အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း - ၁၁၀
အလုပ်ပြီးမြောက်သွားချိန်တွင် သူသည် အင်္ကျီပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ကာ သာသာယာယာပင် ထွက်ခွာသွားခဲ့ပြီး၊ သူ၏ စွမ်းဆောင်ချက်နှင့် နာမည်ဂုဏ်သတင်းကို အမှောင်ထုထဲတွင် အစအဆုံး ဖုံးကွယ်ထားလိုက်တော့သည်။
ရှီလဲ့၏ ‘ဝံပုလွေလာပြီလို့ အော်သည့် သိုးကျောင်းသားလေး’ နည်းလမ်းဖြင့် အကြိမ်ကြိမ် ပြောင်ချော်ချော် အလုပ်ခံလိုက်ရပြီးနောက်၊ ကန်နွန်ကုမ္ပဏီ၏ အတွင်းပိုင်းလုံခြုံရေးဌာနသည် ဒေတာစီးဆင်းမှု စောင့်ကြည့်ရေး ဟာ့ဒ်ဝဲက ထုတ်ပြန်သည့် သတိပေးချက်များကို လုံးဝ ဥပေက္ခာပြုထားလိုက်ကြပြီ ဖြစ်သည်။
သို့သော်လည်း ရှီလဲ့ကမူ လုံခြုံရေး အသိကို လျှော့ချလိုက်ခြင်း မရှိပေ။ သူသည် အတုအယောင် ဒေတာပက်ကတ်ကို အမှန်တကယ် ဒေတာအရွယ်အစားနှင့် ထပ်တူဖြစ်သော 216GB အထိ တိုးမြှင့်လိုက်ပြီး ပြင်ပသို့ ဆက်လက်ပေးပို့နေခဲ့သည်။ မိနစ်သုံးဆယ်ခန့် ကြာမြင့်သွားပြီး ကန်နွန်ကုမ္ပဏီ၏ အတွင်းပိုင်းလုံခြုံရေးဌာနက ၎င်းကို လုံးဝ ပစ်ထားသည့်အပြင် ဒေတာစီးဆင်းမှု စောင့်ကြည့်ရေး ဟာ့ဒ်ဝဲကိုပါ တက်ကြွစွာ ပိတ်ပစ်လိုက်ချိန်ကျမှသာ ရှီလဲ့သည် နောက်ဆုံးတွင် အစစ်အမှန် လှုပ်ရှားမှုကို စတင်လိုက်တော့သည်။
ကန်နွန်ကုမ္ပဏီ သုတေသနဌာနက လျှောက်ထားရယူထားသော လိုင်းအကျယ်မှာ အလွန်ပင် ကြီးမားလှသည်။ ဆာဗာအချင်းချင်း တိုက်ရိုက်ဒေတာ လွှဲပြောင်းခြင်းနှင့် ပေါင်းစပ်လိုက်လျှင် ဤ 216GB ရှိသော ဒေတာများကို ကူးယူရန် ဆယ်မိနစ်ခန့်သာ ကြာမြင့်လိမ့်မည်ဟု ရှီလဲ့ တွက်ချက်မိသည်။
ကန်နွန်ကုမ္ပဏီ သုတေသနဌာန၏ စူပါကွန်ပျူတာတွင် ဒေတာကာကွယ်ရေးစနစ် ပါရှိသောကြောင့်၊ ဒေတာများကို မိတ္တူကူးခြင်း ၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း မည်သည့်အရာမဆို ပြုလုပ်လျှင် သတိပေးချက် မြည်လာမည် ဖြစ်သည်။ ဤအချက်ကြောင့်ပင် အတွင်းပိုင်းလုံခြုံရေးဌာနသည် ဒေတာစီးဆင်းမှု စောင့်ကြည့်ရေး ဟာ့ဒ်ဝဲကို ပိတ်ပစ်ရန် ရဲတင်းခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရှီလဲ့သာ ထို 216GB ရှိသော ဒေတာများကို ပုံမှန်အတိုင်း မိတ္တူကူးယူရန် ကြိုးပမ်းခဲ့လျှင် သေချာပေါက် သတိပေးချက် မြည်လာပေလိမ့်မည်။
သို့သော် ရှီလဲ့က ထိုမျှအထိ ဦးနှောက်မရှိသူလား။
ကမ္ဘာ့ထိပ်သီးအဆင့် ဟက်ကာတစ်ယောက်အနေဖြင့် ရှီလဲ့သည် ဤကဲ့သို့ နိမ့်ပါးလှသော အမှားမျိုးကို မည်သို့ကျူးလွန်ပါမည်နည်း။
ရှီလဲ့သည် ဖိုင်များကို တိုက်ရိုက်မိတ္တူမကူးခဲ့ပေ။ ၎င်းအစား သူသည် ပုံရိပ်တူချိတ်ဆက်မှု နည်းလမ်းကို အသုံးပြု၍ ဖိုင်တစ်ခုကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မိတ္တူကူးခြင်းနှင့် ဆင်တူသော်လည်း စနစ်၏ သတ်မှတ်ချက်တွင်မူ မိတ္တူကူးယူခြင်းဟူသော လုပ်ဆောင်ချက်ထဲ၌ ပါဝင်ခြင်းမရှိချေ။
ဒေတာကာကွယ်ရေးစနစ်ကို ကိုင်တွယ်ပြီးနောက်၊ ရှီလဲ့သည် ထိုကြီးမားလှသော ဒေတာပမာဏကို စူပါကွန်ပျူတာ ‘ယန်’ ဆီသို့ ချက်ချင်း လွှဲပြောင်းပေးပို့လိုက်တော့သည်။ မျက်နှာပြင်ပေါ်တွင် စုစုပေါင်း ဆယ့်နှစ်မိနစ်ကျော် ကြာမြင့်မည့် အချိန်ရေတွက်မှုပေါ်လာသည်ကို ကြည့်ရင်း ရှီလဲ့ စတင်၍ စိတ်လှုပ်ရှားလာခဲ့သည်။
‘ဒီဆယ့်မိနစ်ကျော်အတွင်းမှာ ဘာမမျှော်လင့်ထားတဲ့ အန္တရာယ်မှ မရှိပါစေနဲ့လို့ မျှော်လင့်မိတာပဲ’ ရှီလဲ့သည် သူ၏ရင်ထဲတွင် နတ်ဗြဟ္မာအပေါင်းနှင့် ဗုဒ္ဓမြတ်စွာဘုရားတို့၏ စောင့်ရှောက်မှုကို တိတ်တဆိတ် ဆုတောင်းနေမိသည်။
အချိန်များသည် တစ်ရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီး၊ အပြင်ဘက်တွင်မူ ဟက်ကာမဟာမိတ်အဖွဲ့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရို၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရဆဲ ဖြစ်သည်။ ‘ဓါးနက်’ ဦးဆောင်သော အမာခံအဖွဲ့ဝင် ဆယ်ယောက်သည် ဟက်ကာမဟာမိတ်အဖွဲ့၏ အတွင်းပိုင်းဆာဗာများကို အသည်းအသန် ခုခံကာကွယ်နေကြရသည်။
သူတို့၏ ရင်ထဲတွင်မူ ရှီလဲ့၏ အမည်ဝှက်ဖြစ်သော လူစီဖာကို အကြိမ်ကြိမ် ကျိန်ဆဲနေကြတော့သည်။ သူတို့သည် မိမိတို့ လွှဲချခြင်း ခံလိုက်ရပါသည်ဟု ရှင်းပြချင်ကြသော်လည်း၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက သူတို့ကို ယုံကြည်ပါမည်လား။
ဤအရာသည်ပင် လက်ရှိအခြေအနေ ဖြစ်ပေသည်။လူသည် မိမိ၏ ကံကြမ္မာကို မိမိ ကိုယ်တိုင် အမြဲတမ်း အစိုးမရနိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် ဓါးနက်၏ နည်းပညာမှာ ကမ္ဘာ့အဆင့်မြင့် ထိပ်သီးအဆင့်သို့ သွယ်ဝိုက်၍ ချဉ်းကပ်နေပြီ ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ ပညာရှင် ကိုးယောက်နှင့် ပေါင်းစပ်လိုက်သောအခါ၊ သူတို့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုကို မနည်းတောင့်ခံ၍ ခုခံနေနိုင်ခဲ့ခြင်း ဖြစ်သည်။
ကန်နွန်ကုမ္ပဏီအတွင်း၌မူ ‘ကိုအီဇူမီ အီချီရို’ သည် သူ၏ ကွန်ပျူတာမျက်နှာပြင်ကို စိတ်ပျက်အားလျော့သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ ဖန်တီးခဲ့သော အများပြည်သူ ဝေဖန်မှုလှိုင်းလုံးကြီးမှာ ရှနိုင်ငံဟက်ကာများ၏ ကျူးကျော်မှုဖြစ်စဉ်ကြောင့် လုံးဝ လွှမ်းမိုးခြင်း ခံလိုက်ရပြီး မည်သည့်ဂယက်မျှ ထမလာခဲ့ချေ။ သူ နောက်ထပ် သတင်းစာရှင်းလင်းပွဲတစ်ခု ထပ်လုပ်လျှင်ပင်၊ မည်သည့်မီဒီယာကမျှ ဤဟက်ကာကျူးကျော်မှုသတင်းကို လက်လွှတ်ပြီး ကန်နွန်ကုမ္ပဏီ ရှနိုင်ငံတွင် မတရားခံရသည့်အကြောင်းကို လာရောက်ထုတ်လွှင့်ပေးကြလိမ့်မည်မဟုတ်ပေ။
‘ရှီလဲ့... မင်း ကံကောင်းသွားတယ်လို့ပဲ မှတ်လိုက်ပါ..မင်းက ဒီဟက်ကာကျူးကျော်မှု ဖြစ်စဉ်နဲ့ အချိန်ကိုက်ကြီး သွားတိုးနေတာကိုး နောက်တစ်ကြိမ်ကျရင်လည်း မင်း ဒီလောက်အထိ ကံကောင်းနိုင်ပါဦးမလားလို့ ငါ စောင့်ကြည့်ရသေးတာပေါ့’ ဟု ကိုအီဇူမီ အီချီရိုက နာကျည်းစွာ တွေးလိုက်မိသည်။
ဒေတာလွှဲပြောင်းမှု အချိန်ရေတွက်မှုမှာ တစ်စက္ကန့်ချင်းစီ လျော့နည်းလာခဲ့ပြီး ရှီလဲ့၏ စိတ်အခြေအနေမှာလည်း ပို၍ပင် တင်းမာလာခဲ့သည်။ နောက်ဆုံး စက္ကန့်သုံးဆယ်သို့ ရောက်ရှိလာချိန်တွင် ရှီလဲ့၏ နှလုံးသားမှာ လည်ချောင်းဝအထိ ဆောင့်တက်လာမတတ် ခံစားလိုက်ရသည်။
ကန်နွန်ကုမ္ပဏီ၏ နှစ်ပေါင်းခုနစ်ဆယ်ခန့်ရှိသော အလင်းပညာဆိုင်ရာ သုတေသနများနှင့် ဒစ်ဂျစ်တယ်ကင်မရာ နည်းပညာအားလုံးသည် ရှီလဲ့၏ လက်ထဲသို့ ကျရောက်တော့မည် ဖြစ်သည်။ ဤမမြင်နိုင်သော ရတနာသိုက်ကြီးသည် ရှီလဲ့အတွက် အလွန်အရေးကြီးသော အကွက်ကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ကျန်ရှိသော အချိန်မှာ သုညသို့ ရောက်ရှိသွားပြီး လွှဲပြောင်းမှု အောင်မြင်ကြောင်း စာတန်း ပေါ်လာချိန်တွင်မှ ရှီလဲ့၏ ရင်ထဲတွင် တင်းကျပ်နေသော စိတ်အမောများမှာ လုံးဝ ဥဿုံ ကင်းစင်သွားခဲ့တော့သည်။ သူသည် မတ်တတ်ရပ်ကာ ဝမ်းသာအားရ နှစ်ကြိမ်ခန့်ပင် အော်ဟစ်လိုက်မိသည်။
သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီးနောက်၊ ရှီလဲ့သည် ကန်နွန်ကုမ္ပဏီ သုတေသနဌာန၏ စူပါကွန်ပျူတာအတွင်းရှိ သူ၏ ကျူးကျော်မှုမှတ်တမ်းများနှင့် စနစ်အတွင်းရှိ ဒေတာလွှဲပြောင်းမှု မှတ်တမ်းများကိုပါ အစအနမကျန် ဖျက်ဆီးပစ်လိုက်သည်။ ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင်မှ ရှီလဲ့သည် သက်ပြင်းအရှည်ကြီးတစ်ခုကို အသာတကြည် ချလိုက်နိုင်တော့သည်။
“ကိုအီဇူမီ အီချီရို... မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ ငါ့ကို ဒီလို ရတနာထုပ်ကြီး လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ရှီလဲ့က သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်ကာ အိုက်စင်ကုမ္ပဏီမှ ပထမအဆင့် ဇွန်ဘီကွန်ပျူတာ၏ မှတ်တမ်းများကို ရှင်းလင်းလိုက်ပြီး ၎င်း၏ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ကာ စူပါကွန်ပျူတာ ‘ယန်’ တစ်လုံးတည်းကိုသာ ချန်ထားခဲ့တော့သည်။ သူသည် နောက်ဆုံး သောင်းကျန်းမှုကြီးတစ်ခုကို ပြုလုပ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ NHK ရုပ်မြင်သံကြားလိုင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက ဝင်ရောက်ကိုင်တွယ်ပြီးနောက်၊ ၎င်း၏ လိုင်းခွဲ ၁၉ ခုလုံးတွင် ပုံမှန်ထုတ်လွှင့်မှုများ ပြန်လည်စတင်နိုင်ခဲ့သည်။ အရေးပေါ်သတင်းလိုင်းသည်လည်း နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက ဟက်ကာမဟာမိတ်အဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် သတင်းများကို အနီးကပ် ခြေရာခံထုတ်လွှင့်နေခဲ့သည်။
NHK ရုပ်မြင်သံကြားလိုင်း၏ အဆင့်မြင့်အရာရှိကြီးတစ်ဦးသည် အရေးပေါ်သတင်းလိုင်းတွင် ပြောင်ပြောင်တင်းတင်း ပေါ်လာခဲ့ပြီး၊ သူတို့ NHK အနေဖြင့် လူစီဖာကို သေချာပေါက် ဖမ်းဆီးကာ ဂျပန်နိုင်ငံသို့ လွှဲပြောင်းခေါ်ဆောင်ပြီး ဂျပန်နိုင်ငံ၏ တရားဥပဒေဖြင့် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အထက်စီးဖြင့် ကြေညာသွားခဲ့သည်။
၎င်းကို ကြည့်ပြီးနောက် ရှီလဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူသည် စူပါကွန်ပျူတာ ‘ယန်’ ကို မောင်းနှင်ကာ ကေဘယ်လ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကွန်ရက်ထဲသို့ တိုက်ရိုက် ဟက်လိုက်ပြီး၊ NHK ရုပ်မြင်သံကြားလိုင်း၏ လိုင်းအားလုံးကို နောက်တစ်ကြိမ် ထပ်မံထိန်းချုပ်လိုက်ကာ ချစ်စရာကောင်းသော ယာဆူကူနီနတ်ကွန်းပုံကို တင်ပေးလိုက်ပြန်သည်။ ထို့နောက် NHK ၏ လိုင်းခွဲ ၁၉ ခုလုံးတွင် အလွန်စံပြကျလှသော ဂျပန်ဘာသာစကားဖြင့် သတင်းစကားတစ်ခု ချန်ထားခဲ့သည်။
‘ချစ်လှစွာသော NHK ရုပ်မြင်သံကြားလိုင်းနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကြည့်ရှုသူ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ... မင်္ဂလာပါ ငါကတော့ မင်းတို့ တမ်းတနေတဲ့ လူစီဖာပါပဲ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာထောက်လှမ်းရေးဗျူရိုက ဟက်ကာမဟာမိတ်အဖွဲ့ကို မိုက်မိုက်မဲမဲ တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ငါ ပြောချင်တာကတော့ တကယ့်ကို စိတ်ပျက်မိပါတယ်ဆိုတာပါပဲ ဒီလောက် ရိုးရှင်းတဲ့ လွှဲချမှုကိုတောင် အဲဒီအမှိုက်ကောင်တွေက ရိပ်မိခြင်းမရှိကြဘူးလား ပြီးတော့ NHK က အဆင့်မြင့်အရာရှိကြီးတွေက ငါ့ကို ဖမ်းချင်တာ ဟုတ်လား မင်းတို့က သိပ်ကို ကလေးဆန်လွန်းတာပဲ အကယ်၍ မင်းတို့က ငါ့ကို ဂျပန်နိုင်ငံရဲ့ လူကြီးကြည့် အနုပညာရုပ်ရှင်တွေဆီ လာလည်ဖို့ စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်မယ်ဆိုရင်တော့ ငါ စဉ်းစားပေးနိုင်ကောင်းပါရဲ့ကဲ... ထားပါတော့၊ ဒီကောင်းကင်တမန်ရဲ့ ရည်းစားက ဈေးဝယ်ထွက်ဖို့ လှမ်းခေါ်နေပြီ.. ယောက်ျားတစ်ယောက်ရဲ့ ဘဝက တကယ်ပဲ ခက်ခဲပါတယ်၊ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ရည်းစားဈေးဝယ်တာကိုတော့ လိုက်ပို့ပေးရတာပါပဲ ငါ့ကို သတိမရဘဲ မနေကြနဲ့ဦးနော်၊ ငါ မင်းတို့ဆီ ပြန်လာခဲ့ဦးမှာပါ
ကံဆိုးလှသော လူစီဖာ’
NHK ရုပ်မြင်သံကြားလိုင်းကို နောက်တစ်ကြိမ် ဟက်ပြီးနောက် ရှီလဲ့သည် အေးအေးလူလူပင် ထွက်ခွာသွားခဲ့သည်။ စူပါကွန်ပျူတာ ‘ယန်’ အတွင်းရှိ မှတ်တမ်းများကို ကိုင်တွယ်ပြီးနောက်၊ ရှီလဲ့သည် စူပါကွန်ပျူတာ ‘ယန်’ နှင့် နံပါတ် (၁) ဆာဗာတို့၏ ချိတ်ဆက်မှုကို အပြီးတိုင် ဖြတ်တောက်လိုက်ပြီး ဂျပန်နိုင်ငံ၏ ဆိုက်ဘာမုန်တိုင်းကြီးအတွင်းမှ မိမိကိုယ်ကိုယ် အပြည့်အဝ ဆုတ်ခွာလိုက်တော့သည်။
အလုပ်ပြီးမြောက်သွားချိန်တွင် သူသည် အင်္ကျီပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ကာ သာသာယာယာပင် ထွက်ခွာသွားခဲ့ပြီး၊ သူ၏ စွမ်းဆောင်ချက်နှင့် နာမည်ဂုဏ်သတင်းကို အမှောင်ထုထဲတွင် အစအဆုံး ဖုံးကွယ်ထားလိုက်တော့သည်။
ရှီလဲ့သည် သူ၏ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အကြောဆန့်လိုက်သည်။ သူသည် မျက်နှာပြင်၏ ညာဘက်အောက်ခြေရှိ အချိန်ကို လှမ်းကြည့်လိုက်ရာ ဆယ့်တစ်နာရီထိုးလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီး ‘လီကျစ်ယွဲ့’ ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။
“ဟဲလို...” လီကျစ်ယွဲ့၏ ပညာတတ်ဆန်ပြီး ကျော့ရှင်းလှသော အသံလေး ထွက်ပေါ်လာခဲ့သည်။ ရှီလဲ့အနေဖြင့် လီကျစ်ယွဲ့သည် ယခုအခိုက်အတန့်တွင် သူမ၏ စာရေးစားပွဲ၌ ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်နှင့် ခေတ်ပေါ် တရုတ်နှင့် ကမ္ဘာ့ဂန္ထဝင်စာပေ လက်ရာမွန်များကို ဖတ်ရှုနေလိမ့်မည်ဟုပင် စိတ်ကူးပုံဖော်ကြည့်နိုင်ပေသည်။
“ကျစ်ယွဲ့... ငါပါ” ရှီလဲ့က တိုးညှင်းစွာ ပြောလိုက်သည်။ “ကျစ်ယွဲ့... မင်း ပြီးခဲ့တဲ့အကြိမ်တုန်းက ငါသာ ကျောင်းဝင်းဆော့ဖ်ဝဲလ်ပြိုင်ပွဲ မှာ ပထမဆုရရင် ငါနဲ့အတူ ညစာစားပါ့မယ်လို့ ကတိပေးထားတယ်လေ”
လီကျစ်ယွဲ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ငြင်းပယ်လိုက်သည်။ “ရှီလဲ့... ဒီနေ့တော့ မဖြစ်ဘူး”
“ဘာဖြစ်လို့လဲ” ရှီလဲ့သည် အပြင်ဘက်မှ ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။ ရွှမ်ချင်း၏ အောက်တိုဘာလနှောင်းပိုင်း ရာသီဥတုမှာ နေရောင်ခြည် တောက်ပနေခဲ့ပြီး အလွန်ပင် သာယာလှသည်။ “ဒီနေ့က တနင်္ဂနွေနေ့ပဲ၊ ကျောင်းမှာလည်း အတန်းတွေမရှိဘူးလေ၊ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား” ရှီလဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
လီကျစ်ယွဲ့က သက်ပြင်းချလိုက်ရာ သူမ၏အသံတွင် မတတ်သာမှုများ ပြည့်နှက်နေခဲ့သည်။ “ငါ ဒီနေ့ လုပ်စရာ ကိစ္စလေးတစ်ခု ရှိနေလို့ပါ၊ နောက်အပတ်ကျမှပဲ ပြောကြရအောင်နော်”
ရှီလဲ့က စိုးရိမ်စိတ်အချို့ဖြင့် မေးလိုက်သည်။ “ကျစ်ယွဲ့... ဘာဖြစ်လို့လဲ ငါ့ကို ပြောပြလို့ရမလား”
“ရှီလဲ့... မမေးပါနဲ့ဦး နောက်အပတ်ကျရင်ကော ဘယ်လိုလဲဟင်” လီကျစ်ယွဲ့၏ လေသံတွင် အသနားခံသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သဖြင့် ရှီလဲ့ကို ပို၍ပင် စိတ်မအေးဖြစ်သွားစေခဲ့သည်။
“ကျစ်ယွဲ့... အမှန်အတိုင်း ပြောစမ်းပါ၊ ဘာဖြစ်တာလဲ မင်း ငါ့ကို မပြောပြရင် ငါ အခုချက်ချင်း မင်းအိမ်ကို လိုက်လာခဲ့မှာနော်... မင်း ဘယ်မှာနေလဲဆိုတာ ငါသိတယ်၊ ငါ တကယ်လာမလား မလာဘူးလားဆိုတာ မသံသယဝင်နဲ့ အိမ်မှာပဲ စောင့်နေ” ရှီလဲ့က ပြတ်သားစွာ ပြောလိုက်သည်။
“မလာနဲ့” လီကျစ်ယွဲ့က အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ “ရှီလဲ့... မလာနဲ့ဦး၊ ငါ ပြောပြပါ့မယ်”
လီကျစ်ယွဲ့သည် အသက် ၂၆ နှစ် ရှိပြီဖြစ်ပြီး၊ သူမ၏ မိဘနှစ်ပါးလုံးမှာ ရွှမ်ချင်းတက္ကသိုလ်မှ ပါမောက္ခများ ဖြစ်ကြသည်။ ပညာတတ်မိသားစုမှ ပေါက်ဖွားလာသူပီပီ အသက် ၂၆ နှစ်အရွယ် လီကျစ်ယွဲ့သည် ယခုထက်ထိ ရည်းစားတစ်ယောက်မျှ မထားဖူးသေးသဖြင့်၊ သူမ၏ မိခင်ဖြစ်သူ ‘ဟွမ်ဖန်’၏ နေ့စဉ်ရက်ဆက် ပွစိပွစိ ပြောဆိုခြင်းကို ခံနေရခြင်း ဖြစ်သည်။
ဟွမ်ဖန်သည် နိုင်ငံခြားဘာသာစကားဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ကျောင်းတွင် အလွန်လူချစ်လူခင်များသူ ဖြစ်သည်။ သူမသည် သူမနှင့် လီကျစ်ယွဲ့၏ ဖခင်တို့ကဲ့သို့ပင် သူမ၏သမီးအတွက် ကျောင်းမှ သင့်တော်သော ဆရာတစ်ယောက်ကို ရည်းစားအဖြစ် ရှာဖွေပေးရန် စိတ်ကူးထားခြင်း ဖြစ်သည်။ သို့မှသာ ပညာတတ်မိသားစုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မိသားစုအမွေအနှစ်ကို ဆက်ခံရာရောက်မည် မဟုတ်ပါလား။
ဟွမ်ဖန် ရွေးချယ်ထားသော လူငယ်၏အမည်မှာ ‘ဝူပင်း’ ဖြစ်ပြီး၊ သူသည် ပြီးခဲ့သည့်အကြိမ်က လီကျစ်ယွဲ့ကို နှောင့်ယှက်ခဲ့သော ကောက်ကျစ်စဉ်းလဲသည့် လူစားမျိုး ဖြစ်သည်။ ဝူပင်းသည် အသက် ၂၈ နှစ် ရှိပြီဖြစ်ပြီး၊ အနုပညာဌာနမှ လက်ရေးလှရေးနည်းဆရာတစ်ဦး ဖြစ်ကာ ကထိကရာထူး အဆင့်ရှိသဖြင့် လူငယ်လူရွယ်များကြား တိုးတက်မှု အလားအလာရှိသူဟု သတ်မှတ်နိုင်သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ဟွမ်ဖန်က ဝူပင်းကို အိမ်သို့ ဖိတ်ခေါ်ကာ နှစ်ဖက်စလုံး တရားဝင် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန် စီစဉ်ထားခြင်း ဖြစ်သည်။
လီကျစ်ယွဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှီလဲ့က မကျေမနပ်ဖြင့် မေးလိုက်သည်။ “အဲဒါဆို မင်း ဒီနေ့ အိမ်မှာနေပြီး လူတွေ့စကားပြောဖို့ စောင့်နေတာပေါ့ ဟုတ်လား”
လီကျစ်ယွဲ့သည် ရှီလဲ့၏ လေသံကြောင့် သဘောကျသွားပြီး တခစ်ခစ် ရယ်မောလိုက်မိသည်။ “အဲဒီလိုမျိုး နားလည်ရင်လည်း ရတာပါပဲ ဒါကြောင့် နောက်အပတ်မှပဲ တွေ့ကြရအောင်နော်” ဤသို့ပြောပြီးနောက် လီကျစ်ယွဲ့သည် ဖုန်းချပစ်လိုက်တော့သည်။
သို့သော်လည်း ဖုန်းချပြီးနောက်တွင် လီကျစ်ယွဲ့၏ စိတ်ထဲ၌ မရေမရာ ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။ လမင်းကန် အနီးတွင် ရှီလဲ့သည် သူမကို ‘ကျန်းဖန်’ ၏ လက်ထဲမှ ကယ်တင်ပေးခဲ့ပြီး အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝအကြောင်း မဟုတ်မမှန် စကားအချို့ကို ပြောဆိုခဲ့ဖူးသည်။ ရှီလဲ့က သူမကို စနောက်နေခြင်းသာဖြစ်ကြောင်း သူမ သိသော်လည်း၊ ရှီလဲ့၏ ပုံရိပ်မှာ လီကျစ်ယွဲ့၏ နှလုံးသားထဲတွင် မလွဲမသွေ သဲလွန်စတစ်ခု ချန်ထားခဲ့ပြီ ဖြစ်သည်။
သူရဲကောင်းက အလှပဂေးကို ကယ်တင်သည့် ဖြစ်ရပ်ဆိုသည်မှာ ဘယ်တော့မှ အလွယ်တကူ မေ့ပျောက်နိုင်စရာ အကြောင်းမရှိပေ။
လီကျစ်ယွဲ့သည် သူမ၏ လက်ထဲရှိ စာအုပ်ကို ဘေးသို့ချလိုက်ပြီး ဝရံတာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ အပြင်ဘက်ရှိ လေပြေထဲတွင် လှုပ်ခတ်နေသော စိမ်းစိုသည့် သစ်ပင်ကြီးများကို ကြည့်ရင်း သူမသည် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“ငါမွေးဖွားချိန်မှာ မင်းမမွေးသေးဘူး မင်းမွေးဖွားချိန်မှာ ငါအိုမင်းခဲ့ပြီလေ၊ မင်း နောက်ကျမှ မွေးဖွားလာခြင်းကို ငါမုန်းတီးမိသလို၊ ငါ စောစီးစွာ မွေးဖွားခဲ့ခြင်းကိုလည်း မင်း မုန်းတီးနေမှာပဲ... ငါတို့ တစ်ချိန်တည်းမှာ အတူတူ မွေးဖွားမလာခဲ့ရတာကိုပဲ ဝမ်းနည်းမိပါရဲ့.. ဒါဆိုရင်တော့ မင်းနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရမှာပေါ့...”
ဂျင်းယာဥယျာဉ်အတွင်း၌မူ၊ ရှီလဲ့သည် ဖုန်းနားကြပ်မှ ထွက်ပေါ်လာသော အချက်ပြသံ ကို နားထောင်ရင်း ရုတ်တရက် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူသည် ကွန်ပျူတာစားပွဲပေါ်မှ သော့တွဲ၊ ဘဏ်ကတ်နှင့် အကြွေစေ့အချို့ကို ကောက်ယူကာ အပြင်သို့ ဝုန်းဒိုင်းကြဲ၍ ပြေးထွက်ခဲ့တော့သည်။
အောက်ထပ်ရှိ အများသုံး ကားပါကင်တွင် ရှီလဲ့သည် အဖြူရောင် အော်ဒီကားထဲသို့ ဝင်ရောက်ကာ အင်ဂျင်နှိုးလိုက်ပြီး အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားခဲ့သည်။
သူသည် လီကျစ်ယွဲ့၏ အိမ်သို့ ချက်ချင်း သွားနေခြင်းမဟုတ်ဘဲ၊ ရှားပူခရိုင်သို့ ဦးတည်နေခြင်း ဖြစ်သည်။ ရှီလဲ့သည် ရှားပူခရိုင်သို့ သွားရောက်ကာ သင့်တော်သော အဝတ်အစားတစ်စုံနှင့် လက်ဆောင်အချို့ကို ဝယ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်း ဖြစ်သဖြင့် လက်ဗလာနှင့် သွားရန် မသင့်တော်ပေ။ ထို့ပြင် သူ၏ လက်ရှိ အဝတ်အစားများမှာ လမ်းဘေးဆိုင်မှ ဝယ်ထားသော တန်ဖိုးနည်း ပစ္စည်းများချည်း ဖြစ်ရာ၊ ဤအဝတ်အစားများနှင့် လီကျစ်ယွဲ့၏ မိဘများနှင့် သွားရောက်တွေ့ဆုံရန် မသင့်တော်သည် မဟုတ်ပါလား။
စကားပုံတစ်ခု ရှိပေသည် ‘လူမှာအဝတ်၊ တောင်းမှာအကွတ်’ ဟူ၍ ဖြစ်သည်။ ရှီလဲ့အနေဖြင့် အဝတ်အစားများကို ဂရုမစိုက်သော်လည်း၊ အခြားသူများကလည်း ဂရုမစိုက်ဘူးဟု မဆိုနိုင်ပေ။ အထူးသဖြင့် လီကျစ်ယွဲ့၏ အိမ်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သဖြင့် ရှီလဲ့အနေဖြင့် သူမ၏ မိဘများအပေါ် အကောင်းဆုံး အထင်အမြင် ချန်ထားနိုင်ရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။
အကယ်၍ သူ၏ အဝတ်အစားများကြောင့် လီကျစ်ယွဲ့၏ မိဘများအပေါ် မကောင်းသော အထင်အမြင် သွားရောက်ဖြစ်ပေါ်စေခဲ့ပြီး သူ၏ ပြိုင်ဘက်အတွက် အားသာချက် ဖြစ်သွားခဲ့မည်ဆိုပါက ၎င်းမှာ တကယ့်ကို ကြီးမားလှသော အဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
အဖြူရောင် အော်ဒီကားလေးသည် ယာဉ်ကြောပိတ်ဆို့မှုများအကြား ဖြတ်သန်းမောင်းနှင်သွားခဲ့ပြီး၊ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရှီလဲ့သည် ရှားပူခရိုင်၏ စီးပွားရေးဇုန်ထဲသို့ ဝင်ရောက်သွားခဲ့တော့သည်။