← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း - ၁၀၆

ရှီလဲ့သည် လောလောဆယ်တွင် ဂျပန်နိုင်ငံ၏ အခြေအနေကို ခေတ္တဘေးဖယ်ထားလိုက်သည်။ သူသည် ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်ကို ဝတ်ဆင်ကာ မနက်စာစားရန် နောက်ဖေးလမ်းကြားဆီသို့ သွားရန် ပြင်ဆင်လိုက်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ‘နားကပ်တစ်ဖက်’ တို့လို လူမိုက်ကောင်များ၏ စိတ်ကို ငြိမ်ဝပ်သွားစေရန်အတွက် အကျိုးအမြတ်အချို့ ပေးရန်လည်း ကြံစည်ထားခဲ့သည်။

ဂျင်းယာဥယျာဉ်၏ အများသုံးကားပါကင်တွင် သူသည် အသစ်စက်စက် ဝယ်ယူထားသော အော်ဒီကားလေးထဲတွင် ဝင်ထိုင်လိုက်သည်။ ရှီလဲ့သည် တရိပ်ရိပ်နှင့် လှပစွာ မောင်းနှင်ရင်း တရုတ်စက်မှုလုပ်ငန်းနှင့် ICBCဘဏ် ဆီသို့ ဦးတည်လိုက်တော့သည်။ အမှန်တကယ်တော့ ထိုဘဏ်မှာ ဂျင်းယာဥယျာဉ်နှင့် သိပ်မဝေးလှသော်လည်း ရှီလဲ့ကတော့ ကားမောင်းသွားရန်သာ ရွေးချယ်ခဲ့သည်။ သူသည် သူအသစ်ဝယ်ထားသော ကားလေးကို အစွမ်းကုန် ကြွားဝါချင်နေခြင်း ဖြစ်သည်။

အဖြူရောင် အော်ဒီကားလေးသည် ICBC ဘဏ်၏ အဝင်ဝတွင် ရပ်တန့်သွားခဲ့သည်။ ရှီလဲ့သည် သူ၏ ဘဏ်ကတ်ကို ထုတ်ယူကာ ဘဏ်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ ရွှမ်းဟူခရိုင်ရှိ ICBC ဘဏ်သည် ပြီးခဲ့သည့်အကြိမ်က ယဲ့ဖုန်း၏ ဓားပြတိုက်ခြင်းကို ခံရပြီးကတည်းက သိသိသာသာ ခြောက်ကပ်သွားခဲ့ရာ၊ နေ့ခင်းဘက်တွင်ပင် ငွေအပ်နှံသူ အနည်းငယ်သာ တွေ့ရတတ်သည်။

ဘဏ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် လူသူမရှိသဖြင့် ရှီလဲ့သည် ဗွီအိုင်ပီ နားနေဆောင်သို့ မသွားတော့ဘဲ၊ ကောင်တာမှတစ်ဆင့် သူ၏ ရွှေရောင်ဘဏ်ကတ်ကို တိုက်ရိုက် ကမ်းပေးလိုက်သည်။

“ငွေထုတ်မယ်”

ဘဏ်ဝန်ထမ်းအမျိုးသမီးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး၊ ပြီးခဲ့သည့် ဓားပြတိုက်မှုတုန်းက ဝန်ထမ်း မဟုတ်တော့ပေ။ ထိုဝန်ထမ်းမှာ သေချာပေါက် စိတ်ဒဏ်ရာ ရသွားခဲ့ပုံရသည်။ ရင်ထိုးနာမည်ကတ်ပြားအရ အခုဝန်ထမ်းအမျိုးသမီး၏ နာမည်မှာ ‘ရန်းယွမ်’ ဖြစ်ကြောင်း သိလိုက်ရသည်။ အတော်လေး လှပသော နာမည်လေးပင် ဖြစ်သည်။

ရန်းယွမ်သည် ရှီလဲ့၏ ဘဏ်ကတ်ကို ယူကြည့်လိုက်ပြီးနောက် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်မိသွားသည်။ ICBC ဘဏ်၏ ဗွီအိုင်ပီရွှေကတ်ဆိုသည်မှာ အပ်နှံငွေ ယွန်းနှစ်သိန်းထက်မနည်း ရှိသောသူများကိုသာ ထုတ်ပေးလေ့ရှိခြင်း ဖြစ်သည်။ ရှီလဲ့၏ ပုံစံကို ကြည့်ရသည်မှာ ထိုဒေသရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့်သာ တူသဖြင့်၊ သူကဲ့သို့ လူငယ်တစ်ယောက်က ဗွီအိုင်ပီရွှေကတ်ကို ကိုင်ဆောင်ထားနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။

“မင်္ဂလာပါ အစ်ကို၊ ငွေဘယ်လောက် ထုတ်ချင်လို့လဲ ရှင့်” ရန်ယွန်း၏ လေသံတွင် ရိုသေလေးစားမှုများ ပါဝင်နေခဲ့သည်။ ၎င်းမှာ အခြားအရာကြောင့်မဟုတ်ဘဲ ဤ VIP ရွှေကတ်ကြောင့်သာ ဖြစ်သည်။

ရှီလဲ့က လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် “တစ်သိန်း”

ရန်းယွမ်၏ မျက်နှာတွင် ချက်ချင်းပင် အနည်းငယ် ခက်ခဲသွားသည့် အမူအရာ ပေါ်လာခဲ့သည် “အစ်ကို၊ ကျွန်မတို့ ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ငွေထုတ်ယူမယ့် ပမာဏက ငါးသောင်းထက် ကျော်လွန်ရင် ကြိုတင်ချိန်းဆိုမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်ရှင့် အစ်ကိုက...”

“ကဲ အပိုတွေ ပြောမနေနဲ့တော့.. မင်း ဆုံးဖြတ်ချက်မချနိုင်ရင် မင်းတို့ မန်နေဂျာကိုပဲ ခေါ်လိုက်တော့...ငါက ICBC ဘဏ်ရဲ့ ဗွီအိုင်ပီသုံးစွဲသူတစ်ယောက်အနေနဲ့ ဒီလောက်လေးတောင် အခွင့်အရေး မရှိဘူးလား” ရှီလဲ့က မကျေမနပ်ဖြင့် ညည်းတွားလိုက်သည် “ဒီလိုဆိုရင်တော့ ငါ့ငွေတွေအားလုံးကို ပိတ်ပစ်ပြီး တရုတ်ဆောက်လုပ်ရေးဘဏ်ဆီပဲ လွှဲပြောင်းလိုက်တော့မယ်”

ရန်းယွမ်က ပျာပျာသလဲ ပြောရှာသည် “အစ်ကို၊ ခဏလေး စောင့်ပေးပါဦးရှင့် ကျွန်မ မန်နေဂျာကို သွားပြီး တိုင်ပင်ပေးပါ့မယ်” ဘဏ်တိုင်းသည် ၎င်းတို့၏ ငွေအပ်နှံမှု ပမာဏကို တတ်နိုင်သမျှ အမြင့်ဆုံး ဖြစ်စေချင်ကြသည်။ အကယ်၍ ရှီလဲ့ကသာ သူ၏ အပ်နှံငွေအားလုံးကို ရုပ်သိမ်းပြီး တရုတ်ဆောက်လုပ်ရေးဘဏ်သို့ ပြောင်းရွှေ့သွားပါက တာဝန်ခံဝန်ထမ်းဖြစ်သည့် ရန်းယွမ်၏ လုပ်ငန်းစွမ်းဆောင်ရည်အမှတ်ကို သေချာပေါက် ထိခိုက်ပေလိမ့်မည်။

ခဏအကြာတွင် ရန်းယွမ်သည် ပြုံးရွှင်စွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည် “မင်္ဂလာပါ အစ်ကို၊ ကျွန်မတို့ မန်နေဂျာက အစ်ကို့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပါတယ်ရှင့် ခဏလောက် စောင့်ပေးပါဦးနော်” သူမသည် ဘဏ်ကတ်ကို အတွင်းပိုင်း သံလိုက်ဖတ်စက်တွင် ပွတ်ဆွဲလိုက်ပြီး၊ စပီကာမှတစ်ဆင့် ရှီလဲ့ကို လျှို့ဝှက်နံပါတ် ရိုက်ထည့်ရန် အချက်ပေးစာသား ထွက်ပေါ်လာခဲ့သည်။

အရာအားလုံးသည် ပုံမှန်လုပ်ငန်းစဉ်အတိုင်း ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ရန်းယွမ်သည် ရှီလဲ့ ငွေများထည့်ရန်အတွက် အညိုရောင်စက္ကူအိတ်တစ်လုံးကိုပါ အလိုက်တသိ ထည့်ပေးလိုက်သည်။ ရှီလဲ့သည် ငွေတစ်သိန်းကို ဂေါ်ဖီထုပ်တစ်ထုပ်ကို သယ်ဆောင်သွားသကဲ့သို့ ပေါ့ပေါ့ပါးပါး သယ်ဆောင်ရင်း ဘဏ်အတွင်းမှ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။

ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီးနောက် ရှီလဲ့သည် သူ၏ဖုန်းကို ထုတ်ယူကာ အမည်မသိဆင်းမ်ကတ်တစ်ခုကို လဲလှယ်ထည့်သွင်းပြီး၊ နားကပ်တစ်ဖက်၏ အခြားဖုန်းနံပါတ်တစ်ခုဆီသို့ ခေါ်ဆိုလိုက်သည်။ ဖုန်းဝင်သွားသည်နှင့် သူက “နောက်ဖေးလမ်းကြားကို လာခဲ့” ဟုသာ ပြောပြီး ဖုန်းကို ချက်ချင်းချလိုက်ကာ ဆင်းမ်ကတ်ကို ပြန်ထုတ်၍ ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွှင့်ပစ်လိုက်တော့သည်။

နောက်ဖေးလမ်းကြားတွင် ရှီလဲ့သည် မနက်စာဆိုင်တစ်ဆိုင်၏ ရှေ့၌ ကားကို ရပ်တန့်လိုက်ပြီး၊ ကားပေါ်မှဆင်းကာ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည် — “သူဌေး၊ ပဲနို့တစ်ခွက်နဲ့ တိုဖူးပူပူလေး တစ်ပွဲပေးပါ”

ရှီလဲ့သည် နူးညံ့လှသော တိုဖူးပူပူလေးကို မြိန်ရှက်စွာ စားသောက်နေခဲ့သည်။ မကြာမီမှာပင် နားကပ်တစ်ဖက်သည် တစ်ယောက်တည်း ရောက်ရှိလာပြီး သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ စကားမပြောရသေးခင်မှာပင် ရှီလဲ့က တိုးတိုးလေး မေးလိုက်သည် “အဲဒီဆင်းမ်ကတ်ကို မင်း လွှင့်ပစ်ခဲ့ပြီလား”

နားကပ်တစ်ဖက်က ခေါင်းညိတ်ပြသည် “အစ်ကိုရှီ ကျွန်တော် အလုပ်လုပ်ရင် စိတ်ချရပါတယ်ဗျ”

“အင်း” ရှီလဲ့သည် သူ၏ခြေထောက်ကို အသုံးပြုကာ စားပွဲအောက်ရှိ အညိုရောင်စက္ကူအိတ်ကို နားကပ်တစ်ဖက်၏ ဘေးဆီသို့ တိုးပေးလိုက်သည်။ သူသည် တိုဖူးပူပူလေးကို အမြန်ပင် ကုန်အောင်စားလိုက်ပြီး၊ ငါးယွမ်တန် ငွေစက္ကူတစ်ရွက်ကို စားပွဲပေါ်တွင် တင်ထားခဲ့ကာ၊ အော်ဒီကား၏ အဝေးထိန်းသော့ကို ထုတ်ယူ၍ ကားနှိုးလိုက်တော့သည်။ ထို့နောက် နားကပ်တစ်ဖက်၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ရှီလဲ့သည် ကားကို မောင်းနှင်ထွက်ခွာသွားခဲ့တော့သည်။

ရှီလဲ့ ထွက်ခွာသွားပြီးနောက် နားကပ်တစ်ဖက်သည် တိုဖူးပူပူလေးကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် မြေပြင်ပေါ်ရှိ အညိုရောင်စက္ကူအိတ်ကို ကောက်ယူလိုက်ပြီး အပေါ်မှ အုပ်ထားသော သတင်းစာကို ဂရုတစိုက် မတင်ကြည့်လိုက်သည်။ အတွင်းရှိ တောက်ပလှသော တစ်ရာတန် အနီရောင်ငွေစက္ကူအထပ်လိုက်ကြီးကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

ဂျင်းယာဥယျာဉ်ရှိ သူ၏အိမ်သို့ ပြန်ရောက်သောအခါ ရှီလဲ့သည် နံပါတ် (၁) ဆာဗာ၏ ရှေ့တွင် ချက်ချင်းပင် ထိုင်လိုက်ပြီး၊ ကွန်ပျူတာမျက်နှာပြင်ကိုဖွင့်ကာ ဂျပန်နိုင်ငံ၏ နောက်ဆုံးရ အခြေအနေများကို စစ်ဆေးလိုက်သည်။

သို့သော်လည်း ရှီလဲ့ကို အလွန်ပင် စိတ်ပျက်သွားစေမည့် အရာတစ်ခု ဖြစ်ပျက်နေခဲ့သည်။

ဟက်ကာမဟာမိတ်အဖွဲ့သည် အာဆာဟိရှင်းဘန်နှင့် ယိုမီယူရီရှင်းဘန် သတင်းစာများကိုသာ အသည်းအသန် ခုခံကာကွယ်နေကြပြီး၊ အခြားသော ထိပ်သီးစီးပွားရေးလုပ်ငန်းကြီးများကိုမူ ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။ ထို့ပြင် ဟက်ကာမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်အများစုသည် ဂျပန်နိုင်ငံမှ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ၎င်းတွင် ထိုတတိယမျိုးဆက် ဟက်ကာအဖွဲ့အစည်းများလည်း ပါဝင်ပြီး သူတို့အားလုံး ဆုတ်ခွာသွားကြပြီ ဖြစ်သည်။

ရှီလဲ့သည် တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်းဆိုသည်ကို အင်တာနက်ပေါ်တွင် လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သည်။ ဟက်ကာမဟာမိတ်အဖွဲ့၏ ဖိုရမ်ကို လှန်လှောကြည့်ရှုပြီးနောက်တွင်မှ ရှီလဲ့သည် အခြေအနေကို သဘောပေါက်သွားတော့သည်။

၎င်းမှာ ဂျပန်နိုင်ငံ၏ ဒေသခံ ဟက်ကာအဖွဲ့အစည်းများသည် ရုတ်တရက် အပြင်းအထန် ပေါက်ကွဲထွက်လာခဲ့ပြီး၊ ရှနိုင်ငံမှ ဟက်ကာများကို ပြန်လည်မောင်းထုတ်နိုင်ခဲ့ကြကာ၊ အကယ်၍ ရှနိုင်ငံဟက်ကာများသာ ဆုတ်ခွာမသွားပါက သူတို့သည် ရှနိုင်ငံ၏ နယ်စပ်ကွန်ရက်များကို ကျူးကျော်ဝင်ရောက်ကာ ပိုမိုရူးသွပ်စွာ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားကာ ရှနိုင်ငံဟက်ကာ အများစုသည် စတင်ဆုတ်ခွာခဲ့ကြပြီး၊ ၎င်းတွင် ဟက်ကာမဟာမိတ်အဖွဲ့၏ တရားဝင်အဖွဲ့ဝင်များနှင့် မှတ်ပုံတင်ထားသောအဖွဲ့ဝင် အားလုံးနီးပါး ပါဝင်ခဲ့သည်။

ရှီလဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည် “အသုံးမကျတဲ့ အမှိုက်ကောင်တွေ” သူသည် အိုက်စင်ကုမ္ပဏီ၏ ပထမအဆင့် ဇွန်ဘီကွန်ပျူတာနှင့် ချိတ်ဆက်လိုက်ပြီး၊ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ဖောက်ထွင်းဝင်ရောက်ကာ NHK ရုပ်မြင်သံကြားလိုင်း၏ တရားဝင်ဝက်ဆိုက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်တော့သည်။

NHK ၏ တရားဝင်ဝက်ဆိုက်သည် တစ်ညလုံး ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ပြီးနောက် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သော်လည်း၊ သူတို့သည် ရှီလဲ့ သူတို့၏ ဆာဗာထဲတွင် ချန်ထားခဲ့သော စနစ်နောက်တံခါးကိုမူ ရှာမတွေ့ခဲ့ကြချေ။ မည်သည့်အားစိုက်ထုတ်မှုမျှ မလိုဘဲ ရှီလဲ့သည် ထိုစနစ်နောက်တံခါးမှတစ်ဆင့် NHK ၏ တရားဝင်ဝက်ဆာဗာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ဆာဗာအတွင်းရှိ အချက်အလက်များကို ဖျက်ဆီးပစ်ပြီးနောက်၊ ရှီလဲ့သည် NHK ၏ တရားဝင်ဝဘ်ဆိုက်ပေါ်တွင် အတောင်ပံခြောက်စုံပါသော ကျဆုံးသွားသော ကောင်းကင်တမန်၏ ပုံရိပ်ကို တင်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

‘ချစ်လှစွာသော NHK ရုပ်မြင်သံကြားလိုင်း၊ မင်းတို့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် မင်းတို့ရဲ့ စေတနာကို မကန်းစေချင်တဲ့အတွက်၊ ငါ ထပ်မံပေါ်လာပြီး ငါ့ရဲ့ တည်ရှိမှုကို ပြသဖို့ ဆုံးဖြတ်လိုက်တယ် မင်းတို့ ကို နောက်ထပ်ပြောစရာတစ်ခု ရှိတာကတော့ အဲဒီတိုင်ရီရယ်ဆိုတဲ့ကောင်က သေချာပေါက် လူကောင်းမဟုတ်ဘူး သူ မင်းတို့ရဲ့ ဆာဗာထဲမှာ စနစ်နောက်တံခါးတစ်ခု ချန်ထားခဲ့တယ်.. ငါ အခုဝင်လာတော့မှပဲ အဲဒါကို ရှာတွေ့ခဲ့တာ၊အားတဲ့အချိန်ကျရင် အဲဒါကို ရှင်းလင်းလိုက်ဦး၊ မဟုတ်ရင် တိုင်ရီရယ်က ပြဿနာရှာဖို့ နောက်တစ်ခါ ခိုးဝင်လာဦးမယ် ပြီးတော့ မင်းတို့က ငါ့ကိုဆုငွေ ထုတ်ပြန်ထားတယ်ဆို ဟုတ်လား၊အဲဒါက ယန်းတစ်သန်းတည်းလား မင်းတို့ ငါ့ကို အထင်သေးနေတာလား ဒီကကောင်းကင်တမန်က အရမ်းကို စိတ်ဆိုးနေပြီ၊ အကျိုးဆက်ကတော့ ပြင်းထန်လိမ့်မယ် မင်းတို့ကို မိနစ်သုံးဆယ်အတွင်း အများပြည်သူရှေ့မှာ တရားဝင်တောင်းပန်ဖို့ အချိန်ကန့်သတ်လိုက်မယ်၊ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်လှည့်

မင်းတို့ကို ဂရုစိုက်နေတဲ့ လူစီဖာ’

NHK သည် ထပ်မံ၍ ဟက်ခံလိုက်ရပြန်ပြီ ဖြစ်သည်။

Fuji TV၊ TBS TV နှင့် အခြားသော ဖိုရမ်အမြောက်အမြားသည် NHK ထပ်မံဟက်ခ်ခံရသည့် သတင်းကို အပြိုင်အဆိုင် ထုတ်လွှင့်ခဲ့ကြသည်။ NHK ၏ လုံခြုံရေးဒါရိုက်တာဖြစ်သူ ဖူဂျီတာ ကန်ဂျီမှာမူ စိတ်ဓာတ်ကျလွန်းသဖြင့် သေချာပေါက် သေချင်စိတ်ပေါက်နေခဲ့ပြီ ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အမျိုးသားရုပ်မြင်သံကြားလိုင်းတစ်ခုအနေဖြင့် NHK ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသော်လည်း၊ သူတို့၏ တရားဝင်ဝက်ဆိုက်မှာမူ တစ်ရက်တည်းအတွင်းမှာပင် နှစ်ကြိမ်တိုင်တိုင် ဟက်ခံလိုက်ရသည်။

“ကျိန်စာသင့်လှတဲ့ ဟက်ကာ‌ေတွ..ကျိန်စာသင့်လှတဲ့ ကျဆုံးသွားသော ကောင်းကင်တမန်” ဖူဂျီတာ ကန်ဂျီသည် NHK လုံခြုံရေးဌာနကို ဦးဆောင်ကာ တရားဝင်ဝက်ဆိုက် ဝန်ဆောင်မှုကို ချက်ချင်း ပိတ်ပစ်လိုက်ပြီး ပြုပြင်ထိန်းသိမ်းမှု ကြေညာချက်ကို ချိတ်ဆွဲလိုက်တော့သည်။

ရှီလဲ့သည် NHK ၏ ဝဘ်ဆိုက်ပြုပြင်ထိန်းသိမ်းမှု ကြေညာချက်ကို ကြည့်ပြီး သူတို့ကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် NHK လက်အောက်ခံ ဖက်ရှင်မဂ္ဂဇင်းတစ်ခုကို ရွေးချယ်လိုက်ပြီး၊ အိုက်စင်ကုမ္ပဏီ၏ ပထမအဆင့် ဇွန်ဘီကွန်ပျူတာကို အသုံးပြုကာ ၎င်း၏ ကာကွယ်ရေးကို အတင်းအဓမ္မ ဖောက်ထွင်းလိုက်ပြီးနောက်၊ ၎င်းတို့၏ တရားဝင်ဝက်ဆိုက်ပေါ်တွင် အတောင်ပံခြောက်စုံပါသော ကျဆုံးသွားသော ကောင်းကင်တမန်ပုံရိပ်ကို တင်ကာ သတင်းစကား ချန်ထားခဲ့ပြန်သည်။

‘NHK ရုပ်မြင်သံကြားလိုင်းက သူငယ်ချင်းတို့၊ ဝဘ်ဆိုက်ကို စိတ်ကြိုက် လိုက်မပိတ်ပါနဲ့ဦး မင်းတို့ ပိတ်လိုက်ရင် ငါကတော့ နောက်တစ်ခုကို ဆက်ပြီး ဟက်သွားမှာပဲ၊ NHK ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲအားလုံးရဲ့ ဝက်ဆိုက်တွေ ကုန်သွားတဲ့အထိပေါ့ စကားမစပ်၊ မင်းတို့မှာ စဉ်းစားဖို့ အချိန် ၂၂ မိနစ်ပဲ ကျန်တော့တယ်နော် ငါ့ရဲ့ အကြံပြုချက်ကို သေသေချာချာ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ် ငါက ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့လူစားမျိုးဖြစ်ပြီး ခြိမ်းခြောက်တာတွေ၊ ဖျက်ဆီးတာတွေ မလုပ်ချင်ပါဘူး၊ အဲဒါက သိပ်ပြီး သဟဇာတမဖြစ်လွန်းလို့ပါ

မင်းတို့ကို ဂရုစိုက်နေတဲ့ လူစီဖာ’

ဆယ်မိနစ်အတွင်းမှာပင် NHK ရုပ်မြင်သံကြားလိုင်း၏ ဝဘ်ဆိုက်သည် ထပ်မံ၍ ဟက်ခံလိုက်ရပြန်သည်။

ဂျပန်နိုင်ငံ၏ အခြားသော ရုပ်မြင်သံကြား မီဒီယာများကတော့ အလွန်ပင် ဝမ်းမြောက်နေကြသည်။ ဒါက သတင်းကြီး၊ သတင်းထူးကြီး မဟုတ်ပါလား။ သိက္ခာရှိလှသော အမျိုးသားရုပ်မြင်သံကြားလိုင်းကြီးတစ်ခုက ဟက်ကာတစ်ယောက်တည်းကိုပင် ဘာမှမတတ်နိုင်ဘဲ ရှိနေသည်။

NHK ရုပ်မြင်သံကြားလိုင်း၏ အဆင့်မြင့်အုပ်ချုပ်ရေးပိုင်းမှာမူ ဒေါသတကြီးဖြင့် ခုန်ပေါက်နေကြပြီ ဖြစ်သည်။ သူသည် လုံခြုံရေးဌာနထံသို့ သေမိန့်နှင့်မခြားသော အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ NHK ၏ တရားဝင်ဝဘ်ဆိုက်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ရန်နှင့် လက်အောက်ခံ လုပ်ငန်းခွဲများ၏ ဝက်ဆိုက်များကိုပါ အပြည့်အဝ ကာကွယ်ရန် ဖြစ်သည်။ အကယ်၍ နောက်ထပ်တစ်ကြိမ်သာ ဟက်ကာကျူးကျော်မှုကို ခံရပါက ဖူဂျီတာ ကန်ဂျီအနေဖြင့် ရာထူးကနေ ထွက်သွားရပေလိမ့်မည်။

ဖူဂျီတာ ကန်ဂျီသည် တိုကျိုမြို့တော်ရဲဌာနသို့ ချက်ချင်းဖုန်းဆက်ကာ၊ ဖုန်းအော်ပရေတာကို အော်ဟစ်ဆဲဆိုရင်း နိုဒါ အီခိုး ဖုန်းကိုင်လာသည့်အချိန်အထိ စောင့်ဆိုင်းခဲ့သည်။ ထို့နောက်မှသာ သူ၏ ဒေါသများ အနည်းငယ် ငြိမ်သက်သွားခဲ့သည် “ညွှန်ကြားရေးမှူး နိုဒါ၊ မင်းတို့ရဲ့ ဆိုက်ဘာလုံခြုံရေးဌာနခွဲက လူတွေက အသုံးမကျတဲ့ အမှိုက်တွေလား ငါတို့ NHK က အကြိမ်ကြိမ် ဟက်ခံနေရတာကို မင်းတို့မှာ ဘာဖြေရှင်းချက်မှ မရှိဘူးလား”

နိုဒါ အီခိုးက အကြိမ်ကြိမ် ကတိကဝတ်ပြုပြီး အာမခံချက်ပေးလိုက်ပြီးနောက်မှသာ ဖူဂျီတာ ကန်ဂျီသည် ဖုန်းချသွားခဲ့တော့သည်။ “အီနာကာ၊ ဆိုက်ဘာလုံခြုံရေးဌာနခွဲက လူတွေကို ပြောလိုက်၊ အာဆာဟိရှင်းဘန်နဲ့ ယိုမီယူရီရှင်းဘန်ကို ဂရုစိုက်မနေနဲ့တော့ အဲဒါကို ငါတို့ရဲ့ ပြည်တွင်းဟက်ကာတွေပဲ တိုက်ခိုက်ပါစေ.. ငါတို့က NHK ကိုပဲ ကာကွယ်ရမယ်”

အီနာကာ အာဆုက ခက်ခဲစွာဖြင့် ရှင်းပြသည် “ညွှန်ကြားရေးမှူး၊ S ဘက်ကနေ ရှနိုင်ငံဟက်ကာ အများစုကို မောင်းထုတ်ပြီးပြီ...ဒါပေမဲ့ အာဆာဟိရှင်းဘန်နဲ့ ယိုမီယူရီရှင်းဘန်ကို ထိန်းချုပ်ထားတဲ့ ဟက်ကာတွေက ဟက်ကာမဟာမိတ်အဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တွေ ဖြစ်နေကြတယ် ငါတို့ရဲ့ ကူညီမှုမပါရင် S တို့အဖွဲ့အနေနဲ့ ရေတိုအတွင်းမှာ ဟက်ကာမဟာမိတ်အဖွဲ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

နိုဒါ အီခိုးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည် “အာဆာဟိရှင်းဘန်နဲ့ ယိုမီယူရီရှင်းဘန်ဆီ ဖုန်းဆက်လိုက် သူတို့ကို NHK ရဲ့ ပုံစံအတိုင်းပဲ လိုက်လုပ်ပြီး ဆာဗာပြုပြင်ထိန်းသိမ်းမှု ကြေညာချက်ကို တိုက်ရိုက် ချိတ်ဆွဲခိုင်းလိုက် ဘာလို့ အဲဒီလောက်အထိ အင်အားတွေကို ဖြုန်းတီးပြီး ရုန်းကန်နေရဦးမှာလဲ”

အီနာကာ အာဆုက မျက်မှောင်ကြုတ်လိုက်မိသည်။ နိုဒါ အီခိုးသည် တရားဝင်ဝက်ဆိုက်တစ်ခု၏ အရေးပါမှုကို နားမလည်ခြင်း ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှု ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ခြင်းမှာ အရှုံးပေးလိုက်ကြောင်း ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ NHK ရုပ်မြင်သံကြားလိုင်းမှ ငတုံးများသာ ထိုကဲ့သို့ သိက္ခာမဲ့စွာ ပြုလုပ်ဝံ့ကြခြင်း ဖြစ်သည်။ အီနာကာ အာဆုက မတတ်သာဘဲ ပြောလိုက်သည် “ညွှန်ကြားရေးမှူး၊ ကျွန်တော် သူတို့ကို တတ်နိုင်သမျှ ဖျောင်းဖျကြည့်ပါ့မယ်”

မိနစ်နှစ်ဆယ်ကျော် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သဘာဝကျစွာပင် NHK ရုပ်မြင်သံကြားလိုင်းအနေဖြင့် မည်သည့်တောင်းပန်မှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိသလို၊ ရှီလဲ့ကလည်း သူတို့ တောင်းပန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

မျက်နှာပြင်ပေါ်ရှိ ဒေတာစီးဆင်းမှုများကို ကြည့်ရင်း ရှီလဲ့၏ အပြုံးများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ NHK ရုပ်မြင်သံကြားလိုင်းသည် အမှန်တကယ်ပင် အရှက်မရှိလှပေ။ ရှီလဲ့က သူတို့၏ တရားဝင်ဝက်ဆိုက်ကို နှစ်ကြိမ်တိုင်တိုင် ဟက်ခဲ့သော်လည်း၊ သူတို့က နှစ်ကြိမ်စလုံး ပိတ်ပစ်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှု ဆိုင်းဘုတ်ကို တိုက်ရိုက်ချိတ်ဆွဲခဲ့သည်။ ၎င်းမှာ လူသူမရှိသော ညမှောင်မှောင်တွင် အဝတ်အစားလှလှပပ ဝတ်ဆင်ကာ လမ်းလျှောက်နေရသကဲ့သို့ စိတ်ပျက်စရာကောင်းလှသည်။

ထို့ကြောင့်ပင် ရှီလဲ့သည် NHK အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုကို ဒိုင်းအဖြစ် အသုံးပြု၍မရနိုင်တော့မည့် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိတော့သည်။

“ဟွန့် NHK က ကောင်တွေ၊ ငါ မင်းတို့နဲ့ ပျော်ပျော်ပါးပါး ကစားပေးရသေးတာပေါ့.. အစ်ကိုရှီက ဘယ်လောက်တောင် စွမ်းလဲဆိုတာ မင်းတို့ကို သိစေရမယ်”

All Chapters