← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အပိုင်း (၁၄၁.၁)

ယန်ယွမ်ထင်သည် သူမ(ဝိန်းယွီ)၏ ဤခရီးစဉ်ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားပုံရပြီး မျက်နှာအမူအရာက ပိုအေးစက်သွား၏။ သူသည် အင်္ကျီလက်ကျယ်ကြီးကို ခါယမ်းကာ ပြောလိုက်လေသည်။

"မင်းတို့ရဲ့ အပုပ်နံ့ထွက်နေတဲ့ တိုင်းပြည်အုပ်ချုပ်ရေးအတွေးအခေါ်တွေနဲ့ ငါ့ကို လာဖျောင်းဖျနေစရာ မလိုဘူး၊ ငါတို့ ယန်မိသားစုက မင်းတို့ရဲ့ အောက်တန်းကျလွန်းတဲ့ အာဏာလုပွဲတွေထဲမှာ မပါဝင်ဘူး! မင်းရဲ့အဘိုးသာ သက်ရှိထင်ရှား ရှိနေသေးရင်၊ နောင်တအရဆုံးက မင်းအမေကို ဝိန်းမိသားစုဆီ ပေးစားခဲ့မိတာပဲ ဖြစ်လိမ့်မယ်!"

မိသားစုတစ်စု၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် ဤကဲ့သို့ ဒေါသကြီးသော အမူအရာမျိုးကို ပြသလေ့ မရှိသလောက်ပင်။ အကယ်၍ အိမ်တော်ထဲရှိ အခြားလူများသာ တွေ့မြင်သွားခဲ့လျှင် သေချာပေါက် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားကြလိမ့်မည်။

သို့သော် ဝိန်းယွီသည် မျက်ခွံကိုပင် တစ်ချက် မပင့်ခဲ့ချေ။

သူမသည် ပန်းချီကားပေါ်မှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ယန်ယွမ်ထင်ထံသို့ မျက်လုံးလှည့်ကာ လုံးဝကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအောက်ခြေတွင် မည်သည့်လှိုင်းဂယက်မျှ မရှိဘဲ အထက်လူကြီးက လက်အောက်ငယ်သားကို အကဲဖြတ်စစ်ဆေးနေသည့်အသွင် အပြည့်အဝ ပေါက်နေကာ ပြောလေသည်။

"တောင်တန်းတွေ၊ မြစ်တွေ၊ ရေကန်တွေ၊ သမုဒ္ဒရာတွေ၊ လေပြေလေညင်းတွေနဲ့ လမင်းအကြောင်းတွေကို အကုန်အစင် ဆွေးနွေးကြပေမယ့် ပြည်သူတွေရဲ့ဘဝတွေကိုတော့ မဆွေးနွေးကြဘူး၊ ဆင်းရဲဒုက္ခတွေကို မတိုင်ပင်ကြဘူးဆိုတော့ တကယ်ကို ရယ်စရာကောင်းလှတဲ့ သန့်စင်သော ဒဿနိကဆွေးနွေးမှုလမ်းစဉ်ပဲ! ထင်ရှားတဲ့ ဆွေကြီးမျိုးကြီး မိသားစုမှာ မွေးဖွားလာပြီး ဆိုင်ခန်းပေါင်း ရာချီ၊ လယ်ယာမြေ ဧကထောင်ချီရှိတဲ့ ဘိုးဘွားပိုင်ပစ္စည်းတွေကို ခံစားနေရတော့ ဦးလေးက မျက်စိမှိတ်၊ နားပိတ်ပြီး အမြင့်ဆုံးမှာနေတဲ့ လောကီနဲ့ကင်းလွတ်နေတဲ့သူတစ်ယောက်လို ဟန်ဆောင်ပြီး 'မလုပ်ဆောင်ခြင်းဖြင့် အုပ်ချုပ်ခြင်း' အကြောင်းကို အားရပါးရ ပြောနိုင်တာပေါ့”

ဝိန်းယွီက ခပ်ဖွဖွ ပြုံးလိုက်ရင်း ပြောလိုက်လေသည်။ "အဘိုးက အဲဒီတုန်းက ဘေးအန္တရာယ်ကနေ ရှောင်ရှားပြီး အရည်အချင်းတွေကို ဖုံးကွယ်ထားဖို့အတွက် စာသင်ကျောင်းမှာ သန့်စင်တဲ့ ဒဿနိကဆွေးနွေးမှုတွေကို မြှင့်တင်ခဲ့တာ။ ဦးလေးက စုန်းယာစာသင်ကျောင်းနဲ့ ဒီသန့်ရှင်းတဲ့အခန်းကို ၁၀နှစ်ကျော် စောင့်ကြပ်နေခဲ့ပေမယ့် အဘိုးရဲ့ စေတနာကို နားမလည်ခဲ့တဲ့အပြင် အဲဒါကို စံပြအဖြစ်တောင် သတ်မှတ်ထားသေးတယ်။ အဘိုးသာ တမလွန်ကနေ သိနေရင် ဘယ်လိုများ တွေးနေမလဲ မသိဘူး”

ယန်ယွမ်ထင်၏ ဝိန်းယွီအပေါ် အမြင်သည် လွန်ခဲ့သော ၂ နှစ်ခန့်က အချိန်တွင်သာ ရပ်တန့်နေဆဲ။ သူမသည် ခန္ဓာကိုယ်ထဲတွင် ပုန်ကန်လိုစိတ်များ ကိန်းအောင်းနေလျှင်တောင်မှ အပြစ်ကင်းစင်ပြီး တက်ကြွရွှင်လန်းနေသေးသည့် လျန်ဝမ်အိမ်တော်မှ မိန်းကလေးတစ်ဦးသာ ဖြစ်နေသေးသည်ဟု မသိစိတ်က ခံစားနေမိ၏။ သူ၏ ဒေါသတကြီး ပေါက်ကွဲပြောဆိုမှု ပြီးဆုံးသွားသော်လည်း တစ်ဖက်လူ၏ တုံ့ပြန်စကားက အေးတိအေးစက်ပင် ဖြစ်နေဆဲ။ အချိန်ကြာမြင့်စွာ အာဏာရှိသူအဖြစ် နေထိုင်လာခဲ့သော သူမ၏ ဩဇာတိက္ကမက သူ့ကို အသက်ရှူရခက်စေလောက်အောင် ဖိနှိပ်ထားပြီး သူမ၏ ပညာရပ်အပေါ် ဝေဖန်တိုက်ခိုက်လိုက်သော စကားများက သူ၏ နာကျင်ရဆုံးနေရာကို ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် အာဏာကို စိန်ခေါ်ခံလိုက်ရသဖြင့် အရှက်ရမှုနှင့် ဒေါသတို့ ပိုလို့ပင် ထွက်ပေါ်လာခဲ့တော့သည်။

သူက အော်ဟစ်လိုက်လေသည်။ "ငါ့ရှေ့မှာ လာပြီး အပြောကောင်းမနေနဲ့! မင်းက ငါတို့ ယန်မိသားစုကို မင်းဆီ ခိုလှုံဖို့ လာဖျောင်းဖျတာဆိုရင်တော့ အဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်တာပဲ ကောင်းမယ်!"

တံခါးဝတွင် ဓားကိုပိုက်လျက် ရပ်နေသော ကျောင်းပိုင်သည် မျက်လွှာပင့်ကာ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လက်မက ဓားရိုးနှင့် ဓားအိမ် ဆက်နေသည့်နေရာကို တင်းကျပ်စွာ ဖိထားလိုက်၏။

ဝိန်းယွီ၏ မျက်လုံးအရောင်သည် တဖြည်းဖြည်း အေးစက်လာကာ ပြောလိုက်၏။ "ကျွန်မ အခက်ခဲဆုံးအချိန်တွေမှာတောင် ရှင်တို့ ယန်မိသားစုဆီကို အကူအညီ မတောင်းခဲ့ဖူးဘူး။ အရင်က ရေးခဲ့တဲ့ အဲဒီစာကလည်း အမေ့အတွက်ကြောင့်သာ ရှင်တို့ တစ်အိမ်လုံးနဲ့ မိသားစုတစ်စုလုံးကို ကာကွယ်ပေးဖို့ ရေးခဲ့တာပဲ။ အခု ကျွန်မက တောင်ပိုင်းနယ်စပ်မှာ စစ်သည်သောင်းချီ ပိုင်ဆိုင်ထားပြီး ကျွန်မတို့ တာ့လျန်အတွက် စာပေရေးသားပေးမယ့် စိတ်သဘောထား ဖြူစင်တဲ့ ပညာရှင်တွေလည်း ဒီလောကမှာ အများကြီးရှိတယ်။ ရှင်တို့ရဲ့ စုန်းယာစာသင်ကျောင်းက ဟန်ဆောင်နေတဲ့ လူသန့်အုပ်စုကိုလည်း လုံးဝ မလိုအပ်ဘူး။ ကျွန်မရဲ့ အမေက ရှင်တို့ ယန်မိသားစုကနေ ဆင်းသက်လာတာ မဟုတ်ရင်၊ ရှင်တို့ ယန်မိသားစုက ကျွန်မရဲ့ မိခင်ဘက်က ဆွေမျိုးတွေ ဖြစ်မနေဘူးဆိုရင် ကျွန်မက ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေကြီးထဲမှာ ဟန်ကျိုးကို ကိုယ်တိုင်ကိုယ်ကျ လာမယ်လို့ ရှင် ထင်နေတာလား”

"မင်း!" ယန်ယွမ်ထင်သည် ဝိန်းယွီကို လက်ညိုးထိုးကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

ကျောင်းပိုင်သည် လက်မဖြင့် တွန်းကာ အေးစက်နေသော ဓားကို ဓားအိမ်ထဲမှ လက်မဝက်ခန့် ဆွဲထုတ်လိုက်ပြီး အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။ "ရိုင်းစိုင်းလှချည်လား!"

ယန်ယွမ်ထင်သည် ကြောင်အမ်းအမ်းဖြင့် လက်ကို ရုပ်သိမ်းလိုက်သည်။ စာကြည့်ဆောင်ထဲတွင် ဖယောင်းတိုင်မီးများ လင်းထိန်နေသော်လည်း ဝိန်းယွီ၏အနောက်မှ ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု ဖြန့်ကျက်လာသကဲ့သို့ သူ ခံစားလိုက်ရ၏။ ထိုအေးစက်ပြီး လှပလွန်းသော မျက်လုံးအစုံထဲတွင် တော်ဝင်မင်းသမီးတစ်ပါး၏ သတ်ဖြတ်လိုစိတ်များနှင့် ဩဇာတိက္ကမများက လျှံကျနေခဲ့သည်။

သူ့ရှေ့တွင် ရပ်နေသူသည် တော်ဝင်သွေးသားပါရှိရုံမျှဖြင့် အမတ်ဟောင်းများ၏ တင်မြှောက်ခြင်းကို ခံထားရသော နူးညံ့သိမ်မွေ့သည့် မင်းသမီးလေး မဟုတ်ဘဲ၊ တော်ဝင်ဓားကို ကိုင်ဆောင်ကာ အလောင်းကောင်များနှင့် သွေးပင်လယ်ထဲမှ တစ်လှမ်းချင်းစီ တိုက်ခိုက်ရင်း ရာထူးအမြင့်ဆုံးသို့ တက်လှမ်းလာခဲ့သည့် မင်းသမီးတစ်ပါး ဖြစ်ကြောင်းကို နောက်ဆုံးတွင် သူ သဘောပေါက်သွားတော့သည်။

ဝိန်းယွီသည် ယန်ယွမ်ထင်ကို ထပ်ဂရုမစိုက်တော့ဘဲ ဝတ်ရုံ၏ ဦးထုပ်ကို ပြန်ဆောင်းကာ အပြင်သို့ ထွက်သွားရင်း ပြောလိုက်လေသည်။ "ဝေ့ချီရှန်းက ကျင့်အမတ်အဖြစ် ပြန်လည်ခံယူလိုက်ပြီဆိုတော့ ရှင်တို့ ယန်မိသားစု တစ်စုလုံး မြောက်ပိုင်းဒေသမှာ ဆက်နေရင် သေချာပေါက် ဘေးဒုက္ခနဲ့ ကြုံတွေ့ရလိမ့်မယ်။ ကျွန်မရဲ့ စစ်တပ်ကြီးက မြို့ပြင်မှာ ရှိနေတယ်။ ဒီည အိမ်အစေခံတွေကို လူစုခွဲပြီး အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းထားပါ။ မိုးလင်းရင် ကျွန်မနဲ့အတူ မြို့ပြင်ထွက်ဖို့ အချိန်မီပါသေးတယ်”

သူမ တံခါးဝသို့ ရောက်လုနီးပါးတွင် အနောက်မှ ယန်ယွမ်ထင်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။ "မင်း ဟန်ကျိုးကို မလာရင်တောင် ဝေ့ချီရှန်းက ကျင့်အမတ်အဖြစ် ပြန်ခံယူသွားပါစေ၊ ငါတို့ ယန်မိသားစုက ဘာအန္တရာယ်မှ မရှိဘဲ ဘေးကင်းနေမှာပဲ!"

ဝိန်းယွီ၏ ခြေလှမ်းများ အနည်းငယ် တန့်သွားသည်။ ဦးထုပ်က သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ဖုံးကွယ်ထားပြီး သူမက ပြောလိုက်လေသည်။ "ကျွန်မ ပြောပြီးပြီလေ၊ ကျွန်မ ဒီကိုလာတာက ကျွန်မရဲ့ အမေ့အတွက်ပဲ။ ရှင်တို့ ယန်မိသားစုက ရွေးချယ်မှု လုပ်ပြီးပြီဆိုမှတော့ မိုးလင်းတာနဲ့ ကျွန်မ ထွက်သွားမယ်။ ကျွန်မ လာသွားတယ်ဆိုတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ နောင် ရှင်တို့ ယန်မိသားစုရဲ့ ဂုဏ်တက်တာ၊ ကျဆင်းတာတွေကလည်း ကျွန်မနဲ့ တစ်စက်လေးမှ သက်ဆိုင်မှာ မဟုတ်တော့ဘူး!"

ကျောင်းပိုင်က သူမအတွက် တံခါးဖွင့်ပေးရန် ပြင်လိုက်ချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်က ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"အဖေ! အခု အခြေအနေတွေက အရမ်းခက်ခဲနေပြီး ဝေ့နဲ့ ဖေ စစ်တပ် ၂ ခုကလည်း အဆက်မပြတ် တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ ဟန်ကျိုးမှာ ဆက်နေတာက စဉ်းတီတုံးပေါ်က အသားလိုပဲ သူများခုတ်ထစ်သတ်ဖြတ်တာကို ခံရဖို့ပဲ ရှိတော့မှာပါ!"

အထဲသို့ ဝင်လာပြီး ယန်ယွမ်ထင်၏ အရှေ့တွင် ဒူးထောက်လိုက်သူမှာ လူငယ်တစ်ဦးဖြစ်ပြီး သူသည်ကား ယန်ယွမ်ထင်၏သား ယန်ပိယွင် ဖြစ်လေသည်။

ယန်ယွမ်ထင်သည် မျက်နှာပျက်သွားသလို ခံစားလိုက်ရပြီး သားဖြစ်သူကို ရိုက်နှက်ရန် ကြိမ်လုံးကို ရှာဖွေလိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မတွေ့ရသဖြင့် လက်ကိုမြှောက်ကာ သားဖြစ်သူ၏ ကျောကိုသာ ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်လေသည်။

"မင်း ထစမ်း! ဝေ့နယ်စားက သဘောထားကြီးတယ်။ ငါတို့ ယန်မိသားစုကလည်း အာဏာလုပွဲတွေမှာ မပါဝင်ဘူးဆိုတော့ သူက ငါတို့ ယန်မိသားစုကို ဘာကိစ္စ အခက်တွေ့အောင် လုပ်ရမှာလဲ!"

ယန်ပိယွင်သည် သနားစဖွယ် အသံဖြင့် တောင်းပန်နေဆဲ။ ဝိန်းယွီသည် ဤသားအဖနှစ်ယောက်၏ အငြင်းပွားမှုကို ဆက်လက်နားထောင်လိုစိတ် မရှိတော့သဖြင့် ကျောင်းပိုင် ထီးဖွင့်မိုးပေးပြီးနောက် စာကြည့်ဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။

တံခါးအပြင်ဘက်တွင် စောင့်နေသော ထုန်ချွဲသည် သူတို့ နှစ်ယောက် ထွက်လာသည်ကို မြင်သောအခါ စကားပြောဆိုရန် အဆင်မပြေခဲ့ကြောင်း သိလိုက်သဖြင့် အသံမထွက်တော့ဘဲ ဝိန်းယွီ၏ အနောက်မှ လိုက်ပါသွားခဲ့သည်။

အဖွဲ့သည် အရှေ့ဘက်ခြံဝင်းသို့ ရောက်ရှိသွားချိန်တွင် ခြံတံခါးဝ၌ စောင့်နေသော ကျန်းယွီက သူမတို့ လာနေသည်ကို မြင်သဖြင့် ဆီးကြိုရန် ပြင်လိုက်သည်။ သို့သော် ပန်းဆွဲတံခါးပေါက်အနောက်မှ အော်ခေါ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။

"မင်းသမီး၊ ကျေးဇူးပြုပြီး စောင့်ပါဦး!"

ဝိန်းယွီသည် ထီးအောက်မှနေ၍ ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်သောအခါ ယန်ပိယွင်က နှင်းများကို ဖြတ်ပြီး အပြေးအလွှား လာနေသည်ကို မြင်လိုက်ရသည်။ အနီးသို့ရောက်သောအခါ သူသည် အလျင်စလို အရိုအသေပေးလိုက်ပြီးမှ အဆုတ်ထဲသို့ အအေးဓာတ်ဝင်ရောက်သွားသော စူးရှသည့် နာကျင်မှုကို အောင့်ခံကာ မောကြီးပန်းကြီးဖြင့် ပြောလိုက်လေသည်။

"မင်းသမီးက ခရီးအဝေးကြီးကနေ ဟန်ကျိုးအထိ လာရောက်ခေါ်ဆောင်ပေးတဲ့အတွက် ယန်မိသားစုက အလွန်ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် ကျွန်တော်တို့ ယန်အိမ်တော်က လူ ၁၃၀ ကျော်ဟာ မင်းသမီးနဲ့အတူ တောင်ပိုင်းနယ်စပ်ကို လိုက်ပါသွားပါ့မယ်”

ဝိန်းယွီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ယခင်က သူမနှင့် ယန်အိမ်တော်မှ ဝမ်းကွဲမောင်နှမများ၏ ဆက်ဆံရေးသည် အတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် သူမသည် သူ့အပေါ် ဒေါသမထွက်ဘဲ ပြောလိုက်လေသည်။

"မင်းအဖေက..."

ယန်ပိယွင်က အလျင်အမြန် နောက်တစ်ကြိမ် အရိုအသေပေးကာ ပြောလိုက်လေသည်။

"အမေနဲ့ ပေါင်လင်တို့က အဖေ့ကို အိပ်ဆေးရည် တိုက်လိုက်ပါပြီ။ မနက်ဖြန် နေ့လယ်မတိုင်ခင်အထိ သူ နိုးလာမှာ မဟုတ်ပါဘူး”

ဤနေရာသို့ ရောက်သောအခါ သူ့မျက်နှာပေါ်တွင် အနည်းငယ် အနေရခက်သည့် အမူအရာ ပေါ်လာခဲ့သည်။

"အဘိုး ဆုံးပါးသွားပြီးနောက် စုန်းယာစာသင်ကျောင်းက တစ်နှစ်ထက်တစ်နှစ် အခြေအနေ ဆိုးလာခဲ့တယ်။ အဖေကလည်း ခေတ်ဟောင်းကိုပဲ ဖက်တွယ်ထားတဲ့ ရှေးရိုးစွဲဆန်တဲ့သူဆိုတော့ ဒီနှစ်တွေထဲမှာ ပိုပြီးတော့ ခေါင်းမာလာခဲ့တယ်။ ကျွန်တော်တို့လည်း သူ့ကို အကြိမ်ကြိမ် ဖျောင်းဖျခဲ့ဖူးပေမယ့် သူက အရမ်းကို ခေါင်းမာလွန်းနေတယ်။ ဒီနေ့ မင်းသမီးကို စော်ကားမိတဲ့အတွက် ကျွန်‌ောတ်က ကိုယ်စား ဒီနေရာကနေ မင်းသမီးကို တောင်းပန်ပါတယ်”

ပြောပြီးသည်နှင့် သူသည် ခါးကို နောက်တစ်ကြိမ် ပိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ပြန်သည်။

ပန်းဆွဲတံခါးပေါက်နောက်ရှိ ရေကန်လယ် စင်္ကြံဆောင်ထဲတွင် လူနှစ်ယောက်က မီးအိမ်များကို ကိုင်ဆောင်ကာ သည်ဘက်သို့ အလျင်အမြန် လာနေကြသည်။ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် စကတ်အနားစမှ သေသပ်လှပသော ပန်းဖွားလေးများကို မြင်တွေ့ရပြီး သူတို့မှာ ဝိန်းယွီ၏ဒေါ်လေးနှင့် ဝမ်းကွဲအစ်မတို့ပင် ဖြစ်ကြသည်။

သူတို့နှစ်ယောက်သည် ဝိန်းယွီကို မမီလိုက်မှာစိုးသဖြင့် ရေကန်လယ်စင်္ကြံဆောင်ဘက်မှ ဖြတ်လမ်းကို အသုံးပြုခဲ့ကြခြင်း ဖြစ်ဟန်တူသည်။ ယခုအခါ တွေ့မြင်ရပြီဖြစ်သော်လည်း ကြာကန်ကို ခြားကာ အပြန်အလှန် ကြည့်နေရုံသာ တတ်နိုင်ကြသည်။ အကွာအဝေး ဝေးလွန်းသဖြင့် အော်ခေါ်လိုက်ပါက ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများ သိရှိသွားမည်ကို စိုးရိမ်သဖြင့် အသံမထွက်ရဲကြဘဲ ပဝါဖြင့် မျက်ရည်များကိုသာ အဆက်မပြတ် သုတ်နေကြပြီး ဝိန်းယွီကို အဝေးမှနေ၍ ဒူးညွှတ်ကာ အပြစ်ရှိသလို မျက်လုံးများဖြင့် အရိုအသေပေးလိုက်ကြသည်။

ဝိန်းယွီသည် ဝမ်းကွဲအစ်မနှင့် ဒေါ်လေးဖြစ်သူတို့ကို မြင်လိုက်ရသောအခါ အတိတ်က မိခင်ဖြစ်သူနှင့်အတူ ဟန်ကျိုးသို့ လာရောက်ခဲ့ရသည့် အချိန်များကို ပြန်လည်သတိရမိသွားပြီး နှလုံးသားထဲတွင် အနည်းငယ် နူးညံ့သွားခဲ့သည်။ သူမ တင်းကျိုးမှ ပြန်လှည့်လာပြီးနောက် ဟန်ကျိုးသို့ လမ်းကြောင်းပြောင်းလာခဲ့ခြင်းသည် အစကတည်းက မိခင်၏ အစ်ကိုဖြစ်သူအတွက် မဟုတ်ဘဲ မိခင်၏ ဆွေမျိုးသားချင်း အားလုံးအတွက်သာ ဖြစ်ပေသည်။

ယန်ယွမ်ထင်သည် ခေါင်းမာပြီး ရှေးရိုးစွဲလွန်းသော်လည်း ဤမျှ ကြီးမားလှသော မိသားစုဝင်များ၏ အသက်သေဆုံးရမည်၊ မသေဆုံးရမည်ကို ဆုံးဖြတ်ခွင့်တော့ သူ့ထံတွင် မရှိချေ။

ဝိန်းယွီသည် ယန်ပိယွင်ကို ပြောလိုက်လေသည်။

"ဝမ်းကွဲအစ်ကို... ထပါတော့။ အားလုံးက မိသားစုဝင်တွေချည်းပါပဲ။ ကျွန်မက ကုန်သည်အဖွဲ့ပုံစံနဲ့ မြို့ထဲကို ဝင်လာတာဆိုတော့ မနက်ဖြန် နောက်ဆုံးထားပြီး နံနက်(၇)နာရီကနေ (၉)နာရီအတွင်းမှာ မြို့ပြင်ထွက်ရမယ်။ အိမ်အစေခံတွေကို လူစုခွဲဖို့နဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းဖို့ အချိန်လိုသေးတယ်ဆိုတော့ ဝမ်းကွဲအစ်ကို အရင်သွားပြီး စီစဉ်လိုက်ပါ”

ယန်ပိယွင်သည် သူမက မိမိကို ဝမ်းကွဲအစ်ကိုဟု ခေါ်လိုက်သည်ကို ကြားသောအခါမှသာ တစ်ကိုယ်လုံး သက်သာရာရသွားတော့သည်။ ခေါင်းမော့လာချိန်တွင် သူ၏မျက်လုံးများထဲ၌ နီရဲနေမှုများကို ခပ်ရေးရေး မြင်တွေ့နိုင်၏။ ငယ်စဉ်တောင်ကျေး ကလေးဘဝက သံယောဇဉ် မည်မျှပင် ရှိခဲ့စေကာမူ လော့ယန်နှင့် ဖုန်းယန်တို့၏ အပြောင်းအလဲများအပြီးတွင်တော့ ဖြတ်ကျော်၍မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခု ခြားနားသွားခဲ့လေပြီ။ သူက ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျွန်တော် အရင်သွားပြီး စီစဉ်လိုက်ပါ့မယ်”

သူသည် စီစဉ်မှုများပြုလုပ်ရန် အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကျန်းယွီသည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေရင်း မျက်လုံးများကို မှေးကာ ယန်ပိယွင်၏ ဆုတ်ခွာသွားသော ကျောပြင်ကို အတန်ကြာ စောင့်ကြည့်နေလိုက်၏။

___

ညအချိန်တွင် အအေးဒဏ်က ပြင်းထန်ပြီး ဆီးနှင်းများ ထူထပ်နေသည်။ ကျန်းဟူသည် မြေပြင်ပေါ်ရှိ ထင်းရှူးရွက်များကို နင်းကာ တောအုပ်ထဲမှ ထွက်လာချိန်တွင် ဆီးနှင်းခဲများ ကပ်နေသော သစ်ကိုင်းများကို မတော်တဆ ဝင်တိုက်မိသွား၏။ ထိုရေခဲတုံးလေးများသည် သူ့လည်ပင်းပေါ်သို့ ချက်ချင်း ကျလာသဖြင့် အအေးဒဏ်ကြောင့် သူသည် လည်ပင်းကို လက်ဖြင့် အလျင်အမြန် သုတ်ဖယ်ကာ အဆက်မပြတ် အသက်ရှူနေရတော့သည်။

မလှမ်းမကမ်းရှိ မီးပုံဘေးတွင် ရှောင်းလိ၊ စုန့်ချင်နှင့် ကျန်းဟွိုင်တို့ ၃ ယောက် ဝိုင်းဖွဲ့ထိုင်နေကြသည်။

ရှောင်းလိသည် ထက်ဝက်ခန့် လောင်ကျွမ်းနေသော သစ်ကိုင်းကို အသုံးပြု၍ မြေပြင်ပေါ်တွင် မြေမျက်နှာသွင်ပြင်ပြမြေပုံကို အကြမ်းဖျင်း ရေးဆွဲကာ မနက်ဖြန် ဖေစစ်တပ်ကို ဝိုင်းဝန်းတိုက်ခိုက်မည့် စစ်ဗျူဟာအကြောင်း ထိုနှစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်နေ၏။

ကျန်းဟူသည် ဝင်ထိုင်လိုက်ပြီးနောက် နှင်းရည်များ စိုရွှဲနေသော သူ့ဘောင်းဘီခြေထောက်တစ်ဝက်ကို မီးကင်ရင်း ညည်းညူလိုက်လေသည်။ "ဒါက တကယ်ကို လူတွေလုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ ငါတို့က ဒီလို နှင်းတွေကျနေတဲ့ ညကြီးမှာ တောထဲမှာ အိပ်နေရတယ်။ အဲဒီဝေ့သခင်လေး(၂)ကတော့ မြို့ထဲက မိန်းမလှလေးတွေရဲ့ ရင်ခွင်ထဲမှာ သက်သက်သာသာနဲ့ ပုန်းအောင်းနေပြီးတော့ စစ်ပွဲအစီရင်ခံစာပေါ်မှာကျတော့ သူ့နာမည်ကို ထည့်ဖို့ မျက်နှာပြောင်တိုက်ရဲသေးတယ်”

ယခင်က ယိုးကျိုးတိုက်ပွဲသည် ဝေ့စစ်တပ်၏ စိတ်ဓာတ်ကို အနည်းငယ် ပြန်လည်မြင့်တက်လာစေခဲ့သည်။ မကြာမီက လူရိုင်းများသည် မြို့ကို အပြင်းအထန် မတိုက်ခိုက်ကြသဖြင့် ရှောင်းလိလက်အောက်ရှိ အင်အား ၃၀၀၀၀ ရှိသော တရားမျှတမှုတပ်ဖွဲ့သည် မြို့ကို စောင့်ကြပ်ရန် တာဝန်မပေးခံရဘဲ ဖေစုန့် သိမ်းယူသွားသော နယ်မြေများကို ပြန်လည်ရယူရန်အတွက် ဝေ့ချီရှန်း၏ စေလွှတ်ခြင်းကို ခံခဲ့ရသည်။

ဝေ့ဖိန်ကျင်းကိုလည်း စစ်တပ်ကြီးကြပ်ရေးမှူးအဖြစ် ပို့ဆောင်ခံခဲ့ရပြီး ရှောင်းလိနှင့်အတူ လိုက်ပါကာ အတွေ့အကြုံယူစေရန်ဖြစ်သည်ဟု ဆိုကြ၏။

ကျန်းဟွိုင်သည် ပူနွေးနေသော ပြာများထဲတွင် ကင်ထားသည့် ကန်စွန်းဥများကို လှန်လှောရင်း ပြောလိုက်လေသည်။

"ရှော့ပျန်းနယ်စား ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီယခင်ကျင့်မင်းသမီးက အစစ်လား၊ အတုလားဆိုတာ မသိရသေးပေမယ့် ကြည့်ရတာတော့ သူတို့ ဝေ့အိမ်တော်ရဲ့ ချွေးမ ဖြစ်လာမယ့်ပုံပဲ။ နောင်ကျရင် အဲဒီဝေ့သခင်လေး(၂)က ဘုရင်ဖြစ်လာလိမ့်မယ်။ ရှော့ပျန်းနယ်စားက ဒီသားအပေါ် ဘယ်လောက်ပဲ မနှစ်သက်တဲ့ပုံ ပြပြ၊ ခင်းပေးရမယ့်လမ်းကိုတော့ တစ်ကွက်မှ မကျန်အောင် ခင်းပေးထားတာပဲ။ စစ်တပ်ထဲမှာ လူအင်အားစုဆောင်းနိုင်ဖို့အတွက် အရင်တုန်းက စစ်သူကြီးလျောင်နဲ့အတူ ယိုးကျိုးကို ကာကွယ်ခိုင်းခဲ့ပြီး အခုတစ်ခါလည်း အုပ်ချုပ်ရေးမှူးနဲ့အတူ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ လိုက်ခိုင်းပြန်ပြီ”

ကျန်းဟူသည် ဝေ့ဖိန်ကျင်း၏ ယခင် ယိုးကျိုးစစ်မျက်နှာပြင်တွင် ပြသခဲ့သော အပြုအမူကို ပြန်လည်စဉ်းစားမိသွားပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ သူက ရုတ်တရက် သက်ပြင်းချလိုက်ပြီး "ဒီရှော့ပျန်းနယ်စားက ဘယ်သူပဲပြောပြော ခေတ်တစ်ခေတ်ရဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ နှမြောစရာကောင်းတာက ဒီလို ခွေးသားတစ်ယောက်ကို မွေးထားမိတာပဲ”

ကျန်းဟွိုင်သည် ကျက်နေပြီဖြစ်သော ကန်စွန်းဥအချို့ကို ပြာပုံထဲမှ ဖယ်ထုတ်လိုက်ပြီး အခြားသူများကို ခွဲဝေပေးကာ ပြုံးရင်း ပြောလိုက်လေသည်။ "ဒါက ဘာဆန်းလို့လဲ။ ငြိမ်းချမ်းတဲ့ခေတ်မှာ နဂါးပလ္လင်ပေါ်မှာ ထိုင်နေတာက ဝက်တစ်ကောင် ဖြစ်နေရင်တောင်မှ အမတ်တွေအားလုံးက ထုံးစံအတိုင်း ရိုရိုသေသေ အရိုအသေပေးကြမှာပဲ”

ကျန်းဟူသည် ကန်စွန်းဥကို မပူစေရန် လက်ပေါ်တွင် ဟိုဘက်ဒီဘက် ပြောင်းကိုင်ရင်း သွားဖြီးကာ ပြောလိုက်လေသည်။ "ဝင်စားတတ်ဖို့ကလည်း လိုသေးတာပဲ”

စုန့်ချင်သည် လက်ထဲရှိ ကန်စွန်းဥကို ခွဲလိုက်ပြီး ပူနေသည်ကိုပင် ဂရုမစိုက်ဘဲ တစ်ကိုက်ကိုက်လိုက်ကာ "ငါ တွေးကြည့်တာတော့ ရှော့ပျန်းနယ်စားက သားကို လိုက်လာခိုင်းတာက စစ်ပွဲအောင်မြင်မှုတွေကို မျှဝေခံစားဖို့ သက်သက်တော့ မဟုတ်လောက်ဘူး”

ကျန်းဟွိုင်က ပြောလိုက်လေသည်။ "အခုအချိန်မှာ တရားမျှတမှုတပ်ဖွဲ့ အားလုံးက အုပ်ချုပ်ရေးမှူးရဲ့ လက်အောက်ကို ရောက်သွားပြီဆိုပေမယ့် လူတွေရဲ့ စိတ်နှလုံးက တစ်သားတည်း မဖြစ်သေးဘူး။ တကယ်လို့ အုပ်ချုပ်ရေးမှူး တစ်ယောက်တည်းကိုပဲ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ တာဝန်ပေးလိုက်မယ်ဆိုရင် တိုက်ပွဲ အကြိမ်အနည်းငယ်အကြာမှာ ဒီတရားမျှတမှုတပ်ဖွဲ့ ၃၀၀၀၀လုံးက အုပ်ချုပ်ရေးမှူးရဲ့ လက်အောက်မှာ သံပြားတစ်ချပ်လို ခိုင်မာသွားလိမ့်မယ်။ ဝေ့ဖိန်ကျင်းကို လိုက်လာခိုင်းတာက တရားမျှတမှုတပ်ဖွဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို လှုပ်ခတ်သွားစေဖို့နဲ့ သွားလို့ရတဲ့ ဖြတ်လမ်းတစ်ခု ရှိသေးတယ်ဆိုတာကို သူတို့ကို သိစေချင်လို့ပဲ”

တရားမျှတမှုတပ်ဖွဲ့ ခေါင်းဆောင်များသည် အစပိုင်းတွင် ရှောင်းလိအား မိတ်ဖွဲ့ခဲ့ကြခြင်းမှာ ယိုးကျိုးတွင် ရှိနေစဉ်က ဝေ့စစ်တပ်၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရသဖြင့် မှီခိုရာတစ်ခုကို ရှာဖွေလိုသောကြောင့် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဝေ့ချီရှန်းသည်လည်း ထိုတရားမျှတမှုတပ်ဖွဲ့ကို ဆွဲဆောင်ရန် ရည်ရွယ်ချက် ရှိနေပုံပေါ်သည်။

စုန့်ချင်က ပြောလိုက်၏။ "တရားမျှတမှုတပ်ဖွဲ့ ၃၀၀၀၀က အုပ်ချုပ်ရေးမှူးရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေတာကို ရှော့ပျန်းနယ်စားက စိတ်မချနိုင်သေးဘူးပဲ”

လူအချို့သည် ရှောင်းလိကို ကြည့်လိုက်ကြသည်။ သူသည် ထိုလူများ၏ စကားဝိုင်းကို မကြားသကဲ့သို့ မြေပြင်ပေါ်တွင် အကြမ်းဖျင်း ရေးဆွဲထားသော မြေမျက်နှာသွင်ပြင်ပြမြေပုံကိုသာ ဆက်လက်ကြည့်ရှုနေပြီး ပြောလိုက်လေသည်။ "ဖေစစ်တပ်ရဲ့ ဒီရက်ပိုင်း လှုပ်ရှားမှုတွေက သိပ်ပြီးတော့ မမှန်ဘူး”

လူအများစုသည် လက်ရှိစစ်ပွဲကသာ အရေးအကြီးဆုံးဖြစ်ကြောင်း သိရှိကြသဖြင့် ချက်ချင်းပင် ပိုမိုနီးကပ်စွာ ဝိုင်းဖွဲ့လိုက်ကြသည်။

ရှောင်းလိသည် သစ်ကိုင်းငယ်လေးကို အသုံးပြု၍ ဖေစစ်တပ်၏ ဒီရက်ပိုင်းအတွင်း ဆုတ်ခွာသည့်လမ်းကြောင်းကို အကြမ်းဖျင်း ရေးဆွဲပြလိုက်ပြီး ပြောလိုက်လေသည်။ "သူတို့က ဆုတ်ခွာဖို့ကိုပဲ အာရုံစိုက်နေပြီး ငါတို့နဲ့ ထိပ်တိုက်မရင်ဆိုင်ဘူး။ ငါတို့ကို တောင်ဘက်ကို တစ်လျှောက်လုံး မျှားခေါ်သွားပြီး ယန်ယွင် ပြည်နယ်ဆယ့်ခြောက်ခု နယ်စပ်ကနေ ထွက်ဖို့တောင် နီးနေပြီ”

ကျန်းဟွိုင်သည် ရှောင်းလိက မြေပြင်ပေါ်တွင် ရေးဆွဲထားသော သူတို့ရောက်ရှိနေသည့် နေရာ၏ အစက်ငယ်လေးမှ မြောက်ဘက်ရှိ အဓိက နယ်ခြားစောင့်စခန်းကြီးများဆီသို့ အကွာအဝေးကို ကြည့်ရင်း မျက်နှာအမူအရာက ချက်ချင်း လေးနက်သွားကာ ပြောလိုက်လေသည်။

"ကျားကို တောင်ပေါ်ကနေ ခေါ်ထုတ်တာလား?"

ရှောင်းလိသည် ဟုတ်သည်၊ မဟုတ်သည်ကို တိတိကျကျ မပြောဘဲ ပြောလိုက်လေသည်။ "သူတို့ မျှားခေါ်တဲ့နောက်ကို တောင်ဘက်ဆီ ဆက်ပြီး လိုက်သွားလို့ မဖြစ်တော့ဘူး”

စုန့်ချင်က ပြောလိုက်လေသည်။ "ဒါပေမယ့် ဖေသူခိုးတွေက ဖြတ်သန်းသွားတဲ့ နေရာတွေက ပြည်သူတွေရဲ့ ငွေကြေးနဲ့ ရိက္ခာတွေကို တစ်လျှောက်လုံး လုယက်နေတယ်။ ငါတို့ရဲ့ တာဝန်ကလည်း ဖေစစ်တပ်ကို လိုက်လံတိုက်ခိုက်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ပဲ။ အခုလိုအချိန်မှာ လမ်းကြောင်းပြောင်းပြီး ပြန်လှည့်မယ်ဆိုရင် စစ်တပ်ရဲ့ အမိန့်ကို ဖီဆန်ရာရောက်ရုံတင်မကဘူး၊ တကယ်လို့ ဖေစစ်တပ်က ရွာတချို့နဲ့ မြို့တွေကို သတ်ဖြတ်သွားမယ်ဆိုရင် ငါတို့က နောက်ပိုင်းမှာ အပြစ်တင်ခံရလိမ့်မယ်”

ကျန်းဟူသည် ဒေါသထွက်လွန်းသဖြင့် မတ်တတ်ရပ်လိုက်ကာ ပြောလိုက်လေသည်။

"သေစမ်း! ဒီဖေသူခိုးက ကြိုတင်ကြံစည်ထားတာပဲ!"

ကျန်းဟွိုင်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပြီး "ဒီလိုဆိုတော့ လူရိုင်းတွေက မကြာခင်မှာ ရုတ်တရက် ဝင်တိုက်လိမ့်မယ်ဆိုတာ အခြေခံအားဖြင့် သေချာသလောက် ရှိသွားပြီ”

ရှောင်းလိသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။ "နယ်ခြားစောင့်စခန်း အားလုံးဆီကို မိုင်၈၀၀ အမြန်စာပို့လိုက်ပါ။ ဝေ့ကျိုးဆီကိုလည်း စာတစ်စောင် ပို့လိုက်။ မနက်ဖြန်ကျရင် အမြန်မြင်းတပ် ၂ ဖွဲ့ကိုပဲ ရွေးပြီး ဖေစစ်တပ်ကို ဆက်ပြီး လိုက်တိုက်ခိုက်ခိုင်းလိုက်။ စစ်တပ်ကြီးကတော့ ဒီနေရာမှာပဲ ခဏနေပြီး အမိန့်ကို စောင့်ကြ”

ဆွေးနွေးတိုင်ပင်မှု ပြီးဆုံးသွားပြီးနောက် လူအားလုံးသည် အနားယူရန် မိမိတို့၏ စစ်တဲများဆီသို့ အသီးသီး ပြန်သွားကြတော့သည်။

...

အပိုင်း (၁၄၁.၂)

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှောင်းလိသည် အမြန်မြင်းတပ်တစ်ဖွဲ့ကို ဦးဆောင်ကာ ဖေစစ်တပ်တစ်ဖွဲ့ကို လိုက်လံတိုက်ခိုက်နေ၏။ ထိုဖေစစ်တပ်၏ လှုပ်ရှားမှုလမ်းကြောင်းကို စောင့်ကြည့်ရန် ကင်းထောက်တစ်ဦး စေလွှတ်လိုက်ပြီးနောက် ကင်းထောက်က ပြန်လည်ရောက်ရှိလာပြီး အစီရင်ခံလိုက်လေသည်။ "အုပ်ချုပ်ရေးမှူး၊ အဲဒီ ဖေစစ်တပ်က ရုတ်တရက် တောင်ဘက်ကို ဆက်မသွားတော့ဘဲ လမ်းကြောင်းပြောင်းပြီး ဟန်ကျိုးဘက်ကို တိုက်ရိုက် သွားနေပါတယ်!"

စုန့်ချင်သည် ရှောင်းလိနှင့်အတူ လိုက်ပါလာပြီး ဤသတင်းကို ကြားသောအခါ အလားတူ နားမလည်နိုင်ဖြစ်သွား၏။ "ဖေစစ်တပ်ရဲ့ လှုပ်ရှားမှုက ပိုပြီးတော့တောင် နားလည်ရခက်လာပြီပဲ၊ ဟန်ကျိုးကလည်း ယန်ယွင် ၁၆ပြည်နယ်ထဲမှာ မပါဘူးလေ၊ သူတို့က အဲဒီကို ဘာသွားလုပ်မှာလဲ"

ရှောင်းလိသည် မြောက်ပိုင်းရှိ ယန်ယွင် ၁၆ပြည်နယ် အပြင်ဘက်မှ မြေမျက်နှာသွင်ပြင်ကို ကောင်းစွာ မရင်းနှီးသေးသဖြင့် မေးလိုက်လေသည်။ "အဲဒီ ဟန်ကျိုးက ဘယ်လိုနေရာလဲ"

သိရှိသော လက်အောက်ခံစစ်သူကြီးတစ်ဦးက ဖြေလိုက်၏။ "လျန်ဝမ်ရဲ့ဇနီးသည် မိခင်ဘက်က ဆွေမျိုးတွေ အဲဒီမှာ ရှိတယ်ထင်တယ်။ ဖုန်းယန် ကျဆုံးသွားတာနဲ့ ဖေစုန့်က ရှင်းလင်းသတ်ဖြတ်မှာကို ကာကွယ်ဖို့ သူတို့က ရှော့ပျန်းနယ်စားဆီကို ခိုလှုံသွားကြတာပဲ”

စုန့်ချင်သည် ထိုစကားကို ကြားသည်နှင့်တစ်ပြိုင်နက် နောက်ကွယ်မှ အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားပြီး ရှောင်းလိကို ပြောလိုက်လေသည်။ "ဒုက္ခပဲ!"

ရှောင်းလိ၏ မျက်လုံးအရောင်သည်လည်း အနည်းငယ် ပြောင်းလဲသွားပြီး မြင်းဇက်ကြိုးကို ခပ်ဖွဖွ ဆွဲလိုက်ကာ ပြောလိုက်လေသည်။ "ဟန်ကျိုးကို သွားမယ်”

_____

ဝိန်းယွီသည် ယန်မိသားစုဝင်များကို ခေါ်ဆောင်ကာ မြို့ပြင်သို့ ထွက်ခွာလာပြီး မြို့ပြင်တွင် စောင့်ဆိုင်းနေသော လျန်စစ်တပ်နှင့် ပူးပေါင်းပြီးနောက် မူလအစီအစဉ်အတိုင်း တောင်ဘက်သို့ ဦးတည်သွားနေခဲ့သည်။

သို့သော် စစ်တပ်ကြီး စတင်ထွက်ခွာပြီး သိပ်မကြာမီမှာပင် အနောက်ဘက်တွင် ဝေ့စစ်တပ်က လိုက်လံဖမ်းဆီးလာသည်ကို ကင်းထောက်က တွေ့ရှိသွားခဲ့သည်။

မြို့ထဲမှ ထွက်ခွာစဉ်က မည်သည့်အမှားအယွင်းမျှ မရှိခဲ့သည်ကို ဝိန်းယွီ သေချာနေသည်။ ယန်မိသားစုဝင်များကို မိုးမလင်းမီကတည်းက ဧည့်ဂေဟာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မြို့တံခါးစောင့်များက သူတို့၏ "ကုန်သည်အဖွဲ့"တွင် တစ်ညတွင်းချင်း လူအရေအတွက် များပြားလာသည်ကို ရိပ်မိမှာစိုးသဖြင့် လက်အောက်ငယ်သားများက သာမန်ပြည်သူများအဖြစ် ဟန်ဆောင်ကာ အဖွဲ့ခွဲ၍ မြို့ပြင်သို့ ထွက်ခွာခဲ့ကြသည်။

အကယ်၍ ဝေ့ချီရှန်းက ကျင့်အမတ်အဖြစ် ပြန်လည်ခံယူကြောင်း ကြေညာပြီးနောက် ယန်မိသားစုဝင်များ ဟန်ကျိုးမှ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လူလွှတ်၍ စောင့်ကြည့်နေခဲ့သည်ဟု ဆိုပါကလည်း မနေ့က သူမ ယန်အိမ်တော်သို့ မဝင်ရောက်မီ ကျောင်းပိုင်က လူများကိုခေါ်ကာ ယန်အိမ်တော် ပတ်ဝန်းကျင်ကို နာရီပေါင်းများစွာ လျှို့ဝှက်စောင့်ကြည့်ခဲ့ပြီးဖြစ်ကာ မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရှိခဲ့ရချေ။

သူမက ထိုကင်းထောက်ကို မေးလိုက်လေသည်။ "ဝေ့စစ်တပ်က ဒီသတင်းကို ဘယ်လိုများ ရိပ်မိသွားတာလဲ"

ကင်းထောက်က ဖြေလိုက်၏။ "ကြားရသလောက်တော့ ဒီမနက်မှာ ဓားပြတစ်ဖွဲ့က ယန်အိမ်တော်ကို ဝင်လုကြတယ်။ မြို့ထဲက ဝေ့စစ်တပ်က ယန်အိမ်တော်ကို သွားဖမ်းတဲ့အခါမှ ယန်အိမ်တော်မှာ လူတစ်ယောက်မှ မရှိတော့တာကို တွေ့သွားတာပါပဲ။ အဲဒီ ဓားပြအဖွဲ့က သိုင်းပညာ တော်တော်ကောင်းပြီး အခုဆို မြို့ပြင်ထွက်သွားကြပြီ။ ဝေ့စစ်တပ်က ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့က ဓားပြတွေကို လိုက်ဖမ်းပြီး နောက်တစ်ဖွဲ့က ယန်မိသားစုဝင်တွေကို လိုက်ဖမ်းနေပါတယ်”

ဝိန်းယွီသည် မျက်မှောင်ကြုတ်လိုက်၏။ "ဓားပြတွေလား"

ဟန်ကျိုးမြို့တွင်းတွင် ချမ်းသာသော မိသားစုကြီးများ အများအပြား ရှိသည်။ ဓားပြများ မြို့ထဲသို့ ဝင်ရောက်လာလျှင်တောင်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ယန်အိမ်တော်သို့ တိုက်ရိုက် ဦးတည်သွားရန် မဖြစ်နိုင်ပေ။ ဤဓားပြအဖွဲ့၏ နောက်ခံမှာ တကယ်ကို ထူးဆန်းလွန်းနေသည်။

သူမသည် လက်ကို ဝှေ့ယမ်းကာ ထိုကင်းထောက်ကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက်တွင်လည်း တွန့်ချိုးနေသော မျက်ခုံးများက ပြေကျမသွားသေးချေ။

ကျောင်းပိုင်က ပြောလိုက်လေသည်။ "ဝေ့ချီရှန်းက ကျင့်အမတ်အဖြစ် ပြန်လည်ခံယူတယ်လို့ ကြေညာလိုက်တဲ့ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ယန်အိမ်တော်သာ ဘေးဒုက္ခနဲ့ ကြုံတွေ့သွားရရင် ဘယ်သူမဆို ဒါက ဝေ့ချီရှန်းနဲ့ မပတ်သက်ဘူးလို့ ထင်မှာမဟုတ်ဘူး”

ဝိန်းယွီ၏ မျက်လုံးအရောင်သည် ကြည်လင်အေးစက်နေ၏။ "ဝေ့ချီရှန်းကို နာမည်ပျက်တစ်ခု ပေးနိုင်သလို လျန်နဲ့ ဝေ့ စစ်တပ် ၂ ခုကြားက ရန်ငြိုးကိုပါ လုံးဝ ဖန်တီးပေးနိုင်တယ်။ ဖေစုန့်ရဲ့ ပြဿနာကို တခြားဆီ လွှဲချလိုက်တဲ့ ဒီလှည့်ကွက်က တကယ်ကို တွက်ခြေကိုက်တာပဲ”

ကျောင်းပိုင်သည် ဖုန်းယန်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "အချိန်ကို တွက်ကြည့်ရရင် ဟုန်အန်းဘုရားကျောင်းကို သွားလုမယ့် ချင်းယွင်စစ်သည်တွေ လှုပ်ရှားနေလောက်ပြီ။ ရှီဇီဖေးနဲ့ အမတ်တွေကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့လား、 မကယ်တင်နိုင်ခဲ့ဘူးလားဆိုတာပဲ မသိရတာ။ အဲဒီ ဓားပြအဖွဲ့ကလည်း ဖေစုန့်ရဲ့ ခွေးတွေ ဟန်ဆောင်ထားတာဆိုရင်、 ဒီတစ်ခေါက် သူတို့ရဲ့ ပစ်မှတ်က ယန်မိသားစုဝင်တွေ ဖြစ်နေတော့ လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်လောက်ဘူး”

အပြင်ပန်းတွင် မြောက်ပိုင်းဝေ့၏ လိုက်လံဖမ်းဆီးသော စစ်သည်များ ရှိနေပြီး၊ လျှို့ဝှက်စွာဖြင့်လည်း ဖေမိသားစု၏ အဆိပ်ပြင်းသော ပိုးမွှားများ ရှိနေသေးသည်။ ဤတစ်ကြိမ် သူမတို့၏ အပြန်ခရီးမှာ သိပ်ပြီး လွယ်ကူမည်မဟုတ်မှာ စိုးရိမ်ရပေသည်။

ဝိန်းယွီသည် ခဏလောက် တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။ "ကျန်းယွီကို ခေါ်လိုက်။ လူ ၂၀၀၀က ပစ်မှတ်အရမ်းကြီးတယ်။ ငါတို့ အဖွဲ့ခွဲပြီး ခရီးဆက်ရမယ်”

မလှမ်းမကမ်းရှိ မြင်းလှည်းထဲတွင် ယန်ယွမ်ထင်သည် နိုးလာခဲ့ပြီဖြစ်သည်။ သို့သော် ယန်သခင်မက ဤအဘိုးကြီး ခေါင်းမာပြီး လမ်းတစ်လျှောက်လုံး ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် လူများကိုခေါ်ကာ ပိုးကြိုးဖြင့် တုပ်နှောင်ထားစေပြီး ပဝါဖြင့်လည်း ပါးစပ်ကို ပိတ်ထားလိုက်သည်။

အစပိုင်းတွင် ယန်ယွမ်ထင်သည် ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်နေပြီး ဇနီးဖြစ်သူနှင့် သားသမီး ၂ ယောက်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသည့်ပုံစံ ပေါက်နေ၏။ သို့သော် မြင်းလှည်းအပြင်ဘက်မှ ဝိန်းယွီနှင့် ကင်းထောက်တို့၏ စကားပြောသံကို ကြားလိုက်ရသောအခါ သူ၏ ရုန်းကန်နေမှုများက လျော့နည်းသွားပြီး ပါးစပ်မှလည်း အသံမထွက်တော့ချေ။

ယန်ပိယွင်သည် မျက်နှာချင်းဆိုင်က ထိုင်ဖုံပေါ်တွင် ထိုင်နေသည်။ တစ်ဖက်တွင် တစ်အိမ်လုံး အသက်ရှင်ခွင့်ရခဲ့သည့်အတွက် ဝမ်းသာနေသော်လည်း အခြားတစ်ဖက်တွင်တော့ ကြောက်ရွံ့မှုကို မတားဆီးနိုင်ဖြစ်နေ၏။ ယန်သခင်မနှင့် သမီးဖြစ်သူတို့မှာမူ မျက်နှာများ လုံးဝ ဖြူရော်နေကြလေပြီ။

ယန်သခင်မသည် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ မျက်ရည်များဝဲကာ ညည်းညူလိုက်မိလေသည်။ "ဒီနှစ်တွေတစ်လျှောက်လုံး ရှင်က ဒီလိုစရိုက်မျိုးပဲ။ အသက်အန္တရာယ်ရှိတဲ့ အရေးကြီးကိစ္စတွေမှာတောင် တစ်အိမ်လုံးက လူတွေကို ရှင်နဲ့အတူ အသေခံခိုင်းမှပဲ ကျေနပ်မှာလား"

ယန်ယွမ်ထင်သည် အရှက်ရသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

ယန်ပိယွင်သည် မနေ့ညက ဖခင်ဖြစ်သူ ဝိန်းယွီအပေါ် လွန်လွန်ကျူးကျူး ပြောဆိုခဲ့သည်များကို ပြန်တွေးမိပြီး ယခုအခါ ဖေနှင့် ဝေ့ နှစ်ဖက်စလုံးက သူတို့ကို ပစ်မှတ်ထားနေပြီဖြစ်သဖြင့် နောင်တွင် ဝိန်းယွီကိုသာ မှီခိုအားထားရတော့မည်ဖြစ်ရာ ပိုလို့ပင် ရှက်ရွံ့နေမိကာ ပြောလိုက်လေသည်။

"အဖေက ယန်မိသားစုက နိုင်ငံရေးမှာ မပါဝင်ဘူးဆိုတော့ ဝေ့နယ်စားရဲ့ စိတ်သဘောထားအရ ကျွန်တော်တို့ ယန်မိသားစုကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူးလို့ ထင်နေတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် အခုကစားကွင်းထဲကို ရောက်နေပြီဆိုတော့ အကြိမ်တော်တော်များများမှာ ကျွန်တော်တို့က ကင်းကင်းရှင်းရှင်း နေချင်တိုင်း နေလို့မရဘူးလေ။ အဒေါ် သက်ရှိထင်ရှားရှိစဉ်က လျန်ဝမ်ရဲ့ ဇနီးဖြစ်ခဲ့ပြီး ကွယ်လွန်သွားပြီးနောက်မှာ တာ့လျန်ရဲ့ ဝမ်ဟွေ့မိဖုရားကြီးအဖြစ် ဘွဲ့နှင်းခံခဲ့ရတယ်။ မင်းသမီးရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ကျွန်တော်တို့ ယန်မိသားစုရဲ့ သွေးတွေ စီးဆင်းနေတယ်။ ကျွန်တော်တို့ ယန်မိသားစုက တစ်လောကလုံးက အာဏာရှင်တွေကို လှုပ်ခတ်နိုင်တဲ့ အသုံးဝင်မှု နည်းနည်းလေး ရှိနေသေးသရွေ့ အဲဒီသတ်ဖြတ်မယ့် ဓားကြီးက ကျွန်တော်တို့ ယန်မိသားစုဝင်တွေရဲ့ ခေါင်းပေါ်မှာ အမြဲတမ်း တွဲလောင်းကျနေမှာပဲ။ မင်းသမီးတစ်ယောက်တည်းကသာ ကျွန်တော်တို့ ယန်မိသားစု တစ်စုလုံးကို တကယ် လုံခြုံအောင် ကာကွယ်ပေးနိုင်မှာပါ”

သူသည် ယန်ယွမ်ထင်ကို ကြည့်ကာ ဒူးထောက်ချလိုက်သည်။ "အဖေ, အဖေ ပြန်လှည့်ပြီး မင်းသမီးကို တောင်းပန်လိုက်ပါ။ မဟုတ်ရင် ကျွန်တော်တို့ ယန်အိမ်တော်က လူတွေက မင်းသမီးရဲ့ ဒီလို ကြီးမားတဲ့ ကျေးဇူးကို ခံယူဖို့ ဘယ်လို မျက်နှာမျိုး ရှိတော့မှာလဲ"

ယန်ယွမ်ထင်သည် တစ်ချိန်လုံး အသံမထွက်ဘဲ နေနေခဲ့သည်။ ယန်ပိယွင်က ဒူးတိုက်လျက် နှစ်လှမ်းတိုးသွားပြီး သူ၏ ပါးစပ်ထဲတွင် ပိတ်ထားသော ပဝါကို ဖယ်ရှားပေးလိုက်သည်။

သို့သော် ယန်ယွမ်ထင် ပြောလိုက်သည့် ပထမဆုံး စကားသည် ဒေါသထွက်နေသော စကားပင် ဖြစ်နေသေးသည်ကို မည်သူက ထင်မှတ်ထားမည်နည်း။ "ဒီလိုဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင်,အဘိုးက ယွင်ယင်းကို ဝိန်းမိသားစုဆီ ပေးမစားခဲ့သင့်ဘူး……"

ယန်သခင်မသည် သားအကြီးဆုံး စကားမပြောနိုင်မီ ပဝါကို အလျင်အမြန် လုယူလိုက်ပြီး သူ၏ ပါးစပ်ကို ပြန်လည် တင်းကျပ်စွာ ပိတ်လိုက်ပြန်သည်။ သူမသည် ပဝါကို ဆုပ်ကိုင်ထားလျက် ယန်ယွမ်ထင်ကို လက်ညှိုးထိုးကာ မျက်ရည်များဖြင့် ပြောလိုက်၏။ "ဒီလမ်းတစ်လျှောက်လုံး သူ့ကို စကားထပ်မပြောခိုင်းနဲ့တော့!"

ပြောပြီးသည်နှင့် သူမသည် သမီးဖြစ်သူ၏ ပခုံးပေါ်တွင် မျက်နှာအပ်ကာ ငိုကြွေးလေတော့သည်။

ယန်မိသားစု၏ မြင်းလှည်းပေါ်ရှိ ဤအပြောင်းအလဲများကို ဝိန်းယွီကတော့ သေချာပေါက် မသိရှိခဲ့ချေ။

သူမသည် ကျန်းယွီကို ခေါ်ယူပြီးနောက် တရားမျှတမှုတပ်ဖွဲ့ ၂၀၀၀ကို အဖွဲ့များခွဲကာ မတူညီသော လမ်းကြောင်းများမှတစ်ဆင့် တောင်ပိုင်းနယ်စပ်သို့ လျှို့ဝှက်စွာ ပြန်လည်ဝင်ရောက်ရန် အမိန့်ပေးလိုက်သည်။

ပစ်မှတ်က အရမ်းကြီးမားနေပြီး မြောက်ပိုင်းဒေသအတွင်း၌လည်း ဖြစ်နေသဖြင့် ဝေ့စစ်တပ်၏ ပိုက်ကွန်ဖြင့် ဖမ်းဆီးခြင်းကို လွယ်ကူစွာ ခံရနိုင်ပေသည်။

ယန်မိသားစုဝင်များနှင့် အတူသွားမည်၊ မသွားမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ ကျောင်းပိုင်နှင့် ကျန်းယွီတို့က တစ်ညီတစ်ညွတ်တည်း တားမြစ်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ဝေ့စစ်တပ်နှင့် ဖေစုန့်၏ လူများသည် ဝိန်းယွီ မြောက်ပိုင်းတွင် ရှိနေကြောင်းကို မသိရှိကြသေးချေ။ ထို့ကြောင့် သူတို့၏ ပစ်မှတ်မှာ ယန်မိသားစုဝင်များသာ ဖြစ်ပြီး စေလွှတ်ထားသော စစ်အင်အားမှာလည်း ကန့်သတ်ချက် ရှိနေသည်။

အကယ်၍ သူတို့ မြောက်ပိုင်းဒေသမှ လွတ်မြောက်သွားခဲ့လျှင်ပင် ဖေနှင့် ဝေ့ နှစ်ဖက်စလုံးအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုတော့ မဟုတ်ချေ။

သို့သော် ဝိန်းယွီ မြောက်ပိုင်းတွင် ရှိနေကြောင်း သတင်းပေါက်ကြားသွားပါက ဖေစုန့်ဖြစ်စေ၊ ဝေ့ချီရှန်းဖြစ်စေ သေချာပေါက် အစွမ်းကုန် လိုက်လံရှာဖွေ ဖမ်းဆီးကြလိမ့်မည်။ ထို့ကြောင့် သူမနှင့် ယန်မိသားစုဝင်များ အတူသွားလာခြင်းက သူမအတွက်ရော၊ ယန်မိသားစုဝင်များအတွက်ပါ အန္တရာယ်အများဆုံး ဖြစ်ပေလိမ့်မည်။

လိုက်လံဖမ်းဆီးသူများကို ဖြတ်ချမည့် နည်းလမ်းကို တိုင်ပင်ဆွေးနွေးပြီးနောက် ဝိန်းယွီသည် ယန်သခင်မနှင့် ဝမ်းကွဲမောင်နှမ နှစ်ယောက်ကို သွားရောက်တွေ့ဆုံကာ သူတို့နှင့် လမ်းခွဲ၍ ခရီးဆက်ခဲ့သည်။

ယန်ပိယွင်သည် ဝိန်းယွီကို ပြဿနာမပေးလိုသလို မိခင်၊ ညီမနှင့် ဆွေမျိုးသားချင်း အားလုံးကို ကာကွယ်ရန်အတွက် သူ တစ်ယောက်တည်း တရားမျှတမှုတပ်ဖွဲ့ တစ်ဖွဲ့နှင့် လိုက်ပါကာ ငါးစာအဖြစ် လုပ်ဆောင်ပေးမည်ဟုပင် အဆိုပြုလာခဲ့သည်။

ဝိန်းယွီက လုံးဝ ခွင့်မပြုခဲ့သော်လည်း ယန်ပိယွင်က ဆုံးဖြတ်ချက် ခိုင်မာနေခဲ့ပြီး ဝိန်းယွီကို လက်နှစ်ဖက် ယှက်ကာ အရိုအသေပေးလျက် ပြောလေသည်။ "မင်းသမီးက ခရီးအဝေးကြီးကနေ လာရောက်ကယ်တင်ပေးတဲ့အတွက် ယန်မိသားစု တစ်စုလုံးက ကျေးဇူးတင်မဆုံး ဖြစ်နေပါပြီ။ အခု အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတော့ မင်းသမီးကို အန္တရာယ်ထဲကို လုံးဝ ဆွဲမသွင်းနိုင်ပါဘူး။ နောက်ပြီး ယွင် အခုလို အန္တရာယ်ကို ရင်ဆိုင်ရတာက ယန်မိသားစုအတွက် ပိုများပါတယ်”

သူတို့ ယန်မိသားစုက ဟန်ကျိုးမှ မထွက်ခွာဘဲ အမြဲတမ်း နေခဲ့လျှင် အဆင်ပြေနိုင်သော်လည်း ယခု ဟန်ကျိုးမှ လျှို့ဝှက်စွာ ထွက်ခွာလာပြီဖြစ်သဖြင့် လျန်နှင့် ဝေ့ စစ်တပ် ၂ ခုကြားတွင် ရွေးချယ်မှု ပြုလုပ်လိုက်ပြီဖြစ်သည်။ အကယ်၍ ပြန်လည်ဖမ်းဆီးခံရပါက ယခင်ကဲ့သို့ ဧည့်ဝတ်ကျေပွန်မှုကို ရရှိတော့မည်မဟုတ်ဘဲ မြောက်ပိုင်းဝေ့က ဝိန်းယွီကို ခြိမ်းခြောက်မည့် အမှန်တကယ် အသုံးချစရာတစ်ခု ဖြစ်လာပေလိမ့်မည်။

သူတို့နှစ်ဦး အငြင်းပွားနေစဉ် ဘေးဘက်ရှိ မြင်းလှည်းခန်းဆီးကို ပင့်တင်လိုက်ပြီး ယန်သခင်မက နီရဲနေသော မျက်လုံးများဖြင့် ဝိန်းယွီကို ပြောလိုက်၏။ "မင်းသမီး, သူ့ကို သွားခွင့်ပြုလိုက်ပါ။ သူက ယန်မိသားစုရဲ့ သားအကြီးဆုံးလေ,တစ်အိမ်လုံး ဒုက္ခရောက်နေချိန်မှာ သူက ထွက်ပြီး ရင်ဆိုင်ရမှာပေါ့။ ခေါင်းဝှက်,အမြီးဝှက် လုပ်နေရင်တော့ ယောက်ျားကောင်း တစ်ယောက်လို့ မခေါ်နိုင်တော့ဘူး။ အရင်က ဖတ်ခဲ့ဖူးတဲ့ ပညာရှိစာအုပ်တွေကိုလည်း ပိုပြီးတော့ အရှက်ရစေတယ်။ ပြီးတော့ မျိုးနွယ်စုထဲက ကလေးတွေအတွက် ဘယ်လိုလုပ်ပြီး စံပြဖြစ်တော့မလဲ"

ယန်ပိယွင်သည် ဝိန်းယွီကို နောက်တစ်ကြိမ် အရိုအသေပေးကာ လေးနက်စွာ ပြောလိုက်လေသည်။ "မင်းသမီးက ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”

သူ ဤကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းသည် သူတစ်ယောက်တည်းကို စတေး၍ လိုက်လံဖမ်းဆီးသူများကို မျှားခေါ်သွားပြီး သူမနှင့် ယန်မိသားစုဝင်များ အားလုံးကို တောင်ပိုင်းနယ်စပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ခြင်းဖြစ်ကြောင်းကို ဝိန်းယွီက မသိဘဲ အဘယ်မှာ နေပါမည်နည်း။ အကယ်၍ တကယ်ပဲ မမျှော်လင့်ထားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပါက သူမအနေဖြင့် သူ၏ ယနေ့လုပ်ရပ်ကို ထောက်ထားပြီး ယန်ယွမ်ထင်၏ စော်ကားသော စကားများကို အရေးမလုပ်ဘဲ မည်သည့်ကိစ္စတွင်မဆို သူတို့ ယန်မိသားစုကို နည်းနည်းလောက် ကာကွယ်ပေးနိုင်စေရန် ဖြစ်သည်။

ဩဇာအာဏာဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တကယ်ကို စိမ်းသက်သွားစေနိုင်သော အရာတစ်ခုပင်။

လွန်ခဲ့သော ၂နှစ်က သူနှင့် ဝမ်းကွဲအစ်မ ပေါင်လင်တို့က သူမကို ညီမလေးဟု ခေါ်ခဲ့ကြသည့် အခြေအနေများက မနေ့ကလိုပင် ထင်မှတ်ရသော်လည်း ယခုအခါ တစ်အိမ်လုံးက သူမကို မင်းသမီးဟုသာ ရိုရိုသေသေ ခေါ်ဝေါ်ကြလေပြီ။

ဝိန်းယွီ၏ နှလုံးသားထဲတွင် အဆုံးအစမရှိသော နာကျင်ဝမ်းနည်းမှုများ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သူမသည် ခေါင်းလှည့်ကာ ကျောင်းပိုင်ကို အမိန့်ပေးလိုက်သည်။ "ချင်းယွင်စစ်သည် ၆ယောက်ကို ဝမ်းကွဲအစ်ကိုနဲ့အတူ လိုက်ပါသွားဖို့ စီစဉ်ပေးလိုက်ပါ”

သူမ ခေါ်လိုက်သည်မှာ "ဝမ်းကွဲအစ်ကို" ဟူသော စကားတစ်ခွန်းပင် ဖြစ်နေသေး၏။

ယန်ပိယွင်သည် လှည့်ထွက်သွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးများ တဖြည်းဖြည်း နီရဲလာခဲ့ပြီး နောက်တစ်ကြိမ် အရိုအသေပေးလျက် ပြောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် မင်းသမီး”

ဝိန်းယွီသည် နောက်သို့ ထပ်မလှည့်ကြည့်တော့ချေ။

အဖွဲ့ခွဲ၍ ခရီးဆက်ပြီးနောက် အဖွဲ့သည် အတော်လေး ပေါ့ပါးသွားပြီး ခရီးသွားနှုန်းလည်း အများကြီး မြန်ဆန်လာခဲ့သည်။

မွန်းတည့်ချိန်နီးလာသောအခါ ဝိန်းယွီသည် မနက်ခင်းတစ်ပိုင်းလုံး ခရီးနှင်လာခဲ့သော စစ်သည်များကို လမ်းဘေးတွင် ခဏတာ အနားယူရန် အမိန့်ပေးလိုက်သည်။

ကျောင်းပိုင်သည် ရေအရင်းအမြစ်ရှာဖွေရန်နှင့် ရေခပ်ရန် ထွက်သွားခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ပြန်မလာခဲ့ချေ။ ဝိန်းယွီက လူလွှတ်၍ အခြေအနေကို သွားရောက်စစ်ဆေးခိုင်းရန် ပြင်ဆင်နေစဉ် မြင်းလှည်းအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

သူမသည် ခန်းဆီးကို ပင့်တင်ကာ ကြည့်လိုက်ရာ ကျောင်းပိုင်က သေသည်၊ ရှင်သည် မသိရသော ချန်စစ်တပ်မှ စစ်သည်တစ်ဦးကို ခွေးသေတစ်ကောင်လို ဆွဲခေါ်ကာ စခန်းသို့ ပြန်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် မြင်းကျာပွတ်ကို ဝှေ့ယမ်းကာ နန်ချန်စစ်သည်များနှင့် အတူစုရုံးနေသော ကျန်းယွီထံသို့ ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်လေသည်။ "သစ္စာဖောက်!"

ကျန်းယွီ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်လှသည်။ သူ၏ခန္ဓာကိုယ်က အချိန်မီ နောက်သို့ လန်သွားပြီး ကျောင်းပိုင်၏ လေတိုးသံထွက်နေသော ထိုကျာပွတ်ရိုက်ချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် သူ မတ်တတ်မရပ်နိုင်မီမှာပင် ကျောင်းပိုင်၏ ဒုတိယမြောက် ကျာပွတ်ရိုက်ချက်က ထပ်မံ ရောက်ရှိလာပြန်သည်။ သူသည် နောက်တစ်ကြိမ် ဘေးသို့ တိမ်းရှောင်လိုက်ပြီးနောက် ဓားရှည်ကို ဆွဲထုတ်ရန်ပင် အချိန်မရတော့ဘဲ ကျောင်းပိုင်က ဖိချလာသော ဓားသွားကို ဓားအိမ်ဖြင့် ကာကွယ်လိုက်ရသည်။ သူ၏ ချောမောသော မျက်ခုံးများက တွန့်ချိုးသွားပြီး ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားကာ နားမလည်နိုင်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "မင်း ဘာတွေ ရူးနေတာလဲ"

တိုးကျန့်လျန် သစ္စာဖောက်သည့် ကိစ္စကြောင့် နန်ချန်စစ်သည်များ မြောက်ဘက်သို့ ချီတက်လာသည့် ဤလဝက်ကျော်ကာလအတွင်း နောက်ကွယ်တွင် လျန်စစ်တပ်နှင့် ပဋိပက္ခ အများအပြား ရှိခဲ့ကြသည်။ ယခုအချိန်တွင် နှစ်ဖက်စလုံးရှိ လူများက လက်နက်များကို ကိုင်ဆောင်ကာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ပဋိပက္ခက ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေတော့သည်။

ကျောင်းပိုင်က အေးစက်စွာဖြင့် စကားလုံးအချို့ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ "ဟန်ဆောင်မနေနဲ့!"

လက်ကောက်ဝတ်ကို ရုတ်တရက် လှည့်ကာ ဓားသွားဖြင့် နောက်တစ်ကြိမ် ခုတ်ချရန် ပြင်လိုက်ချိန်တွင် အနောက်ဘက်မှ ဝိန်းယွီ၏ ကြည်လင်အေးစက်သော ဟန့်တားသံ ထွက်ပေါ်လာခဲ့သည်။ "ရပ်လိုက်စမ်း!"

ကျောင်းပိုင်သည် ဝိန်းယွီက ထုန်ချွဲ၏ တွဲကူမှုဖြင့် မြင်းလှည်းပေါ်မှ ဆင်းလာသည်ကို မြင်မှသာ ဓားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ချင်းယွင်စစ်သည်များနှင့် လျန်စစ်သားတစ်စုကို ခေါ်ဆောင်ကာ ဝိန်းယွီကို အနောက်ဘက်တွင် ကာကွယ်ထားလိုက်သည်။

သူမ၏ ဓားသွားသည် ကျန်းယွီနှင့် သူ၏လူများဆီသို့ ချိန်ရွယ်ထားဆဲဖြစ်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။ "သူတို့ ချန်စစ်တပ်က သစ္စာဖောက်တွေပဲ။ မင်းသမီး မြောက်ပိုင်းမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို အပြင်ကို ပေါက်ကြားအောင် လုပ်ခဲ့ကြတယ်”

...

အပိုင်း (၁၄၁.၃)

ထိုစကားကို ပြောလိုက်သည်နှင့် ဝိန်းယွီနှင့် ထိုနေရာတွင် ရှိနေသော စစ်သည်များအားလုံးက အံ့သြသွားကြလေသည်။

ကျန်းယွီက မျက်နှာပျက်သွားပြီး သူ၏ကြည်လင်ချောမောသော မျက်ခုံးနှင့် မျက်လုံးများကြားတွင် ဒေါသများ ပြည့်နှက်သွားကာ ဟစ်အော်ပြောလိုက်သည်။

"ငါတို့ကို နာမည်မဖျက်နဲ့"

ကျောင်းပိုင်က သူ့ဘက်သို့ မျက်လုံးလှည့်ကြည့်လိုက်ပြီး ရေဘူးကို ဖွင့်ကာ သူမက ဆွဲခေါ်လာသော ချန်စစ်တပ်မှ တပ်သားငယ်၏ မျက်နှာပေါ်သို့ ရေအေးများအားလုံးကို လောင်းချလိုက်၏။ ထို့နောက် သူမ၏ကျောပေါ်ရှိ မြားကျည်တောက်ကိုပါ ပစ်ချလိုက်သည်။

ထိုမြားကျည်တောက်၏ ပုံစံက ချန်စစ်တပ်၏ တရားဝင်သုံးစွဲသော ပုံစံဖြစ်နေပြီး ထိုချန်စစ်တပ်၏ တပ်သားငယ်ထံမှ လုယူလာခဲ့သည့်ပုံ ပေါ်နေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် အတွင်းထဲရှိ မြားများနှင့် အဝတ်စအနည်းငယ်ကပါ အပြင်သို့ ထွက်ကျလာခဲ့၏။

ကျန်းယွီက ထိုအဝတ်စကို မြင်လိုက်ရချိန်တွင် သူ၏မျက်ခုံးများက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ သူက ဆောင့်ကြောင့်ထိုင်လျက် အဝတ်စတစ်စကို ကောက်ယူကာ ဖြန့်ကြည့်လိုက်ချိန်တွင် အပေါ်၌ ပြဒါးနီးဖြင့် ဟန့်ယန်မင်းသမီး တပ်နှင့်အတူ လိုက်ပါလာသည် ဟူသော စာလုံးများကို ရှင်းလင်းစွာ ရေးသားထားသည်ကို မြင်တွေ့လိုက်ရ၏။

ကျောင်းပိုင်က အေးစက်စွာ ပြောလိုက်သည်။ "ကျွန်မ ရေသွားရှာတဲ့အချိန် ရှင့်တို့တပ်ထဲက ဒီတပ်သားငယ်က သံသယဖြစ်စရာ ကောင်းနေတာကို တွေ့လိုက်တယ်။ အဲဒါကြောင့် ကျွန်မ သူ့ကို လျှို့ဝှက်ပြီး နောက်ယောင်ခံလိုက်ကြည့်တော့ သူက ကျွန်မတို့ဖြတ်လာခဲ့တဲ့ လမ်းဆုံကို ပြန်လှည့်သွားပြီး ဒီအဝတ်စကို လမ်းဘေးက သစ်ပင်ပေါ်မှာ မြားနဲ့ ပစ်စိုက်ထားခဲ့တာကို တွေ့လိုက်ရတယ်။ ရှေ့က လမ်းဆုံတွေမှာလည်း ဒီလိုမျိုး အမှတ်အသားတွေ အားလုံး လုပ်ထားခဲ့တယ်"

ထိုခဏလေးအတွင်းမှာပင် ထိုတပ်သားငယ်က တိုးညှင်းစွာ ညည်းတွားရင်း ဖြည်းဖြည်းချင်း သတိရလာခဲ့သည်။ ကျောင်းပိုင်က ပြောလိုက်၏။

"သူ ကျွန်မလက်ထဲကို ရောက်လာတဲ့အချိန်မှာ အဆိပ်အိတ်ကို ကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ကျွန်မ သူ့ရဲ့မေးရိုးကို ဖြုတ်ပစ်လိုက်တယ်"

ကျန်းယွီက ထိုတပ်သားငယ်ကို ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက နာကျင်မှုနှင့် ဖုံးကွယ်ထားသော ဒေါသများကို ထင်ရှားစွာ ပြသနေ၏။ တပ်နှင့်အတူ လိုက်ပါလာသော စစ်သည်အင်အား ၂၀၀၀ထဲတွင် ၁၀၀၀က သူကိုယ်တိုင် ရွေးချယ်ထားခဲ့သော နန်ချန်၏ အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး သူနှင့်အတူ စစ်မြေပြင်တွင် အသေခံ တိုက်ပွဲဝင်ခဲ့ကြသည့် ညီအစ်ကိုများချည်းသာ ဖြစ်သည်။

သူက ထိုတပ်သားငယ်၏ မေးရိုးကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ ပြုတ်ထွက်နေသော မေးရိုးက မူလနေရာသို့ ပြန်လည်ရောက်ရှိသွားတော့၏။ ထို့နောက် သူက ထိုသူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဟစ်အော်မေးမြန်းလိုက်သည်။

"မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူက ခိုင်းတာလဲ"

ထိုတပ်သားငယ်၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေသော်လည်း သူက လူမိုက်တစ်ယောက်လို ကျန်းယွီကို ကြည့်ကာ ရယ်မောလိုက်၏။

"တပ်မှူးက ဒီလိုမေးရတယ်လို့... တပ်မှူး ကိုယ်တိုင် ကျွန်တော့်ကို ခိုင်းခဲ့တာ မဟုတ်ဘူးလား"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝိန်းယွီက မျက်ဝန်းထောင့်များကို အနည်းငယ် ပင့်လိုက်လေသည်။

ကျန်းယွီက ထိုသူ၏ မျက်နှာကို လက်သီးဖြင့် နောက်တစ်ကြိမ် ပြင်းထန်စွာ ထိုးချလိုက်ရာ ရှေ့သွားတစ်ချောင်းပင် ကျွတ်ထွက်သွားခဲ့သည်။ သူက ဒေါသထွက်နေသည့်အလား လက်သီးများဖြင့် ဆက်တိုက် ထိုးကြိတ်လိုက်ပြီး ထိုသူ၏ အသက်ရှူသံများပင် ရပ်တန့်သွားလုနီးပါး ဖြစ်သွားမှသာ နောက်သို့ လှည့်လိုက်၏။ ထို့နောက် သူက အနောက်ဘက်ရှိ နန်ချန်စစ်သည် ရာကျော်နှင့်အတူ ဝိန်းယွီ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး မှုန်မှိုင်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုးက တာဝန်ကျေပွန်မှု မရှိဘဲ တပ်ထဲကို အမှိုက်သရိုက်တွေ ဝင်လာခွင့် ပြုမိခဲ့ပါတယ်။ မင်းသမီး အပြစ်ပေးတော်မူပါ"

ထိုတပ်သားငယ်က သူ့ကို အမိန့်ပေးခဲ့သည်ဟု ထုတ်ဖော်ပြောလိုက်ချိန်ကတည်းက သူက ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်လေသည်။

ဝိန်းယွီက မေးလိုက်၏။ "တပ်မှူးကျန်း... ရှင် တကယ်ပဲ ဘာမှ မသိခဲ့တာလား"

ကျန်းယွီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ရယ်မောလိုက်သည်။ "ဒီခရီးစဉ်မှာ ကျွန်တော်မျိုးရဲ့ တာဝန်က မင်းသမီးကို ဘေးကင်းအောင် ကာကွယ်ပေးဖို့ပါ။ မင်းသမီးသာ အန္တရာယ်ကြုံရမယ်ဆိုရင် ကျွန်တော်မျိုးက ကိုယ့်အသက်ကိုတောင် စတေးပြီး ကာကွယ်ပေးရမှာပါ။ ကျွန်တော်မျိုးက ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးရမှာလဲ"

ဝိန်းယွီက ပြောလိုက်သည်။ "ဒါပေမဲ့ တပ်မှူးကျန်းရဲ့ တပ်သားတွေထဲမှာ သစ္စာဖောက် ပါနေတယ်။ နောက်ထပ် ဒီလိုကိစ္စမျိုး ထပ်မဖြစ်လာဘူးဆိုတာကို ကျွန်မ သေချာ မပြောနိုင်ဘူး"

အဝေးမှ ကင်းထောက်တစ်ယောက်က မြင်းကို အလျင်အမြန် စီးနှင်လာပြီး သူတို့၏ရှေ့သို့ ရောက်ခါနီးတွင် မြင်းပေါ်မှ လိမ့်ဆင်းလာခဲ့၏။ သူ၏မျက်နှာက အလွန်အမင်း ထိတ်လန့်နေပုံပေါ်ပြီး ပြောလိုက်သည်။

"သတင်းပို့ပါတယ်။ ဒီမနက် မြို့ထဲကနေ ထွက်လာတဲ့ ဝေ့စစ်တပ်က ဒီဘက်ကို အမြန်ဆုံး အရှိန်နဲ့ လိုက်လာနေပါပြီ။ ဒီကနေဆိုရင် ၁၅ လီလောက်ပဲ ကွာပါတော့တယ်။ အရှေ့ဘက် လီ ၂၀ အကွာမှာလည်း ဖေစစ်တပ် တစ်တပ်က ဒီဘက်ကို ချဉ်းကပ်လာနေပါတယ်"

ထိုနေရာတွင် ရှိနေသူများအားလုံး၏ မျက်နှာများက ပျက်ယွင်းသွားကြတော့သည်။

တောင်ကုန်းများကြားမှ ဖြတ်သန်းတိုက်ခိုက်လာသော အေးစက်လှသည့် လေပြေက ဝိန်းယွီ၏ ဆံနွယ်များနှင့် သေးငယ်သော ရွှေရွက်လွှာများ တွဲလောင်းကျနေသည့် ဆံထိုးလေးကို လှုပ်ခတ်သွားစေ၏။ သူမ၏ လက်နှင့် ခြေထောက်များက ရေခဲလို အေးစက်နေပြီး ရှည်လျားသော မျက်တောင်များက အောက်သို့ စိုက်ကျနေသော်လည်း သူမ၏မျက်နှာက ယခင်က တစ်ခါမှ မဖြစ်ဖူးလောက်အောင် တည်ငြိမ်နေလေသည်။

ကျန်းယွီ ခေါ်ဆောင်လာတဲ့ နန်ချန်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေကြားမှာ သူလျှိုတွေ ပါဝင်နေပြီး သူကိုယ်တိုင်တောင် ဒီနေ့အထိ မရိပ်မိခဲ့ဘူးဆိုတော့ ပြဿနာက နည်းနည်း ရှုပ်ထွေးလာပြီပဲ။ မယ်တော်ကြီးနဲ့ ကျန်းမိသားစုကို ကျော်ဖြတ်ပြီး ကျန်းယွီရဲ့ ဘေးမှာ သူလျှို ထည့်ထားနိုင်တယ်ဆိုတော့... ဒီတစ်ယောက်တည်းလား၊ ဒါမှမဟုတ် ပိုပြီး နက်နက်နဲနဲ ပုန်းကွယ်နေတဲ့သူတွေ ရှိသေးလား ဆိုတာတောင် မသိရဘူး။ ဒီနောက်ကွယ်က ကြိုးကိုင်နေတဲ့သူက နန်ချန်မှာလည်း တကယ့်ကို ဩဇာကြီးမားတဲ့သူ ဖြစ်ရမယ်။

ဒါပေမဲ့ ငါနဲ့ ကျန်းယွီသာ ဖေစစ်တပ် ဒါမှမဟုတ် ဝေ့စစ်တပ်ရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် နန်ချန်အတွက်က ဆိုးကျိုးတွေချည်းပဲ ဖြစ်လာလိမ့်မယ်။ အကျိုးအမြတ် တစ်စက်မှ ရှိလာမှာ မဟုတ်ဘူး။ တစ်ဖက်လူက ဒီလိုမျိုး လုပ်သေးတယ်ဆိုတာက နန်ချန်ကို အင်အားနည်းသွားအောင် လုပ်ခြင်းအားဖြင့် သူရနိုင်မယ့် အကျိုးအမြတ်က ပိုများနေလို့ပဲ ဖြစ်ရမယ်။

လျပ်တပြတ်အတွင်းမှာပင် ဝိန်းယွီက သူမကိုယ်တိုင် နန်ချန်၏ ချီစီးမြောင်အား သူမကို ထောက်ခံရန် ဖျောင်းဖျခဲ့သည့် စကားများကို ရုတ်တရက် သတိရသွားတော့သည်။

နန်ချန်ကို အမြဲတမ်း မျက်စိကျနေတာက ရှီးလင် မဟုတ်ဘူးလား။ နန်ချန် နန်းတွင်းမှာ ရှီးလင်နဲ့ လျှို့ဝှက် ပူးပေါင်းနေတဲ့ အမတ်တွေ ရှိနေပြီလား။ မြောက်ဘက်ကို တက်လာတဲ့ တစ်လျှောက်လုံး သူတို့က ဘာမှ မလှုပ်ရှားဘဲ ငြိမ်နေခဲ့တာက ငါတို့တွေ ဖေစစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ရှောင်ကွင်းပြီး လာခဲ့ကြလို့လား။ ပြီးတော့ ဝေ့ချီရှန်းကလည်း ကျင့်အမတ်အဖြစ် ပြန်လုပ်မယ်လို့ သတင်းမထုတ်ပြန်သေးလို့များလား။ အခု ယန်မိသားစုဝင်တွေကို သွားကြိုဖို့အတွက် ဟန်ကျိုးကို လမ်းကြောင်းပြောင်းလိုက်မှပဲ သူတို့အတွက် အခွင့်အရေး ရသွားတာလား။

"မင်းသမီး အရင်သွားပါ။ ကျွန်တော်မျိုးက ချန်စစ်သည်တွေကို ခေါ်ပြီး ဒီနေရာကနေ နောက်ချန်ကာကွယ်ပေးခဲ့ပါ့မယ်"

ဝိန်းယွီ၏ အတွေးများက ကျန်းယွီ၏ အသံကြောင့် ပြတ်တောက်သွားခဲ့လေသည်။ သူမက မျက်လွှာပင့်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။ ကျန်းယွီ၏ မျက်လုံးများထဲတွင် ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်နေပြီး သူမကို ပြန်လည် စိုက်ကြည့်နေသည်။ သူမ တွေးမိခဲ့သည့် အရာများကို သူလည်း သဘောပေါက်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။

သူ့တပ်ဖွဲ့ဝင်များကြားတွင် နောက်ထပ် သူလျှိုများ မရှိတော့ကြောင်းကို သေချာ မပြောနိုင်တော့သဖြင့် လျန်နှင့် ချန် နှစ်ဖက်စလုံး၏ စစ်သည်များကို လုံးဝ ခွဲထုတ်ပစ်ရန်သာ ရှိတော့သည်။ သူက ချန်စစ်တပ်ကို ဦးဆောင်ကာ နောက်ချန်ကာကွယ်ပေးပြီး လျန်စစ်သည်များနှင့် ချင်းယွင်ကိုယ်ရံတော်များက ဝိန်းယွီကို ကာကွယ်စောင့်ရှောက်လျက် တောင်ဘက်သို့ ဆက်လက် ခရီးနှင်ကြမည် ဖြစ်သည်။

ကျောင်းပိုင်က အစကတည်းက လူအများရှေ့တွင် ဤပြဿနာကို ကြီးကျယ်အောင် လုပ်ခဲ့ခြင်းမှာ ဤအစီအစဉ်ကို ရည်ရွယ်ထားခြင်းကြောင့်ပင် ဖြစ်နိုင်သည်။ ဝိန်းယွီနှင့် ကျန်းယွီတို့သည် အချိန်ခဏတာမျှ အပြန်အလှန် စိုက်ကြည့်နေပြီးနောက် ဝိန်းယွီက ပြောလိုက်၏။

"ကျွန်မ ရှေ့က လမ်းမှာ တပ်မှူးကျန်းကို စောင့်နေပါ့မယ်"

အခြေအနေက အလွန် အရေးကြီးနေသဖြင့် အချိန်အနည်းငယ်မျှပင် နှောင့်နှေးနေလို့ မရနိုင်တော့ချေ။ သူမက လှည့်ထွက်ကာ မြင်းလှည်းပေါ်သို့ ပြန်တက်သွားခဲ့ပြီး ကျောင်းပိုင်ကလည်း အမြန်ဆုံး အရှိန်ဖြင့် ခရီးဆက်ရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

ထုန်ချွဲက သူမ၏ ကိုယ်ပေါ်ရှိ အပေါ်ဝတ်အင်္ကျီပါးကို ချွတ်ရင်း ပြောလိုက်၏။

"မင်းသမီး... ကျွန်တော်မျိုးမနဲ့ အဝတ်အစား လဲဝတ်ရအောင်ပါ"

ဝိန်းယွီက ငြင်းလိုက်သည်။ "ငါ ဒီခရီးစဉ်ရဲ့ တပ်ဖွဲ့ထဲမှာ လုံးဝ မရှိနေရဘူး"

ထုန်ချွဲနှင့် ကျောင်းပိုင်တို့သည် ပထမတော့ အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပင် ဝိန်းယွီ၏ စကားကို သဘောပေါက်သွားကြတော့သည်။ သူမက တပ်မကြီးနှင့်အတူ မြောက်ဘက်သို့ တက်လာခဲ့သည်ဆိုသည့် သတင်းကို သူလျှိုများက ဖွင့်ချလိုက်လျှင်တောင်မှ လျန်နှင့် ချန် နှစ်ဖက်စလုံးက ဤသတင်းမှာ မမှန်ကန်ကြောင်း အသေအလဲ ငြင်းဆိုရလိမ့်မည်။ ထို့သို့မဟုတ်ပါက သူမသာ တကယ်ကို အန္တရာယ် တစ်ခုခု ကြုံတွေ့သွားခဲ့လျှင် လျန်နှင့် ချန် တပ်စခန်း နှစ်ခုလုံး၏ စိတ်ဓာတ်ခွန်အားကို ပြင်းထန်စွာ ထိခိုက်စေရုံသာမက တောင်ဘက်နယ်စပ်ရှိ စစ်ရေးအခြေအနေကိုပါ ရိုက်ခတ်သွားစေလိမ့်မည်။

ထို့ကြောင့် ဝိန်းယွီ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင်ပင် ရန်သူကို ဆွဲဆောင်ရန် သူမအယောင်ဆောင်မည့်သူ လုံးဝ မရှိသင့်ပေ။ သို့မဟုတ်ပါက ဖေနှင့် ဝေ့ နှစ်ဖက်စလုံး၏ လက်ထဲသို့ သက်သေအထောက်အထား ထည့်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။ ဝိန်းယွီက ဆက်ပြောလိုက်သည်။

"လျန်တပ်စခန်းဆီကို သတင်းပို့လိုက်ပါ။ ငါက ဆရာနဲ့ စစ်သူကြီးယွီချီတို့ရဲ့ နာရေးအတွက် ချုံးရှန့်ဘုရားကျောင်းမှာပဲ အမြဲရှိနေပြီး ဖိန်ကျိုးကနေ တစ်ခါမှ မထွက်ခွာဖူးဘူးလို့ အပြင်ကို သတင်းဖြန့်ခိုင်းလိုက်ပါ"

"နန်ချန်က သူလျှိုတွေ ပေးပို့လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ ယန်မိသားစုဝင်တွေကို ကယ်တင်နိုင်ဖို့ ရန်သူတွေကို အာရုံလွှဲတဲ့အနေနဲ့ တမင်သက်သက် ထုတ်လွှင့်လိုက်တဲ့ သတင်းအမှားလို့ပဲ ပြောလိုက်ပါ"

ယခုအခါ သူမဆိုသည့် အားလုံးမြင်တွေ့နိုင်သော ပစ်မှတ်ကြီး ရှိနေပြီဖြစ်သဖြင့် ယန်ပိယွင်နှင့် ယန်မိသားစုဝင်များကတော့ တောင်ဘက်နယ်စပ်ဆီသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားနိုင်လောက်ပြီ ဖြစ်သည်။

ကျောင်းပိုင်နှင့် ထုန်ချွဲတို့သည် အချိန်ခဏတာမျှ မှင်သက်သွားကြပြီး ဤမျှလောက် အသက်အန္တရာယ် ရှိနေသည့် အခြေအနေမျိုးတွင်ပင် အလုံးစုံသော အခြေအနေအတွက် အကျိုးအရှိဆုံးသော ဖြေရှင်းနည်းကို ရှင်းလင်းပြတ်သားစွာ စဉ်းစားနိုင်စွမ်းရှိသော သူမကို အံ့ဩသွားကြလေသည်။ သတိပြန်ဝင်လာပြီးနောက် ကျောင်းပိုင်က အလျင်အမြန် ထရပ်ကာ အပြင်သို့ ထွက်သွားရင်း ပြောလိုက်၏။

"မင်းသမီးအတွက် စစ်ဝတ်တန်ဆာ တစ်စုံ သွားရှာပေးပါ့မယ်"

"ဟန့်ယန်" ဆိုသည့် နာမည်က တပ်ဖွဲ့ထဲတွင် ပေါ်လာ၍ မရနိုင်တော့သဖြင့် ဝိန်းယွီက သာမန်စစ်သည် တစ်ယောက်အဖြစ် ရုပ်ဖျက်သွားခြင်းကသာ အလုံခြုံဆုံး ဖြစ်ပေလိမ့်မည်။

မွန်းလွဲပိုင်း နေရောင်ခြည်က အနည်းငယ် စူးရှတောက်ပနေပြီး တောအုပ်အတွင်းရှိ သစ်ပင်ထိပ်ဖျားများပေါ်တွင် ညကတည်းက စုပုံနေခဲ့သော နှင်းလွှာပါးလေးများကို အရည်ပျော်ကျသွားစေကာ သေးသွယ်ရှည်လျားသော ထင်းရှူးရွက်များထံမှ နှင်းရည်များ တပေါက်ပေါက် ကျဆင်းနေလေသည်။

ရွှံ့ဗွက်များ ထူထပ်နေသော အဝါရောင် ရွှံ့လမ်းမကြီးပေါ်တွင် စုတ်ပြတ်သပ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် သာမန်တပ်သားများက မြင်းလှည်း ၂ စီးကို ကာကွယ်စောင့်ရှောက်လျက် ခက်ခက်ခဲခဲ လျှောက်လှမ်းနေကြ၏။

လေပြေက နှစ်ဖက်စလုံးရှိ တောအုပ်လေးများကြားမှ ဖြတ်သန်းတိုက်ခတ်သွားပြီး သစ်ပင်ထိပ်ဖျားများပေါ်တွင် နှင်းလွှာပါးလေးများ ဖုံးအုပ်နေသဖြင့် သစ်ရွက်များ လှုပ်ခတ်သံပင် မကြားရဘဲ တစ်လောကလုံးက အလွန် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ထင်းရှူးရွက်၏ ထိပ်ဖျားဆီမှ အရည်ပျော်နေသော နှင်းရည်တစ်ပေါက် ထပ်မံ ကျဆင်းလာချိန်တွင် တောအုပ်၏ အနက်ရှိုင်းဆုံး နေရာမှ လင်းယုန်လက်သည်းသဏ္ဍာန် သံချိတ်များစွာ လွင့်စင်ထွက်ပေါ်လာခဲ့သည်။ အေးစက်နေသော သံချိတ်က ရေစက်လေးကို ရိုက်ခွဲသွားပြီး မြင်းလှည်း၏ အထူစား သစ်သားနံရံအတွင်းသို့ ကျယ်လောင်သော အသံနှင့်အတူ စူးဝင်သွားတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သံချိတ် ၈ခု၏ သံကြိုးများက တင်းမာသွားပြီး လမ်းမပေါ်ရှိ မြင်းလှည်း ၂စီး၏ ဘယ်ညာ နံရံများကို လုံးဝ ဆွဲခွာပစ်လိုက်သည်။

မြင်းလှည်းအတွင်းမှ အမျိုးသမီးများ၏ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာပြီး လိုက်ပါလာသော သာမန်တပ်သားများကလည်း အော်ဟစ်လိုက်ကြသည်။

"ရန်သူတွေ လာတိုက်နေပြီ"

လင်းနို့များနှင့်တူသော အနက်ရောင် အရိပ်များစွာက ထင်းရှူးတောထဲမှ လွင့်စင်ထွက်ပေါ်လာပြီး လူများ စီးနင်းလိုက်ပါလာသော မြင်းလှည်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။ အနက်ရောင် ဝတ်စုံဝတ်ထားသူက အစေခံမလေး ၂ ယောက်နှင့်အတူ ဖက်တွယ်လျက် ဝပ်နေသော အရာရှိအိမ်တော်မှ သခင်မလေး ပုံစံဝတ်ဆင်ထားသည့် အမျိုးသမီးကို လှမ်းဖမ်းရန် လက်ဆန့်ထုတ်လိုက်ချိန်တွင် ဘေးနားမှ တုန်ရီနေသော အစေခံမလေး ၂ ယောက်က ရုတ်တရက် ပြန်လည် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မထားမိချေ။ သူတို့ ထရပ်လိုက်သည့် အခိုက်အတန့်မှာပင် လက်ထဲရှိ ဓားမြှောင်က ပြတ်ရှသွားခဲ့ပြီ ဖြစ်သည်။

ဘေးဘက်ရှိ အနက်ရောင် ဝတ်စုံဝတ်ထားသူ တစ်ယောက်က သတိလက်လွတ်သွားသော်လည်း ခေါင်းဆောင်ဖြစ်သူကတော့ အလွန်လျင်မြန်စွာဖြင့် ရှောင်တိမ်းသွားနိုင်ခဲ့ပြီး ထိုအစေခံမလေး၏ လက်မောင်းကို နောက်ပြန် ချိုးပစ်လိုက်၏။ ထို့နောက် အရာရှိအိမ်တော်မှ သခင်မလေးပုံစံ ဝတ်ဆင်ထားသော အစေခံမလေးကို သွားဖမ်းချိန်တွင် တစ်ဖက်လူက မျက်လွှာပင့်လိုက်သည့် အခိုက်အတန့်၌ သူက လက်မောင်းကို ကန့်လန့်ဖြတ်ကာ အချိန်မီ ကာကွယ်လိုက်နိုင်သဖြင့် လည်ပင်း ပြတ်ရှမည့် အန္တရာယ်မှ လွတ်ကင်းသွားခဲ့ပြီး သူ၏ လက်မောင်းပေါ်တွင် သွေးထွက်နေသော ဒဏ်ရာတစ်ခုသာ ရရှိသွားခဲ့သည်။

ထုန်ချွဲက သူမ၏ လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေသော အပြင်ဘက်မှ ဝတ်ဆင်ထားသည့် ပိုးသားစကပ်ကို ဆွဲချွတ်လိုက်ပြီး ယန်မိသားစု၏ အသေခံစစ်သည် တစ်ယောက်၏ လေသံဖြင့် တမင်သက်သက် ပြောလိုက်လေသည်။

"ငါတို့ရဲ့ သခင်မနဲ့ သခင်မလေးကို ဖမ်းချင်နေသေးတာလား။ ထောင်ချောက်ထဲ မိသွားပြီ မဟုတ်လား"

အနက်ရောင် ဝတ်စုံဝတ်ထားသူများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသော်လည်း အဆင့်အတန်းမြင့်မားသည့် အမျိုးသမီးများ၏ ပုံစံမျိုး တစ်ယောက်မှ မတွေ့ရတော့သဖြင့် မျက်မှောင်ကြုတ်သွားကြပြီး ချက်ချင်းပင် ဆုတ်ခွာသွားကြတော့သည်။

ခေါင်းဆောင်ဖြစ်သူက သာမန်တပ်သားများ၏ ခေါင်းများကို နင်းကာ အပြင်ဘက်သို့ ထွက်သွားချိန်တွင် အမှတ်မထင် လှမ်းကြည့်လိုက်ရာ အောက်ဘက်ရှိ ရုန်းရင်းဆန်ခတ် တိုက်ပွဲအတွင်း သာမန်တပ်သား တစ်ယောက်၏ လှုပ်ရှားမှုများက ပုံမှန်မဟုတ်ဘဲ အလွန် သွက်လက်နေပြီး အခြားသော သာမန်တပ်သား အနည်းငယ်နှင့်အတူ တပ်သားတစ်ယောက်ကို အပ်ကျမခံ ကာကွယ်ပေးနေသည်ကို မြင်တွေ့လိုက်ရ၏။ သူက တစ်ခုခုကို သဘောပေါက်သွားကာ အေးစက်စက် ရယ်မောလိုက်ပြီး လေချွန်လိုက်သည်။ ထို့နောက် ဆုတ်ခွာတော့မည့် အနက်ရောင် ဝတ်စုံဝတ်ထားသူများကို ခေါ်ဆောင်ကာ ထိုသာမန်တပ်သားများ ရှိရာသို့ ချက်ချင်း လှည့်၍ တိုက်ခိုက်တော့သည်။

ကျောင်းပိုင်က ခေါင်းဆောင်ဖြစ်သူနှင့် ဓားချင်း ရိုက်ခတ်သွားချိန်တွင် ထိုမျက်လုံး တစ်စုံကို ကြည့်ရုံဖြင့် တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ ဓားကို ဆုပ်ကိုင်ထားသော သူမ၏လက်က အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများထဲရှိ မုန်းတီးမှုများက ပြည့်လျှံကျလာတော့မတတ် ပြင်းထန်လွန်းလှကာ သူမ၏ သွားများကြားမှ အံကြိတ်ပြီး ထိုနာမည်ကို ရေရွတ်လိုက်လေသည်။

"ဖေ-ရှစ်-ဝူ"

ဝိန်းယွီက ထိုနာမည်ကို ကြားလိုက်ရချိန်တွင် မိုးရွာနေသော ထိုညက ရှောင်းလိ တစ်ယောက် ဝိုင်းဝန်း တိုက်ခိုက်ခံရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည့် မှတ်ဉာဏ်များက ပြန်လည် နိုးထလာခဲ့သည်။ ဓားကို ဆုပ်ကိုင်ထားသော သူမ၏လက်က အလွန် တင်းကြပ်နေပြီ ဖြစ်သော်လည်း အေးစက်သော လေပြေထဲတွင် ကြက်သီးမွှေးညင်းများပင် ထလာခဲ့ရ၏။ ထိုအခိုက်အတန့်၌ အရိုးထဲအထိ စွဲထင်နေသော မှတ်ဉာဏ်အချို့က ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်နေသည်။ ဒေါသ၊ ကြောက်ရွံ့မှုနှင့် တစ်ချိန်က ခံစားခဲ့ရဖူးသော အနက်ရှိုင်းဆုံး စိတ်ပျက်အားငယ်မှုတို့ ပေါင်းစပ်လို့နေ၏။

ဖေစုန့်က ငါ့ကို ဖမ်းဖို့ ဖေရှစ်ဝူကိုတောင် လွှတ်လိုက်တာလား။ မဟုတ်သေးဘူး။ ငါ မြောက်ဘက်နယ်စပ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ဖေစုန့်က ဒီလောက် မြန်မြန် သိနိုင်မှာ မဟုတ်ဘူး။ ဒီလူက အခုချိန်မှာ ဒီနေရာကို ရောက်နေတယ်ဆိုတော့... ဒီမနက် ယန်မိသားစုအိမ်တော်ကို သွားခဲ့တဲ့ ဓားပြအဖွဲ့က သူတို့ပဲ ဖြစ်ရမယ်။

ဖေရှစ်ဝူက ကျောင်းပိုင်ကို တမင်သက်သက် ဒေါသထွက်စေရန် ရည်ရွယ်ကာ သူမ၏လက်ထဲရှိ ထိုဓားကို အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။

"ဒီဓားကို... ငါ မှတ်မိသားပဲ။ ဒါပေမဲ့ ငါက ဖုန်းယန်မှာ မင်းရဲ့ ခေါင်းကို တစ်ခါ ဖြတ်ခဲ့ပြီးပြီ မဟုတ်လား"

ဖုန်းယန်တွင် သေဆုံးသွားခဲ့သူမှာ ကျောင်းပိုင်၏ အမြွှာညီမလေး ချန့်ယဲ့ ဖြစ်သည်။ ကျောင်းပိုင် ဒေါသထွက်လာမည့်အချိန်ကိုပင် မစောင့်တော့ဘဲ သူ၏အကြည့်က ကျောင်းပိုင်ကို ကျော်လွန်သွားကာ အထင်အမြင်သေးပြီး ရိုင်းစိုင်းသော လေသံဖြင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ မင်းက ဒီနေရာမှာ ရှိနေမှတော့ ဟန့်ယန်မင်းသမီး မြောက်ဘက်နယ်စပ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းက အမှား မဖြစ်နိုင်တော့ဘူးပေါ့"

သူ့အကြည့်က ဝိန်းယွီနှင့် ဆုံသွားချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားတော့သည်။

"ဟန့်ယန်မင်းသမီး... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီပဲ"

...

All Chapters