အခန်း ၁၄၄
Vol. 15 Ch. 144
အပိုင်း (၁၄၄.၁)
သူမကို ကုသပေးနေသော စစ်သမားတော်သည် သမားတော်ထောင်ဖြစ်ကြောင်း ဝိန်းယွီက အတည်ပြုလိုက်နိုင်သည့် အချိန်မှစ၍ သူမ၏ နှလုံးသားသည် ဝေခွဲမရဖြစ်နေခဲ့၏။
သမားတော်ထောင်၏ အိမ်ဖြစ်သော ထောင်ကျားရွာသည် ကျင်းကျိုးနှင့် ထုန်ကျိုး နယ်စပ်၏ တောင်ဘက်တည့်တည့်တွင် တည်ရှိသည်။ တပ်မတော်သုံးရပ် မဟာမိတ်ဖွဲ့၍ ကျင်းကျိုးကို တိုက်ခိုက်ခဲ့စဉ်က သူမသည် လီရွှင်ထံသို့ စာတစ်စောင်ပေးပို့ကာ ထောင်ကျားရွာကို စောင့်ရှောက်ပေးရန်ပင် အကူအညီတောင်းခဲ့ဖူး၏။
သို့သော် လီရွှင်က သူမထံ စာပြန်ခဲ့ရာတွင် ကျင်းကျိုး ပတ်ဝန်းကျင်ရှိ ရွာများနှင့် မြို့များမှ ပြည်သူအားလုံးကို မဟာတံတိုင်းဟောင်း ပြန်လည်တည်ဆောက်ရန်အတွက် မြေကြီးနှင့် ကျောက်တုံးများ တူးဖော်ရန် ဖေစုန့်က ဖမ်းဆီးသွားခဲ့ကြောင်းနှင့် ထောင်ကျားရွာလည်း ချန်လှပ်မခံခဲ့ရကြောင်း ပါရှိခဲ့သည်။
ဝိန်းယွီသည် သမားတော်ထောင်၏ မိသားစု ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီဟု ထင်မှတ်ခဲ့ပြီး ဘုရားကျောင်းတစ်ခုတွင် သူတို့အတွက် ထာဝရမီးအိမ် တစ်လုံးထွန်းညှိပေးရန်ပင် အမိန့်ပေးခဲ့သေး၏။
သို့သော် ယခုအခါ သမားတော်ထောင်သည် မြောက်ပိုင်းဝေ့စစ်တပ်ထဲတွင် ပေါ်လာခဲ့သည်။
အအေးမိနေသဖြင့် ဝိန်းယွီသည် သူမ၏ စိတ်အာရုံများ ရှုပ်ထွေးနောက်ကျိနေသလို ခံစားရသည်။ သမားတော်ထောင်က ဘာကြောင့် မြောက်ပိုင်းဝေ့စစ်တပ်ထဲ ရောက်နေရသလဲဆိုသည်ကို သူမ စဉ်းစားမရနိုင်ခဲ့ချေ။
သူ့ကို အရပ်သားများကြားမှ စစ်သမားတော်အဖြစ် အတင်းအကျပ် စုဆောင်းခံခဲ့ရလျှင်ပင် သမားတော်ထောင်သည် ဖေစစ်တပ်၏ စုဆောင်းခြင်းကိုသာ ခံရသင့်ပေသည်။
ဒါမှမဟုတ် သမားတော်ထောင်က တောင်ပိုင်းနယ်စပ်မှာ စစ်ပွဲတွေ မစခင်ကတည်းက သူ့မိသားစု တစ်ခုလုံးကို မြောက်ပိုင်းနယ်စပ်ဆီ ရွှေ့ပြောင်းသွားခဲ့တာများလား။
ဝိန်းယွီသည် ခေါင်းကိုက်ပြီး မူးဝေနေသည့် ဝေဒနာကို ခံစားနေရကာ သူမ၏ အတွေးများ ဖရိုဖရဲ ဖြစ်နေစဉ် တဲခန်းဆီးသည် နောက်တစ်ကြိမ် ပင့်တင်ခံလိုက်ရ၏။
အေးစက်သော လေပြင်းများ တိုးဝင်လာသည်နှင့်အမျှ ထောင့်ရှိ ဖယောင်းတိုင်မီးရောင်သည် တဖျတ်ဖျတ် တုန်ခါသွားသည်။
ဤစစ်စခန်းသည် ယောက်ျားများဖြင့် ပြည့်နှက်နေသဖြင့် သူမသည် ပေါ့ဆစွာ မနေရဲခဲ့ပေ။ သူမသည် အဝင်ဝဆီသို့ မျက်လုံးပင့်ကာ လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ မြင်လိုက်ရသော ပုံရိပ်သည် ရှောင်းမိသားစုအိမ်၏ မှောင်မည်းနေသော အခန်းထဲတွင် သူမ နိုးလာစဉ်က မြင်ခဲ့ရသည့် ခန်းဆီးကိုပင့်ကာ ဝင်ရောက်လာသော ပုံရိပ်နှင့် ထပ်တူကျသွားခဲ့သည်။
အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော ပုံရိပ်ကြောင့် သေးငယ်သော စစ်တဲလေးသည် ရုတ်တရက် ကျဉ်းကြပ်သွားသလို ခံစားလိုက်ရ၏။
သူမကို ငုံ့ကြည့်နေသော မည်းနက်သည့် မျက်ဝန်းများသည် အေးစက်ကာ ဂရုမစိုက်ဟန်ရှိပြီး ခံစားချက်တစ်စုံတစ်ရာ ကင်းမဲ့နေကာ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေသည်။
သူ့ကို ကြည့်နေစဉ် သူမသည် မည်သို့သော မျက်နှာအမူအရာ ဖြစ်နေမည်ကို ဝိန်းယွီ မသိခဲ့ပေ။ အံ့သြမှုလည်း ဖြစ်နိုင်သလို၊ ဝမ်းသာမှုလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဝမ်းနည်းမှု အရိပ်အယောင်လေး စွန်းထင်းနေသော မယုံကြည်နိုင်မှုလည်း ဖြစ်နိုင်ပေသည်။
သူမက ထိုနာမည်ကို ခေါ်ရန် ကြိုးစားလိုက်သည်။ "ရှောင်း..."
သို့သော် သူမ၏ မျက်နှာချင်းဆိုင်ရှိ အမျိုးသားက အနည်းငယ် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်လေပြီ။
"မင်းသမီးက ကျွန်တော့်ကို တွေ့ရလို့ အရမ်း အံ့သြနေတဲ့ပုံပဲ"
ဝိန်းယွီ၏ အသံသည် သူမ၏ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားတော့၏။
သူသည် တဲထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး မီးအိမ်အောက်ရှိ မီးညှပ်ကို ယူကာ ထောင့်ရှိ မှိန်ဖျော့နေသော ဆီမီးအိမ်၏ မီးစာကို ညှပ်လိုက်၏။
တဲအတွင်းပိုင်းသည် ချက်ချင်း လင်းထိန်သွားသော်လည်း ၎င်းက သူ၏မျက်လုံးထဲရှိ အေးစက်မှုနှင့် မှိန်ဖျော့သော လှောင်ပြောင်မှုကို ပိုမို ရှင်းလင်းစွာ လင်းလက်သွားစေခဲ့သည်။ "အဲ့ဒီ အဆိပ်မြားကနေ ကျွန်တော် အသက်ရှင်နိုင်လိမ့်မယ်လို့ မင်းသမီး မမျှော်လင့်ထားခဲ့ဘူး မဟုတ်လား"
ဝိန်းယွီသည် ငေးမောနေမိဆဲ။ သူ့စကားကို ကြားသောအခါ သူမ၏ လည်ချောင်းထဲတွင် ဆို့နင့်သွားသလို ခံစားလိုက်ရ၏။
သူ့အသက်ကို နီးပါးလုယူသွားခဲ့သော မြားအတွက် သူမကို သူ နာကြည်းနေမည်မှာ သေချာကြောင်း သူမ သိသည်။ သူမမှာ ရှင်းပြချင်ခဲ့သော်လည်း ပါးစပ်ဟလိုက်ချိန်တွင် ထွက်ပေါ်လာသော တစ်ခုတည်းသော စကားလုံးမှာ သိသိသာသာ ဖြူရော်နေသော "အဲ့ဒါက ကျွန်မရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး..." ဟူ၍သာ ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။
"ကျွန်တော်တို့ အချင်းချင်း မတွေ့ရတာ နှစ်ဝက်တောင် ရှိသွားပြီ၊ မင်းသမီးရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ"
ရှောင်းလိ၏ လေသံသည် အလွန် ဖျော့တော့နေသည်။ ယခု သူမထံသို့ လှည့်လာသော သူ၏ မည်းနက်သည့် မျက်ဝန်းများသည် လေးလံနေပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ် လှောင်ပြောင်မှုအဖြစ် တွန့်ချိုးသွား၏။
"ဒီ ဝမ်းနည်းပူဆွေးနေတဲ့ ဟန်ဆောင်မှုကြီးက... ဒီနေ့မွန်းလွဲပိုင်းက မင်းသမီးက ကျန်းယွီရဲ့ ကိုယ်လုပ်တော်ပါဆိုပြီး ငိုယိုနေတာကို ကျွန်တော်သာ မမြင်ခဲ့ရရင် တကယ်ကို ယုံမိသွားမှာပဲ"
ဝိန်းယွီသည် အေးခဲသွားတော့သည်။
သူ ဒီနေ့နေ့လယ်တုန်းက ငါ့ကို မြင်ခဲ့တာလား။
ထိုဝေ့စစ်သူကြီးက သူတို့၏ "အုပ်ချုပ်ရေးမှူး" ထံသို့ သတင်းပို့ရန် သွားစဉ်က သူမ မြင်တွေ့ခဲ့ရသော မြင်းခေါင်းတစ်ဝက်နှင့် လေးမြားကြီး၏ ထောင့်စွန်းတို့ကို ပြန်လည်သတိရလိုက်ချိန်တွင် ဝိန်းယွီ၏ စိတ်ထဲရှိ အတွေးတစ်ခုက ရုတ်တရက် ပြတ်သားလာခဲ့သည်။
ဝေ့စစ်သူကြီး ပြောခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဆိုတာ သူပဲ။
ထိုအခိုက်အတန့်တွင် ဝိန်းယွီသည် သူမ၏ စိတ်အခြေအနေကို သေချာ မဖော်ပြနိုင်ခဲ့ချေ။ ရှောင်းလိက ဝေ့တပ်စခန်းသို့ ဝင်ရောက်သွားပြီဆိုသော သတင်းကို သူမ ယခင်က ရရှိခဲ့သော်လည်း သူတို့၏ ပြန်လည်ဆုံတွေ့မှုက ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ယခုအခါ သူ၏ လှောင်ပြောင်သော စကားများကို နားထောင်ရင်း သူမသည် မနှစ်မြို့ဖွယ် ခံစားချက်ပေါင်းများစွာကို ခံစားလိုက်ရ၏။ ရင်ဘတ်ထဲမှ မွန်းကြပ်မှုကို ဖိနှိပ်ထားရင်း သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ရှင် ကျွန်မကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ မသတ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်ပြီးသားကိစ္စကတော့ ဖြစ်သွားပြီပဲလေ၊ အဲ့ဒါက သေချာပေါက် ကျွန်မရဲ့အမှားပါ။ ရှင် ကျွန်မကို မုန်းတီးပြီး နာကြည်းနေတာက မှန်ကန်ပါတယ်..."
ရှောင်းလိက သူမကို ဆက်စိုက်ကြည့်နေသော်လည်း သူ၏ မေးရိုးက အနည်းငယ် တင်းကျပ်သွား၏။ သူ၏ ပခုံးပေါ်ရှိ မြားဒဏ်ရာသည် မှိန်ဖျော့ပြီး ပူလောင်သော နာကျင်မှုတစ်ခုဖြင့် တဆစ်ဆစ် ကိုက်ခဲလာတော့၏။
သူသည် အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်ပြီး လှောင်ပြောင်စွာ ရယ်မောလိုက်လေသည်။ "မင်းသမီးကလွဲပြီး တခြားတစ်ယောက်က ချန်လျန်ဝမ်အိမ်တော်ရဲ့ အသေခံစစ်သည်တွေနဲ့ ချင်းယွင်ကိုယ်ရံတော်တွေကို အမိန့်ပေးနိုင်မယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး"
သူ့အမေးကြောင့် ဝိန်းယွီ၏ လည်ချောင်းသည် တင်းကျပ်သွားတော့သည်။
ကျောင်းပိုင်နှင့် ချင်းယွင်ကိုယ်ရံတော်များကို သူမကိုယ်တိုင် စေလွှတ်ခဲ့ခြင်းဖြစ်သောကြောင့် သူမအနေနှင့် ငြင်းမရနိုင်ပေ။
ရှောင်းလိက သူမ၏ တိတ်ဆိတ်မှုကို ဝန်ခံခြင်းအဖြစ် ယူဆလိုက်ပုံရ၏။ သူသည် သူ့ဘေးရှိ ဖယောင်းတိုင်မီးတောက်ကို ကြည့်ကာ သူ၏ လှောင်ပြောင်သော မေးခွန်းကို ဆက်လက် မေးမြန်းလိုက်သည်။ "အာဏာနဲ့ ကစားတဲ့ မင်းတို့လို လူတွေအားလုံးက ကိုယ့်ကိုယ်ကိုယ်အတွက် ဒီလိုမျိုး ဆင်ခြေပေးရမယ်ဆိုတာကို သိနေကြတာလား"
ဤအချိန်တွင် ဝိန်းယွီသည် နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုကို တကယ်ပင် ခံစားလိုက်ရသည်။
သူမ၏ မျက်လုံးထဲရှိ အကြည့်သည် အလွန် သနားစရာကောင်းနေမည်ကို စိုးရိမ်သဖြင့် သူမသည် မျက်နှာကို အလျင်အမြန် လွှဲဖယ်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
သို့သော် ထိန်းချုပ်မရနိုင်သော ချဉ်စူးစူး ခံစားချက်တစ်ခုက သူမ၏ မျက်ဝန်းအိမ်များနှင့် နှာခေါင်းထိပ်တို့တွင် လျှံတက်လာဆဲဖြစ်ပြီး မှိန်ဖျော့သော အနီရောင် အဖုအပိမ့်များနှင့် ခြစ်ရာငယ်လေးများ ဖုံးလွှမ်းနေသည့် သူမ၏ ပါးပြင်ပေါ်သို့ စီးကျမလာမီ သူမ၏ မျက်လုံးများကို ကာရံထားသော နူးညံ့ရှည်လျားသည့် မျက်တောင်များကို ဖြည်းညင်းစွာ စိုရွှဲသွားစေသည်။
ရှောင်းလိသည် ခုတင်စွန်းတွင် ထိုင်နေကာ မျက်နှာကို အတွင်းဘက်သို့ လှည့်ထားပြီး မျက်နှာကို လက်ဖြင့် အဆက်မပြတ် သုတ်နေသော သူမ၏ အရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူသည် သူ့လက်ထဲရှိ ကြေးဝါဖြင့် သွန်းလုပ်ထားသော မီးညှပ်ကို ပုံစံပျက်သွားသည်အထိ ညှစ်ထားလိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ချေ။
သူက လှည့်ထွက်လာခဲ့လိုက်သည့် အချိန်ရောက်မှသာ သူ့ကျောကို သူမဘက်သို့ လှည့်ထားလျက် နောက်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်၏။
"ကျွန်တော်က သစ္စာဖောက်လို့ မင်းတို့အားလုံး သံသယဝင်ခဲ့ကြတယ်။ ကျိုးစွေက လျန်တပ်စခန်းကို ပြန်ရောက်သွားပြီးတဲ့နောက် ကျွန်တော့်အမေ ဘယ်လို သေဆုံးသွားခဲ့လဲ ဆိုတာကို မင်းသမီးကို ပြောပြခဲ့လား"
သူသည် ဤမေးခွန်းကို အလွန် တည်ငြိမ်စွာ မေးမြန်းခဲ့ပြီး အပြစ်တင်သည့် အရိပ်အယောင်လေး တစ်စပင် မပါဝင်သော်လည်း ၎င်းက ဝိန်းယွီကို အကြိမ်ကြိမ် ထိုးဖောက်သွားခဲ့လေသည်။
သူ တဲကြီးထဲမှ ထွက်သွားခါနီးအချိန်မှာပင် သူ၏အနောက်ဘက်မှ အက်ကွဲပြီး ဩရှရှဖြစ်နေသော "တောင်းပန်ပါတယ်" ဟူသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
သူမ၏ မျက်လုံးများသည် နီရဲကာ မျက်ရည်များဖြင့် စိုရွှဲနေပြီး ဆံနွယ်ရှည်များသည် ပြေကျနေကာ မျက်နှာက နှင်းပွင့်ကဲ့သို့ ဖြူလျော့လို့နေသည်။
အင်္ကျီလက် အပြင်ဘက်သို့ ထွက်နေသော လက်သည်လည်း ဒဏ်ရာများနှင့် မှိန်ဖျော့သော အနီရောင် အဖုအပိမ့်များဖြင့် ဖုံးလွှမ်းနေ၏။ သူမသည် အနည်းငယ် ထိတွေ့လိုက်ရုံဖြင့် အလုံးစုံ ကွဲကြေသွားမည့် အက်ကွဲကြောင်းများ အပြည့်ရှိနေသော ကြွေဖြူပန်းကန် တစ်ချပ်နှင့် တူနေလေသည်။
ဤသည်မှာ လပေါင်းများစွာ ကြန့်ကြာနေခဲ့သော မေးခွန်းတစ်ခုပင်။
စကားတစ်ခွန်းစီတိုင်း၊ စာကြောင်းတစ်ကြောင်းစီတိုင်းသည် သူမ၏ နှလုံးသားပေါ်သို့ အကြိမ်တစ်ထောင် ခုတ်ထစ်သတ်ဖြတ်ခံရသည့်အလား ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
သူမဖက်ကတော့ တစ်ခုလေးကိုပင် ငြင်းဆို၍ မရနိုင်ခဲ့ချေ။
ငါ ဘာပြောနိုင်မှာလဲ။
တကယ်တော့ ငါ သူ့ကို အမြဲတမ်း ယုံကြည်ခဲ့တယ်လို့လား။ သူ့ကို မယုံကြည်တဲ့ အမတ်တွေကို ရှင်းပြဖို့အတွက် သူ့ကို ပြန်ခေါ်လာဖို့ လူတွေကို အမိန့်ပေးခဲ့ရုံပါလို့လား။
အဲ့ဒီ အဆိပ်မြားက ငါ့အမိန့်မဟုတ်ဘဲ ငါ့ရဲ့ဆရာက နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာပါလို့လား။
ဤအမှားကို ပေးဆပ်ရန်အတွက် သူမ၏ ဆရာဖြစ်သူသည် သူ့ကို တွေ့ဆုံရန် တောင်တန်းများနှင့် တောင်ကြောများကို ဖြတ်ကျော်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ယခုအခါ သူ၏ အရိုးများသည် အဝါရောင် မြေကြီးအောက်တွင် မြှုပ်နှံထားခံရပြီ ဖြစ်၏။ သူမသည် သူ့အပေါ် ဝေဖန်သည့် စကားတစ်ခွန်းကို ထပ်မံ ထုတ်ဖော် မပြောဆိုနိုင်တော့ပေ။
ထိုအချိန်က သူမ၏ ဆရာဖြစ်သူကို လုံးလုံးလျားလျား ဖြောင်းဖျနိုင်ခြင်း မရှိခဲ့သည့်အတွက် သူမကိုယ်သူမသာ နာကြည်းနေနိုင်တော့သည်။
ထို "တောင်းပန်ပါတယ်" ဟူသော စကားသည် သူမ၏ အပြစ်ရှိစိတ် ဖြစ်ပြီး လီယောင် ကိုယ်စား သူမ၏ တောင်းပန်မှုလည်း ဖြစ်လေသည်။
သူမ၏ စကားများကို ကြားပြီးနောက် ရှောင်းလိသည် နောက်ဆုံးတွင် ဖုန်မှုန့်များကို ငြိမ်သက်သွားစေသည့် အဖြေတစ်ခုကို လက်ခံရရှိသွားပုံပေါ်၏။
သူ၏ ဖြောင့်မတ်သော ကျောပြင်သည် ဖြူလွှလွှနှင်းများ အစဉ်အမြဲ ဖုံးလွှမ်းနေသည့် တိတ်ဆိတ်သော ကျောက်တောင်ကြီး တစ်တောင်နှင့် တူနေသည်။ သူသည် နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ တဲထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။
ဒီညတွင် မြောက်လေက ပြင်းထန်စွာ တိုက်ခတ်နေပြီး အပြင်ဘက်တွင် နှင်းများ တဖန် သည်းထန်စွာ ကျဆင်းလာခဲ့လေပြီ။
တဲထဲမှ ထွက်လာပြီးနောက် ရှောင်းလိသည် သူ့မြင်းကို ယူဆောင်လာရန် အမိန့်ပေးလိုက်၏။ သူသည် မြင်းကျောပေါ်သို့ လွှဲတက်လိုက်ပြီး စစ်စခန်းထဲမှ ဒုန်းစိုင်းထွက်ခွာသွားကာ ဒေါသထွက်နေသည်ကို ဖွင့်ထုတ်ပစ်လိုက်သည့်အလား လေနှင့် နှင်းများကို ဆန့်ကျင်လျက် မိုင်ပေါင်းများစွာကို မြင်းစီးသွားပြီးနောက် တောရိုင်းပြင်တစ်ခုထဲသို့ သူကိုယ်သူ ပစ်ချလိုက်လေသည်။
ကောင်းကင်ယံတွင် လခြမ်းလေး တစ်ခု ချိတ်ဆွဲနေပြီး အလွန် အေးစက်ကာ အလွန် တောက်ပနေလျက် မီးခိုးရောင် တိမ်တိုက်များနှင့် လူ့လောကအပေါ်သို့ လွင့်စင်ကျဆင်းလာသော နှင်းမှုန်လေးများကို လင်းလက်သွားစေသည်။
ရှောင်းလိသည် လမင်းကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် လက်တစ်ဖက်ကို မြောက်ကာ သူ့မျက်လုံးများကို ဖုံးကွယ်ထားလိုက်တော့သည်။
ဒါက အစကတည်းက ငါသိနေခဲ့တဲ့ အဖြေတစ်ခုပါပဲ။
သူ ပြန်ရောက်လာချိန်တွင် လေနှင့် နှင်းများက ပိုလို့ပင် ပြင်းထန်လာခဲ့သည်။ ရှောင်းလိသည် စခန်းအဝင်ဝတွင် စုန့်ချင်နှင့် ဆုံမိလိုက်၏။ ထိုလူသည် မြင်းလှည်းတစ်စီးကို မောင်းနှင်နေပြီး အပြင်သို့ ထွက်သွားမည့်ပုံ ပေါ်သည်။
သူက မြင်းဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်ပြီး မေးလိုက်သည်။ "ဒီလောက် ညဉ့်နက်နေတာကို အစ်ကိုကြီး ဘယ်သွားမလို့လဲ"
စုန့်ချင်က ပြောလိုက်သည်။ "သမားတော်ထောင်က ကိုယ်ဝန်ကို တည်ငြိမ်စေတဲ့ ဆေးတစ်ခွက် ဖော်စပ်ဖို့ လိုနေပြီး ဆေးပင် အနည်းငယ် အရေးတကြီး လိုအပ်နေလို့လေ။ ညတွင်းချင်း ဝယ်ဖို့ အနီးအနားက စျေးမြို့လေးဆီ သွားခိုင်းလိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာသေးခင်က စစ်တပ်ထဲမှာ အအေးမိတဲ့ စစ်သည် အရေအတွက်က တိုးလာလို့ လမ်းကြုံ အအေးမိရောဂါ ကုသဖို့ ဆေးတချို့ကိုပါ တစ်ခါတည်း ဝယ်လာလို့ ရတယ်လေ"
ရှောင်းလိထံမှ ခွင့်ပြုချက်တောင်းပြီးနောက် ဝေ့အန်းသည် စာတစ်စောင်ရေးကာ ဝေ့ကျိုးသို့ ယူသွားရန် စာပို့သမားတစ်ဦးထံ ပေးအပ်လိုက်သည်။
သူသည် ဝေ့ဖိန်ကျင်း၏ စိတ်နေသဘောထားကို နားလည်ထား၏။ သူ စောစောက ပေးပို့ခဲ့သော သတင်းကို ကြားသည်နှင့် ဝေ့ဖိန်ကျင်းသည် သေချာပေါက် ငြိမ်ငြိမ်ထိုင်နေနိုင်မည် မဟုတ်ချေ။
သူက မိုက်မဲသော လုပ်ရပ်တစ်ခုခုကို လုပ်မိပြီး နောက်ပြန်ဆုတ်၍ မရနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို ကာကွယ်ရန်အတွက် သူသည် စခန်းမှ အလျင်အမြန် ထွက်ခွာခဲ့ပြီး ဝေ့ဖိန်ကျင်း ယာယီ တည်းခိုနေသော မြို့ဆီသို့ ညတွင်းချင်း အပြေးအလွှား သွားရောက်ခဲ့သည်။
သူ ရောက်ရှိသွားချိန်တွင် မျှော်လင့်ထားသည့်အတိုင်းပင် ဝေ့ဖိန်ကျင်းသည် သူ့လူများကို မြင်းလှည်းနှင့် မြင်းများ ပြင်ဆင်ရန် အမိန့်ပေးထားပြီးဖြစ်ကာ စစ်သည် ရာဂဏန်းခန့်ကို စုရုံးထားပြီး လူကို ဖမ်းဆီးရန် စစ်စခန်းကို ဝင်ရောက်စီးနင်းဖို့ အသင့်ဖြစ်နေလေပြီ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝေ့အန်း၏ မျက်ခွံများ တုန်လှုပ်သွားတော့သည်။ သူသည် အားထုတ်မှုများစွာ ပြုလုပ်ပြီးမှသာ ထိုလူကို ရပ်တန့်ရန် ဖြောင်းဖျနိုင်ခဲ့၏။
အိမ်တော်သို့ ပြန်ရောက်သောအခါ ဝိန်းယွီကို စစ်သမားတော်က စစ်ဆေးခဲ့သည့် ကိစ္စကို အသေးစိတ် ပြန်လည်ပြောပြခဲ့ပြီး ဝိန်းယွီသည် ဟန့်ယန်မင်းသမီး ဖြစ်နိုင်ခြေ မရှိကြောင်း ပြောဆိုခဲ့သည်။
ဝေ့ဖိန်ကျင်းက ချက်ချင်း အော်ဟစ်လိုက်သည်။ "ဦးလေးအန်း... ခင်ဗျားကတော့ မှားနေပြီ! အဲ့ဒီ စစ်သမားတော်က ရှောင်းလိရဲ့ လူတွေထဲက တစ်ယောက်။ သူတို့က ခင်ဗျားအတွက် ဟန်ဆောင်ပြနေတာဆိုရင် ဘယ်လိုလုပ်မလဲ"
ဝေ့အန်းက ပြောလိုက်သည်။ "အဲ့ဒါက ဖြစ်နိုင်ခြေ ရှိတယ်ဆိုရင်တောင် သခင်လေးက ဒီအချိန်မှာ လူတောင်းဖို့ အတင်းအကျပ် ဝင်သွားလို့ မရဘူးလေ!"
ဤအရှင်သခင်၏ နာကျင်နေသော နေရာကို သူ မတော်တဆ ထပ်မံ ထိုးဆွမိပြီး အဆုံးမရှိသော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သူက လိမ္မာပါးနပ်စွာဖြင့်သာ ပြောနိုင်တော့သည်။ "ဖေစစ်တပ်ကို မိုင်တစ်ရာလောက် နီးပါး လိုက်လံတိုက်ခိုက်ဖို့ သူ့တပ်ဖွဲ့တွေကို ဦးဆောင်ပြီး နောက်ဆုံးမှာ သူတို့ကို နှိမ်နင်းနိုင်ခဲ့ပြီးမှ အုပ်ချုပ်ရေးမှူးရှောင်းက အဲ့ဒီလူကို ပြန်ခေါ်လာခဲ့တာပါ"
ဝေ့ဖိန်ကျင်းက ဒေါသတကြီး ပြောလိုက်၏။ "ငါက သခင်၊ သူက လက်အောက်ငယ်သား! သူက ပင်မစစ်တပ်ကို အနောက်မှာ နေခဲ့ဖို့ အမိန့်ပေးခဲ့ပြီး မြင်းတပ် နှစ်ဖွဲ့တည်းနဲ့ ဖေစစ်တပ်ကို သူ့သဘောနဲ့သူ လိုက်လံတိုက်ခိုက်ခဲ့တယ်။ အဲ့ဒါက နောက်ဆုံးမှာ ယန်မိသားစုဝင်တွေကို အရပ်လေးမျက်နှာကနေ ကြားဖြတ်တိုက်ခိုက်ဖို့ လူအင်အား မလုံလောက်တာကို ဖြစ်စေခဲ့တာပဲ။ သူ့ကို ငါ အပြစ်မယူရသေးဘူး။ သူ့ဆီကနေ လူသွားတောင်းတာနဲ့ပဲ ငါက သူ့ကို ဘယ်လိုလုပ် စော်ကားမိတာ ဖြစ်သွားနိုင်မှာလဲ။ တကယ်လို့ အဲ့ဒီအမျိုးသမီးက ဟန့်ယန်မင်းသမီး အစစ်သာ ဖြစ်နေပြီး သူက သူ့ကို ထွက်ပြေးခွင့်ပြုလိုက်ရင် ငါတို့ ဘာလုပ်ကြမလဲ"
ဝေ့အန်းသည် ဝေ့ချီရှန်းက သူ၏ ဤသားကို ကြည့်သည့်အခါ မည်သို့ တွေးမည်ကို မသိသော်လည်း ဤအခိုက်အတန့်တွင် သူ့ကိုယ်ပိုင် ခေါင်းတစ်ခုလုံး ထူပူနေသည်ကို တကယ်ပင် ခံစားလိုက်ရသည်။ စောစောက စုန့်ချင် ထိုသို့ပြောခဲ့သည်က မဆန်းတော့ချေ။
သူသည် လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်လေသည်။ "သခင်လေး... အုပ်ချုပ်ရေးမှူးရှောင်းအပေါ် သခင်လေးရဲ့ အစွဲအလမ်းက အရမ်း လွန်ကဲလွန်းနေပြီ။ အုပ်ချုပ်ရေးမှူးရှောင်းက ပိုကြီးမားတဲ့ အခြေအနေအတွက် ပင်မစစ်တပ်ကို အလယ်ဗဟိုမှာ နေစေခဲ့တာပါ။ ဟန်ကျိုးကနေ ယန်မိသားစု ထွက်ပြေးသွားရတဲ့ တာဝန်က ဟန်ကျိုးမြို့စောင့်တပ်မှာ အဓိက တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေးမှူးရှောင်းက ဖေစစ်တပ်ကို နှင်ထုတ်ခဲ့ပြီး ကျန်းယွီရဲ့ အလောင်းကို ပြန်ရခဲ့တဲ့အပြင် သူ့ရဲ့ ကိုယ်လုပ်တော်ကိုလည်း အရှင်ဖမ်းမိခဲ့တယ်။ သူက ဒီတစ်ခါမှာ ထူးခြားတဲ့ အောင်မြင်မှုကို ရယူပေးနိုင်ခဲ့တာပါ"
ဝေ့ဖိန်ကျင်း၏ မျက်နှာအမူအရာက ပိုဆိုးလာသည်ကို မြင်သောအခါ သူသည် အခြားရွေးချယ်စရာ မရှိတော့ဘဲ သူ၏ နည်းဗျူဟာကို ပြောင်းလဲလိုက်ကာ ဤအရှင်သခင် နားထောင်မည့် စကားလုံးများကို ရွေးချယ်ပြီး ဆက်လက် ဖြောင်းဖျလိုက်ရတော့သည်။
"သခင်လေးရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့်... လျန်နဲ့ ချန် စစ်တပ်တွေက လက်ရှိမှာ တောင်ပိုင်းနယ်စပ်က ဖေစုန့်နဲ့ စစ်ဖြစ်နေတာပါ။ ဟန့်ယန်မင်းသမီးက တောင်ပိုင်းက အခြေအနေကို ကွပ်ကဲဖို့ မလုပ်ဘဲ ကျွန်တော်တို့ရဲ့ မြောက်ပိုင်းနယ်စပ်ကို ဘာဖြစ်လို့ လာရမှာလဲ။ ကျွန်တော့်အမြင်အရဆိုရင် ဒါက လျန်စစ်တပ်က ယန်မိသားစုကို ကယ်တင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ လိုက်လံဖမ်းဆီးတဲ့ တပ်တွေကို ဆွဲဆောင်ဖို့အတွက် သတင်းတွေ တမင် ဖြန့်ပြီး ကျားကို တောင်ပေါ်ကနေ မျှားခေါ်တဲ့ လှည့်ကွက်တစ်ခု ဖြစ်ရမယ်။ အဲ့ဒီအမျိုးသမီးကို သူ ဖမ်းမိတဲ့ အချိန်ကစပြီး စခန်းကို ပြန်ရောက်တဲ့အထိ အုပ်ချုပ်ရေးမှူးရှောင်းက သံသယဖြစ်စရာတွေကို ရှောင်ရှားနေခဲ့တာပါ။ တကယ်လို့ သခင်လေးက ဟန့်ယန်မင်းသမီး လုံးဝ မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်အတွက် တစ်ယောက်ယောက်ကိုများ အန္တရာယ်ပြုလိုက်မယ်ဆိုရင် အဲ့ဒါက ထုန်ကျိုးစစ်တပ်ရဲ့ နှလုံးသားကို အေးခဲသွားစေရုံသာမက တရားမျှတမှုတပ်ဖွဲ့က စစ်သည်အားလုံးရဲ့ နှလုံးသားကိုပါ အေးခဲသွားစေလိမ့်မယ်!"
...
အပိုင်း (၁၄၄.၂)
ဝေ့ဖိန်ကျင်းသည် စကားမပြောနိုင်ဖြစ်သွားသော်လည်း ထိုအတိုင်း အရှုံးမပေးချင်ခဲ့ပေ။ သူသည် ချေပရန် အချက်တစ်ခုကို ကြုံသလို ဆွဲယူကာ ပြောလိုက်၏။ "ဒါဆိုရင် မယ်တော်ကြီးကျန်းရဲ့ တူ၊ ချန်စစ်သူကြီးက ဘာလို့ ငါတို့ရဲ့ မြောက်ပိုင်းနယ်စပ်ကို လာရတာလဲ။ ပြီးတော့ သူ့မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်လည်း ပါသေးတယ်။ ဒါက သံသယဖြစ်စရာ မကောင်းဘူးလား"
ပြောသူက သတိမမူသော်လည်း နားထောင်သူက ဂရုပြုမိသည်။ ဝေ့အန်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ပြောလိုက်၏။ "လျန်နဲ့ ချန် စစ်တပ်တွေက သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ညှိနှိုင်းနေကြတာပါ။ စစ်သူကြီးတစ်ယောက်က စစ်ဘက်ဆိုင်ရာ တာဝန်ပေးအပ်ခံရပြီး ယန်မိသားစုကို ကြားဖြတ်ဖမ်းဆီးဖို့ မြောက်ပိုင်းနယ်စပ်ကို လာတာက မဆန်းပါဘူး။ အဲ့ဒီအမျိုးသမီးကတော့ သူ တကယ်ပဲ ကိုယ်ဝန်ရှိနေတယ်ဆိုရင် သူက ဟန့်ယန်မင်းသမီး လုံးဝ မဖြစ်နိုင်ဘူး။ ပထမအချက်၊ ဟန့်ယန်မင်းသမီးက မြောက်ပိုင်းကို လာစရာ အကြောင်းမရှိဘူး။ ဒုတိယအချက်၊ တကယ်လို့ ဟန့်ယန်မင်းသမီးကသာ တော်ဝင်မျိုးဆက်ကို ကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် လျန်နဲ့ ချန် ပြည်နယ်တွေက အမတ်တွေက သူ့ကို အန္တရာယ်ထဲ ဘယ်လိုလုပ် အရောက်ခံမှာလဲ"
ဝေ့အန်း၏ ဖြောင်းဖျမှုကို အချိန်အတော်ကြာ ခံရပြီးနောက် ဝေ့ဖိန်ကျင်းသည်လည်း ရှောင်းလိထံသို့ လူသွားတောင်းရန် မဆင်မခြင် သွားရောက်၍ မရနိုင်ကြောင်းကို သိလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ယင်းက အောင်မြင်မှုကို ခိုးယူရန် ကြိုးစားခြင်းနှင့် မယုံကြည်မှုကို ပြသခြင်း နှစ်ခုလုံး၏ သံသယကို ဖြစ်ပေါ်စေသောကြောင့်ပင်။
သူက ပြောလိုက်သည်။ "ဒါဆိုရင် ငါတို့လူတွေထဲက သမားတော်တစ်ယောက်ကို အဲ့ဒီအမျိုးသမီးရဲ့ သွေးခုန်နှုန်းကို ပြန်စစ်ဆေးဖို့ လွှတ်လိုက်!"
ဝေ့အန်းက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒီကိစ္စကို အလျင်စလို လုပ်လို့မရဘူး။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို ပေါ်လွင်သွားစေလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်တပ်ထဲမှာ အမျိုးသမီးတွေရဲ့ ရောဂါတွေကို ကုသရာမှာ ကျွမ်းကျင်တဲ့ သမားတော် မရှိဘူး။ ဒါဆို ဘယ်လိုလဲ၊ သခင်လေး... မနက်ဖြန် သခင်လေးက ကျွန်တော်နဲ့အတူ စခန်းထဲကို လိုက်ခဲ့ပါ။ အဲ့ဒီအမျိုးသမီးရဲ့ ကိုယ်ဝန်က မတည်မငြိမ်ဖြစ်နေတယ်လို့ ကြားလို့ အမျိုးသမီးတွေကို ကုသရာမှာ ကျွမ်းကျင်တဲ့ မြို့ထဲက သမားတော်တစ်ယောက်ကို သူ့ရဲ့ သွေးခုန်နှုန်းကို စစ်ဆေးဖို့နဲ့ ကိုယ်ဝန် ဘေးကင်းစေဖို့ အထူးတလည် ဖိတ်ခေါ်လာတယ်လို့ ပြောကြမယ်လေ"
ဝေ့ဖိန်ကျင်းသည် အလုပ်ရှုပ်သည်ဟု ထင်ရသော်လည်း အနည်းဆုံးတော့ သူတို့လူကိုယ်တိုင် အမျိုးသမီးကို စစ်ဆေးခွင့်ရမည့် နည်းလမ်းတစ်ခု ဖြစ်သောကြောင့် နောက်ဆုံးတွင် သဘောတူလိုက်၏။
မနေ့ညက ရှောင်းလိကို တွေ့ပြီးနောက် ဝိန်းယွီသည် ထပ်ပြီး အိပ်မပျော်နိုင်တော့ပေ။ နောက်ဆုံးတွင် သူမသည် အအေးမိခြင်းကြောင့် အဖျားတက်လာပြီး သတိလစ်သွားခဲ့၏။ သူမ နိုးလာသောအခါ နောက်နေ့သို့ ရောက်နေပြီဖြစ်ပြီး သူမ၏ နေ့စဉ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တဲထဲတွင် အစေခံအမျိုးသမီး နှစ်ဦး ရှိနေသည်ကို တွေ့လိုက်ရသည်။
မေးမြန်းကြည့်ပြီးနောက် သူတို့သည် အနီးအနားရှိ ရွာတစ်ရွာမှ လယ်သမား အမျိုးသမီးများဖြစ်ကြောင်း သူမ သိလိုက်ရသည်။ မနေ့ညက တစ်စုံတစ်ယောက်က သူတို့၏ တံခါးကို လာခေါက်ပြီး သူတို့မိသားစုကို ငွေအမြောက်အများ ပေးကာ ညတွင်းချင်း စစ်စခန်းသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
မနေ့ညက သူမ အဖျားတက်ပြီး ချွေးများ ရွှဲနစ်နေခဲ့သည်။ သူမကို ရေချိုးပေးပြီး အဝတ်အစားများ လဲလှယ်ပေးရန် ရေနွေးကြိုပေးခဲ့သူများမှာ သူတို့ပင်။
ဝိန်းယွီက သူတို့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ အစေခံအမျိုးသမီး နှစ်ဦးသည် ရိုးသားပြီး ရိုးရှင်းသူများဖြစ်ကာ သူမက မြင့်မြတ်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဤအရာများကို လုပ်ဆောင်ပေးရန်မှာ သူတို့၏ တာဝန်ဖြစ်ကြောင်း အလျင်အမြန် ပြောဆိုခဲ့ကြလေသည်။
သူမသည် ဖျားနာနေခြင်းကြောင့်လား။ သို့မဟုတ် ယမန်နေ့က သတ်ဖြတ်မှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူမ၏ စိတ်ဓာတ်ကို ခမ်းခြောက်သွားစေသောကြောင့်လားတော့ မသိ။ ဝိန်းယွီသည် တစ်နေကုန် နုံးခွေနေခဲ့၏။ ရေချိုးပြီး ဆန်ပြုတ် အနည်းငယ် စားသောက်လိုက်ရုံမျှဖြင့် သူမသည် တစ်ဖန် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။
စားပြီးပြီးချင်း ချက်ချင်း အိပ်စက်ပါက အစာမကြေဖြစ်စေနိုင်သည်။ အစေခံအမျိုးသမီးများကလည်း ခဏအကြာတွင် သောက်ရမည့် ဆေးရလာတော့မည်ဟု ပြောပြပြီး သူမ၏ ကျောနောက်တွင် အိစက်သော ခေါင်းအုံးနှစ်လုံးကို ထားပေးပြီး မှီပြီး ခဏလောက် အနားယူခိုင်းထားလိုက်သည်။
အစေခံအမျိုးသမီး နှစ်ဦးသည် ကုတင်ဘေးရှိ မီးသွေးမီးဖိုနံဘေးတွင် ပန်းထိုးနေကြသည်။ ဝိန်းယွီသည် ကုတင်ခေါင်းရင်းကို မှီကာ တဲအပြင်ဘက်မှ ဟိန်းဟောက်နေသော မြောက်လေသံကို နားထောင်နေသော်လည်း သူမ၏ အတွေးများက ကျောင်းပိုင်နှင့် ထုန်ချွဲတို့ အသက်ရှင်နေသေးသလားဆိုသည် အပေါ်တွင်သာ ရှိနေခဲ့သည်။
ယမန်နေ့က ဝေ့စစ်သည်များက သူမကို ပြန်လည် ခေါ်ဆောင်လာချိန်တွင် သူတို့သည် ခြုံခိုတိုက်ခိုက်ခံရသည့် နေရာကို ဖြတ်ကျော်ခဲ့ရ၏။ သေဆုံးသွားသော လျန်စစ်သည်များနှင့် ချင်းယွင်ကိုယ်ရံတော်များကို မြှုပ်နှံရန် ဝေ့စစ်သည်များက လမ်းဘေးရှိ တောရိုင်းလွင်ပြင်ထဲတွင် တွင်းနက်ကြီး တစ်တွင်း တူးနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ သူမသည် မြင်းလှည်းကို ရပ်တန့်ပေးရန်နှင့် သူမ၏ အစေခံများကို သွားကြည့်ရန် ဆင်းခွင့်ပြုဖို့ အော်ဟစ်ခဲ့သည်။
သို့သော် ထိုဝေ့စစ်သူကြီးက သူတို့ ရောက်ရှိလာချိန်တွင် ထိုလျန်စစ်တပ်ဖွဲ့သည် ဖေစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မြင်ကွင်းက အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူမက ကိုယ်ဝန်ရှိနေသဖြင့် သူမ၏ စိတ်ခံစားမှုများ အလွန်အမင်း မလှုပ်ရှားသင့်သောကြောင့် မကြည့်သည်က ပိုကောင်းကြောင်း ပြောခဲ့၏။ သူ့စကားများက ယဉ်ကျေးသော်လည်း မြင်းလှည်းကို ရပ်တန့်ပေးရန် ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။
ဝိန်းယွီသည် ကျောင်းပိုင်နှင့် ထုန်ချွဲတို့ ထိုသို့ အလွယ်တကူ သေဆုံးသွားသည်ဟု မယုံကြည်ခဲ့ပေ။ သို့သော် ဤကဲ့သို့ အေးခဲနေသော ရာသီဥတုတွင် သူမ မလွှတ်မြောက်သေးခင်တွင် သူတို့နှစ်ဦးစလုံး ဒဏ်ရာရထားခဲ့သဖြင့် သူတို့ လွတ်မြောက်သွားခဲ့လျှင်ပင် သေချာပေါက် အလွန် ခက်ခဲလိမ့်မည်။
ရှောင်းလိထံမှ တိကျသော အဖြေတစ်ခုကို ရယူရဦးမည်ဟု သူမ တွေးလိုက်သည်။
သူက သူမကို မှတ်မိနေပြီဖြစ်ရာ ကျောင်းပိုင်နှင့် ထုန်ချွဲတို့က သူမနှင့်အတူ ရှိနေလိမ့်မည်ကိုလည်း သူ သေချာပေါက် သိနေရမည်။ အကယ်၍ သူသာ ကျောင်းပိုင်နှင့် ထုန်ချွဲတို့ကို မြင်ခဲ့လျှင် သူတို့ကို သေချာပေါက် မှတ်မိလိမ့်မည်။
မနေ့ညက သူမ ဖျားနာနေခဲ့၏။ အအေးမိခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကြောင့် သူမ၏ စိတ်များ ရှုပ်ထွေးနေခဲ့သည်။ ရှောင်းလိ၏ မေးခွန်းများနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုံး၌ သူ သေလုနီးပါး ဖြစ်ခဲ့ရခြင်းနှင့် ရှောင်းဟွေ့နျန်ကို ကယ်တင်ရန် သူမ ပျက်ကွက်ခဲ့ခြင်းတို့မှာ သူမ၏ အမှားသာဖြစ်သည်ဟု တွေးမိကာ သူမသည် အပြစ်ရှိစိတ်ဖြင့် ပြည့်နှက်နေခဲ့ပြီး ထိုအချိန်က ကျောင်းပိုင်နှင့် ထုန်ချွဲတို့အကြောင်း သူ့ကို မမေးမြန်းနိုင်ခဲ့ချေ။
ဝိန်းယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
ဤမြောက်ပိုင်းခရီးစဉ်တွင် အံ့အားသင့်စရာများ အလွန် များပြားခဲ့၏။
ဤခရီးစဉ်တွင် ကြုံတွေ့ရနိုင်သည့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်အားလုံးကို သူမ တွက်ချက်ထားခဲ့သော်လည်း ဝေ့ချီရှန်းက သူမနှင့် ယှဉ်ပြိုင်ရန် ယခင် ကျင့်မင်းသမီးကို ရှေ့တန်းတင်လာလိမ့်မည်ကို သူမ ဘယ်သောအခါမှ တွက်ချက်မထားခဲ့သလို ကျန်းယွီ၏ လူများကြားတွင် သူလျှိုတစ်ယောက် ရှိနေလိမ့်မည်ကိုလည်း သူမ တွက်ချက်မထားခဲ့ပေ။
လူသားများတွေရဲ့ တွက်ချက်မှုက နောက်ဆုံးတော့လည်း ကောင်းကင်ဘုံရဲ့ အစီအစဉ်ကို မယှဉ်နိုင်ခဲ့တာလား။
အဆိုးရွားဆုံး အခြေအနေမှာ ယခု ဝေ့ချီရှန်း၏ လက်ထဲသို့ ကျရောက်သွားခြင်းပင်။
သို့သော် တံခါးပေါက်အပြင်ဘက်ရှိ လူရိုင်းအနွယ်များသည် ထိုနောက်ဆုံး ပြင်းထန်သော တိုက်ခိုက်မှုအပြီးတွင် မည်သည့် ကြီးမားသော လှုပ်ရှားမှုမျှ မလုပ်ကြသေးသဖြင့် သူတို့သည် သူတို့၏ နောက်ထပ် တိုက်ခိုက်မှုကို ကြံစည်နေခြင်း ဖြစ်ရမည်။ ဤပြင်းထန်သော ဆောင်းရာသီ မကုန်ဆုံးမီတွင် ဝေ့ချီရှန်းသည် ဖေစုန့်၏ ပင်မစစ်တပ်နှင့် တစ်ချိန်တည်းတွင် ထိပ်တိုက်ရင်ဆိုင်လိုမည် မဟုတ်ချေ။
တောင်ပိုင်းနယ်စပ်တွင် ဖေစုန့်ကို ထိန်းထားရန် လျန်နှင့် ချန် စစ်တပ်များကို သူ လိုအပ်နေသည်။
ထို့ကြောင့် အလုံးစုံ အခြေအနေကို တည်ငြိမ်စေရန်အတွက် ဝေ့ချီရှန်းသည် သူမက သူ့လက်ထဲတွင် ရှိနေကြောင်းကို ထုတ်ပြန်ကြေညာရန် အလျင်စလို လုပ်မည် မဟုတ်ပေ။
အလွန်ဆုံး သူသည် သူမကို ထိန်းချုပ်ပြီး တောင်ပိုင်းနယ်စပ်ရှိ လျန်နှင့် ချန် စစ်တပ်များကို အမိန့်ပေးရန် သူမကို အသုံးချလိမ့်မည်။
သို့သော် ကျန်းယွီ သေဆုံးသွားသဖြင့် နန်ချန်ဘက်က လိုက်နာမည် မဟုတ်ပေ။ ပြည်တွင်း သစ္စာဖောက်က ပြဿနာများ ဖန်တီးနေသဖြင့် နန်ချန်ရှိ အခြေအနေများ မငြိမ်မသက် ဖြစ်လာမည်လားဆိုသည်မှာ မသေချာချေ။
အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့ပြီး မည်သည့် မတော်တဆမှုမျှ မဖြစ်ပွားခဲ့ပါက ဤဟန်ချက်ညီမှုသည် အနည်းဆုံး နွေဦးရာသီအထိ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
နွေဦးရာသီ အပြီးတွင် တံခါးပေါက်အပြင်ဘက်ရှိ လူရိုင်းအနွယ်များက ဆက်ပြီး အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ပါက မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ် နှစ်ခုလုံးရှိ စစ်ပွဲသည် အချိန်ကြာမြင့်သော စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မည်။
ရှီးလင်၏ ဝါးမျိုခြင်းခံရမည့် ခြိမ်းခြောက်မှုကို အဆက်မပြတ် ရင်ဆိုင်နေရသော နန်ချန်သည် တာ့လျန်နှင့် ၎င်း၏ မဟာမိတ်ကို ပထမဆုံး ဖျက်သိမ်းသူ ဖြစ်လာနိုင်ပေသည်။
နန်ချန်က မည်သည့် လမ်းကြောင်းသစ်ကို ရှာဖွေမည်ဆိုသည်ကို ဝိန်းယွီ နက်နက်နဲနဲ မတွေးတောခဲ့သော်လည်း ထိုအချိန်တွင် တာ့လျန်သည် ဖေစုန့်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်သည်ကတော့ သေချာလေသည်။
ဝေ့ချီရှန်းသည် သူမ၏ ကွပ်ကဲမှုအောက်ရှိ လျန်စစ်တပ်ကို လုံးဝ ချည့်နဲ့သွားအောင် လွှတ်ထားလိမ့်မည်။ သို့မဟုတ်... သူသည် လျန်စစ်တပ်ကို လက်နက်ချစေရန် သူမကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အသုံးပြုလိမ့်မည်။
သို့သော် လက်နက်ချပြီးနောက်တွင် စောင့်ကြည့်နေဆဲဖြစ်သော လျန်အမတ်များကို ဆွဲဆောင်ရန် အမည်ခံတစ်ခုသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ချန်ဝေ၊ လီရွှင်နှင့် ဖန့်ယွမ်တို့ကဲ့သို့ သူမအပေါ် အမှန်တကယ် သစ္စာရှိသော အမတ်များသည် သေချာပေါက် သူတို့၏ အဓိက ရာထူးများမှ ဖယ်ရှားခံရပြီး တဖြည်းဖြည်း လမ်းဆုံးသို့ တွန်းပို့ခံရလိမ့်မည်။
ထို့အပြင် တာ့လျန်၏ နောက်ဆုံး အုပ်ချုပ်သူဖြစ်သော သူမသည် တစ်နေ့တွင် "စိတ်ဓာတ်ကျပြီး သေဆုံး" သွားနိုင်ပေသည်။
ဤအကျပ်အတည်းကို ချိုးဖျက်ရန်အတွက် သူမသည် သူမ၏ မူလအစီအစဉ်ဖြစ်သော အစမှအဆုံးအထိ သူမ၏သရုပ်မျန်ကို အောင်အောင်မြင်မြင် ဖုံးကွယ်ထားရလိမ့်မည်။
သို့မဟုတ် ဝေ့ချီရှန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစဉ် သူမသည် ကယ်ဆယ်ခံရပြီး လျန်တပ်စခန်းသို့ ပြန်ရောက်မှဖြစ်မည်။
ဘယ်လိုပဲကြည့်ကြည့် ပထမတစ်ခုက အလုံးစုံသော အခြေအနေအပေါ် အသေးငယ်ဆုံးသော သက်ရောက်မှုသာ ရှိလိမ့်မည်။
သို့သော် ယခုအခါ ဤအရာကို အောင်မြင်ရန် သော့ချက်မှာ ရှောင်းလိအပေါ်တွင် မူတည်နေ၏။
မနေ့ညက ရှောင်းလိ ထွက်ခွာသွားစဉ် သူ၏ မြင့်မားပြီး အထီးကျန်ဆန်သော ကျောပြင်ကို ဝိန်းယွီ ပြန်လည် သတိရမိလိုက်ပြီး သူမ၏ အတွေးများက ပိုလို့ပင် ရှုပ်ထွေးလာတော့သည်။
ရုတ်တရက် တဲအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က အဝင်ဝတွင် အော်ခေါ်နေပုံရသည်။ ဝိန်းယွီသည် သူမ၏ အတွေးများကို ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်၏။
"ကျွန်မ သွားကြည့်လိုက်မယ်" အစေခံအမျိုးသမီး တစ်ဦးက သူမ၏ ပန်းထိုးကို ချထားလိုက်ပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ကာ တဲပြင်သို့ ထွက်သွားလေသည်။
ဝိန်းယွီကို လေမတိုးစေရန်အတွက် သူမသည် အပြင်ထွက်သွားပြီးနောက် ခန်းဆီးကို ချထားခဲ့သဖြင့် ဝိန်းယွီသည် အပြင်တွင် မည်သူရှိနေသည်ကို မမြင်နိုင်ခဲ့ချေ။
ခဏအကြာတွင် အစေခံအမျိုးသမီး ပြန်ဝင်လာပြီး ဝိန်းယွီကို ပြောလိုက်သည်။"အဲ့ဒီ စစ်သားကြီးတွေက သခင်မလေးကို ကြည့်ဖို့ အမျိုးသမီးတွေကို ကုသပေးတဲ့ နောက်ထပ် နာမည်ကြီး သမားတော်တစ်ယောက်ကို ဖိတ်ခေါ်လာတယ်။ သခင်မလေး အဝတ်အစား အရင်လဲသင့်တယ်"
ဝိန်းယွီ၏ မျက်တောင်များ အနည်းငယ် လှုပ်ရှားသွား၏။ သူမကို စစ်ဆေးရန် နောက်ထပ် သမားတော်တစ်ယောက်ကို အလွန်လျင်မြန်စွာ ဖိတ်ခေါ်ခြင်းက အနည်းငယ် ထူးဆန်းသည်ဟု သူမ ခံစားလိုက်ရသည်။
သူမ ထရပ်လိုက်ပြီး အစေခံအမျိုးသမီး နှစ်ဦးကို အဆင်သင့်ဖြစ်အောင် ကူညီပေးခွင့်ပြုလိုက်သော်လည်း သူမသည် ဤသမားတော်က သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးရန်နှင့် သူမ၏ ကိုယ်ဝန်ကို သေချာစေရန် ဖိတ်ခေါ်ခံရခြင်းလား၊ သို့မဟုတ် မနေ့ညက ထိုဝေ့စစ်သူကြီးက သံသယဝင်နေပြီး အတည်ပြုရန် အခြားတစ်ယောက်ကို ဖိတ်ခေါ်ခဲ့ခြင်းလား ဆိုသည်ကို စိတ်ထဲတွင် စဉ်းစားနေခဲ့၏။
အကယ်၍ ဒုတိယအချက်သာ ဖြစ်ခဲ့လျှင်...
ရှောင်းလိက ငါ့ရဲ့သရုပ်မှန်ကို မြောက်ပိုင်းဝေ့ဆီ ထုတ်ဖော်မပြောရသေးဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။
ထို့နောက် မနေ့ညက သမားတော်ထောင် သူမကို အပ်စိုက်ကုသပေးနေပုံကို ဝိန်းယွီ တွေးမိလိုက်သည်။ သူမ ဝေခွဲမရဖြစ်နေချိန်တွင် သူ၏နာမည်ကို ခေါ်လုနီးပါး ဖြစ်သွားသောအခါ သမားတော်ထောင်က သူမအတွက် ချက်ချင်း ဖုံးကွယ်ပေးခဲ့သည်။
မနေ့ညက ရှောင်းလိကို တွေ့ပြီးနောက် သူမ၏ အတွေးများက အလွန် ရှုပ်ထွေးနေခဲ့ပြီး အရာအားလုံးကို ရှင်းလင်းစွာ မစီစဉ်နိုင်ခဲ့ပေ။
ယခုကြည့်ရသည်မှာ သမားတော်ထောင်က သူမကို ကုသပေးရန် ရှောင်းလိက ရှင်းရှင်းလင်းလင်း စီစဉ်ပေးခဲ့ခြင်း ဖြစ်ပုံရသည်။
သူက မြောက်ပိုင်းဝေ့ မသိအောင် ငါ့ရဲ့သရုပ်မှန်ကို အမြဲတမ်း ဖုံးကွယ်ပေးထားခဲ့တာလား။
ဤအသိက ဝိန်းယွီကို သူမ၏ အင်္ကျီလက်များထဲတွင် ဝှက်ထားသော လက်ချောင်းများကို မသိစိတ်က အလိုလို ဆုပ်ကိုင်မိသွားစေပြီး သူမ၏ မျက်မှောင်က ဖြည်းညင်းစွာ ကြုတ်သွားတော့သည်။
အပြင်ဘက်မှ လူများ တဲထဲသို့ ဝင်လာချိန်တွင် ဝိန်းယွီသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး ကုတင်ခေါင်းရင်းကို မှီနေပြီ ဖြစ်သည်။ သူမကို စောင်တစ်ထည် ခြုံထားပေးပြီး သူမ၏ နားရွက်နောက်မှ ရိုးရှင်းသော ပိုးသား ပဝါဖြူ တစ်ထည်ကို တွဲလောင်းချထားကာ သူမ၏ မျက်နှာအများစုကို ဖုံးကွယ်ထားပြီး ဖျားနာမှု အရိပ်အယောင်လေး စွန်းထင်းနေသော သူမ၏ ကြည်လင်လှပသည့် မျက်လုံးများကိုသာ ဖော်ပြထားလေသည်။
တဲထဲသို့ ဝင်လာသူများမှာ ရှောင်းလိ၊ ယမန်နေ့က သူမ တွေ့ခဲ့ရသော ဝေ့စစ်သူကြီးနှင့် အခြား အတော်လေး ငယ်ရွယ်ပုံရသော အမျိုးသား တစ်ဦးတို့ ဖြစ်သည်။ သူသည် စစ်ဝတ်စုံကို ဝတ်ဆင်မထားဘဲ အမည်မသိ တိရစ္ဆာန်၏ အမွှေးဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို ပခုံးပေါ်တွင် လွှမ်းခြုံထားလျက် လှပသော ပိုးချည်ထည် အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူ့မျက်နှာအမူအရာသည် မာနကြီးပြီး ထောင်လွှားသော အသွင်အပြင်ကို ဆောင်နေသည်။
ဆန့်ကျင်ဘက်အားဖြင့် ရှောင်းလိ၏ မျက်နှာအမူအရာမှာ အထူးသဖြင့် အေးစက်နေ၏။ သူသည် ပခုံးကျယ်ပြီး ခြေတံရှည်ကာ ပိုးချည်ထည်ဝတ်ထားသော လူငယ်ထက် ခေါင်းတစ်ဝက်ခန့် ပိုရှည်သည်။ လေ့ကျင့်ရေးကွင်းမှ ယခုလေးတင် ပြန်လာခဲ့သဖြင့် သူ၏ အနက်ရောင် ချည်ထည် သိုင်းဝတ်စုံသည် ပြင်းထန်သော၊ သတ်ဖြတ်လိုသည့် အရှိန်အဝါဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး အခြားသူ၏ ရွှေနှင့် ကျောက်စိမ်းများ စီခြယ်ထားသော အဝတ်အစားများကို အတွေ့အကြုံမရှိသေးသူ တစ်ဦး၏ အဝတ်အစားများကဲ့သို့ ဖြစ်သွားစေသည်။
သူသည် အခြားသူ လာရောက်ရသည့် အမှန်တကယ် ရည်ရွယ်ချက်ကို ဂရုမစိုက်ပုံမရချေ။ တဲထဲသို့ ဝင်ပြီးနောက် သူက ရိုးရှင်းစွာပင် ပြောလိုက်သည်။ "သူ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်"
သူ၏ မျက်ခုံးများကြားရှိ အေးစက်ပြီး ပျင်းရိသော အရိပ်အယောင်သည် အလုပ်များရသည့်ကြားက သည်နေရာသို့ လာခဲ့ရသောကြောင့် စိတ်မရှည်ဖြစ်နေပုံနှင့် ပိုတူနေသည်။
ဝိန်းယွီသည် မျက်နှာအမူအရာ မပြောင်းလဲဘဲ သူတို့အပေါ် အကြည့်ကို ဝေ့ဝဲလိုက်ပြီးနောက် နွမ်းနယ် ဖျားနာနေသော အမူအရာကို ထိန်းသိမ်းထားရင်း သူမ၏ မျက်လုံးများကို အနည်းငယ် အောက်ချလိုက်၏။
ဤအခြေအနေသည် သူမ၏ ယခင် ခန့်မှန်းချက်များအနက်မှ နောက်တစ်အချက် ဖြစ်ပုံရသည်။
ဒါဆို... ရှောင်းလိက ဘာလို့ သူမကို ကူညီနေတာလဲ။
ဝေ့ဖိန်ကျင်းက ဝင်လာပြီး ဝိန်းယွီ၏ မျက်နှာဖုံးထားသည့် မျက်နှာကို မြင်လိုက်ရချိန်မှစ၍ သူ၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့သည်။ ရှောင်းလိ၏ စကားများကို ကြားသောအခါ သူသည် ပိုလို့ပင် မကျေမနပ် ဖြစ်သွားတော့၏။ တစ်ခုခုကို ရိပ်မိသွားပြီး ရှောင်းလိကို ကိုယ့်နေရာကိုယ် ရှိနေစေရန် သမားတော် ရှေ့သို့မတိုးနိုင်ခင်မှာပင် သူက အော်ဟစ်လိုက်သည်။ "မင်းမျက်နှာကို ဘာလို့ ဖုံးထားတာလဲ"
ဝိန်းယွီသည် သူ့ကြောင့် ထိတ်လန့်သွားပုံရသည်။ သူမ၏ ဖျားနာနေသော မျက်လုံးများသည် မျက်နှာကို ဖုံးကွယ်ထားခြင်းက ဘာမှားနေသလဲဆိုတာကို သူမ မသိသည့်အလား ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုတို့ကို ပြသနေ၏။
စောစောက သူမကို ဝတ်စားဆင်ယင်ရန် ကူညီပေးခဲ့သော အစေခံအမျိုးသမီးက ပြောလိုက်သည်။"လူကြီဂမင်းကို သတင်းပို့ပါတယ်... သခင်မလေးက ကိုယ်ပေါ်မှာ အဖုအပိမ့်တွေ ထွက်နေလို့ပါ။ လူကြီးမင်းတွေရဲ့ မျက်စိကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ အဖုံးအကွယ်တစ်ခု ရှာပေးဖို့ ကျွန်မတို့ကို ခိုင်းခဲ့တာပါ"
ဝိန်းယွီ၏ လက်ကောက်ဝတ် အပြင်ဘက်သို့ ထွက်နေသော လက်များနှင့် မျက်လုံးတဝိုက်ရှိ ဧရိယာသည် တကယ်ပင် အဖုအပိမ့်များဖြင့် ဖုံးလွှမ်းနေလေသည်။
ဝေ့ဖိန်ကျင်း၏ အာဏာပြရန် ကြိုးပမ်းမှုသည် ကျရှုံးသွားခဲ့ပြီး အရှက်ကွဲသွားခဲ့သည်။ သူသည် ပိုလို့ပင် မကျေမနပ်ဖြစ်လာပြီး အော်ဟစ်လိုက်လေသည်။ "ဒီသခင်လေးက စစ်မြေပြင်ကို ရောက်ဖူးတယ်။ အဖုအပိမ့်တွေ အပြည့်ရှိနေတဲ့ မျက်နှာကို ငါက ကြောက်မယ်လို့ မင်း ထင်နေတာလား။ အဲ့ဒါကို ချွတ်လိုက်!"
...