ပြီးကတည်းက ၎င်းသည် သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။ ကျန်းယွီသည် ယခင်ကထက် ပိုစိမ်းသက်သွားပုံရပြီး ဝိန်းယွီကို မြင်သောအခါ ဘေးသို့ ဖယ်ပေးကာ လက်နှစ်ဖက်ကို ယှက်လျက် အရိုအသေပေးလိုက်၏။ "မယ်မယ်မိဖုရားကို ပို့ဆောင်ပါတယ်"
သူ၏ အကြည့်များက သူ့ရှေ့ရှိ မြေပြင်ပေါ်သို့သာ စိုက်ကျနေသည်။
ချင်းယွင် အစောင့်စစ်သည်များ ဝန်းရံလျက် ဝိန်းယွီသည် ဘေးသို့ တစ်ချက်မှ မကြည့်ဘဲ လှေကားထစ်များမှ ဆင်းလာခဲ့သည်။ ဆောင်းဦးလေက တစ်ဖန် ပြန်လည် တိုက်ခိုက်လာသော်လည်း သူမ၏ သေသပ်လှပစွာ ဖန်တီးထားသော လေးလံသည့် အခမ်းအနားဝတ်ရုံများကို မလှုပ်ခတ်နိုင်ခဲ့ချေ။ သူမ၏ ဆံထုံးပေါ်ရှိ ရွှေရောင်ဇာမဏီ ဆံထိုးလေးသာ သူမ၏ လှုပ်ရှားမှုနှင့်အတူ အနည်းငယ် လှုပ်ယမ်းနေ၏။
ဝိန်းယွီ အဝေးသို့ ရောက်သွားသောအခါမှသာ ကျန်းယွီသည် ကိုယ်ကို မတ်လိုက်ပြီး သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ လင်ရှီးနန်းဆောင်အတွင်းသို့ လှေကားထစ်များအတိုင်း ဆက်တက်သွားတော့သည်။ ဘုရားဝတ်ပြုကျောင်းဆောင်အတွင်း ဖျာပေါ်တွင် ထိုင်ကာ မျက်စိမှိတ်ပြီး ပုတီးစိပ်နေသော မယ်တော်ကြီးကို တွေ့လိုက်ရသောအခါ သူက ခေါ်လိုက်၏။ "ဒေါ်ဒေါ်... ကျွန်တော့်ကို ခေါ်လိုက်တာလား"
ကျောက်ဟွာနန်းဆောင်သို့ ပြန်ရောက်ပြီးမှသာ ကျောင်းပိုင်က စကားစလိုက်သည်။ "မင်းသမီး..."
ဝိန်းယွီသည် သူမ၏ အိပ်ခန်းဆောင်သို့ တန်းဝင်သွားလိုက်ပြီး အမိန့်ပေးလိုက်၏။ "အဝတ်အစား လဲပေး"
"ထုန်ချွဲ၊ အခမ်းအနားစီမံခန့်ခွဲရေးဌာနကို သွားပြီး မိန်းမစိုးလီဆီ စကားပါးလိုက်"
ချင်းယွင် အစောင့်စစ်သည် နှစ်ဦးက ဝိန်းယွီ၏ လေးလံသော အခမ်းအနားဝတ်စုံနှင့် ဝတ်ရုံနှင့် လိုက်ဖက်သော ရတနာဆံထိုးများကို ဖယ်ရှားရန် ကူညီပေးကြသည်။ သူမ၏ ချည်နှောင်မထားသော ဆံနွယ်နက်နက်များ လွတ်လပ်စွာ ကျဆင်းလာသောအခါ တစ်နေ့တာလုံး ခံစားခဲ့ရသော ဦးရေပြား တင်းမာမှုမှ နောက်ဆုံးတွင် သက်သာရာ ရသွားတော့သည်။
သူမ၏ နားထင်များကို နှိပ်နယ်ရင်း အစောင့်စစ်သည်များ ယူဆောင်လာသော နေ့စဉ်ဝတ် နန်းတွင်းဝတ်စုံကို ကြည့်ကာ ပြောလိုက်၏။ "နန်းတော်ပြင်ပထွက်ဖို့ သင့်တော်တဲ့ အဝတ်အစားတစ်ခု ရှာပေးပါ"
ကျောင်းပိုင်က နားမလည်စွာဖြင့် မေးလိုက်သည်။ "မင်းသမီး နန်းတော်ထဲက ထွက်မလို့လား"
ဝိန်းယွီသည် မှန်ထဲရှိ သူမ၏ ပုံရိပ်ကို ငေးကြည့်လိုက်၏။ 'မယ်တော်ကြီးက အလျှော့ပေးခဲ့တယ် ဆိုပေမယ့် သူ၊ ကျန်းမိသားစုနဲ့ တော်ဝင်အုပ်စုက အမတ်တွေက ငါ့ကို သူတို့ရဲ့ ချန်ပြည်အတွက် ဘုရင်ခံမင်းသမီးအဖြစ် တကယ် လက်ခံမှာ မဟုတ်ဘူး။ နန်ချန်မှာ ငါ့ရဲ့ အခြေခံက မခိုင်မာသေးဘူး၊ ပြီးတော့ အခု လျန်ကို ပြန်သွားတာက အခက်အခဲအသစ်တွေ သေချာပေါက် ဖြစ်လာစေလိမ့်မယ်။ ငါ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမှ ဖြစ်မယ်'
သူမသည် မယ်တော်ကြီး၏ စည်းကမ်းချက်များကို သဘောတူခဲ့သည်။
ကျန်းမိသားစုသည် နန်ချန်၏ အမြစ်များကို ကိုက်ဖြတ်နေသော ခြကောင်များနှင့် တူသော်လည်း သူတို့သည် အင်အားကြီးမားနေပြီ ဖြစ်သည်။ အထူးသဖြင့် မယ်တော်ကြီးကျန်းက နန်းတွင်းတွင် လှည့်ကွက်များ သုံးနေချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများကို စစ်ဆေးရုံနှင့် တိုးကျန့်လျန်ကို သူ၏ပုန်ကန်မှုအတွက် အပြစ်ပေးရုံမျှဖြင့် ကျန်းမိသားစုကို တစ်ခါတည်း ချေမှုန်းရန် မလုံလောက်ချေ။
ကြောက်မက်ဖွယ်ကောင်းသော ရန်သူက အသင့်ရှိနေချိန်တွင် တစ်ခုတည်းသော ရွေးချယ်စရာမှာ ကျန်းမိသားစုကို ယာယီ ထိန်းချုပ်ထားပြီး ပြင်ပရန်သူကို ပူးပေါင်းရင်ဆိုင်ရန်ပင်— အနည်းဆုံးတော့ သူမက ဖေစုန့်ကို မရှင်းလင်းရသေးခင် အချိန်အထိပေါ့— သို့မှသာ သူတို့က သူမကို နောက်ကွယ်မှ မနှောင့်ယှက်နိုင်မှာ ဖြစ်သည်။
ကျန်းမျိုးဆက်တစ်ဦးကို ငါးစာအဖြစ် အသုံးပြုကာ ကျန်းမိသားစုကို တည်ငြိမ်စေခြင်းက အသက်သာဆုံးသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။
သို့သော် ဤငါးစာရှိနေခြင်းက မယ်တော်ကြီးနှင့် ကျန်းမိသားစုက သူမ၏ နန်ချန်ရှိ ဘုရင်ခံအာဏာကို ရုပ်သိမ်းမည်မဟုတ်ကြောင်း အာမခံချက် မပေးနိုင်ချေ။ လျန်သို့ မပြန်မီ သူမသည် ကြိုတင်ကာကွယ်မှုအချို့ကို ချန်ထားရစ်ခဲ့မှ ဖြစ်လိမ့်မည်။
ထိုစကားကို ကြားသောအခါ ကျောင်းပိုင်နှင့် ထုန်ချွဲတို့ နှစ်ဦးစလုံး၏ မျက်နှာများက လေးနက်သွားကြပြီး အခြေအနေ၏ အရေးကြီးပုံကို အပြည့်အဝ နားလည်သွားကြ၏။
ထုန်ချွဲက မေးလိုက်သည်။ "မိန်းမစိုးလီကို ဘယ်လို စကားမျိုး ပါးလိုက်ရမလဲ"
စကားပြောပြီးသည်နှင့်တပြိုင်နက် သူမ အမှားလုပ်မိသွားကြောင်း သဘောပေါက်သွားပြီး အလျင်အမြန် ပြင်ပြောလိုက်၏။ "နေပါဦး... အဲ့ဒီမိန်းမစိုးလီက ချန်ဝမ်ရဲ့ လူ မဟုတ်ဘူးလား။ ကျွန်မ သူ့ကို စောင့်ကြည့်နေတာ ကြာပြီ၊ သူက လင်ရှီးနန်းဆောင်ကို ခဏခဏ သွားတတ်တယ်။ သူက မယ်တော်ကြီးအုပ်စုရဲ့ အစေခံတစ်ယောက်နဲ့လည်း တူနေတယ်"
ဝိန်းယွီက ပြောလိုက်သည်။ "သူက ဉာဏ်ကောင်းတဲ့လူ တစ်ယောက်ပါ။ ဆောင်းဦးလယ် နန်းတွင်းပွဲတော်ပြီးကတည်းက သူက သူ့အတွက် လွတ်လမ်းကို ကိုယ်တိုင် စီစဉ်နေခဲ့တာ"
_____
တစ်နာရီကြာပြီးနောက် ကျောင်းပိုင်သည် ဝိန်းယွီ၏ တံဆိပ်ပြားကို ကိုင်ဆောင်လျက် မြင်းလှည်းတစ်စီးကို နန်းတော်တံခါးမှ ပွင့်ပွင့်လင်းလင်း မောင်းနှင်ထွက်ခွာလာခဲ့သည်။
သူမသည် ဝိန်းယွီအတွက် ကိစ္စရပ်များကို ကိုင်တွယ်ရန် နန်းတော်ပြင်ပသို့ မကြာခဏ ထွက်လေ့ရှိသည်။ ဝိန်းယွီ ချန်ပြည်သို့ ရောက်ရှိလာချိန်မှစ၍ မယ်တော်ကြီးကျန်းနှင့် ထိပ်တိုက်တွေ့ဆုံမှုတိုင်းသည် မယ်တော်ကြီး၏ ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ခဲ့သည်။ ထို့အပြင် ကျောင်းပိုင်သည် ဒေါသကြီးတတ်သူအဖြစ် လူသိများပြီး နန်းတော်တံခါးမှ အစောင့်များသည် မိဖုရားနှင့် ရင်းနှီးသူများကို ရန်မစဝံ့ကြချေ။ သူတို့သည် ဖြတ်သန်းခွင့် မပြုမီ သူမ၏ ခါးဆွဲတံဆိပ်ပြားကိုသာ စစ်ဆေးကြပြီး များသောအားဖြင့် ရိုသေလေးစားသော အမူအရာမျိုးပင် ရှိကြလေသည်။
နောက်ယောင်ခံလိုက်ခြင်းမှ ရှောင်ရှားရန် သခင်မနှင့် အစေခံတို့သည် တယ်ယွဲ့ဟု ခေါ်သော တော်ဝင်မြို့တော်ရှိ အကျော်ကြားဆုံး အရက်ဆိုင်သို့ မသွားမီ လမ်းတစ်ဝက်တွင် မြင်းလှည်း ပြောင်းစီးခဲ့ကြသည်။
ပုဝါချထားသည့်ဦးထုပ်ကို ဆောင်းထားသော ဝိန်းယွီသည် စားပွဲထိုးတစ်ဦး၏ ယဉ်ကျေးစွာ လမ်းညွှန်မှုဖြင့် အပေါ်ထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ရောက်ရှိသွားသည်။ စားပွဲထိုး ထွက်သွားပြီးနောက် ကျောင်းပိုင်က တံခါးကို ခေါက်လိုက်၏။ အခန်းပိုင်ရှင်က ကိုယ်တိုင် တံခါးလာဖွင့်ပေးသည်— သူသည် ဖန်းမင်တာပင်။
သူတို့ကို အထဲသို့ ခေါ်ဆောင်သွားပြီးနောက် သူသည် ပါးနပ်သော အစေခံတစ်ဦးကို တံခါးဝတွင် စောင့်ကြည့်ရန် စေလွှတ်လိုက်၏။ အခန်းထဲသို့ ပြန်ဝင်လာသောအခါ အစေခံတစ်ဦးက ဝိန်းယွီအတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်ကို မြင်လိုက်ရပြီး သူသည် ထိုအလုပ်ကို အလျင်အမြန် လွှဲယူလိုက်ကာ သူ၏ ဝဝကစ်ကစ် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေ၏။ "ချန်ပြည်ကို ပြန်ရောက်တာ လအနည်းငယ်ပဲ ရှိသေးချိန်မှာ မင်းသမီးရဲ့ ခေါ်ယူမှုကို ရုတ်တရက် ရလိုက်တော့ ကျွန်တော် အံ့ဩပြီး စိုးရိမ်မိပါတယ်"
ဝိန်းယွီသည် သူမ၏ မျက်နှာဖုံးဦးထုပ်ကို မချွတ်ဘဲ ဧည့်သည်တော်နေရာတွင် ထိုင်လိုက်ပြီး ဖန်းမင်တာ ငှဲ့ပေးသော လက်ဖက်ရည်ကို မထိခဲ့ချေ။ သူမက ပြောလိုက်၏။ "လူကြီးမင်းဖန်း မကြာသေးခင်က ပြဿနာတချို့နဲ့ ကြုံတွေ့နေရတယ်လို့ ကျွန်မ ကြားတယ်"
လက်ဖက်ရည် ငှဲ့ပြီးနောက် ဖန်းမင်တာသည် သူ့နေရာသို့ ပြန်သွားပြီး ဝိန်းယွီ၏ စကားများထဲက သွယ်ဝိုက်သော အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ သူသည် သူ၏ အခက်အခဲကို ချက်ချင်း ညည်းတွားတော့၏။ "အကျင့်ပျက် မိန်းမစိုးတွေရဲ့ အမှုက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ငွေကြေးအလွဲသုံးစားမှု စာရင်းတွေနဲ့ ပတ်သက်နေတော့ နန်းတွင်းနဲ့ အပြင်မှာပါ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။ အခြား ဌာနတွေဖြစ်တဲ့ ဓလေးထုံးတမ်း ဝန်ကြီးဌာန အပါအဝင် ထိခိုက်မှုရှိတာက မလွှဲမရှောင်သာပါပဲ။ ဩဇာအာဏာ မရှိတဲ့ အရာရှိငယ်တစ်ယောက်အနေနဲ့ လာမယ့် တရားရေးအဖွဲ့သုံးဖွဲ့ရဲ့ စစ်ဆေးမှုက ကျွန်တော့်ရဲ့ အပြစ်ကင်းစင်မှုကို ရှင်းလင်းပေးနိုင်ဖို့ပဲ မျှော်လင့်ရတာပါပဲ"
ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများကို စစ်ဆေးခြင်းက အခြား ဝန်ကြီးဌာန ငါးခုနှင့် ငွေကြေးလွှဲပြောင်းမှုများကို မလွှဲမရှောင်သာ စစ်ဆေးရမည် ဖြစ်သည်။ ဖန်းမင်တာသည် ဓလေးထုံးတမ်း ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ရာထူးကို ရယူထားပြီး ဓလေးထုံးတမ်း ဝန်ကြီးက အမတ်ချုပ်ကျန်း၏ မဟာမိတ် ဖြစ်သောကြောင့် သူ့အနေဖြင့်လည်း ထိုအတိုင်း လိုက်လံပူးပေါင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။
သို့သော် သူသည် အကင်းပါးသည့်အပြင် မွေးရာပါ သတိကြီးသူတစ်ဦးလည်း ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် စုပုံနေသော အကျင့်ပျက်ခြစားမှုများ တစ်နေ့တွင် ပေါ်ပေါက်လာမည်ကို သိထားပြီး သူ့အတွက် လွတ်လမ်းတစ်ခုကို လုံခြုံအောင် လုပ်ထားခဲ့လေသည်။
သို့သော် သူ၏ အထက်လူကြီးမှာ လောဘကြီးလွန်းလှသည်။ အကယ်၍ သူက အမြတ်အစွန်းတချို့ ရယူဖို့ မပူးပေါင်းခဲ့လျှင် အထက်လူကြီးက သူ့ကို ကိုယ့်လူဟု ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘဲ သံသယဖြင့်သာ ကြည့်လိမ့်မည်။ ထို့ကြောင့် ဖန်းမင်တာသည် အကျင့်ပျက်ခြစားမှု အချို့တွင် ပါဝင်ခဲ့သော်လည်း သူ အလွဲသုံးစားလုပ်ခဲ့သော ပမာဏမှာ စစ်ဆေးခံရပါက ဝေးလံခေါင်ဖျားသော ဒေသသို့ ပြည်နှင်ဒဏ်ပေးခံရရုံသာ ဖြစ်ပြီး သူ၏ ရာထူးကို ဆုံးရှုံးစေရန် မလုံလောက်ချေ။
သို့သော် တော်ဝင်အဖွဲ့မှ အမတ်များက ဓလေးထုံးတမ်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများကို စတင်စစ်ဆေးသောအခါ သူ၏ အထက်လူကြီးက သူ့ကို ဓားစာခံလုပ်ရန် ဆုံးဖြတ်ပြီး ကွာဟချက် များစွာဖြင့် သူ့ကို ထောင်ချောက်ဆင်ခဲ့လေသည်။
တိုးကျန့်လျန်၏ သစ္စာဖောက်မှု သတင်း နန်ချန်သို့ မရောက်ရှိခင်ကတည်းက ဖန်းမင်တာသည် စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးခံနေရပြီ ဖြစ်သည်။ ရာထူးမှ ဆိုင်းငံ့ခံထားရစဉ်အတွင်း သူသည် ကျန်းမိသားစုထံသို့ အကြိမ်ကြိမ် လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။ သို့သော် တော်ဝင်အဖွဲ့ အမတ်များသည် သည်အခွင့်အရေးကို အသုံးချကာ ဤတစ်ကြိမ်တွင် ကျန်းမိသားစုကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးရန်နှင့် ကျန်းအုပ်စုဝင် အချို့ကို ရှင်းလင်းရန် သေချာပေါက် ဆုံးဖြတ်ထားပုံရသည်။
ရွေးချယ်စရာများကို ချိန်ဆပြီးနောက် ကျန်းမိသားစုသည် ဓလေးထုံးတမ်း ဝန်ကြီးဌာနကို စွန့်လွှတ်ခဲ့လေသည်။
ဖန်းမင်တာက ကျန်းမိသားစုထံမှ အကူအညီ တောင်းခံသောအခါ သူ ရရှိခဲ့သော တစ်ခုတည်းသော အာမခံချက်မှာ သူ၏ ဇနီး၊ ကလေးများနှင့် သက်ကြီးရွယ်အို မိခင်တို့ကို ကာကွယ်ပေးမည်ဟူ၍သာ။
ကျန်းမိသားစုက ကျန်သည်များကို မပြောဘဲ ချန်လှပ်ထားခဲ့သော်လည်း ဖန်းမင်တာက ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ အကယ်၍ သူက ကျန်းမိသားစု ကိစ္စများနှင့် ပတ်သက်ပြီး စကားတစ်ခွန်းတောင် ဖော်ထုတ်ရဲခဲ့လျှင် သူ့ထွက်ဆိုချက် အကျဉ်းထောင်ထဲက မထွက်ခင်မှာတင် သူ့မိသားစုတစ်ခုလုံး မရဏနိုင်ငံမှာ ဆုံတွေ့ရဖို့ ကျိန်းသေနေလိမ့်မည်။
ရာထူးဆိုင်းငံ့ခံထားရစဉ်အတွင်း နန်းတွင်းနောက်ဆုံးရ သတင်းများကို သိရှိနေစေရန်နှင့် သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းရှာဖွေရန် သူသည် လဝက်ခန့် တယ်ယွဲ့အရက်ဆိုင်တွင် အရက်သောက်ရင်း သတင်းအချက်အလက် စုဆောင်းနေသယောင် ဟန်ဆောင်ကာ အချိန်ကုန်ဆုံးခဲ့သည်။
ယနေ့နံနက် နန်းတွင်းညီလာခံမှ သတင်းများ သူ့နားထဲသို့ ရောက်ရှိလာပြီး ဝိန်းယွီ၏ ချင်းယွင်အစောင့်စစ်သည်က ဝိန်းယွီ သူ့ကို တွေ့လိုကြောင်း လျှို့ဝှက်စွာ အကြောင်းကြားလာသောအခါ ဖန်းမင်တာသည် ဝိန်းယွီကို သူ၏ နောက်ဆုံး မျှော်လင့်ချက်အဖြစ် မြင်လိုက်တော့သည်။
ဝိန်းယွီက ပြောလိုက်၏။ "ကျွန်မ သိသလောက်တော့ ဓလေးထုံးတမ်း ဝန်ကြီးဌာနက ငွေကြေးအလွဲသုံးစားမှု တော်တော်များများကို ရှင်ကိုယ်တိုင် လုပ်ခဲ့တာပဲ"
ဖန်းမင်တာသည် ချက်ချင်းပင် ဒူးထောက်ကျသွားကာ ဝိန်းယွီကို ဦးညွှတ်ပြီး တောင်းပန်တော့၏။ "မင်းသမီး... သေချာ ကြည့်ရှုပေးပါ။ ကျွန်တော်က တကယ်ကို မတရား ခံရတာပါ!"
လေဝင်လေထွက်ကောင်းစေရန် ဟထားသော ပြတင်းပေါက် အက်ကွဲကြောင်းမှတဆင့် လေညင်းလေးတစ်ခု ဖြတ်တိုက်လာပြီး ဝိန်းယွီ၏ ဦးထုပ်မှ အဖြူရောင် ပုဝါစကို လှုပ်ခတ်သွားစေသည်။ သူမက အလျင်စလို မဟုတ်ဘဲ ပြောလိုက်၏။ "ရှင့်ရဲ့ မတရားခံရတယ်ဆိုတဲ့ အဆိုမှာ အမှန်တရားတချို့ ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓလေးထုံးတမ်း ဝန်ကြီးဌာနရဲ့ ဝန်ကြီးဝူ အလွဲသုံးစားလုပ်ခဲ့တဲ့ ပမာဏက လူကြီးမင်းဖန်း ယူခဲ့တာနဲ့ ယှဉ်လို့တောင် မရဘူးလေ"
ဖန်းမင်တာသည် နောက်ထပ် အကြိမ်အနည်းငယ် ဦးတိုက်လိုက်ပြီး သူ့နဖူးမှာ ရောင်ရမ်းပြီး သွေးထွက်နေပြီဖြစ်ကာ ငိုကြွေးလေသည်။ "ကျွန်တော့်ကို ကယ်တင်ပေးဖို့ မင်းသမီးကို တောင်းပန်ပါတယ်။ သတို့သမီး သွားခေါ်ဖို့ လျန်ကို သွားတဲ့ တာဝန်မှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးက တကယ်ကို ကျွန်တော့်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး— ကျွန်တော်က အမတ်ဝူနဲ့ ကျန်းမိသားစုရဲ့ အမိန့်တွေကိုသာ လိုက်နာခဲ့ရတာပါ..."
ဝိန်းယွီက ပြောလိုက်လေသည်။ "ကျွန်မ ရှင့်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရှင်က ကျွန်မအတွက် ဘာလုပ်ပေးနိုင်မလဲ"
ဖန်းမင်တာသည် စိတ်ကို တင်းထားလိုက်ပြီး သူ၏ သစ္စာရှိမှုကို ကတိပြုလိုက်၏။ "တကယ်လို့ ကျွန်တော်က မင်းသမီးအတွက် အသုံးဝင်နိုင်မယ်ဆိုရင် မီးကိုဖြတ်ပြီး ရေကိုကူးဖို့တောင် ဝန်လေးမှာ မဟုတ်ပါဘူး!"
ဝိန်းယွီက ပြန်ပြောလိုက်သည်။ "ကောင်းပြီလေ။ ဒါဆိုရင် ရှင်က ဓလေးထုံးတမ်း ဝန်ကြီးဌာနမှာပဲ ဆက်နေလိမ့်မယ်။ ဒါပေမယ့် ရှင့်ရဲ့ ရာထူးကို အဆင့်နှစ်ဆင့် လျှော့ချခံရမှာဖြစ်ပြီး တော်ဝင်ပညာရေးကျောင်းမှာ စာသင်ဖို့ တာဝန်ပေးခံရလိမ့်မယ်"
အလွန်ဝမ်းသာသွားသော ဖန်းမင်တာက အလျင်စလို ပြောလိုက်၏။ "ကျွန်တော် မင်းသမီးကို ကျေးဇူးတင်ပါတယ်!"
ဝိန်းယွီက သူ့ကို တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။ "ကျွန်မ ပြောလို့ မပြီးသေးဘူး"
ဖန်းမင်တာမှာ အံ့ဩသွားတော့သည်။
ဝိန်းယွီက ဆက်ပြောလေသည်။ "ကျန်းမိသားစု ဘာမှ ရိပ်မိတာမျိုး မရှိစေဘဲ ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမတ်ချီက ဓလေးထုံးတမ်း ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးဖြစ်တဲ့ ရှင်တစ်ယောက်တည်းနဲ့တင် အမှုကို အဆုံးသတ်ဖို့ ကျေနပ်နေမှာ မဟုတ်ဘူးလေ။ ရှင်က ကျန်းအုပ်စုထဲမှာ ကျွန်မရဲ့ မျက်စိနဲ့ နားအဖြစ် ဆောင်ရွက်ပေးဖို့နဲ့ ကျွန်မအတွက် အသုံးဝင်နိုင်မယ့် တော်ဝင်ပညာရေးကျောင်းက ပညာရှင်တွေကို လျှို့ဝှက် မွေးမြူပေးတာ လိုချင်တယ်။ ရှင် လုပ်နိုင်မလား"
ဖန်းမင်တာက အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလိုက်၏။ "ကျွန်... ကျွန်တော် လုပ်နိုင်ပါတယ်။ ဒါပေမယ့်... ကျွန်တော့် ရာထူးကို အဆင့်နှစ်ဆင့် လျှော့ချပြီးသွားရင် အမတ်ချုပ်ကျန်းက ကျွန်တော့်ကို အရေးကြီးတဲ့ အလုပ်တွေ ဆက်ပေးပါ့မလားလို့ စိုးရိမ်မိပါတယ်..."
ဝိန်းယွီက ပြောလိုက်လေသည်။ "ခပ်ငြိမ်ငြိမ်နေပြီး တော်ဝင်ပညာရေးကျောင်းက သင်ကြားရေး တာဝန်တွေကိုပဲ အာရုံစိုက်ပါ။ ရှင် သတင်းတစ်ခုခု ရတာနဲ့ ကျွန်မဆီကို ချက်ချင်း သတင်းပို့"
တော်ဝင်အဖွဲ့မှ အမတ်များက ဓလေးထုံးတမ်းဝန်ကြီးကို ဖြုတ်ချပြီးနောက် ဓလေးထုံးတမ်းဝန်ကြီး နေရာကို နောက်ထပ် ရယူမည့်သူမှာ သေချာပေါက် တော်ဝင်အဖွဲ့ဝင် တစ်ဦး ဖြစ်လာလိမ့်မည်။ ဝိန်းယွီသည် ဖန်းမင်တာကို တော်ဝင်ပညာရေးကျောင်းတွင် သင်ကြားရေး ရာထူးယူရန် စီစဉ်ပေးခဲ့ခြင်းက ဝန်ကြီးသစ် ခန့်အပ်ပြီးနောက် ဖြစ်ပေါ်လာမည့် ကနဦး ရှင်းလင်းမှုမှ သူ့ကို ရှောင်ရှားနိုင်ရန် ထိရောက်စွာ ကူညီပေးခြင်းပင်။
တစ်ချိန်တည်းမှာပင် လိမ္မာပါးနပ်သော အမတ်ချုပ်ကျန်းသည် ဓလေးထုံးတမ်း ဝန်ကြီးဌာနတွင် လုံးဝ ဖယ်ရှားမခံရသေးသော အစေခံတစ်ဦး ရှိနေသေးကြောင်း သဘောပေါက်သွားပါက ဤအစေခံကို သေချာပေါက် သည်အတိုင်ထားမည် မဟုတ်ချေ။ ယင်းအစား သူသည် ဓလေးထုံးတမ်း ဝန်ကြီးဌာနကို ပြန်လည်ထိန်းချုပ်ရန် ဤအစေခံကို မည်သို့ အသုံးပြုရမည်ကို ဗျူဟာချလိမ့်မည်။
ဖန်းမင်တာက သူ နားလည်ကြောင်း အကြိမ်ကြိမ် ဝန်ခံလိုက်၏။
ဝိန်းယွီက ထွက်ခွာရန် မတ်တတ်ရပ်လိုက်ရာ သူကိုယ်တိုင် အဝင်ဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ကျောင်းပိုင် တံခါးမဖွင့်ခင် ဝိန်းယွီက ပြောလိုက်၏။ "ဒါနဲ့ ရှင် ကျန်းမိသားစုရဲ့ လှည့်စားမှုကို ခံရပြီး သတင်းအမှားတွေ မပို့မိအောင် ရှင့်အတွက် နန်းတွင်းမှာ လက်ထောက်တစ်ယောက် ရှာထားပေးတယ်။ ရှင့်ရဲ့ မိသားစုအတွက်လည်း ကျွန်မ လူလွှတ်ပြီး ကာကွယ်ပေးထားမယ်"
ကျေးဇူးတင်စကား အထပ်ထပ် ပြောကြားပြီး ဝိန်းယွီကို နှုတ်ဆက်လိုက်ပြီးနောက် ဖန်းမင်တာသည် တံခါးကို ပိတ်လိုက်ပြီးမှ သူ၏ ကျောပြင်တစ်လျှောက်တွင် ချွေးအေးများ စီးကျလာတော့သည်။
ဤလျန်မင်းသမီးသည် မျက်နှာသာပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းကို မျှတစွာ အသုံးပြုသည့် အနုပညာကို အမှန်တကယ် ကျွမ်းကျင်လွန်းလှသည်။
"ကျန်းမိသားစုရဲ့ လှည့်စားမှုကို ခံရခြင်းမှ ကာကွယ်ရန် နန်းတွင်းတွင် လက်ထောက်တစ်ဦး ရှာဖွေပေးခြင်း" ဆိုသည်မှာ သူမတွင် သတင်းအချက်အလက်များ၏ စစ်မှန်မှုကို စစ်ဆေးရန် အခြားနည်းလမ်းများ ရှိနေသောကြောင့် မည်သည့် လှည့်ကွက်မှ မသုံးရန် ရှင်းလင်းသော သတိပေးချက်တစ်ခုပင်။
သူ့မိသားစုကို ကာကွယ်ရန် လူလွှတ်ပေးခြင်းမှာမူ အခြေခံအားဖြင့် သူ၏ အသက်သွေးကြောကို သူမ၏ လက်ထဲတွင် ဆုပ်ကိုင်ထားခြင်းပင်။
တံခါးကို မှီကာ ခဏကြာအောင် အသက်ရှူနေရပြီးနောက် ဖန်းမင်တာသည် နောက်ဆုံးတွင် အရာအားလုံးကို လက်ခံရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့အသက်နှင့် မိသားစုမှာ အခြားသူတစ်ဦး၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ သူသည် မိမိအသက်ကို ကယ်တင်နိုင်ခဲ့ပြီး လတ်တလောတွင် ကျန်းအုပ်စုနှင့် ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရင်ဆိုင်စရာ မလိုတော့ချေ။
ထို့အပြင် လျန်မင်းသမီး၏ ကြောက်မက်ဖွယ်ကောင်းသော နည်းဗျူဟာများအရ သူမသည် မယ်တော်ကြီးနှင့် ကျန်းအုပ်စုတို့ကို ဆန့်ကျင်သည့် သူမ၏ ရုန်းကန်မှုတွင် အောင်ပွဲခံနိုင်ဖွယ် ရှိနေသည်။
အကယ်၍ သူသည် သူမ၏ယုံကြည်မှုကို ရရှိပြီး အရေးကြီးနေရာတစ်ခုတွင် အသုံးပြုခံရမည်ဆိုလျှင် သူ၏အရာရှိအလုပ်အကိုင်ကလည်း အလားအလာ ကောင်းသော အနာဂတ်တစ်ခု ရရှိနိုင်လိမ့်မည်။
...