← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း - ၁၀၈

အာဆာဟိရှင်းဘန်နှင့် ယိုမီယူရီရှင်းဘန် သတင်းစာဆာဗာများကို စောင့်ကြပ်နေကြသော ဟက်ကာမဟာမိတ်အဖွဲ့၏ အမာခံအဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ၏ အခြေအနေကို အချိန်ပြည့် စောင့်ကြည့်နေခဲ့ကြသည်။ ရှီလဲ့သည် ‘လူစီဖာ’ ဟူသော အမည်ဝှက်ကို အသုံးပြု၍ NHK ရုပ်မြင်သံကြားလိုင်းကို နောက်တစ်ကြိမ် ထပ်မံဖောက်ထွင်းလိုက်သောအခါ၊ ဟက်ကာမဟာမိတ်အဖွဲ့၏ အဆင့်မြင့်အမာခံအဖွဲ့ဝင်များအကြားတွင် ‘လူစီဖာ’ ဆိုသည်မှာ အမှန်တကယ် မည်သူဖြစ်နိုင်သနည်းဟူ၍ စတင်ခန့်မှန်းတွက်ချက်လာကြတော့သည်။

ဘာပဲပြောပြော ဤမျှမြင့်မားသော နည်းပညာမျိုးရှိသည့် ဟက်ကာတစ်ယောက်သည် ဟင်းလင်းပြင်ထဲမှနေ၍ ရုတ်တရက် ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ ပေါ်လာခဲ့လျှင်ပင် ၎င်းမှာ သေချာပေါက် ဆရာသမားအဆင့်တစ်ယောက်၏ အမည်ဝှက်သာ ဖြစ်ရပေလိမ့်မည်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို စောင့်ကြည့်နေရင်းနှင့် အသံချန်နယ် ထဲတွင် မေးလိုက်သည် “တိုင်ရီရယ်နဲ့ လူစီဖာ... ဒီအမည်ဝှက်နှစ်ခုက ဘယ်သူ့လက်ချက်ဖြစ်မလဲဆိုတာ မင်းတို့ ခန့်မှန်းလို့ရလား”

‘ဟိုင်လန်’ ကမူ လူစီဖာသည် တစ်ကြိမ်က သူ၏ကွန်ပျူတာကို ဟက်ခဲ့ဖူးတာကြောင့်အသေအချာ သိရှိထားသည်။ သို့သော်လည်း သူသည် ဤအချက်ကို ထုတ်မပြောခဲ့ပေ။ သူသည် လူစီဖာကို ကိုင်တွယ်ရန်အတွက် အဖွဲ့ချုပ်၏ အင်အားကို အသုံးချရန် ပြင်ဆင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

သူတို့၏ဦးနှောက်ထဲတွင် ဤစံနှုန်းများနှင့် ကိုက်ညီနိုင်မည့် ကျော်ကြားသော ဟက်ကာများကို လိုက်လံစိစစ်ကြည့်သော်လည်း လူစီဖာ သို့မဟုတ် တိုင်ရီရယ်၏ ပုံရိပ်နှင့် ကွက်တိကိုက်ညီမည့်သူ တစ်ဦးမျှ မရှိခဲ့ချေ။

“ခေါင်းဆောင်၊ အဲဒါ မီးတောက်ဓား ‘ရာဖာအဲလ်’ ဖြစ်နေနိုင်မလား” ဟု တစ်ယောက်ကမေးလိုက်သည်။

မီးတောက်ဓား ရာဖာအဲလ်ဆိုသည်မှာ ဒဏ္ဍာရီလာ ဟက်ကာတစ်ဦး ဖြစ်သည်။ ရာဖာအဲလ်၏ စွမ်းဆောင်ချက် မှတ်တမ်းမှတ်ရာဟူ၍ သုံးခုသာ အလွန်ရှားပါးစွာ ရှိခဲ့ဖူးသော်လည်း၊ တစ်ခုချင်းစီမှာမူ တစ်ကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် ဖြစ်ရပ်ကြီးများ ဖြစ်ခဲ့သည်။

ဥပမာအားဖြင့် ရာဖာအဲလ်သည် တစ်ကြိမ်က အမေရိကန် စီအိုင်အေ ၏ ထောက်လှမ်းရေးဌာနစနစ်ထဲသို့ ဟက်ကာဝင်ရောက်ခဲ့ပြီး၊ ခြေရာခံပညာရှင်များ၏ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်မှုအောက်တွင် အေးအေးလူလူနှင့် သဲလွန်စမချန်ဘဲ ပျောက်ကွယ်သွားခဲ့ဖူးသည်။

ဒုတိယအကြိမ် ဖြစ်ရပ်ကတော့ ပို၍ပင် အစွမ်းထက်လှသည်။ ရာဖာအဲလ်သည် အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကို ဟက်ကာ အာဖဂန်နစ္စတန်အရေးနှင့် ပတ်သက်၍ အမေရိကန်၏ မသန့်ရှင်းသော ပေါ်လစီတစ်ခုကို ကြားဖြတ်ရယူပြီး အများပြည်သူရှေ့တွင် ဖွင့်ချပစ်ခဲ့သဖြင့် အမေရိကန်ကို အကြီးအကျယ် သိက္ခာကျသွားစေခဲ့သည်။

တတိယအကြိမ် ဖြစ်ရပ်ကတော့ တစ်ကမ္ဘာလုံးကို ပို၍ပင် မှင်တက်သွားစေခဲ့သည်။ရာဖာအဲလ်သည် အမေရိကန်၏ မြောက်အမေရိက လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားခဲ့ပြီး၊ ၎င်း၏ အဆင့်မြင့် ရေဒါကို ထိန်းချုပ်ကာ ပင်မကွန်ပျူတာဆီသို့ မှားယွင်းသောအမိန့်များ ပေးပို့ခဲ့သည်။ သူသည် သာမန် ကိုယ်ပိုင်လေယာဉ်တစ်စင်းကို နျူကလီးယားလက်နက် တင်ဆောင်လာသည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အဖြစ် မှားယွင်းသတ်မှတ်ပေးခဲ့သဖြင့်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့ဖူးသည်။

ရာဖာအဲလ်သည် ဤသုံးကြိမ်သာ ပြုလုပ်ခဲ့ဖူးသော်လည်း ငြင်းပယ်၍မရသည့်အချက်မှာ ထိုအရာအားလုံးက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ခြင်းပင် ဖြစ်သည်။

သေသေချာချာ စဉ်းစားပြီးနောက် ဓါးနက်က ငြင်းပယ်လိုက်သည် “မဖြစ်နိုင်တာ ရာဖာအဲလ်က သိပ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဘယ်တော့မှ ပေါ်မလာခဲ့ဘူး သူ ဂျပန်ကို ပစ်မှတ်ထားစရာ အကြောင်းမရှိသလို၊ ငါတို့ကို သွယ်ဝိုက်ပြီး ကူညီပေးစရာ အကြောင်းလည်း မရှိဘူး”

“ဒါပေမဲ့ သူတို့ရဲ့ နာမည်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်တော့ ရာဖာအဲလ်၊ လူစီဖာ၊ တိုင်ရီရယ် အားလုံးက ကောင်းကင်တမန်တွေရဲ့ နာမည်တွေချည်းပဲ... ဒါကြောင့် သူတို့က အဖွဲ့အစည်းတစ်ခုတည်းက ဖြစ်နိုင်သလို၊ မဟုတ်ရင်လည်း အဲဒါတွေအားလုံးက ရာဖာအဲလ်ရဲ့ အမည်ခွဲတွေပဲ ဖြစ်နေနိုင်တယ်” ဟု ကျားသစ်နက်က ဆန်းစစ်ပြလိုက်သည်။

တစ်ဖက်တွင်မူ NHK ရုပ်မြင်သံကြားလိုင်း၌ ရုပ်သံလိုင်းအားလုံးကို ရှီလဲ့က ထိန်းချုပ်လိုက်ပြီးနောက်၊ NHK ၏ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာမူ ဒေါသမီးများ အကြီးအကျယ် တောက်လောင်သွားခဲ့ကြပြီ ဖြစ်သည်။

ရုပ်သံထုတ်လွှင့်မှု စီမံခန့်ခွဲမှုဌာနအတွင်းတွင် နည်းပညာရှင် အမြောက်အမြား စုရုံးရောက်ရှိနေခဲ့ကြသည်။ အသစ်ခန့်အပ်ခံရသော အတွင်းပိုင်းလုံခြုံရေးဌာနခွဲမှူး ယဲ့ယိုအီချီရိုးက နှာခေါင်းရှုံ့လိုက်ပြီး အမိန့်ပေးလိုက်သည် “ပင်မကွန်ပျူတာရဲ့ ထိန်းချုပ်မှုကို ဖြတ်တောက်လိုက် ရုပ်သံလိုင်းအားလုံးကို ကိုယ်တိုင်ထိန်းချုပ်တဲ့စနစ် ပြောင်းပြီး အင်တာနက်လိုင်းကိုပါ ဖြုတ်ချပစ်လိုက်”

ယဲ့ယိုအီချီရိုး၏ အမိန့်အရ နည်းပညာရှင်အားလုံး စတင်အလုပ်ရှုပ်သွားကြတော့သည်။ ပင်မကွန်ပျူတာ၏ ထိန်းချုပ်မှုကို ဆုံးရှုံးလိုက်ရသဖြင့် NHK ၏ လိုင်းခွဲအသီးသီးတွင် အနည်းငယ် ရှုပ်ထွေးကမောက်ကမ ဖြစ်သွားခဲ့သော်လည်း၊ ကိုယ်တိုင်ထိန်းချုပ်သည့်စနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် နည်းပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် NHK သည် ထိတ်လန့်စရာအခြေအနေမှ ပြန်လည်သက်သာရာရရှိသွားခဲ့ပြီး အရေးပေါ်သတင်းလိုင်းပင်လျှင် ထုတ်လွှင့်မှု ပြန်လည်စတင်နိုင်ခဲ့သည်။

သို့သော်လည်း ကိုယ်တိုင်ထိန်းချုပ်ရသည့် စနစ်မှာ အလွန်ပင် အဆင်မပြေလှပေ။ အထူးသဖြင့် ကြော်ငြာများ ကြားညှပ်ထည့်သည့်အခါ သို့မဟုတ် ထုတ်လွှင့်မည့် အစီအစဉ်များကို ပြောင်းလဲသည့်အခါမျိုးတွင် နည်းပညာရှင်များမှာ ရူးမတတ် ဖြစ်ကြရသည်။

ဂျင်းယာဥယျာဉ်ရှိ ရှီလဲ့၏ အခန်းအတွင်း၌မူ၊ စူပါကွန်ပျူတာ ‘ယန်’ မှတစ်ဆင့် ရှီလဲ့သည် NHK ၏ ရုပ်သံထုတ်လွှင့်မှု စီမံခန့်ခွဲမှုဌာနမှ ပင်မကွန်ပျူတာသည် ကွန်ရက်ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူကိုယ်တိုင်လည်း ထိုပင်မကွန်ပျူတာနှင့် ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။

“အင်တာနက်လိုင်း ဖြုတ်ချလိုက်တာလား... မင်းတို့ကတော့ မြစ်ဝါမြစ်ကို မတွေ့မချင်း အရှုံးမပေးချင်ကြဘူး၊ ခေါင်းတလားကို မမြင်မချင်း မျက်ရည်မကျချင်ကြဘူးပဲ” ရှီလဲ့၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် အပြင်းအထန် လျင်မြန်စွာ ရိုက်နှိပ်လိုက်ကြသည်။ ကုဒ်အမြောက်အမြားသည် နံပါတ် (၁) ဆာဗာမှတစ်ဆင့် စူပါကွန်ပျူတာ ‘ယန်’ ဆီသို့ ပေးပို့လိုက်ပြီး၊ စူပါကွန်ပျူတာ ‘ယန်’ က ၎င်းတို့ကို စတင်အကောင်အထည်ဖော်လိုက်တော့သည်။

ရှီလဲ့ ကီးဘုတ်ပေါ်တွင် စာရိုက်နေသည်နှင့်အမျှ ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်နှင့် ပတ်သက်သော စနစ်စည်းမျဉ်းအမြောက်အမြား တဖြည်းဖြည်း ပုံပေါ်လာခဲ့ပြီး၊ ၎င်းတို့သည် စည်းမျဉ်းများအဖြစ် ပြောင်းလဲကာ စူပါကွန်ပျူတာ ‘ယန်’ ထံသို့ လွှဲပြောင်းပေးပို့လိုက်သည်။

အချိန်များသည် တစ်မိနစ်ချင်းစီ ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မိနစ်သုံးဆယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ NHK ၏ လိုင်းခွဲအသီးသီးတွင် ကိုယ်တိုင်ထိန်းချုပ်သည့်စနစ်သို့ ပြောင်းလဲလိုက်ပြီးနောက် အရာအားလုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာခဲ့သည်။ ယဲ့ယိုအီချီရိုး၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤကဲ့သို့ ကြီးမားလှသော အကျပ်အတည်းကို သူ၏လက်ထက်တွင် ဖြေရှင်းနိုင်ခဲ့သည့်အတွက် သူသည် အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အန္တရာယ်ဆိုသည်မှာ အမြဲတမ်း ပေါ့ဆမှုထဲကနေပဲ မွေးဖွားလာတတ်စမြဲ မဟုတ်ပါလား။

ရှီလဲ့သည် ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက် စနစ်စည်းမျဉ်းကို နောက်ဆုံးတွင် အောင်မြင်စွာ ပြုပြင်ရေးသားပြီးစီးသွားခဲ့ပြီး ၎င်းကို အင်တာနက်မှတစ်ဆင့် ဝင်ရောက်နိုင်မည့် စည်းမျဉ်းများအဖြစ် ပြောင်းလဲလိုက်ပြီးနောက်၊ စူပါကွန်ပျူတာ ‘ယန်’ မှတစ်ဆင့် NHK ၏ အတွင်းပိုင်း ဆက်သွယ်ရေးစနစ်ထဲသို့ ထပ်မံ၍ ကျူးကျော်ဝင်ရောက်လိုက်ပြန်သည်။

ထိုအတွင်းပိုင်း ဆက်သွယ်ရေးစနစ်၏ အကူအညီဖြင့် ရှီလဲ့သည် ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်၏ ပေါ့တ်ကို ချိတ်ဆက်လိုက်ပြီး၊ သူ ကိုယ်တိုင်ရေးသားထားသော စနစ်စည်းမျဉ်းကို အသုံးပြုကာ ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်ထဲသို့ ထိုးသွင်းလိုက်တော့သည်။

စူပါကွန်ပျူတာ ‘ယန်’ ၏ စွမ်းပကားကြောင့် စနစ်နှစ်ခုနှင့် စည်းမျဉ်းနှစ်ခုကို ဖြတ်ကျော်လုပ်ဆောင်ရခြင်း ဖြစ်သော်လည်း ရှီလဲ့အနေဖြင့် အေးအေးလူလူပင် ရှိနေခဲ့သည်။ ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်အတွင်းတွင် ရှီလဲ့သည် လိုက်လံရှာဖွေလိုက်ရာ NHK ၏ လိုင်းခွဲပေါင်း ၂၀ နီးပါးကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး၊ ၎င်းတို့ပေါ်ရှိ ဒေတာများကို လျင်မြန်စွာ ပိတ်ဆို့လိုက်ကာ ယာဆူကူနီနတ်ကွန်း၏ ပုံရိပ်များကို ၎င်းတို့ပေါ်တွင် တင်လိုက်တော့သည်။

ယခုတစ်ကြိမ်တွင်မူ NHK အနေဖြင့် ထိုလိုင်းခွဲပေါင်း ၂၀ နီးပါးလုံးကို လုံးဝ ပိတ်ပစ်ပြီး ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ခြင်း မပြုမချင်း၊ ရှီလဲ့ ပြုလုပ်ထားသော ဒေတာပိတ်ဆို့မှုကို မည်သို့မှ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

NHK ၏ လိုင်းခွဲတစ်ခုချင်းစီ၏ အောက်ခြေတွင် ရှီလဲ့သည် သတင်းစကားတစ်ခုကို ထပ်မံချန်ထားခဲ့ပြန်သည်။

‘ချစ်လှစွာသော NHK ရုပ်မြင်သံကြားလိုင်း၊ ငါ တကယ်ပဲ စိတ်ပျက်မိပါတယ်.. မင်းတို့က အပြစ်မဲ့တဲ့လူတစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုလုပ် ဆက်ဆံရက်တာလဲ၊အကယ်၍ ငါ့မှာသာ စွမ်းရည်အနည်းငယ် မရှိဘူးဆိုရင်တော့ မင်းတို့ရဲ့ စိတ်ကြိုက် အနိုင်ကျင့်တာကို ခံရတော့မှာပေါ့ ဟုတ်လား ငါ အခု တကယ်ပဲ စိတ်ဆိုးသွားပြီ...မင်းတို့ လာပြီး တောင်းပန်ရင်တောင်မှ ငါ လက်မခံဖို့ ဆုံးဖြတ်လိုက်ပြီ ငါ တိုက်ပွဲအတွက် ပြင်ဆင်ပြီးပြီ၊ NHK ရုပ်မြင်သံကြားလိုင်း လူကောင်းတစ်ယောက်ရဲ့ ဒေါသကို ရင်ဆိုင်ဖို့သာ ပြင်ဆင်ထားကြတော့

ဒေါသထွက်နေသော လူစီဖာ’

သနားစရာကောင်းပြီး စိတ်ဓာတ်ကျနေသော NHK နှင့်မတူဘဲ၊ ဂျပန်နိုင်ငံရှိ အခြားသော ရုပ်မြင်သံကြား မီဒီယာများကတော့ အားရပါးရ ရယ်မောနေကြတော့သည်။ NHK သည် ဂျပန်နိုင်ငံ၏ အမျိုးသားရုပ်မြင်သံကြားလိုင်း ဖြစ်ပြီး မီဒီယာလောက၏ သိက္ခာကို ကိုယ်စားပြုနေခဲ့သော်လည်း၊ သူတို့ကတော့ အားရပါးရ လှောင်ရယ်နေကြဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆို‌သော် NHK သည် ထပ်မံ၍ ဟက်ခံလိုက်ရပြန်သောကြောင့် ဖြစ်သည်။

သိက္ခာရှိလှသော အမျိုးသားရုပ်မြင်သံကြားလိုင်းကြီးတစ်ခုသည် ဟက်ကာတစ်ယောက်၏ လက်ထဲတွင် အကြိမ်ကြိမ် ကစားခြင်းခံနေရသည်မှာ သေချာပေါက် ရယ်စရာအကောင်းဆုံး ပြက်လုံးကြီးတစ်ခု ဖြစ်ပေသည်။ Fuji TV နှင့် TBS TV တို့၏ အရေးပေါ်သတင်းလိုင်းများသည် ရှနိုင်ငံဟက်ကာကို ခြေရာခံသည့် သတင်းများကိုပင် ဘေးဖယ်ထားလိုက်ကြပြီး၊ NHK ဟက်ခံရသည့် ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အဝ ဆန်းစစ်ချက် ထုတ်လွှင့်ပြသနေခဲ့ကြတော့သည်။

NHK ၏ အဆင့်မြင့်အရာရှိများသည် ဤအခိုက်အတန့်တွင် ထိုင်မနေနိုင်တော့ချေ။ သူတို့၏ လက်အောက်ရှိ ရုပ်သံလိုင်းအားလုံးသည် ထိုရှနိုင်ငံဟက်ကာ၏ ထိန်းချုပ်မှုကို အပြည့်အဝ ခံလိုက်ရပြီ ဖြစ်သည်။ NHK ၏ အဆင့်မြင့်အရာရှိများသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုထံသို့ ဖုန်းဆက်သွယ်လိုက်ပြီး၊ ၎င်းတို့ကို ဝင်ရောက်စွက်ဖက်ကာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက်တော့သည်။

တိုကျိုမြို့တော်ရဲဌာနမှ နိုဒါ အီခိုးမှာမူ ရှနိုင်ငံမှ ဟက်ကာများကြောင့် သူ၏ ဒေါသများ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရာထူးမှ ကိုယ်တိုင်နုတ်ထွက်ရန်အထိပါ ပြင်ဆင်ထားခဲ့ပြီ ဖြစ်ရာ၊ တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး ဖူဂျီဝါရာ ရှင်တာရိုးက တစ်ခုခု လှုပ်ရှားလိုက်သည်နှင့် သူသည် နုတ်ထွက်စာ တင်တော့မည် ဖြစ်သည်။

ဆိုက်ဘာလုံခြုံရေးဌာနခွဲမှ အီနာကာ အာဆု၏ မျက်နှာသည်လည်း အလွန်ပင် ပျက်ယွင်းနေခဲ့သည်။ သူသည် ဆိုက်ဘာလုံခြုံရေးဌာနခွဲ၏ ဌာနမှူးဖြစ်ရုံသာမက၊ အမှန်တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို လက်အောက်ရှိ ထောက်လှမ်းရေးဌာနခွဲ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လျှို့ဝှက်အမည် ‘X’ ဟု ခေါ်တွင်သူ ဖြစ်သည်။

ရှနိုင်ငံဟက်ကာများ၏ လုပ်ရပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို၏ စစ်ရေးပြင်ဆင်မှုများကို ဖျက်ဆီးပစ်ခဲ့ပြီး၊ တိုကျိုမြို့တော်ရဲဌာနကို ထိန်းချုပ်ရန် ပြုလုပ်ထားသော သူတို့၏ စစ်ဆင်ရေးကိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးသွားစေခဲ့သည်။

“‌သေသင့်တဲ့ ဟက်ကာမဟာမိတ်အဖွဲ့၊ သေသင့်တဲ့ လူစီဖာ၊ ငါတို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက မင်းတို့ကို သေချာပေါက် လွယ်လွယ်နဲ့ လွှတ်မှာမဟုတ်ဘူး” အီနာကာ အာဆုက သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ နံရံကို အပြင်းအထန် ထိုးလိုက်မိသည်။

ဟက်ကာမဟာမိတ်အဖွဲ့အတွင်းရှိ အသံချန်နယ်ထဲတွင်မူ ဆွေးနွေးငြင်းခုံမှုများက အလွန်ပင် မြိုင်ဆိုင်နေခဲ့သည်။ သူတို့အားလုံးသည် လူစီဖာ၏ ထူးကဲလှသော နည်းပညာကို အံ့အားသင့်နေကြသလို၊ တစ်ပြိုင်နက်တည်းမှာပင် လူစီဖာ၏ ရဲတင်းမှုကိုလည်း အလွန်ပင် ချီးကျူးနေကြသည်။

လူစီဖာအနေဖြင့် ယာဆူကူနီနတ်ကွန်းကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်း သရော်လှောင်ပြောင်ပြီး NHK ရုပ်မြင်သံကြားလိုင်းကို အနိုင်ကျင့်လိုက်ခြင်းအားဖြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ကို သူ မသိသည်လား။

NHK ရုပ်မြင်သံကြားလိုင်း၏ အဆင့်မြင့်အရာရှိများက နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုထံ အကြောင်းကြားပြီးနောက်၊ တစ်ဖက်လူသည် NHK အမျိုးသားရုပ်မြင်သံကြားလိုင်းကို ကယ်တင်ရန်အတွက် ထိပ်သီးပညာရှင်များကို ချက်ချင်း စေလွှတ်လိုက်တော့သည်။ ဘာပဲပြောပြော NHK သိက္ခာကျခြင်းမှာ ဂျပန်နိုင်ငံ သိက္ခာကျခြင်းနှင့် တူပေသည်။ အထူးသဖြင့် ယာဆူကူနီနတ်ကွန်းပုံကြီး ပေါ်နေခြင်းက သက်ရောက်မှု သိပ်ကို ဆိုးရွားလွန်းလှသည် မဟုတ်ပါလား။

ရှနိုင်ငံအတွင်းရှိ ပင်မဝက်ဆိုက်ကြီးများ၊ ဖိုရမ်ကြီးများနှင့် အမျိုးမျိုးသော ဟက်ကာအဖွဲ့အစည်းများသည် အကြီးအကျယ် ဆူညံပွက်လောရိုက်သွားခဲ့ကြပြီး၊ ရှီလဲ့၏ အမည်ဝှက်ဖြစ်သော လူစီဖာကို စိတ်ပိုင်းဆိုင်ရာအရ အပြည့်အဝ ထောက်ခံအားပေးခဲ့ကြသည်။

အချို့သော ရူးသွပ်လှသည့် မျိုးချစ်လူငယ်များဆိုလျှင် ‘ကျဆုံးသွားသော ကောင်းကင်တမန်ဂိုဏ်း’ ကိုပင် တည်ထောင်လိုက်ကြပြီး၊ ၎င်းမှာ လူစီဖာ၏ ပရိသတ်အဖွဲ့ဖြစ်ကြောင်း ကြေညာကာ အင်တာနက်ပေါ်တွင် လူစီဖာ၏ သူရဲကောင်းဆန်သော စွမ်းဆောင်ချက်များကို အဆက်မပြတ် မြှင့်တင်ကြေငြာနေခဲ့ကြတော့သည်။

ထိုကျဆုံးသွားသော ကောင်းကင်တမန်ဂိုဏ်း၏ ဝါဒဖြန့်မှုများကြောင့် ကွန်ပျူတာအကြောင်း ဘာမှမသိသော အင်တာနက်အသုံးပြုသူ အသစ်အဆန်းလေးများပင်လျှင် လူစီဖာအကြောင်းကို အနည်းနှင့်အများ သိရှိသွားခဲ့ကြပြီး၊ လူစီဖာ၏ စွမ်းဆောင်ချက်များကြောင့် သူတို့၏ သွေးများမှာ ဆူပွက်လာခဲ့ကြရသည်။

NHK ရုပ်မြင်သံကြားလိုင်းဘက်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုမှ ထိပ်သီးပညာရှင်များ ဝင်ရောက်စွက်ဖက်လာခဲ့ကြသည်။ သူတို့သည် ရှီလဲ့၏ ကျူးကျော်မှုခြေရာများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့ကြပြီး၊ ထိုခြေရာများအတိုင်း ရှီလဲ့နောက်သို့ ရူးသွပ်သူများကဲ့သို့ လိုက်လံခြေရာခံကြတော့သည်။

ရှီလဲ့သည် ထိုခြေရာခံပညာရှင်များကို ဂရုတစိုက်ဖြင့် ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။ ဘာပဲပြောပြော ထိုပညာရှင်များသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုမှ လာသူများဖြစ်ကြပြီး နိုင်ငံတစ်ခု၏ အမြင့်မားဆုံး ဆိုက်ဘာအင်အားစုကို ကိုယ်စားပြုနေခဲ့ကြရာ သူတို့၏ နည်းပညာမှာ အလွန်ပင် စွမ်းအားကြီးလှသည်။ စူပါကွန်ပျူတာ ‘ယန်’ နှင့် အိုက်စင်ကုမ္ပဏီ၏ ပထမအဆင့် ဇွန်ဘီကွန်ပျူတာများ ရှိနေခဲ့သည့်တိုင် ရှီလဲ့သည် သူတို့၏ ကိုက်ခဲခြေရာခံခြင်းကို တင်းတင်းကျပ်ကျပ် ခံနေခဲ့ရဆဲ ဖြစ်သည်။

“ဒီနှာခေါင်းအလွန်စူးရှတဲ့ ခွေးရူးတစ်အုပ်၊ သူတို့ရဲ့ ခြေရာခံနှုန်းက ဒီလောက်အထိ မြန်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး” ရှီလဲ့သည် သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားလိုက်ပြီး၊ NHK အတွင်းရှိ ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်ထဲမှ ဒေတာပိတ်ဆို့မှုများကို ဂရုမစိုက်တော့ဘဲ အစီအစဉ်အတိုင်း စတင်ဆုတ်ခွာရန် ပြင်ဆင်လိုက်တော့သည်။

ရှီလဲ့၏ အကြီးမားဆုံးသော စွမ်းအားမှာ ကျူးကျော်မှုနှင့် တိုက်ခိုက်မှုအပိုင်းတွင် ရှိပြီး၊ သူ၏ ကာကွယ်ရေးအပိုင်းမှာမူ အနည်းငယ် အားနည်းသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုမှ ထိပ်သီးပညာရှင်များ၏ ခြေရာခံမှုကို ရင်ဆိုင်ရခိုင်တွင် ရှီလဲ့သည် လွတ်မြောက်ရန်အတွက် သူ၏ စွမ်းရည်အားလုံးကို အသုံးချခဲ့ရသည်။

ရှီလဲ့နောက်သို့ လိုက်လံခြေရာခံနေသော ဒေတာစီးဆင်းမှု ပမာဏမှာ ဆယ်ခုထက် ကျော်လွန်နေခဲ့ရာ၊ ၎င်းမှာ အနည်းဆုံး ထိပ်သီးပညာရှင် ဆယ်ယောက်ကျော်က သူ့နောက်သို့ လိုက်နေခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်ထားနိုင်ခဲ့သဖြင့်၊ မွေးရာပါ အင်အားအရဆိုလျှင် ထိုခြေရာခံပညာရှင်များထက် အများကြီး သာလွန်နေခဲ့သည်။

ထိုခြေရာခံပညာရှင်များကို ဂျပန်နိုင်ငံအတွင်းတွင် အနည်းငယ် ပတ်ချာလည်အောင် လမ်းလွှဲခေါ်ဆောင်သွားပြီးနောက်၊ ရှီလဲ့သည် အမေရိကန်နိုင်ငံဘက်ဆီသို့ ဦးတည်ပြေးလွှတ်လိုက်သည်။ ထိုခြေရာခံပညာရှင်များသည် လက်မလျှော့ဘဲ သူ့နောက်သို့ အသည်းအသန် လိုက်လံဖမ်းဆီးနေကြရာ ဘယ်တော့မှ ရပ်တန့်မည့်ပုံမပေါ်ချေ။ ရှီလဲ့သည် အမေရိကန်နိုင်ငံအတွင်းတွင်လည်း အနည်းငယ် ပတ်ချာလည်အောင် လှည့်ပတ်မောင်းနှင်လိုက်ပြီးနောက်၊ ချက်ချင်းပင် ရှနိုင်ငံဘက်သို့ ပြန်လည်ဦးတည်လိုက်တော့သည်။

ရှနိုင်ငံအတွင်းရှိ ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာထဲတွင်မူ ရှီလဲ့သည် ယာယီချိတ်ဆက်မှုတစ်ခုကို ကြိုတင်တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာဆီသို့ ခြေရာခံမိသွားသည့် အခိုက်အတန့်တွင်၊ ရှီလဲ့သည် ထိုယာယီချိတ်ဆက်မှုကို သာသာယာယာလေး ဖြတ်တောက်လိုက်ပြီး သူ၏ ကျူးကျော်မှုခြေရာများကို ဖျက်ဆီးပစ်လိုက်ရာ၊ သဘာဝကျစွာပင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို၏ လမ်းကြောင်းကို ဟက်ကာမဟာမိတ်အဖွဲ့ဆီသို့ တိုက်ရိုက် ဦးတည်သွားစေခဲ့တော့သည်။

All Chapters