← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အပိုင်း (၁၄၉)

စစ်တဲ၏ ခန်းဆီးကို ပြန်ကျလာခဲ့သည်။ မီးဖိုထဲမှ မီးရောင်သည် တဲစပေါ်သို့ ရောင်ဟပ်နေပြီး အဝါရောင်လွင်ပြင်တစ်ခုနှယ်။ မီးတောက်ကလေးများ တုန်ခါသွားသည်နှင့်အမျှ ထိုအလင်းနှင့် အရိပ်များသည်လည်း ရေလှိုင်းများကဲ့သို့ မျောလွင့်လှုပ်ရှားလာတော့သည်။

ဝိန်းယွီ၏ ဘေးတိုက်မျက်နှာလေးသည် ကျောက်စိမ်းပန်းပုတစ်ခုကဲ့သို့ လှပနေသည်။ သူမသည် ထိုနေရာတွင် ခဏလောက် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး အောက်သို့ စိုက်ကျနေသော မျက်တောင်ရှည်ကြီးများသည် မျက်ဝန်းထဲမှ ခံစားချက်များကို ဖုံးကွယ်ထားလိုက်၏။ နောက်ဆုံးတွင်တော့ ဝတ်ရုံ၏ ခေါင်းစွပ်ကို ပြန်လည်ဆွဲခြုံလိုက်ပြီး ခန်းဆီးကို လှန်ကာ စစ်တဲကြီးထဲမှ ထွက်လာခဲ့လိုက်သည်။

အပြင်ဘက်ရှိ အစောင့်နှစ်ယောက်သည် ထိုနေရာတွင် သူမကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ တဲအတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လုံးဝ မသိရှိကြဘဲ သူမ ထွက်လာသည်ကို မြင်သောအခါ "ကြွပါ" ဟူသော လက်ဟန်အမူအရာကို ထပ်မံ ပြသလိုက်ကြ၏။

ရှောင်းလိ ဘယ်ကို ထွက်သွားမှန်း ဝိန်းယွီ မသိခဲ့သလို သူမလည်း မမေးမြန်းခဲ့ချေ။ အေးစက်သော လေပြေက သူမ၏ ဝတ်ရုံစွန်းကို လွင့်ဝဲသွားစေပြီး သူမသည် တည်ငြိမ်စွာဖြင့်ပင် ထိုအစောင့်နှစ်ယောက် နောက်သို့လိုက်ကာ သူမကို အကျယ်ချုပ် ချထားသော စစ်တဲကြီးဆီသို့ ပြန်လာခဲ့လိုက်သည်။

ဒီညတွင် နှင်းတွေ အလွန်သည်းထန်စွာ ကျဆင်းနေသည်။ အေးစက်သော လေပြေက ကင်းလှည့်နေသော စစ်သည်များကိုပင် လည်ပင်းများ ကျုံ့ဝင်သွားစေပြီး ခန္ဓာကိုယ်ကိုပါ ကိုင်းညွတ်သွားစေလောက်အောင် တိုက်ခတ်နေ၏။

စုန့်ချင်သည် ရှောင်းလိကို ရှာတွေ့သွားချိန်၌ သူက ကုန်းစောင်းနိမ့်နိမ့် တစ်နေရာတွင် ထိုင်နေပြီး အောက်ဘက်ရှိ မီးရှူးမီးတိုင်များ ထောင်သောင်းချီနေသော စစ်စခန်းကို ငေးမောကြည့်ရှုနေလေသည်။

စုန့်ချင်သည် အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။ "ဒီည တပ်မသုံးခုက စစ်သည်တွေကို ဆုချီးမြှင့်ဖို့ လိုအပ်သေးတယ်။ ခုနလေးတင် ကျန်းဟူတို့တွေက ဗဟိုစစ်တဲကြီးဆီ သွားပြီး အုပ်ချုပ်ရေးမှူးကို သွားရှာတာ မတွေ့ခဲ့ဘူး။ အုပ်ချုပ်ရေးမှူးက ဒီနေရာကို ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး"

ရှောင်းလိသည် နောက်သို့လှည့်ကာ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်၏။ "အရက် ပါလား"

စုန့်ချင်က ပြောလိုက်သည်။ "မင်းမှာ ဒဏ်ရာတွေ ဗရပွနဲ့လေ။ အရက် ထပ်သောက်လို့ မရတော့ဘူး"

စကားကို ထိုသို့ ပြောလိုက်သော်လည်း သူသည် ကိုယ်တိုင် သယ်ဆောင်လာသော အရက်ဘူးကို ယူကာ လှမ်းပစ်ပေးလိုက်လေသည်။

ရှောင်းလိသည် ဖမ်းယူလိုက်ပြီးနောက် သစ်သားဆို့ကို ဆွဲဖွင့်ကာ ခေါင်းမော့ကာ အားရပါးရ တစ်ငုံ မော့သောက်လိုက်သည်။ လက်ကို မြှောက်ကာ နှုတ်ခမ်းထောင့်မှ အရက်စက်များကို သုတ်ပစ်လိုက်ချိန်တွင်တော့ သူက ပြောလိုက်၏။ "နေလို့ကောင်းသွားပြီ"

စုန့်ချင်သည် သူ့ဘေးနားက မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပြောလိုက်လေသည်။ "ကျန်းဟူ ပြောတာ ကြားလိုက်တယ်။ ကျန်းယွီရဲ့ အဲ့ဒီ မယားငယ်က အုပ်ချုပ်ရေးမှူးရဲ့ အသိဟောင်းဆို"

ရှောင်းလိသည် ပြန်မဖြေခဲ့ချေ။

စုန့်ချင်၏ အကြည့်များသည် ရှောင်းလိနောက်သို့ လိုက်ပါသွားကာ အောက်ဘက်ရှိ ကျယ်ပြောလှသော နှင်းမုန်တိုင်းထဲမှ မှိုပွင့်လေးများနှင့် တူသော စစ်တဲများကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။ "အုပ်ချုပ်ရေးမှူးက သူ့ကို ချန်ထားချင်တာလား"

ရှောင်းလိသည် အဖြေမပေးဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "တကယ်လို့ အစ်မမုတန်းသာ ဆိုရင်ကော အစ်ကိုကြီးက ဘယ်လို လုပ်မလဲ"

လေတိုက်နှုန်း ပြင်းလွန်းသဖြင့် မျက်လုံးများကိုပင် အနည်းငယ် မှုန်ဝါးသွားစေသည်။ စုန့်ချင်သည် ခဏလောက် အနားယူလိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်၏။ "တကယ်လို့ သူသာ ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် အခက်အခဲတွေ ထောင်သောင်းချီ ရှိနေပါစေ၊ ငါ့မှာ ရှိသမျှ အားလုံးကို ပုံအောပြီး ကြိုးစားကြည့်ရမှာ မဟုတ်ဘူးလား"

ရှောင်းလိသည် အရက်ဘူးကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။ "တကယ်လို့ သူက ဆန္ဒမရှိဘူး ဆိုရင်ရော"

စုန့်ချင်၏ အပြုံးထဲတွင် အရာအားလုံးကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်၏ တည်ငြိမ်မှုနှင့် ဘဝအတွေ့အကြုံ ရင့်ကျက်မှုများ ပိုပါဝင်လာခဲ့ပြီး ပြောလိုက်လေသည်။ "တကယ်လို့ သူ့မှာ ပိုကောင်းတဲ့ သွားစရာနေရာ ရှိနေတယ်ဆိုရင် ငါက ဘာကို အသုံးချပြီး သူ့ကို ဆွဲထားနိုင်မှာလဲ"

ရှောင်းလိသည် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည်အထိ စကားဆက်မပြောခဲ့ချေ။ စုန့်ချင်က သူ့ကို စကားတစ်ခွန်း နှစ်ခွန်းမျှ နှစ်သိမ့်ပေးရန် ပြင်လိုက်ချိန်တွင် သူက ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ငါ မကျေနပ်ဘူး"

ထို့ကြောင့် စုန့်ချင်သည်လည်း ခဏလောက် စကားမပြောနိုင်တော့ဘဲ နောက်ဆုံးတွင် ရှောင်းလိကို ပြောပြနေခြင်းလား သို့မဟုတ် မိမိကိုယ်ကိုယ် ပြန်ပြောနေခြင်းလား မသိနိုင်စွာဖြင့် ပြောလိုက်လေသည်။ "လူ့ဘဝ ဆိုတာ လောကကြီးမှာ ရှင်သန်နေရတဲ့ အချိန်အတွင်း ကိုယ်ဖြစ်ချင်တာနဲ့ မကိုက်ညီတဲ့ ကိစ္စတွေက ဆယ်ပုံမှာ ရှစ်ပုံ၊ ကိုးပုံလောက် ရှိတာပဲ။ မကျေနပ်တဲ့ စိတ်တစ်ခုကို ဆုပ်ကိုင်ထားတာကလည်း ကောင်းချင် ကောင်းနိုင်ပါတယ်။ အနည်းဆုံးတော့ ကျန်တဲ့ ဘဝသက်တမ်းမှာ အဲ့ဒီလောက်ကြီး အထီးကျန်မနေတော့ဘူးပေါ့"

ရှောင်းလိက ပြောလိုက်သည်။ "အစ်ကိုကြီးက သူ့ရဲ့ သရုပ်မှန်ကို ခန့်မှန်းမိနေပြီ မဟုတ်လား"

စုန့်ချင်က ပြောလိုက်၏။ "အုပ်ချုပ်ရေးမှူးက သူ့ကို ဘယ်သူလို့ ပြောရင် ငါလည်း သူ ဘယ်သူလဲဆိုတာကို အသိအမှတ်ပြုမှာပဲ"

ရှောင်းလိက မေးလိုက်သည်။ "ဘယ်အချိန်တုန်းက ခန့်မှန်းမိသွားတာလဲ"

စုန့်ချင်က ပြန်ဖြေလိုက်၏။ "သံသယ ဝင်မိတာကတော့ လူကို ဖမ်းမိတဲ့နေ့ကပဲ"

သူသည် ခဏတာ တွေးတောလိုက်ပြီး ပိုအသေးစိတ်ကျစွာ ပြောပြလိုက်သည်။ "အဲ့ဒီနေ့က အုပ်ချုပ်ရေးမှူးက အမြဲတမ်း သံသယကင်းအောင် နေခဲ့တယ်။ အဲ့ဒီ မိန်းကလေးကို နည်းနည်းလေးမှတောင် ဂရုမစိုက်တဲ့ ပုံစံမျိုးကို အပြည့်အဝ ပြသခဲ့တာပဲ။ ဒါပေမဲ့ ရှေ့က တောအုပ်ထဲကို ရောက်သွားတဲ့အခါမှာတော့ အမျိုးသမီး သက်တော်စောင့်တွေရဲ့ အလောင်းတွေ အားလုံးကို ဝေ့အန်း မရောက်လာခင်မှာ မြေမြှုပ်ပြီး ရှင်းလင်းပစ်ဖို့ အမိန့်ပေးခဲ့တယ်။ လမ်းဘေးမှာ လဲကျနေတဲ့ မြင်းလှည်းကို မြင်သွားတော့လည်း အဲ့ဒါကို သေသေချာချာ ပြင်ဆင်ပြီးတော့မှ ပြန်ပို့ပေးဖို့ အမိန့်ပေးခဲ့ပြန်တယ်"

သူက ပြောလိုက်၏။ "သာမန် အရာရှိကတော်တွေရဲ့ အနားမှာတောင် အဲ့ဒီလောက် များပြားတဲ့ အမျိုးသမီး သက်တော်စောင့်တွေ ရှိနေမှာ မဟုတ်ဘူးလေ။ စစ်တပ်နဲ့ လိုက်ပါလာတဲ့ မယားငယ် တစ်ယောက် ဆိုရင်တော့ ပိုတောင် ပြောစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့်မို့ အဲ့ဒီ မိန်းကလေးရဲ့ နောက်ခံက သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းမိခဲ့တာ။ သူက ဟန့်ယန်မင်းသမီး မဟုတ်ဘူး ဆိုရင်တောင်မှ ကျန်းယွီရဲ့ မယားငယ်တော့ လုံးဝ ဖြစ်နိုင်စရာ မရှိဘူး။ အုပ်ချုပ်ရေးမှူးနဲ့ သူနဲ့ ဘယ်လို ပတ်သက်မှုတွေ ရှိခဲ့တယ် ဆိုတာကိုပဲ ငါ မသိခဲ့တာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျန်းဟူ ပြောတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့ကြားမှာ အရင်ကတည်းက ပတ်သက်မှု ရှိခဲ့တယ် ဆိုတဲ့စကားကို ကြားလိုက်ရတဲ့ အချိန်အထိပဲ၊ အဲ့ဒီအခါကျမှ ရုတ်တရက် ခန့်မှန်းမိသွားခဲ့တာ"

အချိန်အတော်ကြာ သယ်ဆောင်ထားခဲ့ရသော လျှို့ဝှက်ချက်ကို အရင်းနှီးဆုံး လူတစ်ယောက်က သိရှိသွားပြီဖြစ်ရာ ရှောင်းလိသည် ရင်ဘတ်ထဲတွင် ဖိနှိပ်ထားရသော အလေးလံဆုံး စိတ်အိုက်စပ်မှုကြီးကို နောက်ဆုံးတွင် ထုတ်ဖော်နိုင်သွားသည့်အလား သူက မေးလိုက်သည်။ "သူ့ကို ဝေ့နယ်စားဆီ လွှဲအပ်ပေးဖို့ ဘာဖြစ်လို့ ငါ့ကို မတိုက်တွန်းရတာလဲ"

စုန့်ချင်သည် မျက်လွှာချကာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။ "ခုနလေးတင် အုပ်ချုပ်ရေးမှူးက မုတန်းကို ဥပမာပေးပြီး ငါ့ကို မေးခဲ့တယ် မဟုတ်လား။ တကယ်လို့ မုတန်းသာ ဒီလို အခြေအနေမျိုးကို ကြုံတွေ့နေရမယ် ဆိုရင် ငါလည်း သေချာပေါက် သူ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ရက်စက်နိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေး ရန်သူဆီကို သူ့ကို လွှဲအပ်ပေးပြီး သူ အခက်အခဲခံ တည်ဆောက်ထားခဲ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ ငါ ရက်စက်နိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဝေ့နယ်စားက အုပ်ချုပ်ရေးမှူးရဲ့ လျန်စစ်စခန်းမှာ ရှိခဲ့ဖူးတဲ့ အတိတ်ကိစ္စတွေကို ဘာမှမမေးမြန်းဘဲ အုပ်ချုပ်ရေးမှူးကို ဝေ့စစ်စခန်းထဲ ဝင်ဖို့ အားတက်သရော ဖိတ်ခေါ်ခဲ့တယ်။ ပြီးတော့ တော်လှန်ရေးစစ်တပ်က အင်အား တစ်သောင်းခွဲကိုလည်း အုပ်ချုပ်ရေးမှူးရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိပေးခဲ့တယ်။ ဒီယုံကြည်မှုနဲ့ အလေးထားမှုကိုလည်း အလွယ်တကူ သစ္စာဖောက်လို့ မရနိုင်ဘူး"

သူသည် ခဏတာ ရပ်တန့်လိုက်ပြီး ဝိန်းယွီ ယခင်က ပြောခဲ့သော စကားများနှင့် တစ်ထပ်တည်းကျသည့် စကားကို ပြောလိုက်၏။ "အုပ်ချုပ်ရေးမှူးက လူကို အနားမှာ ဖမ်းထားချင်တယ်။ သူ့ကို အိမ်လည်း ပြန်မလွှတ်ပေးဘူး၊ ဝေ့နယ်စားဆီကိုလည်း လွှဲမအပ်ဘူး။ ဒါက အလယ်အလတ်အကျဆုံး နည်းလမ်းလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ နှစ်ဖက်စလုံးရဲ့ လမ်းတွေကို ဖြတ်တောက်လိုက်တာပါပဲ။ လျန်စစ်စခန်းနဲ့လည်း ရန်သူဖြစ်သွားသလို ဝေ့နယ်စားဆီမှာလည်း သူ့ကို သစ္စာဖောက်တာနဲ့ ဘာမှမကွာခြားဘူး ဖြစ်သွားတယ်"

ရှောင်းလိသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုကြီးက ငါ့ကို မတိုက်တွန်းတော့ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

စုန့်ချင်သည် နှင်းမုန်တိုင်းများကို မိမိမျက်နှာပေါ်သို့ အချိန်အတော်ကြာ ရိုက်ခတ်ခွင့် ပေးထားလိုက်ပြီးနောက် ပြောလိုက်လေသည်။ "တကယ်လို့ အစ်ကိုကြီးသာ ဒီအခြေအနေထဲမှာ ပါဝင်နေမယ် ဆိုရင် မင်းနဲ့ တူညီတဲ့ ရွေးချယ်မှုကို လုပ်မိကောင်း လုပ်မိလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ် ဒီအခြေအနေထဲမှာ ပါနေတာက အစ်ကိုကြီး မဟုတ်ဘူးလေ။ အစ်ကို တစ်ယောက်အနေနဲ့ကတော့ သေချာပေါက် မင်းကို တိုက်တွန်းရမှာပဲ။ အားဟွမ်... ဒီလောကကြီးမှာ လိုချင်ပြီး မရနိုင်တာတွေ၊ မစွန့်လွှတ်ရက်နိုင်တာတွေက အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အကျပ်အတည်း ဖြစ်အောင် ဖိအားပေးနေတာက ဘာများ အကျိုးရှိမှာမို့လို့လဲ။ စွန့်လွှတ်ရမယ့် အချိန်ရောက်ရင်တော့ စွန့်လွှတ်လိုက်ပါတော့"

သူသည် ရှောင်းလိ၏ အိမ်နာမည်ကို ခေါ်လိုက်ရာ အစ်ကိုတစ်ယောက်၏ အဆင့်အတန်းဖြင့် တကယ်ကို တိုက်တွန်းနေသည်နှင့် တူလေသည်။

ဒါက လမ်းဆုံးနေသော အခြေအနေတစ်ခု ဖြစ်နေပြီ။ တစ်ခုမဟုတ်လျှင် နှစ်ဖက်စလုံးကို ပြစ်မှားမိမည် ဖြစ်ပြီး သို့မဟုတ်လျှင်လည်း တစ်ဖက်ကိုသာ ပြစ်မှားရမည်။

သို့သော် သူတို့သည် ဝေ့စစ်စခန်းအတွင်း ရောက်ရှိနေပြီ ဖြစ်ရာ ယုတ္တိအရဆိုလျှင် ပြစ်မှားသင့်သည်မှာ လျန်စစ်စခန်းပင် ဖြစ်သင့်ပေသည်။

သို့သော် အချစ်ဟူသော စကားလုံးနှင့် ငြိတွယ်မိသွားပြီ ဆိုလျှင် မည်သူကများ အလွယ်တကူ ဖြေရှင်းနိုင်မည်နည်း။

ရှောင်းလိသည် တစ်ဖက်လူကို ဝေ့ချီရှန်းထံသို့ လွှဲအပ်ပေးရန် လုံလောက်အောင် မရက်စက်နိုင်ခဲ့သဖြင့် ဝိန်းယွီကို မည်သူမည်ဝါမှန်း တစ်ခါမှ မသိခဲ့ဖူးသကဲ့သို့ ဟန်ဆောင်ကာ သူမကို ကျန်းယွီ၏ မယားငယ် အဆင့်အတန်းဖြင့် လျန်စစ်စခန်းသို့ ပြန်လည်စေလွှတ်ပေးလိုက်ခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။ လျန်နှင့် ချန် စစ်စခန်းနှစ်ခုလုံးက လူကို ကယ်တင်ပြီးနောက် သူတို့ကို ပြန်လည် ကိုက်ခဲမည့် အောက်တန်းကျသော လုပ်ရပ်မျိုး မလုပ်သရွေ့ ဝေ့ချီရှန်းသည် သူက လှည့်စားခဲ့ဖူးကြောင်းကို ထာဝရ သိရှိနိုင်မည် မဟုတ်ချေ။

ဆန့်ကျင်ဘက် အနေဖြင့် လူကို လက်ထဲတွင် အမြဲတမ်း ဖမ်းဆီးထားမည်ဆိုလျှင် လူစားထိုးတစ်ယောက် ရှာပြီး ပြန်ပို့ပေးလိုက်လျှင်ပင် လျန်စစ်စခန်းဘက်က လှည့်စားခံရမှန်း သိသွားပါက ဘယ်လိုလုပ်ပြီး အလွယ်တကူ ကျေအေးပေးနိုင်မည်နည်း။ အဲ့ဒီအချိန်ကျလျှင် ဝေ့ချီရှန်း၏ ရှေ့မှောက်အထိ သေချာပေါက် ပေါက်ကြားသွားလိမ့်မည်။

ဆိုးကျိုးနှစ်ခုရှိလျှင် ပိုသက်သာသော အရာကို ရွေးချယ်ရမည်သာ။

"လိုချင်ပြီး မရနိုင်ဘူး ဟုတ်လား"

ရှောင်းလိသည် ခေါင်းငုံ့ကာ တိုးညှင်းစွာ ရယ်မောလိုက်၏။ သို့သော် သူ သတိရသွားသည်ကတော့ ယခင်က စစ်တဲအတွင်း၌ ဝိန်းယွီက သူမကို ပြန်လွှတ်ပေးစေရန်အတွက် ကိုယ်ဝန်ဆောင်ထားရသည့် ခန္ဓာကိုယ်ဖြင့်ပင် သူ့ကို "ကျေနပ်အောင်" ပြုလုပ်ပေးရန် ဆန္ဒရှိခဲ့သည့် မြင်ကွင်းပင်။ အစောပိုင်းက သူသည် ခွေးရူးများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူမကလည်း ဖမ်းဆီးခံခဲ့ရချိန်တွင် "ဂရုမစိုက်ဘူး" ဟု ပြောခဲ့သော စကားနှင့် အတူတူပင် ဖြစ်လေသည်။

သူ၏ ရင်ထဲတွင် ရုတ်တရက် ဒေါသအမျက်များ တိုးပွားလာခဲ့ပြီး အေးစက်လှသော လေပြေထဲတွင် သူ၏ မျက်ဝန်းတစ်စုံမှ ကြမ်းတမ်းပြီး လေးနက်သော အရိပ်အယောင်များ ပေါ်ထွက်လာကာ ပြောလိုက်သည်။ "ငါကတော့ အတင်းအကျပ်ကို လိုချင်တာပဲ"

ထိုညပြီးကတည်းက ဝိန်းယွီသည် ရှောင်းလိကို နောက်ထပ် တစ်ခါမှ မမြင်တွေ့ရတော့ချေ။

ထောင်ခွေသည်လည်း သူမထံသို့ ဆေးလာမပို့တော့ချေ။ ရှောင်းလိက မလာရန် အမိန့်ပေးလိုက်ခြင်းကြောင့် ဟုတ်မဟုတ်ကိုမူ မသိနိုင်ပေ။

သို့သော် နှစ်ရက်အကြာတွင် ဆောင်းတွင်းဝတ်အင်္ကျီ ချုပ်ပေးရန်ဟု ဆိုကာ သူမ၏ ခန္ဓာကိုယ် အတိုင်းအတာကို လာရောက် တိုင်းတာသော အပ်ချုပ်သမား တစ်ယောက် ရုတ်တရက် ရောက်လာခဲ့လေသည်။

ထို့အပြင် သူမ ဖတ်ရှုရန်အတွက် ထူးဆန်းထွေလာ မှတ်တမ်းစာအုပ် အနည်းငယ်ကိုလည်း ရရှိခဲ့၏။

သူမ၏ စစ်တဲအပြင်ဘက် သုံးဆယ်ကျန့် အကွာအဝေးအတွင်းတွင် အစောင့်စစ်သည် အများအပြားက စောင့်ကြပ်နေပြီး ထိုနယ်ပယ်အတွင်းတွင် သူမသည် တဲအပြင်ထွက်ကာ လမ်းလျှောက်ပြီး လေညင်းခံခွင့် ရှိလေသည်။

သို့သော် ဝိန်းယွီသည် အပြင်ထွက်လေ့ သိပ်မရှိခဲ့ချေ။

ထိုညက ဆွေးနွေးနိုင်သမျှ အရာအားလုံးကို သူမသည် ရှောင်းလိနှင့် ဆွေးနွေးပြီးသွားပြီ ဖြစ်သည်။

တစ်ဖက်လူက ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် အနည်းငယ်မျှပင် ဆန္ဒမရှိခဲ့သဖြင့် သူမအနေဖြင့် မြောက်ပိုင်းမှ ထွက်ခွာလိုလျှင် အခြားထွက်ပေါက်ကိုသာ ရှာဖွေရတော့မည်။

ဝိန်းယွီသည် ရှောင်းလိနှင့် ပတ်သက်သော မည်သည့်သတင်းကိုမှ တမင်တကာ သွားပြီး မစုံစမ်းတော့ပေ။ နေ့စဉ် အချိန်ဖြုန်းရန်အတွက် ထိုထူးဆန်းထွေလာ မှတ်တမ်းစာအုပ် အနည်းငယ်ကို ဖတ်ရှုခြင်းအပြင် သူမသည် စားပွဲခင်းပေါ်တွင် မီးသွေးခဲဖြင့် စစ်တုရင်ခုံ ရေးဆွဲကာ ကျောက်စရစ်ခဲများနှင့် အပိုင်းငယ်လေးများ ချိုးထားသော သစ်ကိုင်းခြောက်များကို စစ်တုရင်ရုပ်များအဖြစ် အသုံးပြု၍ အကျပ်အတည်းမှ လွတ်မြောက်မည့် နည်းလမ်းကို ရှာဖွေရန် တစ်ယောက်တည်း အကြိမ်ကြိမ် ပြန်လည် ကစားနေခဲ့လေသည်။

ရှောင်းလိ၏ စစ်စခန်းသည် သံပုံးကြီးတစ်ခုကဲ့သို့ လုံခြုံနေသဖြင့် သူမလည်း ထွက်မသွားနိုင်သလို သူမ၏လူများလည်း တိုက်ခိုက် ဝင်ရောက်မလာနိုင်ချေ။

သူမ တစ်ယောက်တည်း စဉ်းစားနေလိုက်သည်။ ရှောင်းလိက ငါ့ကို မဖြစ်အနေ လွှဲအပ်ရမဲ့ အခွင့်အရေးတစ်ခု လိုအပ်တယ်။ အဲ့ဒါမှ ဒီသံပုံးကြီးထဲကနေ ထွက်သွားနိုင်မှာ။ လျန်စစ်စခန်းဘက်က လူတွေလည်း လှုပ်ရှားလို့ ကောင်းသွားမှာ။

ဒီနေ့တွင် သူတို့သည် ထုံးစံအတိုင်း စစ်တဲအတွင်း၌ ပန်းထိုးအလုပ်များ လုပ်နေကြချိန်တွင် အဝေးရှိ စစ်ရေးလေ့ကျင့်ကွင်းဘက်မှ စစ်သည်များ၏ အနည်းငယ် ကျယ်လောင်သော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနှင့် အစေခံအမျိုးသမီးက မနေနိုင်ဘဲ ပြောလိုက်သည်။ "စစ်စခန်းထဲက စစ်သည်တော်တွေ ထပ်ပြီး လေ့ကျင့်နေကြပြန်ပြီလား"

အခြား ဝဝဖြိုးဖြိုး အစေခံအမျိုးသမီးက ပြောလိုက်၏။ "ကြားရသလောက်တော့ ငါတို့ရဲ့ အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့တစ်ခေါက် လူရိုင်းတွေကို သတ်ဖြတ်ပြီး ကြီးမားတဲ့ အောင်ပွဲ ရခဲ့လို့ နယ်စားက ရွှေတစ်ထောင် ဆုချလိုက်တယ်တဲ့။ အုပ်ချုပ်ရေးမှူးက စစ်စခန်းကို ပြန်ရောက်တာနဲ့ အဲ့ဒီထဲက ရွှေရှစ်ရာကို လက်အောက်ခံ စစ်သည်တွေကို ခွဲဝေပေးလိုက်တယ်။ ကျန်တဲ့ ရွှေနှစ်ရာကိုတော့ စစ်ရေးလေ့ကျင့်ကွင်းမှာ လေ့ကျင့်တဲ့အခါ အနိုင်ရတဲ့ စစ်သည်တွေကို ဆုချဖို့အတွက် သုံးလိုက်တာတဲ့လေ"

ပိန်ပိန်ပါးပါး အစေခံအမျိုးသမီးသည် မနေနိုင်ဘဲ စုပ်သပ်ကာ ပြောလိုက်လေသည်။ "ရွှေတစ်ထောင်လုံးကို ဒီလိုပဲ ခွဲဝေပေးလိုက်တာလား။ ဒါဆို ငါတို့ရဲ့ အုပ်ချုပ်ရေးမှူးက တကယ်ကို ရက်ရောတာပဲ"

ဝဝဖြိုးဖြိုး အစေခံအမျိုးသမီးသည် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်ပြီး ပုံမှန်အားဖြင့် ထမင်းဟင်းများနှင့် ဆေးရည်များ သွားယူရန် အပြင်ဘက်သို့ မကြာခဏ ထွက်လေ့ရှိရာ အချို့သော စစ်သည်များနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သဖြင့် သတင်းအချက်အလက်များကို ပိုသိရှိထားလေသည်။ သူမက ပြောလိုက်သည်။ "ရွှေတစ်ထောင်က ဘာလုပ်ရမှာလဲ။ နယ်စားက ငါတို့ရဲ့ အုပ်ချုပ်ရေးမှူးကို သမက်အဖြစ် ရွေးချယ်ဖို့ ဆန္ဒရှိနေတယ်တဲ့"

စားပွဲပုလေးဘေးတွင် ထူးဆန်းထွေလာ မှတ်တမ်းစာအုပ် တစ်အုပ်ကို အားလပ်ချိန်၌ ဖတ်ရှုနေသော ဝိန်းယွီ၏ စာရွက်လှန်နေသည့် လက်ချောင်းထိပ်လေးများ အနည်းငယ် ရပ်တန့်သွားပြီး အောက်သို့ တစ်ဝက်မျှ စိုက်ကျနေသော မည်းနက်သည့် မျက်တောင်လေးများသည် နူးညံ့သော ကျီးကန်းအမွေးလေးများနှင့် တူနေလေသည်။

ပိန်ပိန်ပါးပါး အစေခံအမျိုးသမီးသည် ထိုစကားကို ကြားသောအခါ တကယ်ကို အံ့ဩသွားပြီး ပြောလိုက်၏။ "ဒီလိုကိစ္စမျိုး တကယ် ရှိတာလား"

ဝဝဖြိုးဖြိုး အစေခံအမျိုးသမီးက ပြောလိုက်သည်။ "ငါလည်း အဲ့ဒီ စစ်သည်တော်တွေ အရက်သောက်ရင်း ပြောနေကြတာကို ကြားခဲ့တာပါ။ ကြားရသလောက်တော့ ငါတို့ အုပ်ချုပ်ရေးမှူးက ယိုးကျိုးမှာ အောင်ပွဲရပြီး နယ်စားကို သွားတွေ့တဲ့ အချိန်တုန်းက နယ်စားက သူ့သမီးကို အုပ်ချုပ်ရေးမှူးနဲ့ လက်ထပ်ပေးမယ်လို့ ပြောခဲ့တယ်တဲ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက အုပ်ချုပ်ရေးမှူးရဲ့ ကွယ်လွန်သွားတဲ့ မိခင်က ဝမ်းနည်းပူဆွေးရတဲ့ ကာလအတွင်းမှာ ရှိနေသေးလို့ ဒီကိစ္စကို ခဏတဖြုတ် ရွှေ့ဆိုင်းထားလိုက်ရတာတဲ့လေ။ ဒါပေမဲ့ ဒီတစ်ခေါက် နယ်စားအိမ်တော်ကို သွားတော့ သူတို့နှစ်ယောက်က စားပွဲဝိုင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ နယ်စားက မင်းသမီးလေးကို အုပ်ချုပ်ရေးမှူးအတွက် အရက်ငှဲ့ပေးခိုင်းသေးတယ်တဲ့။ ငါ ကြည့်ရသလောက်တော့ ဒီမင်္ဂလာပွဲက ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းလောက် သေချာနေပြီ၊ အရင်ဆုံး စေ့စပ်ထားလိမ့်မယ်"

ပိန်ပိန်ပါးပါး အစေခံအမျိုးသမီးသည် အပ်ချည်ကို လှည့်ရင်း ပြောလိုက်၏။ "ဒါဆို ဒီမင်္ဂလာပွဲက ကြည့်ရတာ တော်တော်လေး လိုက်ဖက်မှာပဲ။ အဲ့ဒီ ပုံပြင်စာအုပ်တွေထဲမှာ မင်းသမီးတွေ၊ သခင်မလေးတွေက ပညာရှိတွေ ဒါမှမဟုတ် ထူးချွန်ထက်မြက်တဲ့ သူရဲကောင်းတွေနဲ့ပဲ ဖူးစာဆုံကြတာ မဟုတ်ဘူးလား။ မင်းသမီးလေးက ရွှေကိုင်း၊ ကျောက်စိမ်းရွက်လို တန်ဖိုးကြီးတဲ့သူ ဆိုတော့ ငါတို့ အုပ်ချုပ်ရေးမှူးကလည်း အဲ့ဒီ ထူးချွန်ထက်မြက်တဲ့ သူရဲကောင်းကြီး မဟုတ်ဘူးလား"

စကားဆုံးသွားသောအခါ အစေခံအမျိုးသမီး နှစ်ဦးလုံး ရယ်မောလိုက်ကြသည်။ ဝိန်းယွီသည် ခဏလောက် တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် စာအုပ်ကို ပိတ်လိုက်လေသည်။

ထိုမကြီးမားလှသော လှုပ်ရှားမှုအသံကြောင့် အစေခံအမျိုးသမီး နှစ်ဦးလုံးသည် ချက်ချင်း အသံတိတ်သွားကြပြီး သူမဘက်သို့ လှည့်ကြည့်ကာ မေးလိုက်ကြသည်။ "သခင်မလေး ဘာဖြစ်လို့လဲ"

ဝိန်းယွီသည် မျက်နှာပေါ်ရှိ လေကြောင့်ဖြစ်သော အင်ပြင်များ ပျောက်ကင်းသွားပြီးနောက် မည်သည့် မမျှော်လင့်ထားသော ကိစ္စများ မဖြစ်စေရန်အတွက် ပုံမှန်အားဖြင့် ထိုအစေခံအမျိုးသမီး နှစ်ဦးနှင့် အတူရှိနေချိန်တွင် မျက်နှာဖုံး တပ်ဆင်ထားလေ့ရှိသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးသည် သူမ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းလင်းစွာ မမြင်ရဘဲ အဝေးက တောင်တန်းများနှင့် ဆောင်းဦးရေပြင်ကဲ့သို့ လှပသော သူမ၏ မျက်ခုံးနှင့် မျက်လုံးများသည် မြူခိုးပါးပါးလေး တစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ အေးစက်ပြီး အလှမ်းကွာဝေးနေကာ အတွင်းထဲရှိ မည်သည့်အရာကိုမျှ မမြင်နိုင်အောင် ဖြစ်နေကြောင်းကိုသာ ခံစားနေရသည်။ သူမ၏ လေသံထဲတွင်လည်း ခံစားချက် အတက်အကျကိုမျှ မကြားရဘဲ ပြောလိုက်၏။ "နည်းနည်း မွန်းကြပ်နေလို့။ ကျွန်မ အပြင်ထွက်ပြီး လမ်းလေး ဘာလေး လျှောက်လိုက်ဦးမယ်"

အစေခံအမျိုးသမီး နှစ်ဦးသည် ကောင်းကင်ကြီးက တစ်ချိန်လုံး မည်းမှောင်နေသဖြင့် လူတွေကို ရင်ထဲမှာ မွန်းကြပ်စေတယ်ဟု နှုတ်မှ ရေရွတ်နေကြပြီး လက်ထဲရှိ အလုပ်များကို ချထားလိုက်ကြသည်။ စစ်တဲနံရံတွင် ချိတ်ဆွဲထားသော ခြုံလွှာကို ယူရန် သွားချိန်တွင် ခဏတာ တွန့်ဆုတ်သွားပြီးနောက် လွန်ခဲ့သော နှစ်ရက်က အပ်ချုပ်သမား ချုပ်လုပ်ပြီးစီးကာ ပို့ဆောင်ပေးခဲ့သော ထိုခြုံလွှာကိုသာ ယူလိုက်ကြလေသည်။

စစ်တပ်အတွင်းမှ သူမအတွက် အသစ်ချုပ်ပေးထားသော ထိုဆောင်းတွင်းဝတ်အင်္ကျီ နှစ်စုံကို ဝတ်ဆင်ရန် ဝိန်းယွီက မနှစ်သက်သော်လည်း အစေခံအမျိုးသမီး နှစ်ဦးကမူ ထိုအင်္ကျီများတွင် အသုံးပြုထားသော ပိတ်စများသည် သူမ၏ မူလ အဝတ်အစားများထက် ပိုကောင်းမွန်ကြောင်း မြင်တွေ့နေရသည်။ ပိုးသားမျက်နှာပြင်သည် ရေပြင်ကဲ့သို့ ချောမွေ့နေပြီး အနည်းငယ် လှုပ်ခါလိုက်သည်နှင့် တောက်ပသော အလင်းရောင်များပင် ဖြာထွက်လာနိုင်သယောင်။

ဝိန်းယွီသည် သူတို့နှစ်ဦးက မိမိကိုယ်ပေါ်သို့ ခြုံပေးလိုက်သော ထိုခြုံလွှာကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း တဲအပြင်ဘက်သို့ လမ်းထွက်လျှောက်ရုံသာ ဖြစ်သည်ဟု တွေးကာ မည်သည့်စကားမှ မပြောခဲ့ချေ။

ဒီနေ့တွင် နှင်းမကျသော်လည်း လေတိုက်နှုန်းကတော့ ကြမ်းတမ်းနေဆဲ။ စစ်တဲဘေးတွင် အမြင့်၌ ချိတ်ဆွဲထားသော အလံများတွင် ရေခဲများ ကပ်နေပြီး အလံတိုင်တွင် တွဲလောင်းကျကာ အနည်းငယ်မျှပင် မလှုပ်ရှားတော့ချေ။ အလံ၏ ထောင့်စွန်းတွင်လည်း ရေခဲချွန် တစ်တန်း ကပ်နေလေသည်။

ဝိန်းယွီသည် စစ်တဲကို အဝေးမှ ပတ်ကာ စက်ဝိုင်းတစ်ဝက်ခန့် လမ်းလျှောက်လာခဲ့ရာ အေးစက်သော လေပြေကြောင့် တိုးညှင်းစွာ နှစ်ချက်ခန့် ချောင်းဆိုးလိုက်မိသည်။ အစေခံအမျိုးသမီး နှစ်ဦးသည် သူမ အအေးမိသွားမည်ကို စိုးရိမ်သဖြင့် ပြန်ရန် တိုက်တွန်းဖို့ ပြင်လိုက်ချိန်တွင် အဝေးမှ မြင်းစီးလာသော အသံများနှင့်အတူ မိန်းမပျိုလေး တစ်ဦး၏ ကြည်လင်ပြတ်သားသည့် ရယ်မောသံကို ကြားလိုက်ရ၏။ "နင်တို့ရဲ့ စစ်စခန်းက ဒီလောက်တောင် ကြီးတာလား။ ငါ့အစ်ကိုရဲ့ စစ်တဲက ဘယ်မှာလဲ"

ဝိန်းယွီသည် အသံလာရာဆီသို့ အဝေးမှ လှမ်းကြည့်လိုက်ရာ မြင်းကျောပေါ်တွင် သန်စွမ်းဖျတ်လတ်သော မီးတောက်လို အနီရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။

စစ်စခန်းကို စောင့်ကြပ်နေသော အရာရှိလေးသည် အလွန် အခက်တွေ့နေပုံပေါ်ပြီး တစ်ဖက်လူ၏ မြင်းကို တားဆီးကာ ပြောလိုက်၏။ "အုပ်ချုပ်ရေးမှူးက စစ်စခန်းထဲမှာ မနေပါဘူး။ မင်းသမီးလေး... စစ်စခန်းဆိုတာ အရေးကြီးတဲ့ နေရာပါ။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လို့ မရပါဘူး။ ကျွန်တော်မျိုးကို အခက်မတွေ့စေဖို့ မင်းသမီးလေးကို တောင်းဆိုပါတယ်"

မြင်းပေါ်ရှိ မိန်းမပျိုလေးက မောက်မာစွာဖြင့် ပြောလိုက်လေသည်။ "ငါက ဦးလေးအန်းနဲ့ အတူတူ လာခဲ့တာ။ နင်တို့ရဲ့ ရှေ့တန်းစစ်စခန်းက အစောင့်စစ်သူကြီး ကိုယ်တိုင် ငါတို့ကို ကြိုဆိုပြီး ခေါ်လာခဲ့တာလေ။ ဘယ်က ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာလို့ ပြောရတာလဲ။ ငါ့အဖေရဲ့ စစ်စခန်းကို သွားရင်တောင် ငါ့ကို ဘယ်သူမှ မတားရဲဘူး။ နင်ကများ ဘာကောင်မို့လို့လဲ"

သူမသည် စကားပြောရင်း ဇက်ကြိုးကို အားပြင်းပြင်း တစ်ချက် ဆွဲလိုက်ရာ သူမ စီးနင်းထားသော စွန်ပလွံသီးလို အနီရောင် မြင်းသည် ဟီသံပြုကာ ရှေ့ခြေနှစ်ဖက်ကို အမြင့်သို့ မြှောက်တင်လိုက်ပြီး သူမ၏ လက်ထဲတွင် ကွေးထားသော မြင်းကျာပွတ်သည် လမ်းပိတ်ရပ်နေသည့် ထိုအရာရှိလေးကို တည့်တည့် ချန်ရွယ်ထားလေသည်။

ထိုအရာရှိလေးသည်လည်း ဝေ့ဖိန်ကျင်းထက်ပင် ပိုမို ဆိုးသွမ်းသော စရိုက်ရှိပြီး စစ်တပ်စည်းကမ်းများကို အနည်းငယ်မျှပင် နားမလည်သော်လည်း ပြစ်မှား၍ မရနိုင်သော ဝေ့ကျာမင် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သဖြင့် ဘေးနားရှိ စစ်သည်များကို အလျင်အမြန် မျက်စိပစ် ပြလိုက်၏။

ထိုစစ်သည်လေးသည် အဓိပ္ပာယ်ကို နားလည်သွားပြီး စစ်ရေးလေ့ကျင့်ကွင်းဘက်သို့ အလျင်အမြန် ပြေးသွားတော့သည်။

ဝေ့ကျာမင်သည် ထိုမြင်ကွင်းကို ကြည့်ကာ ရင်ထဲတွင် ပိုမကျေမနပ် ဖြစ်သွားပြီး လက်ထဲရှိ ကျာပွတ်ကို တစ်ချက် ရိုက်ချလိုက်ရာ ထိုအရာရှိလေး၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် အော်ဟစ်လိုက်သည်။ "နင်တို့ရဲ့ အုပ်ချုပ်ရေးမှူးကို သွားခေါ်လာရင်တောင် ငါက သူ့ကို မကြောက်ဘူး။ အမေက ဦးလေးအန်းနဲ့ အတူတူ လိုက်သွားပြီး အစ်ကို့ကို သွားကြည့်ဖို့ မပြောခဲ့ရင် နင်တို့ရဲ့ ဒီလို အစုတ်ပလုတ် စစ်စခန်းကို ငါ လာချင်တယ်များ ထင်နေလား"

ထိုအရာရှိလေးသည် ကျာပွတ်ဖြင့် ရိုက်ခံရသဖြင့် နှာခေါင်းသွေးထွက်နေသော နှာခေါင်းကို အလျင်အမြန် အုပ်ကာ ခေါင်းငုံ့သွားပြီး ပြောလိုက်၏။ "မရဲပါဘူး"

ဝေ့ကျာမင်သည် ယခင်က ဤကဲ့သို့ ရန်စခြင်းမျိုးကို တစ်ခါမှ မခံခဲ့ရဖူးသဖြင့် မြင်းခေါင်းကို လှည့်ကာ ထွက်ခွာတော့မည့်အလား ပြုလုပ်လိုက်သည်။ အရာရှိလေးသည် လမ်းပိတ်ရပ်နေသော စစ်သည်တစ်စုနှင့်အတူ သူမကို အရိုအသေပေး နှုတ်ဆက်တော့မည့် အချိန်တွင် သူမသည် ရုတ်တရက် မြင်းဝမ်းဗိုက်ကို အားပြင်းပြင်း ညှပ်ကာ တည့်တည့် ပြေးဝင်သွားပြီး ပြောလိုက်လေသည်။ "နင်တို့က ငါ့ကို ဝင်ခွင့်မပေးဘူး ဆိုရင်တောင် ငါကတော့ ဒီနေ့ အတင်းအကျပ်ကို ဝင်မှာပဲ"

အရာရှိလေးနှင့် အောက်ရှိ စစ်သည်တစ်စုသည် လုံးဝ ကာကွယ်မှု မပြုလုပ်ထားခဲ့ချေ။ သူမသည် ဤကဲ့သို့ မြင်း၏အရှိန်ကို အသုံးချကာ အတင်း ဝင်တိုက်သွားရာ အရာရှိလေးမှာ တုံ့ပြန်မှု မြန်ဆန်သဖြင့်သာ သီသီလေး ရှောင်လွှဲနိုင်ခဲ့သော်လည်း အောက်ရှိ စစ်သည်လေးများမှာမူ လမ်းတစ်လျှောက် လွင့်စင်သွားခဲ့ရသည်မှာ ရေတွက်၍ပင် မရနိုင်တော့ချေ။

အရာရှိလေးသည် နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်ရတော့သည်။ "မြင်းကို မြားနဲ့ ပစ်ချလိုက်"

လေးသမားများသည် မြားများကို ကိုင်ဆောင်ကာ အလျင်အမြန် ရှေ့သို့ တိုးလာကြပြီး ဝေ့ကျာမင် စီးနင်းထားသော အနီရောင် မြင်းကို ချိန်ရွယ်လိုက်ကြ၏။

ဝေ့ကျာမင်သည် ထိုအခြေအနေကို မြင်သောအခါ အလွန် ဒေါသထွက်သွားပြီး ပြောလိုက်သည်။ "နင်တို့ လုပ်ရဲသလား"

သူမ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အနီရောင် မြင်း၏ နောက်ခြေထောက်တွင် မြားထိမှန်သွားပြီး မြေပြင်ပေါ်သို့ မှောက်ရက် လဲကျသွားတော့သည်။ ဝေ့ကျာမင်သည် နှင်းခဲများပေါ်သို့ မျက်နှာနှင့် ပြုတ်ကျသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာမရခဲ့ချေ။ ထထိုင်ပြီးနောက် မရပ်မနား အော်ဟစ်နေသော သူမ၏ အနီရောင် မြင်းကို ကြည့်ကာ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး အော်ဟစ်လိုက်လေသည်။ "ငါ့ရဲ့ အနီရောင် မြင်းလေး"

သူမသည် ခါးရှိ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ငိုယိုအော်ဟစ်ကာ ထိုအရာရှိလေးဆီသို့ ပြေးဝင်သွားပြီး ပြောလိုက်၏။ "ငါ နင့်ကို သတ်ပစ်မယ်"

အရာရှိလေးသည် ဓားဆွဲထုတ်ကာ သူမနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် မဝံ့ရဲသဖြင့် အဆက်မပြတ် ရှောင်တိမ်းနေရသည်။ မျက်နှာပေါ်တွင် ဖောင်းကြွလာသော ကျာပွတ်ရာသည် ထင်ရှားနေပြီး သူက ပြောလိုက်သည်။ "ကျွန်တော်မျိုးက စစ်တပ်စည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာရုံပါပဲ"

ဝေ့ကျာမင်သည် ဓားကို ဝှေ့ယမ်းကာ သူ့နောက်သို့ လိုက်၍ အရမ်းကာရော ခုတ်ပိုင်းနေပြီး ပြောလေသည်။ "အဓိပ္ပာယ်မရှိတဲ့ စစ်တပ်စည်းကမ်းပဲ။ အဲ့ဒါက အဖေက ငါ့ကို ပေးထားတဲ့ ၁၆ နှစ်ပြည့် မွေးနေ့လက်ဆောင်လေ။ နင့်လို အောက်တန်းကျတဲ့ကောင်ရဲ့ အသက်ဆယ်ချောင်းကို သုံးရင်တောင် ငါ့ရဲ့ အနီရောင် မြင်းနဲ့ မတန်ဘူး။ နင့်ရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကို သတ်ပစ်ဖို့ အဖေ့ကို ငါ ပြောမယ်"

အရာရှိလေး၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များကို ဖုံးကွယ်ထားသော်လည်း နောက်ဆုံးတွင် တစ်ခွန်းမှ ပြန်လည် မချေပရဲခဲ့ချေ။ ဝေ့ကျာမင်၏ ဓားခုတ်ချက်များကို လမ်းတစ်လျှောက် ရှောင်တိမ်းနေရင်း နောက်ဆုတ်သွားချိန်တွင် ပတ်ဝန်းကျင်ကို သတိမထားမိဘဲ ဝိန်းယွီကို ဖမ်းဆီးထားသော ထိုစစ်တဲအနီးသို့ အတင်းအကျပ် ရောက်ရှိသွားတော့သည်။

ထိုစစ်တဲ၏ အပြင်ဘက် ပတ်လည်တွင် လက်နက်ကိုင် စစ်သည် ရာဂဏန်းခန့်က မည်းမှောင်နေအောင် ဝိုင်းရံထားရာ အလွန်ပင် မျက်စိကျစရာ ဖြစ်နေ၏။

ဝေ့ကျာမင်သည် ထိုဘက်သို့ တည့်တည့် မျက်နှာမူထားရာ မူလက မရည်ရွယ်ဘဲ တစ်ချက် ဝေ့ကြည့်လိုက်ခြင်း ဖြစ်သော်လည်း ဝိန်းယွီနှင့် သူမ၏ ကိုယ်ပေါ်ရှိ ခြုံလွှာကို သတိပြုမိသွားချိန်တွင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ရုတ်တရက် ဝိန်းယွီကို ဓားဖြင့် ချိန်ရွယ်လိုက်ပြီး ထိုအရာရှိလေးကို အော်ဟစ် မေးမြန်းလိုက်လေသည်။ "သူက ဘယ်သူလဲ။ နင်တို့ရဲ့ အုပ်ချုပ်ရေးမှူးက စစ်တပ်ထဲမှာ မိန်းမတွေ ရှိနေတာကို ခွင့်မပြုဘူး မဟုတ်ဘူးလား"

အရာရှိလေးက အမှန်အတိုင်း ပြန်ဖြေလိုက်၏။ "အဲ့ဒါ ကျန်းယွီရဲ့ မယားငယ်ပါ"

ဝေ့ကျာမင်သည် ထိုအဖြေကို ကြားလိုက်ရပြီးနောက်တွင်လည်း အကြည့်များသည် ဝိန်းယွီ၏ ထိုတိမ်တိုက်ပိုးသား ခြုံလွှာပေါ်တွင်သာ စူးစိုက်နေဆဲပင်။ သူမသည် ဝိန်းယွီဆီသို့ ခြေလှမ်းအနည်းငယ် တိုးသွားခဲ့ရာ အပြင်ဘက်တွင် ဝိုင်းရံထားသော စစ်သည်များက လှံများကို ကြက်ခြေခတ်ကာ သူမ၏ လမ်းကို ပိတ်ဆို့လိုက်ပြီးနောက် ဒေါသကို အတင်းအကျပ် မြိုသိပ်ကာ အမိန့်ပေးလိုက်သည်။ "နင် ဒီကို လာခဲ့စမ်း"

အစေခံအမျိုးသမီး နှစ်ဦးသည် ဝေ့ကျာမင်က ဓားကို ကိုင်ဆောင်ထားသည်ကို မြင်သောအခါ ရင်ထဲတွင် အလွန် ကြောက်ရွံ့သွားကြပြီး ဝိန်းယွီကို တွဲကာ စစ်တဲထဲသို့ အရင် ရှောင်ထွက်သွားစေရန် ပြင်လိုက်ကြသည်။ သို့သော် မမျှော်လင့်ဘဲ ဝိန်းယွီသည် ဝေ့ကျာမင်ဆီသို့ အမှန်တကယ်ပင် ခြေလှမ်းနှစ်လှမ်း တိုးသွားခဲ့ပြီး နှစ်ကျန့် အကွာအဝေးမှနေ၍ တစ်ဖက်လူ၏ အကဲခတ်ခြင်းကို တည်ငြိမ်စွာနှင့် စိတ်သဘောထား ကောင်းမွန်စွာဖြင့် ခွင့်ပြုထားလိုက်လေသည်။

ဝိန်းယွီ၏ ထိုခြုံလွှာတွင် အသုံးပြုထားသော တိမ်တိုက်ပိုးသား၏ ပန်းကွက်များကို အနီးကပ် သေချာစွာ အတည်ပြုပြီးနောက် ဝေ့ကျာမင်၏ ဓားကိုင်ထားသော လက်သည်ပင် အနည်းငယ် ဖြူရော်သွားခဲ့သည်။ သူမက ဝိန်းယွီကို အေးစက်စွာ မေးခွန်းထုတ်လိုက်၏။ "နင့်ရဲ့ ဒီတိမ်တိုက်ပိုးသား ခြုံလွှာက ဘယ်က ရလာတာလဲ"

ဝိန်းယွီ၏ ပုံမှန်အားဖြင့် အေးစက်နေသော မျက်ဝန်းတစ်စုံကို အနည်းငယ် ပင့်လိုက်ရာ ယခုအချိန်တွင်မူ စကားပြောလိုသော်လည်း မပြောဘဲ နေနေသည့် အသွင်အပြင် အနည်းငယ် ပိုလာခဲ့ပြီး ပြောလိုက်သည်။ "ကံကောင်းလို့ အုပ်ချုပ်ရေးမှူးက သနားကြင်နာပြီး ဆုချထားတာပါ"

ဝေ့ကျာမင်သည် သူမကိုယ်သူမ လူတစ်ယောက်၏ ပြင်းပြင်းထန်ထန် စော်ကားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အကြည့်များသည် ဝိန်းယွီ၏ ဝမ်းဗိုက်ကို ဖြတ်သန်းသွားပြီး မျက်နှာအမူအရာသည် ယင်ကောင်တစ်ကောင်ကို စားမိသွားသကဲ့သို့ ဖြစ်နေကာ ပြောလိုက်လေသည်။ "ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက် မဟုတ်ဘူးလား။ တကယ် ရွံစရာကောင်းတာပဲ"

သူမသည် ဓားကို သိမ်းလိုက်ပြီးနောက် ခေါင်းငုံ့ကာ နောက်သို့ လှည့်ပြန်သွားတော့သည်။

အစေခံအမျိုးသမီး နှစ်ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဝိန်းယွီကို လှမ်းကြည့်လိုက်ကြသည်။ ဝိန်းယွီ၏ မျက်နှာအမူအရာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်ပြီး နောက်သို့လှည့်ကာ ပြောလိုက်၏။ "လေ နည်းနည်း ကြမ်းလာပြီ။ ပြန်ကြရအောင်"

အစေခံအမျိုးသမီး နှစ်ဦးလုံးသည် ခဏတာ မှင်သက်သွားကြပြီး ဝိန်းယွီသည် ကျန့်တစ်ဝက်ခန့် လမ်းလျှောက်သွားပြီးမှသာ ခြေလှမ်းကို ကြွကာ နောက်မှ လိုက်သွားကြတော့သည်။

အဝေးမှ နောက်ထပ် လူတစ်ယောက် အလျင်အမြန် ပြေးလာနေသော်လည်း ဝိန်းယွီသည် ထပ်မကြည့်လိုတော့ချေ။ တစ်ဝက်လောက် စိုက်ကျနေသော မျက်တောင်ရှည်ကြီးများအောက်မှ အေးစက်သော နှင်းခဲအရိပ်အယောင်များ စိမ့်ထွက်လာ၏။

သူမ လိုချင်နေသော ထိုအခွင့်အရေးသည် သူမ မျှော်လင့်ထားသည်ထက် အများကြီး ပိုမြန်မြန် ရောက်လာခဲ့သည်။

ငါ သိပ်မကြာခင်မှာပဲ ဒီနေရာကနေ ထွက်သွားလို့ ရလောက်ပြီ။

အဲ့ဒီ မင်းသမီးလေးရဲ့ ခေါင်းမာတဲ့ စရိုက်နဲ့ဆိုရင် ရှောင်းလိအပေါ် စိတ်မဝင်စားဘူး ဆိုရင်တောင်မှ ရှောင်းလိက ငါနဲ့ ဒီလို "မရှင်းမလင်း" ဖြစ်နေတာကို လက်ခံနိုင်မှာ မဟုတ်ဘူး။

...

All Chapters