အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း - ၁၀၂
ရှနိုင်ငံ ဟက်ကာလောကမှ မင်းဆက်အဖွဲ့ နှင့် လုပ်ကြံသူအဖွဲ့တို့သည် ဂျပန်နိုင်ငံတွင် လှိုင်းဂယက်အသေးစားလေးတစ်ခု ထကာ လှုပ်ခတ်သွားစေခဲ့ရာ၊ ရှနိုင်ငံတွင်းရှိ အချို့သော ဟက်ကာအဖွဲ့အစည်းများမှာလည်း စိတ်မထိန်းနိုင်ကြတော့ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့သည်။
အထူးသဖြင့် ‘ကြမ်းတမ်းသောမျိုးနွယ်စု’ နှင့် ‘ဝိညာဉ်နက်’ ဟူသော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းနှစ်ခုမှာ ဖြစ်သည်။ ထိုနှစ်ဖွဲ့စလုံးသည် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ နီးကပ်စွာ ဆက်နွှယ်နေကြသည်ဟုပင် ဆိုနိုင်သည်။ နှစ်ဖက်ခေါင်းဆောင်များ အသံဖြင့်ဆွေးနွေးခန်း တွင် တိုင်ပင်ပြီးနောက်၊ ဂျပန်နိုင်ငံသို့ ဝင်ရောက်ကာ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရန် သက်ဆိုင်ရာအဖွဲ့ဝင်များကို ချက်ချင်းပင် စုစည်းနှိုးဆော်ပြီး ပြင်ဆင်ကြတော့သည်။
သို့သော်လည်း ဂျပန်နိုင်ငံရှိ ပြည်တွင်းဟက်ကာအဖွဲ့အစည်းများဘက်ကမူ ကြီးကြီးမားမား လှုပ်ရှားမှု မရှိလှပေ။ ၎င်းမှာ သူတို့တွင် မျိုးချစ်စိတ်မရှိ၍သော်လည်းကောင်း၊ ရှနိုင်ငံမှ ဟက်ကာများကို မုန်းတီးမှုမရှိ၍သော်လည်းကောင်း မဟုတ်ဘဲ၊ ရှနိုင်ငံဟက်ကာများက သူတို့၏ နောက်ဆုံးစည်းကို မကျော်သေး၍ ဖြစ်သည်။
မင်းဆက်အဖွဲ့ ဖြစ်စေ၊ လုပ်ကြံသူအဖွဲ့ဖြစ်စေ၊ လက်ရှိတွင် သတင်းစာမီဒီယာကုမ္ပဏီများကိုသာ ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ပြီး အခြားသော နည်းပညာမြင့်လုပ်ငန်းများနှင့် လျှို့ဝှက်အချက်အလက်များကို ထိပါးခြင်း မရှိသေးပေ။ ထို့ကြောင့် ဂျပန်ဟက်ကာများအနေဖြင့် ‘ကျားကိုတောကထုတ်’ သည့် ပရိယာယ် ဖြစ်မည်ကို စိုးရိမ်ပြီး ဇွတ်အတင်း ဝင်မပါရဲဘဲ တုံ့ဆိုင်းနေကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ မင်းဆက်ညနှင့် လုပ်ကြံသူ အဖွဲ့တို့ကို သွားရောက်တိုက်ခိုက်နေစဉ်၊ အခြားသော ရှနိုင်ငံဟက်ကာအဖွဲ့များက သူတို့၏ နည်းပညာမြင့်လုပ်ငန်းများ၊ လျှို့ဝှက်အချက်အလက်များ သို့မဟုတ် အစိုးရကွန်ရက်များကို အလစ်ဝင်တိုက်ခိုက်သွားပါက ပြဿနာအကြီးအကျယ် တက်သွားနိုင်ပေသည်။
ထိုနှစ်ဖွဲ့သည် တိုကျိုအုပ်ချုပ်ရေးမှူးသတင်းစာ နှင့် တိုကျိုတိုင်းမ်တို့ကို ထိန်းချုပ်နိုင်ခဲ့သဖြင့် ထိုတတိယမျိုးဆက် ဟက်ကာအဖွဲ့နှစ်ခု၏ ယုံကြည်မှုများမှာ မကြုံစဖူး တဟုန်ထိုး မြင့်တက်နေခဲ့သည်။ လုပ်ကြံသူအဖွဲ့က မောက်မာဝံ့ကြွားစွာဖြင့် အာဆာဟိရှင်းဘန် သတင်းစာကို ရွေးချယ်လိုက်ပြီး၊ မင်းဆက်အဖွဲ့ကလည်း ယိုမီယူရီရှင်းဘန် သတင်းစာကို ရွေးချယ်လိုက်သည်။ ဤရလဒ်ကို မြင်သောအခါ ရှီလဲ့တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခါးသက်သက် ပြုံးကာ ခေါင်းခါမိတော့သည်။ အောင်ပွဲကြောင့် မျက်စိကန်းနေကြသည့် ဤလူအုပ်စုသည် ဂျပန်နိုင်ငံ၏ ထိပ်သီးသတင်းစာကြီး ငါးစောင်က ထိုမျှလောက် ရိုးရှင်းလှသည်ဟု တကယ်ပဲ ထင်နေကြသည်လား။
ယခုတစ်ကြိမ်တွင်မူ ရှီလဲ့ ၎င်းတို့နောက်ကနေ လိုက်မကူညီတော့ပေ။ ၎င်းမှာ ရှီလဲ့အနေဖြင့် ထိုထိပ်သီးသတင်းစာကုမ္ပဏီကြီးငါးစောင်ကို မကိုင်တွယ်နိုင်၍ မဟုတ်ဘဲ၊ မင်းဆက်အဖွဲ့ နှင့် လုပ်ကြံသူ အဖွဲ့တို့ ၎င်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်မည်မဟုတ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။ အကယ်၍ ရှီလဲ့သာ သူတို့ကို ထပ်မံကူညီပေးလိုက်ပါက ဟာကွက်တစ်ခု ပေါ်သွားနိုင်ပြီး၊ ဂျပန်နိုင်ငံ၏ လုံခြုံရေးဝန်ထမ်းများအနေဖြင့် အဆိုပါ ဟက်ကာအဖွဲ့နှစ်ခု၏ နောက်ကွယ်တွင် ကျွမ်းကျင်သူတစ်ယောက် ရှိနေကြောင်း အလွယ်တကူ ရိပ်မိသွားနိုင်သည်။
ရှီလဲ့ ဆုတ်ခွာပြီးနောက် မိမိနိုင်ငံ၏ ကွန်ရက်ထဲသို့ ချက်ချင်းပြန်ဝင်ကာ ‘ဟက်ကာမဟာမိတ်’ ၏ တရားဝင်ဝဘ်ဆိုက်သို့ လော့ဂ်အင်ဝင်လိုက်သည်။ ရှနိုင်ငံဟက်ကာလောက၏ ထိပ်တန်းကိုယ်စားလှယ်အဖြစ် ဟက်ကာမဟာမိတ်သည် အလွန်မြင့်မားသော အဆင့်အတန်းတွင် ရှိသည်။ အခြားသော ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းနှစ်ခုမှာ လူသိမခံဘဲ အေးအေးဆေးဆေး နေတတ်ကြသဖြင့် ဟက်ကာမဟာမိတ်သည် ရှနိုင်ငံ၏ အပေါ်ယံလောကတွင် နံပါတ်တစ် ဟက်ကာအဖွဲ့အစည်းအဖြစ် ပုံရိပ်ထင်ဟပ်နေခဲ့သည်။
ဟက်ကာမဟာမိတ်၏ တရားဝင်ဝက်ဆိုက်မှာ အလွန်ပင် စည်ကားလှုပ်ရှားနေပြီး၊ မှတ်ပုံတင်ထားသောအဖွဲ့ဝင်များနှင့် တရားဝင်အဖွဲ့ဝင် အမြောက်အမြားသည် ဂျပန်နိုင်ငံ၌ မင်းဆက်အဖွဲ့ နှင့် လုပ်ကြံသူအဖွဲ့တို့ ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများကို အပြင်းအထန် ဆွေးနွေးနေကြသည်။
အချို့သော အစွန်းရောက်အဖွဲ့ဝင်များကလည်း ဟက်ကာမဟာမိတ်အနေဖြင့် ဂျပန်နိုင်ငံနှင့်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲကာ မဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ပြသရန် တရားဝင်ဝက်ဆိုက်ပေါ်၌ စိန်ခေါ်မှုပို့စ်များ တင်ကာ တောင်းဆိုနေကြသည်။
ရှီလဲ့တွင် ဟက်ကာမဟာမိတ်အကောင့်တစ်ခုရှိပြီး ‘ကျောက်တုံးနက်’ ဟု အမည်ရ၏။ ၎င်းမှာ တရားမဝင်မှတ်ပုံတင်ထားခြင်းမဟုတ်ဘဲ လွန်ခဲ့သော သုံးနှစ်က သူ အထက်တန်းကျောင်း ပထမနှစ်တက်စဉ်ကတည်းက မှတ်ပုံတင်ထားခဲ့ခြင်း ဖြစ်သည်။ အထက်တန်းကျောင်းတက်ခဲ့သည့် တစ်လျှောက်လုံး သူသည် ဟက်ကာမဟာမိတ်ဝက်ဆိုက်တွင် မကြာခဏ အချိန်ဖြုန်းလေ့ရှိသဖြင့် အတော်အတန် လူသိများသော တရားဝင်အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
သူသည် ‘ကျောက်တုံးနက်’ အမည်ကို သုံးကာ ဟက်ကာမဟာမိတ်၏ တရားဝင်ဖိုရမ်ပေါ်တွင် တိုက်ပွဲဝင်စိန်ခေါ်မှုပို့စ်တစ်ခုကို တင်လိုက်သည်။ ‘ကျောက်တုံးနက်’ ၏ လူကြိုက်များမှုကြောင့် ပို့စ်တင်ပြီးပြီးချင်း တရားဝင်အဖွဲ့ဝင်များနှင့် မှတ်ပုံတင်ထားသောအဖွဲ့ဝင် အမြောက်အမြားထံမှ တုံ့ပြန်မှုများ ချက်ချင်းရရှိခဲ့သည်။ ဟက်ကာမဟာမိတ်၏ အတွင်းပိုင်းအဖွဲ့ဝင်အချို့ပင် ရှီလဲ့၏ပို့စ်ကို ထောက်ခံကြောင်း ပြန်စာရေးခဲ့ကြသည်။
ရှီလဲ့ ခပ်ပြုံးပြုံးဖြင့် ပို့စ်ကို ချက်ချင်းပင် ပြန်လည်ပြင်ဆင်လိုက်ပြီး၊ တိုက်ခိုက်မည့်အချိန်နှင့် ပစ်မှတ်ကို အတိအကျ သတ်မှတ်ပေးလိုက်သည်။ တိုက်ခိုက်မည့်အချိန်ကို ဆယ်မိနစ်အကြာဟု သတ်မှတ်လိုက်ပြီး၊ ပစ်မှတ်မှာ မင်းဆက်အဖွဲ့၏ ပစ်မှတ်နှင့် ထပ်တူဖြစ်သော ယိုမီယူရီရှင်းဘန် သတင်းစာ ဖြစ်သည်။
ဟက်ကာမဟာမိတ်၏ အတွင်းပိုင်း အဓိကခေါင်းဆောင်များ၏ အသံဖြင့်ဆွေးနွေးခန်းတွင် လူလေးဦး စုဝေးနေကြသည်။ ‘ဟိုင်လန်’ က ပထမဆုံး စကားစတင်ပြောကြားလိုက်သည်။ “အကြီးအကဲ ဓါးမြှောင်နက်၊ မင်းဆက်အဖွဲ့ နဲ့ လုပ်ကြံသူအဖွဲ့က လူပြက်တွေကတော့ သာမန်အင်တာနက်အသုံးပြုသူတွေကြားထဲမှာ အတော်လေး နာမည်ကြီးနေပြီဗျ ကျွန်တော်တို့ တကယ်ပဲ ဘာမှမလုပ်ဘဲ နေဦးမှာလား”
‘ဓါးမြှောင်နက်’ သည် ဟက်ကာမဟာမိတ်၏ ခေါင်းဆောင်ဖြစ်သည်။ သူ၏ စွမ်းရည်မှာ အလွန်ပင်ထက်မြက်လှပြီး ပထမမျိုးဆက် ဟက်ကာအချို့နှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင် ‘ဓါးမြှောင်နက်’ ဦးဆောင်သော ဟက်ကာမဟာမိတ်အဖွဲ့ကို ရှနိုင်ငံ၏ နံပါတ်တစ် ဟက်ကာအဖွဲ့အစည်းအဖြစ် လူသိများကြခြင်း ဖြစ်သည်။
“ဟိုင်လန်၊ စိတ်အေးအေးထားစမ်းပါ။ မင်းဆက်အဖွဲ့ နဲ့ လုပ်ကြံသူအဖွဲ့ရဲ့ လှုပ်ရှားမှုတွေက နည်းနည်း ထူးဆန်းနေတယ် တိုကျိုအုပ်ချုပ်ရေးမှူးသတင်းစာရဲ့ နောက်ခံအကြောင်းကို မင်းမသိဘူးလား...ငါတို့ကိုယ်တိုင် သွားတိုက်ရင်တောင် အဲဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ကွန်ရက်ကာကွယ်ရေးကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းဆက်အဖွဲ့က အလွယ်တကူပဲ ဖောက်ထွင်းသွားနိုင်ခဲ့တယ် ဒါက တစ်ခုခု ကြံစည်ထားတာ ဖြစ်နိုင်တယ် ဂျပန်က ကောင်တွေ ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ သားကောင်ချကျွေးထားတာ ဖြစ်နေမလား” ဓါးမြှောင်နက်က စိုးရိမ်စိတ်အနည်းငယ် ပါသောလေသံဖြင့် သုံးသပ်ပြလိုက်သည်။
အကယ်၍ ရှနိုင်ငံ၏ ပထမမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ ဝင်မပါပါက၊ ရှနိုင်ငံဟက်ကာလောက၏ အင်အားသည် ဂျပန်နိုင်ငံနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေသေးသည်။
မဟာမိတ်အဖွဲ့တွင် ဓါးမြှောင်နက်ပြီးလျှင် ဒုတိယအာဏာအရှိဆုံးဖြစ်သော ‘ကျားနက်’ က ရက်စက် ပြတ်သားသော လေသံဖြင့် ဝင်ပြောသည် — “အကြီးအကဲ၊ တကယ်တော့ ကျွန်တော်တို့ အဲဒီလောက်ကြီး စိုးရိမ်နေဖို့ မလိုပါဘူး အဲဒီဂျပန်ကောင်တွေမှာ ဘယ်လိုအကြံအစည်ပဲရှိရှိ၊ ကျွန်တော်တို့ ဟက်ကာမဟာမိတ်အဖွဲ့ကို တကယ်ပဲ နစ်နာအောင် လုပ်နိုင်ပါ့မလား အခုဆို ကျွန်တော်တို့ ဟက်ကာမဟာမိတ်အဖွဲ့ ငြိမ်သက်နေတာ ကြာလှပြီ၊ လူတွေက ကျွန်တော်တို့ကိုတောင် မေးနေကြပြီဗျာ.. အကြီးအကဲ၊ ကျွန်တော်တို့ ဟက်ကာမဟာမိတ်အဖွဲ့လည်း ဒီတိုက်ပွဲထဲ ဝင်ပါဖို့ အဆိုပြုပါတယ်”
မဟာမိတ်အဖွဲ့၏ တတိယအာဏာအရှိဆုံးဖြစ်သော ‘ကျားသစ်နက်’ ကလည်း ဆက်ပြောသည် — “အကြီးအကဲ ဓါးမြှောင်နက်၊ ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဆိုက်မှာ အခု ပွက်လောရိုက်နေပြီ နာမည်အနည်းငယ်ရှိတဲ့ ညီလေးတစ်ယောက်က တိုက်ပွဲဝင်စိန်ခေါ်မှုပို့စ်တစ်ခု တင်ထားတယ်... အတွင်းပိုင်းအဖွဲ့ဝင် အတော်များများကလည်း သူ့ကို ထောက်ခံနေကြပြီး၊ နောက်ထပ် ဆယ်မိနစ်နေရင် ယိုမီယူရီရှင်းဘန် သတင်းစာကို တိုက်ခိုက်ဖို့ ပြင်နေကြတယ် အတိအကျပြောရရင် အခု ခုနစ်မိနစ်ပဲ လိုတော့တယ်”
ဟိုင်လန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည် “တတိယအစ်ကို၊ ဘယ်ညီလေးက တိုက်ပွဲခေါ်နေတာလဲ”
“‘ကျောက်တုံးနက်’ လို့ခေါ်တဲ့ ညီလေးတစ်ယောက်လေ မင်းတို့ ကြားဖူးကြလားတော့ မသိဘူး” ကျားသစ်နက်က ခပ်ဖွဖွရယ်ရင်း ပြောသည်။ “ဒီညီလေးက ပါရမီအတော်ကောင်းတယ်၊ ကျွန်တော်တို့ ဟက်ကာမဟာမိတ်အဖွဲ့ထဲမှာ ကျင်လည်နေတာ သုံးနှစ်ကျော်ပြီမလား သူကတော့ သူလျှို မဖြစ်နိုင်ပါဘူး”
ဓါးမြှောင်နက်က အံ့ဩသွားသည့် လေသံဖြင့် ရေရွတ်လိုက်သည် — “ကျောက်တုံးနက်လား အဲဒီညီလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ် ငါကိုယ်တိုင်တောင် သူ့ကို အကြံဉာဏ်အချို့ ပေးဖူးသေးတယ်”
“ဒါဆိုရင်တော့ အကြီးအကဲ၊ ကျွန်တော်တို့လည်း တိုက်ပွဲထဲ ဝင်ကြစို့ဗျာ” ဟိုင်လန်က အလောတကြီး ပြောလိုက်သည်။ ကျားနက်နှင့် ကျားသစ်နက်တို့ကလည်း သဘောတူကြောင်း ထောက်ခံကြသည်။
ဓါးမြှောင်နက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို အသေအချာ စဉ်းစားကာ ညွှန်ကြားလိုက်သည် “ကျားသစ်နက်၊ မင်း ‘သေနတ်နက်’ ၊ ‘ဝိညာဉ်နက်’ ၊ ‘လင်းယုန်နက်’ ၊ ‘မိစ္ဆာနက်’ ၊ ‘အနက်ေရာင်လက်’ နဲ့ ‘အနက်ရောင်နှလုံးသား’ တို့ကို ချက်ချင်း ဆက်သွယ်လိုက် သူတို့ လုပ်လက်စတွေကို အကုန်ချန်ထားပြီး အားလုံး ထွက်လာခဲ့ဖို့ ပြောလိုက်ပါ”
ဟက်ကာမဟာမိတ်အဖွဲ့၏ အဓိကအတွင်းပိုင်းတွင် စုစုပေါင်း အဖွဲ့ဝင်တစ်ဆယ်ဦး ရှိသည်။ ထိုတစ်ဆယ်ဦး၏ စွမ်းရည်များမှာ အလွန်အမင်း ထက်မြက်လှပြီး၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် ထိပ်တန်းအဆင့် ဟက်ကာများစာရင်းတွင် ပါဝင်ကြသည်။
ကျားသစ်နက်သည် မဟာမိတ်အဖွဲ့၏ တတိယခေါင်းဆောင်ဖြစ်သလို ထောက်ပံ့ရေးမန်နေဂျာလည်း ဖြစ်သည်။ ဓါးမြှောင်နက်မှအပ ကျားသစ်နက်တစ်ဦးတည်းသာ ထိုအဓိကအဖွဲ့ဝင်တစ်ဆယ်ဦး၏ ဆက်သွယ်ရန်အချက်အလက်များကို သိရှိထားသူ ဖြစ်သည်။ “စိတ်ချပါ အကြီးအကဲ၊ အဲဒီကောင်တွေ တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲချင်လို့ အော်ဟစ်နေကြတာ ကြာလှပြီ”
“ကျားနက်၊ မင်းက အတွင်းပိုင်း သတင်းပေးပို့စနစ်ကို သုံးပြီး အတွင်းပိုင်းအဖွဲ့ဝင်အားလုံးဆီ သတင်းစကားတစ်ခု ပို့လိုက် သူတို့ကို ဒုတိယအဆင့် ခွင့်ပြုချက်ရှိတဲ့ အသံချန်နယ်ထဲ ဝင်ခိုင်းပြီး အချိန်မရွေး တိုက်ပွဲဝင်ဖို့ ပြင်ခိုင်းထားလိုက်” ဓါးမြှောင်နက်က ထပ်မံ အမိန့်ပေးလိုက်သည် အဆိုပါ ဒုတိယအဆင့် ခွင့်ပြုချက်ရှိသော အသံချန်နယ်သည် အသံကိုသာ နားထောင်နိုင်ပြီး မိမိဘက်က စကားပြော၍မရသော်လည်း အများသုံးစာမျက်နှာပေါ်တွင် စာသားဖြင့် ဆက်သွယ်နိုင်သော ချန်နယ်တစ်ခု ဖြစ်သည်
မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သဖြင့် ကျားနက်သည် မည်သည့်အလုပ်ကိုမျှ သီးသန့်တာဝန်ယူထားခြင်းမရှိဘဲ၊ အဓိကအားဖြင့် တိုက်ခိုက်ရေးပိုင်းကိုသာ တာဝန်ယူရပြီး သူ၏ ကွန်ရက်ထိုးဖောက်မှုများမှာ အလွန်ပင် ပြတ်သားထက်မြက်လှသည်။ “နားလည်ပါပြီ အကြီးအကဲ”
ဟိုင်လန်က ရုတ်တရက် မေးလိုက်သည် “အကြီးအကဲ၊ တရားဝင်အဖွဲ့ဝင်တွေနဲ့ မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်တွေကိုကော ဘယ်လိုလုပ်မလဲ ပြီးတော့ အဲဒီ ‘ကျောက်တုံးနက်’ ကိုကော ကျွန်တော်တို့ရဲ့ အတွင်းပိုင်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းလိုက်ရမလား”
ဓါးမြှောင်နက်က ငြင်းပယ်လိုက်သည် “လောလောဆယ်တော့ မလိုသေးပါဘူး သူတို့ဘာသာ လွတ်လွတ်လပ်လပ် ဆော့ကစားပါစေဦး တရားဝင်ဝက်ဆိုက်ရဲ့ ပင်မစာမျက်နှာမှာ သတင်းစကားတစ်ခု တင်လိုက်ပါ.. ‘ဂျပန်နိုင်ငံကို တိုက်ခိုက်ချင်တဲ့ တရားဝင်အဖွဲ့ဝင် သို့မဟုတ် မှတ်ပုံတင်ထားတဲ့ အဖွဲ့ဝင်တိုင်း ကျွန်တော်တို့ရဲ့ ဆာဗာကို ကြားခံစပရိန်ဘုတ်အဖြစ် အသုံးပြုနိုင်ပါတယ် ကျွန်တော်တို့ဘက်က လုံခြုံရေး အပြည့်အဝ အကာအကွယ်ပေးသွားမှာပါ’ လို့ပေါ့”
ဟိုင်လန် ခပ်ဟဟ ရယ်မောရင်း ပြောလိုက်သည် “အကြီးအကဲ တကယ်ကို အမြော်အမြင်ရှိတာပဲ ဒီလိုဆိုရင်တော့ တရားဝင်အဖွဲ့ဝင်တွေက ဂျပန်နိုင်ငံအတွက် ကြီးမားတဲ့ အံ့အားသင့်စရာတစ်ခုကို သေချာပေါက် ယူဆောင်လာပေးတော့မှာပဲ”
ဟက်ကာမဟာမိတ်အဖွဲ့၏ တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်အတွက် မဟာမိတ်အဖွဲ့၏ စမ်းသပ်စစ်ဆေးမှုများကို အောင်မြင်ရန် လိုအပ်သည်။ ဥပမာအားဖြင့် အရာတစ်ခုခုကို ဟက်ခြင်း သို့မဟုတ် အချက်အလက်တစ်ခုခုကို ခိုးယူခြင်း စသည်ဖြင့်၊ အတိုချုပ်ပြောရလျှင် စမ်းသပ်မှုကို အောင်မြင်မှသာ တရားဝင်အဖွဲ့ဝင် ဖြစ်လာနိုင်သည်။ ဆိုလိုသည်မှာ ဟက်ကာမဟာမိတ်၏ တရားဝင်အဖွဲ့ဝင်များသည် ကိရိယာများကိုသာ သုံးတတ်သည့် ဟက်ကာတုများမဟုတ်ဘဲ၊ တကယ့်စွမ်းရည်ရှိသော စစ်မှန်သည့် ဟက်ကာများ ဖြစ်ကြသည်။
ဟက်ကာမဟာမိတ်အဖွဲ့က အကာအကွယ်ပေးထားသော ဆာဗာကို ထောက်ပံ့ပေးလိုက်သည်နှင့် တစ်ပြိုင်နက်၊ လက်ရှိတွင် အွန်လိုင်း၌ရှိနေသော တရားဝင်အဖွဲ့ဝင် နှစ်သောင်းကျော်သည် လှောင်ချိုင့်ထဲမှ လွတ်လာသည့် ကျားရဲများကဲ့သို့ ဂျပန်နိုင်ငံဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြပြီး ကြီးမားသော ဖျက်ဆီးမှုများကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သည်။
ဟက်ကာမဟာမိတ်၏ တရားဝင်ဝက်ဆိုက် ပင်မစာမျက်နှာပေါ်တွင် အဆိုပါ အထူးကြေညာချက်ကို တင်ပြီးနောက်၊ အွန်လိုင်းပေါ်ရှိ တရားဝင်အဖွဲ့ဝင်အားလုံးနီးပါးသည် မဟာမိတ်အဖွဲ့က ပေးထားသော ဆာဗာလိပ်စာအတိုင်း ချက်ချင်းလိုက်ပါသွားပြီး၊ IP လိပ်စာကို ဖုံးကွယ်ကျော်လွှားကာ ဂျပန်နိုင်ငံဆီသို့ ထိုးဖောက်ဝင်ရောက်ကြတော့သည် တရားဝင်အဖွဲ့ဝင် အများစုမှာ မြင့်မားသော စွမ်းရည်များ မရှိကြသဖြင့် ဂျပန်နိုင်ငံကို တိုက်ခိုက်ချင်သော်လည်း မိမိတို့၏ IP လိပ်စာများ ပေါ်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည် သို့သော်လည်း ဟက်ကာမဟာမိတ်အဖွဲ့က အကာအကွယ်ပေးထားသော ဆာဗာကို ပေးလိုက်သည့်အခါတွင်မူ သူတို့ စိုးရိမ်စရာ မလိုတော့ပေ...
ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့၏ ကြေညာချက်ကို ကြည့်ပြီး အသံထွက်၍ အော်ရယ်မိတော့သည်။
“ဟက်ကာမဟာမိတ်အဖွဲ့က တကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်” ရှီလဲ့ တစ်ယောက်တည်း ရေရွတ်ရင်း မချီးကျူးဘဲ မနေနိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူက အပေါ်ဆုံးထပ်တွင် နေထိုင်ခြင်းဖြစ်ပြီး အိမ်၏ အသံလုံစနစ်ကလည်း အတော်ကောင်းမွန်သဖြင့်သာ၊ မဟုတ်လျှင် အိမ်နီးနားချင်းများကို လန့်ဖျန့်သွားစေနိုင်သည်။
ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့က ပေးထားသော အကာအကွယ်ဆာဗာထဲသို့ လိုက်ဝင်သွားရာ၊ အနည်းဆုံး လူပေါင်းနှစ်သောင်းကျော်သည် ထိုဆာဗာမှတစ်ဆင့် မိမိတို့၏ IP လိပ်စာများကို ဖုံးကွယ်ကာ ဂျပန်နိုင်ငံဆီသို့ ထိုးဖောက်ဝင်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။ ရှီလဲ့သည် အိုက်စင်ကုမ္ပဏီထံမှ ရရှိထားသော ပထမအဆင့် ဇွန်ဘီကွန်ပျူတာကို ချက်ချင်းအသုံးပြုကာ ဟက်ကာမဟာမိတ်၏ အကာအကွယ်ဆာဗာ ပြောင်းပြန်အကာအကွယ်စနစ်ကို ပြုလုပ်ပေးလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဟက်ကာမဟာမိတ်၏ အကာအကွယ်ဆာဗာကို နောက်ယောင်ခံလိုက်လာပါက၊ သူတို့သည် အိုက်စင်ကုမ္ပဏီ၏ ပထမအဆင့် ဇွန်ဘီကွန်ပျူတာကို အရင်ဆုံး ဖြတ်ကျော်ရမည်ဖြစ်ပြီး၊ ၎င်းမှာ ရှီလဲ့၏ ခွင့်ပြုချက်ကို ရယူရမည်ဟု အဓိပ္ပာယ်ရပေသည်။
တိုကျိုမြို့တော်ရဲဌာန၏ ဆိုင်ဘာလုံခြုံရေးဌာနခွဲသည် တိုကျိုအုပ်ချုပ်ရေးမှူးသတင်းစာနှင့် တိုကျိုတိုင်းမ်သတင်းစာတို့၏ ဆာဗာများကို အသည်းအသန် ဖောက်ထွင်းရန် ကြိုးစားနေပြီး၊ အဆိုပါ ဩဇာညောင်းသော သတင်းစာနှစ်စောင်ကို ရှနိုင်ငံဟက်ကာများလက်ထဲမှ ပြန်လည်ရယူနိုင်ရန် ရုန်းကန်နေရသည်။ သို့သော်လည်း ရှီလဲ့၏ လမ်းလွှဲချိတ်ဆက်မှု လုပ်ငန်းစဉ်ကြောင့် သူတို့အနေဖြင့် ဆာဗာများ၏ အထူးအသုံးပြုခွင့်ကို အချိန်တိုအတွင်း ပြန်လည်မသိမ်းပိုက်နိုင်ဘဲ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ‘အိုနို ရှင်းဂျီ’ သည် မင်းဆက် နှင့် လုပ်ကြံသူ အဖွဲ့တို့၏ ပစ်မှတ်မှာ ယိုမီယူရီရှင်းဘန်နှင့် အာဆာဟိရှင်းဘန် သတင်းစာတို့၏ တရားဝင်ဝဘ်ဆိုက်များ ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
“ဌာနမှူး၊ အခြေအနေအသစ် ရှိပါတယ်” အိုနို ရှင်းဂျီက အခြေအနေကို ‘အီနာကာ အာဆု’ ထံ အစီရင်ခံလိုက်သည်။
အီနာကာ အာဆု၏ နဖူးပေါ်တွင် ချွေးစေးများ စီးကျလာပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည် “ယိုမီယူရီရှင်းဘန်နဲ့ အာဆာဟိရှင်းဘန် သတင်းစာတွေကတော့ ရှနိုင်ငံဟက်ကာတွေရဲ့ ဟက်တာကို မခံရလောက်ပါဘူးနော် ဘာပဲပြောပြော သူတို့က နိုင်ငံရဲ့ ထိပ်သီးသတင်းစာကြီး ငါးစောင်ထဲကပဲဟာ”
သို့သော်လည်း အိုနို ရှင်းဂျီက သူ့ကို ရေအေးဖြင့် အပက်ခံလိုက်ရသလို စကားမျိုး ပြောလိုက်သည် — “ဌာနမှူး၊ တိုကျိုအုပ်ချုပ်ရေးမှူးသတင်းစာရဲ့ အခြေအနေအရ ကြည့်မယ်ဆိုရင်၊ သူတို့တွေ အာဆာဟိရှင်းဘန်နဲ့ ယိုမီယူရီရှင်းဘန် သတင်းစာတွေကို ဖောက်ထွင်းသွားနိုင်မယ့် ရာခိုင်နှုန်းက ရှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ မြင့်မားနေပါတယ်၊ ဒါပေမဲ့ သူတို့သာ တကယ် ဖောက်ထွင်းသွားနိုင်ခဲ့ရင်၊ သူတို့နောက်ကွယ်မှာ ကူညီပေးနေတဲ့ ကျွမ်းကျင်သူတစ်ယောက် သေချာပေါက် ရှိနေရပါမယ်”
“ညွှန်ကြားရေးမှူး နိုဒါ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို ချက်ချင်းဆက်သွယ်လိုက်ပါ ကျွန်တော်တို့ ရှနိုင်ငံဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်တော့ဘူး” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို အတိုကောက်အားဖြင့် JFS ဟုခေါ်ပြီး၊ ၎င်းမှာ အမေရိကန်ပြည်ထောင်စု၏ စီအိုင်အေ ကဲ့သို့သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
‘နိုဒါ အီခိုး’ မှာ ချွေးစေးများ တပြိုင်ပြိုင်ကျနေသဖြင့် အပြင်းအထန် သုတ်လိုက်ရင်း ပြောသည် “အီနာကာ၊ ငါတို့ တကယ်ပဲ JFS က လူတွေကို အကြောင်းကြားဖို့ လိုလို့လား အကယ်၍ ငါတို့သာ သူတို့ကို အကြောင်းကြားလိုက်ရင်၊ ဒီရှနိုင်ငံဟက်ကာတွေရဲ့ ကျူးကျော်ဝင်ရောက်မှု ဖြစ်စဉ်က နိုင်ငံတကာအငြင်းပွားမှုတစ်ခု ဖြစ်သွားလိမ့်မယ်”
အီနာကာ အာဆုက တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည် — “ကျွန်တော်တို့ရဲ့ ပြည်တွင်းဟက်ကာအဖွဲ့အစည်းတွေက ဘာကြောင့်လဲတော့မသိဘူး၊ အခုထိ လှုပ်ရှားမှုမရှိကြသေးဘူး အကယ်၍ ကျွန်တော်တို့သာ အကြောင်းမကြားရင်...”
“မကောင်းတော့ဘူး အခြေအနေ မဟန်တော့ဘူး” အိုနို ရှင်းဂျီ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ “ဌာနမှူး၊ ညွှန်ကြားရေးမှူး၊ ယာမာတာ နို အိုရိုချီ ဖိုင်းယားဝေါလ်ကနေ ရှနိုင်ငံရဲ့ ဒေတာကွင်းဆက်ပေါင်း နှစ်သောင်းကျော် ကျွန်တော်တို့နိုင်ငံရဲ့ အင်တာနက်ကွန်ရက်ထဲကို ချိတ်ဆက်ဝင်ရောက်လာတာကို ဖော်ထုတ်သိရှိရပါတယ်”