← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း - ၁၀၅

ဟိုင်လန်သည် တစ်ကြိမ်က ရှီလဲ့၏ ‘လူစီဖာ’ အမည်ဝှက်ကြောင့် အကြီးအကျယ် အထိနာခဲ့ဖူးသည်။ ထို့ပြင် သူ၏တပည့်ဖြစ်သူက ဘေးကနေ မြှောက်ပင့်ပေးခဲ့သဖြင့် သူသည် လူစီဖာဟူသော အမည်ဝှက်ကို ရိုးတွင်းခြင်ဆီထဲအထိ နာကျည်းနေခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ကျဆုံးသွားသော ကောင်းကင်တမန် အမှတ်တံဆိပ်ကို တစ်ကျော့ပြန် မြင်တွေ့လိုက်ရသောအခါ ၎င်းမှာ လူစီဖာပင် ဖြစ်ရမည်ဟု သူက တစ်ထစ်ချသမတ်မှတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ယုတ်မာသော အတွေးများ ချက်ချင်းပေါ်ပေါက်လာပြီး လူစီဖာကို အကွက်ဆင်ကာ အပြစ်ပုံချရန် ပြင်ဆင်လိုက်တော့သည်။

သူ၏ ခန့်မှန်းချက်ကတော့ မှန်ကန်ပေသည်။ ၎င်းမှာ အမှန်တကယ်ပင် ရှီလဲ့ ဖြစ်နေခဲ့သည်။ သို့သော်လည်း NHK ရုပ်မြင်သံကြားလိုင်း၏ တရားဝင်ဝက်ဆိုက် ဟက်ခံရသည့်သတင်းကို Fuji TV နှင့် TBS TV ကဲ့သို့သော ပြိုင်ဘက်ရုပ်မြင်သံကြားလိုင်းများက ချက်ချင်းပင် ကောက်ယူထုတ်လွှင့်ခဲ့ကြသည်။ အဆိုပါ ရုပ်မြင်သံကြားလိုင်းများသည် NHK ဟက်ခံရသည့် အဖြစ်အပျက်ကို အလွန်ပင် တက်ကြွလှုပ်ရှားစွာဖြင့် ဝမ်းမြောက်ဝမ်းသာ ထုတ်လွှင့်ပြသကြတော့သည်။

တိုကျိုမြို့တော်ရဲဌာနအတွင်းတွင်မူ နိုဒါ အီခိုး၏ မျက်နှာပေါ်၌ ချွေးစေးများ တဟုန်ထိုး စီးကျနေခဲ့သည်။ ယိုမီယူရီရှင်းဘန်နှင့် အာဆာဟိရှင်းဘန် သတင်းစာများ ဖောက်ထွင်းခံရပြီးနောက်၊ တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး ဖူဂျီဝါရာ ရှင်တာရိုက သူ့ထံသို့ ဖုန်းထပ်မံဆက်သွယ်ကာ ဂျပန်နိုင်ငံအတွင်းရှိ ဟက်ကာကျူးကျော်မှုဖြစ်စဉ်များကို ချက်ချင်းနှင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရန် အမိန့်ပေးခဲ့ပြန်သည်။

နိုဒါ အီခိုးက အီနာကာ အာဆုကို အကူအညီတောင်းခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး၊ ထိုဆိုက်ဘာလုံခြုံရေးဌာနခွဲမှူးအနေဖြင့် ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်ပြီး ထိုကျိန်စာသင့်လှသော ရှနိုင်ငံဟက်ကာများကို အမြန်ဆုံး မောင်းထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

“အီနာကာ၊ မင်းကွပ်ကဲနေတဲ့ အင်အားစုတွေက ဒီပြဿနာကို တကယ်ပဲ ဖြေရှင်းနိုင်မှာလား.. အကယ်၍ မရရင်တော့ ငါတို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို အကြောင်းကြားပြီး သူတို့ကိုပဲ ဝင်ရောက်စွက်ဖက်ခိုင်းရတော့မယ်” ဖူဂျီဝါရာ ရှင်တာရိုထံမှ လာသော ဖိအားများကို မတောင့်ခံနိုင်တော့သဖြင့် နိုဒါ အီခိုးက အီနာကာ အာဆုကိုပါ ဖိအားပေးလိုက်တော့သည်။ အီနာကာ အာဆု၏ နောက်ခံအသိုင်းအဝိုင်းက မည်မျှပင် ထူးခြားဆန်းပြားနေပါစေ၊ နိုဒါ အီခိုးအနေဖြင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ အကယ်၍ ရှနိုင်ငံဟက်ကာ ပြဿနာကိုသာ မဖြေရှင်းနိုင်ပါက သူ၏ မြို့တော်ရဲဌာန ညွှန်ကြားရေးမှူးရာထူးမှာ ပြုတ်တော့မည်ဖြစ်ရာ သူ ဘာကို ကြောက်နေရဦးမည်နည်း။

အီနာကာ အာဆုသည်လည်း နိုဒါ အီခိုး၏ အခက်အခဲကို ကောင်းကောင်းရိပ်မိပေသည်။ အကယ်၍ နိုဒါ အီခိုးသာ ရာထူးကပြုတ်သွားပါက သူလည်း သေချာပေါက် သက်သာလိမ့်မည်မဟုတ်ဘဲ ပို၍ပင် ဆိုးရွားသွားနိုင်သည်။ ဘာပဲပြောပြော ဆိုက်ဘာလုံခြုံရေးဌာနခွဲဆိုသည်မှာ တိုကျိုမြို့တော်ရဲဌာနအတွင်း ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ရိုက်ကိုင်တွယ်ရသည့် ဌာန မဟုတ်ပါလား။

“ညွှန်ကြားရေးမှူး၊ စိတ်ချပါ ကျွန်တော် သေချာပေါက် ဖြေရှင်းပါ့မယ်” အီနာကာ အာဆုက သူ၏ဖုန်းကို ထပ်မံထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်သည် “E မင်း S ကို အကြောင်းကြားပြီးပြီလား..ရှနိုင်ငံက ဟက်ကာတွေက သိပ်ကို ရမ်းကားလွန်းနေပြီ..ငါတို့ မြို့တော်ရဲဌာနရဲ့ ဆိုက်ဘာလုံခြုံရေးဌာနခွဲက လူတွေ ဘယ်လိုမှ တားမရတော့ဘူး”

လျှို့ဝှက်အမည် ‘E’ ဟု ခေါ်သော အမျိုးသားက အေးစက်စက် လေသံဖြင့် ပြန်ပြောသည် — “X၊ ငါ မင်းကို ထပ်ပြီး သတိပေးလိုက်မယ်၊ မင်းအလုပ်မင်းပဲ လုပ်စမ်းပါ ဒီအကျပ်အတည်းကို ငါတို့ ဖြေရှင်းမှာပါ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး ရှနိုင်ငံရဲ့ တခြား ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း နှစ်ခုကလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်၊ ငါတို့ သူတို့ကို ကာကွယ်တားဆီးနေရတယ်”

“ဘာ” အီနာကာ အာဆု အလန့်တကြား အော်ဟစ်လိုက်မိသည်။ အကယ်၍ ရှနိုင်ငံ၏ အခြားသော ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း နှစ်ခုကပါ ဂျပန်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာမည်ဆိုပါက ပြဿနာကြီးကတော့ အကြီးအကျယ် တက်ပေလိမ့်မည်။

ဖုန်းချပြီးနောက် အီနာကာ အာဆု၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည် “ညွှန်ကြားရေးမှူး၊ ကျွန်တော်တို့ ပြဿနာအကြီးကြီးနဲ့ တိုးပြီဗျ” သူက နိုဒါ အီခိုးကို ရှနိုင်ငံ ဒုတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ အခြေအနေကို ပြောပြလိုက်ရာ၊ နိုဒါ အီခိုးသည်လည်း အခြေအနေ၏ ကြီးလေးမှုကို နားလည်သွားတော့သည်။

“ကျိန်စာသင့်လှတဲ့ ရှနိုင်ငံဟက်ကာတွေ အဲဒီဟက်ကာတွေအားလုံး ဘာဆေးတွေ မှားသောက်ထားကြတာလဲ... ဘာလို့ ငါတို့ကို အုပ်စုလိုက်ကြီး လာပြီး တိုက်ခိုက်နေကြတာလဲ” နိုဒါ အီခိုးက မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။

အိုနို ရှင်းဂျီက ဝင်ပြောသည် “ညွှန်ကြားရေးမှူး၊ အကယ်၍ တိကျတဲ့ အကြောင်းပြချက်ကို သိချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောပြနိုင်ပါတယ်” ပြောရင်းဖြင့် အိုနို ရှင်းဂျီက ဒါအိုဟွာသတင်းအေဂျင်စီနှင့် ကန်နွန်ကုမ္ပဏီမှ ကိုအီဇူမီ အီချီရိုတို့၏ သတင်းအစီရင်ခံစာများတွင် ဖော်ပြထားသော မသင့်တော်သည့် မှတ်ချက်စကားများအကြောင်းကို ရှင်းပြလိုက်သည်။

နားထောင်ပြီးနောက် နိုဒါ အီခိုးက ဒေါသတကြီး ပြောလိုက်သည် “အသုံးမကျတဲ့ကောင်တွေ၊ သူတို့က ပြဿနာရှာတဲ့ကောင်တွေပဲ”

ဟက်ကာမဟာမိတ်အဖွဲ့သည် အာဆာဟိရှင်းဘန်နှင့် ယိုမီယူရီရှင်းဘန် သတင်းစာများ၏ ဆာဗာများကို သိမ်းပိုက်ထားခဲ့ပြီး၊ နှစ်ဖက်စလုံးသည် အကြိတ်အနယ် လုယူတိုက်ပွဲ ဖြစ်ပွားနေကြသည်။ ထိုထိပ်သီး သတင်းစာကြီးနှစ်စောင်သည် NHK ကဲ့သို့ အရိုးမရှိသော အဖွဲ့အစည်းမျိုး မဟုတ်ကြပေ။ သူတို့သည် ဆာဗာကို ပိတ်ပစ်ပြီး ပြုပြင်ထိန်းသိမ်းနေပါသည်ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲကာ လက်လျှော့မသွားခဲ့ကြချေ။ သူတို့၏ အတွင်းပိုင်း လုံခြုံရေးဌာနများသည် ဆာဗာများကို ပြန်လည်ရရှိရန်အတွက် နည်းလမ်းမျိုးစုံဖြင့် အသည်းအသန် ကြိုးစားနေကြသည်။

သူတို့သည် ဆာဗာများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သဖြင့် ဟက်ကာမဟာမိတ်အဖွဲ့အပေါ် ကျရောက်နေသော ဖိအားမှာ ထင်သလောက် မကြီးမားလှပေ။ ဟိုင်လန်သည် ရုတ်တရက် အကြံအသေးစားလေးတစ်ခု ရရှိသွားခဲ့ပြီး၊ သူသည် NHK ၏ လုံခြုံရေးဌာနထံသို့ တိတ်တဆိတ် ချိတ်ဆက်လိုက်တော့သည်။

NHK ၏ အတွင်းပိုင်း လုံခြုံရေးဌာနအတွင်း၌မူ ရုတ်တရက် ချိတ်ဆက်မှုတောင်းဆိုချက်တစ်ခုကို လက်ခံရရှိခဲ့ရာ၊ သူတို့က ချက်ချင်းပင် ငြင်းပယ်ရန် ရွေးချယ်လိုက်ကြသည်။ ရှီလဲ့အနေဖြင့် ဟိုင်လန်၏ နည်းပညာကို အထင်မကြီးသော်လည်း၊ သူ၏ စွမ်းရည်များကိုမူ လျှော့တွက်၍မရပေ။ ဟိုင်လန်သည် ကမ္ဘာ့အဆင့်တွင် သေချာပေါက် ဒုတိယတန်းစားအဆင့်နီးပါးတွင် ရှိနေသူ ဖြစ်သည်။

သူသည် NHK ၏ အတွင်းပိုင်း လုံခြုံရေးဌာနထဲသို့ အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လိုက်ပြီး၊ စာသားမှတ်စု တစ်ခုကို လျင်မြန်စွာ ခေါ်ယူကာ အင်္ဂလိပ်ဘာသာစကားဖြင့် စာရိုက်လိုက်သည် “ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး ငါ အခုလာရတဲ့ ရည်ရွယ်ချက်က မင်းတို့ရဲ့ တရားဝင်ဝက်ဆိုက်ကို ဟက်သွားတဲ့ကောင်ရဲ့ နာမည်ဟာ လူစီဖာဖြစ်တယ်ဆိုတာကို လာပြောပြတာပဲ”

၎င်းကို ပြုလုပ်ပြီးနောက်တွင်မူ ဝံပုလွေနက်သည် တစ်ဖက်လူ ယုံသည်မယုံသည်ကို ဂရုမစိုက်တော့ဘဲ၊ ချိတ်ဆက်မှုကို ချက်ချင်းဖြတ်တောက်ကာ သူ၏ ကျူးကျော်မှုခြေရာများကို ဖျက်ဆီးပြီး ထွက်ခွာသွားခဲ့တော့သည်။

NHK အတွင်းပိုင်းတွင်မူ လုံခြုံရေးဌာနမှ ဝန်ထမ်းများသည် ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ချန်ထားခဲ့သော စာသားများကို ကြည့်ရင်း တွေဝေနေခဲ့ကြသည်။ ထိုအမည်မသိ ဟက်ကာ ပေးခဲ့သောအချက်အလက်များကို သူတို့ ယုံကြည်ရမလားဆိုသည်ကို မဝေခွဲနိုင်ကြပေ။ NHK ၏ လုံခြုံရေးအကြီးအကဲဖြစ်သူ ‘ဖူဂျီတာ ကန်ဂျီ’ သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက်၊ နောက်ဆုံးတွင် ထိုဟက်ကာ၏ သတင်းစကားကို ယုံကြည်ရန် ရွေးချယ်လိုက်တော့သည်။

သူသည် ထိုဟက်ကာကို ယုံကြည်ရသည့် အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်မှာ ထိုဟက်ကာသည် တိုက်ရိုက်ဖောက်ထွင်းဝင်ရောက်လာခဲ့သော်လည်း မည်သည့်ပျက်စီးဆုံးရှုံးမှုကိုမျှ မပြုလုပ်ခဲ့ပေ။ အကယ်၍ တစ်ဖက်လူသာ ရန်သူဖြစ်ပါက လိမ်လည်လှည့်ဖြားသော အချက်အလက်များဖြင့် သူတို့ကို လာရောက်လှည့်စားနေစရာ မလိုပေ။ သူတို့၏ နည်းပညာအရဆိုလျှင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။ ဒုတိယအချက်မှာ လူစီဖာဆိုသည်မှာ အနောက်တိုင်း ဒဏ္ဍာရီထဲမှ ကျဆုံးသွားသော ကောင်းကင်တမန်တစ်ပါး ဖြစ်ပြီး၊ ၎င်းမှာ NHK ဝဘ်ဆိုက် ဟက်ခ်လုပ်ခံရစဉ်က ပေါ်လာသော ပုံရိပ်နှင့် ကွက်တိကိုက်ညီနေခြင်းကြောင့် ဖြစ်သည်။

“သတင်းခန်းကို ချက်ချင်းအကြောင်းကြားပြီး ဒီသတင်းကို ကြားဖြတ်ထုတ်လွှင့်ခိုင်းလိုက် ငါတို့ရဲ့ လုံခြုံရေးဌာနကနေ ငါတို့ရဲ့ NHK တရားဝင်ဝက်ဆိုက်ကို ကျူးကျော်ခဲ့တဲ့ ဟက်ကာဟာ လူစီဖာဖြစ်တယ်ဆိုတဲ့ အချက်အလက်ကို ရှာဖွေတွေ့ရှိထားကြောင်း ထည့်သွင်းပြောခိုင်းလိုက်.. ပြီးတော့ ဆုငွေလည်း ထုတ်ပြန်လိုက်စမ်း၊ ခိုင်လုံတဲ့ အချက်အလက်ပေးနိုင်တဲ့ ဘယ်ဂျပန်နိုင်ငံသားကိုမဆို ငါတို့ NHK အနေနဲ့ ဆုငွေ ယန်းတစ်သန်း ပေးမယ်လို့ ကြေညာလိုက်” ဖူဂျီတာ ကန်ဂျီက အရှက်မရှိဘဲ ပြောလိုက်သည်။

NHK ၏ ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွင် သတင်းစကားတစ်ခု ချက်ချင်း ကြားဖြတ်ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ဝက်ဆိုက်ကို ကျူးကျော်ခဲ့သော ဟက်ကာ၏ အချက်အလက်များကို ရှာဖွေတွေ့ရှိထားပြီးဖြစ်၍ သိရှိသူများအနေဖြင့် ခိုင်လုံသောအချက်အလက်များ ပေးအပ်ပါက ဆုငွေ ယန်းတစ်သန်း ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ရှီလဲ့သည် လိုင်းနှေးနေသော ကွန်ရက်ထုတ်လွှင့်မှုမှတစ်ဆင့် NHK ၏ အစီရင်ခံစာကို ကြည့်ရင်း၊ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည် “ဟဲဟဲ ငါ့ကို လူစီဖာလို့ သိထားပြီး လောလောဆယ် အဲဒီဂျပန်ကောင်တွေကို သွားပြောမယ့်လူဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်၊ ဟိုင်လန်”

ရှီလဲ့သည် လူစီဖာအမည်ဝှက် ပေါက်ကြားသွားခြင်းကို ဂရုမစိုက်ပေ။ အမှန်တကယ်တော့ ထိုအခိုက်အတန့်မှာပင် သူ၏ ဦးနှောက်ထဲ၌ ပြောင်မြောက်လှသော အစီအစဉ်တစ်ခု လျှပ်စီးလက်သကဲ့သို့ ပေါ်လာခဲ့သည် “ဟိုင်လန်၊ မင်းကို ငါ ကျေးဇူးတင်ရတော့မှာပဲ”

NHK ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်၊ ရှီလဲ့သည် NHK ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။ ၎င်းတို့၏ တရားဝင်ဝဘ်ဆိုက်ကို ဟက်ပြီးနောက်၊ သူသည် အတောင်ပံခြောက်စုံပါသော ‘ကျဆုံးသွားသော ကောင်းကင်တမန်’ ၏ ပုံရိပ်ကို ထပ်မံချိတ်ဆွဲလိုက်ပြီး မောက်မာလှသော လေသံဖြင့် စာသားတစ်ပိုဒ်ကို ချန်ထားခဲ့သည်

‘NHK က အမှိုက်တွေ၊ လူကို မှားမမှတ်ကြနဲ့ဦး..ငါကတော့ နာမည်လည်းမပြောင်းဘူး၊ မျိုးရိုးလည်းမပြောင်းဘူး၊ ငါ့နာမည်က တိုင်ရီရယ်ကွ မင်းတို့ပြောတဲ့ အဲဒီလူစီဖာဆိုတဲ့ကောင်ကိုတော့ မင်းတို့ရဲ့ စကားတွေကို ငါ သေချာပေါက် လက်ဆင့်ကမ်းပေးလိုက်ပါ့မယ်... ခင်မင်စရာ သတိပေးချက်တစ်ခု ပေးရရင်တော့၊ ဒီဆရာကြီးက လူစီဖာထက် အများကြီး ပိုပြီး နူးညံ့သိမ်မွေ့တယ်၊ မင်းတို့ လူစီဖာဆိုတဲ့ကောင် လာပြီး သင်ခန်းစာပေးမယ့်အချိန်ကိုပဲ စောင့်နေလိုက်ကြတော့’

အတောင်ပံခြောက်စုံပါသော ကျဆုံးသွားသော ကောင်းကင်တမန်ချုပ်သည် သူ၏ အတောင်ပံများကို ခတ်နေခဲ့ပြီး၊ အမွေးအတောင်နက်များသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်ကာ ဝက်စာမျက်နှာပေါ်၌ လွင့်ကြွေကျနေခဲ့ရာ အဓိပ္ပာယ်ဖော်မပြနိုင်လောက်အောင် လှပဆန်းပြားနေခဲ့သည်။

NHK ရုပ်မြင်သံကြားလိုင်း၏ လုံခြုံရေးဌာနသည် ၎င်းတို့၏ လက်အောက်ခံကုမ္ပဏီ ဝဘ်ဆိုက် ကျူးကျော်ခံလိုက်ရသည်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဖူဂျီတာ ကန်ဂျီသည် ဝက်ဆိုက်ပေါ်ရှိ ကြေညာချက်ကို ဒေါသတကြီး ကြည့်နေခဲ့သော်လည်း သူ၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာခဲ့သည်။

“တိုင်ရီရယ်ဆိုတာ ဘယ်သူလဲဆိုတာ သိတဲ့လူ ရှိလား...သူနဲ့ လူစီဖာနဲ့က ဘာပတ်သက်မှု ရှိလဲ” ဖူဂျီတာ ကန်ဂျီက လုံခြုံရေးဌာနတွင် မေးမြန်းလိုက်သည်။

မျက်နှာဖြူဖျော့ဖျော့နှင့် လူငယ်တစ်ဦးက ပြန်ဖြေသည် “ဌာနမှူး ဖူဂျီတာ၊ တိုင်ရီရယ်ဆိုတာ Diablo ဂိမ်းထဲက ကောင်းကင်တမန် ပါခင်ဗျာ”

“ငတုံး” ဖူဂျီတာ ကန်ဂျီသည် ဒေါသထွက်နေခိုက် ထိုလူငယ်၏ ကြားဖြတ်ပြောဆိုမှုကို ခံလိုက်ရသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်သည် “ငတုံး၊ အဲဒါက ဂိမ်းသက်သက်ပဲလေ..မင်းကတော့ ဦးနှောက်မရှိ... နေဦး၊ အဲဒီဂိမ်းထဲက တိုင်ရီရယ်က ကောင်းတဲ့ဘက်ကလား၊ ဆိုးတဲ့ဘက်ကလား”

မျက်နှာဖြူဖျော့ဖျော့နှင့် လူငယ်က ခဏမျှ စဉ်းစားလိုက်ပြီး “တိုင်ရီရယ်က ကောင်းတဲ့ဘက်ကပါ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူလည်း ကျဆုံးသွားခဲ့တယ်လို့ ကောလာဟလတွေ ရှိပါတယ်”

ဖူဂျီတာ ကန်ဂျီက သူ၏ နားထင်ကို နှိပ်လိုက်သည်။ အကယ်၍ တိုင်ရီရယ်ဟု ခေါ်သော ထိုကောင် ပြောသွားသည့်အတိုင်းဆိုလျှင်၊ လူစီဖာဟု ခေါ်သော အခြားတစ်ယောက် ရှိနေသေးပြီး ထိုလူစီဖာက ပို၍ပင် ရက်စက်ကြမ်းကြုတ်မည်ဆိုပါက သူတို့ ဘာလုပ်ရမည်နည်း။

ဟက်ကာမဟာမိတ်အဖွဲ့မှ ဟိုင်လန်သည်လည်း ဤအခိုက်အတန့်တွင် ဆွံ့အသွားခဲ့ရသည်။ တိုင်ရီရယ်ဟူသော အခြားတစ်ယောက် ရှိနေဦးမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း တိုင်ရီရယ်၏ သတင်းစကားအရဆိုလျှင် တိုင်ရီရယ်နှင့် လူစီဖာတို့သည် အချင်းချင်း သိကျွမ်းကြပြီး တစ်ခုတည်းသော အဖွဲ့အစည်းမှ အဖွဲ့ဝင်များပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းရမခက်ပေ။

‘ကျိန်စာသင့်လှတဲ့ လူစီဖာ၊ ဒီတိုင်ရီရယ်က မင်းကို သိနေမှတော့ သူလည်း အပြစ်မကင်းဘူးလို့ပဲ သတ်မှတ်ရမယ်၊ သူလည်း ကံဆိုးသွားတာပဲ’ ဟိုင်လန်က သူ၏ စိတ်ထဲတွင် တိတ်တဆိတ် နာကျည်းနေမိသလို၊ တစ်ဖက်ကလည်း အနည်းငယ် မျှော်လင့်နေမိသည်။ အကယ်၍ လူစီဖာသာ အမှန်တကယ် ပေါ်လာပါက သူ ကလဲ့စားချေရမည့် အခွင့်အရေး ရောက်လာပေလိမ့်မည်။

ဂျင်းယာဥယျာဉ် အဆောက်အအုံ (၁၀)၊ ရှီလဲ့၏ အခန်းအတွင်းတွင်မူ သူသည် အညောင်းအညာဆန့်လိုက်ပြီး ကွန်ပျူတာကို ကြည့်လိုက်သည်။ ဟက်ကာမဟာမိတ်အဖွဲ့နှင့် အခြားသော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်း အမြောက်အမြားသည် ဂျပန်နိုင်ငံတွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေကြသည်။ ရှီလဲ့သည် သူ၏ ကိုယ်ပိုင်ကျူးကျော်မှုခြေရာများကို စတင်၍ ရှင်းလင်းဖျက်ဆီးလိုက်တော့သည်။

လက်ရှိ တိုက်ပွဲအခြေအနေကို သုံးသပ်ရလျှင် ဟက်ကာမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်အများအပြားသည် တစ်ညလုံး မအိပ်ဘဲ တိုက်ပွဲဝင်ရဖွယ်ရှိပြီး၊ ထိုတတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများသည်လည်း တစ်ညလုံး မအိပ်ရဘဲ ရှိနေပေလိမ့်မည်။ သို့သော်လည်း ရှီလဲ့ကတော့ တစ်ညလုံး မအိပ်ဘဲ နေရန် အစီအစဉ်မရှိပေ၊ သူ အိပ်ချင်နေပြီ ဖြစ်သည်။

ရှီလဲ့၏ ကနဦးရည်မှန်းချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ အင်တာနက်လောကကို ကမောက်ကမဖြစ်အောင် မွှေနှောက်လိုက်ခြင်းအားဖြင့် ထိုကျိန်စာသင့်လှသော မီဒီယာများသည် သူနှင့် ကန်နွန်ကုမ္ပဏီကြားရှိ ရန်ငြိုးများကို အစီရင်ခံရန် အချိန်မရှိတော့ပေ။ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီးနောက်တွင်မူ သူသည် ထိုဂျပန်မှ အမှိုက်များနှင့် တစ်ညလုံး လိုက်ကစားနေရန် အချိန်မရှိတော့ပေ။

တစ်ညလုံး မအိပ်ဘဲ ဆော့ကစားခြင်းကိုမူ ဟက်ကာမဟာမိတ်အဖွဲ့အတွက်သာ ချန်ထားခဲ့လိုက်တော့မည်။

အိုက်စင်ကုမ္ပဏီ ဆာဗာပေါ်ရှိ ခြေရာများကို ရှင်းလင်းပြီးနောက် ရှီလဲ့သည် သမ်းဝေလိုက်ပြီး၊ လျင်မြန်စွာ မျက်နှာသစ်သန့်စင်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း အေးချမ်းစွာ အိပ်မောကျသွားခဲ့တော့သည်။ ဂျပန်နိုင်ငံတွင် သူ မည်မျှအထိ ပြဿနာကြီးအောင် မွှေနှောက်ခဲ့သည်ကို သူ လုံးဝ ဂရုမစိုက်တော့ပေ။

နံနက်ခင်းတွင် နိုးလာသောအခါ ရှီလဲ့သည် အိပ်ချင်မူးတူးဖြင့် သူ၏ မောက်စ်ကို လှုပ်ရှားလိုက်ပြီး နံပါတ် (၁) ဆာဗာ၏ မျက်နှာပြင်ကို နှိုးကာ ဂျပန်နိုင်ငံ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူ မကြည့်ခင်အထိ ဘာမှမဖြစ်သော်လည်း ကြည့်လိုက်သည့်အခါတွင်မူ သူ အံ့အားသင့်သွားခဲ့ရတော့သည်။

ဟက်ကာမဟာမိတ်အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ် ပြင်းထန်လွန်းနေခဲ့သည်။ တိုကျိုမြို့ရှိ စီးပွားရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်၏ တရားဝင်ဝက်ဆိုက်များမှာ ဟက်ခြင်း ခံလိုက်ရပြီး၊ ၎င်းတို့အနက် အများစုမှာ ဟက်ကာမဟာမိတ်အဖွဲ့၏ လက်ချက် ဖြစ်သည်။ အနည်းငယ်မျှသာ ရေစီးကြောင်းအတိုင်း လိုက်ပါလာသော တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများ၏ လက်ချက် ဖြစ်သည်။ ဟက်ကာမဟာမိတ်အဖွဲ့က ရှေ့တန်းကနေ ဦးဆောင်နေသဖြင့် တတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများသည် ပို၍ပင် ရဲတင်းလာခဲ့ကြသည်။ သူတို့ ဟက်နိုင်လျှင် ဟက်လိုက်ကြပြီး၊ မလုပ်နိုင်ပါက ဟက်ကာမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံကြသည်။ အကယ်၍ မာကျောသော ပစ်မှတ်နှင့် တိုးပါက သူတို့သည် အရှက်မရှိဘဲ ဟက်ကာမဟာမိတ်အဖွဲ့၏ အကာအကွယ်ဆာဗာဆီသို့ တိုက်ရိုက် လမ်းကြောင်းလွှဲပစ်လိုက်ကြသည်။

ဂျပန်နိုင်ငံ၏ သတင်းအချက်အလက် စာရင်းဇယားများကို ကြည့်ရင်း ရှီလဲ့သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် “မင်းတို့ကို နောက်ထပ် ခဏလောက် သောင်းကျန်းခွင့် ပေးလိုက်ဦးမယ်... နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို ပေါ်လာတဲ့အထိ စောင့်လိုက်ပြီးမှ ငါ အစီအစဉ်ရဲ့ ဒုတိယအဆင့်ကို စတင်အကောင်အထည်ဖော်မယ်”

ရှီလဲ့၏ ဒုတိယအဆင့် အစီအစဉ်မှာ ကန်နွန်ကုမ္ပဏီတစ်ခုတည်းကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။ ရှီလဲ့သည် ကန်နွန်ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ၏ ဆာဗာကို ဟက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူသည် ကန်နွန်ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဆာဗာသည်လည်း စူပါကွန်ပျူတာတစ်လုံး ဖြစ်ကြောင်း ကြိုတင်၍ သေချာစုံစမ်းထားခဲ့ပြီး ဖြစ်သည်။

ရှီလဲ့အနေဖြင့် စူပါကွန်ပျူတာ ‘ယန်’ ကို အသုံးပြုလျှင်ပင် ၎င်းကို အလွယ်တကူ သိမ်းပိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှီလဲ့တွင် ဒုတိယအဆင့် အစီအစဉ် ရှိနေခြင်း ဖြစ်သည်။

ဒုတိယအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လက်ရှိအချိန်တွင် အဓိက အခက်အခဲမှာ ဟက်ကာမဟာမိတ်အဖွဲ့အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို၏ တိုက်ခိုက်ရေးအင်အားကို ဆွဲဆောင်နိုင်မလားဆိုသည့် အချက်ပင် ဖြစ်သည်။

အကယ်၍ သူတို့က ပိုမိုထိရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါက၊ ရှီလဲ့အနေဖြင့် ကန်နွန်ကုမ္ပဏီကို စိတ်အေးချမ်းသာစွာဖြင့် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ အကယ်၍ သူတို့က ထိရောက်မှုမရှိပါက ရှီလဲ့သည် သူတို့ကို ထိရောက်အောင် ကူညီပေးရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့ကို သူရဲကောင်းအဖြစ် သရုပ်ဆောင်ခိုင်းပြီး အပြစ်အားလုံးကို ခေါင်းခံခိုင်းရန် သေချာပေါက် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်ပေသည်။

All Chapters