← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း - ၁၀၁

တိုကျိုမြို့တော်အတွင်း လူသိနည်းလှသည့် သတင်းစာတိုက်ငယ်လေးတစ်ခု ပြုတ်ကျသွားခြင်းက လူအများ၏ အာရုံစိုက်မှုကို သိပ်မဆွဲဆောင်နိုင်ပေ။ သို့သော်လည်း ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ နှင့် ‘တိုကျိုတိုင်းမ်’ တို့ တိုက်ခိုက်ခံလိုက်ရသည့်အခါတွင်မူ ချက်ချင်းဆိုသလိုပင် လူအများအပြား သတိပြုမိသွားကြတော့သည်။

‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ ဖိုရမ်သည် ဂျပန်နိုင်ငံရှိ အစွန်းရောက်သမားများအတွက် အမြဲတမ်း ဆွေးနွေးတိုင်ပင်ရာ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ရှနိုင်ငံကို ပစ်မှတ်ထားသည့် ခေါင်းစဉ်မျိုးစုံကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရုံမက အများအပြားကပင် ဝိုင်းဝန်းထောက်ခံကြသည့်နေရာ ဖြစ်သည်။

အလားတူပင် ‘တိုကျိုတိုင်းမ်’ သည်လည်း အရေးပါသော လက်ရှိနိုင်ငံရေးရာ ဖိုရမ်တစ်ခုဖြစ်ပြီး လူငယ်အများအပြား ဝင်ရောက်ကာ သတင်းမျိုးစုံကို ဆွေးနွေးရတာ ဝါသနာပါသည့် နေရာတစ်ခု ဖြစ်၏။

မင်းဆက် နှင့် လုပ်ကြံသူ ဟက်ကာအဖွဲ့နှစ်ဖွဲ့က ထိုဩဇာညောင်းလှသော သတင်းစာတိုက်ကြီးနှစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သောအခါ ဖိုရမ်အသုံးပြုသူများအနေဖြင့် လိုင်းအသုံးပြုမှုနှုန်း သိသိသာသာ နှေးကွေးသွားသည်ကို ခံစားလိုက်ရပြီး၊ အချို့မှာ 'လိုင်းချိတ်ဆက်၍မရတော့ပါ' ဆိုသည့် စာတိုများကိုပင် တွေ့မြင်လာရသည်။ ပါးနပ်သော အသုံးပြုသူအချို့မှာ ဖိုရမ်များ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း ရိပ်မိသွားကြသော်လည်း ရှနိုင်ငံမှ ဟက်ကာများ၏ လက်ချက်ဖြစ်လိမ့်မည်ဟု မရိပ်မိကြသေးပေ။

ရှီလဲ့က မင်းဆက်ဟက်ကာအဖွဲ့၏ နောက်ကွယ်တွင် ပုန်းအောင်းနေပြီး တိတ်တဆိတ် နှောင့်ယှက်မှုများ ပြုလုပ်နေခဲ့သည်။ ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ကို တိုက်ခိုက်စဉ်က ရှီလဲ့သည် ကူးစက်မြန်ဗိုင်းရပ်စ်တစ်ခုကို ၎င်းတို့၏ ဖိုရမ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် မြောက်မြားစွာသော အသုံးပြုသူလူထုကို အသုံးချကာ ဗိုင်းရပ်စ်ကို အရှိန်အဟုန်ဖြင့် စတင်ပျံ့နှံ့စေခဲ့သည်။

‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ ကာကွယ်ရေးစနစ်မှာ ပုံပန်းသဏ္ဌာန်အရ မြင်တွေ့ရသလိုမျိုး အားနည်းလှသည်တော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် ထောင်ချောက်မျိုးစုံနှင့် ပြည့်နှက်နေသောကြောင့် ထိုးဖောက်ရန် အလွန်ခက်ခဲလှသည်။ ရွှမ်တဲ ပြောခဲ့သလို အားနည်းသယောင် ထင်ရခြင်းမှာ ထောင်ချောက်များစွာဖြင့် အကွက်ဆင်ထားသောကြောင့်ဖြစ်ပြီး ၎င်းတို့ကို တပ်ဆင်ထားသည့် ပုံစံမှာလည်း အလွန်ပင် ခေတ်မီဆန်းပြားလှ၏။

၎င်းသည် တစ်ပိုင်းတစ်စ အစိုးရပိုင်သတင်းစာအဖွဲ့အစည်းဖြစ်သလို ဂျပန်အစွန်းရောက်သမားများ စုဝေးရာနေရာလည်း ဖြစ်သဖြင့် ၎င်း၏ ကာကွယ်ရေးစွမ်းအားမှာ အလွန်တောင့်တင်းသည်။ ၎င်းသည် ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ အတွင်းပိုင်း လုံခြုံရေးဌာနကြောင့် မဟုတ်ဘဲ အစွန်းရောက်သမားများထဲမှ ကွန်ပျူတာကျွမ်းကျင်ပညာရှင်အချို့က ကူညီကာ ကာကွယ်ရေးစနစ်ကို တည်ဆောက်ပေးထားသောကြောင့် ဖြစ်သည်။

ရှီလဲ့သည် အိုက်စင်ကုမ္ပဏီ၏ အဆင့် (၁) ဘော့တ်များကို အသုံးချကာ ထိုထောင်ချောက်အားလုံးကို ပြတ်ပြတ်သားသားနှင့် အစအနမကျန် အကုန်ခြေမှုန်းပစ်လိုက်သည်။

ထန်ယွမ်၏ ဦးဆောင်မှုအောက်တွင် ပထမဦးစွာ ဆာဗာ၏ ချိတ်ဆက်မှုဝင်ပေါက် များကို ဖွင့်လှစ်ပြီးနောက် ဆာဗာ၏ အပြင်ဘက်အလွှာသို့ ချဉ်းကပ်ဝင်ရောက်သွားကြသည်။

"မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်အားလုံး... ဆော့ဖ်ဝဲကို သုံးပြီးတော့ တစ်ဖက်လူရဲ့ ဖိုင်းယားဝေါလ် ကို ပိတ်ဆို့ကြပါ တရားဝင် အမြဲတမ်းအဖွဲ့ဝင်တွေကတော့ ငါတို့သုံးယောက်နဲ့ ပူးပေါင်းပြီး ထိုးဖောက်မယ်"

ထန်ယွမ်က အသံချန်နယ်မှတစ်ဆင့် အမိန့်ပေးညွှန်ကြားလိုက်သည်။

ရှီလဲ့သည် နောက်ကွယ်မှနေ၍ ၎င်းတို့၏ တိုက်ခိုက်မှုကို စောင့်ကြည့်ရင်း စကားမပြောနိုင်လောက်အောင် တိတ်တဆိတ် ပြုံးမိသွားသည်။ ၎င်းတို့၏ ပညာအရည်အချင်းအဆင့်အတန်းနှင့်ဆိုလျှင် သူသာ ထိုထောင်ချောက်များကို ကြိုတင်ရှင်းလင်းမပေးထားပါက ထောင်ချောက်ဆင်ထားသော ပညာရှင်၏ ရိပ်မိခြင်းကို ခံရပြီးလောက်ပြီ ဖြစ်သည်။

‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ဆာဗာ၏ ဖိုင်းယားဝေါလ် မှာလည်း ပညာရှင်တစ်ဦး၏ မွမ်းမံပြင်ဆင်ခြင်းကို ခံထားရသဖြင့် ၎င်း၏ လုပ်ဆောင်ချက်များမှာ အလွန်စွမ်းဆောင်ရည်မြင့်မားသည်။ မင်းဆက်အဖွဲ့၏ လက်ရှိတိုက်ခိုက်မှုအရှိန်အဟုန်နှင့်ဆိုလျှင် ထိုးဖောက်နိုင်ပါ့မလားဆိုသည်မှာ မသေချာလှပေ။

"လူကောင်းလုပ်မိမှတော့ အဆုံးထိပဲ လုပ်ပေးလိုက်တော့မယ်လေ... ငါပဲ ဒီသူရဲကောင်းကြီး ဖြစ်ပေးလိုက်တော့မယ်" ရှီလဲ့က မိမိဘာသာ ရေရွတ်လိုက်သည်။ သူသည် အိုက်စင်ကုမ္ပဏီ၏ အဆင့် (၁) ဘော့တ်များကို အသုံးပြုကာ မိမိကိုယ်တိုင် ရေးသားထားသည့် ထိုးဖောက်ရေးဆော့ဖ်ဝဲတစ်ခုကို ရွေးချယ်ပြီး ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ ဖိုင်းယားဝေါလ် ကို ထိုးဖောက်ကာ ၎င်း၏ လုပ်ဆောင်ချက်များကို ရပ်ဆိုင်းပစ်လိုက်သည်။

အသံချန်နယ်ထဲတွင်မူ အဓိကအဖွဲ့ဝင် ခြောက်ဦးမှာ အောင်ပွဲခံကာ အော်ဟစ်လိုက်ကြပြီး ထန်ယွမ်သည် တကယ်ကို အစွမ်းထက်လှသည်ဟု ဝိုင်းဝန်းချီးမွမ်းနေကြတော့သည်။ ထန်ယွမ်ကိုယ်တိုင်လည်း မည်သည့်ပြဿနာမျှ သတိမထားမိဘဲ တစ်ဖက်လူ၏ ကာကွယ်ရေးစွမ်းအားက အလွန်တရာ အားနည်းလွန်းလှသည်ဟုသာ ထင်မှတ်နေခဲ့သည်။

ထိုးဖောက်ပြီးနောက် မင်းဆက်အဖွဲ့ဝင်များသည် ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ဆာဗာ၏ အတွင်းပိုင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ကြသည်။ ရှီလဲ့သည် ၎င်းတို့အတွက် အမြင့်ဆုံးအသုံးပြုသူအခွင့်အရေးကို ရယူပေးရန် ကူညီပေးခဲ့ပြီးနောက် ချက်ချင်းပင် ‘တိုကျိုတိုင်းမ်’ ဘက်သို့ ကူးပြောင်းသွားခဲ့သည်။

ရှီလဲ့တွင် လုပ်ကြံသူအဖွဲ့၏ အသံချန်နယ်ထဲ၌လည်း နာမည်ဝှက်တစ်ခု ရှိနေသေးသည်။ ရှီလဲ့သည် အမှန်ပင် နာမည်ဝှက်အသုံးပြုခြင်း၌ ဘုရင်တစ်ပါးပင် ဖြစ်တော့သည်။

လုပ်ကြံသူအဖွဲ့၏ ပင်မအင်အားမှာမင်းဆက်အဖွဲ့ထက် ပိုမိုသာလွန်သည်။ ထို့ပြင် ‘တိုကျိုတိုင်းမ်’ ၏ ကာကွယ်ရေးစွမ်းအားမှာလည်း ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ လောက် မတင်းကြပ်ပေ။ ထို့ကြောင့် ရှီလဲ့၏ ကူညီမှုမပါဝင်လျှင်ပင် ၎င်းတို့သည် ဆာဗာ၏ ချိတ်ဆက်မှုဝင်ပေါက်များကို ကျော်ဖြတ်ကာ အပြင်ဘက်အလွှာသို့ ရောက်ရှိနေပြီး ဖိုင်းယားဝေါလ် ကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ရှီလဲ့သည် အဆင့် (၁) ဘော့တ်များကို ချက်ချင်းပင် ဆွဲခေါ်လာပြီး ထိုးဖောက်ရေးဆော့ဖ်ဝဲကို အသုံးပြုကာ ဆာဗာ ဖိုင်းယားဝေါလ် ၏ ကာကွယ်ရေးစနစ်ကို ထိုးခွဲ၍ လုပ်ကြံသူအဖွဲ့အတွက် လမ်းဖွင့်ပေးလိုက်သည်။

ကွေ့စစ်သည် ခဏမျှ ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ ဆာဗာအတွင်းပိုင်းသို့ ဝင်ရောက်ရန် သူ့လူများကို အလျင်အမြန် စီစဉ်ညွှန်ကြားလိုက်တော့သည်။ အချို့လူများက အခွင့်အရေးရယူရေးအုပ်စုကို တိုက်ခိုက်ကြပြီး အချို့က အချက်အလက်မျိုးစုံကို ဖျက်ဆီးပစ်ကြသည်။ သူကိုယ်တိုင်ကမူ အဓိကအဖွဲ့ဝင် လေးဦးကို ဦးဆောင်ကာ အမြင့်ဆုံးအသုံးပြုသူအခွင့်အရေးကို ရရှိရန်အတွက် တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။

တိုကျိုရဲဗျူရိုအတွင်း၌မူ နိုဒါ အိအဲခေါင် တစ်ယောက် အမောတကော ဖြစ်နေသည်။ သူသည် ဆိုက်ဘာလုံခြုံရေးဌာနခွဲသို့ တစ်ညလုံး အပြေးအလွှား ရောက်ရှိလာပြီး ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ နှင့် ‘တိုကျိုတိုင်းမ်နယူးစ်’ တို့ကို ရှနိုင်ငံ ဟက်ကာများ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်နှင့် ဖြစ်နိုင်လျှင် ထိုရှနိုင်ငံဟက်ကာများကို နောက်ကြောင်းပြန်ခြေရာခံရန်အတွက် ဝန်ထမ်းများကို အချိန်ပိုဆင်းကာ အလေးအနက် လုပ်ဆောင်ကြရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိအားပေးနေခြင်း ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဌာနခွဲ၏ ဌာနခွဲမှူးဖြစ်သူ ကျင်းကျုံးမင်က ပြုံးလျက် ပြောလိုက်သည်။

"အကြီးအကဲ... ခင်ဗျား နည်းနည်း စိုးရိမ်လွန်နေပြီ ထင်တယ်.. ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ကို ပညာရှင်အချို့က ကာကွယ်ပေးထားတာ အဲဒီရှနိုင်ငံဟက်ကာတွေဟာ ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ရဲ့ ကာကွယ်ရေးစနစ်ကို ဘယ်လိုမှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး ‘တိုကျိုတိုင်းမ်နယူးစ်’ ကတော့ ချောင်ရီသတင်းစာတိုက်ရဲ့ လက်အောက်ခံတစ်ခုပဲ တကယ်လို့ သူတို့ တောင့်မခံနိုင်တော့ရင် သတင်းစာတိုက်က အလိုလိုနေရင်း အရေးယူဆောင်ရွက်လိမ့်မယ် အဲဒါကြောင့် ဒါက ကျွန်တော်တို့ စိတ်ပူရမယ့် ကိစ္စမဟုတ်ပါဘူး"

နိုဒါ အိအဲခေါင်က ခေါင်းကို အသာအယာညိတ်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။ တကယ်လို့ ကျင်းကျုံးမင် ပြောသလိုသာ ဖြစ်မယ်ဆိုရင်တော့ တကယ်ကို အကောင်းဆုံးပဲ ဖြစ်လိမ့်မည်။ ‘တိုကျိုတိုင်းမ်နယူးစ်’ နှင့် ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ တို့တွင် တစ်ခုခုဖြစ်ပွားခဲ့ပါက သူသည် ဗျူရိုအကြီးအကဲတစ်ယောက်အနေဖြင့် မည်သည့်အပြစ်ဒဏ်မျှ ခံရမည်မဟုတ်သော်လည်း ထိုသတင်းစာတိုက်ကြီးနှစ်ခု၏ ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်မှုကိုတော့ မုချခံရပေလိမ့်မည်။ ယင်းက သူ၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

တိုကျိုဗျူရို၏ ဆိုက်ဘာလုံခြုံရေးဌာနခွဲတွင် စုစုပေါင်း လူအင်အား အယောက်သုံးဆယ်သာ ရှိသော်လည်း လူဦးရေနည်းပါးသလောက် ၎င်းတို့၏ စွမ်းဆောင်ရည်မှာ အလွန်ထက်မြက်ပြီး နည်းပညာမှာလည်း အလွန်အဆင့်မြင့်မားလှသည်။

နိုဒါ အိအဲခေါင်နှင့် ကျင်းကျုံးမင်တို့ စကားတပြောပြောနှင့် ရယ်မောနေကြစဉ် ဆိုက်ဘာလုံခြုံရေးဌာနခွဲ ရုံးခန်းအတွင်းရှိ မျက်မှန်တပ်ထားသော အသက်လတ်ပိုင်းအမျိုးသားတစ်ဦးက လှမ်းအော်ပြောလိုက်သည်။

"အကြီးအကဲ... ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ရဲ့ ဆာဗာ ကျသွားပါပြီ သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာကိုလည်း မတော်မတရား ပြောင်းလဲပစ်လိုက်ကြပြီ"

ကျင်းကျုံးမင်၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်သွားကာ "ဘာ" ဟု ရေရွတ်မိလိုက်သည်။

နိုဒါ အိအဲခေါင်နှင့် ကျင်းကျုံးမင်တို့နှစ်ဦးစလုံး ဆိုက်ဘာလုံခြုံရေးဌာနခွဲ ရုံးခန်းထဲသို့ ပြိုင်တူပြေးဝင်သွားကြပြီး ထိုမျက်မှန်တပ်ထားသော အမျိုးသားဘေးနားသို့ ရောက်သွားကာ သူ၏ ကွန်ပျူတာစခရင်ကို လှမ်းကြည့်လိုက်ကြသည်။

‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ တရားဝင် ဝက်ဘ်ဆိုက်သည် ကြည့်ရဆိုးလှစွာဖြင့် နောက်ခံတွင် ကြယ်ငါးပွင့်အလံနီကြီး ပေါ်နေပြီး... သီချင်းတစ်ပုဒ်ကို ဖွင့်ပြနေလေသည်။

မျက်မှန်နောက်ကွယ်မှ မျက်ဝန်းများတွင် ကျင်းကျုံးမင်သည် ထူးဆန်းသော အမူအရာတစ်ခုကို ဖော်ပြလိုက်မိပြီး "ဒါ မဖြစ်နိုင်တာ ရှနိုင်ငံရဲ့မင်းဆက်အဖွဲ့မှာ ဒီလောက်အထိ အစွမ်းထက်တဲ့ ခွန်အားမျိုး မရှိပါဘူး" ဟု ပြောလိုက်သည်။

နိုဒါ အိအဲခေါင်က "အခြေအနေက ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

"ကျွန်တော့်ရဲ့ သိရှိနားလည်မှုအရဆိုရင် မစည်ပင်ထွန်းကား‌သောမင်းဆက်လို့ခေါ်တဲ့ ဟက်ကာအဖွဲ့မှာ ဒီလိုမျိုး အစွမ်းထက်တဲ့ စွမ်းရည်မရှိပါဘူး" ကျင်းကျုံးမင်သည် ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ၏ တရားဝင်ဝက်ဘ်ဆိုက်ကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားမိသည်။ ပညာရှင်များ၏ ကာကွယ်မှုအောက်တွင် ရှိနေသော ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ က ဤမျှလောက်အထိ အလွယ်တကူ ပျက်စီးသွားရသည်လား။

သူကိုယ်တိုင် ဆိုက်ဘာလုံခြုံရေးဌာနခွဲမှ ဝန်ထမ်းများကို ဦးဆောင်ပြီး ထိုးဖောက်ရန် ကြိုးစားလျှင်ပင် ‘တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာ’ ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အချိန်နှင့် အားစိုက်ထုတ်မှုများစွာ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်းထိုအဖွဲ့မှ ဟက်ကာများသည် ဤမျှတိုတောင်းသော အချိန်အတွင်းမှာ ထိုးဖောက်သွားနိုင်ခဲ့သည်မှာ လုံးဝကို သိပ္ပံနည်းမကျလှပေ။

"တစ်ဖက်လူက ပညာရှင်တွေရဲ့ ထောက်ပံ့မှုကို ရရှိသွားပြီးတော့ သူတို့ရဲ့ စွမ်းအားကို ပြသဖို့ ပြင်ဆင်နေတာမျိုး ဖြစ်နိုင်မလား" နိုဒါ အိအဲခေါင်က ခန့်မှန်းပြောဆိုလိုက်သည်။

ကျင်းကျုံးမင်က စဉ်းစားကြည့်လိုက်ရာ ၎င်းကလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ တကယ်လို့ တစ်ဖက်လူမှာ ပညာရှင်တွေ တကယ်ပဲ ပူးပေါင်းလာပြီး ဂျပန်နိုင်ငံမှာ ဆူပူလှုပ်ရှားမှုတွေ ဖန်တီးကာ နာမည်ကျော်ကြားလာအောင် လုပ်ပြီးနောက် သူတို့ရဲ့ ဂုဏ်သတင်းကို ချဲ့ထွင်ဖို့ ရည်ရွယ်တာဆိုရင်တော့ ဤသို့ဖြစ်နိုင်ခြေက အလွန်မြင့်မားလှသည်။

"အိုနိုခွန်... ‘တိုကျိုတိုင်းမ်နယူးစ်’ ကို အစွမ်းကုန် ကာကွယ်စမ်း" ကျင်းကျုံးမင်က အမိန့်ပေးလိုက်သည်။

အိုနိုခွန် ဆိုသည်မှာ စောစောက မျက်မှန်တပ်ထားသည့် အသက်လတ်ပိုင်း အမျိုးသားဖြစ်ပြီး ၎င်း၏ နာမည်အပြည့်အစုံမှာ အိုနို ရှင်ဂျီဖြစ်ကာ တိုကျိုဗျူရို ဆိုက်ဘာလုံခြုံရေးဌာနခွဲ၏ အဓိက နည်းပညာရှင် ဖြစ်သည်။

"အကြီးအကဲ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်" အိုနို ရှင်ဂျီက သဘောတူ ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း သူ ခေါင်းလှည့်ပြီး ကွန်ပျူတာစခရင်ကို ကြည့်လိုက်သည့်အခါတွင်မူ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာကြီး ပျက်ယွင်းသွားတော့သည်။

"တောက်... ‘တိုကျိုတိုင်းမ်နယူးစ်’ လည်း တောင့်မခံနိုင်တော့ဘူး"

ထိုအာမေဍိတ်သံကို ကြားပြီးနောက် ကျင်းကျုံးမင်နှင့် နိုဒါ အိအဲခေါင်တို့သည် အိုနို ရှင်ဂျီ၏ ကွန်ပျူတာကို ပြိုင်တူလှမ်းကြည့်လိုက်ကြရာ ‘တိုကျိုတိုင်းမ်နယူးစ်’ ၏ တရားဝင် ဝက်ဘ်ဆိုက်တွင်လည်း ကြယ်ငါးပွင့်အလံနီကြီး ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကြယ်ငါးပွင့်အလံနီကို လူတစ်ဦးက တက်ကြွစွာ ဝှေ့ယမ်းနေပြီး စပီကာများထဲမှလည်း စိတ်လှုပ်ရှားဖွယ်ရာ အသံများ ထွက်ပေါ်နေလေသည်။

"ရှနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ ရှနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ ရှနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ..."

နိုဒါ အိအဲခေါင်က ဒေါသတကြီးဖြင့် "ဒါ ဘာတွေဖြစ်နေတာလဲ ဘာဖြစ်လို့ ‘တိုကျိုတိုင်းမ်နယူးစ်’ ဝက်ဘ်ဆိုက်မှာလည်း ရှနိုင်ငံရဲ့ အလံအမှတ်အသား ပေါ်နေရတာလဲ" ဟု မေးလိုက်သည်။

ကျင်းကျုံးမင်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက ရှနိုင်ငံရဲ့ လုပ်ကြံသူဟက်ကာအဖွဲ့ပဲ..သူတို့တွေ အတူတူ လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားမိဘူး အိုနိုခွန်... မင်း သူတို့ဆီကနေ ဆာဗာထိန်းချုပ်ခွင့်ကို ပြန်လုယူနိုင်မလား၊ ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကို ပိတ်ပစ်လို့ရမလား" ဟု မေးလိုက်သည်။

အိုနို ရှင်ဂျီက ခေါင်းခါလိုက်ပြီး "တစ်ဖက်လူက ဆာဗာထိန်းချုပ်ခွင့်ကို ရသွားပြီးတဲ့နောက် ကာကွယ်ရေးစနစ်ကို အလျင်အမြန် တည်ဆောက်လိုက်တာ.. အခု သူတို့ရဲ့ ကာကွယ်ရေးစွမ်းအားက အရမ်းမြင့်မားနေလို့ ကျွန်တော်တို့ ကြိုးစားနေတုန်းပဲ ရှိသေးတယ် တစ်ဖက်လူက တခြားပစ်မှတ်တွေကို ထပ်ပြီး တိုက်ခိုက်ဦးမလားဆိုတာပဲ မသိရတာ"

ရှနိုင်ငံ ဟက်ကာအဖွဲ့များက တိုကျိုမြို့တော်ရှိ လူသိများသော သတင်းစာလုပ်ငန်းကြီးနှစ်ခု၏ တရားဝင် ဝက်ဘ်ဆိုက်များကို သိမ်းပိုက်လိုက်ပြီးနောက် တိုကျိုမြို့တော်အတွင်း ချက်ချင်းပင် ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားသွားပြီး ကိုအိဇုမိ အိချီရိုဖန်တီးထားသည့် လူထုအမြင် မုန်တိုင်းကိုလည်း အားပျော့သွားစေခဲ့သည်။

မင်းဆက် နှင့် လုပ်ကြံသူအဖွဲ့တို့သည် ၎င်းတို့၏ ပစ်မှတ်များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ ပိုမိုကြီးမားသော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ရန် ဝေခွဲမရ ဖြစ်နေကြသည်။

ရှီလဲ့သည် လောလောဆယ်တွင် ၎င်းတို့နှင့် ပူးပေါင်းခြင်းမရှိဘဲ တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကြီးမားသော ဖိုရမ်မျိုးစုံနှင့် ဝက်ဘ်ဆိုက်များတွင် အကောင့်များကို မှတ်ပုံတင်ပြီးနောက် ဂျပန်နိုင်ငံရှိ သတင်းစာတိုက် အများအပြား အဟက်ခံလိုက်ရကြောင်းနှင့် ရှနိုင်ငံမှ ဟက်ကာများ တကယ်ကို အစွမ်းထက်ကြောင်း သတင်းများကို ဖိုရမ်မျိုးစုံတွင် တင်လိုက်တော့သည်။

ရှီလဲ့က သူတင်ထားသော ပို့စ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိပ်ဆုံးတွင် ပင်တွဲ ထားလိုက်ပြီးနောက် ထိုအကြောင်းအရာများသည် အချိန်တိုအတွင်းမှာပင် အာရုံစိုက်မှု အများအပြား ရရှိသွားခဲ့သည်။

ရှနိုင်ငံ၏ သာမန် အင်တာနက်အသုံးပြုသူ များသည် ဆိုက်ဘာလောကတွင် လေကိုမုန်တိုင်းဆင်နိုင်သည့် စွမ်းရည်မျိုး မရှိကြသော်လည်း ၎င်းတို့၏ နှလုံးသားထဲတွင်မူ ထိုကဲ့သို့သော အိပ်မက်မျိုး ရှိကြသည်။ အထူးသဖြင့် ဂျပန်နိုင်ငံကို ကောင်းကောင်းကြီး သင်ခန်းစာပေးနိုင်ရန်အတွက် ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိချင်ကြခြင်း ဖြစ်သည်။ ယခုအခါတွင် ရှနိုင်ငံ ဟက်ကာများက ဂျပန်နိုင်ငံကို သင်ခန်းစာပေးနေပြီ ဖြစ်သဖြင့် သာမန်အင်တာနက်အသုံးပြုသူ မြောက်မြားစွာ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားတော့သည်။

မြောက်မြားစွာသော သာမန်အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုနှင့်အတူ ရှီလဲ့၏ ပို့စ်များသည် လူအများ၏ ပြန်လည်မျှဝေမှု များမှတစ်ဆင့် ဆယ်မိနစ်ကျော်အတွင်းမှာပင် အင်တာနက်ပေါ်၌ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို လှုပ်ခတ်စေခဲ့သည်။

စွမ်းရည်အနည်းငယ်ရှိသော အင်တာနက်အသုံးပြုသူအချို့က ဂျပန်အင်တာနက်ကွန်ရက်ထဲသို့ ဝင်ရောက်ပြီးနောက် ဒါအိုဟွာသတင်းအေဂျင်စီ ၊ ဂူချွမ်းသတင်းအေဂျင်စီ ၊ တိုကျိုအုပ်ချုပ်ရေးမှူးအစီရင်ခံစာနှင့် တိုကျိုတိုင်းမ်သတင်းစာတိုက်ကြီးလေးခု၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာများကို စခရင်ရှော့ခ် ရိုက်ယူကာ ပြန်လည်တင်ပြခဲ့ကြသည်။

သတင်းစာတိုက်ကြီး လေးခု၏ တရားဝင် ဝက်ဘ်ဆိုက်များပေါ်တွင် ရှနိုင်ငံ၏ အလံ ပေါ်နေသည်ကို ကြည့်ပြီး သာမန်အင်တာနက်အသုံးပြုသူများသည် နောက်ထပ်တစ်ကြိမ် စိတ်အားထက်သန်မှုများ ဝေဆာပေါက်ကွဲသွားကြပြန်သည်။

ဤအဖြစ်အပျက်ကို ဖန်တီးခဲ့ကြသူများအဖြစ် မြင်တွေ့နေရသည့် မင်းဆက်နှင့် လုပ်ကြံသူအဖွဲ့တို့သည် သာမန်အင်တာနက်အသုံးပြုသူများအကြားတွင် အလွန်ပင် နာမည်ကြီးသွားခဲ့သည်။ ၎င်းတို့၏ တရားဝင် ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုမှုနှုန်းမှာလည်း ရုတ်ချည်းပင် အဆတစ်ရာမက တိုးတက်လာပြီး အဖွဲ့ဝင်မှတ်ပုံတင်သူ အရေအတွက်မှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ဂျပန်နိုင်ငံတွင် အဝေးမှနေ၍ တိုက်ပွဲဝင်နေကြသော ဟက်ကာအဖွဲ့နှစ်ဖွဲ့သည်လည်း အခြေအနေကို သိရှိသွားပြီးနောက် ၎င်းသည် ၎င်းတို့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ တကယ်လို့ ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မယ်ဆိုရင် ၎င်းတို့၏ အဖွဲ့အစည်းများသည် အဆပေါင်းများစွာ ပိုမိုကြီးထွားလာနိုင်ပေသည်။

ထန်ယွမ် ဖြစ်စေ၊ ကွေ့စစ် ဖြစ်စေ အောင်ပွဲ၏ အသီးအပွင့်များကို ဆက်လက်ချဲ့ထွင်ရန်နှင့် ပိုမိုကြီးမားသော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်ကြတော့သည်။ ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချကာ ဟက်ကာလောကတွင် မိမိတို့၏ နာမည်ကို လုံးဝတွဲလျက် ကျန်ရစ်စေပြီး ဂုဏ်သတင်းကျော်စောမှုကို အခိုင်အမာ တည်ဆောက်ချင်ကြခြင်း ဖြစ်လေသည်။

(PS : မူရင်းစာရေးဆရာကဂျပန်ကို ဗွိုက်စင်လို့သုံးလိုက်ဂျပန်လို့သုံးလိုက် ဖြစ်နေလို့ တကယ်တော့တူတူပါပဲနော် ဖြည့်ဖတ်ပေးကြပါဗျ)

All Chapters