← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃)

တက်ဂယူက ရုတ်တရက် သတိဝင်လာပြီး မျက်လုံးအစုံ ပြူးကျယ်သွားကာ အော်ဟစ်လိုက်တော့တယ်။

"သူငယ်ချင်းကြီး"

သူ ကိုင်ထားတဲ့ ပီဇာဖတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး ပါးစပ်ထဲက ပီဇာအစအနတွေကလည်း လွင့်စင်ထွက်လာတယ်။

တစ်ခဏအတွင်းမှာပဲ ကျွန်တော့်နားထဲမှာ စူးစူးဝါးဝါး အသံတွေ မြည်ဟီးလာပြီး ခေါင်းတစ်ခုလုံး တအုန်းအုန်းနေအောင် ကိုက်ခဲလာခဲ့တယ်။

"တိတ်တိတ်နေစမ်း"

နာကျင်လွန်းလို့ ခေါင်းကို ဖိထားတဲ့ ကျွန်တော့်ကိုကြည့်ပြီး ပျာပျာသလဲ ဖြစ်သွားတဲ့ တက်ဂယူက ဟိုပြေးဒီပြေး လုပ်နေတော့တာပဲ။

"ငါ ဆရာဝန်တွေကို သွားခေါ်လိုက်မယ်"

"ခဏလောက် စောင့်ဦး"

ကံကောင်းထောက်မစွာပဲ ခေါင်းကိုက်တာနဲ့ နားထဲက မြည်သံတွေက လျင်လျင်မြန်မြန်ပဲ သက်သာသွားခဲ့တယ်။

ကျွန်တော့်မျက်နှာအမူအရာကို အကဲခတ်ရင်း တက်ဂယူက တိုးတိုးလေး မေးလာတယ်။

"မင်း အဆင်ပြေရဲ့လား"

"အရင်ဆုံး ငါ့ကို ရေလေး တစ်ခွက်လောက်တိုက်ဦး"

တက်ဂယူက ရေခဲသေတ္တာထဲကနေ ရေပုလင်းကို အမြန်ပြေးယူပြီး ကျွန်တော့်လက်ထဲ ထည့်ပေးတယ်။ ကျွန်တော်လည်း ရေပုလင်းကို ယူပြီး မော့သောက်လိုက်တယ်။

ပြီးတော့မှ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိတယ်။

"ငါ ဘယ်ရောက်နေတာလဲ"

"ဆေးရုံမှာလေ"

ဒါက တကယ်ပဲ ဆေးရုံ ဟုတ်ရဲ့လား။

ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေကလွဲရင် အခန်းက ဟိုတယ်အခန်းတစ်ခုနဲ့ တူနေတာပါ။ ပြတင်းပေါက်ကနေတစ်ဆင့် မြို့ပြရဲ့ ကောင်းကင်ယံ မြင်ကွင်းကိုလည်း လှမ်းမြင်နေရတယ်။

ကျွန်တော်က လူနာဝတ်စုံကို ဝတ်ထားပြီး ဘယ်ဘက်လက်မောင်းမှာလည်း ဆေးပုလင်း ချိတ်ထားတာကို တွေ့လိုက်ရတယ်။

အိပ်စက်ခြင်းအရှည်ကြီးတစ်ခုကနေ အခုမှ နိုးလာသလိုမျိုး ခေါင်းထဲမှာ ဝေဝေဝါးဝါး ဖြစ်နေတုန်းပဲ။

"ငါ လဲနေတာ ဘယ်လောက်ကြာသွားပြီလဲ"

"တစ်ပတ်ရှိပြီ"

အဲဒီစကားကြောင့် ကျွန်တော် လန့်သွားခဲ့တယ်။

ကျွန်တော် တကယ်ပဲ တစ်ပတ်လုံးလုံး သတိမရဘဲ ဒီအတိုင်း လဲနေခဲ့တာလား။

ဒါထက် ပိုပြီး အံ့ဩဖို့ကောင်းတာက...

"မင်းက ငါတစ်ပတ်လုံး သတိလစ်နေတာကို သိရက်နဲ့ ဒီမှာ ပီဇာ ထိုင်စားနေတာပေါ့ ဟုတ်လား"

တက်ဂယူက ဒါက သဘာဝကျပါတယ်ဆိုတဲ့ ပုံစံနဲ့ ပြန်ပြောတယ်။

"ငါကလည်း တစ်ပတ်လုံး ငတ်နေလို့ မရဘူးလေ"

"..."

အဲဒါလည်း ဟုတ်တာပါပဲ။

တက်ဂယူက ဆင်ခြေတစ်ခု ထပ်ပေးသေးတယ်။

"ပြီးတော့ ဆရာဝန်ကလည်း ဘာမှ မှားယွင်းနေတာမရှိဘူးလို့ ပြောထားတာ။ မင်း မကြာခင် နိုးလာလိမ့်မယ်လို့ ပြောလို့ ငါက စိတ်ပူပင်သောက ရောက်ရင်းနဲ့ စောင့်နေခဲ့တာပါ"

ကြည့်ရတာ သူက သောကတွေ ရောက်လွန်းလို့ လူနာခန်းထဲမှာ ပီဇာ ထိုင်စားနေခဲ့တာ ထင်တယ်။

ပီဇာတစ်ချပ်လုံးရဲ့ တစ်ဝက်ကိုတောင် သူ ရှင်းပစ်လိုက်ပြီလေ။

"အရသာကော ဘယ်လိုလဲ"

"ကောင်းတာပေါ့။ M ပီဇာက အကောင်းဆုံးပဲ။ Silicon Valley မှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ဖြစ်နေတာ မဆန်းပါဘူး။ ဒါက ကိုရီးယားကို ဘယ်တော့မှ ရောက်လာမှာပါလိမ့်"

ဒါနဲ့ နေပါဦး... ငါက ဘာလို့ ဒီကို ရောက်နေရတာလဲ။

ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေကို ပြန်စုစည်းပြီး သတိမလစ်ခင်အချိန်က အခြေအနေတွေကို တွေးမိသွားတဲ့အခါ ကျွန်တော့် လန့်ဖျပ်ပြီး ထခုန်မိတော့မတတ် ဖြစ်သွားရတယ်။

"ငလျင်။ ငလျင်ကော ဘာဖြစ်သွားလဲ"

"ဘာမှမဖြစ်ပါဘူး"

"ဘာ။ ငါ သေချာပေါက် မြေကြီးတုန်ခါသွားတာကို ခံစားလိုက်ရတာပါ..."

"အဲဒါပဲလေ။ အဲဒါက တော်တော်လေး ပြင်းထန်တဲ့ ငလျင်ဆိုပေမဲ့ ကုန်းမြေနဲ့ ဝေးကွာတဲ့ ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတာဖြစ်လို့ အနည်းငယ် တုန်ခါသွားရုံတင်ပဲ။ ပြီးတော့ ဘာမှမဖြစ်တော့ဘူး"

"တ-တကယ်ပဲလား"

ကျွန်တော် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိတယ်။

"တော်သေးတာပေါ့"

သတိလစ်သွားတဲ့ ထိုခဏမှာ ကျွန်တော် သေတော့မယ်လို့တောင် ထင်လိုက်မိတာ။

ကျွန်တော် နောက်ဆုံး မှတ်မိတဲ့အရာကတော့ အယ်လီရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာလေးပါပဲ။

"အယ်လီကော အဆင်ပြေရဲ့လား"

"သူ လုံးဝ အဆင်ပြေပါတယ်။ မင်း သတိလစ်သွားတာကလွဲရင် တခြား ဘာမှမဖြစ်ခဲ့ဘူး"

"သူ အခု ဘယ်မှာလဲ"

"သူက ငါ့အစ်မ၊ မင်းအမေတို့နဲ့အတူ ဟိုတယ်မှာ ရှိနေတယ်"

"ဟင်။ ငါ့အမေ ဟုတ်လား"

ကျွန်တော် လဲကျသွားပြီး တစ်ရက်ကြာတဲ့အထိ နိုးမလာတာကြောင့် သူတို့အားလုံး အမေရိကန်ကို ချက်ချင်း အတူတူ လိုက်လာကြတာလို့ တက်ဂယူက ရှင်းပြခဲ့တယ်။

" မင်းအမေရဲ့ နိုင်ငံကူးလက်မှတ် (Passport) က သက်တမ်းကုန်နေလို့ အသစ်တစ်ခုရဖို့ အသည်းအသန် လုပ်ခဲ့ရသေးတယ်။ ငါ့အစ်မက မင်းအမေကို ဟိုတယ်ကို အတင်းခေါ်သွားပေးလို့ တော်တော့တယ်"

"အေးပါ။ ကောင်းကောင်းလုပ်ခဲ့တာပဲ"

အမေရိကန်မှာ သားဖြစ်သူက ရုတ်တရက် လဲကျသွားတာမလို့ ဘယ်လောက်တောင် စိုးရိမ်ပူပန်ခဲ့မလဲဆိုတာ ကျွန်တော် တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

နောက်ကျရင်တော့ အမေ့ရဲ့ဆူပူကြိမ်းမောင်းတာကို သေချာပေါက် ခံရတော့မှာပါ။

ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့အတွက် ကုတင်ပေါ်ကနေ ကျွန်တော် ထလိုက်တယ်။ အချိန်အကြာကြီး လဲနေခဲ့တာမလို့ ခြေထောက်တွေက အားမရှိတော့ဘဲ ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့ရတယ်။

တက်ဂယူက လန့်သွားပြီး ကျွန်တော့်ကို ချက်ချင်း လှမ်းတွဲပေးတယ်။

"မင်း ထပ်လဲကျပြီး ဦးနှောက်လှုပ်ခါသွားရင် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းပဲ လှဲနေစမ်းပါ"

"ဦးနှောက်လှုပ်ခါတာ ဟုတ်လား။ ငါ့ကို ဦးနှောက်လှုပ်ခါသွားတာလို့ ဘယ်သူပြောလဲ"

"ဆရာဝန်လေ။ မင်းက ငလျင်လှုပ်တုန်းက လဲကျသွားလို့ သတိလစ်သွားတာလို့ ပြောတာပဲ။ မင်း မမှတ်မိဘူးလား"

ကျွန်တော် ခေါင်းခါလိုက်ပြီး အဲဒီအချိန်က အခြေအနေကို ပြန်တွေးကြည့်လိုက်တယ်။

"အဲဒါက ပြောင်းပြန်ကြီးဟ"

"ဘာကို ဆိုလိုတာလဲ"

"ငါက လဲကျလို့ သတိလစ်သွားတာ မဟုတ်ဘူး။ သတိလစ်သွားလို့ လဲကျသွားတာ"

"ဟင်"

ကျွန်တော် ရှင်းပြလိုက်တဲ့အခါ တက်ဂယူက ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရတယ်။

"မင်းက မလဲခင်လေးမှာတင် 'ဆန်ဖရန်စစ္စကို ငလျင်' ရဲ့ နတ်မျက်စိ မြင်ကွင်းကို မြင်လိုက်ရတာပေါ့ ဟုတ်လား"

"အေး"

သူက မယုံနိုင်စရာကောင်းတဲ့ ပုံစံနဲ့ ကြည့်လာတယ်။

"အဲဒီမြင်ကွင်းက မဖြစ်ခင်လေးတင်မှ ပေါ်လာတာဆိုရင် ဘာထူးမှာလဲ။ လက်သီးနဲ့ထိုးခါနီးမှ လက်သီးလာတော့မယ်လို့ ကြိုသိရသလိုမျိုးပဲ မဟုတ်ဘူးလား"

"အေး"

ဒီလိုမျိုး အတွေ့အကြုံမျိုးကို ကျွန်တော် အရင်ကလည်း ကြုံဖူးခဲ့တာပဲ။

ပထမဆုံးအကြိမ် မြင်ကွင်းကို မြင်ခဲ့ရတာက စစ်တပ်ထဲမှာတုန်းကပါ။ လက်နက်ကြီးပစ်ခတ်မှု လေ့ကျင့်ခန်း လုပ်နေတုန်း လက်နက်ကြီးအသစ်က ပေါက်ကွဲသွားမယ့် မြင်ကွင်းကို မြင်လိုက်ရတာလေ။

အဲဒါက မဖြစ်ပွားခင်လေးတင်မှာ ပေါ်လာခဲ့တာဖြစ်လို့ အဲဒီအချက်ကြောင့်ပဲ ကျွန်တော့်အသက်ကို ကယ်တင်နိုင်ခဲ့တာပါ။

တက်ဂယူက တွေးဆချက်တစ်ခုကို ပြောလာတယ်။

"ဖြစ်နိုင်တာက ကပ်ဘေးတွေကို ကြိုတင်ဟောကိန်းထုတ်တဲ့ မြင်ကွင်းတွေက မဖြစ်ခင်လေးတင်မှပဲ ပေါ်လာတတ်တာ ထင်တယ်နော်"

"အဲဒါလည်း ဖြစ်နိုင်တာပဲ"

အဆုံးသတ်မှာတော့ ဆန်ဖရန်စစ္စကို ငလျင်က တကယ်ပဲ လှုပ်ခတ်သွားခဲ့တာပဲ၊ ပင်လယ်ထဲမှာ ဖြစ်သွားခဲ့တာ ဖြစ်ပေမဲ့ပေါ့။ တကယ်လို့ ငလျင်ဗဟိုချက်က ကုန်းမြေနဲ့သာ နီးကပ်ခဲ့မယ်ဆိုရင် ဒါက ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု သေချာပေါက် ဖြစ်လာမှာပါ။

ဆိုးရွားတာ ဘာမှမဖြစ်ခဲ့လို့ ကျွန်တော် တကယ်ပဲ စိတ်သက်သာရာ ရသွားခဲ့ရတယ်။

ဒါပေမဲ့ စောစောကတည်းက ပီဇာနံ့က လေထဲမှာ ဝေ့ဝဲနေတုန်းပဲ။ ဘူးထဲက ပီဇာကလည်း နွေးထွေးတဲ့ အပူရှိန်ကို ထုတ်လွှတ်နေဆဲပါ။

စောနကအထိ ဗိုက်ဆာတာမျိုး မရှိခဲ့ပေမဲ့ ရုတ်တရက်ဆိုသလို ဗိုက်က ဆာလာခဲ့တယ်။

ဒါက လာပို့တဲ့အချိန်အတွင်း ဖုတ်ထားတဲ့ M ပီဇာရဲ့ စွမ်းအားကြောင့်များလား။

"ဒါနဲ့ မင်းက ဘာလို့ ဒီမှာ ပီဇာ လာစားနေရတာလဲ"

"ဪ... အဲဒါက လူနာခန်းထဲမှာ အနည်းဆုံး လူတစ်ယောက်တော့ ရှိနေရင် စိတ်ချရမယ်လို့ ထင်လို့ ငါက နေပေးရင်းနဲ့..."

လူတိုင်းက ကျွန်တော့်အတွက် စိုးရိမ်ပူပန်နေကြတာကြောင့် အိပ်ရေးလည်း ပျက်၊ အစားလည်း ကောင်းကောင်းမစားဘဲ နေခဲ့ကြတာပါ။ တက်ဂယူကလည်း အဲဒီအချိန်အတွင်းမှာ တစ်ယောက်ထဲ ကောင်းကောင်းစားသောက်ပြီး နေနေရမှာကို အားနာနေခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် သူက တစ်ယောက်ထဲ ရှိနေတဲ့အချိန်ကျမှ ပီဇာကို စိတ်အေးလက်အေး မှာစားလိုက်တာဖြစ်ပြီး အဲ့ဒီအချိန်မှာပဲ ကျွန်တော်က ရုတ်တရက် နိုးလာခဲ့တာပါ။

"ငါက ပီဇာနံ့ကြောင့် နိုးလာတာများလား"

"မဖြစ်နိုင်တာ..."

"အရင်ဆုံး ဆရာဝန်တွေတွေကို သွားခေါ်လိုက်ဦးမယ်"

"ခဏလောက် စောင့်ဦး"

ဆရာဝန်တွေ ရောက်လာရင် ကျွန်တော်တို့ကို ပီဇာစားခွင့် ပေးတော့မှာ မဟုတ်ဘူးမလား။

"ဒါကို အရင်စားပြီးမှ သူတို့ကို ခေါ်ရအောင်"

"အကြံကောင်းပဲ"

ကျွန်တော်တို့နှစ်ယောက် ထိုင်ပြီး ပီဇာကို အတူတူ စားဖို့ လုပ်နေတုန်းမှာပဲ လူမည်းအမျိုးသားတစ်ယောက်က လူနာခန်းထဲကို ရုတ်တရက် ဝင်လာခဲ့တယ်။ ဘယ်သူလဲလို့ ကြည့်လိုက်တော့ Ward Roundနေတဲ့ သူနာပြုတစ်ယောက် ဖြစ်နေတာပါ။

ကျွန်တော်တို့ ပီဇာကို ကိုင်ထားတာကို မြင်လိုက်ရတော့ သူက လန့်သွားခဲ့ရတယ်။

"ဟေ့... မင်းတို့ အခု ဘာလုပ်နေကြတာလဲ"

"ဟိုလေ...အစ်ကိုကြီး။ အဲဒါက..."

သူ့ကို မမြင်ချင်ယောင်ဆောင်ပေးပါလို့ တောင်းဆိုလို့ မရဘူး ထင်တယ်နော်။

ခဏအကြာမှာတော့ တာဝန်ကျဆရာဝန်နဲ့ သူနာပြုတွေက အခန်းထဲကို အပြေးအလွှား ဝင်လာကြပြီး ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်းနဲ့ မျက်သူငယ်တွေကို ချက်ချင်း စစ်ဆေးကာ မေးခွန်းတွေ ဆက်တိုက် မေးမြန်းပါတော့တယ်။

ကျွန်တော် စစ်ဆေးမှု ခံယူနေရတဲ့ အချိန်အတွင်းမှာ တက်ဂယူက အစ်မ ဟျွန်းဂျူးဆီ ဖုန်းဆက်လိုက်တယ်။

ဟျွန်းဂျူးနဲ့ အဖွဲ့က ဆန်ဖရန်စစ္စကိုဆီ ရောက်တာနဲ့ တပြိုင်ထဲ ဂျင်ဟူ တက်ရောက်နေတဲ့ ဆေးရုံဆီကို ချက်ချင်း ဦးတည်သွားခဲ့ကြတယ်။

ဆေးရုံအရှေ့မှာတော့ သတင်းထောက်တွေက အုပ်စုလိုက် စုဝေးနေကြပြီ ဖြစ်ပါတယ်။ သူတို့က မြေအောက် ကားပါကင်ကနေတစ်ဆင့် ဝင်ရောက်ခဲ့ကြပြီး VIP အခန်းဆီကို တက်လာခဲ့ကြတယ်။ အခန်းအပြင်ဘက်မှာတော့ Excap လုံခြုံရေးဝန်ထမ်းတွေက စောင့်ကြပ်နေကြတာပါ။

အခန်းထဲ ဝင်လိုက်တဲ့အခါ ကုတင်ပေါ်မှာ လှဲနေတဲ့ ဂျင်ဟူနဲ့ ဘေးနားမှာ ထိုင်နေတဲ့ အယ်လီကို တွေ့လိုက်ရတယ်။ အယ်လီက ငိုထားလို့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာထားနဲ့ သူတို့ကို ကြိုဆိုခဲ့တာပါ။

"ဂျ-ဂျင်ဟူလေး..."

ကင်မီဂျာက ကုတင်ပေါ်မှာ လှဲနေတဲ့ သားဖြစ်သူကို မြင်လိုက်ရတာနဲ့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရတယ်။ ကံကောင်းထောက်မစွာပဲ ဟျွန်းဂျူးက ချက်ချင်း လှမ်းတွဲပေးလိုက်ပါတယ်။

"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ"

ဟျွန်းဂျူးရဲ့ မေးခွန်းကြောင့် အယ်လီက ခေါင်းခါပြလိုက်တယ်။

"ငါ… ငါလည်း သေချာမသိဘူး။ ငလျင်လှုပ်တဲ့အချိန်မှာ သူက ရှေ့ကို လဲကျသွားပြီး အဲဒီကတည်းက အခုထိ နိုးမလာတော့တာပဲ"

ကင်မီဂျာက သားဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ပြီး ငိုကြွေးနေခဲ့တယ်။

"အို... ငါတို့ရဲ့ ဂျင်ဟူလေးကို အခု ဘယ်လိုလုပ်ကြမလဲ"

အယ်လီကလည်း ထပ်ပြီး မျက်ရည်ကျလာပြန်တယ်။

"ဟီး..."

ဒါပေမဲ့ အကျယ်လောင်ဆုံး ငိုနေတဲ့သူကတော့ တခြားတစ်ယောက် ဖြစ်နေတာပါ။

"အီး... သူငယ်ချင်းကြီး..."

တက်ဂယူက မျက်ရည်တွေ၊ နှာရည်တွေ ထွက်လာတဲ့အထိ အကျယ်ကြီး ရှိုက်ကြီးတငင် ငိုနေခဲ့တာပါ။ ဟျွန်းဂျူးက မခံစားနိုင်တော့တာကြောင့် ဝင်တားလိုက်ရတယ်။

"တော်စမ်း... မငိုနဲ့တော့။ ကြည့်နေတဲ့သူတွေက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ထင်ကုန်ဦးမယ်"

အယ်လီက ငိုသံနဲ့ ပြောလာတယ်။

"ဟီး... ဒါတွေက ငါ့ကြောင့်ပါ။ တောင်းပန်ပါတယ်။ ငါ ဂျင်ဟူကို သေချာ ကာကွယ်ပေးခဲ့သင့်တာ..."

ငိုကြွေးနေတဲ့ ကြားကပဲ ကင်မီဂျာက အယ်လီရဲ့ ကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးခဲ့ပါတယ်။

"ဒါက သမီးအပြစ် မဟုတ်ပါဘူး။ ဒါက ငလျင်ကြောင့် ဖြစ်ရတာပါ။ ရပါတယ်။ မငိုနဲ့တော့နော်"

"ဟီး... တကယ်ပဲ တောင်းပန်ပါတယ်"

သူတို့နှစ်ယောက်က ဖက်လဲတကင်းနဲ့ မျက်ရည်တွေ စီးကျနေခဲ့ကြတယ်။

မျက်ရည်လှိုင်းလုံးကြီး ဖြတ်သန်းသွားပြီးနောက်...

လူနာခန်းထဲ ဝင်လာတဲ့ တာဝန်ခံဆရာဝန်က လူနာရဲ့ အခြေအနေကို သူတို့အုပ်စုကို ရှင်းပြခဲ့ပါတယ်။

အသက်ရှူနှုန်းနဲ့ သွေးခုန်နှုန်း နှစ်ခုစလုံးက ပုံမှန်ပါပဲ၊ ပြီးတော့ CT နဲ့ MRI စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ ဦးနှောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ပုံစံမျိုး ဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ နိုးမလာနိုင်ရတဲ့ အကြောင်းရင်းကိုတော့ သူတို့လည်း မရှင်းပြနိုင်ခဲ့ပါဘူး။

တက်ဂယူက ဟျွန်းဂျူးကို မေးလိုက်တယ်။

"ဒါက တကယ်ပဲ ကြီးကြီးမားမား ဖြစ်မနေတာ သေချာရဲ့လား။ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ မမ"

"ပထမဆုံး နင့်ရဲ့ နှာရည်တွေကို အရင်သုတ်လိုက်စမ်း"

အမှန်တော့ ဟျွန်းဂျူးရဲ့ စိတ်ထဲမှာလည်း ရှုပ်ထွေးနေခဲ့တာပါ။ ဒါပေမဲ့ လူတိုင်းက စိုးရိမ်တုန်လှုပ်နေကြတာဖြစ်လို့ သူကတော့ စိတ်ကို တည်ငြိမ်အောင် ထိန်းထားဖို့ လိုအပ်ပါတယ်။

လုံးဝ ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်က အခုလိုမျိုး သတိမေ့မြောနေတာက ရှားပါးတယ်လေ။ အထူးသဖြင့် အသက် နှစ်ဆယ်ကျော်အရွယ်ပဲ ရှိသေးတဲ့ ကန်ဂျင်ဟူလို လူမျိုးကပေါ့။ သူ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား လဲကျခဲ့ပါစေ၊ မကြာခင်မှာ လျင်လျင်မြန်မြန် သတိပြန်ရလာသင့်တာပါ။

"နင် တစ်ခုခုကို ကြိုတင်သိနေတာမျိုး ရှိလား"

"ဟင်"

တက်ဂယူက ဂျင်ဟူရဲ့ စွမ်းအားက ဒီအခြေအနေနဲ့ သက်ဆိုင်နေနိုင်မလားဆိုပြီး ပင်ကိုသိစိတ်အရ တွေးမိသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို ဒီနေရာမှာ ထုတ်ပြောလို့တော့ မရပါဘူး။

"ဟိုလေ... ကျွန်တော်လည်း သေချာမသိဘူး"

သူက ပြန်ဖြေလိုက်တယ်။

တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားလိုက်ရတာကြောင့် ဟျွန်းဂျူးက မောင်ဖြစ်သူကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်တယ်။

"တကယ်လား"

တက်ဂယူက အကြည့်လွှဲလိုက်ပြီး ပြန်ဖြေတယ်။

"အ-အလုပ်အလွန်အကျွံလုပ်တာ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်မလား"

အယ်လီက အားနည်းစွာ ခေါင်းငြိတ်လိုက်တယ်။

"အဲဒါလည်း ဖြစ်နိုင်တာပဲ။ အမေရိကန်ကို ရောက်ကတည်းက တာဝန်ယူရမယ့် ကိစ္စတွေက အများကြီး ရှိနေခဲ့တာလေ"

အလုပ်သမားသမဂ္ဂ ကိစ္စတွေကနေစလို့ ဥက္ကဋ္ဌ လင်ဂျင်ယုံ နဲ့ ရှယ်ယာလဲလှယ်ရေး ညှိနှိုင်းမှုတွေ၊ ပြီးတော့ နည်းပညာ မိတ်ဆက်ပွဲတွေအထိ၊ အပြင်ပန်းမှာ ထုတ်မပြခဲ့ပေမဲ့ သူ သေချာပေါက် စိတ်ဖိစီးမှု အများကြီး ရှိနေခဲ့တာ ဖြစ်ပါလိမ့်မယ်။

အခုလောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ရုံကလွဲလို့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ့် အစီအစဉ် မရှိပုံရပါတယ်။

"သူ နိုးလာမယ့်အချိန်ကိုပဲ စောင့်ကြရအောင်"

ဒါပေမဲ့ သတိပြန်ရလာမယ့် လက္ခဏာမပြဘဲ ရက်တွေ ကုန်လွန်သွားခဲ့ပြီး ခန့်မှန်းချက် ဆောင်းပါးတွေကတော့ ဆက်တိုက် ထွက်ပေါ်လာခဲ့တယ်။

[OTK Company စီအီးအို သတိလစ်မေ့မြောနေ]

[ကန်ဂျင်ဟူက အခုထိ နိုးမလာသေး]

[တခြား ကုသနိုင်တဲ့နည်းလမ်း မရှိတော့ဘူးလား]

[တချို့က ဦးနှောက်သေဆုံးနိုင်ခြေ ရှိနေကြောင်း အလားအလာကို ဖော်ပြနေကြ...]

ဝါရင့်သတင်းစာပညာတွေက 'ကိုမာဝင်နေတာ' နဲ့ 'ဦးနှောက်သေဆုံးခြင်း' စတဲ့ စကားလုံးတွေကို အသုံးပြုခဲ့ကြပြီး ဂျောင်အီဘိုသတင်းစာကတော့ ကန်ဂျင်ဟူသာ ဘယ်တော့မှ နိုးမလာခဲ့ရင် OTK Company ရဲ့ ရှယ်ယာတွေနဲ့ စီမံခန့်ခွဲမှု အခွင့်အာဏာတွေကို ဘယ်သူက ဆက်ခံရမလဲဆိုတာကို ခန့်မှန်းဖော်ပြခဲ့ကြတယ်။

အင်တာနက်ပေါ်မှာတော့ ဆူညံပွက်လောရိုက်သွားခဲ့တယ်။

– ဟားဟား၊ ဂျောင်အီဘိုက ကန်ဂျင်ဟူကို ဒီအတိုင်း သေစေချင်နေတဲ့ ပုံပဲ။

– ဒါက ဆောင်းပါးလား ဒါမှမဟုတ် သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒလား။

– ဥက္ကဋ္ဌကလည်း ကန်ဂျင်ဟူ နိုးမလာဖို့အတွက် ဆုတောင်းနေမှာ သေချာတယ်။

– ဒါပေမဲ့ သူက အခုအချိန်မှာ တကယ်ပဲ ကိုမာဝင်နေပြီ မဟုတ်ဘူးလား။

– ငါလည်း ဦးနှောက်သေဆုံးသွားပြီဆိုတဲ့ စကားတွေကို ကြားမိသလိုပဲ။

– ငါ့အထင်တော့ သူက ဟန်ဆောင်နေတာ ဖြစ်လိမ့်မယ်။

– အာမခံငွေ ရချင်လို့ ဆေးရုံမှာ ဟန်ဆောင်တက်နေတာလည်း ဖြစ်နိုင်တာပဲ။ သူ တိတ်တဆိတ် အာမခံထားထားတာမျိုး ရှိလားဆိုတာကို သေချာ စုံစမ်းစစ်ဆေးသင့်တယ်။

– ကန်ဂျင်ဟူကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော် ထောက်ခံပါတယ်။ တရားသူကြီးမင်း။

– အေး။ လူနာအတုဖြစ်နိုင်တယ်လေ။

– ငလျင်လှုပ်တာက အာမခံအတွက် သဘာဝဘေးအန္တရာယ်အဖြစ် သတ်မှတ်ခံရလား။

လူတစ်ယောက် လဲကျသွားခဲ့ရင်တောင် ကုမ္ပဏီကတော့ ဆက်လက်လည်ပတ်နေရမှာ ဖြစ်ပါတယ်။

ကံကောင်းထောက်မစွာပဲ OTK Company က အဓိကအားဖြင့် လက်အောက်ခံ ကုမ္ပဏီတွေကိုပဲ စီမံခန့်ခွဲတာဖြစ်လို့ တခြား ကြီးကြီးမားမား လည်ပတ်မှုတွေ မရှိပါဘူး။ လက်အောက်ခံ ကုမ္ပဏီတွေကြားက ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ရပ်တန့်သွားမှာ ဖြစ်ပေမဲ့ ဒါက ချက်ချင်း လက်ငင်း စိုးရိမ်ရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။

အခြားတစ်ဖက်မှာတော့ Golden Gate က ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်လို့ နေ့စဉ် လုပ်ဆောင်ရမယ့် အလုပ်တွေက လျှံထွက်နေခဲ့တာပါ။ ဒါကြောင့် ဟျွန်းဂျူးက ဆေးရုံနဲ့ ဟိုတယ်ကြားကို ကူးချည်သန်းချည် လုပ်ဆောင်ရင်း စမတ်ဖုန်းနဲ့ Laptop ကနေတစ်ဆင့် အလုပ်တွေကို ကိုင်တွယ်ပြီး ညွှန်ကြားချက်တွေ ပေးနေခဲ့ရပါတယ်။

ဒီအတောအတွင်းမှာ ကင်မီဂျာနဲ့ အယ်လီတို့က ဂျင်ဟူရဲ့ ဘေးနားမှာ ရှိနေပေးခဲ့ကြပြီး အစားလည်း ကောင်းကောင်းမစား၊ အိပ်လည်း ကောင်းကောင်းမအိပ်ဘဲ နေခဲ့ကြတာပါ။

ဂျင်ဟူ မနိုးခင်မှာ သူတို့ပါ လဲကျသွားမှာကို စိုးရိမ်တာကြောင့် ဟျွန်းဂျူးက သူတို့နှစ်ယောက်ကို အနီးအနားက ဟိုတယ်တစ်ခုဆီကို အတင်းအကြပ် ခေါ်ဆောင်သွားခဲ့တယ်။

ပြီးတော့ သူက Room service ကို မှာယူပေးခဲ့တယ်။ ဝန်ထမ်းတွေက အစားအသောက်တွေကို လာပို့ပေးတဲ့အခါမှာတော့ သူတို့နှစ်ယောက်က ခက်ရင်းကို ကိုင်ဖို့တောင် မတွေးနိုင်ဘဲ ဖြစ်နေကြတုန်းပါ။

"စားချင်စိတ် မရှိရင်တောင် စားလိုက်ပါဦး။ အဲဒါမှ သူ့ကို ပြုစုဖို့အတွက် အားရှိမှာပေါ့"

အဲဒါလည်း ဟုတ်တာပါပဲလေ။

ကင်မီဂျာက အယ်လီရဲ့ လက်ထဲကို ခက်ရင်းတစ်ခု ထည့်ပေးလိုက်တယ်။

"အန်တီလည်း စားမှာမလို့ သမီးလည်း စားလိုက်နော်"

အဲ့ဒီအချိန်မှာပဲ ဟျွန်းဂျူးရဲ့ ဖုန်းက မြည်လာခဲ့တယ်။ ဆက်သွယ်လာသူကတော့ သူ့ရဲ့ မောင်ဖြစ်သူပါ။

တက်ဂယူက အော်ပြောတယ်။

"ဂျင်ဟူ နိုးလာပြီ။ မမ"

"သိပြီ။ ငါ အခု လာခဲ့မယ်"

ဖုန်းခေါ်ဆိုမှုက ချက်ချင်းပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဟျွန်းဂျူးက ဖုန်းကို ချလိုက်ပြီး သတင်းစကားကို မျှဝေလိုက်တယ်။

"ဂျင်ဟူ အခုလေးတင်ပဲ နိုးလာပြီ"

ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်စလုံးက ဘယ်သူ အရင်ထလဲ မသိရလောက်အောင် ထိုင်ခုံကနေ အပြေးအလွှား ထလိုက်ကြပါတော့တယ်။

ကျွန်တော် ကုတင်အစွန်းမှာ ထိုင်ပြီး တက်ဂယူနဲ့ စကားပြောနေတုန်းမှာပဲ လူသုံးယောက်က လူနာခန်းထဲကို ရုတ်တရက် အပြေးအလွှား ဝင်လာကြတယ်။

အဲဒါက အစ်မ ဟျွန်းဂျူး၊ ကျွန်တော့်အမေနဲ့ အယ်လီ တို့ပါပဲ။

ကျွန်တော့်အမေက ကျွန်တော့်ကို ဖက်ပြီး ငိုကြွေးတော့တယ်။

"သား အဆင်ပြေရဲ့လား။ တကယ်ပဲ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့။ ကျွန်တော် အဆင်ပြေပါတယ်။ ဆရာဝန်ကလည်း ဘာမှ မှားယွင်းနေတာမရှိဘူးလို့ ပြောထားတာပဲလေ"

အစ်မ ဟျွန်းဂျူးက ကျွန်တော့်ကို ကြည့်ပြီး အားနည်းစွာ ပြုံးပြတယ်။

"ငါ တကယ်ပဲ စိုးရိမ်နေခဲ့တာ၊ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားပြီလို့ ထင်နေခဲ့တာ"

ငိုနေတဲ့ ကျွန်တော့်အမေကို နှစ်သိမ့်ပေးနေတုန်းမှာ အနောက်ဘက်မှာ ကြောင်အမ်းအမ်းနဲ့ ရပ်နေတဲ့ အယ်လီကို ကျွန်တော် သတိပြုမိလိုက်တယ်။ အမြဲတမ်း တက်ကြွလန်းဆန်းနေတတ်တဲ့ သူက အခုတော့ မျက်နှာလေး ဖြူဖျော့ပြီး နွမ်းနယ်နေပုံရတယ်။ ဒါပေမဲ့ လှနေတုန်းပါပဲ။

ကျွန်တော် ပြုံးလိုက်ပြီး မေးလိုက်တယ်။

"နင် အဆင်ပြေရဲ့လား"

အယ်လီက သူ့ရဲ့ မျက်ရည်တွေကို ဆက်ပြီး မထိန်းထားနိုင်တော့ပါဘူး။

"ဟီး... ငါ ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲဆိုတာ နင် သိရဲ့လား။ ဂျင်ဟူ တစ်ခုခု ဖြစ်သွားပြီလို့ ငါ ထင်နေခဲ့တာ... ဟင့်"

"ငါ ဘာမှမဖြစ်ပါဘူး။ နင့်ကို စိုးရိမ်ပူပန်အောင် လုပ်မိလို့ တောင်းပန်ပါတယ်"

ကျွန်တော့်အမေကတော့ ငိုနေတာလား ဒါမှမဟုတ် စိတ်ဆိုးနေတာလား မသိရတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ရဲ့ ကျောကို သူ့လက်ဝါးနဲ့ ဆက်တိုက် ရိုက်နေခဲ့တယ်။

"နင်က ဘာလို့ အမြဲတမ်း ပြဿနာရှာပြီး ငါ့ကို စိုးရိမ်အောင် လုပ်နေရတာလဲ။ နင်က ငါ့ကို ပြည်ပခရီးတောင် တစ်ခါမှ မခေါ်သွားဖူးဘဲနဲ့ အခုတော့ ဒါမျိုးကြောင့်နဲ့ အမေရိကန်အထိ လာခိုင်းရတယ်လို့။ နင့်ကြောင့်နဲ့ ငါ့ဘဝကို ကောင်းကောင်း မဖြတ်သန်းရဘူး။ သေချာ ဂရုစိုက်ပါလို့ ပြောရင်လည်း ဘယ်တော့မှ နားမထောင်ဘူး..."

သူ့ရဲ့ ပွစိပွစိ ပြောဆိုမှုတွေက ရပ်တန့်မယ့် လက္ခဏာ မပြသေးပါဘူး။

အယ်လီကတော့ အစ်မ ဟျွန်းဂျူးရဲ့ ရင်ခွင်ထဲမှာ ငိုနေခဲ့တုန်းပဲ။ ကျွန်တော်က ကူညီပါဆိုတဲ့ အမူအရာနဲ့ တက်ဂယူကို လှမ်းကြည့်လိုက်တော့ တက်ဂယူက အကြည့်ကို တိတ်တဆိတ် လွှဲလိုက်ပြီး တိုးတိုးလေး ရေရွတ်တယ်။

"စောစောက ကျန်ခဲ့တဲ့ ပီဇာတွေ ဘယ်မှာပါလိမ့်..."

ကျွန်တော်ကတော့ ကျွန်တော့်အမေရဲ့ ပွစိပွစိ ပြောဆိုမှုတွေကို အချိန်အကြာကြီး အောင့်ခံနေခဲ့ရပါတော့တယ်။

အခန်း (၁၆၄)

ကျွန်တော် လူနာကုတင်ပေါ်မှာ လှဲရင်း တက်ဘလက်ထဲက သတင်းတွေကို လိုက်ဖတ်နေမိတယ်။

ခဏလောက်တော့ ငလျင်အကြောင်းက ရေပန်းစားဆုံး အကြောင်းအရာ ဖြစ်နေခဲ့တာပါ။

ကယ်လီဖိုးနီးယားဟာ Pacific Ring of Fire တစ်လျှောက်မှာ တည်ရှိတာမလို့ ပုံမှန်အားဖြင့် ငလျင်တွေ ခဏခဏ လှုပ်ခတ်လေ့ ရှိပါတယ်။ အများစုကတော့ ကုန်းမြေနဲ့ဝေးတဲ့ ပင်လယ်ပြင်ထဲမှာ လှုပ်တာဖြစ်ပြီး အများပြည်သူတွေ သတိမထားမိလောက်အောင်ကို သေးငယ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် လှုပ်ခတ်သွားတဲ့ ငလျင်ကတော့ တော်တော်လေးကို ပြင်းထန်ခဲ့တာပါ။

ဆန်ဖရန်စစ္စကို လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေကို ယာယီရပ်ဆိုင်းခဲ့ရပြီး လော့စ်အိန်ဂျလိစ် (LA) မှာပါ တုန်ခါမှုကို ခံစားခဲ့ရပါတယ်။ ဒါက နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခု ဖြစ်တယ်လို့ မီဒီယာတွေက စိုးရိမ်တကြီး ဖော်ပြခဲ့ကြတယ်။

ဒါပေမဲ့ ငလျင်သတင်းက တစ်ရက်အတွင်းမှာတင် ပြန်ငြိမ်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေက တောင်ပုံရာပုံ ထွက်ပေါ်လာခဲ့တော့တာပဲ။

တကယ်လို့ ကျွန်တော်သာ သတိပြန်မရလာခဲ့ရင် မော်တော်ကားလုပ်ငန်းနဲ့ အပြာကား လုပ်ငန်းတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စိတ်ကူးယဉ် ဆန်းစစ်ထားတဲ့ ဆောင်းပါးမျိုးတောင် ရှိနေခဲ့တာပါ။

"……"

ဟုတ်ပြီ။ မော်တော်ကားလုပ်ငန်းဆိုတာကိုတော့ ငါ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဘာလို့ အပြာကား လုပ်ငန်းက ပါလာရတာလဲ။

စိတ်အေးသွားကြပြီဖြစ်လို့ အယ်လီနဲ့ ကျွန်တော့်အမေက ကျွန်တော့်ဘေးနားမှာ ငိုက်မြည်းနေကြတယ်။ သူတို့ခမျာ စိတ်ပူလွန်းလို့ အိပ်ရေးပျက်ထားကြတာ ထင်ပါရဲ့။

ဟိုတယ်မှာ သွားနားကြဖို့ ကျွန်တော် ပြောခဲ့ပေမဲ့ နှစ်ယောက်စလုံးက ကျွန်တော့်ဘေးမှာပဲ နေမယ်ဆိုပြီး အတင်းဇွတ်ငြင်းနေခဲ့ကြတာပါ။

"ကျွန်တော်လည်း နားဖို့ လိုအပ်တယ်လေ။ လူတွေ အများကြီး ရှိနေရင် စိတ်အာရုံ စူးစိုက်ရခက်လို့ပါ"

အကြိမ်ကြိမ် ဖျောင်းဖျပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမေနဲ့ အယ်လီက အစ်မ ဟျွန်းဂျူးနဲ့အတူ ဟိုတယ်ကို ပြန်သွားခဲ့ကြတယ်။ ကျွန်တော့်ဘေးက တက်ဂယူကတော့ စားလက်စ ပီဇာတွေကို အပြတ်ရှင်းနေခဲ့တာပါ။

သူ့ပုံစံက ပီဇာဘူးတစ်ခုလုံးကို ဝါးမြိုပစ်တော့မယ့်အတိုင်းပဲ။

ကျွန်တော်လည်း ဝင်စားချင်ပေမဲ့ ကျွန်တော့်ရဲ့ အစာအိမ်က အားနည်းနေသေးလို့ ပီဇာစားရင် ဗိုက်နာနိုင်တယ်ဆိုပြီး သူနာပြုက သတိပေးခဲ့တယ်။ အဲဒါကြောင့် ပီဇာအစား ပျစ်ချွဲချွဲ စွပ်ပြုတ်တစ်ခွက်ပဲ ပေးခဲ့တာပါ။

ဗိုက်ဆာဆာနဲ့ သောက်လိုက်ရပေမဲ့ အရသာကတော့ တော်တော်လေး ဆိုးရွားလွန်းပါတယ်။

ဆေးရုံစာတွေ အရသာမရှိတာက ကမ္ဘာ့အဆင့်မီ ပြဿနာတစ်ခုများလား။

ကျွန်တော် ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်ပြီး ရှာဖွေနေမိတယ်။

အခု ပြန်တွေးကြည့်တော့ ဆန်ဖရန်စစ္စကိုဆီ မထွက်ခွာခင် အချိန်ကတည်းက တစ်ခုခု လွဲချော်နေသလို ခံစားချက်မျိုး ရှိခဲ့တာပါ။ လေဆိပ်ကို ရောက်လို့ လေယာဉ်ပေါ်က ဆင်းလိုက်တဲ့အချိန်မှာလည်း အကြောင်းပြချက်မရှိဘဲ ရင်ထဲမှာ မအီမသာ ဖြစ်နေခဲ့ရတယ်။

အဲဒီတုန်းကတော့ ကျွန်တော့်ရဲ့ ကျန်းမာရေး အခြေအနေကြောင့်လို့ ထင်ခဲ့ပေမဲ့ ဒါက ငလျင်လှုပ်တော့မယ့် ကြိုတင်သတိပေးချက်နဲ့ ပတ်သက်နေနိုင်မလား။

ပြီးတော့ ကျွန်တော် လဲကျသွားတဲ့ အချက်ကလည်း...

"ဆရာဝန်ကတော့ ငါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တာလို့ ပြောတာပဲ"

"ဒါဆို မင်းက ဘာလို့ တစ်ပတ်လုံးလုံး နိုးမလာနိုင်ရတာလဲ"

တက်ဂယူက စိုးရိမ်တကြီး မေးလာတယ်။

"ဒါက နတ်မျက်စိရဲ့ ဘေးထွက်ဆိုးကျိုးများလား"

"ဟင်"

အခုအချိန်အထိ ကြုံဖူးတဲ့ ဘေးထွက်ဆိုးကျိုးဆိုလို့ ခဏတာလောက် အာရုံဝေဝါးသွားတာမျိုးပဲ ရှိခဲ့တာပါ။ လေယာဉ်မောင်းနေတဲ့ အချိန်မျိုးမဟုတ်ရင် ဒါက တကယ်တော့ ပြဿနာမရှိပါဘူး။

"ဒီလိုမျိုး အရင်ကကော ဖြစ်ဖူးလား"

ကျွန်တော် တွေးတောကြည့်ပြီး ခေါင်းငြိတ်ပြလိုက်တယ်။

"ဒီလိုမျိုး နားထဲက မြည်တာနဲ့ ခေါင်းကိုက်တာကို အရင်က နှစ်ကြိမ် ကြုံဖူးတယ်"

"ဘယ်တုန်းကလဲ"

"ပထမဆုံးအကြိမ် နတ်မျက်စိ မြင်ကွင်းကို မြင်ခဲ့ရတုန်းကတစ်ခါ။ ပြီးတော့ L6 ဘယ်တော့ ပေါက်ကွဲမလဲဆိုတာကို ကြည့်ဖို့ ကြိုးစားခဲ့တုန်းတစ်ခါ"

"ဒါဆို အခုအပါအဝင်ဆို သုံးကြိမ်ရှိပြီပေါ့"

တခြားအချိန်တွေမှာ နတ်မျက်စိ မြင်ကွင်းက သဘာဝအတိုင်း ခေါင်းထဲကို ပေါ်လာတတ်တာဆိုပေမဲ့ အဲဒီသုံးကြိမ်စလုံးမှာတော့ ခံစားချက်တစ်ခုခုက အတင်းအကြပ် တိုးဝှေ့ဝင်ရောက်လာသလိုမျိုး ခံစားခဲ့ရတာပါ။

"မင်းရဲ့ အာရုံခံစားမှုက အလုပ်အလွန်အကျွံ ဖြစ်သွားတာမျိုးလား"

"အဲဒီလို ပုံစံမျိုးပေါ့"

တက်ဂယူက စိုးရိမ်ပူပန်တဲ့ ပုံစံနဲ့ ပြောလာတယ်။

"ပြန်တွေးကြည့်ရင် ဒီလောက် ကြီးမားတဲ့ စွမ်းအားကို ဘာတန်ဖိုးမှ မပေးရဘဲ ရနေတာက နည်းနည်းတော့ ထူးဆန်းတယ်မလား။ ကြီးမားတဲ့ စွမ်းအားတွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ ရှိတတ်တာပဲလေ"

"အဲဒါလည်း ဟုတ်တာပါပဲ"

"အခုဆို မင်းလည်း ပိုက်ဆံ အများကြီး ရှာပြီးပြီပဲ။ နောက်ဆိုရင် မင်းရဲ့ ကြိုတင်မြင်နိုင်တဲ့ စွမ်းအားကို ပိတ်ပစ်လိုက်ရင်ကော ဘယ်လိုလဲ"

"……"

အဲဒါက ဘာကို ဆိုလိုတာလဲ။

ဒီစွမ်းအားက ကျွန်တော် အမြဲတမ်း ကြိုးစားအားထုတ်နေလို့ ရလာတာမျိုး မဟုတ်ပါဘူး။ တစ်နေ့မှာ ရုတ်တရက်ဆိုသလို ပေါ်လာခဲ့တာ ဖြစ်တယ်။ ကျွန်တော် ကြည့်ချင်ရုံနဲ့ ကြည့်လို့ရတာမျိုး မဟုတ်သလို၊ မမြင်ချင်ဘူးဆိုပြီး လျစ်လျူရှုထားလို့ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။

ကျွန်တော် အရာအားလုံးကို စွန့်လွှတ်ပြီး ဘာသတင်းမှမကြားရတဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းဆီ သွားပြီး ငါးဖမ်းနေရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ကျွန်တော်က ဘဏ္ဍာရေးလောကထဲမှာ ရှိနေတာဖြစ်လို့ ဒီမြင်ကွင်းတွေကို မလွဲမသွေ ဆက်ပြီး မြင်နေရဦးမှာပါ။

"ဘာပဲဖြစ်ဖြစ် အခုတော့ မင်း အဆင်ပြေသွားပြီမလား"

"အဆင်ပြေတာထက်ကို ပိုပါတယ်"

တစ်ပတ်လုံးလုံး အိပ်စက်ခဲ့ရတာမလို့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ နုံးချည့်ပင်ပန်းမှုတွေ အားလုံး လုံးဝ ပျောက်ကွယ်သွားသလိုမျိုး ခံစားနေရတယ်။

ကျွန်တော် အခုချက်ချင်းတောင် ဆေးရုံက ဆင်းနိုင်ပါပြီ။

မိုးလင်းတာနဲ့ တပြိုင်ထဲ ကျွန်တော် ဆေးရုံက ဆင်းချင်တယ်လို့ ပြောလိုက်တယ်။

"ဆေးရုံစရိတ်တွေကြောင့် ဆင်းချင်တာလား"

"…မဟုတ်ပါဘူး"

သူတို့က ကျွန်တော့်ကို ဆေးရုံစရိတ်ကြောင့်နဲ့ နာကျင်နေတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး ဆေးရုံက ဆင်းမယ့်သူလို့ ထင်နေကြတာလား။

ဆေးရုံစရိတ် ရှင်းတမ်းကို မြင်လိုက်ရတော့မှ အမေရိကန်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်တွေက စိတ်ကူးထဲကထက် ပိုပြီး မြင့်မားနေတာကို သိလိုက်ရတယ်။ တကယ်လို့ လူတစ်ယောက်က ပြင်းပြင်းထန်ထန် ဖျားနာခဲ့မယ်ဆိုရင် သာမန်လူလတ်တန်းစား မိသားစုတစ်ခုခုဆို လုံးဝ စည်းစိမ်ပျက်သွားနိုင်လောက်ပါတယ်။

ဒါကို မြင်ရတော့မှ ကိုရီးယားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ဘယ်လောက်တောင် ကောင်းမွန်လဲဆိုတာကို ကျွန်တော် သတိပြုမိတော့တယ်။

ဒါက ပြည်ပခရီးစဉ်အတွင်း အလုပ်ကိစ္စကြောင့် ထိခိုက်ဒဏ်ရာရတာ ဖြစ်လို့ ကုန်ကျစရိတ် အားလုံးကို ကုမ္ပဏီကပဲ ကျခံမှာပါ။ အဲဒီကုမ္ပဏီ ပိုင်ဆိုင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ကျွန်တော့်ဥစ္စာ ဖြစ်နေပေမဲ့ပေါ့လေ။

ကျွန်တော်နဲ့ တက်ဂယူက ဟိုတယ်ဆီကို ဦးတည်လိုက်တဲ့အခါ ဆေးရုံကို လာဖို့ ပြင်ဆင်နေကြတဲ့ ကျွန်တော့်အမေနဲ့ အယ်လီတို့က လန့်ဖျပ်သွားခဲ့ကြရတယ်။

"နင် ဆေးရုံမှာပဲ ရှိနေသင့်တာလေ။ ဘာလို့ အခုကတည်းက ဆေးရုံက ဆင်းလာရတာလဲ"

ကျွန်တော် တည်တည်ငြိမ်ငြိမ်နဲ့ပဲ လိမ်ညာလိုက်မိတယ်။

"ဆရာဝန်က သွားလို့ရပြီလို့ ပြောလို့ပါ"

အမှန်တော့ တာဝန်ကျဆရာဝန်က CT နဲ့ MRI စစ်ဆေးမှုတွေ ပြီးနောက်မှာ အခြေအနေကို နောက်ထပ် နှစ်ရက်လောက် ထပ်ပြီး စောင့်ကြည့်ဖို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို လျစ်လျူရှုပြီး ဒီအတိုင်း ဆေးရုံက ဆင်းလာခဲ့တာပါ။

"ဒါပေမဲ့ အချိန်အကြာကြီး လဲနေခဲ့တာဆိုတော့ ချက်ချင်းကြီး ဟိုဟိုဒီဒီ မလှုပ်ရှားသင့်ဘူးလေ"

"ဟုတ်ကဲ့ပါ။ အမေ"

ကျွန်တော့်အမေရဲ့ အကြံပေးချက်အတိုင်းပဲ ကျွန်တော် ကိုရီးယားကို နောက်တစ်ရက်နေမှ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

အစ်မ ဟျွန်းဂျူးက စိတ်သက်သာရာ ရသွားခဲ့ပြီး အလုပ်လုပ်ဖို့အတွက် ဟိုတယ်အခန်းထဲမှာပဲ အောင်းနေခဲ့တယ်။ ကျွန်တော့်ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ အယ်လီကတော့ အားအင်တွေ ပြန်ပြည့်လာပုံရပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့အတွက် ဟိုတယ်ရဲ့ အားကစားခန်းမ Fitness center ဆီကို ခဏ သွားခဲ့တယ်။

ကျွန်တော့်ဘေးမှာ ထိုင်ပြီး သစ်သီးတွေ လှီးပေးနေတဲ့ ကျွန်တော့်အမေက အယ်လီ ထွက်သွားတာနဲ့ တပြိုင်ထဲ ရုတ်တရက် လှမ်းမေးလာတယ်။

"သား အဲဒီကောင်မလေးနဲ့ တွဲနေတယ်လို့ ကြားတယ်"

"အမေ့ကို ဘယ်သူပြောလဲ"

"ဟျွန်းဂျူးလေ။ အမေ ဒီသူငယ်မလေးကို ပထမဆုံး မြင်ကွင်းကတည်းက သတိထားမိသား၊ သူက တကယ်ကို ဆွဲဆောင်မှု ရှိပါတယ်။ အမေက သား အလုပ်ထဲမှာပဲ စိတ်အာရုံ စူးစိုက်လွန်းနေလို့ စိုးရိမ်နေခဲ့တာ။ ဘယ်တုန်းကတည်းက ဒီလိုမျိုး မိန်းကလေးကောင်းလေးကို ရအောင် ယူလိုက်တာလဲ"

ကျွန်တော် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။

"သူက နိုင်ငံခြားသူ ဖြစ်နေတာကို အမေ အဆင်ပြေရဲ့လား"

ကျွန်တော့်ရဲ့ မေးခွန်းကို အမေက ခေါင်းညိတ်ပြတယ်။

"အဆင်ပြေတာပေါ့။ အခုလို ကမ္ဘာကြီးက ရွာလိုမျိုးဖြစ်နေတဲ့ ခေတ်ကြီးမှာ အဲဒါက ဘာပြဿနာ ရှိလို့လဲ။ သူက ကိုရီးယားစကားလည်း ကောင်းကောင်းပြောနိုင်တော့ နိုင်ငံခြားသူလို့တောင် မခံစားရဘူး။ ဟျွန်းဂျူးကလည်း အဲဒီကောင်မလေးကို ခဏခဏ ချီးမွမ်းခန်းဖွင့်နေတာ။ သူက Golden Gate ရဲ့ ရှေ့နေတစ်ယောက် မဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

"ချောလည်းချောတယ်၊ တော်လည်းတော်တယ်၊ အလုပ်လည်း ကောင်းတယ်။ ပြစ်တင်ဝေဖန်စရာ ဘာမှမရှိဘူး"

ကြည့်ရတာ အမေက ချွေးမလောင်းကို အကဲခတ်လို့ ပြီးနေပြီ ထင်ပါရဲ့။ သူက တော်တော်လေး လက်သွက်တာပဲ။

"သား ဆေးရုံတက်နေရတုန်းက သားဘေးမှာ ရှိနေပေးတာကို ကြည့်ပြီး အမေ သူ့ကို ယုံကြည်သွားခဲ့တာ။ အလှအပနဲ့ စည်းစိမ်ဥစ္စာတွေက ဘာမှမဟုတ်ပါဘူး။ သားရယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကသာ အရေးကြီးဆုံးပဲကွယ့်။ ဒါက အမေ အသက်ရှင်လာတဲ့ ဘဝတစ်လျှောက်လုံးကနေ သင်ယူခဲ့ရတဲ့ အရာပဲ..."

"……"

ဒီပွစိပွစိ ပြောဆိုမှုတွေက ဘယ်တော့မှ ပြီးဆုံးမှာပါလိမ့်။

ကျွန်တော် အယ်လီဆီကို တိတ်တဆိတ် မက်ဆေ့ခ်ျပို့ပြီး အကူအညီ တောင်းလိုက်ရတယ်။ ခဏအကြာမှာတော့ အယ်လီက ပြန်ရောက်လာပြီး ရေအမြန်ချိုးကာ ကျွန်တော့်အမေကို လှမ်းပြောလိုက်တယ်။

"ကျွန်မတို့ အတူတူ အပြင်သွားရအောင်။ အမေ"

"ဟင်။ ဘယ်ကိုလဲ"

"ဒါက အမေ အမေရိကန်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ။ ဒီအထိ ရောက်လာတာဆိုတော့ ဆန်ဖရန်စစ္စကို မြို့ကို လည်ပတ်ပြီး ဆန်ဖရန်စစ္စကို တံတား Golden Gate Bridge ဆီကို သွားကြည့်သင့်တာပေါ့"

"ဆန်ဖရန်စစ္စကို တံတား ဟုတ်လား"

ကျွန်တော် အမေ့ကို အသာလေး တွန်းလိုက်တယ်။

"ဆန်ဖရန်စစ္စကို တံတားလေ။ အမေ တစ်ခေါက်လောက် သွားကြည့်ချင်တယ်လို့ ပြောဖူးတယ်မလား။ ကျွန်တော်က ဒီမှာပဲ နားနေမှာမလို့ အမေနဲ့ အယ်လီတို့ပဲ သွားပြီး ပျော်ပျော်ရွှင်ရွှင် လည်ပတ်ခဲ့ကြပါ"

"ဒါပေမဲ့ သားက ဆေးရုံက အခုမှ ဆင်းလာတာပဲ ရှိသေးတာကို..."

ကျွန်တော် ဘေးနားက တက်ဂယူရဲ့ နံဘေးကို လှမ်းတို့လိုက်တဲ့အခါ သစ်သီးတွေကို အသည်းအသန် စားနေတဲ့ တက်ဂယူက ဝင်ပြောပေးတယ်။

"စိတ်မပူပါနဲ့။ အန်တီ။ ကျွန်တော် ဂျင်ဟူကို သေချာ ဂရုစိုက်ပေးထားပါ့မယ်"

အကြိမ်ကြိမ် ငြင်းဆန်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမေက နောက်ဆုံးမှာ အယ်လီနဲ့အတူ ဆန်ဖရန်စစ္စကို မြို့ကို လည်ပတ်ဖို့အတွက် ထွက်ခွာသွားခဲ့ပါတော့တယ်။

ကျွန်တော် သတိပြန်ရလာတဲ့ သတင်းက သတင်းစာမျက်နှာတွေပေါ်မှာ ချက်ချင်း ရေပန်းစားသွားခဲ့ပါတယ်။ OTK Company ကလည်း ကျွန်တော် သတိပြန်ရလာတာ ကြာပြီဖြစ်ပေမဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်နေရတာကြောင့် ကြေညာချက် ထုတ်ပြန်ဖို့ နောက်ကျသွားခဲ့တာလို့ ရှင်းပြခဲ့တယ်။

ဒါက ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး မလိုအပ်တဲ့ ကောလာဟလတွေ မထွက်ပေါ်လာအောင် တားဆီးဖို့အတွက် ဖြစ်ပါတယ်။

တာဝန်ကျဆရာဝန်နဲ့ သူနာပြုတွေက အမှန်တရားကို သိကြပေမဲ့ လူနာရဲ့ အချက်အလက်တွေကို အပြင်လူတွေကို ထုတ်ဖော်ပြောပြလို့ မရပါဘူး။

M ပီဇာကတော့ ကျွန်တော် ဆေးရုံက ဆင်းတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးရုံတစ်ခုလုံးကို ပီဇာတွေ လိုက်လံဝေမျှတဲ့ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့တယ်။

Faceit ကလည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လူကြီးကြည့်ဝဘ်ဆိုက်တွေကို ခြောက်လကြာ အခမဲ့ အသုံးပြုခွင့် ပေးဖို့ စီစဉ်နေခဲ့ပြီး ဆေးရုံမှာ လူကြီးကြည့်ဗီဒီယို သရုပ်ဆောင်တွေနဲ့အတူ ပွဲတစ်ခု ကျင်းပချင်နေပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကို မလုပ်ဖို့ ဖျောင်းဖျလိုက်ရပါတယ်။

ဆောင်းပါး ထွက်လာပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ ဖုန်းက မရပ်မနား မြည်လာခဲ့တော့တာပဲ။

ကျွန်တော် ပထမဆုံးအနေနဲ့ စီနီယာ ဆန်းယော့ဆီကို ဖုန်းဆက်လိုက်တယ်။ ကျွန်တော် အဆင်ပြေတာကို ကြားလိုက်ရတော့မှ သူက သက်ပြင်းတစ်ချက်ကို အသာချလိုက်တယ်။

[မင်း တကယ်ပဲ အဆင်ပြေရဲ့လား]

"ဟုတ်ကဲ့။ စီနီယာတို့ ကျေးဇူးကြောင့် ရက်အနည်းငယ်လောက် ကောင်းကောင်း နားလိုက်ရပါတယ်"

[မင်း လဲကျသွားတဲ့ သတင်းကို မြင်လိုက်ရတုန်းက ငါ တကယ်ပဲ စိုးရိမ်သွားခဲ့တာ။ ဆောင်းပါး ထွက်လာတာနဲ့ တပြိုင်ထဲ မင်းရဲ့ ရှယ်ယာတွေက ထိုးကျသွားခဲ့တာလေ။ မှတ်ထားဦးဟ။ ငါ့ရဲ့ ဝမ်းရေးနဲ့ ငါတို့ ဝန်ထမ်းတွေရဲ့ ဝမ်းရေးက မင်းရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေတာနော်]

"နားလည်ပါပြီ"

[ကိုရီးယားကို ဘယ်တော့ ပြန်လာမှာလဲ]

"မနက်ဖြန် ပြန်လာပါ့မယ်။ ရုံးမှာ တွေ့ကြတာပေါ့"

[လမ်းခရီးမှာ ဂရုစိုက်ဦး]

နောက်ထပ်အနေနဲ့ ကျွန်တော် ဒါရီလ်နဲ့ ဥက္ကဋ္ဌ လင်ဂျင်ယုံ တို့ဆီကနေ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိခဲ့တယ်။

ဒါရီလ်က စိတ်သက်သာရာ ရသွားခဲ့ပြီး ဥက္ကဋ္ဌ လင်ဂျင်ယုံ ကလည်း သူ့ရဲ့ ဂုဏ်ပြုစကားကို ပြောကြားခဲ့ပါတယ်။ ကျွန်တော် Golden Gate ရဲ့ စီအီးအို ဖြစ်တဲ့ ဂျိန်း စီ ဂိုးမန်း၊ ပြီးတော့ အာရှဒေသခွဲရဲ့ အကြီးအကဲ ဖြစ်တဲ့ ချေ့ ဆောက်ဝဲ တို့နဲ့လည်း ခဏ စကားပြောဖြစ်ခဲ့သေးတယ်။

ကျွန်တော် အိမ်ဖြူတော်ကနေတောင် ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပါသေးတယ်။ ရိုနယ်က သူ့ရဲ့ အလုပ်များပြားတဲ့ အချိန်ဇယားကြောင့် ကျွန်တော် ဆေးရုံက ဆင်းတာကို သူ့ရဲ့ လက်ထောက်ကနေတစ်ဆင့် ဂုဏ်ပြုစကား ပါးလိုက်တာပါ။

"ကျွန်တော် လာတုန်းက စီးလာတဲ့ ကိုယ်ပိုင်လေယာဉ် ရှိနေတာဆိုတော့ အဲဒါကိုပဲ ပြန်စီးသွားလို့ ရပါတယ်"

ဆိုဆောင်း အုပ်စု မှာ စုစုပေါင်း ကိုယ်ပိုင်လေယာဉ် လေးစီး ရှိပါတယ်။ သူတို့မှာ ကမ္ဘာတစ်ဝန်းလုံးမှာ ကော်ပိုရေးရှင်းတွေနဲ့ စက်ရုံတွေ ရှိနေတာဖြစ်လို့ အမှုဆောင် အရာရှိတွေက စီးပွားရေး ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့အတွက် အမြန်ဆုံး ခရီးသွားလာဖို့ လိုအပ်ပါတယ်။

အဲဒီအထဲမှာ အဆင့်မြင့်ဆုံး မော်ဒယ်ကတော့ ဥက္ကဋ္ဌရဲ့ ကိုယ်ပိုင်လေယာဉ် ဖြစ်ပြီး အဲဒါကို ဥက္ကဋ္ဌ လင်ဂျင်ယုံ က ကျွန်တော့်ကို ငှားရမ်းပေးခဲ့တာပါ။

လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိပါဘူး။

ဒီတစ်ခေါက်တော့ ကျွန်တော် သူ့ကို အကြွေးတင်သွားခဲ့ပြီဖြစ်လို့ နောက်ကျရင်တော့ ပြန်ဆပ်ရတော့မှာပါ။

ကျွန်တော် ကိုယ်ပိုင်လေယာဉ်ပေါ်ကို တက်လိုက်ပြီး လေယာဉ်မှူးကို နှုတ်ဆက်လိုက်တယ်။

"လူကြီးမင်း နေကောင်းသွားတာကို မြင်ရတာ ဝမ်းသာပါတယ်။ ဥက္ကဋ္ဌက လူကြီးမင်းကို သေချာ ဂရုစိုက်ပေးဖို့ ကျွန်တော့်ကို မှာထားပါတယ်။ ကိုရီးယားကို ပြန်တဲ့ လမ်းခရီးမှာ လူကြီးမင်း သက်တောင့်သက်သာ ရှိစေဖို့အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ"

"ကျွန်တော်တို့ ဘေးကင်းကင်းနဲ့ ရောက်တဲ့အထိ ကူညီပေးဖို့ မျှော်လင့်ပါတယ်"

ကျွန်တော့်အမေက လေယာဉ်အတွင်းပိုင်းကို အံ့ဩတကြီး မျက်နှာထားနဲ့ ဝေ့ဝဲကြည့်လိုက်တယ်။

"လေယာဉ်တွေ အားလုံးက အတူတူပဲလို့ ထင်နေခဲ့တာ၊ ဒီလိုမျိုး လေယာဉ်တွေလည်း ရှိနေတာပဲနော်။ ငါ့သားကြောင့်နဲ့ပဲ ဒီလိုမျိုး လေယာဉ်ကောင်းကြီးကို စီးခွင့်ရတော့တာပဲ"

"ကျွန်တော်တို့ လာတုန်းကလည်း ဒါကိုပဲ စီးလာခဲ့တာလေ။ အန်တီ"

"အေးပါ၊ ဒါပေမဲ့ အဲဒီတုန်းကတော့ ငါက ခေါင်းတွေ မူးနောက်နေခဲ့လို့ ဒါက ဒီလောက်တောင် ကောင်းမှန်း သတိမထားမိခဲ့ဘူး"

အကြီးစား ကော်ပိုရေးရှင်းတစ်ခုရဲ့ ဥက္ကဋ္ဌ အသုံးပြုတဲ့ ကိုယ်ပိုင်လေယာဉ် ပီပီ ထိုင်ခုံတွေက သက်တောင့်သက်သာ ရှိလှပြီး အတွင်းပိုင်းကိုလည်း အစည်းအဝေးတွေနဲ့ အလုပ်လုပ်ဖို့အတွက် သေချာ ပြင်ဆင်ထားတာပါ။

ကျွန်တော် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါ ဝီစကီနဲ့ ဝိုင်အမျိုးမျိုး အပါအဝင် ဖျော်ရည်မျိုးစုံ ရှိနေတာကို တွေ့လိုက်ရတယ်။

ပြန်တွေးကြည့်တော့ ဥက္ကဋ္ဌ လင်ဂျင်ယုံ က ဝီစကီ ကြိုက်တတ်တယ် မဟုတ်ဘူးလား။

ကျွန်တော် ဘီယာတစ်ပုလင်းကို ထုတ်လိုက်တယ်။ အဲဒီအခါ ကျွန်တော့်အမေက လှမ်းမေးလာတယ်။

"သူများပစ္စည်းကို ဒီအတိုင်း သောက်လိုက်လို့ အဆင်ပြေပါ့မလား"

"အဆင်ပြေပါတယ်"

ကျွန်တော့်ရဲ့ စကားမဆုံးခင်မှာတင် ဘေးနားက တက်ဂယူက ရှန်ပိန်ပုလင်းကို ဆွဲထုတ်လိုက်တယ်။ ဘယ်သူမှ ဝင်မတားနိုင်ခင်မှာတင် သူက ပုလင်းဆို့ကို ဖောက်လိုက်တော့တာပဲ။

"အမှတ်တရအနေနဲ့ ကျွန်တော်တို့ အားလုံး အတူတူ အောင်ပွဲခံ ကြစို့"

"……"

တကယ်လို့ ဥက္ကဋ္ဌ လင်ဂျင်ယုံ သာ Dom Pérignon ရှန်ပိန်တစ်ပုလင်း ပျောက်ဆုံးသွားတာကို သိသွားရင် သူ လန့်သွားမှာ မဟုတ်ဘူးလား။

"ကဲ... ပိုက်ဆံပေးဖို့လိုအပ်ရင်လည်း သူတို့တွေ နောက်ကျမှ ကျွန်တော့်ဆီ ရှင်းတမ်း ပို့လာမှာပါပဲ"

ကျွန်တော်တို့ အားလုံး ဖန်ခွက်တွေကို မြှောက်ပြီး အောင်ပွဲခံလိုက်ကြတယ်။

ကိုယ်ပိုင်လေယာဉ်က ပစိဖိတ်သမုဒ္ဒရာ ကောင်းကင်ယံပေါ်မှာ ပျံသန်းနေခဲ့ပါတယ်။ ပင်ပန်းနွမ်းနယ်နေကြတာကြောင့်လားတော့ မသိဘူး။ လူတိုင်းက မကြာခင်မှာတင် အိပ်ပျော်သွားခဲ့ကြတယ်။ လေယာဉ်အမှုထမ်းတွေကလည်း အတွင်းပိုင်းက မီးလုံးတွေကို ပိတ်ပေးခဲ့ကြပါတယ်။

ကျွန်တော့်ထိုင်ခုံမှာ နောက်မှီရင်း ကျွန်တော် တွေးတောမိနေတယ်။

ဒီအဖြစ်အပျက်ကို ကြုံတွေ့ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ စွမ်းအားရဲ့ သဘာဝကို ရုတ်တရက်ဆိုသလို စိတ်ဝင်စားလာခဲ့မိတယ်။

သာမန် ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ကျွန်တော်က ကမ္ဘာပေါ်မှာ ဆူညံပွက်လောရိုက်စေခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့်ရဲ့ ကြိုတင်မြင်နိုင်တဲ့ စွမ်းအားကြောင့်ပါပဲ။

တကယ်လို့ တစ်နေ့မှာ ဒီစွမ်းအားသာ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်...

ကျွန်တော် ကုမ္ပဏီကို ဆက်ပြီး ဦးဆောင်နိုင်ပါဦးမလား။

ကိုယ်ပိုင်လေယာဉ်က ဂင်ပိုလေဆိပ်ကို ဆင်းသက်ခဲ့တယ်။

ကျွန်တော့်အမေက လေယာဉ်မှူးနဲ့ အဖွဲ့သားတွေကို တစ်ယောက်ချင်းစီ နှုတ်ဆက်ခဲ့တယ်။

"လေယာဉ်ကို ဘေးကင်းကင်းနဲ့ မောင်းနှင်ပေးခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌကိုလည်း ကျွန်မကိုယ်စား ကျေးဇူးတင်စကား သေချာ ပါးပေးပါဦးနော်"

"ဟုတ်ကဲ့။ အန်တီ့ကို ပြုစုခွင့်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"

ဆိုက်ရောက်ခန်းမ အပြင်ဘက်မှာတော့ ကားတစ်စီးက အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

"တကယ်လို့ နေလို့မကောင်းဘူးလို့ ခံစားရရင် ဆေးရုံကို သွားပြီး ဖုန်းဆက်လိုက်နော်။ သားလည်း အိမ်ကို မကြာခင် လာခဲ့ပါ့မယ်"

"အေးပါ၊ စိတ်မပူပါနဲ့"

အခုထိ စိတ်မအေးနိုင်သေးတဲ့ ပုံစံနဲ့ ကျွန်တော့်အမေက အယ်လီရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပြောလာတယ်။

"ဂျင်ဟူလေးကို သေချာ ဂရုစိုက်ပေးပါဦးနော်"

အယ်လီက နွေးနွေးထွေးထွေးပဲ ပြန်ဖြေတယ်။

"စိတ်မပူပါနဲ့။ အန်တီ။ တစ်ခုခု ဖြစ်လာရင် ကျွန်မ အန်တီ့ဆီ ချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်။ မဟုတ်ဘူး၊ ဘာမှမဖြစ်ရင်တောင် အန်တီ့ဆီ ခဏခဏ ဖုန်းဆက်နေမှာပါ"

ကျွန်တော့်အမေက ဒုံတန် ဆီကို ချက်ချင်း ဦးတည်လိုက်ပြီး ကျွန်တော်တို့ကတော့ ကုမ္ပဏီဆီကို ထွက်ခွာခဲ့ကြပါတယ်။

လေဆိပ်ကနေ ဂန်နမ် ဆီကို သွားတဲ့ ခရီးကတော့ မြန်ဆန်လှပါတယ်။

အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့က Golden Gate Building ထဲကို ဝင်သွားခဲ့ကြပြီး ကျွန်တော်နဲ့ တက်ဂယူကတော့ OTK အဆောက်အဦးထဲကို လှမ်းဝင်ခဲ့ကြတယ်။

စီနီယာ ဆန်းယော့က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

"မင်းရဲ့ ကျန်းမာရေး အခုကော အဆင်ပြေရဲ့လား"

"အဆင်ပြေတာပေါ့"

သူ့ဘေးနားမှာ ရှိနေတဲ့ စီနီယာ ကီဟုမ်က ဦးညွှတ်ပြီး ပြောလာတယ်။

"ကျွန်တော်တို့ တကယ်ပဲ စိုးရိမ်နေခဲ့တာပါ။ စီအီးအို"

PR team ရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ သူဟာ ဆောင်းပါးတွေနဲ့ ကြေညာချက်တွေကို ကိုင်တွယ်ဖြေရှင်းရင်း တော်တော်လေးကို ရုန်းကန်ခဲ့ရလောက်မှာပါ။

"ကျွန်တော် မရှိတဲ့အချိန်အတွင်း အားလုံးပဲ ကြိုးစားခဲ့ကြတာပဲ"

"ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ စီအီးအိုကို ဒီလိုမျိုး ကျန်းမာသန်စွမ်းတဲ့ ပုံစံနဲ့ မြင်ရတာတင်ပဲ ကျွန်တော်တို့မှာ ဝမ်းသာပီတိ ဖြစ်ရပါတယ်"

သူ့ရဲ့ ပြောဆိုပုံကို ကြည့်ရတာ သူက တကယ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပုံရတယ်။

ကျွန်တော် လှည့်ပတ်ကြည့်ရှုရင်း ဝန်ထမ်းတွေကို နှုတ်ဆက်လိုက်တယ်။ သူတို့က ကျွန်တော့်မျက်နှာကို လူကိုယ်တိုင် မြင်လိုက်ရတော့မှ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိကြတော့တာပဲ။

OTK Company က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ဖြစ်တာမလို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မရှိရင် လုပ်ဆောင်ရမယ့် အလုပ်က အများကြီး မရှိပါဘူး။

ကျွန်တော် မရှိတဲ့အချိန်အတွင်းက အလုပ်တွေကို အကျဉ်းချုပ်ထားတဲ့ အစီရင်ခံစာတွေကို လိုက်ဖတ်နေတုန်းမှာပဲ ပါမောက္ခ ကင်ဟိုမင် ဆီကနေ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့တယ်။

[မင်း အခု နေကောင်းသွားပြီလား]

"ဟုတ်ကဲ့။ ဆောင်းပါးတွေက နည်းနည်းတော့ ချဲ့ကားပြီး ရေးထားတာပါ"

[တော်သေးတာပေါ့။ ငါ အဲဒီဆောင်းပါးကို ဖတ်လိုက်ရတုန်းက တကယ်ပဲ လန့်သွားခဲ့တာ]

“မဟုတ်တာ၊ မလန့်ပါနဲ့ဗျာ”

[ဒါနဲ့... ငါ ဒီလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ဆက်ပြီး စကားပြောလို့ အဆင်ပြေရဲ့လား]

"အဆင်ပြေတာပေါ့။ စီနီယာက သုတေသနဌာနရဲ့ အကြီးအကဲပဲလေ၊ ကျွန်တော်က အဲဒီဌာနရဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် သက်သက်ပါပဲ"

ဒါကြောင့် ဒါကို တန်းတူညီမျှတဲ့ ဆက်ဆံရေးတစ်ခုလို့ ယူဆလို့ ရပါတယ်။

ပါမောက္ခ ကင်ဟိုမင် က ပြုံးပြီး ပြောလာတယ်။

[မင်း အလုပ်မရှုပ်ဘူးဆိုရင် အခု သုတေသနဌာနဆီကို လာခဲ့လို့ ရမလား]

"ဘာကိစ္စ ရှိလို့လဲ ခင်ဗျာ"

[မင်းကို ပြစရာတစ်ခု ရှိလို့ပါ]

All Chapters