အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း (၁၆၁)
ဥက္ကဋ္ဌ လင်ဂျင်ယုံက ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်။
"ငါ ကိုရီးယားကို ပြန်လာတော့မယ်"
"EUဘက်ကို သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
သူက ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အဓိကရှယ်ယာရှင်တွေဖြစ်တဲ့ ဥရောပပင်စင်ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး CarOS နဲ့ ရှယ်ယာလဲလှယ်ဖို့ ဆွဲဆောင်စည်းရုံးဖို့ စီစဉ်ထားတာပါ။
"အဲဒီကိုသွားဖို့ မလိုတော့ဘူး"
"ဘာဖြစ်လို့လဲခင်ဗျ"
ဥက္ကဋ္ဌ လင်ဂျင်ယုံက ရယ်သံလေးနဲ့ ပြောတယ်။
"မကြာခင် သိရမှာပါ။ ဒါဆို ကိုရီးယားမှာ တွေ့ကြတာပေါ့"
တစ်ရက်တောင် မပြည့်ခင်မှာပဲ သူဘာကိုဆိုလိုလဲဆိုတာ ကျွန်တော် နားလည်သွားခဲ့တယ်။
ဆိုဆောင်း အီလက်ထရောနစ်က သာမန်ရှယ်ယာ ၂ ရာခိုင်နှုန်းနဲ့ ဦးစားပေးရှယ်ယာ ၈ ရာခိုင်နှုန်းကို Berkshire Hathaway ဆီ block deal (အစုလိုက်အပြုံလိုက် အရောင်းအဝယ်) အဖြစ် ရောင်းချဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့တာပါ။
ငွေကြေးသမိုင်းတစ်လျှောက်မှာ ရင်းနှီးမြှုပ်နှံသူအမြောက်အမြားက ဈေးကွက်နဲ့ အကျိုးအမြတ်နှုန်းတွေအပေါ် စိန်ခေါ်တိုက်ပွဲဝင်ခဲ့ ကြတယ်။ အဲဒီထဲကမှ ကြီးမားတဲ့အောင်ပွဲတွေ ရရှိခဲ့သူတွေဟာ မဟာရင်းနှီးမြှုပ်နှံသူကြီးတွေ ဖြစ်လာခဲ့ကြတာပါ။
သမိုင်းမှာ အကြီးကျယ်ဆုံး ရင်းနှီးမြှုပ်နှံသူက ဘယ်သူလဲလို့ မေးရင် အမြင်တွေ ကွဲပြားနိုင်ပေမဲ့ လက်ရှိအချိန်မှာ အစွမ်းထက်ဆုံး ရင်းနှီးမြှုပ်နှံသူက ဘယ်သူလဲလို့ မေးရင်တော့ အားလုံးက ဝါရင် ဘတ်ဖတ်ကိုပဲ လက်ညှိုးထိုးကြပါလိမ့်မယ်။
ကလေးဘဝကတည်းက ရင်းနှီးမြှုပ်နှံမှုမှာ ထူးခြားတဲ့ပါရမီကို ပြသခဲ့တဲ့ ဝါရင် ဘတ်ဖတ်က အသက် ၃၀ ကျော်မှာ Berkshire Hathaway လို့ခေါ်တဲ့ အထည်အလိပ်ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး အိုင်တီ၊ ဘဏ္ဍာရေး၊ အာမခံနဲ့ ကုန်ထုတ်လုပ်မှု နယ်ပယ်အသီးသီးက ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ဝယ်ယူကာ holding company (မိခင်ကုမ္ပဏီကြီး) အဖြစ် ကြီးထွားလာအောင် လုပ်ဆောင်ခဲ့တယ်။
အခု ဆယ်စုနှစ်တွေကြာပြီးနောက် Berkshire Hathaway က အမေရိကန်မှာ ဈေးကွက်တန်ဖိုးအရ ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်လာခဲ့ပြီး ၎င်းရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ သန်း ၅သိန်း နီးပါး ရှိနေတာပါ။
အယ်လီက အံ့ဩတကြီးနဲ့ ပြောတယ်။
"ဝါရင် ဘတ်ဖတ်က ဆိုဆောင်း အီလက်ထရောနစ်မှာ ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
"အမှန်ပဲ"
သာမန်ရှယ်ယာ ၂ ရာခိုင်နှုန်းနဲ့ ဦးစားပေးရှယ်ယာ ၈ ရာခိုင်နှုန်းဆိုတာ ဝမ် သိန်းပေါင်း ၈ ကုဋေကျော်ပါတယ်။
ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ သူက ဒီလိုဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာလား။ ဒါမှမဟုတ် အရင်ကတည်းက ဆွေးနွေးမှုတွေ ရှိနေခဲ့တာလား။
CarOS နဲ့ ရှယ်ယာလဲလှယ်မှု ကြေညာပြီးနောက်မှာတောင် ဥက္ကဋ္ဌ လင်ဂျင်ယုံက ကုမ္ပဏီရဲ့ ရှယ်ယာတချို့ကို ပြန်လည်ဝယ်ယူဖို့ ဖိအားပေးမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့ Berkshire Hathaway နဲ့ block deal လုပ်လိုက်တာက ရှယ်ယာပြန်ဝယ်တာထက် ပိုပြီး ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခု ဖြစ်ခဲ့တယ်။
ရောင်းချတဲ့ပမာဏကို အတိအကျ ထုတ်မပြောပေမဲ့ ဈေးကွက်ပေါက်ဈေးထက် ပိုများတာကတော့ သေချာပါတယ်။
အရှိန်အဝါကြီးမားလှတဲ့ ရင်းနှီးမြှုပ်နှံသူ ပါရမီရှင်အဖြစ် လူသိများတဲ့ ဝါရင် ဘတ်ဖတ်က ရင်းနှီးမြှုပ်နှံတာဖြစ်လို့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ကြီးထွားမှုကို အာမခံချက်ပေးလိုက်သလိုပါပဲ။
ဆိုဆောင်း အီလက်ထရောနစ်က ရှယ်ယာရောင်းရငွေအားလုံးကို အလိုအလျောက်မောင်းနှင်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ပြီး ဝါရင် ဘတ်ဖတ်ကလည်း သူရင်းနှီးမြှုပ်နှံရတဲ့ အကြောင်းရင်းကို ရှယ်ယာရှင်တွေဆီ စာပေးပို့ ရှင်းလင်းခဲ့တယ်။
CarOS က လက်ရှိမှာ အလိုအလျောက်မောင်းနှင်မယ့် မော်တော်ယာဉ်တွေကို အမြောက်အမြား ထုတ်လုပ်နေပြီး လျှပ်စစ်ကားဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတာပါ။ လာမယ့်နှစ်ကစပြီး ရက်စ်ဘဲ မှာ တည်ဆောက်နေတဲ့ လျှပ်စစ်ကားနဲ့ ဘတ္ထရီစက်ရုံတွေ ပြီးစီးသွားတာနဲ့ လျှပ်စစ်ကားထုတ်လုပ်မှုကို အပြည့်အဝ စတင်တော့မှာပါ။
ကံမကောင်းစွာပဲ CarOS က အများပိုင်ကုမ္ပဏီမဟုတ်ဘဲ OTK Company က ရှယ်ယာအများစုကို ကိုင်ထားတာကြောင့် ရှယ်ယာကို တိုက်ရိုက်ဝယ်ဖို့ ခက်ခဲပါတယ်။
ဒါပေမဲ့ ဆိုဆောင်း အီလက်ထရောနစ်က လက်ရှိမှာ CarOS ရဲ့ ရှယ်ယာ ၁၀.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ၁၄ ရာခိုင်နှုန်းကို ထပ်မံလဲလှယ်ခွင့် ရှိနေပါတယ်။ ဆိုဆောင်းအုပ်စုက အလိုအလျောက်မောင်းနှင်မှုနဲ့ လျှပ်စစ်ကားနယ်ပယ်မှာ CarOS ရဲ့ အရေးအကြီးဆုံး ပါတနာလည်း ဖြစ်ပါတယ်။
CarOS ကြီးထွားမှုရဲ့ အကြီးမားဆုံး အကျိုးအမြတ်ရရှိမယ့်သူက ဆိုဆောင်း အီလက်ထရောနစ် ဖြစ်လာမှာပါ။ ဒါကြောင့် အခွင့်အရေးရရင် ရသလို ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာတွေကို ထပ်မံတိုးမြှင့်သွားဖို့ စီစဉ်နေတာပါ။
ပြောတဲ့သူရဲ့ ရာထူးနေရာက ပြောတဲ့စကားလုံးတွေရဲ့ အကြောင်းအရာလိုမျိုးပဲ အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး တူညီတဲ့ စကားလုံးတွေရဲ့ အလေးချိန်က ကွာခြားသွားတတ်တာပါ။
"အရှိန်အဝါကို အသုံးချပြီး ဆွဲဆောင်ခြင်း" ဆိုတဲ့ စကားစု ရှိနေတာက အကြောင်းမဲ့ မဟုတ်ပါဘူး။
ဝါရင် ဘတ်ဖတ်ရဲ့ မှတ်ချက်စကားတွေက နည်းပညာရှင်းလင်းပွဲထက် ပိုပြီး ကြီးမားတဲ့ ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့တယ်။
လက်ရှိအချိန်မှာဆိုရင် California မှာက အလိုအလျောက် မောင်းနှင်ခွင့်ကိုစမ်းသပ်ထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ ကုမ္ပဏီ စုစုပေါင်း ၂၀ ရှိပေမဲ့ အဲ့ဒီကုမ္ပဏီတွေထဲက ၁၀ ခုခန့်ကပဲ အမှန်တကယ် စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်နေတာပါ။
အရင်ကတော့ ကုမ္ပဏီအများအပြားက ဦးဆောင်ခွင့်ရဖို့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ကြပေမဲ့ အခုတော့ CarOS က ပထမနေရာကို အပြတ်အသတ် ရယူလိုက်ပြီး ကျန်တဲ့ကုမ္ပဏီတွေကို ဒုတိယနေရာမှာပဲ ပြတ်ကျန်ခဲ့အောင် လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
အလိုအလျောက်မောင်းနှင်မှု နည်းပညာမြှင့်တင်ရေး ကုမ္ပဏီတွေနဲ့ မော်တော်ယာဉ် ရှယ်ယာတွေ အားလုံး ကျဆင်းသွားခဲ့တယ်။
အထူးသဖြင့် Nikola က အပြင်းထန်ဆုံး ထိခိုက်ခဲ့တာပါ။ Nikola ရဲ့ ရှယ်ယာက တစ်ရက်ထဲတင် ၅.၅ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း ၃ ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်။
Nikola က ယခင်က လူသေဆုံးမှုဖြစ်စေခဲ့တဲ့ မတော်တဆမှုတွေ ရှိခဲ့ပေမဲ့ သူ့ရဲ့ လျှပ်စစ်ကားနည်းပညာနဲ့ အလိုအလျောက်မောင်းနှင်မှုစနစ် Autopilotကြောင့် ဆန်းသစ်တီထွင်တဲ့ ကားကုမ္ပဏီတစ်ခုအဖြစ် တစ်ချိန်က သတ်မှတ်ခံခဲ့ရတာပါ။
ဒါပေမဲ့ အခုတော့ နယ်ပယ်နှစ်ခုစလုံးမှာ အစွမ်းထက်တဲ့ ပြိုင်ဘက်တွေ ပေါ်ထွက်လာခဲ့ပါပြီ။
ဆန့်ကျင်ဘက်အနေနဲ့ ဝါရင် ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကြေညာချက်ထွက်လာပြီးနောက် ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာက ၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ဈေးကွက်တန်ဖိုးက ဝမ် သိန်းပေါင်း ၃၂၀ ကုဋေအထိ ရှိလာခဲ့တယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေဖြစ်တဲ့ ဆိုဆောင်း SB နဲ့ CarOS ရဲ့ ပါတနာတွေရဲ့ ရှယ်ယာဈေးတွေလည်း မြင့်တက်လာခဲ့တာပါ။
CarOS ဆီကို ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတဲ့ ဖုန်းခေါ်ဆိုမှုတွေ ဒလဟောဝင်လာခဲ့တယ်။ အရင်က ကျောခိုင်းသွားခဲ့တဲ့ အရောင်းကိုယ်စားလှယ်တွေကလည်း အမြတ်ဝေစု မတိုးဘဲ ကားအသစ်တွေကို ရောင်းချပေးချင်တယ်ဆိုပြီး ပြန်လည်ဆက်သွယ်လာကြတယ်။
ဒါရီလ်ကတော့ လက်ရှိ ပါတနာတွေကလွဲလို့ နောက်ထပ် ပေးသွင်းမယ့် ကုမ္ပဏီအသစ်တွေ မရှိသေးကြောင်း ရှင်းလင်းပြောကြားခဲ့တယ်။
M Pizza ရဲ့ စီအီးအို မိုင်လို ဖရီးမန်းနဲ့ ဟိုတယ်အစည်းအဝေးခန်းတစ်ခုမှာ ကျွန်တော် တွေ့ဆုံခဲ့တယ်။
"မတွေ့ရတာ ကြာပြီနော်။ နေကောင်းရဲ့လား"
"ကောင်းပါတယ်ရှင်"
M Pizza က ဆန်ဖရန်စစ္စကိုနဲ့ ကာလီဖိုးနီးယားကို ကျော်လွန်ပြီး အရှေ့ဘက်ကမ်းရိုးတန်းတစ်ခုလုံးအထိ ရောက်ရှိကာ အဆန်းသစ်ဆုံး ပီဇာကုမ္ပဏီအဖြစ် ချီးကျူးခံနေရတာပါ။
အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတုန်းကတည်းက အယ်လီက အတူရှိခဲ့တာဖြစ်လို့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မှတ်မိကြပါတယ်။
"သတင်းကိုဖတ်ပြီး ဒီမှာရှိနေမှန်း သိလိုက်ရတာ။ Silicon Valley ကို လာတုန်းက ဆက်သွယ်လိုက်တာမဟုတ်ဘူး"
"နှောင့်ယှက်သလို ဖြစ်သွားမှာစိုးလို့ပါ"
အဓိက ရှယ်ယာရှင်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ရောက်လာတာက ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုး ဖြစ်လိုက်မလဲ။
ကျွန်တော်တို့ ထိုင်လိုက်တာနဲ့ တပြိုင်ထဲ မိုင်လိုက သူလာရတဲ့ အကြောင်းရင်းကို ချက်ချင်း ပြောပြတယ်။
နည်းပညာတိုးတက်မှုက ပို့ဆောင်ရေးစနစ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။ ကုမ္ပဏီတော်တော်များများက အလိုအလျောက်မောင်းနှင်စနစ်နဲ့ ဒရုန်းတွေကို သုံးပြီး ပို့ဆောင်မှုတွေကို စမ်းသပ်နေကြပါပြီ။
M Pizza နဲ့ တခြားပီဇာဆိုင်တွေရဲ့ အဓိကကွာခြားချက်ကတော့ ပို့ဆောင်နေစဉ်အတွင်း ကားထရပ်ကားထဲမှာတင် ပီဇာကို ဖုတ်တာပါ။
အလိုအလျောက်မောင်းနှင်စနစ် ရှိရင်တောင် အနည်းဆုံး လူတစ်ယောက်တော့ ကားထဲမှာ ရှိနေရဦးမှာ ဖြစ်ပေမဲ့ ကားမောင်းနေတုန်း တခြားအလုပ်တွေကို လုပ်ဆောင်နိုင်မှာလေ။ ရေရှည်မှာတော့ လူမဲ့ပို့ဆောင်ရေးစနစ်တစ်ခုကို ဖန်တီးနိုင်ပါ လိမ့်မယ်။
ထုတ်လုပ်မှု ကုန်ကျစရိတ်က ကြီးမားတာကြောင့် ကားအသစ်ထုတ်လုပ်ရေးထဲကို ချက်ချင်း ခုန်ဝင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စမ်းသပ်မော်တော်ယာဉ်တွေ ဖန်တီးတုန်းကလိုမျိုး လက်ရှိထရပ်ကားတွေကို အလိုအလျောက်မောင်းနှင်မှု မော်ဂျူးတွေ တပ်ဆင်ဖို့ ပြုပြင်မွမ်းမံတာကတော့ လုပ်ဖို့ဖြစ်နိုင်လောက်ပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး အတူတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စီအီးအို ဒါရီလ်ကို သေချာပေါက် အကြောင်းကြားပေးပါ့မယ်"
ကျွန်တော့်စကားကြောင့် မိုင်လိုရဲ့ မျက်နှာက ဝင်းပသွားခဲ့တယ်။
"ကျေးဇူးတင်ပါတယ်"
မိုင်လို ထွက်သွားပြီးနောက် လူဖြူလူငယ်နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ တစ်ယောက်က ဆံပင်ကောက်ကောက် မျက်မှန်နဲ့ လူပုလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ မုတ်ဆိတ်မွေး ထူထူထဲထဲနဲ့ ဝဝလင်လင် လူတစ်ယောက်ပါ။
သူတို့က တခြားသူတွေမဟုတ်ဘဲ Faceit ကို ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ တိုဘီ စထရောင်းနဲ့ ဂျရက် ဘေကွန် တို့ ဖြစ်ကြပါတယ်။
"မတွေ့ရတာ ကြာပြီနော်"
"တွေ့ရတာ ဝမ်းသာပါတယ်"
တိုဘီက ပိုပြီး ပိန်သွားပုံရပြီး ဂျရက်ကတော့ ဝလာပုံရတယ်။
သူတို့ကို အစဆုံးတွေ့တုန်းကတော့ အနောက်တိုင်း အိုတာကူတွေနဲ့ တူပေမဲ့ အခုတော့ အောင်မြင်တဲ့ အနောက်တိုင်း အိုတာကူတွေလို့ ခံစားနေရပါပြီ။
တူညီသလို ရှိပေမဲ့ သိမ်မွေ့တဲ့ ကွာခြားချက်တစ်ခု ရှိနေတာပါ။
မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ သူတို့နှစ်ယောက်စလုံးက အရွယ်ရောက်ပြီးသူများ ကြည့်ရှုသည့် အပြာကား သရုပ်ဆောင်တွေနဲ့ လွတ်လပ်စွာ တွဲခုတ်ပြီး ရုပ်ရှင်ဆန်ဆန် ဘဝမျိုးကို ဖြတ်သန်းနေကြတာ ဖြစ်လို့ ဒုတိယမြောက် လာရီဖလင့် ဒါမှမဟုတ် ဟျူးဟက်ဖ်နာ ဆိုတဲ့ အမည်ပြောင်တွေ ရရှိကာ အမေရိကန်အမျိုးသား အများအပြားရဲ့ အားကျမှုကို ခံနေရပါတယ်။
(လာရီဖလင့်နဲ့ဟျူးဟက်ဖ်နာဆိုတာ အပြာလောကရဲ့ ထိပ်သီးစီးပွားရေးသမားတွေပါ)
အယ်လီက ကျွန်တော့်နားကို တိုးပြီး တိုးတိုးလေး ကပ်ပြောတယ်။
"ကန်ဂျင်ဟူ... နင် အားကျနေတာတော့မဟုတ်ပါဘူးနော်"
"...အားကျစရာလား"
ကျွန်တော် အားကျနေရင်တောင် အားကျတယ်လို့ ဝန်ခံလို့မဖြစ်ဘူးလေ။
Faceit က သူတို့ရဲ့ ဗီဒီယိုဝန်ဆောင်မှုကရတဲ့ အမြတ်အစွန်းတွေပေါ် အခြေခံပြီး အင်တာနက် ထုတ်လွှင့်မှုလုပ်ငန်းထဲကို ချဲ့ထွင်ခဲ့တယ်။ သူတို့က နာမည်ကြီး အရွယ်ရောက်ပြီးသူများ ကြည့်ရှုသည့် သရုပ်ဆောင်တွေနဲ့ ပရိသတ်တွေ အပြန်အလှန် စကားပြောနိုင်မယ့် ချန်နယ်တွေကို ဖန်တီးပြီး ကြီးမားတဲ့ ရေပန်းစားမှုကို ရရှိခဲ့တယ်။
ဒါကို ကိုရီးယားမှာ လုပ်ရင် ဆိုက်ပိတ်ခံရပြီး လုပ်ဆောင်သူတွေလည်း အဖမ်းခံရမှာ ဖြစ်ပေမဲ့ အမေရိကန်မှာတော့ အပြာကားတွေက တရားဝင်ဖြစ်လို့ ပြဿနာမရှိပါဘူး။
သူတို့က လက်ရှိ အပြာကားထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး VR အပြာကားတွေ ဖန်တီးဖို့လည်း အလုပ်ရှုပ်နေကြတယ်။
သူတို့ကို ပထမဆုံးတွေ့တုန်းကတော့ အပြာကားလုပ်ငန်းရဲ့ ထိပ်ဆုံးကို ရောက်အောင်သွားမယ်လို့ သူတို့တွေဟာ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့ကြတာပါ။ အခု နှစ်နှစ်အကြာမှာတော့ အဲဒီစကားက လက်တွေ့ဖြစ်လာခဲ့ပါပြီ။
ဂျရက်က အရင်ဆုံး စကားစတယ်။
"အလိုအလျောက်မောင်းနှင်မှု နည်းပညာ ရှင်းလင်းပွဲကို ကြည့်ပြီးပြီ။ မောင်းတဲ့လူက ကားမောင်းမယ့်အစား တခြားအလုပ်တွေ လုပ်နိုင်တယ်လို့ ပြောတယ်နော်။ ဒါပေမဲ့ သူတို့က ကားထဲမှာ ဘာလုပ်ကြမှာလဲ"
တိုဘီက စိတ်လှုပ်ရှားစွာနဲ့ ဝင်ပြောတယ်။
"အပြာကား ကြည့်ကြမှာပေါ့ဗျာ။ ကားထဲမှာတင် အပြာကားကြည့်လို့ရတဲ့ ခေတ်ကို ရောက်လာပြီလေ"
"ဗျာ..."
"ကားကို ထုတ်လုပ်တဲ့အခါ အပြာကားပါဝင်တဲ့ ဗားရှင်းအသစ်ကိုပါ တစ်ခါထဲ ထည့်သွင်းပေးလိုက်ရင် ဘယ်လိုလဲ"
"..."
ဒါက ဘာလျှောက်ပြောနေတာလဲ။
"ကားက အသက်အရွယ်အပိုင်းအခြားအလိုက် အပြည့်အဝ ပိတ်ဆို့ထားလို့ရတဲ့ နေရာတစ်ခုမဟုတ်လို့ အပြာကားကြည့်ဖို့က အဆင်မပြေလောက်ဘူး။ ပြီးတော့ အပြာကားဆိုတာ ကြည့်ရုံတင် ကြည့်တာမှ မဟုတ်တာ"
အဲဒီစကားကြောင့် အယ်လီက ခေါင်းစောင်းပြီး မေးတယ်။
"ကြည့်ရုံတင် မဟုတ်ရင် ဘာလုပ်သေးလို့လဲ"
တိုဘီက သဘာဝကျကျပဲ ပြန်ဖြေတယ်။
"ပုံမှန်အားဖြင့်တော့ တခြားအရာတစ်ခုခု လုပ်ကြတာပေါ့"
အယ်လီက ကျွန်တော့်ကို အပြစ်ကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။
"ဘာကို ဆိုလိုတာလဲဟင်"
"အဲဒါက..."
ဒါကို ဘယ်လိုရှင်းပြရမလဲ။
အဲဒီအချိန်မှာ ကျွန်တော် စကားလုံး ပျောက်ဆုံးသွားခဲ့ပြီး အယ်လီက နားလည်သွားတဲ့ပုံစံနဲ့ လက်ခုပ်တီးလိုက်တယ်။
"အာ….ဝင်းနုတာကို ပြောတာလား"
ကျွန်တော် ချက်ချင်း ဝင်တားလိုက်တယ်။
"တော်ပြီ။ တော်ပြီ။ ဆက်ပြောဖို့ မလိုတော့ဘူး"
အယ်လီက နောက်ပြောင်တဲ့ သဘောနဲ့ ပြောတယ်။
"အို... ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ"
သူ ကျွန်တော့်ကို စနောက်နေတာ ထင်ပါတယ်။
မဖြစ်နိုင်ဘူးလို့ ကြားလိုက်ရလို့လားတော့ မသိဘူး။ အရင်ကနဲ့မတူဘဲ သူတို့နှစ်ယောက်စလုံးရဲ့ မျက်နှာက ညှိုးငယ်သွားကြတယ်။ စိတ်လှုပ်ရှားစွာနဲ့ အပြေးအလွှား လာခဲ့ကြတာမလို့ နားလည်ပေးလို့ ရပါတယ်။
ကျွန်တော် သူတို့ကို ပြောလိုက်တယ်။
"ငါက အပြာကားတွေကို တိုက်ရိုက် မပံ့ပိုးပေးနိုင်ပေမဲ့ Faceit ရဲ့ နည်းပညာကို အသုံးချနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်"
တိုဘီက မေးတယ်။
"ဘာများလဲဗျ"
Faceit ရဲ့ အားသာချက်က အပြာကားအမျိုးအစား စုံလင်တာကြောင့် မဟုတ်ဘဲ ဆန်းပြားတဲ့ အကြံပြုချက် algorithm စနစ်ကြောင့်ပါ။ စျေးဝယ်သူတွေက မိမိတို့အကြိုက်နဲ့ ကိုက်ညီတဲ့ အပြာကားတွေကို အလွယ်တကူ ရှာဖွေနိုင်တာကြောင့် ပိုက်ဆံကို လိုလိုလားလား သုံးစွဲကြတာပါ။
Faceit ပိုင်ဆိုင်တဲ့ အဲဒီ algorithm စနစ်က ကားရဲ့ infotainment (အချက်အလက်နှင့် ဖျော်ဖြေရေးစနစ်) မှာ သေချာပေါက် အသုံးချနိုင်ပါတယ်။
လက်ရှိဥပဒေအရ ကားမောင်းနေစဉ် ဗီဒီယိုကြည့်ရှုခြင်းကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ကားရဲ့ infotainment က များသောအားဖြင့် သီချင်းနားထောင်တာ ဒါမှမဟုတ် ရေဒီယိုနားထောင်တာလောက်ပဲ ပါဝင်ပါတယ်။
ဒါပေမဲ့ စည်းမျဉ်းတွေ ပြောင်းလဲသွားရင် သတင်းတွေ၊ ရုပ်ရှင်တွေ ကြည့်နိုင်မှာဖြစ်သလို ဂိမ်းတွေတောင် ဆော့နိုင်မှာဖြစ်လို့ ဈေးကွက်က အများကြီး ကျယ်ပြန့်လာပါလိမ့်မယ်။
"အခုလောလောဆယ်တော့ စည်းမျဉ်းတွေကြောင့် မဖြစ်နိုင်သေး ပေမဲ့ အနာဂတ်မှာ ကားထဲမှာ ပျော်ရွှင်နိုင်မယ့် content တွေ လိုအပ်လာလိမ့်မယ်။ အိမ်မှာ လှဲနေရင်း ကြည့်တာနဲ့ ကားမောင်းရင်း ကြည့်တာက အများကြီး ကွာခြားသွားမှာပါ။ ဥပမာ ခရီးသွားချိန်နဲ့ တည်နေရာကို ထည့်သွင်းစဉ်းစားပြီး သင့်တော်တဲ့ content တွေကို အကြံပြုပေးလို့ ရတယ်။ ခရီးဝေးထွက်ဖို့အတွက် ရုပ်ရှင် ဒါမှမဟုတ် ဒရမ်မာတွေကို အကြံပြုနိုင်ပြီး ခရီးတိုတွေအတွက်တော့ ဟာသ ဒါမှမဟုတ် ဖျော်ဖြေရေးအစီအစဉ်တွေက ပိုကောင်းလောက် မယ်လေ။ ပြီးတော့ ခရီးသွားနေတယ်ဆိုရင်လည်း ရောက်ရှိမယ့်နေရာရဲ့ အချက်အလက်တွေကို ပြသပေးလို့ ရတယ်"
Faceit က အပြာကားလုပ်ငန်းမှာ အသန်မာဆုံး ဖြစ်နေပေမဲ့ အွန်လိုင်း ဗီဒီယို ဝန်ဆောင်မှု ဈေးကွက်ကိုတော့ Netflix နဲ့ YouTube လိုမျိုး ကုမ္ပဏီကြီးတွေကပဲ စိုးမိုးထားဆဲပါ။
ဒါပေမဲ့ အခုတော့ ကားရဲ့ infotainment နဲ့အတူ အခွင့်အရေးအသစ်တစ်ခု ပွင့်လင်းလာခဲ့ပါပြီ။
အယ်လီကလည်း သူ့အမြင်ကို ဝင်ပြောတယ်။
"ပညာရေးဆိုင်ရာ content တွေကော ဘယ်လိုလဲ။ ဟောင်ကောင်နဲ့ ကိုရီးယားက လူတော်တော်များများက ကားမောင်းရင်း အင်္ဂလိပ်စာ လေ့လာကြတယ်။ အမေရိကန်တွေကလည်း တခြားနိုင်ငံခြား ဘာသာစကားတွေကို လေ့လာချင်ကြသလို အမေရိကန်က ရွှေ့ပြောင်းနေထိုင်သူတွေကလည်း အင်္ဂလိပ်စာကို လေ့လာချင်ကြ တာပဲလေ"
ကျွန်တော် လက်ဖျောက်တီးလိုက်တယ်။
"အဲဒါ တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ"
ဘယ်ဟာကမှ ပညာရေးဆိုင်ရာ content တွေလောက် ပိုက်ဆံ မရှာနိုင်ပါဘူး။ ကိုရီးယားက နှစ်စဉ် ကျူရှင်တွေ၊ ပြင်ပပညာရေးတွေအတွက် ပိုက်ဆံ ဘယ်လောက်အထိ သုံးစွဲနေလဲဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
" ကားရဲ့ infotainment အတွက် အနာဂတ်ဈေးကွက်တန်ဖိုးက အပြာကားလုပ်ငန်းထက်တောင် ကျော်လွန်သွားနိုင်လောက်တယ်။ ဘာလို့ စမ်းမကြည့်ရမှာလဲ"
ကျွန်တော့်စကားကြောင့် တိုဘီရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့တယ်။
"သဘာဝကျပါတယ်။ သဘောပေါက်ပြီ"
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် အယ်လီက ပြောတယ်။
"အံ့ဩစရာ မကောင်းဘူးလား။ မောင်းတဲ့လူက ကားမောင်းဖို့ မလိုတော့ဘူးဆိုရင် ကားထဲမှာ လုပ်နိုင်တဲ့အရာတွေက အများကြီး ရှိလာမှာပဲနော်"
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
"အနာဂတ်မှာ အရာအားလုံးက ဒီထက်မက ပြောင်းလဲသွားဦးမှာပါ"
အမေရိကန်မှာ ရှိနေတဲ့ ရှည်လျားတဲ့ အစီအစဉ်တွေက ပြီးဆုံးသွားခဲ့ပါပြီ။
ကျွန်တော်က ကိုရီးယားကို ပြန်မယ့် လေယာဉ်ကို အယ်လီနဲ့အတူ ဆန်ဖရန်စစ္စကို လေဆိပ်မှာ စောင့်ဆိုင်းနေခဲ့တယ်။ လေယာဉ်ထွက်ခွာဖို့ အချိန်လိုသေးတာကြောင့် နားနေဆောင်မှာ စောင့်နေခဲ့တာပါ။
အယ်လီက ပျင်းကြောဆန့်ရင်း ပြောတယ်။
"အာ... နောက်ဆုံးတော့ ကိုရီးယားကို ပြန်ရတော့မယ်။ ဂျက်စီကာနဲ့ တက်ဂယူကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး"
"အင်းနော်"
အယ်လီက ကျွန်တော့်ကို ကြည့်လိုက်တယ်။
"နင့်မျက်နှာ သိပ်မကောင်းဘူးပဲ။ အဆင်ပြေရဲ့လား"
ကျွန်တော် အဆင်ပြေတယ်လို့ ပြောမလို့ လုပ်ပြီးမှ ခေါင်းခါလိုက်တယ်။
"ငါလည်း သေချာမသိဘူး"
ကျွန်တော့်ခေါင်းက အလိုလို ကိုက်ခဲနေတာ ကြာပြီဖြစ်ပြီး ဗိုက်ထဲမှာလည်း မအီမသာ ခံစားနေရတာပါ။ အားလုံးထက် ပိုဆိုးတာက ဖော်ပြဖို့ ခက်ခဲတဲ့ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေတာပါ။
ဒါက ဘာဖြစ်လို့လဲ။
အယ်လီက စိုးရိမ်တကြီး မေးတယ်။
"အဆင်မပြေရင် မနက်ဖြန်မှ ပြန်မလား။ တစ်ရက်လောက် နောက်ကျပြီး ထွက်ခွာတာက ဘာမှမဖြစ်ပါဘူး"
ဒါက မှန်ပေမဲ့...
ကျွန်တော် အတင်း ပြုံးပြလိုက်တယ်။
"အဆင်ပြေပါတယ်။ မကြာခင် သက်သာသွားမှာပါ"
အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်တက်ဖို့ ကြေညာချက် ထွက်ပေါ်လာခဲ့တယ်။
ကျွန်တော် မတ်တပ်ရပ်လိုက်တဲ့အခါ မျက်စိရှေ့မှာ တစ်ခုခု ဝေဝါးသွားခဲ့ပြီး နားထဲမှာလည်း လေချွန်သံလိုမျိုး ကြားလိုက်ရသလို ခံစားလိုက်ရတယ်။
ဒါက အရင်ကလည်း ကြုံဖူးသလို ခံစားချက်မျိုးပါ။
အဲဒီအချိန်မှာပဲ ကျွန်တော့်ရှေ့မှာ ဟိုလိုဂရမ်တစ်ခု ပေါ်လာခဲ့တယ်။
[ဆန်ဖရန်စစ္စကို ငလျင်]
"........"
ဒါက ဘာလဲဟ။
အယ်လီက ဇဝေဇဝါ မျက်နှာထားနဲ့ မေးတယ်။
"ဘာဖြစ်လို့လဲ ကန်ဂျင်ဟူ"
"ပျက်စီးဆုံးရှုံးမှုက..."
ဒုန်း
ကျွန်တော် အော်ဟစ်ဖို့တောင် အချိန်မရလိုက်ခင်မှာပဲ ကျွန်တော်တို့အောက်က မြေပြင်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ပါတော့တယ်။
အခန်း (၁၆၂)
[အမေရိကန် အနောက်ဘက်ကမ်းခြေမှာ ငလျင်လှုပ်ခတ်]
[ကာလီဖိုးနီးယား ကမ်းလွန်ပင်လယ်ပြင်မှာ ပမာဏ ၆.၇ ရှိတဲ့ ငလျင်လှုပ်။ LAအနီးရှိ အဆောက်အဦးများ တုန်ခါ]
[ဆန်ဖရန်စစ္စကို ငလျင်။ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူ မရှိသေးကြောင်း သတင်းရရှိ]
[ဆန်ဖရန်စစ္စကို လေဆိပ် လေကြောင်းလိုင်းများ ပြတ်တောက်။ လေယာဉ်ခရီးစဉ်များ ဆက်တိုက်ဖျက်သိမ်း]
[ဆန်အန်ဒရီးယပ်စ် ပြတ်ရွေ့ကြောတစ်လျှောက် လှုပ်ရှားမှုလက္ခဏာများ တွေ့ရှိ]
အမေရိကန်အနောက်ပိုင်းက ပစိဖိတ်ငလျင်ရပ်ဝန်းဖြစ်တဲ့ “Ring of Fire” ထဲမှာ ပါဝင်နေတာပါ။ ဒါကြောင့် ကာလီဖိုးနီးယားဒေသက ငလျင်အန္တရာယ်ရှိတဲ့ ဇုန်အဖြစ် သတ်မှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့နှစ်တစ်ခုထဲမှာတင် ပမာဏအမျိုးမျိုးရှိတဲ့ ငလျင်ရှစ်ကြိမ်အထိ လှုပ်ခတ်ခဲ့ဖူးပေမဲ့ အများစုက ကုန်းမြေနဲ့ ဝေးကွာတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တာမလို့ တကယ့်ထိခိုက်ပျက်စီးမှုကတော့ မရှိသလောက်ပါပဲ။
အခုနောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ ကမ်းရိုးတန်းကနေ ကီလိုမီတာ ၁၀၀ နီးပါး ကွာဝေးပြီး အနက်ကလည်း ၁၁ ကီလိုမီတာကျော်မှာ ဗဟိုပြုခဲ့တာဖြစ်လို့ အနည်းငယ် တုန်ခါမှုလောက်ပဲ ရှိခဲ့ပြီး ကြီးကြီးမားမား သက်ရောက်မှုတော့ မရှိခဲ့ပါဘူး။
ငလျင်ပညာရှင်တွေကတော့ ငလျင်လှုပ်ရှားမှုအတွက် စောစောစီးစီး သတိပေးမယ့်စနစ်ကို ပိုပြီးမြှင့်တင်ဖို့ လိုအပ်နေပြီဆိုပြီး ဒီငလျင်ကို အလေးအနက်ထား ပြောဆိုနေကြပေမဲ့ အများပြည်သူကတော့ သိပ်ပြီးဂရုစိုက်ပုံမရပါဘူး။
ယာယီဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေကြောင့် အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးတာမျိုးတော့ မရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်ပြီး မြေပြင်တုန်ခါသွားတဲ့ ထိုခဏမှာတင် ကန်ဂျင်ဟူက လဲကျပြီး သတိလစ်သွားခဲ့တယ်။ သူနဲ့အတူရှိနေတဲ့ အယ်လီက ချက်ချင်းပဲ ၉၁၁ ကို ဖုန်းခေါ်ဆိုခဲ့ပြီး ကန်ဂျင်ဟူကို အနီးနားက ဆေးရုံတစ်ရုံဆီ ချက်ချင်း ပို့ဆောင်လိုက်တယ်။
စစ်ဆေးမှုရလဒ်တွေအရ လဲကျတဲ့ဒဏ်ကြောင့် ဦးနှောက်အနည်းငယ် လှုပ်ခါသွားတာလို့ သိရတယ်။ တာဝန်ခံဆရာဝန်ကတော့ ခဏလောက် အနားယူလိုက်ရင် မကြာခင် နိုးလာလိမ့်မယ်လို့ ပြောခဲ့တာပါ။
ကန်ဂျင်ဟူ သတိလစ်သွားပြီးနောက်မှာ အယ်လီက သူတို့နှစ်ယောက်ဆီ ချက်ချင်း ဆက်သွယ်ခဲ့တယ်။ အစပိုင်းမှာတော့ သူ ချက်ချင်း ပြန်နိုးလာလိမ့်မယ်လို့ပဲ အယ်လီ ထင်ထားခဲ့တာပါ။
ဒါပေမဲ့ တစ်ရက်ကြာတဲ့အထိတောင် သူ နိုးမလာသေးဘူးဆိုတဲ့ သတင်းကို ရရှိတဲ့အခါကျမှ အခြေအနေက ပြင်းထန်နေမှန်း အယ်လီ သဘောပေါက်သွားခဲ့တယ်။
အလုပ်လုပ်နေတဲ့ တက်ဂယူက ဖုန်းလက်ခံရရှိတာနဲ့ တပြိုင်ထဲ ဘေးနားက အဆောက်အဦးမှာရှိတဲ့ ဟျွန်းဂျူးဆီ အပြေးအလွှား သွားခဲ့တယ်။
"မမ။ ကန်ဂျင်ဟူက အခုထိ နိုးမလာသေးဘူးလို့ ပြောတယ်"
ဟျွန်းဂျူးက ခေါင်းငြိတ်လိုက်တယ်။
"ငါလည်း အယ်လီနဲ့ ဖုန်းပြောပြီးပြီ"
ပြန်မနိုးလာသေးတာမလို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အသေးစိတ် စစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ကြပေမဲ့ ထူးခြားတဲ့လက္ခဏာ ဘာမှမတွေ့ရှိခဲ့ပါဘူး။
တစ်စုံတစ်ခု မှားယွင်းနေတာမျိုး ရှိရင်တောင် ကုသပေးလို့ ရဦးမှာပါ။ ဒါပေမဲ့ ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရဘဲနဲ့ အခုထိ နိုးမလာသေးတာဖြစ်လို့ သူတို့လည်း ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေကြတယ်။
"သူ့ကို အတင်းနှိုးလို့ မရဘူးလား"
"သူက ပြင်ပက ဘယ်လိုလှုံ့ဆော်မှုကိုမှ တုံ့ပြန်မှုမရှိဘူးလို့ ပြောတယ်"
လဲကျလို့ ဦးနှောက်အနည်းငယ် လှုပ်ခါသွားတာဆိုရင် သူ မကြာခင် နိုးလာတာက သဘာဝကျပါတယ်။ ဒါဆို သူက ဘာလို့ အခုထိ နိုးမလာသေးတာလဲ။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ဟျွန်းဂျူးက စီကရက်တစ်လိပ်ကို သောက်ရင်း စဉ်းစားနေခဲ့တယ်။ သတင်းတွေ ရောက်လာမယ့်အချိန်အထိ သူတို့ ဒီအတိုင်း အကန့်အသတ်မရှိ စောင့်ဆိုင်းနေလို့တော့ မရပါဘူး။ တော်သေးတာက အယ်လီက သူနဲ့အတူ ရှိနေပေးတာပါ။ ဒါပေမဲ့...
"အခုလောလောဆယ်တော့ အမေရိကန်ကို သွားကြစို့"
တက်ဂယူကလည်း အတူတူပဲ တွေးနေခဲ့တာပါ။
"ကျွန်တော်တို့ ချက်ချင်း သွားကြမလား"
မီဒီယာတွေမှာ သတင်းတွေ ထွက်မလာသေးပေမဲ့ ဒါက အနှေးနဲ့အမြန် လူတွေသိသွားမယ့်ကိစ္စပါ။ ပြီးတော့ အမှန်တရားက ထွက်ပေါ်လာတဲ့အခါ အကြီးမားဆုံး တုန်လှုပ်သွားမယ့်သူ တစ်ယောက် ရှိနေပါတယ်။
ဟျွန်းဂျူးက မောင်ဖြစ်သူကို ပြောလိုက်တယ်။
"ငါ လေယာဉ်ခရီးစဉ်ကို စီစဉ်လိုက်မယ်။ နင်က ကန်ဂျင်ဟူရဲ့ အမေကို သွားခေါ်ချေ။ သူ လန့်မသွားအောင် သေချာလေး အေးအေးဆေးဆေး ပြောပြနော်"
"အာ…. ဟုတ်ကဲ့။ ကောင်းပါပြီ"
တက်ဂယူက ဒုံတန်ဆီကို ချက်ချင်း ကားမောင်းထွက်သွားခဲ့ပါတော့တယ်။
ကင်မီဂျာက ဒုံတန်မြို့ပြင်က အိမ်တစ်အိမ်မှာ နေ့ရက်တွေကို ဖြတ်သန်းနေခဲ့တာပါ။ သူက သက်တော်စောင့်တွေနဲ့ နေထိုင်ရတဲ့ ဘဝကို ကျင့်သားရနေခဲ့ပါပြီ။
သူ့ခင်ပွန်းရဲ့ စီးပွားရေး အဆင်ပြေနေတုန်းကတော့ သူတို့ကို အပေါင်းအသင်းလုပ်ကြတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ခင်ပွန်း ကွယ်လွန်သွားပြီး ငွေကြေးအခြေအနေ ဆိုးရွားသွားတဲ့အခါမှာတော့ အသိအကျွမ်း အနည်းငယ်ကလွဲလို့ အဲဒီအပေါင်းအသင်း အများစုက ပျောက်ကွယ်သွားခဲ့ကြတာပါ။
ဒါပေမဲ့ သူ့သားက နာမည်ကြီးလာတဲ့အခါမှာတော့ ရုတ်တရက်ဆိုသလို အရပ်ရပ်ကနေ သတင်းစကားတွေ လျှံထွက်လာခဲ့ပြီး အဆက်အသွယ်တွေလုပ်လာကြတယ်။
ဆွေမျိုးတွေ၊ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ မျက်နှာတောင် သေချာမမှတ်မိတော့တဲ့ အထက်တန်းကျောင်းက အတန်းဖော်တွေကအစ လာရောက်ဆက်သွယ်ကြတာပါ။
ခက်ခဲတဲ့အချိန်တုန်းက အဆက်အသွယ်ရှိခဲ့တဲ့ အသိအကျွမ်းအနည်းငယ်ကလွဲလို့ ကျန်တဲ့သူတွေကိုတော့ သူ အဆက်အသွယ် ဖြတ်တောက်ထားခဲ့တယ်။ တစ်ခုထဲသော ခြွင်းချက်ကတော့ သူ့ခင်ပွန်းရဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေပါပဲ။
ကုမ္ပဏီ ပိတ်သိမ်းပြီးနောက်မှာ ဝန်ထမ်းတွေက နေရာအနှံ့ကို အခြေပျက် လွင့်စင်သွားခဲ့ကြတာပါ။ သူက အဲဒီလူတွေကို တွေ့အောင်လိုက်ရှာကာ အလုပ်အကိုင် ရှာဖွေပေးခြင်းနဲ့ လစဉ် လူနေမှုစရိတ်တွေကို ထောက်ပံ့ပေးခဲ့တယ်။
ဒါပေမဲ့ လူတစ်ယောက်က ချမ်းသာတိုင်း လူဆိုးဖြစ်မနေသလို ဆင်းရဲတိုင်းလည်း လူကောင်းဖြစ်မနေပါဘူး။
လူတိုင်းက ကျေးဇူးတင်ကြပေမဲ့ တချို့ကတော့ ပိုက်ဆံပိုလိုချင်တာမျိုး ဒါမှမဟုတ် မတန်တဆ တောင်းဆိုတာမျိုးတွေကို လုပ်လာကြတယ်။ အဆုံးသတ်မှာတော့ သူတို့ရဲ့ ရည်ရွယ်ချက်က ပိုက်ဆံပါပဲ။
သူ့ခင်ပွန်းရဲ့ စီးပွားရေးကို အချိန်အကြာကြီး စောင့်ကြည့်ခဲ့ဖူးတာမလို့ အခြေအနေကောင်းနေတဲ့အချိန်မှာ လူအမျိုးမျိုးက တောင်းဆိုမှု အဖုံဖုံနဲ့ ရှေ့ထွက်လာတတ်ကြမှန်း သူ ကောင်းကောင်း သိနေခဲ့တာပါ။
တောင်းဆိုမှုတိုင်းကို လိုက်ဖြည့်ဆည်းပေးဖို့ ကြိုးစားရင် ဒါက ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ဒါကြောင့် စည်းကျော်လာတဲ့ တောင်းဆိုမှုတွေကိုတော့ သူ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တယ်။
အစပိုင်းမှာ ကူညီပါလို့ အသနားခံခဲ့ကြတဲ့သူတွေက သူ ဆက်တိုက်ငြင်းပယ်တဲ့အခါမှာတော့ ရုတ်တရက် ရန်ငြိုးဖွဲ့လာကြပြီး ချမ်းသာတဲ့ မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ သူ့သားက ဒီလောက်လေးတောင် ဘာလို့ မကူညီနိုင်ရတာလဲဆိုပြီး အပြစ်တင် စွပ်စွဲလာကြတယ်။
ဒါပေမဲ့ အဲဒီပိုက်ဆံက အဆုံးမှာတော့ သူ့သားရဲ့ ပိုက်ဆံဖြစ်ပြီး သူ့ပိုက်ဆံ မဟုတ်ပါဘူး။ သူ့သားကို ဒုက္ခမပေးမိစေဖို့အတွက် သူက သူ့ရဲ့ စည်းဘောင်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူက ဆွေမျိုးတွေနဲ့လည်း စည်းခြားထားခဲ့တာပါ။
'သားလေး အမေရိကန်ကနေ ဘယ်တော့မှ ပြန်ရောက်မှာလဲ မသိဘူး'
သူက ငလျင်အကြောင်းကို သတင်းကနေတစ်ဆင့် သိရှိခဲ့တာပါ။
ငလျင်အကြောင်း ကြားရတာက သူ့ကို စိုးရိမ်ပူပန်စေခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးဆိုတာ သိရလို့ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ လေယာဉ်ခရီးစဉ် ဖျက်သိမ်းလိုက် ရတာကြောင့် တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းစကားကို သားဖြစ်သူရဲ့ သူငယ်ချင်းဆီကနေ သူ ရရှိခဲ့တယ်။
ဒါပေမဲ့ တစ်ရက်အကြာမှာ တက်ဂယူက သူ့အိမ်ကို ရောက်လာတဲ့အခါမှာတော့ လုံးဝ ကွဲပြားခြားနားတဲ့ အကြောင်းအရာတစ်ခုကို ပြောပြခဲ့တယ်။
"ဘာကို ဆိုလိုတာလဲ။ ကန်ဂျင်ဟူက အမေရိကန်မှာ လဲကျသွားတယ် ဟုတ်လား"
"ကြီးကြီးမားမား မှားယွင်းနေတာမျိုး မရှိဘူးလို့ ပြောတာမလို့ သိပ်ပြီး စိတ်မပူပါနဲ့။ အန်တီ"
"ဂျင်ဟူ နောက်ကျနေတာက လေယာဉ်ခရီးစဉ် ဖျက်သိမ်းလို့ မဟုတ်ဘူးလား"
"တောင်းပန်ပါတယ်။ ကျွန်တော်က သူ မကြာခင် သတိရလာလိမ့်မယ်လို့ ထင်ထားလို့ပါ။ အမှန်အတိုင်း ပြောရရင် အန်တီ့ကို ပြောလိုက်ရင် စိုးရိမ်သွားမှာ စိုးလို့ပါ..."
"နေပါဦး... အား"
သူ မူးလဲလုနီးပါး ဖြစ်သွားတာကြောင့် တက်ဂယူက ချက်ချင်းပဲ တွဲပေးလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။
"စ-စိတ်အေးအေးထားပါ။ အန်တီ"
သူက တက်ဂယူရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ပြောတယ်။
"ငါတို့ ဂျင်ဟူကို ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ဂျင်ဟူလေး..."
"ကျွန်တော်တို့ အခုချက်ချင်း အမေရိကန်ကို သွားကြရအောင်။ အရေးကြီးတာလေးတွေပဲ အမြန်ထုပ်ပိုးပြီး သွာကြရအောင်ပါ"
"အ-အင်း။ သွားလိုက်တာ ကောင်းတယ်"
သူက အိတ်တွေကို အမြန်ထုပ်ပိုးလိုက်ပြီး တက်ဂယူက ဟျွန်းဂျူးဆီ ဖုန်းခေါ်ဆိုလိုက်တယ်။
"ကျွန်တော် ကန်ဂျင်ဟူရဲ့ အမေနဲ့အတူ လာနေပြီ။ မမ။ လေယာဉ်ခရီးစဉ်ကော ဘယ်လိုလဲ"
[ဆိုဆောင်း အုပ်စုဆီကနေ ကိုယ်ပိုင်လေယာဉ်တစ်စင်း ငှားပေးမယ်လို့ သူတို့ ပြောတယ်။ အခုချက်ချင်း ဂင်ပိုလေဆိပ်ကိုပဲ လာခဲ့လိုက်တော့]
"အဲဒါ တကယ်ကောင်းတာပဲ။ သိပါပြီ"
သူက အရာအားလုံးကို တစ်ခဏချင်းအတွင်း ထုပ်ပိုးလိုက်ပါတယ်။
"မြန်မြန်လုပ်။ တက်ဂယူ"
"ဟုတ်ကဲ့။ နိုင်ငံကူးလက်မှတ် (Passport) ရော ယူခဲ့ရဲ့လား။ အန်တီ"
"ဒီမှာ ရှိတယ်"
တက်ဂယူက နိုင်ငံကူးလက်မှတ်ကို ယူကြည့်လိုက်ပြီး လန့်သွားခဲ့တယ်။
"ဟိုလေ... နိုင်ငံကူးလက်မှတ်က သက်တမ်းကုန်နေပြီဗျ"
[OTK Company စီအီးအို ကန်ဂျင်ဟူ သတိလစ်မေ့မြောနေ]
[လက်ရှိတွင် ဆန်ဖရန်စစ္စကို အနီးရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ကုသနေရ]
[တာဝန်ခံဆရာဝန်၏ ပြောကြားချက်အရ ကြီးကြီးမားမား ပုံမှန်မဟုတ်သော လက္ခဏာများ မတွေ့ရှိရသေး...]
[OTK Company ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ]
ကန်ဂျင်ဟူ လဲကျသွားပြီး သတိပြန်မရသေးဘူးဆိုတဲ့ သတင်းက ကမ္ဘာတစ်ဝှမ်းကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့တယ်။ ကိုရီးယား မီဒီယာတွေကလည်း အထူးပဲ စိတ်ဝင်စားကြပြီး အကျယ်တဝံ့ သတင်းဖော်ပြခဲ့ကြတာပါ။
အင်တာနက်ပေါ်မှာတော့ ဆူညံပွက်လောရိုက်သွားခဲ့ပါတယ်။
– ကန်ဂျင်ဟူက ဘာလို့ လဲကျသွားတာလဲ။
– လဲကျတဲ့ဒဏ်ကြောင့် ဦးနှောက်လှုပ်ခါသွားတာလို့ ပြောကြတာပဲ။
– ငလျင်နဲ့ ပတ်သက်နေတာများလား။
– အဲဒီကောင်လေးက လဲကျရုံတင်နဲ့ ဦးနှောက်လှုပ်ခါသွားတာလား။ သူက သန်မာမှု မရှိဘူးပဲ။
– တခြားအကြောင်းပြချက် ရှိနေနိုင်မလား။ ဖြစ်နိုင်တာက သူဟာ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကို ဖုံးကွယ်ထားတာများလား။
– အလုပ်အလွန်အကျွံလုပ်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် မဟုတ်ဘူးလား။
– ဒါပေမဲ့ သူ ဘယ်တော့မှ ပြန်နိုးမလာတော့ရင်ကော ဘယ်လိုလုပ်မလဲ။
– မဖြစ်နိုင်တာ၊ ဟုတ်တယ်မလား...
– OTK Company က ပိတ်သိမ်းလိုက်ရတော့မှာလား။ ကန်ဂျင်ဟူ မရှိရင် အဲဒါက လည်ပတ်နိုင်မှာ မဟုတ်ဘူး။
– ဒါက ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ၊ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာကို ပြသနေတာပဲ။
– စီအီးအို ဖြစ်ရတာ ခက်ခဲပါတယ်။
– သူက ငါ့ထက် ပိုက်ဆံ ပိုများများရှိနိုင်လောက်ပေမဲ့ ငါ့လောက်တော့ လွတ်လပ်မှု မရှိနိုင်ပါဘူးလေ။
– ဟုတ်တယ်။ မင်းကတော့ အလုပ်လက်မဲ့ဆိုတော့ လွတ်လပ်တာပေါ့။
Berkshire Hathaway က အာမခံလုပ်ငန်းကနေတစ်ဆင့် ကြီးထွားလာတာဖြစ်ပြီး အာမခံလုပ်ငန်းက Berkshire Hathaway ရဲ့ လည်ပတ်မှုတွေမှာ အခုထိ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေဆဲပါ။
အလိုအလျောက်မောင်းနှင်မယ့် မော်တော်ယာဉ်တွေ ပေါ်ထွက်လာတာက အာမခံလုပ်ငန်းအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့တယ်။ မတော်တဆမှုတွေ နည်းပါးသွားတာနဲ့အမျှ အာမခံထားရမယ့် အပိုင်းက ယာဉ်မောင်းတွေဆီကနေ ကားတွေဆီကို ပြောင်းလဲသွားခဲ့ပြီး အာမခံရဲ့ အကျိုးအမြတ်ရရှိမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တာပါ။
ရလဒ်အနေနဲ့ ဝါရင် ဘတ်ဖတ်က အလိုအလျောက်မောင်းနှင်မှု နည်းပညာအပေါ် အပျက်သဘောဆောင်တဲ့ သဘောထားကို ထိန်းသိမ်းထားခဲ့ပြီး Nikola ရဲ့ Autopilot စနစ်ကိုလည်း အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးတယ်။
ဒီလိုအခြေအနေမျိုးမှာ ဆိုဆောင်း အီလက်ထရောနစ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်လိုက်တာက ပိုပြီးတော့ တုန်လှုပ်စရာ ကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက CarOS နဲ့ အလိုအလျောက်မောင်းနှင်မှု နှစ်ခုစလုံးမှာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ တူနေလို့ပါပဲ။
အလိုအလျောက်မောင်းနှင်မှု မြှင့်တင်ရေး ကုမ္ပဏီတွေနဲ့ အွန်ဆောင်းမော်တာ အပါအဝင် မော်တော်ယာဉ် ထုတ်လုပ်သူတွေက တန်ပြန်အစီအမံတွေကို ဖော်ထုတ်ဖို့ ပျာပျာသလဲ ဖြစ်သွားခဲ့ကြတယ်။
အလိုအလျောက်မောင်းနှင်မှု ပြိုင်ပွဲမှာ နောက်ကျကျန်ခဲ့မယ့် အန္တရာယ်အစစ်အမှန် ရှိနေတာကြောင့် အကြပ်အတည်း ခံစားချက်တစ်ခုက လွှမ်းမိုးနေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကန်ဂျင်ဟူက လေဆိပ်မှာ လဲကျသွားခဲ့တယ်ဆိုတဲ့ သတင်းက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ဟန်ချန်ယောင်းက အဲဒီဆောင်းပါးကို မြင်လိုက်ရပြီး သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို စုဆောင်းထားတဲ့ သူ့ရဲ့ ဝန်ထမ်းတွေဆီကနေ အစီရင်ခံစာကို လျင်လျင်မြန်မြန် လက်ခံရရှိခဲ့တယ်။
"သူတို့က အကြောင်းရင်းက ဘာလို့ ပြောကြလဲ"
"ကျွန်တော်တို့ အခုထိ သေချာမသိသေးပါဘူး"
"သူက ပြင်ပက ဘယ်လိုလှုံ့ဆော်မှုကိုမှ တုံ့ပြန်မှုမရှိဘူးလို့ ပြောနေကြတာလား"
"သူ အခုထိ နိုးမလာသေးတာကို ကြည့်ရင်တော့ အဲဒီလိုပုံစံ ဖြစ်ပုံရပါတယ်"
OTK Company မှာ အမြဲတမ်း ဝန်ထမ်း ၂၈ ယောက် ရှိပါတယ်။ ၎င်းရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ K Company အပါအဝင်ဆိုရင် စုစုပေါင်း ၅၅ ယောက်ပဲ ရှိတာဖြစ်လို့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ပမာဏနဲ့ ယှဉ်ရင်တော့ အဓိပ္ပာယ်မရှိလောက်အောင် နည်းပါးလွန်းတာပါ။ ဒါပေမဲ့ သူတို့က လက်အောက်ခံ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမှာ တိုက်ရိုက်ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်တာကြောင့် ဒီအရေအတွက်က လုံလောက်ပါတယ်။
ဒါပေမဲ့ ဒါက အနှစ်သာရအားဖြင့် စီအီးအိုရဲ့ ဆုံးဖြတ်ချက်တွေအောက်က တစ်ဦးထဲ လည်ပတ်တဲ့ လုပ်ငန်းတစ်ခုလို့ ပြောနိုင်ပါတယ်။
OTK Company က CarOS ရဲ့ ရှယ်ယာတွေကိုပဲ ကိုင်ထားတာ မဟုတ်ပါဘူး။ ကားတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရမယ့် ဘတ္ထရီကုမ္ပဏီဖြစ်တဲ့ TS Company နဲ့ ဘတ္ထရီ သုတေသနအဖွဲ့တစ်ခုကိုလည်း ပိုင်ဆိုင်ထားတာပါ။
ကန်ဂျင်ဟူ လဲကျသွားတာကြောင့် ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလိုမျိုး လုပ်ငန်းအသီးသီးက နှောင့်နှေးမှုတွေနဲ့ သေချာပေါက် ရင်ဆိုင်ရတော့မှာပါ။
"အခြေအနေကို ဆက်ပြီး စောင့်ကြည့်နေပါ"
"သိပါပြီ"
ဝန်ထမ်း ထွက်သွားတာနဲ့ တပြိုင်ထဲ ဟန်ချန်ယောင်းက သူ့ရဲ့ ရင်ထဲက ခံစားချက်အမှန်ကို တိုးတိုးလေး ရေရွတ်လိုက်တယ်။
"သူ ဒီအတိုင်း ဘယ်တော့မှ ပြန်နိုးမလာတော့ရင် သိပ်ကောင်းမှာပဲ"
ငွေကြေးလောကမှာ "ပိုက်ဆံမှာ သွေးနဲ့ မျက်ရည်မရှိဘူး" ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။
ကန်ဂျင်ဟူ လဲကျသွားတဲ့ သတင်း ပျံ့နှံ့သွားတာနဲ့အမျှ CarOSဟာ ကားအသစ် မိတ်ဆက်မှု နှောင့်နှေးခဲ့ပြီး အဲ့ဒီနှောင့်နှေးခြင်းကနေ အကျိုးအမြတ်ရရှိမယ်လို့ မျှော်လင့်ရတဲ့ မော်တော်ယာဉ် ရှယ်ယာတွေ အားလုံး ပြန်လည်ဦးမော့လာခဲ့ကာ ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆိုဆောင်း SDI တို့ကတော့ ကျဆင်းသွားခဲ့ပါတယ်။
မီဒီယာတွေနဲ့ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက ကန်ဂျင်ဟူရဲ့ ကျန်းမာရေး အခြေအနေနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားပြီး အထူးသတိပြု စောင့်ကြည့်နေခဲ့ကြတယ်။
ကန်ဂျင်ဟူ လဲကျသွားခဲ့ပြီးနောက် သုံးရက်ကြာသွားခဲ့ပါပြီ။
သူက ဒီအချိန်အထိတောင် နိုးမလာသေးတာကြောင့် အမျိုးမျိုးသော ခန့်မှန်းချက် ဆောင်းပါးတွေက လျှံထွက်လာခဲ့ပါတယ်။
ကန်ဂျင်ဟူသာ နိုးမလာခဲ့ရင် ၈၀ ရာခိုင်နှုန်း သော ရှယ်ယာတွေက ဘယ်သူ့ဆီ ရောက်ရှိသွားမလဲ။ ပြီးတော့ အနာဂတ်မှာ စီမံခန့်ခွဲမှုကို ဘယ်သူက ဆက်လက်တာဝန်ယူမလဲ။
OTK Company နဲ့ K Company က ဝန်ထမ်းတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို မဖုံးကွယ်နိုင်ခဲ့ကြပါဘူး။ သတင်းထောက်တွေ ကလည်း သတင်းရယူဖို့အတွက် ရုံးချုပ်ဆီကို စုပြုံရောက်ရှိလာကြတယ်။
တရားဝင် အင်တာဗျူးတွေကို ငြင်းပယ်ထားခဲ့ပေမဲ့ သတင်းထောက်တွေက အဲဒီအစား ဖြတ်သွားဖြတ်လာ ဝန်ထမ်းတွေကို အင်တာဗျူးခဲ့ကြပါတယ်။
ပတ်ဆန်းယော့နဲ့ ဟင်နရီတို့က ဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တည်ငြိမ်အောင် လုပ်ဆောင်ရင်း အတွင်းပိုင်း စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ် ချမှတ်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။
စီးပွားရေး ပါတနာတွေကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြခဲ့ကြပြီး ရိုနယ်ကလည်း Twitter ပေါ်မှာ "ကန်ဂျင်ဟူ မကြာခင် သတိရလာဖို့အတွက် ဆုတောင်းပေးပါတယ်" ဆိုပြီး စာတိုလေးတစ်ခု တင်ခဲ့ပါတယ်။
ကျွန်တော် ဘယ်ရောက်နေတာလဲ။
မီးပွိုင့်တစ်ခုရှိတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတာကို ကျွန်တော် တွေ့လိုက်ရတယ်။
မျက်နှာချင်းဆိုင်က အဆောက်အဦးတစ်ခုရဲ့ အရှေ့မှာတော့ ရာနဲ့ချီတဲ့ လူတွေက တစ်စုံတစ်ခုသော ပွဲအတွက် စုဝေးနေကြပုံရပါတယ်။
ကျွန်တော့်ဘေးနားမှာတော့ အချက်ပြမီးကို စောင့်ဆိုင်းနေတဲ့ အနောက်တိုင်း ဝတ်စုံပြည့် သေသပ်စွာ ဝတ်ဆင်ထားတဲ့ လူဖြူအမျိုးသားတစ်ယောက် ရပ်နေခဲ့တယ်။ သူက ကြည့်လိုက်တာနဲ့ အထက်တန်းလွှာ တစ်ယောက်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတာပါ။ အဝတ်အစား၊ ဖိနပ်၊ အိတ် အစရှိတဲ့ သူပိုင်ဆိုင်သမျှ အရာအားလုံးက ဈေးကြီးပုံရပြီး သူ့ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ ရွှေရောင် Rolex နာရီတစ်လုံးကို ဝတ်ဆင်ထားသေးတယ်။
သူက ဘယ်သန်များလား။
သူက အလျင်လိုနေပုံရပြီး Bluetooth နားကြပ်နဲ့ ဖုန်းပြောရင်း သူ့နာရီကို ခဏခဏ ငုံ့ကြည့်နေခဲ့တယ်။
ခဏအကြာမှာတော့ အချက်ပြမီး ပြောင်းသွားခဲ့တယ်။
ကျွန်တော့်ဘေးက လူက လူကူးမြင်းကျားကနေ ချက်ချင်း ဖြတ်ကူးသွားခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ…
ဒုန်း
နားကွဲမတတ် အသံကြီးနဲ့အတူ မြေပြင်က လှိုင်းလုံးတွေလိုမျိုး တုန်ခါသွားခဲ့တယ်။ ပတ်ဝန်းကျင်က လူတွေက အော်ဟစ်ရင်း အရပ်ရပ်ကို ထွက်ပြေးလွတ်မြောက်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။
လမ်းမကြီးက ကွဲအက်သွားတဲ့ ဖန်ခွက်လိုမျိုး အက်ကွဲသွားခဲ့ပြီး အပြေးအလွှား သွားနေကြတဲ့ လူတွေက မြေပြင်ထဲကို တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရတယ်။ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ကားတွေလည်း အတူတူပါပဲ။
ဝုန်း
ထပ်ဆင့် အဆောက်အဦးတစ်ခုရဲ့ ပြတင်းပေါက်တွေက တစ်ပြိုင်ထဲ ပေါက်ကွဲသွားခဲ့ပြီး ဖန်ကွဲစတွေက အောက်ဘက်ကို မိုးရွာသလို ကျဆင်းလာခဲ့တယ်။
ဝတ်စုံဝတ်ထားတဲ့ လူက ကွဲအက်နေတဲ့ မြေပြင်ထဲကို ဆွဲသွင်းခြင်း ခံလိုက်ရတယ်။
ကျွန်တော် လန့်သွားခဲ့ပြီး ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်တယ်။ ကံကောင်းထောက်မစွာပဲ သူ မကျသွားခင်လေးမှာတင် သူ့လက်ကို ကျွန်တော် ဖမ်းဆွဲနိုင်ခဲ့တာပါ။
အဲဒီလူက ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို ကြည့်လိုက်တယ်။ သူက တစ်ခုခုကို အော်ဟစ်ပြောဆိုနေပေမဲ့ သူ့အသံက ပတ်ဝန်းကျင်က နားကွဲမတတ် ဆူညံသံတွေအောက်မှာ ပျောက်ကွယ်သွားခဲ့ရတယ်။
သူ့ရဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ရုံနဲ့တင် သူဟာ ကူညီပါလို့ တောင်းဆိုနေမှန်း ကျွန်တော် သိနိုင်ပါတယ်။
သူ့ကို အပေါ်ကို ဆွဲတင်ဖို့ ကျွန်တော့်ရဲ့ ခွန်အားရှိသမျှ သုံးပြီး ဆွဲလိုက်တယ်။ ရုတ်တရက်ဆိုသလို ကောင်းကင်ကြီးက မှောင်မိုက်သွားခဲ့တယ်။ ကျွန်တော့်လက်ကို အသည်းအသန် ဆုပ်ကိုင်ထားတဲ့ လူရဲ့ မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေ လွှမ်းမိုးသွားခဲ့တာပါ။
ကျွန်တော် မော့ကြည့်လိုက်တယ်။
ကြီးမားလှတဲ့ အထပ်မြင့်အဆောက်အဦးကြီးက ပြိုကျလာပြီး နေရောင်ခြည်ကို ပိတ်ဆို့လိုက်ပါတယ်။ ထွက်ပြေးဖို့အတွက် အချိန်က နောက်ကျသွားခဲ့ပါပြီ။ မဟုတ်ဘူး၊ ထွက်ပြေးစရာ နေရာကို မရှိတော့တာပါ။
ဒါက တကယ်ကို မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။
အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ခြေထောက်အောက်က အက်ကွဲကြောင်းက ပိုပြီးကျယ်သွားခဲ့ပြီး ကျွန်တော်က အဆုံးမရှိတဲ့ အမှောင်ထုထဲကို ပြုတ်ကျသွားခဲ့ပါတော့တယ်။
"အု"
ကျွန်တော် မျက်လုံးကို အတင်း ဖွင့်လိုက်တယ်။
ကျွန်တော့်မျက်စိထဲကို အရင်ဆုံး ဝင်လာတာက ပီဇာစားနေတဲ့ တက်ဂယူ ပါ။
သူက ပါးစပ်ထဲမှာ ပီဇာတစ်ဖတ်နဲ့ လန့်သွားပုံရပြီး ကျွန်တော့်ကို ကြည့်ကာ မျက်တောင်ခတ်နေခဲ့တယ်။ ပြီးတော့မှ သူ့လက်ကို သိမ်သိမ်မွေ့မွေ့လေး မြှောက်ပြတယ်။
"မင်း-မင်း နိုးလာပြီလား"
ကျွန်တော် မယုံနိုင်တသံနဲ့ မေးလိုက်တယ်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"