အခန်း ၁၄၈
Vol. 15 Ch. 148
အပိုင်း (၁၄၈)
ရှောင်းလိသည် မျက်လွှာပင့်ကာ သူမကို ကြည့်လိုက်၏။ ချွေးစေးလေးများ သီးနေသော မျက်ခွံအောက်ရှိ ဝံပုလွေတစ်ကောင်၊ လင်းယုန်တစ်ကောင်နှင့်တူသော ထိုမျက်ဝန်းတစ်စုံသည် နာကျင်မှုကို အံကြိတ်ခံနေရသည့်တိုင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပျောက်ကွယ်မသွားသေးချေ။
ဝိန်းယွီသည် သူ့ကို အသံတိတ် စိုက်ကြည့်နေလိုက်သည်။
သူမ၏အကြည့်သည် အေးချမ်းတည်ငြိမ်နေပြီး သနားကြင်နာမှု တစ်စိတ်တစ်ပိုင်းကိုပါ ဖုံးကွယ်ထား၏။ တောက်ပနေသော မီးရောင်အောက်တွင် အလွန်ပြင်းထန်သော တိုက်ခိုက်လိုစိတ်နှင့် ဖိအားပေးမှုများ ပါဝင်နေသည့် သူ့အကြည့်ကို ရင်ဆိုင်ရာတွင် သူမသည် အနည်းငယ်မျှပင် ရှောင်ဖယ်ခြင်း မရှိခဲ့ချေ။
သူတို့နှစ်ဦးသည် အခိုက်အတန့် အခြေအနေ တင်းမာနေခဲ့ပြီးနောက် ရှောင်းလိသည် ပတ်တီးစပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ငါးချောင်းကို နောက်ဆုံးတွင် လျှော့ချလိုက်ပြီး ချွေးများရွှဲနေသော မျက်ခွံကို နိမ့်ချထားလိုက်လေသည်။
မီးရောင်သည် သူ၏ခန္ဓာကိုယ်တစ်ဝက်ကို နွေးထွေးသော အလင်းရောင်တစ်လွှာ ဖုံးလွှမ်းသွားစေ၏။ ထင်ရှားပြတ်သားလှသော ထိုကြွက်သားများသည် ယခုအချိန်တွင် တိတ်ဆိတ်စွာ ငြိမ်သက်နေသော်လည်း ၎င်းတို့အထဲတွင် စုဆောင်းထားသည့် ကြောက်မက်ဖွယ် စွမ်းအားများကို လူများ ခံစားသိရှိနိုင်စေသည်။
ဝိန်းယွီသည် ပတ်တီးကို ညီညာအောင် ဖြန့်လိုက်ပြီး သူမ၏ သွယ်လျသော ဘယ်ဘက်လက်ချောင်းလေးများဖြင့် ပတ်တီး၏ တစ်ဖက်စွန်းကို သူ့ပခုံးပေါ်တွင် ဖိထားလိုက်၏။ သူမ၏ လက်ချောင်းထိပ်များသည် သူ၏အသားအရည်နှင့် တိုက်ရိုက် မထိတွေ့သော်လည်း ပါးလွှာသော ပတ်တီးတစ်လွှာက မည်သည့်အရာကိုမှ မဟန့်တားနိုင်ချေ။ သူမသည် ထိုအောက်ရှိ ကြွက်သားများမှတစ်ဆင့် ကူးစက်လာသော နွေးထွေးမှုကို ရှင်းလင်းစွာ ခံစားနေရသည်။
နာကျင်မှုကို အောင့်ခံနေရသောကြောင့် ရှောင်းလိ၏ အသက်ရှူသံသည် အနည်းငယ် လေးလံနေပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် အလွန်တင်းကျပ်နေကာ ကျောက်တုံးတစ်တုံးလို၊ သံမဏိတစ်ခုလို မာကျောနေလေသည်။
ဝိန်းယွီသည် သူ၏ ဖြူရော်ကာ နာကျင်မှုကို မျိုသိပ်ထားရသော မျက်နှာနှင့် ချွေးစေးများ ကျဆင်းနေသည့် နားထင်များကို တစ်ချက်ကြည့်လိုက်သည်။ ပတ်တီးကို သူ၏ကျောပြင်ပေါ်သို့ သတိထား၍ ဖုံးအုပ်လိုက်ချိန်တွင် ကြိုတင်စိတ်ပြင်ဆင်ထားသော်လည်း အသားများ ပုပ်ဟကာ ရှည်လျားသော မျက်လုံးတစ်လုံးကဲ့သို့ လန်ထွက်နေသည့် ဒဏ်ရာကို မြင်လိုက်ရသောအခါ သူမ၏အသက်ရှူသံသည် မသိမသာ ရပ်တန့်သွားခဲ့၏။
ဒီလောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာလား။
သူမသည် ဆက်မကြည့်ရက်တော့သဖြင့် မျက်နှာလွှဲလိုက်ပြီး ပတ်တီးကို သူ၏ဂျိုင်းအောက်မှတစ်ဆင့် ရင်ဘတ်အရှေ့သို့ ပတ်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ နောက်ကျောပခုံးပေါ်ရှိ ဘေးပတ်ဝန်းကျင် အသားအရည်နှင့် သိသာစွာ ကွဲပြားနေသော အမာရွတ်ဝိုင်းဝိုင်းတစ်ခုကို သူမ သတိပြုမိသွား၏။ ထိုအမာရွတ်၏ ဘေးပတ်လည်တွင် အသားများ စုတ်ပြဲပြီးနောက် ပြန်လည်ကျက်သွားသည့် အရာဟောင်းလေးများလည်း ရှိနေသေးရာ မြားနှုတ်စဉ်က ဖြစ်ပေါ်ခဲ့သည့် ဒဏ်ရာများ ဖြစ်ပေလိမ့်မည်။
ဒါက အရင်တုန်းက သူ့အသက်ကို သေလုနီးပါး ဖြစ်စေခဲ့တဲ့ မြားဒဏ်ရာပဲလား။
ဝိန်းယွီသည် တုန်ယင်နေသော လက်ချောင်းလေးများဖြင့် အသာအယာ စမ်းကြည့်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် မထိရဲခဲ့ချေ။
သူမသည် ရုတ်တရက် အလွန်အမင်း အပြစ်မကင်းသလို ခံစားလိုက်ရပြီး မျက်လွှာချလိုက်ချိန်တွင် အသက်ရှူသံများပင် အနည်းငယ် တုန်ယင်နေတော့သည်။
ရင်ထဲတွင် ဆို့နင့်လာသော ခံစားချက်ကို အတင်းဖိနှိပ်ကာ ပတ်တီးကို သူ၏ရင်ဘတ်အရှေ့သို့ ဆက်ပတ်ပေးလိုက်ရင်းက သူမသည် အခြားကိစ္စများကို တွေးတောနေမိသဖြင့် အာရုံလွင့်နေလေသည်။ ထို့ကြောင့် အနည်းငယ် အေးစက်နေသော သူမ၏ အင်္ကျီလက်စနှင့် ဆံနွယ်များသည် ရှောင်းလိ၏ ဗလာကျင်းနေသော ပခုံးနှင့် လက်မောင်းများကို အကြိမ်ကြိမ် ရှပ်တိုက်မိသွားသည်ကိုပင် သူမ သတိမထားမိခဲ့ချေ။
သူတို့နှစ်ဦးလုံး ဘယ်သူမှ အသံမထွက်ခဲ့ကြချေ။ ထိုအခိုက်တန့်အတွင်း စစ်တဲတစ်ခုလုံးတွင် သူတို့နှစ်ဦး၏ အဝတ်အစားများ တစ်ခါတစ်ရံ ပွတ်တိုက်မိသည့် တိုးညှင်းသော အသံနှင့် မီးဖိုထဲရှိ ထင်းများ လောင်ကျွမ်းနေသည့် တဖျောက်ဖျောက် အသံမှလွဲ၍ အခြား မည်သည့်အသံမှ မရှိတော့ချေ။
ရုတ်တရက်ဆိုသလို ယုံချန်မြို့ရှိ ရှောင်းမိသားစုအိမ်တော်တွင် နေခဲ့ရသော ထိုနှစ်သစ်ကူးအကြိုညသို့ ပြန်လည်ရောက်ရှိသွားသလို သူမ ခံစားလိုက်ရသည်။
ထိုအချိန်ကလည်း သူသည် နှင်းမုန်တိုင်းကျနေသော ညတစ်ညတွင် ဒဏ်ရာတွေ ဗရပွဖြင့် ပြန်လာခဲ့သည်။
သူမသည်လည်း ယခုကဲ့သို့ပင် တိတ်ဆိတ်စွာနှင့် သေသေချာချာ ပတ်တီးစည်းပေးခဲ့၏။
အတိတ်က ကိစ္စများကို ပြန်လည်တွေးတောမိသောအခါ ဝိန်းယွီ၏ ရင်ထဲတွင် မခံစားနိုင်အောင် ဖြစ်သွားရပြီး သူ၏ ရှေ့ပခုံးတွင် ကြိုးတစ်ထုံး ချည်နှောင်လိုက်သည်။ မျက်လွှာကို ပင့်လိုက်ချိန်တွင်တော့ သူမ၏အကြည့်သည် ရှောင်းလိ၏အကြည့်နှင့် အံဝင်ခွင်ကျ ဆုံတွေ့သွားတော့၏။
အမှန်ဆိုရလျှင် သူသည် တစ်ချိန်လုံး သူမကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သူ၏အကြည့်သည် မည်းမှောင်နက်ရှိုင်းနေပြီး နေရောင်မမြင်ရသော အမိုက်အမှောင် ချောက်ကမ်းပါးကြီးတစ်ခု၏ အဝနှင့် တူနေလေသည်။
ဝိန်းယွီသည် တစ်ဖက်လူ၏ မျက်လုံးများထဲမှ အရင်ကနှင့် မတူညီသော အချက်လေးတစ်ခုကို ရုတ်တရက် ရှာတွေ့သွားခဲ့သည်။
ထိုစဉ်က သူသည် သူမကို တစ်ချက်ပိုကြည့်ရန်ပင် မဝံ့ရဲခဲ့ချေ။ သို့သော် ယခုအချိန်တွင် သူမကို ကြည့်နေသော သူ၏အကြည့်သည် အလွန်သိသာထင်ရှားလှသည့် ကျူးကျော်လိုသော အရိပ်အယောင်များ ပါဝင်နေပြီး အလွန် ကြမ်းတမ်းကာ အရိုင်းဆန်လှသည်။
မုဆိုးတစ်ယောက်က သူ၏ သားကောင်ကို အကြည့်ဖြင့် ဝိုင်းရံပိတ်လှောင်ထားသကဲ့သို့ပင်။ မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရသော်လည်း သူသည် မိမိကိုယ်ကို ထိန်းချုပ်ကာ အချိန်အတော်ကြာသည်အထိ မလှုပ်ရှားဘဲ နေနေခဲ့၏။
စိတ်ထဲတွင် ထိုသို့သော အတွေးများ ရုတ်တရက် ပေါ်လာပြီးနောက် သူတို့နှစ်ဦး အလွန်နီးကပ်နေပြီဖြစ်ကြောင်း ဝိန်းယွီ သတိပြုမိသွားသည်။ သူမသည် သူ့ပခုံးပေါ်မှ လက်ကို ပြန်ရုပ်ကာ နောက်ဆုတ်ရန် ပြင်လိုက်သော်လည်း သူက သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး သူမ၏လှုပ်ရှားမှုကို ထိန်းချုပ်ထားလိုက်လေသည်။
ဝိန်းယွီသည် အံ့ဩထိတ်လန့်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ အသက်ရှူသံများက ပူလောင်နေသည်မှလွဲ၍ သူ၏လေသံကမူ ယခင်ကလိုပင် အေးစက်နေဆဲဖြစ်ပြီး “မင်း ငါ့ကို ပြောစရာစကား ရှိတယ် မဟုတ်လား”
ဝိန်းယွီသည် လက်ကို အားသုံး၍ တစ်ချက် ရုန်းလိုက်သော်လည်း မလွတ်ခဲ့ချေ။ ထို့ပြင် တစ်ဖက်လူ၏ သံညှပ်ကဲ့သို့သော လက်ငါးချောင်းသည် ပိုပိုပြီး တင်းကျပ်စွာ ဆုပ်ကိုင်လာမည့် အနေအထားရှိနေသဖြင့် သူမသည် နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်သွားကာ မျက်လွှာချလျက် ပြောလိုက်လေသည်။ “ကျွန်မတို့ စကားနည်းနည်း ပြောရအောင်”
ရှောင်းလိသည် သူမကို စိုက်ကြည့်နေဆဲ။ “ဘာပြောမှာလဲ”
ဝိန်းယွီက ပြန်ပြောလိုက်၏။ “ရှင် ကျွန်မကို တစ်သက်လုံး ပိတ်လှောင်ထားလို့ မရပါဘူး။ တကယ်လို့ ကျွန်မ ပြန်မသွားခဲ့ဘူး၊ ကျန်းယွီကလည်း မြောက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီဆိုတော့ လျန်နဲ့ ချန် နှစ်ဖက်စလုံးက တပ်တွေက သေချာပေါက် ကျေနပ်မှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် မြောက်ပိုင်းကလည်း ငြိမ်းချမ်းနေနိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ သရုပ်မှန်သာ ပေါ်သွားခဲ့ရင် ရှင်ကလည်း ဝေ့ချီရှန်းဆီမှာ သစ္စာဖောက်ဆိုတဲ့ နာမည်ဆိုး တွင်သွားလိမ့်မယ်။ ရှင့်အတွက် ဘာအကျိုးကျေးဇူးမှ ရှိမှာ မဟုတ်ဘူး”
သို့သော် ရှောင်းလိက အနည်းငယ် အေးစက်စွာ ရယ်မောလိုက်ပြီး မေးလိုက်သည်။ “မင်းကိုယ်မင်း ဖော်ထုတ်ခံလိုက်ဖို့ ကိုယ့်ဟာကို ခွင့်ပြုထားမှာမလို့လား”
ဝိန်းယွီသည် အဖြေမပေးခဲ့ချေ။
သူက သူမကိုယ်စား ပြန်ဖြေလိုက်လေသည်။ “ဟင့်အင်း။ မင်း အဲလိုလုပ်မှာမဟုတ်ဘူး။ တောင်ပိုင်းက စစ်ပွဲတွေအတွက်ပဲဖြစ်ဖြစ်၊ ဝေ့နယ်စားရဲ့ လက်ထဲကို မကျရောက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ မင်း အသိမခံပါဘူး။ မဟုတ်ရင် မင်းက ဘာဖြစ်လို့ မင်းကိုယ်မင်း ကျန်းယွီရဲ့ မယားငယ်ပါလို့ လိမ်ပြောနေစရာ လိုဦးမှာလဲ”
သူသည် သူမနှင့် အလွန်နီးကပ်နေပြီး အသက်ရှူသံများက အလွန်ပူလောင်နေသော်လည်း လေသံကမူ ရေခဲတမျှ အေးစက်နေလေသည်။ “မင်းကို ပြန်လွှတ်ပေးလိုက်မှသာ ငါက ဝေ့နယ်စားအပေါ် သစ္စာမရှိတာ ဖြစ်သွားမှာပေါ့”
ဝိန်းယွီသည် သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်သည်။ သူတို့နှစ်ဦးသည် အသက်ရှူသံများပင် ရောယှက်လုနီးပါး ဖြစ်နေသော်လည်း ပြောထွက်လာသည့် စကားများသည် အချစ်ရေးနှင့် အနည်းငယ်မျှပင် မသက်ဆိုင်ခဲ့ချေ။ “ရှင် ထင်နေတဲ့ သစ္စာရှိမှုနဲ့ ဝေ့ချီရှန်း လိုချင်တဲ့ သစ္စာရှိမှုက ကွဲလွဲနေမှာကိုပဲ စိုးရိမ်ရတယ်”
“တကယ်လို့ ရွေးချယ်ခွင့်သာ ရှိသေးတယ်ဆိုရင် မြောက်ပိုင်းဝေ့က ရှင့်ဆီမှာ ကျွန်မ အဖမ်းခံခဲ့ရတယ်ဆိုတာကို တစ်လောကလုံး သိအောင် ကျွန်မလည်း သေချာပေါက် ပြောပြချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယ်တော်ကြီးကျန်းက တူဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်၊ ဝန်ကြီးချုပ်ကျန်းကလည်း ချစ်လှစွာသော သားကို ဆုံးရှုံးလိုက်ရတယ်။ ကျွန်မကလည်း သူတို့ကို အကြောင်းပြချက်တစ်ခု ပေးဖို့ နှောင့်နှေးနေပြီး ပြန်မရောက်နိုင်သေးဘူးဆိုရင် အဲ့ဒီအချိန်ကျရင် နန်ချန်က ခွေးရူးတစ်ကောင်လို ဖြစ်လာမလား၊ မဖြစ်လာဘူးလား ဆိုတာကို ကျွန်မ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး”
ရှောင်းလိသည် အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အေးစက်စွာ လှောင်ရယ်လိုက်ပြီး “ပြီးခဲ့တဲ့ရက်ပိုင်းကမှ မင်းတို့ လျန်စစ်စခန်းက ဖေစုန့်ဘက်က လွှင့်ထားတဲ့ ကောလာဟလတွေကို ချေဖျက်ဖို့အတွက် ဟန့်ယန်မင်းသမီးကို မြို့ထဲ လှည့်လည်ပြီး ပြည်သူတွေနဲ့ ရင်းနှီးအောင် လုပ်ဖို့ စီစဉ်ခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ မြောက်ပိုင်းဝေ့က ဟန့်ယန်မင်းသမီးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ငါတို့ကို လှည့်ပြီး အပြစ်တင်တာကတော့ တကယ့်ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ”
သူသည် ဝိန်းယွီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး “နန်ချန်က ခွေးရူးတစ်ကောင် ဖြစ်သွားတော့ရော ဘာဖြစ်လဲ။ ကတိသစ္စာဖျက်တဲ့ လူယုတ်မာတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဒီလောကမှာ ဘယ်သူက ယုံမလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်”
ဝိန်းယွီသည် သူမ၏ လက်ကောက်ဝတ်ကို သူ၏ တင်းကျပ်စွာ ဆုပ်ကိုင်ခြင်း ခံထားရလျက် ဤအတိုင်းပင် သူ့ကို စိုက်ကြည့်နေရင်း ရုတ်တရက် မေးလိုက်လေသည်။ “ဝါယောင်းခံတပ်ကို စစ်ကူသွားပေးတဲ့ အဲ့ဒီ တော်လှန်ရေးစစ်တပ်က ရှင် မဟုတ်ဘူးလား”
ရှောင်းလိသည် ထိုအခိုက်အတန့်တွင် သူမနှင့် မျက်လုံးချင်းဆုံခြင်းကို ရှောင်လွှဲလိုက်ပြီး “ဟုတ်တော့ရော ဘာဖြစ်လဲ၊ မဟုတ်တော့ရော ဘာဖြစ်လဲ”
ဝိန်းယွီက ဖိမေးလိုက်သည်။ “တကယ်လို့ အဲ့ဒါက ရှင်သာ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ရှင်က ကျွန်မတို့ လျန်စစ်စခန်းနဲ့ ဒီလောက် ကြီးမားတဲ့ ရန်ငြိုးတွေ ရှိနေတာတောင် အတိတ်က ကိစ္စတွေကို အာဃာတမထားဘဲ ဖေစုန့်က ပြည်သူတွေကို ဒုက္ခပေးမှာကို တားဆီးဖို့ စစ်ကူသွားပေးနိုင်ခဲ့သေးတာပဲ။ အခုကျမှ ဘာဖြစ်လို့ တပ်နှစ်ခု စစ်ခင်းရမယ့် အခြေအနေကို ရွေးချယ်ရတာလဲ”
ရှောင်းလိသည် သူမ၏ ဖြူဖွေးသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် လက်ကို လွှတ်ပေးလိုက်ပြီး ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ နောက်တစ်ကြိမ် မျက်လွှာပင့်လိုက်ချိန်တွင် သူ၏မျက်လုံးများထဲ၌ ကြမ်းတမ်းအေးစက်မှုများ စိမ့်ထွက်နေပြီး ဆက်သွယ်ပြောဆိုရန် ငြင်းဆန်နေသည့် အသွင်အပြင်ကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။ “သူတို့ ချန်စစ်တပ်က မာကျားလျန်မှာ ငါတို့ မြောက်ပိုင်းဝေ့ရဲ့ စစ်သည်နှစ်သောင်းကို တွင်းတူးပြီး ရှင်လတ်လတ် မြှုပ်သတ်ခဲ့ကတည်းက ငါတို့ မြောက်ပိုင်းဝေ့နဲ့ သူတို့ ချန်စစ်တပ်ဟာ မဖြစ်မနေ စစ်တိုက်ရလိမ့်မယ်။ ငါ ဝါယောင်းခံတပ်ကို စစ်ကူပေးခဲ့တာကလည်း ငါတို့ ထုန်ကျိုးအတွက် စဉ်းစားခဲ့လို့ပဲ။ မင်းတို့ လျန်စစ်စခန်းနဲ့ ဘာသံယောဇဉ်မှ ရှိနေသေးလို့ မဟုတ်ဘူး။ မင်းနဲ့ငါ့ကြားမှာ အသက်သေဆုံးရတဲ့အထိ ကြီးမားတဲ့ ရန်ငြိုးကြီး ခြားထားတာဆိုတော့ ထပ်ပြီး ဆွေးနွေးနေစရာ ဘာမှမရှိတော့ဘူး။ တကယ်လို့ မင်းက မင်းကို ပြန်လွှတ်ပေးဖို့ ငါ့ကို တိုက်တွန်းချင်နေတာဆိုရင်တော့ အဲ့ဒီစိတ်ကူးကို စွန့်လွှတ်လိုက်တာပဲ ကောင်းလိမ့်မယ်”
ဝိန်းယွီ၏ လက်ကောက်ဝတ်ပေါ်တွင် သူ၏ လက်ဖဝါးမှ ပူလောင်သော အပူချိန်များ ကျန်ရစ်နေသေးသယောင်။ သူမက ရုတ်တရက် မေးလိုက်၏။ “ဒါဆိုရင် ဘာဖြစ်လို့ နှင်းမုန်တိုင်းကျနေတဲ့ ညကြီးမှာ သန္ဓေတည်ဆေး သွားဝယ်ပေးခဲ့တာလဲ”
သကြားလုံးကိစ္စကို သူမ ထည့်မပြောခဲ့သော်လည်း ဆေးဝယ်သည့်ကိစ္စကို ဖော်ထုတ်လိုက်ပြီဖြစ်ရာ သူ လုပ်ခဲ့သမျှ အရာအားလုံးကို သူမ သိနေပြီဆိုသည်ကို သူ ရှင်းလင်းစွာ သိရှိသွားပေလိမ့်မည်။
ရှောင်းလိ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး သူမ မည်သို့ သိရှိသွားကြောင်းကို အလွယ်တကူ စဉ်းစားမိသွားသည်။ သူသည် အသက်နှစ်ခါရှူစာမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်လေသည်။ “မင်းသမီးရဲ့ ဗိုက်ထဲက ကလေးက အသုံးဝင်လို့ပေါ့”
“မင်းသမီးက နန်ချန်ကို သွေးဆောင်ပြီး မင်းသမီးကို ဘုရင်အဖြစ် တင်မြှောက်ခိုင်းနိုင်ခဲ့တာကလည်း ဗိုက်ထဲက ဒီကလေးကို အားကိုးခဲ့လို့ မဟုတ်ဘူးလား။ အနာဂတ်မှာ တောင်ပိုင်းသာ ဆူပူအုံကြွလာခဲ့ရင် ဒီကလေးကို ထိန်းချုပ်ထားနိုင်တဲ့သူက လျန်နဲ့ ချန် နှစ်ဖက်စလုံးက တပ်တွေကို အမိန့်ပေးနိုင်လိမ့်မယ် မဟုတ်လား။ ကျွန်တော် ရှောင်းလိက မင်းသမီးကို သန္ဓေကို ကောင်းကောင်းမွန်မွန် ပြုစုပြီး ဒီကလေးကို မွေးဖွားလာအောင် ဘယ်လိုလုပ် ခွင့်မပြုဘဲ နေနိုင်မှာလဲ”
ဝိန်းယွီသည် ထိုအဖြေကို ကြားလိုက်ရသောအခါ အချိန်အတော်ကြာ မှင်သက်သွားခဲ့ပြီးမှ တစ်ခွန်းတည်း မေးလိုက်၏။ “ကျွန်မကို အဲ့ဒီလောက်တောင် မုန်းနေတာလား”
ရှောင်းလိ၏ တစ်ကိုယ်လုံးမှ အငွေ့အသက်များသည် အေးစက်သွားသည်။ ကြေးမှိုများ ရိုက်နှက်ထားသော သံပြားအုပ် လက်ရန်းပေါ်တွင် တင်ထားသည့် သူ၏ လက်ဖျံပေါ်တွင် လက်ငါးချောင်းကို အားသုံးကာ လက်သီးဆုပ်လိုက်သောကြောင့် သွေးကြောများ ဖောင်းကြွလာလေသည်။ သူက ဝိန်းယွီကို စိုက်ကြည့်နေသော အကြည့်သည် ကြည့်နေသည်ဟုပင် ဖော်ပြ၍မရနိုင်ဘဲ သူမ၏ ပုံပန်းသဏ္ဍာန်ကို သူ့မျက်လုံးအိမ်ထဲသို့ တစ်လက်မချင်း ထွင်းထုထည့်သွင်းနေသည့်နှယ်။ နှုတ်ခမ်းများကို အလွန်တင်းကျပ်စွာ စေ့ထားလျက် စကားလုံးအနည်းငယ်ကို ထွေးထုတ်လိုက်သည်။ “ဒါမှမဟုတ်ရင် မင်းသမီးက ဘယ်လိုထင်နေလို့လဲ”
ဖိန်ကျိုးမှ ထွက်ခွာလာခဲ့သော ထိုမိုးရွာသည့်ညက သူမ ပြောခဲ့သော စကားလုံးတိုင်း၊ စာကြောင်းတိုင်းကို သူ ယခုတိုင် မှတ်မိနေဆဲပင်။
သူမက "ရှောင်းစစ်သူကြီး တစ်ခုခုကို အထင်လွဲနေတယ်လို့ ကျွန်မ ထင်တယ်" ဟု ပြောခဲ့သည်။
သူမက "ကျွန်မ ဒီသစ်သားပန်းပုလေးကို ယူဆောင်လာတာက စစ်သူကြီး အရင်တုန်းက ပြောခဲ့တဲ့ ငါးကြင်းမြီးက နဂါးတံခါးကို ကျော်ဖြတ်တာ ဆိုတဲ့ စကားလုံးတွေကို အရမ်းသဘောကျလို့ပဲ၊ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ စစ်သူကြီး အကြိမ်ကြိမ် စည်းကျော်နေတာက တကယ်ကိုပဲ ကျွန်မကို အနေရခက်စေတယ်" ဟု ပြောခဲ့သည်။
သူမက "ဒီသစ်သားပန်းပုက ပျောက်သွားပြီဆိုမှတော့ ကျွန်မက ဘယ်တုန်းကမှ ပြန်မရှာတွေ့ခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့မယ်" ဟု ပြောခဲ့သည်။
သူမသည် သူ၏ ချစ်ခင်နှစ်သက်မှုကို အလွန်ပင် ရွံရှာမုန်းတီးခဲ့ပြီး သူမအပေါ် ကျေးဇူးရှိခဲ့ဖူးသည်ကို ထောက်ထားလျက်ပင် သူ့ကို အတိအလင်း တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ အကြိမ်ကြိမ် နှင်ထုတ်ခဲ့ဖူးသည်။
နောက်ဆုံးတွင်တော့ မျက်နှာချင်း လုံးဝ မဆိုင်တော့ဘဲ သူမ၏ ရွံရှာမုန်းတီးမှု အားလုံးကို အကွယ်အကာမရှိ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့လေသည်။
သူ ရှောင်းလိသည် မိမိကိုယ်မိမိ မည်မျှပင် အောက်တန်းကျသူဟု ယူဆထားစေကာမူ ဤကဲ့သို့သော အောက်တန်းကျမှုကို နောက်ထပ်တစ်ကြိမ် ထပ်မံ မကျူးလွန်နိုင်တော့ချေ။
ဝိန်းယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ အချိန်အတော်ကြာ ငေးမောသွားခဲ့ပြီး နောက်ဆုံးတွင် သူ့ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်၏။ “တကယ်လို့ အဲ့ဒီ မြားတစ်စင်းရဲ့ နာကျင်မှုကို ကျွန်မ ပြန်ဆပ်မယ်ဆိုရင် ရှင့်ကို နည်းနည်းလောက် ပိုပြီး သက်သာရာရစေနိုင်မလား”
ရှောင်းလိ ပြန်ဖြေသည်ကို မစောင့်တော့ဘဲ သူမက ဆက်ပြောလိုက်သည်။ “အဲ့ဒီနေ့က ရှင့်ကို ဒဏ်ရာရစေခဲ့တဲ့ မြားပေါ်မှာ သုံးထားတဲ့ အဆိပ်က ကျိန့်ဝူး အဆိပ်ပဲ။ ဖေစုန့်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်ရသေးခင်မှာ ကျွန်မ သေလို့ မရသေးဘူး။ ဒါကြောင့် ရှင်က ကျွန်မ အသက်ကို မသေစေနိုင်ပေမယ့် ကျွန်မကို သက်သောင့်သက်သာ မဖြစ်စေမယ့် အဆိပ်တချို့ကို ရွေးပြီး မြားပေါ်မှာ သုံးနိုင်ပါတယ်”
ရှောင်းလိသည် မေးရိုးများကို တင်းကျပ်နေအောင် အံကြိတ်ထားလိုက်ရာ နဖူးစွန်းရှိ သွေးကြောများပင် ထောင်တက်လာခဲ့ပြီး သူ၏အကြည့်ဖြင့် ရှေ့မှလူကို အသားစိမ်းစိမ်း ခုတ်ထစ်ပစ်ချင်နေသည့်အလား ပြောလေသည်။ “ဒီလိုလုပ်လိုက်တာနဲ့ အကြွေးကျေသွားမယ်လို့ မင်း ထင်နေတာလား”
သူက ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။ “မမေ့နဲ့နော် ဝိန်းယွီ၊ မင်းရဲ့ အသက်ကို ငါ ကယ်ထားခဲ့တာ”
သို့သော် ဝိန်းယွီက “ကျွန်မ သိပါတယ်” ဟု ပြောလိုက်သည်။
သူမက သူ့ကို ကြည့်နေသော အကြည့်သည် အေးချမ်းနေဆဲဖြစ်ပြီး တကယ်ပဲ သူ့ကို တိုင်ပင်ဆွေးနွေးနေသည့်အလား ပြောလိုက်၏။ “ကျွန်မ ကိုယ်တိုင် ဖေစုန့်ကို သတ်ပြီးသွားတဲ့အခါ၊ ပြီးတော့ လက်အောက်ငယ်သားတွေ အားလုံးအတွက် နေရာချထားပေးပြီးသွားတဲ့အခါ ကျွန်မဘာသာ ပိုးကြိုးဖြူတစ်ချောင်း ပြင်ဆင်ပြီး ဒီအသက်ကို ရှင့်ဆီ ပြန်ပေးပါ့မယ်”
ရှောင်းလိသည် သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် တဖြည်းဖြည်း သွေးရောင်များ လွှမ်းလာခဲ့သည်။ သူသည် တစ်ခါမှ ဤမျှလောက် ဒေါသမထွက်ခဲ့ဖူးသည့်အလား တစ်လုံးချင်းစီ ခွဲခြားကာ ပြောလိုက်သည်။ “ငါ ပြောပြီးပြီလေ၊ မင်း ဗိုက်ထဲက ကလေးကို သုံးပြီး မင်းကို လက်စားချေမယ်လို့။ ငါ့ရဲ့ ဒေါသကို ဘယ်လို ဖြေဖျောက်ရမလဲ ဆိုတာကို မင်း သင်ပေးနေစရာ မလိုဘူး”
ဝိန်းယွီသည် အသက်တစ်ခါရှူစာမျှ တိတ်ဆိတ်သွားပြီးနောက် အမှန်အတိုင်း ပြောပြလိုက်၏။ “ကလေးက မရှိပါဘူး”
သို့သော် ရှောင်းလိကမူ အဓိပ္ပာယ်လွဲမှားသွားခဲ့ပြီး သူမက သူ့ကို လက်စားချေရန် ကိရိယာအဖြစ် အသုံးချခံရမည့် ဤကလေးကို မွေးဖွားလာမည် မဟုတ်ကြောင်း ပြောနေသည်ဟု ထင်မှတ်သွားခဲ့သည်။
သူသည် ဤကဲ့သို့ နှလုံးသားကို ခြေမွခံရသည့် အရသာကို မမြည်းစမ်းခဲ့ရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည်။ သူ၏ နှလုံးသားတစ်ခုလုံးကို လူတစ်ယောက်က ထုတ်ယူကာ လူသွားလူလာများသည့် လမ်းမကြီးပေါ်သို့ ပစ်ချပြီး အစအနမကျန်အောင် နင်းခြေခံလိုက်သလိုပင်။
သူသည် နီရဲနေသော မျက်လုံးများဖြင့် စိတ်ထဲရှိ မိစ္ဆာကောင်ကြီးကို မထိန်းချုပ်နိုင်တော့သည့်နှယ် မိမိကိုယ်တိုင် ပြောလိုက်မိသည်ကို ကြားလိုက်ရ၏။ “ရတယ်လေ၊ ဒါဆိုရင်လည်း ငါ့ကို ကျေနပ်အောင် လုပ်ပေးစမ်းပါ”
ဝိန်းယွီသည် ထိုစကားကို ကြားလိုက်ရသောအခါ အသက်တစ်ခါရှူစာမျှ တွေဝေသွားခဲ့ပြီးနောက် သူ့ဆီသို့ အမှန်တကယ်ပင် ခြေလှမ်းတစ်လှမ်း တိုးသွားကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူ့မျက်နှာကို ဆုပ်ကိုင်လိုက်လေသည်။
သူမ၏ မျက်နှာအမူအရာသည် အလွန်အေးချမ်းပြီး နူးညံ့နေသော်လည်း မျက်ဝန်းအောက်ခြေတွင်မူ အမည်မသိသော ဝမ်းနည်းမှု တစ်ခုကို ဖုံးကွယ်ထားသယောင်ဖြစ်နေပြီး သူမ၏ နှုတ်ခမ်းများကို သူ့ဆီသို့ ဖြည်းညင်းစွာ ဖိကပ်လိုက်၏။
သူမ၏ နှုတ်ခမ်းများသည် နွေးထွေးပြီး နူးညံ့ကာ သူ၏ ပါးပြင်ကို ဆုပ်ကိုင်ထားသော ခွန်အားသည်လည်း အလွန် ပေါ့ပါးလှသည်။
ရှောင်းလိသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူမက ခပ်ဖွဖွလေး တစ်ချက် ထိတွေ့ပြီးနောက် အနည်းငယ် ခွာလိုက်ပြီး နောက်တစ်ကြိမ် ဖြည်းညင်းစွာ ဖိချလာကာ သူ၏ နှုတ်ခမ်းပေါ်တွင် ရစ်ဝဲနေချိန်၌ ရှောင်းလိသည် ရုတ်တရက် သူမ၏လက်ကို ဆွဲကာ တွန်းထုတ်လိုက်လေသည်။ အပြင်ဝတ်ရုံ တစ်ထည်ကို ဖြစ်သလို ကောက်ယူခြုံလွှမ်းကာ အပြင်သို့ ထွက်သွားချိန်တွင် စကားတစ်ခွန်းသာ ချန်ရစ်ခဲ့လေသည်။ “ပျင်းစရာကောင်းလိုက်တာ”
...