← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အပိုင်း (၁၃၈.၁)

ဝေ့ကျိုး။

ပြာလဲ့လဲ့ ခေါင်မိုးတန်းနှင့် ခြောက်သွေ့နေသော သစ်ကိုင်းများပေါ်တွင် ဖြူဆွတ်သော နှင်းလွှာပါးပါး ဖုံးလွှမ်းနေပြီး ခြံဝင်းအတွင်း၌ လက်တို အနွေးထည်များကို ဝတ်ဆင်ထားသည့် စစ်သည်များက တံမြက်စည်းများကိုကိုင်ဆောင်ကာ ကြွေကျနေသော သစ်ရွက်များကို တံမြက်လှည်းနေကြ၏။

ဤနေရာတွင် အစောင့်အရှောက်များ အလွန် တင်းကျပ်စွာ ချထားပြီး သာမန် အစေခံများပင် အနားသို့ ကပ်ခွင့်မရှိဘဲ အလုပ်ကြမ်း အားလုံးကို စစ်တပ်မှ စစ်သည်များကသာကိုယ်စား လုပ်ဆောင်ပေးကြသည်။

စာကြည့်ခန်းဘက်မှ မသဲမကွဲ ဆူပူကြိမ်းမောင်းသံများ ထွက်ပေါ်လာ၏။

“ဒါက မင်း လုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စလား”

“မင်းကို လျောင်ကျန်းနဲ့အတူ ယိုးကျိုးကို စောင့်ကြပ်ဖို့ လွှတ်လိုက်တာ၊ လူရိုင်းတွေက မြို့ပြင်မှာ ရှိနေတုန်းပဲ မင်းက ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာတာလား။ တကယ်ကို ငါ့အတွက် မျက်နှာပန်း လှစေတာပဲ”

အခန်းတွင်း၌ မြေအောက်အပူပေးစနစ်ကို ဖွင့်မထားချေ။ အပြင်ဘက်တွင် မြောက်လေက ပြင်းထန်စွာ တိုက်ခတ်နေသဖြင့် အခန်းတွင်းမှာလည်း အရိုးထိအောင် အေးစိမ့်နေလေသည်။

ဝေ့ချီရှန်းသည် ဖြူဆွတ်သော အတွင်းခံအင်္ကျီကို ဝတ်ဆင်ထားပြီး အပြင်မှ ပွယောင်းယောင်း ဝတ်ရုံတစ်ထည်ကို ထပ်ဝတ်ထားသည်။ သူ၏ မြင့်မားထွားကြိုင်းသော ခန္ဓာကိုယ်သည် အချိန်ကာလ၏ တိုက်စားမှုနှင့် လက်တလော ရထားသည့် ဒဏ်ရာရောဂါတို့ကြောင့် ရုတ်တရက် အတော်လေး ပိန်ချုံးသွားခဲ့ရာ ယခင်က ဝတ်ဆင်ခဲ့သော ဝတ်ရုံကို ဝတ်ဆင်ထားချိန်တွင်ပင် ချောင်ကျနေလေသည်။

အောက်တွင် ဒူးထောက်နေသော ဝေ့ဖိန်ကျင်းသည် နေ့စဉ်ဝတ်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေရောင်သရဖူကို ဆောင်းထားသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကို ခံယူရင်း ဘေးတွင် တွဲလောင်းကျနေသော လက်ဆယ်ချောင်းကို လက်သီးအသွင်း တင်းတင်းဆုပ်ထားလိုက်ပြီး သူ၏မျက်လုံးများတွင် အရှက်ရမှုနှင့် ဖိနှိပ်ထားရသည့် ဒေါသများ ပါဝင်နေကာ မကျေနပ်ကြောင်း သိသာထင်ရှားနေသည်။

သူက အကြောင်းပြချက် ပေးပြောလိုက်လေသည်။ “ကျွန်တော်က အသက်ကို နှမြောပြီး သေရမှာကို ကြောက်နေတာ မဟုတ်ပါဘူး။ အဲဒီနေ့က စစ်တပ်ကို ဆုတ်ခွာခဲ့တာက တကယ်တော့ ယိုးကျိုးရဲ့ အခြေအနေက လုံးဝကို ပျက်စီးသွားပြီမို့လို့ပါ။ လူရိုင်းတွေ မြို့ကို ဖောက်ဝင်ဖို့ဆိုတာ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဖြစ်သွားနိုင်တယ်။ လက်အောက်က စစ်သည်တွေ အလကား အသက်မသေရအောင်လို့ ကျွန်တော်က ဝေ့ကျိုးကို ဆုတ်ခွာဖို့ စစ်မိန့်ကို ချမှတ်ခဲ့တာပါ။ စစ်တပ်ထဲက အကြံပေးအမတ်တွေ အားလုံးက ကျွန်တော့်အတွက် သက်သေခံပေးနိုင်ပါတယ်...”

“ဒါက ဘာလဲ” ဝေ့ချီရှန်းက နောက်ဆုံး ပို့ဆောင်လာသော စစ်သတင်းစာလွှာကို ဝေ့ဖိန်ကျင်း၏ မျက်နှာပေါ်သို့ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။

ခေါက်ချိုးစာလွှာ၏ စက္ကူသားက မာကျောသဖြင့် မျက်နှာပေါ်သို့ အပစ်ခံလိုက်ရချိန်တွင် ဝေ့ဖိန်ကျင်း၏ ပါးတစ်ဖက်မှာ အချိန်အတော်ကြာသည်အထိ ပူစပ်ပူလောင် နာကျင်သွားစေ၏။

သူသည် မနေ့ညကမှ ဝေ့ကျိုးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေ့ချီရှန်းက အနားယူသွားပြီဖြစ်သဖြင့် မနှောင့်ယှက်ရဲဘဲ ယနေ့နံနက်မှသာ လာရောက် ဂါရဝပြုပြီး ယိုးကျိုးမှ ဆုတ်ခွာလာသည့် ကိစ္စကို တင်ပြရန် စဉ်းစားထားခဲ့သည်။ သို့သော် ယိုးကျိုးမှ ကြယ်ပျံကဲ့သို့ မြန်ဆန်သော မြင်းများက ယနေ့နံနက်တွင် အောင်ပွဲသတင်းကို ဝေ့ချီရှန်း၏ လက်ထဲသို့ ပို့ဆောင်ပေးပြီး ဖြစ်မည်ကို ဘယ်သူက မျှော်လင့်ထားမည်နည်း။

လျောင်ကျန်းက ထိုမျှလောက် ခက်ခဲသော အခြေအနေမျိုးအောက်တွင် ရှုံးနိမ့်မှုကို အောင်နိုင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ဆိုခြင်းကို ဝေ့ဖိန်ကျင်းတစ်ယောက် မယုံကြည်နိုင်ခဲ့ချေ။ ထို့ကြောင့် ဝေ့ချီရှန်းက သူ၏ခေါင်းပေါ်သို့ စစ်သတင်းစာလွှာကို ပစ်ပေါက်လိုက်ပြီးနောက် သူသည် တစ်ခဏမျှ တောင့်တင်းစွာ ဒူးထောက်နေပြီးမှ ထိုစစ်သတင်းစာလွှာကို ကောက်ယူကာ အသေးစိတ် ဖတ်ရှုလိုက်လေသည်။

စစ်သတင်းထဲတွင် သူက အစောတလျင် ဆုတ်ခွာသွားခဲ့သည့် ကိစ္စကို စာတစ်လုံးမျှ ထည့်သွင်း မရေးသားထားသော်လည်း ရှောင်းလိဟု ခေါ်သော တရားမျှတမှုတပ်ဖွဲ့တပ်မှူး တစ်ယောက်ကို နတ်တစ်ပါးကဲ့သို့ အလွန်အမင်း ချီးကျူးမြှောက်ပင့်ထားသည်။ ဝေ့ဖိန်ကျင်းသည် ရှောင်းလိက မြင်းတပ်သား ဒါဇင်အနည်းငယ်ကိုသာ ခေါ်ဆောင်သွားပြီး လူရိုင်းများ၏ စားနပ်ရိက္ခာကျီကို မီးရှို့ကာ စစ်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်ကို မြင်လိုက်ရချိန်တွင် စစ်သတင်းစာလွှာကိုကိုင်ဆောင်ထားရင်း လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ပြောလိုက်၏။ “ဒီလူက မြင်းတပ်သား နည်းနည်းလောက်ကိုပဲ ခေါ်သွားပြီး လူရိုင်းတွေရဲ့ ရိက္ခာကျီကို မီးရှို့ခဲ့တယ်ဆိုတာကို အဖေက ယုံလို့လား”

ဝေ့ချီရှန်းက မျက်လုံးများကို ပင့်ကာ သားဖြစ်သူကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ ရောဂါဝေဒနာ ခံစားနေရသော်လည်း သူ၏ ဩဇာအာဏာက အနည်းငယ်မျှ လျော့ကျမသွားခဲ့ချေ။ “အဲဒီနှစ်က မင်းရဲ့အစ်ကို အသက် ၁၆ နှစ်မှာ လုပ်နိုင်ခဲ့တဲ့ ကိစ္စကို အခု လျောင်ကျန်းနဲ့ စစ်သူကြီးတွေ အားလုံးကကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာကို ငါက ဘာလို့ မယုံရမှာလဲ”

ဝေ့ဖိန်ကျင်းသည် ထိုစကားများကြောင့် ချက်ချင်းပင် ဆွံ့အသွားခဲ့ရပြီး သူ၏ မျက်လုံးများထဲတွင် အရှက်ရမှု အရိပ်အယောင်များက ပိုလို့ပင် နက်ရှိုင်းလာခဲ့သည်။

သူက အချိန်အတော်ကြာသည်အထိ တောင့်တင်းစွာ ဒူးထောက်နေခဲ့သည်။ ဝေ့ချီရှန်း၏ကိုယ်ရံတော်က သတင်းစာလွှာကိုကိုင်ဆောင်ကာ တံခါးခေါက်ပြီး ဝင်ရောက်လာချိန်မှသာ ဝေ့ချီရှန်းက သူ့ကို အေးစက်စွာ ပြောလိုက်လေသည်။ “ထွက်သွားပြီးကိုယ့်အမှားကိုကိုယ် ပြန်လည် ဆင်ခြင်စမ်း”

ဝေ့ဖိန်ကျင်းသည် အလွန်အမင်း အနေရခက်စွာဖြင့် ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။ “သားကို ခွင့်ပြုပါဦး” ဟု ပြောပြီးနောက် စာကြည့်ခန်းထဲမှ ထွက်ခွာသွားတော့သည်။

ကိုယ်ရံတော်သည် ဝေ့ဖိန်ကျင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်နေပြီးနောက် ခေါင်းလှည့်ကာ တောင်ပိုင်းနယ်စပ်မှ ပို့ဆောင်လာသော သတင်းစာလွှာကို ဝေ့ချီရှန်း၏ စားပွဲပေါ်သို့ ဆက်သလိုက်ပြီးမှ ချင့်ချိန်စဉ်းစားကာ ပြောလိုက်၏။ “အကြီးဆုံးသခင်လေး စောစောစီးစီး ကွယ်လွန်သွားတာက နယ်စားမင်းရဲ့ နှလုံးသားထဲက နာကျင်မှု တစ်ခုဆိုတာကို ဒီကျွန်အိုကြီး သိပါတယ်။ ဒါပေမယ့် ဒီလောကကြီးမှာ အကြီးဆုံးသခင်လေးလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု ရနိုင်တဲ့သူက ဘယ်နှစ်ယောက်များ ရှိလို့လဲ။ ဒုတိယသခင်လေးက စိတ်သဘောထား အနည်းငယ် မာနကြီးတယ် ဆိုပေမယ့် ပုံမှန်အချိန်တွေမှာ အမြဲတမ်း အကြီးဆုံးသခင်လေးကို စံနမူနာ ထားပြီး စာပေသင်ယူတာရော သိုင်းပညာ လေ့ကျင့်တဲ့ နေရာမှာပါ အတော်လေး ကြိုးစားအားထုတ်ပါတယ်။ နယ်စားမင်းက သူ့အပေါ် အရမ်းတင်းကြပ်ဖို့ မလိုလောက်ပါဘူး”

ဝေ့ချီရှန်းသည် စားပွဲထောင့်ရှိ စာလွှာကို တစ်ချက် ကြည့်လိုက်သည်။ အပေါ်တွင် တာ့လျန်၏ တံဆိပ်တုံး ရိုက်နှိပ်ထားသည်ကို မြင်လိုက်ရသဖြင့် ချိပ်ပိတ်ထားသည်ကိုပင် မဖောက်တော့ဘဲ ဘေးရှိ ခြင်းတောင်းထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေသည်။ အခြား စစ်ရေးကျမ်း တစ်အုပ်ကို ယူကာ စားပွဲပေါ်တွင် လှန်လိုက်ပြီး ပြောလိုက်လေသည်။ “သူက ချွမ်းအာရဲ့ ထက်ဝက်လောက်တောင် မီမယ်ဆိုရင် ငါက သူ့ကို လျောင်ကျန်းရဲ့ ဘေးမှာ ထားဖို့အထိ ဖြစ်လာမှာ မဟုတ်ဘူး”

ကိုယ်ရံတော်သည်လည်း ဝေ့ဖိန်ကျင်းက ဤတစ်ကြိမ်တွင် ကြီးမားသော ဟာသကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ဝေ့ချီရှန်းကိုပါ ဝါရင့်စစ်သူကြီးများ အားလုံး၏ ရှေ့မှောက်တွင် မျက်နှာပျက်စေခဲ့ကြောင်း သိရှိထားသဖြင့် သည်မှတ်ချက်အပေါ် စကားပြန်ဆက်ရန် အခက်တွေ့သွားခဲ့သည်။

ဖေစုန့်က ဖုန်းယန်ကို စတင်သိမ်းပိုက်ပြီး ဟန့်ယန်မင်းသမီးက တောင်ပိုင်းနယ်စပ်တွင် အင်အား မစုစည်းနိုင်သေးခင် အချိန်တုန်းက ဝေ့ချီရှန်းသည် ဖေစုန့်၏ အရှိန်အဝါကို ပြင်းပြင်းထန်ထန် ချိုးနှိမ်ခဲ့ပြီးနောက် သားဖြစ်သူအတွက် လမ်းခင်းပေးရန် ရည်ရွယ်ချက်ဖြင့် ဝေ့ဖိန်ကျင်းကို စစ်သည်အချို့ ခွဲဝေပေးခဲ့ဖူးသည်။ ထို့ပြင် ဖေစုန့်ကို တိုက်ခိုက်ရာတွင် ကူညီပေးရန်အတွက် စွမ်းရည်ရှိသော စစ်သူကြီး အချို့ကိုလည်း တာဝန်ပေးအပ်ခဲ့သည်။ သို့သော် ဝေ့ဖိန်ကျင်းသည် ဖေစုန့်၏ လိုက်လံတိုက်ခိုက်မှုကြောင့် မြို့တစ်မြို့ကို ကာကွယ်လိုက်၊ တစ်မြို့ကို ဆုံးရှုံးလိုက် ဖြစ်နေခဲ့ပြီး အသက်ငင်နေပြီဖြစ်သော ဖေစုန့်စစ်တပ်ကို စိတ်ဓာတ်ခွန်အားများ ပြန်လည် ရရှိသွားအောင် လုပ်ဆောင်ပေးလိုက်မည်ကို မည်သူက ထင်ထားပါမည်နည်း။

ထိုတိုက်ပွဲ အပြီးတွင် စစ်တပ်အတွင်းရှိ အထက်အောက် လူအားလုံးက ဝေ့ဖိန်ကျင်း အပေါ်တွင် အတော်လေး ယုံကြည်မှု ကင်းမဲ့သွားခဲ့ကြသည်။

သို့သော် ဝေ့ချီရှန်းတွင် ဤသားတစ်ယောက်တည်းသာ ရှိလေရာ သားဖြစ်သူ၏ အရည်အချင်းလိုအပ်ချက်ကို မည်မျှပင် ဒေါသထွက်နေပါစေ နှာခေါင်းကို ပိတ်ကာ ဆက်ပြီး လမ်းခင်းပေးရန် နည်းလမ်းများကိုသာ ရှာဖွေရတော့သည်။

သူသည် ယိုးကျိုးတွင် ဒဏ်ရာရရှိပြီးနောက် အဆိုးရွားဆုံး အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ အကယ်၍ သူသာ အသက်မရှင်နိုင်တော့ပါက ဝေ့ဖိန်ကျင်းက စစ်အာဏာကို မလွဲမသွေ လွှဲပြောင်းရယူရလိမ့်မည်။ လျောင်ကျန်းသည် သူ၏ လက်အောက်ရှိ ထိပ်တန်း အရေးပါသော စစ်သူကြီး တစ်ဦး ဖြစ်ရာ သူက ယိုးကျိုးနှင့် သားဖြစ်သူကို လျောင်ကျန်းထံတွင် အပ်နှံထားခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် တကယ်တမ်း မမျှော်လင့်ထားသော အန္တရာယ် တစ်စုံတစ်ရာ ကျရောက်ခဲ့ပါက လျောင်ကျန်းက ဝေ့ဖိန်ကျင်းကို အစွမ်းကုန် ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး နှစ်အနည်းငယ် အတွင်းမှာပင် လက်အောက်ခံများ၏ နှလုံးသားကို အလုံးစုံ သိမ်းသွင်းနိုင်လိမ့်မည်။

ထို့ကြောင့် လျောင်ကျန်းနှင့်အတူ ယိုးကျိုးကို အသေအလဲ ကာကွယ်ခြင်းက အလွန် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

ဤတိုက်ပွဲတွင်သာ အောင်မြင်မှု ရရှိခဲ့ပါက ဝေ့ဖိန်ကျင်း အနေဖြင့် စစ်ရေးဂုဏ်ပြုမှုကို ခွဲဝေရရှိနိုင်မည်ဆိုသည်မှာ ပြောနေရန်ပင် မလိုအပ်တော့ချေ။

အကယ်၍ ယိုးကျိုးကို တကယ်တမ်း မကာကွယ်နိုင်ခဲ့လျှင်ပင် လျောင်ကျန်း လက်အောက်ရှိ စစ်သူကြီးများနှင့်အတူ အတူရှင်တွဲ၊ အတူသေဆုံးမည့် သံယောဇဉ်မျိုး ရရှိသွားမည်ဖြစ်ရာ နောင်တစ်ချိန်တွင် ဝေ့ဖိန်ကျင်း အနေဖြင့် စစ်တပ်အတွင်း၌ ထောက်ခံမှု နောက်တစ်ရပ်ကို ထပ်မံ ရရှိလာလိမ့်မည်။

ယခုတော့ ကောင်းလေစွ။ စီစဉ်ထားသမျှ အစီအစဉ် အားလုံးကို ဝေ့ဖိန်ကျင်းကိုယ်တိုင် ဖျက်ဆီးပစ်လိုက်သည်။

ပိုဆိုးသည်မှာ သူက သစ်တုံးခေါင်းကဲ့သို့ ဖြစ်နေပြီး ယခုအချိန်အထိ ပြဿနာ၏ အရင်းအမြစ်ကို နားမလည်သေးခြင်းပင်။

သူသာ အချိန်တစ်နာရီ၊ နှစ်နာရီခန့် ထပ်နေပြီး အတူတူကာကွယ်ပေးကာ စစ်သည်များ အားလုံးနှင့်အတူ အသေခံမည့် ဟန်ပန်မျိုးကို အပြည့်အဝ ပြသခဲ့ပါက တကယ်တမ်း မြို့ကျသွားမည့် အချိန်ရောက်လာလျှင်တောင် လျောင်ကျန်းက သူ့ကို ထိုနေရာတွင် သေဆုံးခွင့် ပြုပါမည်တဲ့လား။

ထိုအချိန်ရောက်မှသာ လျောင်ကျန်း စေလွှတ်သောလူများ၏ အတင်းအကျပ် ခေါ်ဆောင်သွားခြင်းကို ခံရပါက လက်အောက်ခံ စစ်သူကြီးများက မည်သို့များ ကန့်ကွက်ပြောဆိုနိုင်မည်နည်း။

သူကိုယ်တိုင်က အလောတကြီးနှင့် ကြောက်လန့်တကြား ဆုတ်ခွာသွားခဲ့ပြီးနောက် လျောင်ကျန်းဘက်က ချက်ချင်းဆိုသလို အောင်ပွဲခံလိုက်နိုင်သဖြင့် ယခုတစ်ကြိမ်တွင် အသက်ကို နှမြောပြီး သေရမှာကို ကြောက်တတ်သည့် အသုံးမကျသူ ဟူသော နာမည်ဆိုးကို လုံးလုံးလျားလျား အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်တွင် ဝေ့ချီရှန်း အနေဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

စောစောစီးစီး ကွယ်လွန်သွားသော သားအကြီးဆုံးကို တွေးမိလိုက်ချိန်တွင် ဝေ့ချီရှန်း၏ မျက်ခုံးများကြား၌ ရှားရှားပါးပါး ဝမ်းနည်းကြေကွဲမှု အနည်းငယ် ပေါ်ထွက်လာခဲ့သည်။ “ချွမ်းအာက သူ့အမေလိုပဲ ရက်စက်တယ်။ ငါ့လို အထီးကျန်လူအိုကြီးကို ဒီလောကကြီးမှာ ထားရစ်ခဲ့တယ်။ သူ့အမေက ဟိုဘက်မှာ ငါ့ကို အပြစ်တင်နေတုန်းပဲလား မသိပါဘူး...”

စကားကို တစ်ဝက်ခန့်သာ ပြောရသေးချိန်တွင် လက်ကို နှုတ်ခမ်းနားသို့ ကပ်ကာ တိုးညှင်းစွာ ချောင်းဆိုးလာခဲ့သည်။

ကိုယ်ရံတော်က အလျင်အမြန် ရှေ့တိုးသွားကာ ပြတင်းပေါက်များကို ပိတ်လိုက်ပြီး ဖျောင်းဖျပြောဆိုလိုက်၏။ “သခင်ကြီးက ယန်ယွင် ၁၆ပြည်နယ်က ပြည်သူတွေ စစ်ဘေးဒဏ်ကနေ ကင်းလွတ်စေဖို့အတွက် မင်းဆက်သစ်ကို အညံ့ခံခဲ့တာပါ။ သခင်မကြီးက သခင်ကြီးရဲ့ အခက်အခဲတွေကို သိနေမှတော့ ဘယ်လိုလုပ်ပြီး အပြစ်တင်မှာလဲ။ အကြီးဆုံးသခင်လေး ကွယ်လွန်သွားတာက တကယ်တော့ ကောင်းကင်ဘုံကတောင် မနာလိုဖြစ်ရတဲ့ ပါရမီရှင်မို့လို့ပါ။ နယ်စားမင်းက ဒီလို အတိတ်က ကိစ္စတွေအတွက် ထပ်ပြီး ဝမ်းနည်းမနေပါနဲ့တော့၊ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါဦး။ စစ်တပ်သမားတော်က နယ်စားမင်းရဲ့ ဒဏ်ရာကို သေသေချာချာ အနားယူဖို့ ပြောထားတယ်။ ကျွန်တော် နောက်မှ အောက်ကလူတွေကို နယ်စားမင်းရဲ့ အခန်းထဲက မြေအောက်အပူပေးစနစ်ကို ဖွင့်ခိုင်းလိုက်ပါ့မယ်။ ဒီလို အေးခဲနေတဲ့ ရာသီဥတုက ဒဏ်ရာ သက်သာဖို့အတွက် မကောင်းပါဘူး”

ဝေ့ချီရှန်း၏ ပထမဇနီးသည်မှာ ယခင် မင်းဆက်၏ အထက်တန်းလွှာ မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်သည်။ လျန် မင်ချန်ဧကရာဇ်က ပြည်မကြီး၏ ထက်ဝက်ကျော်ကို စုစည်းနိုင်ခဲ့ပြီးနောက် ဝေ့ချီရှန်းသည် တာ့လျန်၏ အညံ့ခံရန် ကမ်းလှမ်းမှုနှင့် နယ်စပ်ပြင်ပရှိ လူရိုင်းများ၏ အကဲခတ်နေမှုတို့ကို ရင်ဆိုင်ရချိန်တွင် သူ၏ လက်အောက်ခံ ပြည်သူများအတွက် နောက်ဆုံး၌ တာ့လျန်သို့ အညံ့ခံရန် ရွေးချယ်ခဲ့ရသည်။

သူ၏ ဇနီးသည်မှာ စိတ်သဘောထား ပြတ်သားသူဖြစ်ရာ အရာအားလုံးက ဝေ့ချီရှန်းနှင့် သက်ဆိုင်မှု မရှိကြောင်း ရှင်းလင်းစွာ ရေးသားထားသော စာတစ်စောင်ကို ချန်ရစ်ခဲ့ပြီးနောက် ပြတ်ပြတ်သားသားပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

ဝေ့ချီရှန်းနှင့် ပထမဇနီးတို့၏ သားအကြီးဆုံးဖြစ်သူ ဝေ့ရှင်းချွမ်းသည် မွေးရာပါ ဉာဏ်ရည်ထက်မြက်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံကာ သူ အလွန် မျှော်လင့်ထားခဲ့သော ကလေးတစ်ယောက် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ အသက် ၁၆နှစ် အရွယ်တွင် ရုံကျွယ်များကို တိုက်ခိုက်သော တိုက်ပွဲ၌ နာမည်ကျော်ကြားလာခဲ့ပြီးနောက် ရုံကျွယ်များ၏ သတိထားစောင့်ကြည့်ခြင်းကို ခံခဲ့ရကာ စစ်မြေပြင်တွင် လုပ်ကြံခံခဲ့ရခြင်းပင်။

ပထမဇနီးနှင့် သားအကြီးဆုံးတို့သည် ဝေ့ချီရှန်း၏ နှလုံးသား အောက်ခြေရှိ အနက်ရှိုင်းဆုံးသော နာကျင်မှုတစ်ခု ဖြစ်ပြီး တွေးမိလိုက်တိုင်း ဆံပင်ဖြူ အချို့ပင် ပိုတိုးလာရလေသည်။

သူက ထိုတစ်ကြိမ် ချောင်းဆိုးပြီးနောက် လက်ကာပြကာ ငြင်းဆန်လိုက်၏။ “နှစ်ပေါင်း ဘယ်လောက်တောင် ဒီအတိုင်း ဖြတ်သန်းလာခဲ့တာလဲ။ ငါ့ရဲ့ ဒီခန္ဓာကိုယ်က ဒီနှစ်ကျမှ အသုံးမကျ ဖြစ်သွားတာမှ မဟုတ်တာ”

ကိုယ်ရံတော်က ထပ်ပြီး ဖျောင်းဖျရန် ပြင်လိုက်သော်လည်း ဝေ့ချီရှန်းက မေးလိုက်သည်ကို ကြားလိုက်ရ၏။ “မင်းကို ရှာခိုင်းထားတဲ့ လူတွေ အခြေအနေ ဘယ်လိုရှိလဲ”

ကိုယ်ရံတော်သည် မတတ်သာတော့ဘဲ ယခင်အကြောင်းကို ရပ်တန့်လိုက်ရပြီး ပြန်ဖြေလိုက်လေသည်။ “ဒေသအသီးသီးကနေ ရုပ်ရည်နဲ့ အသက်အရွယ် သင့်တော်တဲ့ မိန်းကလေး ၁၂ယောက်ကို ရှာဖွေထားပါတယ်။ အခု သူတို့ကို စည်းကမ်းတွေ သင်ပေးနေပါတယ်။ စည်းကမ်းတွေ သင်ပေးပြီးတာနဲ့ နယ်စားမင်းရှေ့ကို ခေါ်လာပြီး နယ်စားမင်းကိုယ်တိုင် ရွေးချယ်နိုင်ပါပြီ”

ဝေ့ချီရှန်းသည် ခြင်းတောင်းထဲရှိ လျန်တံဆိပ်တုံး ရိုက်နှိပ်ထားသော စာလွှာ အတော်များများကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။ “သူတို့ကို စာအုပ်လေးအုပ်နဲ့ ကျမ်းငါးစောင်ကိုလည်း သင်ပေးခိုင်းလိုက်ဦး။ တာ့လျန် ဝိန်းမျိုးနွယ်က တကယ်ကို အံ့မခန်းနိုင်တဲ့ မင်းသမီး တစ်ပါးကို မွေးထုတ်ပေးလိုက်ပြီ။ ငါတို့ တာ့ကျင့်ရဲ့ မင်းသမီးကသာ စာတစ်လုံးမှ မဖတ်တတ်ဘူးဆိုရင် လောကကြီးက လူတွေရဲ့ လှောင်ပြောင်မှုကို ခံရတော့မှာပေါ့”

ယခင် မင်းဆက်၏ နိုင်ငံအမည်မှာ ကျင့် ဖြစ်သည်။

ဝေ့ဖိန်ကျင်းသည် ခြံဝင်းထဲမှ ထွက်လာပြီးနောက် မျက်နှာကို အေးစက်စွာ ထားကာ စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိသွားချိန်မှသာ ဒေါသစိတ်ကို ဆက်ဖိနှိပ်မထားနိုင်တော့ဘဲ စင်္ကြံတိုင်ပေါ်သို့ လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီး မျက်လုံးမှိတ်ကာ အချိန်အတော်ကြာသည်အထိ စကားမပြောဘဲ နေလိုက်သည်။

နောက်မှပါလာသည့် နောက်လိုက်များသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေကြပြီး ဤကဲ့သို့သော အချိန်မျိုးတွင် ရှေ့သို့ တိုးသွားကာ ဝေ့ဖိန်ကျင်း၏ ဒေါသကို ဆွပေးမည့် အလုပ်မျိုးကို မလုပ်ရဲကြချေ။

ဝေ့ဖိန်ကျင်း၏ လက်ချောင်းငါးချောင်းမှာ စင်္ကြံတိုင်နှင့် ပွတ်တိုက်မိသဖြင့် ပွန်းပဲ့သွားပြီး သွေးပေါက်လေးများ စိမ့်ထွက်လာခဲ့သည်။ သူက သွားဖြဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်၏။ “အမေ ပြောတာ မမှားပါဘူး၊ အသက်ရှင်နေတဲ့လူက သေသွားတဲ့လူကို ဘယ်တော့မှ ယှဉ်လို့မရဘူးဆိုတာ တကယ်ပဲ”

ဤကိစ္စမှာ သူတို့ နယ်စားအိမ်တော်၏ မိသားစု ကိစ္စရပ်များနှင့် သက်ဆိုင်နေသဖြင့် နောက်လိုက်များ အနေဖြင့် ပိုလို့ပင် ဝင်ရောက် မစွက်ဖက်ရဲတော့ဘဲ တစ်ယောက်ချင်းစီတိုင်းက ခေါင်းငုံ့ကာ မိမိကိုယ်မိမိ သက်မဲ့ ပစ္စည်းတစ်ခုကဲ့သို့သာ သဘောထားနေကြသည်။

ဝေ့ဖိန်ကျင်းက လက်ကို ပြန်ရုပ်လိုက်သည်။ သူ့ဒေါသက မပြေပျောက်သေးကြောင်း သိသာသော်လည်း သေချင်ယောင် ဆောင်နေကြသော နောက်လိုက်များကို တစ်ချက် ကြည့်လိုက်ပြီး သူတို့အပေါ် ဒေါသပုံချရန် စိတ်မပါတော့သဖြင့် အလွန် မကျေမနပ်ဖြစ်ကာ ပြောလိုက်လေသည်။ “စစ်တပ်ကို ပြန်မယ်”

စစ်တပ်သို့ ရောက်သွားချိန်တွင်တော့ သူ၏ လက်အောက်ရှိ အကြံပေးအမတ်များသည် သူ၏ အပြစ်ရှာ ဒေါသထွက်မှုမှ လွတ်မြောက်ရန် ထိုမျှလောက် ကံမကောင်းနိုင်တော့ချေ။ အကြံပေးအမတ် အတော်များများ ဆက်တိုက် ဆွဲထုတ်ခံရပြီး စစ်ကြိမ်ဒဏ် ပေးခံရပြီးနောက် တဲကြီးအတွင်း ကျန်ရှိနေသော အကြံပေးအမတ်များ အားလုံးမှာ မိမိကိုယ်မိမိအတွက် ချွေးအေးများ ပျံနေအောင် စိုးရိမ်ကြောက်ရွံ့နေကြသည်။

ဝေ့ဖိန်ကျင်းသည် ကျားသားရေခင်းထားသော ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး စစ်ဖိနပ် စီးထားသော ခြေထောက်နှစ်ဖက်ကို စားပွဲခေါင်းရင်းတွင် ခြေချိတ်ကာတင်ထားသည်။ လက်ထဲရှိ ကြောင်မျက်လုံး ကျောက်မျက် ရွှေချည်ထိုးထားသော ဓားမြှောင်ကို ကစားနေရင်း အောက်ဘက်ရှိ လူများကို ကြည့်ကာ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်၏။ “ငါက မင်းတို့ကို မွေးထားတာက မင်းတို့ကို ထမင်းစားဖို့ သက်သက် မွေးထားတာ မဟုတ်ဘူး။ မင်းတို့က ယိုးကျိုးကို သေချာပေါက် ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ကိုယ်တိုင်က အသက်ကို နှမြောပြီး သေရမှာ ကြောက်နေလို့ ငါ့ကို စစ်တပ်ဆုတ်ခွာဖို့ လှည့်စားခဲ့တာ တကယ်ကို ရဲတင်းလွန်းတယ်။ ဒီနေ့သာ မင်းတို့ကို ခေါင်းမဖြတ်ပစ်ရင် နောက်နေ့ကျရင် လူတိုင်းက ငါ့ကို မျောက်တစ်ကောင်လို သဘောထားပြီး လှည့်စားကြတော့မှာပေါ့”

အကြံပေးအမတ်များ ချက်ချင်းပင် ကောင်းကင်ကို တိုင်တည်ကာ ငိုကြွေးပြီး မတရားခံရကြောင်း အော်ဟစ်ရင်း မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကြတော့သည်။

...

အပိုင်း (၁၃၈.၂)

အမှန်တွင်တော့ ဤကိစ္စတွင် သူတို့လည်း တကယ်ကို မတရားခံရသည်ဟု ခံစားရသည်။ အဲဒီနေ့က ယိုးကျိုး၏ အခြေအနေမှာ တကယ်ကို အလွန်အမင်း အန္တရာယ်များလှသော်လည်း သူတို့က စစ်တပ်ဆုတ်ခွာရန် အကြံပြုခဲ့ခြင်းမှာ ဝေ့ဖိန်ကျင်း ကိုယ်တိုင်က ဆက်လက်မနေလိုတော့ဘဲ လျောင်ကျန်းနှင့်ပင် အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့ပြီးမှ ပြန်လှည့်ကာ သူတို့အပေါ် ဒေါသပုံချခြင်းက အဓိကအကြောင်းပင်။

အထက်လူကြီး၏ မျက်နှာကို ကြည့်၍ စားသောက်နေရသော သူတို့အနေဖြင့် ဝေ့ဖိန်ကျင်း၏ အလိုကို လိုက်ကာ သူ ကြားချင်သော စကားများကိုသာ ရွေးချယ်ပြောဆိုပြီး စစ်တပ်ဆုတ်ခွာရန် အကြံပြုခဲ့ရသည်။

ယခုတော့ ယိုးကျိုးကို ကာကွယ်နိုင်ခဲ့ပြီဖြစ်သောကြောင့် ဝေ့ဖိန်ကျင်း ယနေ့ နယ်စားအိမ်တော်သို့ သွားချိန်တွင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခံခဲ့ရမည်မှာ သေချာပြီး ရင်ထဲတွင် အောင်းနေသော ဒေါသများကို သူတို့အပေါ် လာရောက် ပုံချနေခြင်းပင်။

အကြံပေးအမတ်များက ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသော်လည်း ဖွင့်မပြောရဲကြဘဲ ရူးသလိုလို အသလိုလို ဟန်ဆောင်ကာ သစ္စာရှိကြောင်း ငိုကြွေးတောင်းပန်ပြီးနောက် ဤဘိုးဘေးကြီး၏ ဒေါသကို အခြားတစ်နေရာသို့ မည်သို့ လွှဲပြောင်းရမည်ကိုသာ စဉ်းစားနေကြတော့သည်။

ဝေ့ဖိန်ကျင်းက သူတို့၏ ငိုကြွေးတောင်းပန်သံများကို နားထောင်ရင်း အေးစက်စွာ ရယ်မောလိုက်၏။

"မင်းတို့က မတရားခံရတာလား။ ငါကတောင် ပိုပြီး မတရားခံရတယ်လို့ ခံစားနေရသေးတယ်"

သူက တဲအပြင်ဘက်သို့ လှမ်းခေါ်လိုက်၏။

"လာကြစမ်း၊ အပြင်ကို ဆွဲထုတ်သွားပြီး တစ်ယောက်ကို ကြိမ်ဒဏ် ၅၀စီ အရင်ရိုက်လိုက်"

အကြံပေးအမတ်များ အလွန်အမင်း ကြောက်လန့်သွားကြပြီး အလျင်အမြန် ငိုကြွေးကာ ပြောလိုက်ကြသည်။

"သခင်လေး ရှင်းလင်းစွာ သိမြင်ပါစေ။ အဲဒီနေ့က ယိုးကျိုးရဲ့ အခြေအနေက တကယ်ကို အန္တရာယ်များလွန်းလို့ပါ။ ကျွန်တော်တို့ သခင်လေးကို စစ်တပ်ဆုတ်ခွာဖို့ အကြံပြုခဲ့တာက တစ်ချက်က သခင်လေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားပေးလို့ပါ။ သခင်လေးရဲ့ လုံခြုံရေးက ကျွန်တော်တို့ မြောက်ပိုင်းဝေ့ရဲ့ အခြေခံအုတ်မြစ်နဲ့ သက်ဆိုင်နေတာမို့ ဘာအမှားအယွင်းမှ ဖြစ်လို့ မရပါဘူး"

ဝေ့ဖိန်ကျင်းသည် အေးစက်စွာ ဟွန့်ခနဲ အသံပြုလိုက်ဆဲ ဖြစ်သော်လည်း ဤစကားက သူ့ကို သိသိသာသာ သဘောကျသွားစေသဖြင့် ထိုအကြံပေးအမတ်၏ စကားကို ဖြတ်မပြောခဲ့ချေ။

ထိုအကြံပေးအမတ်က အလျင်အမြန် ဆက်ပြောလိုက်၏။ "ဒုတိယအချက်ကလည်း ကျွန်တော်တို့ မြောက်ပိုင်းဝေ့ရဲ့ အခြေခံအုတ်မြစ် အတွက်ပါပဲ။ နယ်စပ်ပြင်ပက လူရိုင်းတွေက အင်အားကြီးမားစွာနဲ့ ချီတက်လာသလို ပြည်မကြီးရဲ့ အလယ်ပိုင်းမှာလည်း ဖေစုန့် ဆိုတဲ့ မြေခွေးက ချောင်းမြောင်းနေတယ်။ တကယ်လို့ ယိုးကျိုးမှာသာ ကျွန်တော်တို့ လက်ထဲက စစ်သည်တွေ အကုန် ဆုံးရှုံးသွားမယ်ဆိုရင် အဲဒီအချိန်ကျရင် နယ်စပ်ပြင်ပက လူရိုင်းတွေနဲ့ ဖေစုန့်စစ်တပ်က ပူးပေါင်းပြီး ဝိုင်းတိုက်လာရင် ကျွန်တော်တို့ မြောက်ပိုင်းဝေ့က တကယ်ကို အန္တရာယ်ကျရောက်သွားမှာပါ။ ကျွန်တော်တို့ တစ်ခုတည်း မမျှော်လင့်ထားခဲ့မိတာက အဲဒီ ထုန်ကျိုး တော်လှန်ရေးစစ်တပ်ထဲမှာ မြင်းတပ်သား ဒါဇင်အနည်းငယ်နဲ့ ရန်သူ့စခန်းထဲကို ဝင်ပြီး ရိက္ခာကျီကို မီးရှို့နိုင်တဲ့ ဒီလောက် အရည်အချင်းရှိတဲ့သူ ပါလာလိမ့်မယ်ဆိုတာပါပဲ..."

ဝေ့ဖိန်ကျင်းသည် ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး လက်ထဲတွင် ကစားနေသော ဓားမြှောင်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ရာ "ခွမ်း"ခနဲ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ထိုအကြံပေးအမတ်မှာ လန့်ဖြန့်သွားကာ စကားကို ချက်ချင်း ရပ်တန့်လိုက်ရသည်။

ဝေ့ဖိန်ကျင်းက အဓိပ္ပာယ် မရေမရာဖြင့် ပြောလိုက်သည်။ "လျောင်စစ်သူကြီးဆီမှာ ဒီလို အကြံအစည်မျိုး ဖုံးကွယ်ထားသေးတယ်ဆိုတာကို ငါကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ဘူး"

သူ၏ ဤစကားထဲတွင် တကယ်တမ်း လျောင်ကျန်းကို အပြစ်တင်နေသည့် အဓိပ္ပာယ် ပါဝင်နေသည်။

အဖေဖြစ်သူက သူ့ကို လျောင်ကျန်းနှင့်အတူ ယိုးကျိုးကို စောင့်ကြပ်ခိုင်းခြင်းမှာ ထိုနေရာတွင် စစ်သည်များ၏ နှလုံးသားကို သိမ်းသွင်းရန် ဖြစ်ကြောင်း သူ သိသည်။ သို့သော် လျောင်ကျန်းသည် သူ့အဖေ လက်အောက်ရှိ အရေးပါသော စစ်သူကြီး ဖြစ်သည်ကို အခွင့်ကောင်းယူကာ စစ်တပ်ကို အသုံးပြုရာတွင် တစ်ကိုယ်တော် ဆုံးဖြတ်ခြင်းက ထားလိုက်ပါတော့၊ ယိုးကျိုးမြို့ ကျရှုံးမည်ကို သူက စိုးရိမ်နေသည်ကို မြင်နေရလျက်နှင့် ဤစစ်ဗျူဟာကို ဖုံးကွယ်ထားပြီး မပြောပြဘဲ သူ့ကို စစ်တပ်ဆုတ်ခွာစေကာ ဤမျှလောက် ကြီးမားသော မျက်နှာပျက်မှုမျိုး ဖြစ်စေခဲ့သဖြင့် ဝေ့ဖိန်ကျင်း၏ နှလုံးသားထဲတွင်လည်း အလွန်အမင်း ဒေါသထွက် မုန်းတီးနေခဲ့သည်။

တစ်ချိန်လုံး အသံမထွက်ဘဲ နေခဲ့သော အခြားအကြံပေးအမတ် တစ်ဦးက ရုတ်တရက် ပြောလိုက်၏။

"ပြောရမယ်ဆိုရင်လည်း ထူးဆန်းတယ်။ အဲဒီ ထုန်ချန် တရားမျှတမှုတပ်ဖွဲ့ တပ်မှူးက အဲဒီလောက်တောင် ရဲရင့်နေတာ၊ အရင်က နန်ချန်က သူပုန်စစ်သူကြီး တိုးကျန့်လျန်က ကျွန်တော်တို့ရဲ့ တောင်ပိုင်းနယ်စပ်က ဝေ့စစ်တပ်ကို သတ်ဖြတ်နေတဲ့ အချိန်တုန်းကလည်း သောင်းနဲ့ချီတဲ့ ဖေစုန့်စစ်တပ်ထဲကနေ စစ်သူကြီးယွမ်ဖန်းကို ကယ်ထုတ်နိုင်ခဲ့တယ်။ အခု ယိုးကျိုး အန္တရာယ်ကြုံနေရတဲ့ အချိန်မှာလည်း မြင်းတပ်သား ဒါဇင်အနည်းငယ်နဲ့ပဲ ရန်သူ့စခန်းထဲ ဝင်ပြီး ရိက္ခာကျီကို မီးရှို့နိုင်ခဲ့တယ်။ အရင်တုန်းကကျတော့ ဘာဖြစ်လို့ သူ့နာမည်က လုံးဝ မကြားဖူးရတာလဲ"

ဤစကားက ဝေ့ဖိန်ကျင်း၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားသည်ဟု ဆိုနိုင်သည်။ သူက အစောပိုင်းတွင် စစ်သတင်းစာလွှာကို မြင်လိုက်ရချိန်ကတည်းက တစ်ဖက်လူတွင် ဤမျှလောက် ရဲစွမ်းသတ္တိ ရှိသည်ကို မယုံကြည်ခဲ့ချေ။ ယခု ဤအကြံပေးအမတ်၏ သုံးသပ်ချက်ကို ထပ်မံ ကြားလိုက်ရချိန်တွင် ဤကိစ္စနှစ်ခုကို ပေါင်းစပ်လိုက်ပါက အလွန် ထူးဆန်းလွန်းနေသည်ဟု ပိုလို့ပင် ခံစားလာရသဖြင့် ကိုယ်နေဟန်ထားကို အနည်းငယ် မတ်မတ် ထိုင်လိုက်ပြီး မေးလိုက်သည်။ "အဲဒီ ထုန်ချန် တရားမျှတမှုတပ်ဖွဲ့ တပ်မှူး ရှောင်း..."

သူက တစ်ဖက်လူ၏ နာမည်ကို ချက်ချင်း သတိမရတော့သဖြင့် အောက်ရှိ အကြံပေးအမတ်က အလျင်အမြန် ပြန်ဖြေလိုက်၏။ "ရှောင်းလိ ပါ"

ယိုးကျိုးမှ စစ်သတင်းစာလွှာက ဝေ့ကျိုးသို့ ရောက်ရှိလာသည်နှင့် အောင်ပွဲသတင်းနှင့်အတူ ရှောင်းလိ၏ နာမည်ကလည်း ဝေ့စစ်တပ် အတွင်း၌ သဘာဝကျစွာပင် ပြန့်နှံ့သွားခဲ့လေပြီ။

"ဟုတ်တယ်၊ ရှောင်းလိ!" ဝေ့ဖိန်ကျင်း၏ မျက်နှာအမူအရာက မျက်စိဖြင့် မြင်နိုင်လောက်အောင် စိတ်လှုပ်ရှားလာခဲ့ပြီး သူက အော်ပြောလိုက်သည်။ "အဲဒီလူကို သေသေချာချာ စုံစမ်းကြစမ်း"

အကယ်၍ ပြဿနာက ဤလူ့အပေါ်တွင်သာ ရှိနေခဲ့ပါက သူ ယိုးကျိုးမှ စစ်တပ်ဆုတ်ခွာခဲ့ခြင်းမှာ လုံးဝ အမှားမဟုတ်တော့ဘဲ လျောင်ကျန်းကသာ လူအကဲခတ် မှားယွင်းပြီး ကြီးမားသော ဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လုနီးပါး ဖြစ်စေခဲ့ခြင်းသာ ဖြစ်ပေမည်။

သူ၏ စကားသံ ဆုံးသွားသည်နှင့် အကြံပေးအမတ် တစ်ဦးက တိုးညှင်းစွာ ဆွေးနွေးလိုက်၏။ "ဒီနာမည်က... ဘယ်လိုဖြစ်လို့ ရင်းနှီးနေသလို ခံစားရတာလဲ"

ဝေ့ဖိန်ကျင်း၏ အကြည့်က ချက်ချင်းပင် ထိုနေရာသို့ ရောက်ရှိသွားသည်။ "မင်း အဲဒီလူကို သိလို့လား"

ထိုအကြံပေးအမတ်သည် အကြည့်ခံလိုက်ရသဖြင့် ရင်တထိတ်ထိတ် ဖြစ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်၏။ "သ... သခင်လေး၊ ကျွန်တော်မျိုး ချက်ချင်း သတိမရတော့ဘူး။ ဒါပေမယ့် ဒီလူ့နာမည်ကို သေချာပေါက် ကြားဖူးပါတယ်..."

ဝေ့ဖိန်ကျင်းသည် စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး သူ့အမူအရာက လူကို ဝါးမြိုတော့မည့်အလား "သတိမရဘူး ဟုတ်လား။ ဒါဆိုရင် အပြင်ကို ထွက်ပြီး စဉ်းစားလို့ရတဲ့အထိ အပြစ်ဒဏ်ခံယူပြီး စဉ်းစား"

ထိုအကြံပေးအမတ်က ချက်ချင်း ဦးတိုက်ကာ ခွင့်လွှတ်ရန် တောင်းပန်နေလေသည်။ ဝေ့ဖိန်ကျင်းက သူ့ကို ဆွဲထုတ်သွားရန် လူခေါ်တော့မည့် အချိန်တွင် အခြား အကြံပေးအမတ် တစ်ဦးက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် အော်ဟစ်လိုက်၏။ "ကျွန်တော် အဲဒီလူကို သိပြီ။ သူက လျန်စစ်သူကြီး မဟုတ်ဘူးလား။ တောင်ပိုင်းနယ်စပ်က ထောင်စီရင်စုကို သိမ်းပိုက်တဲ့ တိုက်ပွဲမှာ တော်တော်လေး နာမည်ကြီးခဲ့တာလေ"

ထိုစကားကို ကြားသောအခါ မြေပြင်တွင် ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန်နေသော အကြံပေးအမတ်သည်လည်း ရုတ်တရက် မှတ်မိသွားပြီး မြန်မြန်ဖြည့်ပြောလိုက်၏။ "ဟုတ်တယ်၊ အဲဒီလူပဲ။ အဲဒီလူ အတိအကျပဲ"

ဝေ့ဖိန်ကျင်းသည် စားပွဲကို ထောက်ကာ မတ်တတ်ရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။ "မင်းတို့ပြောတာ တကယ် ဟုတ်ရဲ့လား"

ရှောင်းလိက လျန်စစ်သူကြီး ဖြစ်ကြောင်း ပထမဆုံး ပြောဆိုခဲ့သော အကြံပေးအမတ်က ပြောလိုက်၏။ "နာမည်တူ နာမည်ဆင်တူ ဖြစ်မနေဘူးဆိုရင်တော့ သေချာပေါက် မမှားနိုင်ပါဘူး"

ဝေ့ဖိန်ကျင်းသည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ထိုနေရာ၌ပင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ဆုံးတွင်တော့ စိတ်ရှုပ်စွာဖြင့် ပြဿနာကို အကြံပေးအမတ်များထံသို့ လွှဲချလိုက်တော့သည်။

"မင်းတို့ထဲမှာ အဲဒီ လျန်စစ်သူကြီး ရှောင်းလိကို မြင်ဖူးတဲ့သူ ဘယ်သူရှိလဲ။ သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်တယ်ဆိုတာကို ထောက်ပြနိုင်မလား"

အကြံပေးအမတ်များသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး သူတို့ အားလုံးက ရှောင်းလိကို တစ်ခါမှ မမြင်ဖူးခဲ့ကြသဖြင့် ထောက်ပြနိုင်စွမ်း မရှိကြောင်း သိသာနေသည်။

အစောပိုင်းက ရှောင်းလိမှာ 'နာမည်မကြားဖူးကြောင်း' ထောက်ပြခဲ့သော အကြံပေးအမတ်ကပင် ပြန်ပြောလိုက်၏။

"ကျွန်တော်တို့က အဲဒီ ရှောင်းဆိုတဲ့ လျန်စစ်သူကြီးကို မသိကြပေမယ့် အရင်တုန်းက ပြည်သူတွေ ကြားထဲမှာ လျန်တပ်စခန်းကို ပြစ်တင်ရှုတ်ချတာတွေ အများကြီး ရှိခဲ့တယ်။ လျန်တပ်စခန်းက အကြံပေးတချို့က မကောင်းမှုမှာ မပါဝင်ချင်တော့ဘဲ နန်ချန်က တိုင်းပြည်ကို ခိုးယူတာကို ဆက်ပြီး မကူညီချင်တော့လို့ ကျွန်တော်တို့ ဝေ့တပ်စခန်းကို ဘက်ပြောင်းလာခဲ့ကြတယ်။ နယ်စားမင်းက ဒီလူတွေကို တာဝန်မပေးသေးပေမယ့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ရုံးတော်မှာ သမိုင်းမှတ်တမ်းတွေ ပြုစုဖို့ ထားရှိခဲ့ပါတယ်။ အဲဒီ ထုန်ကျိုး တရားမျှတမှုတပ်ဖွဲ့ တပ်မှူးက ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့တာဆိုတော့ နယ်စားမင်းက သေချာပေါက် သူ့ကို ကိုယ်တိုင် ခေါ်ယူတွေ့ဆုံလိမ့်မယ်။ ဂုဏ်ပြုဆုချီးမြှင့်မယ့် နေ့ရောက်ရင် သခင်လေးက အဲဒီ လျန်တပ်စခန်းက အကြံပေး တချို့ကို အခမ်းအနားကို ခေါ်သွားပြီး အမှားအယွင်း မရှိ ထောက်ပြနိုင်ပြီဆိုတာနဲ့ လျန်တပ်စခန်းရဲ့ အကြံအစည်ကို ချက်ချင်း ဖွင့်ချလိုက်ပြီး သူ့ကို တစ်ခါတည်း ဖမ်းဆီးလိုက်မယ်ဆိုရင် အကောင်းဆုံး မဟုတ်ဘူးလား"

ဝေ့ဖိန်ကျင်းသည် နားထောင်ပြီးနောက် မနေနိုင်တော့ဘဲ လက်ခုပ်တီးကာ ချီးကျူးလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ကောင်းတယ်။ မင်းပြောတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့"

သူက ထိုအကြံပေးအမတ်ကို တစ်ချက် ပြန်ကြည့်လိုက်ရာ ထိုသူက မျက်လွှာချကာ အပြုံးလေးဖြင့် အနည်းငယ် ဦးညွှတ်လိုက်ပြီး အလွန် နှိမ့်ချရိုသေသော ဟန်ပန်ကို ပြသနေ၏။

ဝေ့ဖိန်ကျင်းက ပြောလိုက်သည်။ "ဒီတစ်ခန်းလုံးက အသုံးမကျတဲ့ ကောင်တွေချည်းပဲ၊ မင်းတစ်ယောက်ပဲ အသုံးဝင်သေးတယ်။ ဒီနေ့ အကြံဉာဏ် ပေးတဲ့အတွက် ရွှေ ၁၀တုံး ဆုချမယ်။ နောက်ပိုင်းကျရင် ငါ့ဘေးမှာပဲ အမြဲတမ်း နေတော့"

ဤသည်မှာ သူ့ကို အဓိက အကြံပေးအမတ် အဖြစ် ရာထူးတိုးပေးမည့် အဓိပ္ပာယ်ပင်။

ထိုအကြံပေးအမတ်က ပြုံးလျက် လက်နှစ်ဖက်ကို ယှက်လိုက်ပြီး သူ၏ မျက်လုံးများကို ဖုံးကွယ်ထားလိုက်၏။ " ကျွန်တော်မျိုး သခင်လေးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"

ယိုးကျိုးဘက်က အနိုင်ရရှိပြီးနောက် ရုံကျွယ်များသည် အချိန်တိုအတွင်း ယိုးကျိုးဟူသော အရိုးမာကြီးကို ဆက်ပြီး မတိုက်ခိုက် နိုင်တော့ချေ။ စားနပ်ရိက္ခာများလည်း ဆုံးရှုံးခဲ့ရသဖြင့် အခြား စခန်းချရာ နေရာသို့ ပြောင်းရွှေ့ရန်သာ တတ်နိုင်တော့သည်။

လျောင်ကျန်းက တပ်ဖွဲ့များအားလုံးကို ဦးဆောင်ကာ မြေပုံကို ကြည့်၍ အသေအချာ ဆွေးနွေးပြီးနောက် ၎င်းတို့သည် နောက်ပိုင်းတွင် မြောက်ပိုင်းနယ်စပ် ဒေသအသီးသီးကို ဆက်လက် တိုက်ခိုက်လိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူတို့ ဝေ့တပ်စခန်း၏ နောက်ဆက်တွဲ စစ်သည်များ စုဆောင်းရာတွင် အဆင်ပြေစေရန်အတွက် လျောင်ကျန်းက ယိုးကျိုးစစ်တပ်ထဲမှ စစ်သည် တစ်စိတ်တစ်ပိုင်းကို ထုတ်ကာ ယွမ်ဖန်းကို ဝေ့ကျိုးသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။

ယခင်က ဝေ့တပ်စခန်းသို့ လာရောက် ပူးပေါင်းခဲ့သော နေရာဒေသ အသီးသီးမှ တရားမျှတမှုတပ်ဖွဲ့များက ယခုအခါ ရှောင်းလိကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ ယိုးကျိုးတိုက်ပွဲ အောင်မြင်မှုနောက်တွင် ဝေ့ချီရှန်းကလည်း အိမ်ရှင် တစ်ယောက်၏ တာဝန်ကျေပွန်စေရန်အတွက် သဘာဝကျစွာပင် သူတို့ကို လက်ခံတွေ့ဆုံလိမ့်မည်။

ရှောင်းလိနှင့် ယွမ်ဖန်းတို့သည် သောင်းနှင့်ချီသော စစ်တပ်ကြီးကို ခေါ်ဆောင်ကာ ရက်အနည်းငယ် ခရီးနှင်ပြီးနောက် ဝေ့ကျိုးသို့ ရောက်ရှိလာခဲ့ကြသည်။ စစ်သည်များ အားလုံးက မြို့ပြင်တွင် စခန်းချနေကြပြီး အောင်မြင်မှု ရရှိထားသော စစ်သူကြီး ရာဂဏန်းခန့်သာ မြို့တွင်းသို့ ဖိတ်ခေါ်ခြင်း ခံရသည်။

ယွမ်ဖန်းက ရှောင်းလိ၏ စိတ်ထဲတွင် သံသယ ဖြစ်နေမည်ကို စိုးရိမ်သဖြင့် လမ်းခရီးတွင် ရှင်းပြလိုက်သေး၏။ "နယ်စားမင်းက ပြည်သူတွေကို သားသမီးတွေလို ချစ်ခင်ပါတယ်။ စစ်တပ်က မြို့ထဲဝင်လာရင် ပြည်သူတွေကို ထိတ်လန့်သွားစေမှာ စိုးလို့ အစောကြီးကတည်းက ငါတို့ကို စစ်တပ်နဲ့ မြို့ထဲဝင်ခွင့် မပြုတဲ့ စစ်မိန့်ကို ချမှတ်ထားတာပါ"

ရှောင်းလိသည် ဤအချက်၏ ရည်ရွယ်ချက်က နယ်စားမင်းများ မြို့တော်သို့ စစ်တပ်ခေါ်ဆောင် ဝင်ရောက်ခွင့် မရှိခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း သဘာဝကျစွာ နားလည်ထားသည်။ သို့သော် ယွမ်ဖန်းက စေတနာဖြင့် ရှင်းပြနေသဖြင့် သူကလည်း အလိုက်တသိ မြှောက်ပင့်ပြောဆိုလိုက်သည်။

"နယ်စားမင်းက ပြည်သူတွေအပေါ် ကြင်နာပြီး အုပ်ချုပ်ရေးမှာ အရည်အချင်း ရှိတယ်ဆိုတာကို အစောကြီးကတည်းက ကြားဖူးပါတယ်။ ဒီနေ့ ကိုယ်တိုင် တွေ့ရတော့ တကယ်ကို မမှားပါဘူး"

ထိုစကားကို ကြားလိုက်ရသဖြင့် ယွမ်ဖန်းသည် အများကြီး စိတ်အေးသွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ သမိုင်းဝင် နေရာများစွာကို ညွှန်ပြကာ နောက်မှ မြို့တွင်း၌ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးမည်ဟု ရယ်မောလျက် ပြောဆိုခဲ့သည်။

နယ်စားအိမ်တော်သို့ ရောက်ရှိချိန်တွင် ဝေ့ချီရှန်း၏ ဘေးမှ ကိုယ်ရံတော်က အစောကြီးကတည်းက တံခါးမကြီး အပြင်ဘက်တွင် ကိုယ်တိုင် စောင့်ဆိုင်းနေခဲ့သည်။ သူတို့ကို မြင်သောအခါ အစေခံလေးများကို ရှေ့သို့သွားကာ မြင်းများ ဆွဲခိုင်းလိုက်ပြီး လူတိုင်း မြင်းပေါ်မှ ဆင်းလာကြချိန်တွင် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်ပြီးနောက် နွေးထွေးသော အပြုံးဖြင့် အထဲသို့ ခေါ်ဆောင်သွားရင်း ပြောလိုက်၏။ "နယ်စားမင်းက အရှေ့ဘက်ခန်းမမှာ စစ်သူကြီးတို့အတွက် စားပွဲသောက်ပွဲ ပြင်ဆင်ပြီး စောင့်နေပါတယ်"

ယွမ်ဖန်းက ထိုကိုယ်ရံတော်နှင့် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ပြီး ရှောင်းလိကိုလည်း သူစိမ်းတစ်ယောက်ကဲ့သို့ သဘောမထားသဖြင့် တံခါးမှ ဝင်လာစဉ်တွင် မေးလိုက်သည်။ "နယ်စားမင်းရဲ့ ဒဏ်ရာက သက်သာရဲ့လား"

ကိုယ်ရံတော်၏ စိတ်ထဲတွင် ယွမ်ဖန်းက ရှောင်းလိကို အနည်းငယ်မျှပင် ရှောင်ဖယ်ခြင်း မရှိသည်ကို အံ့ဩသွားသော်လည်း မျက်နှာပေါ်တွင်တော့ နွေးထွေးသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"သက်သာပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ယိုးကျိုးရဲ့ အောင်ပွဲသတင်းကို ဖတ်ပြီးကတည်းက နယ်စားမင်းက အခု ထမင်းတောင် ပန်းကန်တစ်ဝက်လောက် ပိုစားနိုင်နေပြီ"

ဤသည်မှာ တစ်ဖက်လှည့်ဖြင့် ယိုးကျိုးရှိ စစ်သူကြီးများ အားလုံးကို ချီးကျူးမြှောက်ပင့်လိုက်ခြင်းပင်။

ယွမ်ဖန်းက ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး "ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဖေစုန့်ဆိုတဲ့ လူယုတ်မာက နေရာအနှံ့မှာ လှည့်စားနေတယ်။ နန်ချန်က သူပုန်စစ်သူကြီးတွေကို သစ္စာဖောက်အောင် လုပ်ရုံတင်မကဘူး၊ ရုံကျွယ် လူရိုင်းတွေနဲ့ပါ တိတ်တဆိတ် ပူးပေါင်းပြီး ကျွန်တော်တို့ ဝေ့တပ်စခန်းကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ။ နယ်စားမင်း ဒဏ်ရာတွေ သက်သာသွားရင် ဒီအမုန်းတွေကို ပြန်ပြီး ကလဲ့စားချေရမယ်"

စကားပြောနေစဉ်အတွင်း ပန်းခက်ဆွဲတံခါး အတော်များများကို ဖြတ်ကျော်လာခဲ့ပြီး နယ်စားအိမ်တော်၏ အရှေ့ဘက်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

တံခါးအပြင်ဘက်ရှိ အစေခံက သူတို့အုပ်စု ရောက်ရှိလာသည်ကို မြင်သောအခါ အခန်းတွင်းသို့ အလျင်အမြန် ဝင်ရောက် သတင်းပို့လိုက်၏။

ကိုယ်ရံတော်က သူတို့ကို ကျောက်လှေကားပေါ်သို့ ခေါ်ဆောင်သွားပြီး တံခါးမှ မဝင်မီတွင် ဘယ်ညာ နှစ်ဖက်စလုံး၌ ဗန်းများကို ကိုင်ဆောင်ကာ ရိုသေစွာ ရပ်နေသော စစ်သည်များကို ညွှန်ပြလျက် အပြုံးလေးဖြင့် ပြောလိုက်၏။ "စစ်သူကြီးတို့ရဲ့ လက်နက်တွေကို ဒီမှာ ထားခဲ့ပေးကြပါ"

ယွမ်ဖန်း အစရှိသော ဝေ့စစ်သူကြီး အားလုံးက ရင်းနှီးကျွမ်းဝင်နေသည့်ဟန်ဖြင့် သူတို့ကိုယ်ပေါ်ရှိ ဓားများကို ဖြုတ်ကာ အပေါ်သို့ တင်လိုက်ကြသည်။ ရှောင်းလိသည် ဖိန်ကျိုးတွင် ရှိနေစဉ်ကတည်းက စစ်သူကြီးများ သခင်နှင့် တွေ့ဆုံရာတွင် လိုက်နာရမည့် စည်းကမ်းများကို သိရှိထားသဖြင့် ယခုအချိန်တွင်လည်း အံ့ဩမနေတော့ဘဲ သူ့ဓားကို ဖြုတ်ကာ ဗန်းထဲသို့ အလိုက်သင့် ချထားလိုက်သည်။

သူက ဦးဆောင်လိုက်သဖြင့် တရားမျှတမှုတပ်ဖွဲ့ တပ်မှူးများမှာလည်း သဘာဝကျစွာပင် စကားများများ မပြောကြတော့ချေ။ သို့သော် ကျန်းဟူက သူ့ဓားကို ဖြုတ်နေစဉ် ဘေးရှိ စုန့်ချင်ကို တိုးညှင်းစွာ ညည်းညူပြောဆိုလိုက်၏။

"ဒီ ဝေ့နယ်စားအိမ်တော်ရဲ့ စည်းကမ်းတွေက တကယ်ကို များလွန်းတာပဲ"

စုန့်ချင်သည် အကြည့်လွှဲမသွားဘဲ တိုးညှင်းစွာ သတိပေးလိုက်သည်။ "မလာခင်တုန်းက စစ်ဗျူဟာမှူး ဘာမှာလိုက်လဲ ဆိုတာကို မေ့သွားပြီလား။ စကားပြော ဆင်ခြင်ပြီး အပြုအမူကို သတိထားပါ"

ကျန်းဟူသည်လည်း ညည်းညူရုံသက်သက်သာ ဖြစ်ပြီး ရှောင်းလိအတွက် ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကျန်ရှိနေသော ညည်းညူမှု အားလုံးကို ဗိုက်ထဲသို့ ပြန်လည် မြိုချလိုက်တော့သည်။

အစေခံများက တံခါးမကြီးရှိ လေကာခန်းဆီးကို ပင့်တင်ပေးလိုက်သည်။ အထဲတွင် မြေအောက်အပူပေးစနစ် ဖွင့်ထားသဖြင့် အထဲသို့ မဝင်ရသေးခင်မှာပင် မျက်နှာပေါ်သို့ နွေးထွေးသော လေပြေများ ဖြတ်တိုက်သွားသည်ကို လူတိုင်းက ခံစားလိုက်ရသည်။ သို့သော် ခန်းမအတွင်းရှိ မြင်ကွင်းကို အဝင်ဝရှိ တစ်လံကျော် ရှည်လျားသော တောင်တန်းနှင့် မြစ်ပြင် ရှုခင်းပုံ ကန့်လန့်ကာက ဖုံးကွယ်ထားသဖြင့် သေချာစွာ မမြင်ရဘဲ အတွင်းမှ ထွက်ပေါ်လာသော တူရိယာ တီးမှုတ်သံများကိုသာ ကြားနေရသည်။

ကိုယ်ရံတော်က ခါးကို ကိုင်းကာ "ကြွပါ" ဟူသော လက်ဟန်ပြလျက် လူတိုင်းကို အထဲသို့ ခေါ်ဆောင်သွားချိန်တွင် ယွမ်ဖန်းက ခြေလှမ်းမရွေ့ဘဲ ဘေးသို့ စောင်းကာ ရှောင်းလိကို ပြောလိုက်၏။ "ကျေးဇူးရှင်၊ အရင်ဝင်ပါ"

ရှောင်းလိက ပြန်ပြောလိုက်သည်။ "ယွမ်စစ်သူကြီးပဲ လမ်းပြပေးပါ"

ယွမ်ဖန်းက ရယ်မောကာ ပြောလိုက်၏။ "ကျေးဇူးရှင်က အားနာနေစရာ မလိုပါဘူး။ အတူတူ ဝင်ကြတာပေါ့"

ပြောပြီးသည်နှင့် အတူတူ တံခါးမှ ဝင်ရန် ရှောင်းလိကို လက်ဟန်ပြလိုက်လေသည်။

အနောက်မှ လိုက်ပါလာသော ဝေ့စစ်သူကြီးများနှင့် တရားမျှတမှုတပ်ဖွဲ့ တပ်မှူးများကလည်း အလိုအလျောက် လမ်းနှစ်သွယ် ခွဲကာ သူတို့နှစ်ဦး၏ အနောက်မှ အထဲသို့ ဝင်ရောက်သွားကြတော့သည်။

ထိုကြီးမားသော ကန့်လန့်ကာကို ကွေ့ပတ်၍ အတွင်းခန်းမသို့ ဝင်ရောက်သွားချိန်တွင် ရှောင်းလိသည် အဓိက နေရာတွင် ထိုင်နေသော ဝေ့ချီရှန်းကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မြင်တွေ့လိုက်ရသည်။ အရပ်လေးမျက်နှာ အရပ်တခွင်တွင် နာမည်ကျော်ကြားသော ရှော့ပျန်းနယ်စား၊ မြောက်ပိုင်း ဝံပုလွေမြင်းတပ်၏ သခင်ဖြစ်သူ ဤလူသည် လောကလူသားများ ချီးမွမ်းပြောဆိုနေကြသကဲ့သို့ပင် ရဲရင့်ပြတ်သားပြီး ဩဇာတိက္ကမ ကြီးမားလှသည်။ ထိုနေရာတွင် ထိုင်နေရုံဖြင့် သူ၏ တစ်ကိုယ်လုံးမှ ဖော်ပြ၍မရနိုင်သော ဩဇာအာဏာ တစ်ခု ထွက်ပေါ်နေပြီး လူတိုင်းကို အသက်ရှူရပင် တစ်ခဏမျှ မသိမသာ လေးလံသွားစေကာ သူသည် ယခင်က ပြင်းထန်သော ဒဏ်ရာ ရရှိထားခဲ့ကြောင်းကို အရိပ်အယောင်ပင် မမြင်တွေ့ရချေ။

ဝေ့ချီရှန်းသည်လည်း ရှောင်းလိကို ကြည့်နေသည်။ သူ့အကြည့်များက အလွန် တည်ငြိမ်နေသော်လည်း သူ ကြည့်နေသော လူကို တစ်ကိုယ်လုံး ဖောက်ထွင်း မြင်နိုင်စွမ်း ရှိနေသည့်နှယ်ပင်။

ရှောင်းလိသည် ယခင်က တစ်ခါမှ မကြုံဖူးသော ဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။ အရင်က သူသည် လူများစွာကို တွေ့ခဲ့ဖူးသော်လည်း ___ယခင်က လီယောင်၏ အသိအမှတ်ပြုမှုနှင့် သွန်သင်ဆုံးမမှု အဓိပ္ပာယ်များ ပါဝင်သော အကြည့်ဖြစ်စေ၊ ဖေစုန့်ကို သတ်ဖြတ်စဉ်က တစ်ဖက်လူ၏ ထိတ်လန့်မှုနှင့် သူ့ကို သေချာပေါက် သေရမည်ဟု တစ်ဖက်သတ် ကြေညာလိုက်သကဲ့သို့သော မုန်းတီးမှုဖြစ်စေ___ ဤအကြည့်ထဲရှိ အလောင်းများတောင်လိုပုံပြီး သွေးချောင်းစီးသော သတ်ဖြတ်မှုများကို ဖြတ်သန်းခဲ့ပြီးနောက် တည်ငြိမ်သွားသည့် လေးနက်မှုမျိုးကိုတော့ လုံးဝ မမီနိုင်ချေ။

သည်လိုအကြည့်ချင်းဆုံလိုက်သည် အသက်နှစ်ခါ ရှူချိန်မျှသာ ကြာမြင့်ခဲ့ပြီး ဝေ့ချီရှန်းက အကြည့်လွှဲသွားကာ ဘေးရှိ ယွမ်ဖန်းကို ရယ်မောလျက် မေးလိုက်လေသည်။

"ဒါက လျောင်ကျန်းရဲ့ စာထဲမှာ ရေးထားတဲ့ တစ်ကိုယ်လုံးမှာ ကျားသတ္တိတွေ အပြည့်ရှိပြီး မြင်းတပ်သား ဒါဇင်လေးနဲ့ ရန်သူ့စခန်းထဲကို ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားခဲ့တဲ့ သခင်လေးရှောင်း ဆိုတာ ဖြစ်ရမယ်"

...

All Chapters