အခန်း ၁၃၇
Vol. 14 Ch. 137
အပိုင်း (၁၃၇)
စစ်မြင်းများက မြို့တံခါး၏ ရှည်လျားသော လမ်းကျဉ်းလေးကို အလျင်အမြန် ဖြတ်သန်းသွားသည်။ အုတ်ရိုးဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ရှောင်းလိနှင့် သူ့လက်အောက်ရှိ ညီအစ်ကိုများက ဇက်ကြိုးကို အားကုန်ဆွဲလိုက်ရာ မြင်းများက ရှေ့ခြေနှစ်ဖက်ကို အပေါ်သို့ မြင့်မားစွာ မြှောက်လိုက်ပြီးမှသာ ရှေ့သို့ဆက်လက် ပြေးဝင်နေသည့် အရှိန်ကို ရပ်တန့်သွားတော့သည်။
မြင်းလည်ဆံမွေးများ အားလုံးသည် မိုးရေနှင့်နှင်းများကြောင့် ရွှဲရွှဲစိုနေပြီး နှာခေါင်းမှလည်း ဖြူဆွတ်သော အခိုးအငွေ့များ မှုတ်ထုတ်နေ၏။ လူအများ၏ ဝတ်ရုံအောက်နားစနှင့် လက်နက်များပေါ်တွင်လည်း ရေပေါက်များ အောက်သို့ ကျဆင်းနေသည်။ သူတို့၏မျက်လုံးများက မည်းနက်ရန်လိုနေပြီး အသက်ရှူလိုက်တိုင်း ထွက်ပေါ်လာသည်ကလည်း ဖြူဆွတ်သော အခိုးအငွေ့များပင်။
ဤလမ်းတစ်လျှောက်လုံး မြင်းကို အသည်းအသန် ဒုန်းစိုင်းစီးလာခဲ့သောကြောင့် အေးစက်သောလေပြေများက သံမဏိအပ်များကဲ့သို့ လည်ချောင်းနှင့် အဆုတ်အတွင်းသို့ တိုက်ရိုက် ထိုးစိုက်ဝင်လာပြီး ထိုခံစားချက်မှာ တကယ်ကို ခံစားရ ခက်ခဲလွန်းလှသည်။
သူတို့အတွက် မြင်းဇက်ကြိုးကို လာရောက်ဆွဲပေးရန် ရှေ့သို့တိုးလာသော ဝေ့စစ်တပ်မှ စစ်သည်များက သူတို့၏ခန္ဓာကိုယ်ပေါ်မှ မပျောက်ကွယ်သေးသော သတ်ဖြတ်ခြင်း အငွေ့အသက်များကြောင့် လန့်ဖြန့်သွားကာ အခိုက်တန့် ချီတိုးချတိုးဖြင့် တောင့်တင်းသွားကြလေသည်။
"အရက် ယူလာခဲ့"
မြို့ရိုးမျှော်စင်ဘက်မှ လျောင်ကျန်း၏ ခေါင်းလောင်းကြီးတစ်ခုလို ကျယ်လောင်သော အသံနှင့် ရဲရင့်သော ရယ်မောသံများ ထွက်ပေါ်လာသည်။ သူနှင့် ယွမ်ဖန်း အစရှိသော ဝေ့စစ်တပ်မှ စစ်သူကြီးတစ်စုက မြို့ရိုးလှေကားထစ်များပေါ်မှ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းလာပြီး ရှောင်းလိတို့အုပ်စုရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လာကြသည်။
မိုးရေနှင့်နှင်းများကြောင့် စိုစွတ်နေသော ရှောင်းလိ၏ဆံပင်စများသည် အစောပိုင်းက အေးစက်သောလေကြောင့် နောက်သို့ လွင့်ထွက်နေခဲ့သော်လည်း ယခုအခါတွင်တော့ နားထင်ဘေး၌ အနည်းငယ် ရှုပ်ပွပြီး ကျနေသည်။ မည်သည့် ပြင်ဆင်မှုမှ မလိုအပ်သော မျက်နှာတစ်ခုက စစ်မြေပြင်မှ ယခုလေးတင် ပြန်လည်ရောက်ရှိလာသည့် ကြမ်းတမ်းသော သွင်ပြင်နှင့်အတူ ယောက်ျားပီသသော အရှိန်အဝါများ လွှမ်းမိုးလို့နေသည်။
သူက ခြေတံရှည်ကြီးများကို လွှဲကာ မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ လျောင်ကျန်းနှင့် ယွမ်ဖန်းတို့အုပ်စု သူ့ရှေ့သို့ ရောက်လာချိန်တွင် "စစ်သူကြီး" ဟု တစ်ခွန်း ပြောလိုက်သည်နှင့် လျောင်ကျန်းက သူ၏ပခုံးကို အားပါးတရ ပုတ်လိုက်၏။
"လူငယ်တွေက တကယ်ကို လေးစားဖို့ကောင်းတာပဲ။ လူငယ်တွေက တကယ်ကို လေးစားဖို့ကောင်းတာပဲ" လျောင်ကျန်းက ပါးစပ်မစိနိုင်အောင် ရယ်မောနေပြီး ယွမ်ဖန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ငါ ခုနလေးတင် မင်းကို ပြောခဲ့တာ။ ဒီကောင်လေးက ထိုက်စွေ့နတ်မင်းကြီးပါလို့။ ဒီလို ခန့်ညားတဲ့ ရုပ်ရည်ကို ကြည့်လိုက်စမ်း၊ တာအိုဘုရားကျောင်းထဲမှာ ကိုးကွယ်ထားတဲ့ ချင်းယွမ်မြောင် ရှန့်ကျိန့်ကျွင်း နတ်မင်းကြီးပဲ ဖြစ်ရမယ်"
ရှောင်းလိက လက်နှစ်ဖက်ကို ယှက်လိုက်သည်။ သူ၏လက်ပတ်ပေါ်သို့ စင်နေသော သွေးကွက်များက အရည်ပျော်နေသော နှင်းရည်များ စိမ့်ဝင်မှုကြောင့် အနည်းငယ် ဖျော့တော့နေလေပြီ။ "စစ်သူကြီးက မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော်က ဒီလောက်အထိ လက်ခံဖို့ မထိုက်တန်ပါဘူး"
စကားပြောနေစဉ်အတွင်း ကိုယ်ရံတော်စစ်သည်က အရက်ကို ယူဆောင်လာပြီး လျောင်ကျန်းထံသို့ ကမ်းပေးကာ ပြောလိုက်သည်။ "စစ်သူကြီး၊ အရက် ရပါပြီ"
လျောင်ကျန်းက ရှောင်းလိ၏ပခုံးကို နောက်ထပ် ၂ချက် ပုတ်လိုက်ပြီး "ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး"ဟု ပြောပြီးနောက် အရက်အိုးကို ယူကာ ကိုယ်တိုင် ဖွင့်လိုက်သည်။ သူက အရက်အိုးနှုတ်လမ်းမှ အရက်နံ့ကို တစ်ချက် ရှူရှိုက်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "ဒါက ငါ အောင်ပွဲခံတဲ့အခါ သောက်ဖို့ ချန်ထားတဲ့ တစ်လုံးတည်းသော တုခန်းအရက်ပဲကွ"
ကိုယ်ရံတော်စစ်သည်များက ဗန်းများကို ကိုင်ဆောင်ထားပြီး အရက်ပန်းကန်လုံး ဒါဇင်ပေါင်းများစွာကို တစ်နေရာတည်းတွင် စုထားလိုက်သည်။ လျောင်ကျန်းက အရက်ပန်းကန်လုံး အားလုံးကို ကိုယ်တိုင် အပြည့်ထည့်ပေးပြီးနောက် အလွတ်ဖြစ်သွားသော အရက်အိုးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ ထို့နောက် ဗန်းထဲမှ အရက်ပန်းကန်လုံး တစ်လုံးကို ယူကာ ရှောင်းလိတို့အုပ်စုဘက်သို့ ရဲရင့်သော အမူအရာဖြင့် ပြောလိုက်သည်။ "အရက်ကောင်းက သူရဲကောင်းတွေနဲ့ပဲ ထိုက်တန်တယ်။ ငါ လျောင်ကျန်း မင်းတို့အားလုံးကို ဂါရဝပြုပါတယ်"
ရှောင်းလိနှင့်အခြားသူများက ကိုယ်ရံတော်စစ်သည်များ ကမ်းပေးလာသော အရက်များကို ယူလိုက်ပြီး လျောင်ကျန်းဘက်သို့ ပန်းကန်လုံးကို မြှောက်ပြလိုက်ပြီးနောက် အားလုံး တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
ဝေ့စစ်တပ်မှ စစ်သည်များအားလုံး ဝမ်းသာအားရ အော်ဟစ်နေကြသည်။ လျောင်ကျန်းက ပန်းကန်လုံးထဲရှိ အရက်များကို အကုန်သောက်လိုက်ပြီးနောက် အလွတ်ဖြစ်သွားသော ပန်းကန်လုံးကို ကိုယ်ရံတော်ထံသို့ ပေးလိုက်သည်။ သူက ရှောင်းလိကို သူနှင့်အတူ ယှဉ်တွဲလျှောက်ရန် ခေါ်လိုက်ပြီး တဟားဟား ရယ်မောကာ ပြောလိုက်၏။ "မိတ်ဆွေလေးရှောင်းလို လူငယ်သူရဲကောင်းမျိုးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ နယ်စားမင်းဆီကို စစ်သတင်း ပို့တဲ့အခါ မိတ်ဆွေလေးအတွက် ငါ သေသေချာချာ ထောက်ခံပေးပါ့မယ်"
သူ့နောက်တွင် ခြေတစ်ဝက်ခန့် နောက်ကျနေသော ယွမ်ဖန်းက အလျင်အမြန် ဝင်ပြောလိုက်သည်။ "ဒီအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး။ ငါ ကိုယ်တိုင် နယ်စားမင်းဆီကို အမှန်အတိုင်း သတင်းပို့လိုက်ပါ့မယ်"
"မင်းက ယိုးကျိုးမှာ ဒဏ်ရာကို ကုသဖို့ ကျန်ခဲ့ရဦးမှာ မဟုတ်လား။ ငါ့စစ်တပ်ထဲက လျှပ်စီးမြင်းတွေလောက် ဘယ်လိုလုပ် မြန်မှာလဲ"
"ခရီးသွားနေတဲ့ ဒီရက်တွေအတွင်းမှာ ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အတော်လေး သက်သာနေပါပြီ။ မင်းရဲ့ ဒီယိုးကျိုးက အန္တရာယ် ကင်းသွားတာနဲ့ ငါလည်း နယ်စားမင်းဆီကို တောင်ပိုင်းနယ်စပ်က ကိစ္စတွေကို သတင်းပို့ဖို့ ယွီကျိုးကို ချက်ချင်း ထွက်သွားရတော့မှာပါ"
......
ထိုညက စစ်တပ်အတွင်းရှိ အောင်ပွဲခံပွဲတွင် ရှောင်းလိသည် အခြားသူများ၏ ဆွဲဆောင်မှုကြောင့် သန်းခေါင်ယံအထိ အရက်သောက်ရပြီး ထွက်မသွားနိုင်ခဲ့ချေ။
ထုန်ကျိုးမှ နာမည်ကြီးသော ညီအစ်ကိုများက အတူတကွ ဝိုင်းထိုင်နေကြသည်။ ကျန်းဟူက အရက်မူးပြီး လေတက်လိုက်ကာ စကားပြောရာတွင် လျှာလေးလာတော့သည်။ "ငါ... ငါတို့တွေ ဒီတစ်ခါတော့ တကယ်ကို အောင်မြင်သွားပြီ။ ဝေ့စစ်တပ်ဘက်က လူတွေက အ... အခု ငါတို့ကို တော်တော်လေး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြတယ်"
ကျန်းဟွိုင်က အရက်ပန်းကန်လုံးကို ကိုင်ကာ အခြားသော တရားမျှတမှုတပ်ဖွဲ့ တပ်မှူးအချို့နှင့် စကားပြောပြီးနောက် မီးဖိုဘေးသို့ ပြန်ထိုင်လိုက်ချိန်တွင် ဖြူစင်သောသူ၏မျက်နှာမှာ အရက်ရှိန်ကြောင့် နီရဲနေလေပြီ။
ကျန်းဟူက မြင်သောအခါ လျှာလေးအားလေးဖြင့် ပြောလိုက်သည်။ "စစ်ဗျူဟာမှူး မင်း... မင်းက အရက်သောက်နိုင်တာ မဟုတ်ဘူး၊ အဲဒါကြောင့်... တခြားသူတွေနဲ့ ရောပြီး မသောက်ပါနဲ့တော့"
ကျန်းဟွိုင်က အရက်ရှိန်ကို ခဏမျှ ဖြေလျှော့လိုက်ပြီးမှ နားထင်ကို ပွတ်သပ်ကာ ပြောလိုက်၏။ "လာပြီး အရက်တိုက်ကြတာ အားလုံးက နေရာဒေသ အသီးသီးက တရားမျှတမှုတပ်ဖွဲ့ တပ်မှူးတွေချည်းပဲ။ အုပ်ချုပ်ရေးမှူးကို ဝေ့တပ်စခန်းက စစ်သူကြီးတွေက တားထားတော့ ဒီလူတွေ တိုက်တဲ့ အရက်ကို တစ်ယောက်ယောက်ကတော့ သောက်ရမှာပဲလေ"
ထိုစကားကို ကြားလိုက်သည်နှင့် ကျန်းဟူက ထရပ်ဖို့ ကြိုးစားလိုက်သည်။ "ငါ... ငါ သွားမယ်"
သူ ထရပ်လိုက်ချိန်တွင် ယိမ်းယိုင်နေသဖြင့် ကျန်းဟွိုင်က ဘေးတွင် ထိုင်နေသူကို သူ့အား ပြန်ဆွဲထိုင်ခိုင်းရန် အချက်ပြလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "စစ်သူကြီးစုန့်က ကျွန်တော့်ကိုယ်စား သွားပြီး သောက်ပေးနေပါပြီ"
ကျန်းဟူက အရာဝတ္ထုများကို နှစ်ထပ်မြင်နေရသော မျက်လုံးများကို ဖွင့်ကာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လူအုပ်ကြားထဲတွင် လူအချို့နှင့် အရက်ပန်းကန်လုံးချင်း တိုက်ကာ သောက်နေသော စုန့်ချင်ကို တကယ်ပင် တွေ့လိုက်ရသည်။ သူက အရက်မူးပြီး လေတက်လိုက်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆက်ပြောလိုက်သည်။ "အဲ... အဲဒါဆိုရင်လည်း ရပါပြီ"
ပြောပြီးသည်နှင့် သူ၏ခေါင်းက ဘေးသို့ စောင်းကျသွားပြီး ဘေးရှိ ညီအစ်ကိုကို မှီကာ အရက်မူးပြီး အိပ်ပျော်သွားတော့သည်။
စောင့်ကြည့်နေကြသည့် ညီအစ်ကိုများမှာ မနေနိုင်ဘဲ နောက်ထပ် ရယ်မောသံများ ထွက်လာတော့သည်။
စုန့်ချင် ပြန်ရောက်လာချိန်တွင် ခြေလှမ်းများကို ကြည့်ရသည်မှာ အရက်အတော်များများ တိုက်ခံထားရပုံရသည်။ မီးဖိုဘေးရှိ ထုန်ကျိုးမှညီအစ်ကို အများစုမှာလည်း မူးပြီး လဲကျနေကြသည်။ သူက ကျန်းဟွိုင်ဘေးတွင် ထိုင်လိုက်ချိန်တွင် ထိုနည်းတူပင် လေကို ရှူသွင်းလိုက်ပြီး အနည်းငယ် မူးဝေနေသော ခေါင်းကို ပွတ်သပ်လိုက်သည်။
ကျန်းဟွိုင်က မီးဖိုပေါ်ရှိ ဒယ်အိုးငယ်ကို ချလိုက်ပြီး အတွင်း၌ ချက်ပြုတ်ထားသော အရာကို ပန်းကန်လုံးတစ်လုံးထဲသို့ လောင်းထည့်ကာ စုန့်ချင်ကို ကမ်းပေးရင်း ပြောလိုက်၏။ "ထောပတ်လက်ဖက်ရည် တစ်ပန်းကန်လောက် သောက်ပြီး အမူးပြေအောင် လုပ်လိုက်ဦး"
စုန့်ချင်က ယူပြီး နှစ်ငုံခန့် သောက်လိုက်မှ မူးဝေသည့်ခံစားချက်က လျော့သွားပြီး ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။ "အရင်တုန်းက အဲဒီလူတွေ ဒီလောက်အထိ ရင်းနှီးတဲ့ပုံ မပြကြပါဘူး"
ကျန်းဟွိုင်က မီးဖိုထဲသို့ ထင်းအချို့ ထပ်ထည့်လိုက်သည်။ ကြည်လင်နေသော သူ၏မျက်လုံးတစ်စုံတွင် တောက်လောင်နေသော မီးရောင်က ထင်ဟပ်နေပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။ "အုပ်ချုပ်ရေးမှူးက ဒီယိုးကျိုးတိုက်ပွဲကို အားကိုးပြီး ဝေ့ချီရှန်းရဲ့ မျက်နှာသာပေးမှုကို သေချာပေါက် ရတော့မှာပဲ။ လာရောက် ပူးပေါင်းကြတဲ့ နေရာဒေသ အသီးသီးက တရားမျှတမှုတပ်ဖွဲ့တွေက အပေါ်ယံမှာတော့ ပြင်ပရန်သူတွေရန်ကနေ ကာကွယ်ဖို့ ဝေ့စစ်တပ်ကို ကူညီပေးချင်ယောင် ဆောင်နေကြပေမဲ့ တကယ်တမ်းကျတော့ သူတို့လက်ထဲက စစ်သည်တွေ ကုန်သွားမှာကို ကြောက်နေကြတာပဲ။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဘယ်သူမှ အစွမ်းကုန် မတိုက်ရဲကြဘူး။ ယိုးကျိုးကို ကာကွယ်နိုင်ခဲ့မယ်ဆိုရင် သူတို့က လာရောက် ကူညီပေးတဲ့အတွက် ဂုဏ်ပြုခံရမှာပဲလေ။ ယိုးကျိုးသာ ကျရှုံးသွားခဲ့မယ်ဆိုရင်လည်း သူတို့က တောင်ပိုင်းဒေသကို ပြန်ပြေးသွားပြီး မြောက်ပိုင်း လူရိုင်းတွေကို ကာကွယ်ခဲ့တယ်ဆိုတဲ့ နာမည်ကောင်းကို ရနိုင်သေးတယ် မဟုတ်လား"
စုန့်ချင်က လက်ဖက်ရည် ပန်းကန်လုံးကို ကိုင်ကာ ခေါင်းခါလိုက်ပြီး စကားတစ်ခွန်းသာ ပြောလိုက်သည်။ "တကယ်ကို ကောက်ကျစ်တာပဲ"
ကျန်းဟွိုင်၏မျက်နှာပေါ်ရှိ အပြုံးက မလျော့သွားချေ။ "ဝေ့တပ်စခန်းက လူတွေကလည်း မတုံးပါဘူး။ အဲဒီ အရိုင်းအစိုင်းဘဝကနေ လာတဲ့ စစ်တပ်တွေကို နဂိုကတည်းက အထင်မကြီးတာကိုတော့ ထားလိုက်တော့။ လာကူညီတဲ့ တရားမျှတမှုတပ်ဖွဲ့တွေရဲ့ စိတ်ထဲက အကြံအစည်လေးတွေကို သိသွားပြီးတဲ့နောက်မှာ သူတို့က ဘယ်လိုလုပ်ပြီး မျက်နှာကောင်း ပြနိုင်တော့မှာလဲ။ အခု ကျွန်တော်တို့ ထုန်ကျိုးစစ်တပ်က တရားမျှတမှုတပ်ဖွဲ့တွေထဲမှာ ဝေ့တပ်စခန်းရဲ့ တံခါးကို ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသော စစ်တပ် ဖြစ်လာပြီဆိုတော့ အဲဒီ တရားမျှတမှုတပ်ဖွဲ့ တပ်မှူးတွေက သူတို့ရဲ့ ဉာဏ်ကို လွှာမသုံးဘဲ နေပါ့မလား"
ဤမြောက်ပိုင်း စစ်ကူတိုက်ပွဲသည် အစပိုင်းတွင် ပြင်ပရန်သူများကို အတူတကွ ကာကွယ်ရန် ဖြစ်သော်လည်း လူ့အသက်များကို မြက်ပင်များကဲ့သို့ သဘောထားသော စစ်မြေပြင်တွင် မည်သည့် တစ်ကိုယ်ကောင်းဆန်မှုမျိုးမဆို အစောကြီးကတည်းက ကြီးမားလာခဲ့လေပြီ။
တရားမျှတမှုတပ်ဖွဲ့ ခေါင်းဆောင်များက သူတို့လက်ထဲရှိ စစ်သည်များကို အသေခံစစ်သည်များအဖြစ် ရှေ့တန်းသို့ ပို့ဆောင်ခံရမည်ကို ကြောက်ရွံ့ကြပြီး သူတို့လက်ထဲရှိ မူလစစ်သည်များကို ခွဲထုတ်ကာ အခြားတပ်ဖွဲ့များအတွင်းသို့ ပြန်လည် ဖွဲ့စည်းခံရမည်ကိုလည်း မလိုလားကြချေ။ အကြောင်းမှာ ထိုသို့ဖြစ်သွားပါက သူတို့သည် ဩဇာတိက္ကမ ရှိနိုင်စွမ်းကို ဆုံးရှုံးသွားမည် ဖြစ်သောကြောင့်ပင်။
ဝေ့တပ်စခန်းမှ စစ်သည်များ၏အမြင်တွင်မူ သူတို့ကို လာရောက် ကူညီသည်ဟူသော အကြောင်းပြချက်ကို အသုံးပြုနေသည့် ဤရောနှောနေသော စစ်တပ်များသည် သူတို့နှင့် အမှန်တကယ် ပူးပေါင်းလိုခြင်း မရှိဘဲ ထိုခန့်ညားသော အမည်နာမကို အသုံးပြုကာ သူတို့၏စစ်ရိက္ခာများကို စားသုံးပြီး သူတို့၏စစ်လက်နက်များကို အသုံးပြုလိုကြသည်ဟုသာ။ တကယ့် စစ်မြေပြင်သို့ ရောက်သောအခါတွင်လည်း နောက်ဆုတ်ကြောက်ရွံ့နေကြသဖြင့် စိတ်ထဲတွင် ဒေါသမထွက်ဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။
ရှောင်းလိလက်ထဲရှိ ထုန်ကျိုးစစ်တပ်သည် ယခုအခါ ဝေ့တပ်စခန်း တစ်ခုလုံးမှ အသိအမှတ်ပြုသော တစ်ခုတည်းသော တရားမျှတမှုတပ်ဖွဲ့ ဖြစ်လာခဲ့ရာ သဘာဝကျစွာပင် ဝေ့တပ်စခန်းနှင့် အခြားသော တရားမျှတမှုတပ်ဖွဲ့များကို ဆက်သွယ်ပေးသည့် ကြိုးတစ်ချောင်း ဖြစ်လာခဲ့သည်။
ဝေ့ချီရှန်းက အိုမင်းပြီး မိုက်မဲမနေသရွေ့ အခြားသော တရားမျှတမှုတပ်ဖွဲ့များက ဤမြို့စောင့်တိုက်ပွဲတွင် အမှန်တကယ် အင်အားမစိုက်ထုတ်ခဲ့လျှင်တောင်မှ အလကား လာရောက်ပူးပေါင်းသော ဤစစ်သည်များကို တံခါးပိတ် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
ထိုတရားမျှတမှုတပ်ဖွဲ့များအတွက်မူ သူတို့က မြောက်ပိုင်းသို့ မိုင်ပေါင်းများစွာ ခရီးနှင်ပြီး လာရောက် ကူညီခဲ့ရာတွင် လူနှင့် ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခု ယိုးကျိုး မြို့စောင့်တိုက်ပွဲ အောင်မြင်သွားချိန်တွင် သူတို့က နာမည်ခံအားဖြင့် အကျိုးပြုခဲ့သဖြင့် သည်အတိုင်း ထွက်ခွာသွားရန် သေချာပေါက် ရွေးချယ်မည် မဟုတ်ချေ။
ရှောင်းလိနှင့် ရင်းနှီးအောင် ပေါင်းသင်းခြင်းက ဝေ့စစ်တပ်ကို အောက်ကျခံပြီး ဆက်ဆံရသည်ထက် အများကြီး ပိုပြီး တွက်ခြေကိုက်ပေသည်။
အနည်းဆုံးတော့ ရှောင်းလိ ဦးဆောင်သော ထုန်ချန်စစ်တပ်က သူတို့နည်းတူ တရားမျှတမှုတပ်ဖွဲ့ ဖြစ်သဖြင့် တစ်ဖက်တစ်လမ်းမှ ကြည့်လျှင် ဝေ့တပ်စခန်း၏ ဖယ်ကြဉ်ခြင်းကို ခံရမည့်သူများသာ ဖြစ်သည်။
အကျိုးစီးပွား တူညီမှု ရှိမှသာ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်မည်။
မီးရောင် ထင်ဟပ်နေသော ကျန်းဟွိုင်၏မျက်လုံးထဲတွင် နောက်ထပ် မီးတောက်တစ်ခု လှုပ်ရှားသွားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။ "ဒီတိုက်ပွဲ အပြီးမှာ အုပ်ချုပ်ရေးမှူးရဲ့ မြောက်ပိုင်းဒေသက အခြေခံအုတ်မြစ်က တည်ငြိမ်သွားပြီ"
ရှောင်းလိနှင့်အတူ ထုန်ကျိုးသို့ လိုက်သွားကတည်းက စုန့်ချင်သည် ရှောင်းလိ၏အနာဂတ်က အဝေးကြီးအထိ လျှောက်လှမ်းနိုင်မည်ကို သိထားခဲ့သော်လည်း မည်မျှအထိ ဝေးကွာမည်ကိုမူ သူ့စိတ်ထဲတွင် အဖြေမရှိခဲ့ချေ။ ယခုအချိန်တွင်လည်း ကျန်းဟွိုင်၏စကားကို ထပ်မပြောတော့ဘဲ ပန်းကန်လုံးထဲရှိ နောက်ဆုံး ထောပတ်လက်ဖက်ရည် တစ်ငုံကို သောက်လိုက်ပြီးနောက် စစ်သူကြီးများ အောင်ပွဲခံနေသော တဲတော်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဝေ့စစ်သူကြီး အများအပြားကို ကိုယ်ရံတော်များက တွဲခေါ်လာသည်ကို မြင်လိုက်ရသဖြင့် အောင်ပွဲခံပွဲ ပြီးဆုံးသွားပုံရသည်။ သူက မေးလိုက်၏။ "လူတွေ အကုန် ပြန်ကုန်ပြီလား။ အုပ်ချုပ်ရေးမှူးကို ဘာလို့ မတွေ့ရတာလဲ"
သူသည် သွေးသောက်ညီအစ်ကို ဖွဲ့စဉ်က အသက်ပိုကြီးသဖြင့် ရှောင်းလိက သူ့ကို အစ်ကိုကြီးဟု ခေါ်ခဲ့သည်။ ယခုအချိန်အထိ ရှောင်းလိက သူ့ကို အစ်ကိုကြီးဟု ခေါ်နေဆဲ ဖြစ်သော်လည်း သူကတော့ ရှောင်းလိကို ခေါ်သည့် အမည်ကို 'အုပ်ချုပ်ရေးမှူး' ဟု ပြောင်းလဲလိုက်လေပြီ။
လေက ကောင်းကင်ပေါ်ရှိ တိမ်လွှာများကို လွင့်စင်သွားစေပြီး ချိတ်တစ်ခုနှင့် တူသော လခြမ်းကွေးလေးက အံ့ဩစရာ ကောင်းလောက်အောင် တောက်ပနေ၏။
လေသည် တောင်ကုန်းလေးများကို ဖြတ်သန်း တိုက်ခတ်သွားချိန်တွင် လရောင်အောက်ရှိ လွင်ပြင်တစ်ခုလုံးမှ မြက်ရိုင်းများက လှိုင်းလုံးများအလား ယိမ်းနွဲ့နေကြသည်။ အဝေးမှ တပ်စခန်းအတွင်းတွင် မီးရောင်များ တောက်ပနေပြီး အောင်ပွဲခံသောက်စားသံများနှင့် ရယ်မောစကားပြောသံများက ဆက်လက် ထွက်ပေါ်နေဆဲပင်။
ရှောင်းလိက လက်ပေါ်ရှိ လက်ပတ်ကို ခေါင်းအုံးကာ မြက်ခင်းပြင်ထဲတွင် လှဲလျောင်းနေပြီး အလွန်အမင်း အေးစက်နေသော ထိုလခြမ်းကွေးလေးကို ငေးမောကြည့်နေသည်။
အင်္ကျီရင်ဘတ်ပေါ်မှ အရက်နံ့နှင့် လေနှင့်အတူ လွင့်ပါလာသော နှင်းများ၏ အေးစက်မှု ပါဝင်သည့် မြက်ခင်းစိမ်း ရနံ့က လက်ပတ်ပေါ်မှ သွေးနံ့ကို ဖုံးလွှမ်းသွားသည်။ အသက်ရှူလိုက်တိုင်း ညလေညင်းနှင့် နှင်းများ၏ အေးစိမ့်မှုကို ရရှိသော်လည်း ခန္ဓာကိုယ်ကတော့ အရက်ရှိန် ပျံ့နှံ့မှုနှင့်အတူ ပူနွေးနေဆဲ။
သူ့ဦးနှောက်ကို အနားပေးပြီး လက်ရှိမျက်စိရှေ့က ကိစ္စရပ်များစွာကို ကြံစည်စဉ်းစားသင့်ကြောင်း သူ သိသည်။ နေရာဒေသ အသီးသီးမှ တရားမျှတမှုတပ်ဖွဲ့များက သူတို့အပေါ် ရင်းနှီးမှု ပြသလိုသည့် ဆန္ဒရှိနေကြရာ နောင်တစ်ချိန် မြောက်ပိုင်းဒေသတွင် အချိန်ကြာမြင့်စွာ နေထိုင်ရမည်ဆိုလျှင် ဤလူများက ဝေ့ချီရှန်းထံတွင် သူ့အတွက် အသုံးဝင်မည့် အပေးအယူ ပစ္စည်းများ ဖြစ်လာလိမ့်မည်။ သို့သော် ဝေ့ချီရှန်းကို သူ့အပေါ် သံသယမဝင်စေရန် မည်သို့ ပြုလုပ်ရမည်ကိုတော့ အချိန်ယူကာ အစီအစဉ်ဆွဲရန် လိုအပ်သေး၏။
သို့သော် ယခုအချိန်တွင် ထိုကိစ္စများကို စဉ်းစားရန် သူ နည်းနည်းလေးမှ စိတ်မပါနေချေ။ နားထဲတွင် ဖျောက်ဖျက်၍မရအောင် ကြားနေရသည်က ပွဲတော်အတွင်း၌ မတော်တဆ ကြားခဲ့ရသော "ဟန့်ယန်မင်းသမီးက တိုင်းပြည်ကို ဦးဆောင်ဖို့ လျန်ပြည်ကို ပြန်သွားပြီလို့ ကြားတယ်" ဟူသော စကားတစ်ခွန်းသာ။
ဘာဖြစ်လို့များ သူ့သတင်းတွေကို ဒီလောက်တောင် ဂရုစိုက်နေမိတာလဲ။
မုန်းတီးလို့လား။ ဒါမှမဟုတ် မကျေနပ်လို့လား။
ဒါမှမဟုတ် မာနကြီးတဲ့ ဟန့်ယန်က သူလုပ်ခဲ့တဲ့အမှားကို သိသွားတဲ့အခါ ဘယ်လို တုံ့ပြန်မလဲဆိုတာကို ကြည့်ချင်နေတာလား။
ရှောင်းလိက မျက်လုံးများကို မှိတ်လိုက်၏။
အဲဒီ သုံးခုလုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်။
_____
ရှင်းကျိုး။
တရားမျှတမှုတပ်ဖွဲ့အသွင် ဝတ်ဆင်ထားသော စစ်တပ်တစ်တပ်က ခြုံနွယ်များ ထူထပ်နေသော လမ်းဟောင်းပေါ်တွင် ညအချိန်ကို အခွင့်ကောင်းယူကာ မြောက်ပိုင်းသို့ ခရီးနှင်လာကြသည်။
မြင်းစီးလာသော တရားမျှတမှုတပ်ဖွဲ့၏ "ခေါင်းဆောင်"တွင် ချောမောလှပသော မျက်နှာတစ်ခု ရှိသော်လည်း သူ၏အကြည့်များက လျှပ်စီးကဲ့သို့ အေးစက်စူးရှနေပြီး လမ်းဟောင်း၏ ပတ်ဝန်းကျင် လှုပ်ရှားမှုများကို အမြဲတစေ သတိထား အကဲခတ်နေလေသည်။
မြင်းတပ်များ၏ အလယ်တွင် ကာကွယ်ထားခြင်း ခံရသော မြင်းလှည်းသည် ရုတ်တရက် ကြည့်လိုက်လျှင် သာမန်သာဖြစ်ပြီး ထူးခြားမှု မရှိသော်လည်း လမ်းပေါ်ရှိ ကျောက်စရစ်ခဲများနှင့် သစ်သားကျိုးများကို ကြိတ်ခြေသွားချိန်တွင်ပင် အသံများများစားစား မထွက်ပေါ်ခဲ့ချေ။
ချထားသော ထူထဲသည့် မြင်းလှည်းခန်းဆီးများက လှည်းအတွင်းရှိ အရာအားလုံးကို လုံခြုံစွာ ဖုံးကွယ်ထားပြီး ခိုးကြောင်ခိုးဝှက် ကြည့်ရှုမည့် အကြည့်အားလုံးကို တားဆီးထားသည်။
ဝိန်းယွီက မြင်းလှည်းအတွင်း၌ အေးအေးဆေးဆေး ထိုင်နေပြီး ခေါင်းအုံးအိအိလေးကို မှီကာ မျက်လုံးမှိတ်ပြီး အနားယူနေသည်။
ထုန်ချွဲနှင့်ကျောင်းပိုင်တို့က သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေကြပြီး တစ်ယောက်က လှည်းပြင်ပ လှုပ်ရှားမှုများကို အာရုံစိုက်နေကာ ကျန်တစ်ယောက်ကမူ သန်းခေါင်ကျော်အချိန်တွင် အလှည့်ကျ စောင့်ကြပ်နိုင်ရန်အတွက် မျက်လုံးမှိတ်ကာ အားမွေးနေလေသည်။
___
"ယိုးကျိုးကို ရုံကျွယ်တွေဆီကနေ ကာကွယ်ပေးခဲ့တဲ့ တရားမျှတမှုတပ်ဖွဲ့ တပ်မှူးက နာမည်ဘယ်လိုခေါ်လဲ"
ပြတင်းပေါက်ဘေးရှိ စားပွဲရှည်နောက်တွင် ဖေစုန့်က သူ၏သေးသွယ်ရှည်လျားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
စစ်သတင်းကို လက်ထဲတွင် ကိုင်ဆောင်ထားသော သိမ်းငှက်အမဲလိုက်ခွေးက သူ၏လေသံ ပြောင်းလဲသွားသည်ကို ကြားလိုက်ရသဖြင့် ထိုအရာက သူ ဒေါသထွက်တော့မည့် ရှေ့ပြေးနိမိတ်မှန်း သိလိုက်ရရာ ကြောက်ရွံ့စွာဖြင့် ခေါင်းကို ပိုငုံ့ထားလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ရှောင်းလိလို့ ခေါ်ပါတယ်"
ဖေစုန့်၏ စစ်တုရင်ရုပ်ကို ကိုင်ထားသော လက်က ရပ်တန့်သွားသည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း သူ၏အေးစက်စက် လေသံက ထိုနေရာရှိ သိမ်းငှက်အမဲလိုက်ခွေး အားလုံး၏ကျောပြင်ပေါ်တွင် ချွေးအေးများ ဖြည်းဖြည်းချင်း စိမ့်ထွက်လာစေတော့သည်။ "ငါက လျန်စစ်တပ်ကို ထိုက်အာတောင်အထိ လိုက်တိုက်တာတောင် လျန်တပ်စခန်းက သူ့ကို ဘာလို့ လွှတ်မလာတာလဲလို့ တွေးနေတာ... သူက မြောက်ပိုင်းကို ရောက်နေတာကိုး"
ထိုနေရာရှိ ဘယ်သူမှ အသံပြန်မထွက်ရဲကြချေ။
သူက လက်ထဲရှိ စစ်တုရင်ရုပ်ကို ကိုင်ကာ စစ်တုရင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး နှစ်ချက်ခေါက်လိုက်ပြီး အေးအေးဆေးဆေးပင် ဆက်မေးလိုက်၏။ "အရင်တုန်းက ဝါယောင်းခံတပ်မှာ တိုးကျန့်လျန်နဲ့ တိုက်ခိုက်ခဲ့တဲ့ ထုန်ချန်က ရောနှောနေတဲ့ စစ်တပ်ကရော သူပဲ ဦးဆောင်တာလား"
အောက်တွင် ဒူးထောက်နေသော သိမ်းငှက်အမဲလိုက်ခွေး အစောင့်က နဖူးမှ ချွေးများ စီးကျနေလျက် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
ဖေစုန့် မျက်နှာပေါ်ရှိ အပြုံးက ပိုပြီး ထင်ရှားလာ၏။ "ကောင်းတယ်။ တကယ်ကို ကောင်းလွန်းတယ်။ မင်းတို့တွေက သူ့အရိပ်အယောင်ကို နေရာအနှံ့ လိုက်ရှာနေတာတောင် မတွေ့ခဲ့ဘဲ သူက ငါတို့မျက်စိအောက်မှာတင် ထုန်ကျိုးစစ်တပ် တစ်တပ်ကို တည်ထောင်သွားတာပေါ့လေ"
အခန်းတွင်းရှိ သိမ်းငှက်အမဲလိုက်ခွေးများအားလုံး ဖုတ်ခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။ "ကျူကျွင်း... အပြစ်ပေးပါ"
ဖေစုန့်၏လက်ထဲမှ အားအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး လက်ထဲရှိ ကျောက်စိမ်းဖြူ စစ်တုရင်ရုပ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ညှစ်ခြေပစ်လိုက်၏။ သူ၏အေးချမ်းသော အသွင်အပြင်များအားလုံး ပျောက်ကွယ်သွားပြီး စကားထပ်ပြောလိုက်ချိန်တွင် ကြမ်းတမ်းခက်ထန်မှုများ ပါဝင်နေတော့သည်။ "ဒဏ်ပေးတဲ့ခန်းမကို သွားပြီး အပြစ်သွားခံယူကြ"
အခန်းတွင်းရှိ သိမ်းငှက်အမဲလိုက်ခွေးများအားလုံး ထွက်သွားပြီးနောက် ဖေစုန့် တစ်ယောက်တည်း မျက်လုံးမှိတ်ကာ ခဏလောက် ငြိမ်သက်စွာ ထိုင်နေပြီးမှ မျက်လုံးကို ဖွင့်ကာ ခေါ်လိုက်၏။ "ရှစ်ဝူ"
ဖေရှစ်ဝူက အမှောင်ထဲမှ ထွက်လာသည်။ "ကျူကျွင်း"
ဖေစုန့်က ပြောလိုက်သည်။ "ဝေ့တပ်စခန်းမှာ ထည့်ထားတဲ့ သူလျှိုတွေကို အသုံးပြုဖို့ အချိန်တန်ပြီ။ ငါ့အတွက် ဝေ့ချီရှန်းဆီကို လက်ဆောင်ကြီးတစ်ခု သွားပို့ပေးလိုက်"
...