← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း - ၁၀၉

ဗွိုက်စင်နိုင်ငံ (ဂျပန်) နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုမှ ခြေရာခံပညာရှင်များသည် ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာဆီသို့ ခြေရာခံမိသွားပြီးနောက် ခေတ္တမျှ မှင်တက်သွားကြသည်။

သူတို့သည် ရှီလဲ့ကို ဟက်ကာမဟာမိတ်အဖွဲ့၏ အမာခံအဖွဲ့ဝင်တစ်ဦးဟု သေချာပေါက် မှားယွင်းသတ်မှတ်လိုက်ကြပြီ ဖြစ်ရာ၊ ရှီလဲ့၏ လွှဲချခြင်းမှာ အလွန်ပင် အောင်မြင်သွားခဲ့သည်။

ခြေရာခံပညာရှင်များသည် ခေတ္တမျှသာ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊ ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာကို ဝိုင်းဝန်းတိုက်ခိုက်ရန်အတွက် ဆိုက်ဘာကျူးကျော်တိုက်ခိုက်ရေးအပိုင်းတွင် အထူးပြုသော သူတို့၏ လုပ်ဖော်ကိုင်ဖက်များကို ချက်ချင်း အကူအညီလှမ်းတောင်းလိုက်တော့သည်။

တစ်ဖက်တွင်မူ ဂျပန်နိုင်ငံ၏ အာဆာဟိရှင်းဘန်နှင့် ယိုမီယူရီရှင်းဘန် သတင်းစာဆာဗာများကို ဟက်ကာမဟာမိတ်အဖွဲ့မှ လူသုံးယောက်စီပါဝင်သော အဖွဲ့နှစ်ဖွဲ့က ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ဟက်ကာမဟာမိတ်အဖွဲ့၏ အတွင်းပိုင်းအသံချန်နယ်ထဲတွင် ‘ဓါးနက်’က ရယ်မောရင်း ပြောလိုက်သည် “ညီအစ်ကိုတို့... ငါတို့ ခဏလောက် အသက်ရှူချောင်သွားပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက အမိုက်ကောင်တွေကို ဟိုနတ်ဘုရားကြီး လူစီဖာက လမ်းလွှဲခေါ်သွားပြီ ဒါပေမဲ့ လူစီဖာတစ်ယောက် နောက်ဆုံးမှာ လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာပဲ မသိတာ”

မဟာမိတ်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သလို အဖွဲ့ခေါင်းဆောင်လည်းဖြစ်သော ‘ကျားနက်’ က ဝင်ပြောသည်။ “ခေါင်းဆောင်... လူစီဖာ ပြသသွားတဲ့ စွမ်းရည်အရဆိုရင် သူ အဲဒီခြေရာခံမှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ရမှာ မဟုတ်ဘူးလား”

‘ကျားသစ်နက်’ ကလည်း ထောက်ခံလိုက်သည်။ “ဒုတိယအစ်ကို ပြောတာ မှန်တယ်...လူစီဖာ ပြသခဲ့တဲ့ စွမ်းရည်က တကယ့်ကို အားကောင်းလွန်းတယ်... NHK ရုပ်မြင်သံကြားလိုင်း တရားဝင်ဝက်ဆိုက်ရဲ့ ကာကွယ်ရေးစနစ်ကို သူက စာရွက်တစ်ရွက်လို လွယ်လွယ်လေး ထိုးဖောက်သွားတာ NHK ရဲ့ အတွင်းပိုင်းလုံခြုံရေးဌာနတစ်ခုလုံး ဘာမှကို မတတ်နိုင်ခဲ့ဘူး”

“ခေါင်းဆောင်... မဟုတ်တော့ဘူး” ‘အနက်ရောင်သေနတ်’ က ရုတ်တရက် အလန့်တကြား ပြောလာသည်။ “ခေါင်းဆောင်... ငါတို့ဆာဗာ တိုက်ခိုက်ခံနေရပြီ... နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက ကောင်တွေ ဖြစ်ဖို့များတယ်”

“ဘာ” ဓါးနက်က အလန့်တကြားဖြစ်ကာ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ငါတို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်မ်းရေးဗျူရိုကို ဘာမှလည်း သွားမစွဆွခဲ့ဘူးလေ... ပြီးတော့ သူတို့က လူစီဖာနောက်ကို လိုက်နေတာ မဟုတ်ဘူးလား”

ကျားသစ်နက်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည် “ခေါင်းဆောင်... အဲဒါ လူစီဖာက ငါတို့ကို လွှဲချလိုက်တာများလား”

အနက်ရောင်သေနတ်က အော်ဟစ်လိုက်သည် “ခေါင်းဆောင်၊ ဒုတိယအစ်ကို၊ အနက်ရောင်လက်... အားလုံး တူတူပြန်လာပြီး ကာကွယ်ကြရအောင်... ငါတို့အဖွဲ့ တောင့်မခံနိုင်တော့ဘူး”

“အားလုံး ပြန်လာပြီး ကာကွယ်ကြစမ်း.. တောက်... အဲဒီလူစီဖာ” ဓါးနက်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်တော့သည်။

အပြင်သို့ ရောက်ရှိနေသော ဟက်ကာမဟာမိတ်အဖွဲ့၏ အမာခံအဖွဲ့ဝင် ခုနစ်ဦးလုံးသည် ချက်ချင်းပင် သူတို့၏ လက်ရှိအလုပ်များကို စွန့်လွှတ်လိုက်ကြပြီး၊ မိမိတို့၏ ဇွန်ဘီကွန်ပျူတာများကို ယူဆောင်ကာ ကာကွယ်ရန်အတွက် ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။

‘ဟိုင်လန်’ ၏ ရင်ထဲတွင်မူ နာကျည်းမှုဟု ခေါ်သော အရာတစ်ခုက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ သူသည် သူ၏ရင်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိသည် ‘လူစီဖာ... မင်းပဲ ထပ်လာပြန်ပြီပေါ့ ငါ မင်းကို သေချာပေါက် ဖမ်းမိစေရမယ်၊ မင်းကို သေချာပေါက် ကလဲ့စားချေရမယ်’

တစ်ဖက်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုသည် NHK ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် အရေးပေါ် သတင်းထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

သူတို့က သတင်းတစ်ခုတည်းကိုသာ ကြေညာခဲ့ခြင်း ဖြစ်သည်။ NHK ရုပ်မြင်သံကြားလိုင်းကို ကျူးကျော်ခဲ့သော ဟက်ကာသည် ဟက်ကာမဟာမိတ်အဖွဲ့၏ အမာခံအဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု သံသယရှိရကြောင်း။

လက်ရှိတွင် သူတို့၏ ခြေရာခံပညာရှင်များသည် ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာကို တင်းတင်းကျပ်ကျပ် ဝိုင်းရံထားပြီး ဖြစ်ရာ၊ ဟက်ကာမဟာမိတ်အဖွဲ့၏ ဆာဗာကို ဖောက်ထွင်းအောင်မြင်သွားသည်နှင့် အရာအားလုံး အလင်းပေါ်လာလိမ့်မည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

နံပါတ် (၁) ဆာဗာ၏ ရှေ့တွင် ထိုင်နေသော ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့နှင့် ဂျပန်နိုင်ငံတကာထောက်လှမ်းရေးဗျူရိုတို့ အချင်းချင်း အသေအလဲ သတ်ပုတ်နေကြပြီး၊ ဟက်ကာမဟာမိတ်အဖွဲ့၏ အတွင်းပိုင်းဆာဗာတစ်ခုကို စစ်တလင်းအဖြစ် အသုံးပြုနေကြသည်ကို ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ထိုင်ကြည့်နေခဲ့သည်။

နိုင်ငံတကာထောက်လှမ်းရေးဗျူရိုသည် သူတို့၏ အင်အား ဆယ်ပုံတစ်ပုံလောက်ကိုသာ အသုံးချနေသေးခြင်း ဖြစ်သော်လည်း၊ ဟက်ကာမဟာမိတ်အဖွဲ့မှာမူ မနည်းတောင့်ခံနေရရှာသည်။

ရှီလဲ့သည် သူတို့ကို လောလောဆယ် ဂရုမစိုက်အားသေးပေ။ သူ့တွင် ပိုမိုအရေးကြီးသော ပစ်မှတ်တစ်ခု ရှိနေသေးသည်။

လွှဲချခြင်း ဒုတိယအဆင့်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက်၊ ရှီလဲ့သည် သူ၏ အစီအစဉ် တတိယအဆင့်ကို စတင်အကောင်အထည်ဖော်လိုက်တော့သည်။ ၎င်းမှာ ‘ကင်မရာနှင့် အလင်းပိုင်းဆိုင်ရာ ကုမ္ပဏီကြီးဖြစ်သော ကန်နွန်’ကို ကျူးကျော်ခြင်းပင် ဖြစ်သည်။

ရှနိုင်ငံဟက်ကာများ ဂျပန်တွင် သောင်းကျန်းနေရသည့် ဤပြဇာတ်ကြီး၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ ကန်နွန်ကုမ္ပဏီ၊ အထူးသဖြင့် ကန်နွန်မှ ‘ကိုအီဇူမီ အီချီရို’ ကြောင့် ဖြစ်သည်။

အကယ်၍ ကိုအီဇူမီ အီချီရိုသာ ရှီလဲ့ကို ဖော်ထုတ်မပစ်ခဲ့လျှင်၊ ရှီလဲ့အနေဖြင့် ဤဆိုက်ဘာစစ်ပွဲကြီး ဖြစ်ပွားလာအောင် လှိုင်းတံပိုးများကို တွန်းပို့ပြီး မီးလောင်ရာလေပင့် လုပ်နေလိမ့်မည် မဟုတ်ပေ။

ဂျပန်နိုင်ငံ၏ ဆုံးရှုံးမှုများမှာ အလွန်ပင် ကြီးမားလှပြီ ဖြစ်သော်လည်း ရှီလဲ့ကမူ အားမရသေးချေ။

အဓိက အကြောင်းရင်းခံဖြစ်သော ကန်နွန်ကုမ္ပဏီမှာမူ လက်ရှိအချိန်ထိ မည်သည့်ထိခိုက်မှုမျှ မရှိသေးခြင်းက တကယ့်ကို သရော်စရာ ပြက်လုံးကြီးတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ နှင့် အိုက်စင်ကုမ္ပဏီမှ ပထမအဆင့် ဇွန်ဘီကွန်ပျူတာတို့ကို ချိတ်ဆက်လိုက်သည်။ ဤစွမ်းအားကြီးမားသော ဇွန်ဘီကွန်ပျူတာနှစ်ခု၏ စွမ်းဆောင်ရည်ကို ပေါင်းစပ်ကာ၊ သူသည် ကန်နွန်ကုမ္ပဏီကို တိုက်ခိုက်ရန် အသံတိတ် လှုပ်ရှားလိုက်တော့သည်။

ရှီလဲ့၏ ပစ်မှတ်မှာ ကန်နွန်၏ နည်းပညာဆိုင်ရာ အချက်အလက်များ၊ အထူးသဖြင့် အလင်းပညာဆိုင်ရာ ပစ္စည်းကိရိယာများကဏ္ဍနှင့် ဒစ်ဂျစ်တယ်ကင်မရာများ၏ နည်းပညာဆိုင်ရာ ဒေတာများ ဖြစ်သည်။

ရှီလဲ့သည် ဂျပန်များကို သဘောမကျသော်လည်း၊ ကန်နွန်ကုမ္ပဏီသည် ဒစ်ဂျစ်တယ်ကင်မရာ နယ်ပယ်တွင် ကမ္ဘာ့ဦးဆောင်သူအဆင့်၌ ရှိနေသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

အကယ်၍ သူသာ ကန်နွန်၏ အတွင်းပိုင်းထဲသို့ ဖောက်ထွင်းဝင်ရောက်နိုင်ပြီး ကန်နွန်၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ နည်းပညာဒေတာများကို ရရှိခဲ့မည်ဆိုပါက သူသည် သူဌေးကြီး ဖြစ်သွားပေလိမ့်မည်။

ကန်နွန် သူတေသနနှင့်ဖွံ့ဖြိုးရေးဌာန၏ ပင်မကွန်ပျူတာသည်လည်း စူပါကွန်ပျူတာတစ်လုံး ဖြစ်ပြီး၊ ၎င်း၏ တွက်ချက်မှုစွမ်းဆောင်ရည်မှာ အလွန်ပင် မြင့်မားလှသည်။ စူပါကွန်ပျူတာ ‘ယန်’ ၏ ငါးပုံတစ်ပုံခန့်အထိ ရှိကာ၊ ကမ္ဘာ့စူပါကွန်ပျူတာ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၀၀ အတွင်း၌ တည်ရှိသည်။

ဤကဲ့သို့ စွမ်းအားကြီးမားသော စူပါကွန်ပျူတာကို ကျူးကျော်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။

ရှီလဲ့အနေဖြင့် ကမ္ဘာ့အဆင့် (၉) ရှိသော စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်ထားနိုင်သည့်တိုင်အောင် ခက်ခဲနေဆဲ ဖြစ်သည်။

အဆင့်မြင့်လျှို့ဝှက်နည်းပညာလုပ်ငန်းများ၊ တယ်လီကွန်းလုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများကဲ့သို့သော အရင်းရှင်ကုမ္ပဏီကြီးများက စူပါကွန်ပျူတာများကို သဘောကျရသည့် အကြောင်းရင်းမှာ စူပါကွန်ပျူတာများသည် အလွန်ပင် လုံခြုံစိတ်ချရခြင်းကြောင့် ဖြစ်သည်။

ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်ကာ ကန်နွန်၏ တရားဝင်ဝက်ဆိုက်ပေါ်တွင် ဝဲပျံနေခဲ့ပြီး၊ ချက်ချင်း အတွင်းပိုင်းသို့ ကျူးကျော်ခြင်းမပြုသေးပေ။

သူသည် အသင့်တော်ဆုံး အခိုက်အတန့်နှင့် ကန်နွန်၏ လုံခြုံရေးကာကွယ်ရေးစနစ်ရှိ ဟာကွက်ကို ရှာဖွေနေခြင်း ဖြစ်သည်။

ကန်နွန်၏ တရားဝင်ဝက်ဆိုက်မှတစ်ဆင့် ရှီလဲ့သည် ကန်နွန်၏ လူ့စွမ်းအားအရင်းအမြစ်ဌာနဆာဗာထဲသို့ ဂရုတစိုက် ဝင်ရောက်လိုက်ပြီး၊ ထိုဆာဗာအတွင်းရှိ သုတေသနနှင့်ဖွံ့ဖြိုး‌မှုဌာန၏ ဝန်ထမ်းအချက်အလက်များကို လိုက်လံရှာဖွေလိုက်သည်။

ဟက်ကာတစ်ယောက် ကျူးကျော်ခြင်းမပြုမီတွင်၊ မမျှော်လင့်ထားသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ ပျာယာခတ်မသွားစေရန်အတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပေသည်။

ကန်နွန်၏ တိုကျိုမြို့တော် ဌာနချုပ်တွင် စုစုပေါင်း ဝန်ထမ်း သုံးထောင်ကျော် ရှိပြီး၊ သူတို့သည် တိုကျိုမြို့အနှံ့ရှိ အမျိုးမျိုးသော သုတေသနဌာနများတွင် ပြန့်ကျဲလျက် ရှိနေကြသည်။

ထိုသုတေသနဌာနများသည် သက်ဆိုင်ရာ သုတေသနဒေတာများကို သိမ်းဆည်းထားသော်လည်း၊ ကန်နွန်ဌာနချုပ်ရှိ ဌာန၏ ပင်မကွန်ပျူတာတွင်လည်း သုတေသနဒေတာအားလုံးကို သိမ်းဆည်းထားသည်။

သို့သော်လည်း သုတေသနနှင့်ဖွံ့ဖြိးရေးဌာန၏ ပင်မကွန်ပျူတာကိုမူ အလွန်ပင် တင်းကျပ်စွာ စောင့်ကြပ်ထားရာ၊ ထိုကွန်ပျူတာထဲသို့ ဝင်ရောက်ရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

ရှီလဲ့သည် လူစွမ်းအားရင်းမြစ်ဌာနဆာဗာထဲတွင် သုတေသနဌာန၏ အချက်အလက်များကို ရှာဖွေနေရင်းနှင့် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ရှနိုင်ငံတွင် စကားပုံတစ်ခု ရှိ၏။

‘ခိုင်ခံ့လှသော ခံတပ်များသည် အတွင်းပိုင်းကနေပဲ ပျက်စီးလွယ်တတ်သည်’

ကန်နွန်၏ ပြင်ပကာကွယ်ရေးစနစ်သည် အမှန်တကယ်ပင် အလွန်အားကောင်းလှသဖြင့် ၎င်းကို “ရူးသွပ်လောက်စရာ” ကောင်းသည်ဟုပင် တင်စားနိုင်ရာ၊ NHK ဝဘ်ဆိုက်ကဲ့သို့ စာရွက်အဆင့် ကာကွယ်ရေးစနစ်မျိုးတော့ လုံးဝ မဟုတ်ပေ။

သို့သော်လည်း ကံမကောင်းစွာဖြင့် ဤမျှစွမ်းအားကြီးမားသော ကာကွယ်ရေးစနစ်တွင်လည်း အားနည်းချက်တစ်ခု ရှိနေခဲ့သည်။၎င်းမှာ အတွင်းပိုင်း ကာကွယ်ရေးစနစ် အားနည်းခြင်းပင် ဖြစ်သည်။

လူ့စွမ်းအားရင်းမြစ်ဌာန၏ ဆာဗာအတွင်းတွင် ရှီလဲ့သည် ကန်နွန်ဌာနချုပ် သုတေသနဌာနမှ အဆင့်မြင့်သုတေသီ အချို့၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထို့နောက် သူသည် အတွင်းပိုင်းလုံခြုံရေး ကာကွယ်ရေးစနစ်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ၊ ထိုစနစ်ထဲမှ ထိုအဆင့်မြင့်သုတေသီများ၏ အကောင့်များနှင့် လျှို့ဝှက်နံပါတ်များကို ကြားဖြတ်ဖမ်းယူလိုက်ပြီးနောက်၊ မည်သူမျှမသိစေဘဲ ကန်နွန်၏ ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ သုတေသနဌာန၏ အတွင်းပိုင်းစနစ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့တော့သည်။

ရှီလဲ့ ရရှိထားသော အဆင့်မြင့်သုတေသီအချို့၏ ခွင့်ပြုချက်အဆင့် အရဆိုလျှင်၊ ၎င်းတို့သည် မိမိတို့ သုတေသနပြုနေသော အရာမှလွဲ၍ အခြားသော သုတေသနဒေတာများကို ဝင်ရောက်ကြည့်ရှုခွင့်မရှိပေ။ သို့သော်လည်း ရှီလဲ့က ဟက်ကာတစ်ယောက်ပင် မဟုတ်ပါလား။

ရှီလဲ့သည် စနစ်၏ စိစစ်မှုကို လျှို့ဝှက်စွာ ကျော်ဖြတ်လိုက်ပြီး၊ စနစ်၏ ခွင့်ပြုချက်ပေးသည့် ဟာကွက်ကို အသုံးချကာ၊ ထိုအဆင့်မြင့်သုတေသီများ၏ ခွင့်ပြုချက်အဆင့်ကို ယာယီအားဖြင့် တိတ်တဆိတ် မြှင့်တင်ပေးလိုက်သည်။ သို့မှသာ ထိုသုတေသီများသည် အခြားသော သုတေသနပရောဂျက်များ၏ ဒေတာများကို ယာယီ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

စူပါကွန်ပျူတာ ‘ယန်’ ၏ တွက်ချက်မှုစွမ်းအားသည် ကန်နွန် သုတေသနဌာန၏ စူပါကွန်ပျူတာထက် သာလွန်နေခဲ့ရာ၊ နှစ်ဖက်စလုံး အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်နေကြသော်လည်း ထိုစနစ်၏ ဟာကွက်မှာ စူပါကွန်ပျူတာ ‘ယန်’ ၏ အကာအကွယ်အောက်တွင် ဆက်လက်အသက်ဝင်နေခဲ့သည်။

ရှီလဲ့သည် ကီးဘုတ်ပေါ်တွင် ကုဒ်များကို အလျင်အမြန် ရိုက်ထည့်လိုက်ပြီး၊ သုတေသနဌာနအတွင်းရှိ အလင်းပညာဆိုင်ရာ နည်းပညာနှင့် ဒစ်ဂျစ်တယ်ကင်မရာများနှင့် သက်ဆိုင်သော နည်းပညာသုတေသနများကို လိုက်လံရှာဖွေထုတ်ယူလိုက်သည်။

သတ်မှတ်ချက် စစ်ထုတ်ခြင်းများအရ မိတ္တူကူးစက်များ၊ ဖက်စ်စက်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ စသည်တို့နှင့် သက်ဆိုင်သော နည်းပညာအမြောက်အမြားကို ဖယ်ထုတ်ပစ်လိုက်ပြီး၊ ရှီလဲ့ လိုအပ်သော ဒစ်ဂျစ်တယ်ကင်မရာနည်းပညာနှင့် အလင်းပညာဆိုင်ရာ နည်းပညာများကိုသာ ချန်ထားခဲ့သည်။

အလင်းပညာနှင့် ဒစ်ဂျစ်တယ်ကင်မရာ နည်းပညာများကိုသာ ချန်ထားခဲ့သည့်တိုင်အောင်၊ စနစ်က တွက်ချက်ပြလိုက်သော ဖိုင်ဒေတာအရွယ်အစားမှာ 200GB ထက်ပင် ကျော်လွန်နေခဲ့သည်။

ကန်နွန်၏ စူပါကွန်ပျူတာသည် ဒေတာစီးဆင်းမှုများကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ ရှီလဲ့အနေဖြင့် စူပါကွန်ပျူတာ ‘ယန်’ ၏ အကူအညီဖြင့် ဤဒေတာများကို အလွယ်တကူ ကြည့်ရှုနိုင်သော်လည်း၊ ၎င်းတို့ကို အပြင်သို့ ယူဆောင်သွားရန် နည်းလမ်းမရှိသေးချေ။

ကန်နွန်၏ စူပါကွန်ပျူတာသည် ပြင်ပချိတ်ဆက်မှုတစ်ခုဆီသို့ ဒေတာများ စီးထွက်သွားသည်ကို ရှာဖွေတွေ့ရှိသည်နှင့် ချက်ချင်းပင် သတိပေးချက် ထုတ်ပြန်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ရှီလဲ့သည် 200GB ကျော်ရှိသော ထိုဒေတာများကို ကြည့်ရင်း စိတ်ရှုပ်သွားခဲ့သည်။ ဤဒေတာအားလုံးမှာ ရွှေတွင်းငွေတွင်းကြီး ဖြစ်ရာ၊ အကယ်၍ ၎င်းတို့ကို ယူမသွားနိုင်ခဲ့လျှင် ရှီလဲ့အနေဖြင့် ဘယ်လိုမှ ကျေနပ်နိုင်လိမ့်မည်မဟုတ်ပေ။

ရတနာတောင်ကြီးထဲ ရောက်နေပါမှ လက်ဗလာနဲ့ ပြန်ရမည့်အကြောင်းရင်း အဘယ်မှာ ရှိပါမည်နည်း။

သို့သော်လည်း ကန်နွန်၏ စူပါကွန်ပျူတာတွင် ဒေတာစီးဆင်းမှု တင်းကျပ်သော ကန့်သတ်ချက် ရှိနေသည်။ ဤကန့်သတ်ချက်မှာ ဟာ့ဒ်ဝဲကိရိယာများ ဆီက လာခြင်းဖြစ်ရာ၊ ဆော့ဖ်ဝဲမှတစ်ဆင့် ၎င်းကို ရပ်တန့်ရန် ကြိုးပမ်းခြင်းက သတိပေးချက်ကိုသာ အစပျိုးပေးလိမ့်မည် ဖြစ်သည်။

ရှီလဲ့ ခေါင်းကုတ်လိုက်မိသည်။ ယခုအခိုက်အတန့်တွင် သူ့အား မြင်ရုံမျှဖြင့် အလွတ်မှတ်မိနိုင်သော အစွမ်းထက် စွမ်းရည်ပေးလိုက်လျှင်ပင်၊ ဤ 200GB ကျော်သော ဒေတာများကို ဖတ်ရှုပြီးစီးရန် လပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။

ထို့ပြင် သူ့တွင် ထိုကဲ့သို့ အလွတ်မှတ်မိနိုင်သော စွမ်းရည်လည်း မရှိသလို၊ ၎င်းတို့ကို အလွတ်ကျက်မှတ်နေရန် အချိန်လည်းမရှိပေ။

“ငါ ဘာဆက်လုပ်ရမလဲ” ရှီလဲ့သည် ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။

ရုတ်တရက် ရှီလဲ့သည် ပုံပြင်တစ်ပုဒ်ကို သတိရသွားခဲ့သည်။ ၎င်းမှာ ကလေးတစ်ယောက် လိမ်ညာပြောဆိုသည့်အကြောင်း ဖြစ်ပြီး၊ ရှနိုင်ငံတွင် အလွန်လူသိများလှသော ‘ဝံပုလွေလာပြီလို့ အော်တဲ့ သိုးကျောင်းသားလေး’ ပုံပြင် ဖြစ်သည်။

ရှီလဲ့သည် ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနကို စမ်းသပ်ရန်အတွက် ဤသိုးကျောင်းသားလေး ပုံပြင်ကို အသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်လိုက်ပြီး ကန်နွန်သုတေသနဌာန၏ စူပါကွန်ပျူတာအတွင်း၌ အတုအယောင် ဒေတာပက်‌ေက့ချ်တစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက် ထိုအတုအယောင် ဒေတာပက်ကေ့ချ်ကို ပြင်ပသို့ ကျပန်း ပေးပို့လိုက်တော့သည်။

ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနသည်သုတေသနဌာန၏ စူပါကွန်ပျူတာမှ ဒေတာများ ပြင်ပသို့ စီးထွက်နေသည်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူတို့သည် ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ကြပြီး စူပါကွန်ပျူတာကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးခဲ့ကြသော်လည်း မည်သည့်ဒေတာမျှ စီးထွက်သွားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။

အလွန်ပင် နိုးနိုးကြားကြားရှိလှသော ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနသည် လက်မလျှော့ဘဲ စူပါကွန်ပျူတာတစ်လုံးလုံးကို အစအဆုံး သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း မည်သည့်ပြဿနာမျှ ရှာမတွေ့ခဲ့သဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ကြရသည်။

သူတို့ လက်လျှော့လိုက်ပြီးနောက်၊ ရှီလဲ့သည် ထိုအတုအယောင် ဒေတာပက်ကေ့ချ်၏ အရွယ်အစားကို 10GB အထိ တိုးမြှင့်လိုက်ပြီး၊ ပြင်ပသို့ ကျပန်းဒေတာ ပေးပို့မှုကို နောက်တစ်ကြိမ် ထပ်မံပြုလုပ်လိုက်ပြန်သည်။

ကြီးမားလှသော ဒေတာစီးဆင်းမှုကြောင့် ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနတွင် သတိပေးချက်များ ရူးမတတ် မြည်ဟီးလာခဲ့တော့သည်။

ဒေတာစီးဆင်းမှုကို စောင့်ကြည့်သည့် ဟာ့ဒ်ဝဲသတိပေးစနစ်က ထိုဒေတာပမာဏမှာ အပြည့်အဝ 10GB ရှိကြောင်း တွက်ချက်ပြခဲ့သော်လည်း၊ အတွင်းပိုင်းလုံခြုံရေးဌာနက ဝင်ရောက်စုံစမ်းစစ်ဆေးသည့်အခါတွင်လည်း ဘာမှ ရှာမတွေ့ခဲ့ကြပြန်ပေ။

သုတေသန ဌာန၏ စူပါကွန်ပျူတာတွင် မည်သည့်ပုံမှန်မဟုတ်မှုမျှ မရှိသလို၊ အတွင်းပိုင်းဒေတာများ ဆုံးရှုံးသွားခြင်းလည်း မရှိခဲ့ဘဲ မိတ္တူကူးယူထားသည့် မည်သည့်ခြေရာမျှလည်း မရှိခဲ့ချေ။

ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာန အနည်းငယ် စိတ်လျှော့လိုက်သည့် အခိုက်အတန့်တွင်၊ ရှီလဲ့သည် အတုအယောင် ဒေတာပက်ကေ့ချ်၏ အရွယ်အစားကို 100GB အထိ ထပ်မံတိုးမြှင့်လိုက်ပြီး ကျပန်းဒေတာ ပေးပို့မှုကို နောက်တစ်ကြိမ် ထပ်မံတည်ဆောက်လိုက်ပြန်သည်။

ဒေတာစီးဆင်းမှု စောင့်ကြည့်ရေး ဟာ့ဒ်ဝဲသတိပေးချက်ကြောင့်၊ ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနသည် သုတေသနဌာန၏ စူပါကွန်ပျူတာအပြင် ထိုကွန်ပျူတာအတွင်းရှိ သုတေသနဒေတာများကိုပါ နောက်တစ်ကြိမ် ထပ်မံ၍ အစအဆုံး သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ကြပြန်သည်။

သို့သော်လည်း ထိုဒေတာစီးဆင်းမှုအားလုံးမှာ ရှီလဲ့ ကိုယ်တိုင်တည်ဆောက်ထားသော အတုအယောင်ဒေတာများသာ ဖြစ်ပြီး မည်သည့်သဲလွန်စမျှ ချန်ထားခဲ့ခြင်း မရှိချေ။

ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနအနေဖြင့် ပြဿနာကို မည်သို့ရှာဖွေတွေ့ရှိနိုင်ပါမည်နည်း။

ဤကဲ့သို့ ဆယ်ကြိမ်ထက်မက ထပ်ခါတလဲလဲ ပြုလုပ်ပြီးနောက်တွင် ကန်နွန်၏ အတွင်းပိုင်းလုံခြုံရေးဌာနသည်လည်း စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ ဒေတာစီးဆင်းမှု စောင့်ကြည့်ရေး ဟာ့ဒ်ဝဲက သတိပေးချက် ထပ်မံထုတ်ပြန်သည့်အခါတွင်မူ သူတို့သည် လိုက်လံစစ်ဆေးရန်ပင် စိတ်မပါတော့ဘဲ ပစ်ထားလိုက်ကြတော့သည်။

ရှီလဲ့သည် အခွင့်ကောင်း ရောက်ရှိလာပြီဖြစ်ကြောင်း သေချာပေါက် သိရှိလိုက်ပြီ ဖြစ်သည်။

All Chapters